အခန်း (၄၆၁-၄၆၂)
Vol. 47 Ch. 461-462
အခန်း ၄၆၁ ၊ အပိုင်း ၁ - ကောင်းကင်အတိဒုက္ခကို ဓားဖြင့်ခုတ်ပိုင်းခြင်း၊ သမားတော်ကြီး၏ ဆုံးဖြတ်ချက်၊ ကုသိုလ်ရွှေရောင်အလင်း၏ အံ့မခန်း အသုံးဝင်မှု။
လုချင်းသည် သူ၏ဆရာဖြစ်သူ ရင်ဆိုင်နေရသော ကောင်းကင်အတိဒုက္ခက ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။
သတ္တမမြောက် ကောင်းကင် အတိဒုက္ခမိုးကြိုးတစ်ချက်တည်း၏ အရှိန်အဝါသည်ပင်လျှင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဓာတ်ကြီးငါးပါး ကောင်းကင်အတိဒုက္ခ၏ အစောပိုင်း မိုးကြိုးပစ်ခတ်မှု အကြိမ်အနည်းငယ်နှင့် ယှဉ်နိုင်လောက်သည့် အစွမ်းမျိုး ပါဝင်နေလေသည်။
သို့သော်လည်း သူ စတင်လေ့လာကြည့်ရှုခဲ့စဉ်က အတိဒုက္ခ၏ စွမ်းအားမှာ ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းမနေခဲ့ပေ။
"ကောင်းကင်အတိဒုက္ခဆိုတာ ပုံသေမဟုတ်ဘဲ အတိဒုက္ခခံယူမယ့်သူရဲ့ အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲတတ်တာပဲ" လုချင်းက တွေးတောလိုက်လေ၏။
သူကိုယ်တိုင် အတိဒုက္ခခံယူခဲ့စဉ်က မဆင်မခြင် ပြုမူကာ ကောင်းကင်ဘုံကိုပင် လှောင်ပြောင်စိန်ခေါ်ခဲ့မိသဖြင့် အတိဒုက္ခအရှိန်အဝါ ပြင်းထန်ကြမ်းတမ်းလာခဲ့သည်ကို သူ ပြန်၍သတိရသွားသည်။ ရွှေရောင်အတိဒုက္ခ တိမ်တိုက်များ၏ ကနဦးသိပ်သည်းမှုနှင့် အရှိန်အဝါစွမ်းအားကို အကဲခတ်ကြည့်ရလျှင် သူ၏ဆရာရင်ဆိုင်ရမည့် အတိဒုက္ခမှာ အများဆုံး မိုးကြိုးခြောက်ချက်သာ ရှိသင့်ပေ၏။
သို့သော် သူ၏ဆရာက ရေနှင့်မီး တာအိုကို ထုတ်ဖော်လိုက်သည့်အခိုက်အတန့်တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့လေတော့သည်။ အတိဒုက္ခ၏ ခက်ခဲမှုမှာ သိသိသာသာကို မြင့်တက်သွားခဲ့ပါ၏။
အမှန်တကယ်ပင် ကောင်းကင်ဘုံမှ ကျင့်ကြံသူများအပေါ် ချမှတ်သော အကြီးမားဆုံးသော စမ်းသပ်ချက်နှင့် သန့်စင်ပေးမှုဖြစ်သည့် ကောင်းကင်အတိဒုက္ခဟူသည်မှာ တောင့်တင်းခိုင်မာနေသော အရာတစ်ခုမဟုတ်ဘဲ အမြဲတစေ လိုက်လျောညီထွေ ပြောင်းလဲနေတတ်သည့် အရာမျိုး ဖြစ်ပေသည်။ ထိုအချက်ကို နားလည်သွားသောအခါ၌ လုချင်း၏ စိတ်ထဲတွင် လေးနက်သော နားလည်သဘောပေါက်မှုတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်အတိဒုက္ခများနှင့် ပတ်သက်၍ သူ၏သိမြင်နားလည်မှုက ပို၍ပင်နက်ရှိုင်းသွားတော့သည်။
"ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်သွားပြီဆိုတော့ ဆရာ့အနေနဲ့ အတိဒုက္ခကို ကျော်ဖြတ်ဖို့ ခက်သွားလိမ့်မယ်" လုချင်း၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
သတ္တမမြောက် ကောင်းကင်မိုးကြိုးအတိဒုက္ခကို ခံနိုင်ရည်ရှိရန်အတွက်ပင် သူ၏ဆရာက ခွန်အားအကုန်လုံးနီးပါးကို ထုတ်သုံးထားရပြီဖြစ်ကြောင်း သူ ကောင်းစွာမြင်တွေ့နေရပါ၏။ ထို့ကြောင့် ပိုမိုအစွမ်းထက်လာမည့် အဋ္ဌမမြောက် မိုးကြိုးကို တားဆီးရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်နေချေပြီ။
ထိုစဉ် လုချင်း၏ ကိုယ်တွင်း၌ စွမ်းအင်လှိုင်းလေးတစ်ခု သိမ်မွေ့စွာ လှုပ်ရှားလာ၏။ မည်သို့ပင်ဖြစ်စေ သူ၏ဆရာ ကောင်းကင်အတိဒုက္ခအောက်တွင် သေဆုံးသွားရမည့်အရေးကိုတော့ သူ ဘယ်သောအခါမှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ အကယ်၍ သူ၏ဆရာသာ တောင့်မခံနိုင်တော့လျှင် ကြောက်မက်ဖွယ် ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူ ဝင်ရောက်စွက်ဖက်ကာ ကယ်တင်ရမည်သာ။
အတိဒုက္ခတိမ်တိုက်များက အဋ္ဌမမြောက် မိုးကြိုးအတွက် အားယူပြင်ဆင်နေစဉ် သမားတော်ကြီးချန်ကတော့ သူ့လက်ထဲရှိ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးထံမှ ဝိညာဉ်စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေလေသည်။
"အားချင်းပေးထားတဲ့ ဝိညာဉ်ကျောက်တုံးက တကယ့်ရတနာပဲ။ သန့်စင်ဖို့ သိပ်မလိုဘဲ ငါ့ရဲ့ ဝိညာဉ်စွမ်းအားအဖြစ် တိုက်ရိုက်ပြောင်းလဲပေးနိုင်တယ်။ တကယ့်ကို အံ့မခန်းပဲ"
လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသော သူ၏ခွန်အားကို ခံစားရင်း သမားတော်ကြီးချန်က စိတ်ထဲမှ ချီးကျူးနေမိသည်။ အရင်ကဆိုလျှင် ဤအတိဒုက္ခမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်မဟုတ်ဟု သူ သေချာပေါက်နီးပါး ယုံကြည်ထားခဲ့မိပါ၏။ သို့သော် ယခုအခါတွင်မူ သူ့ထံ၌ ယုံကြည်မှုအသစ်များ ပြန်၍ရှင်သန်လာခဲ့လေပြီပင်။ သို့တိုင်အောင် တိုက်ခိုက်မှုများကို ဤအတိုင်း ငြိမ်ငြိမ်လေး ဆက်လက်ခံယူနေမည်ဆိုပါက သေချာပေါက် ကျရှုံးရမည်ကို သူ ကောင်းစွာသိထားသည်။ ထို့ကြောင့် နည်းဗျူဟာကို ပြောင်းလဲရပေမည်။
သူ၏ ဝိညာဉ်စွမ်းအားများ တစ်ဝက်ကျော် ပြန်၍ပြည့်ဝလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်နှင့် သမားတော်ကြီးချန်၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ တောက်ပလာ၏။ သူ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
အတွေးတစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရတနာဓားတစ်လက်က သူ့လက်ထဲတွင် ရုတ်ချည်း ပေါ်လာတော့သည်။ ထို့နောက် မီတာရာနှင့်ချီ၍ ဖုံးလွှမ်းထားသော သူ၏ပိုင်နက်ကြီးက ရုတ်တရက် ကျုံ့ဝင်သွားကာ သူ့ရှေ့တွင် စုစည်းသွားပြီး အဆက်မပြတ် သန့်စင်ဖိသိပ်သွားလေတော့၏။ အဆုံးတွင်တော့ ထိုအရာက နှိုင်းယှဉ်မရလောက်အောင် ထက်မြက်လှသော ဓားအလင်းတန်းကြီးအဖြစ် ပုံပေါ်လာပြီး သူ၏ဓားပေါ်သို့ ကပ်တွယ်သွားတော့လေ၏။
ထိုမျှသာမက သူ၏ ရေနှင့်မီး ဝိညာဉ်စွမ်းအားများ၊ သူ၏ တာအိုရည်ရွယ်ချက်နှင့် သူ၏စိတ်ဝိညာဉ်ကအစ ထိုဓားအလင်းတန်းကြီးထဲသို့ လောင်းထည့်ခံလိုက်ရသည်။ မရည်ရွယ်ပါဘဲလျက် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ရွှေရောင်အလင်းတန်းလွှာတစ်ခုကပင် ဓားထဲသို့ စီးဝင်သွားခဲ့သေးပါ၏။
ရလဒ်အနေဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ပုံပျက်လိမ်ကောက်သွားစေနိုင်လောက်အောင် ထက်မြက်လွန်းလှသည့် ဓားအလင်းတန်းကြီး ထွက်ပေါ်လာလေတော့သည်။ ဤတိုက်ခိုက်မှုက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်ပေ၏။
"ဆရာ လုပ်ဖို့ ကြံရွယ်နေတာက..."
ထိုမြင်ကွင်းကို ကြည့်ရင်း လုချင်းတစ်ယောက် အံ့ဩမှင်သက်သွားရသည်။
ဝုန်း
လုချင်း၏ အတွေးလေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ နားကွဲမတတ် မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အချိန်အတန်ကြာ အားယူနေခဲ့သော အဋ္ဌမမြောက် ကောင်းကင်မိုးကြိုးအတိဒုက္ခကြီးက ကျဆင်းလာလေပြီပင်။
ထိုအချိန်မှာပင် သမားတော်ကြီးချန်က သူ၏ ခွန်အားအကုန်လုံးကို စုစည်းကာ ဓားချက်ကို ခုတ်ပိုင်းလိုက်လေတော့၏။
ဓားအလင်းတန်းကြီးက မျက်စိဖြင့်လိုက်၍မကြည့်နိုင်လောက်အောင်အထိ လျင်မြန်လှပေ၏။ မိုးကြိုးအတိဒုက္ခကြီး အပြည့်အဝ မကျဆင်းလာမီမှာပင် ဓားက လေပေါ်တွင်ပဲ ဖြတ်တောက်တားဆီးလိုက်သည်။
လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် သမားတော်ကြီးချန်၏ စိတ်ဆန္ဒနှင့် ခွန်အားအကုန်လုံး ပေါင်းစပ်ပါဝင်နေသော ဓားအလင်းတန်းကြီးက မိုးကြိုးအတိဒုက္ခကြီးကို နှစ်ပိုင်းတိတိ ပြတ်ကျသွားအောင် ခုတ်ပိုင်းလိုက်လေတော့၏။
ပို၍ပင် အံ့ဩတုန်လှုပ်စရာကောင်းသည်မှာ ဓားအလင်းတန်းကြီးက ထိုနေရာတွင် ရပ်တန့်မသွားဘဲ အပေါ်သို့ ဆက်လက်ထိုးတက်သွားကာ ရွှေရောင်အတိဒုက္ခ တိမ်တိုက်များထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားပြီး တစ်လိပ်လိပ်လည်နေသော လေပွေတိမ်တိုက်ကြီး တစ်ခုလုံးကို ခဏတာမျှ ရပ်တန့်အေးခဲသွားစေခဲ့ခြင်းပင်။
ဝုန်း
သမားတော်ကြီးချန်၏ ဓားက မိုးကြိုးအတိဒုက္ခကို နှစ်ပိုင်းခုတ်ပိုင်းလိုက်နိုင်သော်လည်း လုံးဝပျောက်ကွယ်သွားခြင်းတော့ မရှိခဲ့ပေ။ ယင်းအစား မိုးကြိုးက နှစ်ပိုင်းကွဲသွားကာ ဆက်လက်ကျဆင်းလာခဲ့သည်။ သို့သော်လည်း ၎င်း၏ စွမ်းအားအများစု စုပ်ယူခံလိုက်ရပြီးမှ နှစ်ပိုင်းကွဲသွားသည့်အတွက် အင်အားက သိသိသာသာ အားနည်းသွားခဲ့လေပြီဖြစ်၏။
သို့ဖြစ်၍ သမားတော်ကြီးချန်ကို တိုက်ရိုက်မထိမှန်တော့ဘဲ မိုးကြိုးအကြွင်းအကျန်များက သူ့ဘေးရှိ မြေပြင်ပေါ်သို့သာ ကျရောက်သွားရင်း ပေါက်ကွဲသွားလေတော့သည်။
လျှပ်စီးမိုးကြိုးများက အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာပြီးနောက်၌ သမားတော်ကြီးချန်ကို ရစ်ပတ်လွှမ်းခြုံသွား၏။ သို့သော် ၎င်း၏ စွမ်းအားက သူခံနိုင်ရည်ရှိသည့်အဆင့်အထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
"ဆရာ့စွမ်းအားကြီးက ရှယ်ကြမ်းတာပဲကွာ"
လုချင်းပင်လျှင် လန့်ဖြတ်သွားခဲ့ရသည်။ သူ့ဆရာထုတ်ဖော်လိုက်သော ဓားချက်က လွှမ်းမိုးနိုင်လွန်းလှပါ၏။
ကောင်းကင်မိုးကြိုးအတိဒုက္ခကိုပင် ထက်ပိုင်းပြတ်အောင် ခုတ်ပိုင်းနိုင်ခဲ့သည် မဟုတ်ပါလော။
ဒုတိယအဆင့် အသွင်ပြောင်းခြင်းအောက်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူအများစုပင်လျှင် ကြိုတင်ပြင်ဆင်မထားပါက ဤကဲ့သို့သော တိုက်ခိုက်မှုကို ခုခံနိုင်မည့် နည်းလမ်းရှိမည်မဟုတ်ဟု လုချင်း ခန့်မှန်းမိလိုက်သည်။ အနည်းဆုံးတော့ လီချန်ပေါ်သာ ဤအခြေအနေမျိုးနှင့် ကြုံရပါက ဤဓားအလင်းတန်းကို သေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"မိစ္ဆာကြီး... တကယ့်မိစ္ဆာကြီးပဲ"
လီဟော်ဒယ်အိုးထဲတွင်မူ ယန်၏မျက်လုံးများက ပြူးထွက်မတတ် ဖြစ်နေလေပြီပင်။ အမြဲတစေ နူးညံ့သိမ်မွေ့သောအပြုံးကို ဆင်မြန်းထားတတ်ပြီး လူတိုင်းကို ကြင်နာစွာဆက်ဆံတတ်ကာ သာမန်လူသားများကိုပင် တွန့်ဆုတ်ခြင်းမရှိဘဲ ဂရုစိုက်ကုသပေးတတ်သော လုချင်း၏ဆရာ တစ်ဖြစ် ဤအဘိုးအိုသည် ဤမျှအထိ ကြမ်းတမ်းခက်ထန်နိုင်လိမ့်မည်ဟု သူ လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေရပါ၏။
သို့တိုင်အောင် ယခုအချိန်တွင် အတိဒုက္ခနှင့် ရင်ဆိုင်ရချိန်၌ သူက မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်နေလေသည်။
တွေဝေခြင်းအလျဉ်းမရှိ ဓားကိုဆွဲထုတ်ကာ ကောင်းကင်အတိဒုက္ခကို နှစ်ပိုင်းတိတိ ခုတ်ပိုင်းပစ်ခဲ့သည် မဟုတ်ပါလော။
နားလည်ထားရမည့်အချက်မှာ ဤအရာက ကောင်းကင်အတိဒုက္ခ ဖြစ်သည်ဟူသောအချက်ပင်။ သမိုင်းတစ်လျှောက်ရှိ ကျင့်ကြံသူများသည် ကောင်းကင်အတိဒုက္ခနှင့် ကြုံလာရတိုင်း အလွန်ကိုမှ သတိထားကြရပါ၏။ ထို့ပြင် ၎င်း၏ဒေါသကို ဆွပေးမိရင်း အရှိန်အဝါပိုမိုပြင်းထန်လာစေမည့် မှားယွင်းမှုမျိုး ဖြစ်သွားမည်ကို အမြဲတစေ စိုးရိမ်ထိတ်လန့်နေတတ်ကြသည်။ ရှေးဟောင်း မသေမျိုးခေတ်က ပြိုင်ဘက်ကင်း ပါရမီရှင်များပင်လျှင် မည်သည့်အနည်းငယ်မျှသော ရန်စမှုမျိုးမဆို ဘေးအန္တရာယ်ကို ဖြစ်စေနိုင်သည်ဟု စိုးရိမ်ကြသဖြင့် အတိဒုက္ခမခံယူမီ သတိကြီးစွာထား၍ ပြင်ဆင်တတ်ကြပေ၏။
သို့သော် ယခုအခါတွင် ဤအဘိုးအိုကတော့ ၎င်းကို ရိုးရိုးရှင်းရှင်းပင် ခုတ်ပိုင်းပစ်ရန် ရွေးချယ်ခဲ့လေပြီပင်။
လုချင်းကိုယ်တိုင်ကလည်း သူ၏ ရွှေအမြုတေအတိဒုက္ခကို ခံယူစဉ်က စွမ်းအားမရှိလှဟု ဆိုကာ ပေါ်ပေါ်တင်တင် လှောင်ပြောင်စိန်ခေါ်ခဲ့ဖူးသည်ကို ယန် သတိရသွားမိသည်။ ယခုအခါတွင်တော့ ဤဆရာနှင့်တပည့်နှစ်ယောက်စလုံးမှာ တစ်ပုံစံတည်း ထွက်လာသူများဖြစ်ပြီး လုံးဝကို အကြောက်အလန့်ကင်းမဲ့သူများ ဖြစ်ကြောင်း ရှင်းလင်းသွားလေပြီဖြစ်၏။
"အဲဒီဓားအလင်းတန်းက... ချန်ချန်ပေ့ ထုတ်လိုက်တာများလား"
အဝေးတစ်နေရာတွင်တော့ ဝေ့ရှန်ဟိုင်နှင့် သူ၏အဖွဲ့မှာ လုံးဝကို ဆွံ့အမှင်သက်နေကြလေ၏။ သမားတော်ကြီးချန်ကို တိုက်ရိုက်မမြင်ရလောက်အောင် ဝေးကွာနေသော်လည်း ဧရာမ ဓားအလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာပြီး မိုးကြိုးအတိဒုက္ခကို ထက်ပိုင်းခုတ်ပိုင်းကာ အတိဒုက္ခတိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်သွားသည်ကိုတော့ သူတို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
"သူမဟုတ်လို့ ဘယ်သူရှိဦးမှာလဲ။ ချန်ချန်ပေ့က အတိဒုက္ခကို ခံယူနေတာလေ"
"ချန်ချန်ပေ့က ဓားသမားတစ်ယောက်ပဲ။ သူပဲ ဖြစ်ရမယ်"
"ဓားနဲ့ ကောင်းကင်အတိဒုက္ခကို ခုတ်ပိုင်းလိုက်တာလား... ချန်ချန်ပေ့ရဲ့ ဓားပညာက မိုးကြိုးအတိဒုက္ခကိုတောင် ဖြတ်တောက်နိုင်တဲ့အထိ နက်ရှိုင်းတဲ့အဆင့်ကို ရောက်နေပြီလား"
ပြိုကျပျက်စီးနေသော တောင်ထိပ်ပေါ်တွင်တော့ ကျန်ရစ်နေသည့် လျှပ်စီးမိုးကြိုးများက ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။
သို့သော် လျှပ်စီးများကြားမှ သူ၏ဆရာဖြစ်သူ ရှိနေသေးကြောင်းကိုတော့ လုချင်း ခံစားသိရှိနိုင်သေးပါ၏။
အားနည်းသွားသော်လည်း သမားတော်ကြီးချန်က တောင့်ခံထားနိုင်ဆဲပင်။ ယင်းက လုချင်းကို သက်ပြင်းချနိုင်စေခဲ့ပါသည်။
သို့တိုင် သူ၏အကြည့်များက အပေါ်ဘက်ရှိ တစ်လိပ်လိပ်လည်နေသော အတိဒုက္ခတိမ်တိုက်များထံတွင် ရပ်တန့်နေဆဲဖြစ်သည်။ အဋ္ဌမမြောက် မိုးကြိုး ပစ်ချပြီးသွားသည့်တိုင် အတိဒုက္ခလေပွေတိမ်တိုက်က ပျောက်ကွယ်မသွားသေးပေ။ အတွင်း၌ လျှပ်စီးများက တဖျပ်ဖျပ် လက်နေဆဲ ဖြစ်၏။
"မဟုတ်မှလွဲရော... နဝမမြောက် မိုးကြိုးပါ ထပ်ရှိနေသေးတာလား"
ထိုအတွေးဖြင့် လုချင်း၏ ရင်ထဲတွင် လေးလံသွားရတော့သည်။ ပြီးခဲ့သည့် တိုက်ခိုက်မှုသည် သူ၏ဆရာအတွက် နောက်ဆုံးအစွမ်းကုန် ထုတ်သုံးလိုက်ရခြင်းဖြစ်ကြောင်း သူ သိပါ၏။
အကယ်၍ နဝမမြောက် ကောင်းကင်မိုးကြိုးအတိဒုက္ခသာ ရှိနေသေးပါက သူ့ဆရာတွင် ၎င်းကို ခုခံနိုင်မည့် နည်းလမ်းရှိတော့မည် မဟုတ်ပေ။
"မဟုတ်သေးဘူး... ဒါက တစ်ခုခုတော့ မှားနေပြီ"
…….
အခန်း ၄၆၁ ၊ အပိုင်း ၂ - ကောင်းကင်အတိဒုက္ခကို ဓားဖြင့်ခုတ်ပိုင်းခြင်း။ သမားတော်ကြီး၏ ဆုံးဖြတ်ချက်။ ကုသိုလ်ရွှေရောင်အလင်း၏ အံ့မခန်း အသုံးဝင်မှု။
ရုတ်တရက် လုချင်း၏ အကြည့်များက စူးရှသွားပြီး တစ်လိပ်လိပ်လည်နေသော အတိဒုက္ခတိမ်တိုက်များကို စိုက်ကြည့်လိုက်လေသည်။
ထို့နောက်၌ လေပွေတိမ်တိုက်အတွင်း ထူးခြားသော အရာတစ်ခု ဖြစ်ပေါ်နေသည်ကို သူ သတိထားမိလိုက်၏။
ရွှေရောင် အတိဒုက္ခတိမ်တိုက်များအတွင်း လျှပ်စီးမိုးကြိုးများက စုစည်းရန် ကြိုးစားနေသော်လည်း အခြားသော စွမ်းအားတစ်ခုက ၎င်းတို့ကို တားဆီးဟန့်တားနေပုံရသည်။ ထိုစွမ်းအားမှာလည်း ရွှေရောင်အလင်းပင် ဖြစ်သော်လည်း ၎င်း၏အရောင်အသွေးက ရွှေရောင်လျှပ်စီးနှင့် အနည်းငယ် ကွာခြားနေလေသည်။ သေသေချာချာ ဂရုတစိုက်သာ မစစ်ဆေးကြည့်ပါက လျစ်လျူရှုမိရန် လွယ်ကူလှပေ၏။
"အဲဒီစွမ်းအားက... ကုသိုလ်ရွှေရောင်အလင်းပဲ"
ခဏတာ လေ့လာကြည့်ရှုပြီးနောက် ထိုရွှေရောင်အလင်း၏ ဇာစ်မြစ်ကို လုချင်း သိရှိသွားတော့သည်။ ၎င်းက အခြားအရာမဟုတ်ဘဲ ကုသိုလ်ရွှေရောင်အလင်း၏ စွမ်းအားပင် ဖြစ်ပေ၏။
စောစောက သူ၏ဆရာသည် ခွန်အားအကုန်လုံးကို ဓားချက်တစ်ချက်တည်းတွင် ပေါင်းစပ်ထည့်သွင်းလိုက်ချိန်၌ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော များပြားလှသည့် ကုသိုလ်ရွှေရောင်အလင်းများကိုပါ မရည်ရွယ်ဘဲ ထုတ်ဖော်မိသွားခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုက အတိဒုက္ခလေပွေတိမ်တိုက်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်ပင်။ ယခုကြည့်ရသည်မှာ ကုသိုလ်ရွှေရောင်အလင်းက ချက်ချင်း ပျောက်ကွယ်မသွားဘဲ အတိဒုက္ခတိမ်တိုက်များကို လျှပ်စီးမိုးကြိုးများ မစုစည်းနိုင်အောင် ဟန့်တားပေးနေပုံရလေ၏။
"ကုသိုလ်ရွှေရောင်အလင်းက ဒီလိုအစွမ်းသတ္တိမျိုးလည်း ရှိတာလား"
လုချင်းက ကောင်းကင်ယံကို အာရုံစိုက်ကာ ကြည့်နေလိုက်သည်။ အတိဒုက္ခလေပွေတိမ်တိုက်၏ အလယ်ဗဟိုတွင် ရွှေရောင်တိမ်တိုက်များက တစ်လိပ်လိပ်လည်နေပြီး မိုးကြိုးတစ်စင်းဖြစ်တည်လာရန် အသည်းအသန် ကြိုးပမ်းနေကြသည်။
သို့သော် သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ အတိဒုက္ခတိမ်တိုက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားစပြုလာလေတော့၏။
တိမ်တိုက်များ လုံးဝ ပျောက်ကွယ်သွားချိန်တွင်တော့ လေပွေတိမ်တိုက်ထဲမှ အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး သမားတော်ကြီးချန်ပေါ်သို့ ကျရောက်သွားလေသည်။ ထိုအရာနှင့်အတူ အတိဒုက္ခလေပွေတိမ်တိုက်ကြီးတစ်ခုလုံးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့၏။
မကြာမီမှာပင် ကောင်းကင်ယံက ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ဘာမှမဖြစ်ခဲ့သည့်အလား ကြည်လင်သာယာနေလေတော့သည်။
ထိုမြင်ကွင်းကြောင့် လုချင်းတစ်ယောက် ခဏတာမျှ မှင်သက်သွားရသည်။
"အတိဒုက္ခတိမ်တိုက်တွေ ပျောက်ကွယ်သွားပြီဆိုတော့... ဆရာလည်း အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်သွားပြီပေါ့"
အချိန်အတန်ကြာမှသာ လုချင်းက စိတ်တည်ငြိမ်သွားပြီး ရယ်မောလိုက်လေသည်။
"ကုသိုလ်ရွှေရောင်အလင်းရဲ့ စွမ်းအားက အတိဒုက္ခကိုတောင် ပျောက်ကွယ်သွားစေနိုင်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... ဒါက ဆရာ တစ်သက်တာလုံးလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေအတွက် အကြီးမားဆုံးသော ဆုလာဘ်ပဲ ဖြစ်ရမယ်"
သူ့ရင်ထဲတွင် လေးစားချီးကျူးမိသည့်ခံစားချက်ကို မအောင့်အည်းနိုင်တော့ပေ။ စောစောက အတိဒုက္ခတိမ်တိုက်များ၏ ရွေ့လျားမှုအရ သူ၏ဆရာသည် နဝမမြောက် မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ရမည်မှာ အသိသာကြီးပင်။
သို့သော် ပြီးခဲ့သော ဓားချက်တွင် သူ၏ဆရာသည် တစ်သက်တာလုံး စုဆောင်းလာခဲ့သော ကုသိုလ်ရွှေရောင်အလင်းများနှင့်အတူ ခွန်အားအကုန်လုံးကို အသုံးပြုခဲ့ပါ၏။
မမျှော်လင့်ဘဲ ကုသိုလ်ရွှေရောင်အလင်းတွင် ဤကဲ့သို့ အံ့ဖွယ်ကောင်းသော အစွမ်းသတ္တိများ ရှိနေခဲ့လေသည်။ ၎င်းက နောက်ဆုံးသောမိုးကြိုးအတိဒုက္ခကို ပျောက်ကွယ်သွားစေပြီး မကျဆင်းလာနိုင်အောင် တားဆီးပေးခဲ့၏။ ရလဒ်အနေဖြင့် များစွာသော အခက်အခဲများကို ကျော်ဖြတ်ပြီးနောက်၌ သူ၏ဆရာသည် အတိဒုက္ခကို အောင်မြင်စွာဖြင့် ကျော်လွှားနိုင်ခဲ့လေပြီပင်။
အဆုံးတွင်တော့ ဤအရာသည် အကြောင်းနှင့်အကျိုး တရားပင် ဖြစ်လေသည်။ အကယ်၍ သူ၏ဆရာသာ မေတ္တာကရုဏာကြီးမားသော သမားတော်တစ်ဦးအဖြစ် လူ့အသက်များကို ကယ်တင်ကာ အခြားသူများကို ကူညီရင်း တစ်သက်တာလုံး အချိန်ကုန်ဆုံးခဲ့ခြင်း မရှိပါက ဤမျှ သိပ်သည်းလှသော ကုသိုလ်ရွှေရောင်အလင်းများကို ဘယ်သောအခါမှ စုဆောင်းနိုင်မည် မဟုတ်ပေ။
ထိုအလင်းများသာ မရှိခဲ့ပါက နောက်ဆုံး အတိဒုက္ခမိုးကြိုးကိုလည်း ရှောင်လွှဲနိုင်မည်မဟုတ်တော့။ သို့ဖြစ်၍ အရာအားလုံးသည် သူ၏ဆရာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်များ၏ ရလဒ်သာလျှင် ဖြစ်ပေသည်။
"ကုသိုလ်ရွှေရောင်အလင်းက... တကယ်ပဲ အတိဒုက္ခကိုတောင် ပျောက်ကွယ်သွားစေနိုင်တာလား"
လီဟော်ဒယ်အိုးထဲတွင်မူ ယန်ကလည်း ဆွံ့အမှင်သက်နေလေ၏။ လွန်ခဲ့သော မိနစ်ပိုင်းလေးကပင် သမားတော်ကြီးချန်သည် နောက်ဆုံးအတိဒုက္ခမိုးကြိုးကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ထားခဲ့တာပင်။ သမားတော်ကြီးချန်ကို အတိဒုက္ခ၏ဒေါသမှ ကယ်တင်ရန်အတွက် လုချင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်ပင် သူ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
သို့သော် အံ့ဩစရာကောင်းစွာပင် သမားတော်ကြီးချန်၏ ဓားချက်မှ ထွက်ပေါ်လာသော ကုသိုလ်ရွှေရောင်အလင်းက နောက်ဆုံးအတိဒုက္ခမိုးကြိုးကို ခြေဖျက်ပေးလိုက်ပါ၏။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။ လီဟော်ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများတွင်ပင် ဤဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်တမ်းတင်ထားခြင်း မရှိသလို ရှေးဟောင်း မသေမျိုးခေတ်တွင်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာကို အောင်မြင်ခဲ့ဖူးကြောင်း သူ မကြားဖူးခဲ့ပေ။
"နေပါဦး... မဟုတ်သေးပါဘူး"
ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားချိန်တွင် ယန်မှာ ရုတ်တရက် တုန်လှုပ်သွားရသည်။
"ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းတော်ကြီးတွေကတော့ ဒီလျှို့ဝှက်ချက်ကို သိထားလောက်တယ်"
ရှေးဟောင်း မသေမျိုးခေတ်က ကုသိုလ်ရွှေရောင်အလင်း၏ စွမ်းအားကို အကောင်းဆုံးနားလည်သည့် ဂိုဏ်းတစ်ခုရှိမည်ဆိုပါက ၎င်းသည် ရွှမ်ခုန်းဘုရားကျောင်းသာ ဖြစ်လိမ့်မည်ဟု သူ ပြန်၍သတိရသွားသည်။ အမှန်ပင် ထိုခေတ်အခါက ရွှမ်ခုန်းဘုရားကျောင်း၏ မျိုးဆက်များသည် ကုသိုလ်ရွှေရောင်အလင်းကို လေ့လာရန်အတွက် အလွန်အမင်း စိတ်အားထက်သန်ခဲ့ကြပါ၏။
အောင်မြင်ကျော်ကြားသော ဘုန်းတော်ကြီးတိုင်းသည် လောကအနှံ့ လှည့်လည်သွားလာကာ ဖြစ်နိုင်သမျှ ကုသိုလ်ကောင်းမှုများကို စုဆောင်းခဲ့ကြသည်။
ထိုအချိန်က ကျင့်ကြံသူအများစုမှာ ရွှမ်ခုန်းဘုရားကျောင်းသည် သူတို့၏ အယူဝါဒများနှင့် ကျင့်စဉ်များကြောင့် ဤသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထို့ပြင် ကုသိုလ်ရွှေရောင်အလင်း ပိုင်ဆိုင်ထားသူများသည် ကျင့်ကြံခြင်းလမ်းကြောင်းတွင် ပိုမိုချောမွေ့ပြီး ကံတရား၏ မျက်နှာသာပေးမှုကို ပို၍ရရှိတတ်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။
ရလဒ်အနေဖြင့် ဖြောင့်မတ်သော ဂိုဏ်းများစွာသည်လည်း မိစ္ဆာများကို သုတ်သင်ခြင်းနှင့် ကောင်းမှုကုသိုလ်များကို ပြုလုပ်ခြင်းတို့တွင် ပါဝင်ခဲ့ကြသော်လည်း ရွှမ်ခုန်းဘုရားကျောင်းလောက်တော့ စိတ်အားထက်သန်မှု မရှိခဲ့ကြပေ။
ယခုကြည့်ရသည်မှာ အရာအားလုံးက ထိုမျှ ရိုးရှင်းမနေခဲ့ချေ။ ရွှမ်ခုန်းဘုရားကျောင်းသည် ကုသိုလ်ရွှေရောင်အလင်းက ကောင်းကင်အတိဒုက္ခများကို အားနည်းစေပြီး ပျောက်ကွယ်သွားစေနိုင်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်သာ ထိုမျှလောက် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လောက်ပေသည်။
ထိုအချက်ကို နားလည်သွားသောအခါ၌ ရှေးဟောင်း မသေမျိုးခေတ်က ထူးဆန်းသော ဖြစ်ရပ်အချို့ကို ယန် ပြန်၍သတိရသွားတော့၏။
ဥပမာအားဖြင့် ထိုခေတ်က ထိပ်တန်းဂိုဏ်းများထဲတွင် ရွှမ်ခုန်းဘုရားကျောင်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူအရေအတွက် အလွန်များပြားသည့်အတွက် လူသိများပြီး အခြားဂိုဏ်းများထက် များစွာ သာလွန်ခဲ့သည်။ ထိုအချိန်က လူများက ရွှမ်ခုန်းဘုရားကျောင်း၏ ထူးခြားသော ကျင့်စဉ်များကြောင့် အတိဒုက္ခကျော်ဖြတ်ခြင်း အောင်မြင်မှုနှုန်းကို များစွာ မြင့်တက်စေသည်ဟု ယူဆခဲ့ကြ၏။
သို့သော် ယခု ပြန်လည်သုံးသပ်ကြည့်လျှင် သူတို့သည် ကုသိုလ်ရွှေရောင်အလင်း၏ စွမ်းအားကို အသုံးချနေခဲ့ခြင်းဖြစ်ရန် အလွန်ပင် သေချာနေလေပြီ။
"နှမြောစရာကောင်းတာက ခုခေတ်အခါက ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေက သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အစဉ်အလာတွေကို စွန့်လွှတ်လိုက်တဲ့ပုံပဲ။ ကုသိုလ်ကောင်းမှုတွေကို စုဆောင်းမယ့်အစား ဝူကျန့်မျှော်စင်လို မိစ္ဆာဂိုဏ်းအဖွဲ့အစည်းတွေကိုတောင် အကာအကွယ် ပေးထားသေးတယ်။ တကယ့်ကို ယိုယွင်းပျက်စီးသွားတာပဲ"
ထို့နောက် ယန်က သူ၏ခန့်မှန်းချက်ကို လုချင်းအား ချက်ချင်း ပြောပြလိုက်၏။
"အဲဒါက အလုံးစုံ မှန်ချင်မှ မှန်လိမ့်မယ်" လုချင်းက တွေးတောစွာဖြင့် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကျော်လောက်က ရွှမ်ခုန်းဘုရားကျောင်းက နာမည်ကောင်းရှိနေတုန်းပဲလို့ အစ်ကိုကျိယွဲ့ဆီကနေ ကျွန်တော် ကြားခဲ့ဖူးတယ်"
"အဲဒီအချိန်တုန်းက အဆင့်မြင့် ဘုန်းတော်ကြီးတွေက လူ့လောကထဲကို မကြာခဏ ထွက်လာပြီးတော့ လှည့်လည်သွားလာရင်း ကောင်းမှုကုသိုလ်တွေလုပ်ခဲ့ကြတယ်တဲ့"
"ဒါပေမဲ့ တစ်နေ့ကြတော့ သူတို့ရဲ့ အပြုအမူတွေက ပြောင်းလဲသွားပြီး အာဏာရှင်ဆန်ဆန်နဲ့ ရန်လိုလာကြတယ်လေ။ ချင်းယန်ဘုရားကျောင်းနဲ့ အခြား မြင့်မြတ်တဲ့နေရာတွေနဲ့တောင် အဆက်အသွယ်ဖြတ်တောက်ခဲ့ကြတယ်လို့ ပြောတယ်"
"အခု ပြန်တွေးကြည့်မယ်ဆိုရင် ကုသိုလ်ရွှေရောင်အလင်းရဲ့ အကြီးမားဆုံးအသုံးဝင်မှုက ကောင်းကင်အတိဒုက္ခတွေကိုပျောက်ကွယ်သွားစေဖို့ပဲ"
"ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်သောင်းကျော်လောက်ကစပြီး လောကကြီးက ဝိညာဉ်စွမ်းအင် ခမ်းခြောက်မှုဒဏ်ကို ခံစားနေခဲ့ရတာလေ"
"ဘယ်သူမှ မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်ထက် ကျော်လွန်ပြီး မကျင့်ကြံနိုင်ခဲ့ကြဘူး"
"လျှို့ဝှက်နယ်မြေကြီးလေးခုမှာတောင် ရောက်နိုင်တဲ့ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်လောက်ပဲ ဆိုတော့ ကောင်းကင်အတိဒုက္ခဆိုတာ ဘယ်တုန်းကမှ မကျဆင်းလာခဲ့တော့ဘူးလေ"
"ကုသိုလ်ရွှေရောင်အလင်းရဲ့ အဓိကလုပ်ဆောင်ချက် ပျောက်ဆုံးသွားတဲ့အခါကျ အဲ့ဒါက သဘာဝကျကျ အသုံးမဝင်တော့တာဖြစ်လိမ့်မယ်"
"ဒါ့အပြင် ကုသိုလ်ရွှေရောင်အလင်း စုဆောင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ"
"ကိုယ်ကျိုးမဖက်တဲ့ ကောင်းမှုကုသိုလ်တွေနဲ့ ကြင်နာမှုတွေ လုပ်ဖို့အတွက် ကိုယ့်ရဲ့ဘဝတစ်သက်တာလုံးကို မြှုပ်နှံထားရမှာလေ"
"ဒီလို ဇွဲလုံ့လနဲ့ မေတ္တာကရုဏာမျိုးကို လူတိုင်းက မပိုင်ဆိုင်ထားနိုင်ကြဘူးလေ"
"ဒါကြောင့် စုဆောင်းရခက်တာရယ်၊ အသုံးမဝင်တော့တာရယ်ကို ထည့်တွက်ကြည့်လိုက်မယ်ဆိုရင် ရွှမ်ခုန်းဘုရားကျောင်းက နောက်ဆုံးကျ အဲ့ဒီလမ်းစဉ်ကို စွန့်လွှတ်လိုက်တာ ဒါမှမဟုတ် လျစ်လျူရှုလိုက်တာက နားလည်နိုင်စရာပါပဲလေ"
လုချင်း၏ ကျိုးကြောင်းဆင်ခြင်မှုကို ကြားပြီးနောက် ယန်က သဘောတူစွာ ခေါင်းညိတ်လိုက်ပါ၏။
အမှန်တကယ်တော့ ရှေးဟောင်း မသေမျိုးခေတ်ကပင် ရွှမ်ခုန်းဘုရားကျောင်းသည် ၎င်းတို့၏ အာဏာရှင်ဆန်သော လုပ်ရပ်များကြောင့် လူသိများခဲ့သည်။ သူတို့၏ မေတ္တာကရုဏာကြီးမားသော နာမည်ကောင်းမှာ သူတို့၏ ဘုန်းတော်ကြီးများက ကုသိုလ်ရှာဖွေရန် ခရီးထွက်ရာမှ ရရှိလာခြင်း ဖြစ်သည်။
သို့သော် ရွှမ်ခုန်းဘုရားကျောင်းသည် သူတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာသော ဂိုဏ်းများကို ရက်စက်စွာ ရှင်းလင်းပစ်ခဲ့သည့် ဖြစ်ရပ်အချို့ကို ယန် မှတ်မိနေသေးပါ၏။ သူတို့၏ နည်းလမ်းများတွင် ဂိုဏ်းတစ်ခုလုံးကို မျိုးဖြုတ်ပစ်ခြင်းနှင့် အခြားသူများကို အတင်းအဓမ္မ ဘာသာပြောင်းခိုင်းခြင်းတို့လည်း ပါဝင်ခဲ့ရာ ကျင့်ကြံခြင်းလောကအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပေသည်။
သို့ဖြစ်၍ အမှန်တကယ်တွင် ခေတ်သစ် ရွှမ်ခုန်းဘုရားကျောင်းသည်လည်း ၎င်း၏ သမိုင်းဝင်ပုံစံအတိုင်း လိုက်နာနေခြင်းသာ။
ထို့ကြောင့် ယင်းက ယိုယွင်းပျက်စီးသွားခြင်း ဟုတော့ အတိအကျ ဆို၍မရပေ။
"အဲ့ဒါတွေကို ထားလိုက်တော့... ဆရာက ရွှေအမြုတေကို ဖန်တီးတော့မယ်"
ထိုအချိန်တွင် လုချင်း၏မျက်နှာက လေးနက်သွားလေတော့၏။
….
အခန်း ၄၆၂ ၊ အပိုင်း ၁ - အထက်တန်းအဆင့် ရွှေအမြုတေ၊ ကျုံးကျိုးသို့ ခရီးစဉ်
ပြိုကျပျက်စီးနေသော တောင်ထိပ်ပေါ်တွင် နောက်ထပ် ကောင်းကင်အတိဒုက္ခတစ်ကြိမ် ပြီးဆုံးသွားပြီးနောက် မြေမျက်နှာသွင်ပြင်မှာ ပို၍ပင် အပိုင်းပိုင်းအစစ ဖြစ်သွားလေပြီပင်။
တောင်ကြီးကိုယ်တိုင်ပင်လျှင် ထပ်မံ၍ ပြန့်ကျဲသွားခဲ့သေး၏။
ဤပြိုကျနေသော တောင်ထိပ်ပေါ်တွင် သမားတော်ကြီးချန်သည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေလေသည်။ အတိဒုက္ခမိုးကြိုးများကြောင့် သူ၏ခန္ဓာကိုယ်တွင် ကျန်ရစ်ခဲ့သော ဒဏ်ရာများသည် ယခုအခါ၌ အမာရွတ်ပင် မကျန်တော့ဘဲ လုံးဝပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ရုပ်ရည်သွင်ပြင်သည်ပင်လျှင် မွေးရာပါနယ်ပယ်သို့ စတင်ခြေချစဉ်ကရှိခဲ့သော လူငယ်လေးတစ်ဦး၏ ရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။ နက်နဲပြီး အစွမ်းထက်လှသော အရှိန်အဝါတစ်ခုက သူ့ထံမှ ထွက်ပေါ်နေကာ အဆက်မပြတ် ကြီးထွားလာနေ၏။
အတိဒုက္ခကျော်ဖြတ်ခဲ့ဖူးသော ကိုယ်ပိုင်အတွေ့အကြုံအရ သူ၏ဆရာသည် ယခုအခါတွင် သူ၏ဝိညာဉ်စွမ်းအားကို အသွင်ပြောင်းလဲကာ ဝိညာဉ်စွမ်းအား ရွှေအမြုတေကို ဖန်တီးနေခြင်းဖြစ်ကြောင်း လုချင်း သိရှိနိုင်ပေ၏။
အချိန်အတန်ကြာပြီးနောက် သမားတော်ကြီးချန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။
ပြီးနောက်တွင်တော့ လုံးဝပြည့်စုံပြီး သိမ်မွေ့လှသော "မသေမျိုး" အရှိန်အဝါတစ်ခုက သူ့ထံမှ ထွက်ပေါ်လာတော့လေသည်။
ထိုအခိုက်အတန့်တွင် နတ်မျက်စိစွမ်းရည်ဖြင့် ကြည့်လိုက်ရာ လုချင်း၏ အမြင်အာရုံတွင် သူ၏ဆရာနှင့်ပတ်သက်သော အချက်အလက်များက ပြောင်းလဲသွားတော့၏။
[ချန်စုန့်ချင် - အလွန်ကျွမ်းကျင်သော သမားတော်တစ်ဦးဖြစ်ပြီး ကြင်နာတတ်သော နှလုံးသားရှိကာ အများ၏လေးစားမှုကို ခံရသော၊ မေတ္တာကရုဏာကြီးမားပြီး ကိုယ်ကျင့်တရားကောင်းမွန်သော သက်ကြီးရွယ်အိုတစ်ဦး။]
[ကျင့်ကြံခြင်း - အထက်တန်းအဆင့် ရွှေအမြုတေ၊ ရွှေအမြုတေအဆင့် ကနဦးပိုင်း။]
[ရေနှင့်မီး တာအိုကို နားလည်သဘောပေါက်ထားပြီး ရေ-မီး ရွှေအမြုတေကို ဖန်တီးထားကာ ရေ-မီး ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။]
[အံ့မခန်းသော နားလည်နိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်း ဓားတာအို ပိုင်နက်ကို ကျွမ်းကျင်ပိုင်နိုင်ကာ တိုက်ခိုက်မှုတွင် ပြိုင်ဘက်ကင်းသည်။]
[မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြင့် ကောင်းချီးပေးခံရပြီး အလွန်ကြီးမားသော အလားအလာရှိသည်။]
...
"အထက်တန်းအဆင့် ရွှေအမြုတေပဲ ဖြစ်လိမ့်မယ်လို့ ထင်သားပဲ" အပြောင်းအလဲများကို လေ့လာကြည့်ရှုရင်း လုချင်းက စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် သူ မအံ့ဩခဲ့ပေ။ သူ၏ဆရာ ရင်ဆိုင်ခဲ့ရသော အတိဒုက္ခတိမ်တိုက်သည် ရွှေရောင်ဖြစ်ပြီး အပြင်းထန်ဆုံးဖြစ်သည့် မိုးကြိုးကိုးချက် ကောင်းကင်အတိဒုက္ခ ဖြစ်သည်။ အကယ်၍ ထိုအရာကပင်လျှင် အထက်တန်းအဆင့် ရွှေအမြုတေ ဖန်တီးရန် မလုံလောက်သေးဘူးဆိုလျှင် တကယ့်ကို ယုတ္တိမတန်လှပေ။
သူ၏အာရုံကို ပို၍ဆွဲဆောင်သွားသည်မှာ အသေးစိတ်အချက်တစ်ခုပင် ဖြစ်၏။
"ဆရာက မွေးရာပါ နတ်ဘုရားစွမ်းရည်ကိုတောင် ပိုင်ဆိုင်ထားပါလား...အဲ့တာက စောစောက အလင်းတန်းလေးများ ဖြစ်မလား"
ထိုစဉ် အတိဒုက္ခလေပွေတိမ်တိုက် မပျောက်ကွယ်မီ အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး သူ၏ဆရာပေါ်သို့ ကျရောက်သွားသည်ကို လုချင်း ရုတ်တရက် ပြန်အမှတ်ရသွားသည်။ ကျုံးကျိုးတွင် သူ အတိဒုက္ခကျော်ဖြတ်စဉ်က နတ်ဘုရားစွမ်းရည်နှစ်ခုကို ရရှိခဲ့သကဲ့သို့ ထိုအရာသည်လည်း ကောင်းကင်ဘုံ၏ ဆုလာဘ်ပင် ဖြစ်ရပေမည်။
"ဆရာက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးကို ရခဲ့တာလဲ မသိဘူး..."
နတ်ဘုရားစွမ်းရည်များ၏ စွမ်းအားကို လုချင်း ကောင်းစွာသိထားသည်။ သာမန် နတ်ဘုရားစွမ်းရည်လေးတစ်ခုကပင်လျှင် မှော်အတတ်ပညာအများစုထက် များစွာ သာလွန်ပြီး မိမိအဆင့်ထက်မြင့်သောသူများကိုပင် တိုက်ခိုက်နိုင်သည့် စွမ်းအားကို ပေးစွမ်းနိုင်ပေသည်။ သူ၏ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်ဖြစ်သော 'ထင်ယောင်ထင်မှားဖြစ်စေခြင်း' ကို ဥပမာပေးရလျှင် ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် သူထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော မီးခိုးရောင်ဝတ်ရုံနှင့် လူပင်လျှင် လုံးဝခုခံနိုင်စွမ်းမရှိဘဲ သူ၏ထင်ယောင်ထင်မှားဖြစ်စေသည့် ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားခဲ့ရသည် မဟုတ်ပါလော။
သူ၏ဆရာရရှိခဲ့သော ကောင်းကင်ဘုံမှ ချီးမြှင့်ခြင်းသည်လည်း သေချာပေါက် ထူးခြားပြီး အံ့မခန်းဖြစ်နေမည်မှာ အသေအချာပဲပင်။
လုချင်း တွေးတောနေစဉ် သမားတော်ကြီးချန်သည် သူ၏ အဆင့်တက်ခြင်းကို အဆုံးသတ်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။ သူ၏မျက်လုံးများအတွင်း၌ နတ်ဘုရားအလင်းတန်းတစ်ခု တဖျပ်ဖျပ် လက်သွားပြီးနောက်၌ လျင်မြန်စွာဖြင့် ပြန်လည်ပျောက်ကွယ်သွားကာ ပုံမှန် တည်ငြိမ်နေသော အခြေအနေသို့ ပြန်၍ရောက်ရှိသွားတော့၏။
တစ်ချိန်တည်းမှာပင် သူ၏ လူငယ်ရုပ်သွင်ကလည်း မှေးမှိန်သွားပြီး ယခင် သက်ကြီးရွယ်အိုရုပ်သွင်သို့ ပြန်ပြီးရောက်ရှိသွားလေသည်။
ထိုအခါ၌ လုချင်းသည် ရှောင်ယန်နှင့် အခြားသူများနှင့်အတူ ပြိုကျပျက်စီးနေသော တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားလိုက်သည်။
"ဆရာ.. ကောင်းကင်အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီးတော့ ရွှေအမြုတေကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျ" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"ဂုဏ်ပြုပါတယ် အဘိုးချန်" ရှောင်ယန်ကလည်း ရွှင်လန်းသောအသံဖြင့် ဝင်ပြောလာသည်။
"အောင်းးးး"
"ရွှမ်းးးး"
ရှောင်လီနှင့် ဝူရှင်း နှစ်ကောင်စလုံးကလည်း သူတို့၏ ကိုယ်ပိုင်ဟန်ပန်များဖြင့် ဂုဏ်ပြုစကားများ ဆိုကြလေသည်။ သူတို့၏ အပြုအမူများတွင်လည်း လေးစားမှုအသစ်များ ပါဝင်နေ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်အတိဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ကိုယ်တိုင် အနီးကပ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သောကြောင့်ပင်။
သူတို့သခင်၏ ဆရာသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အတိဒုက္ခကို ခံနိုင်ရည်ရှိခဲ့ပြီး အောင်မြင်စွာဖြင့် ကျော်လွှားကာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် အလွန်တရာကိုမှ အံ့မခန်းဖွယ်ကောင်းသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်သားရဲများသည် ပင်ကိုယ်အားဖြင့် စွမ်းအားကို မက်မောတတ်ကြရာ ရှောင်လီနှင့် ဝူရှင်း နှစ်ကောင်စလုံးမှာလည်း သမားတော်ကြီးချန်အပေါ် ပိုမိုနက်ရှိုင်းသော လေးစားမှုများကို မခံစားဘဲ မနေနိုင်ကြပေ။
"ဟားဟား... အားချင်း ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ ရတနာတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပဲ ကျေးဇူးတင်ရမှာပေါ့။ အဲဒါတွေသာမရှိရင် ငါလည်း ဒီအတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။ ကံဆိုးတာက မင်းပေးထားတဲ့ အဖိုးတန် သံချပ်ကာအင်္ကျီကတော့ အတိဒုက္ခမိုးကြိုးတွေကြောင့် ပျက်စီးသွားရှာပြီ"
သမားတော်ကြီးချန်က အနီးအနားတွင် ကျနေသော ပျက်စီးနေသည့် သံချပ်ကာအင်္ကျီကို လှမ်းကြည့်လိုက်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရသည်။ အတိဒုက္ခမိုးကြိုးများစွာ၏ ဒဏ်ကို ခံလိုက်ရပြီးနောက် သံချပ်ကာအင်္ကျီမှာ လုံးဝပျက်စီးသွားခဲ့ပြီး ၎င်း၏ ဝိညာဉ်စွမ်းအားများလည်း ပျောက်ကွယ်သွားကာ ယခုအခါ သာမန်ပစ္စည်းတစ်ခုသာသာ ဖြစ်နေလေပြီပင်။
"ဆရာ... သံချပ်ကာအင်္ကျီက အတိဒုက္ခမိုးကြိုးတွေကို အများကြီး စုပ်ယူပေးနိုင်ခဲ့တယ်ဆိုရင် သူရဲ့တာဝန် ကျေပွန်သွားပါပြီဗျ။ ဒါက သိပ်နှမြောစရာတော့မကောင်းပါဘူး။ နောင်တစ်ချိန် သင့်တော်တဲ့ ပစ္စည်းတွေ ရှာတွေ့ရင် ဆရာ့အတွက် နောက်ထပ် အသစ်တစ်ထည်ပြန်လုပ်ပေးပါ့မယ်ဗျ" လုချင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"အဲဒါကို နောက်မှပဲ ထားလိုက်ကြတာပေါ့"
သမားတော်ကြီးချန်က ပျက်စီးနေသော သံချပ်ကာအင်္ကျီကို ကောက်ယူကာ သူ၏ နေရာလွတ်သိုလှောင်ရေး ရတနာထဲသို့ သိမ်းဆည်းလိုက်၏။ ယခုတော့ အသုံးမဝင်တော့သော်လည်း သူ အသက်ရှင်သန်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဖြစ်ရာ ဤသို့ ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်ရန် သူ့တွင် ရည်ရွယ်ချက်မရှိပေ။
"ဆရာ... ဒီအတိဒုက္ခကနေ ဗဟုသုတတစ်ခုခုများ ရခဲ့သေးလားဗျ" လုချင်းက မေးမြန်းလိုက်၏။
"အာ... ဟုတ်သားပဲ" သမားတော်ကြီးချန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အံ့ဩတကြီးဖြင့် ပြောလိုက်သည်။ "အားချင်း... နောက်ဆုံး အတိဒုက္ခမိုးကြိုးက ဘာလို့ မကျဆင်းလာတာလဲဆိုတာ မင်းသိလား"
ယခုအချိန်အထိ သူ၏အတိဒုက္ခကို ပြန်တွေးကြည့်တိုင်း သမားတော်ကြီးချန်၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ကျန်ရှိနေဆဲဖြစ်သည်။ သူ၏အတိဒုက္ခက ဤမျှအထိ အန္တရာယ်များလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။
နောက်ဆုံးတွင်တော့ သူ ကျရှုံးတော့မည်ဟုပင် ယုံကြည်ခဲ့မိသည်။ သို့သော် ရှင်းပြ၍မရနိုင်စွာပင် နောက်ဆုံး အတိဒုက္ခမိုးကြိုးက ကျဆင်းမလာတော့ဘဲ သူ့ကို အောင်မြင်ခွင့်ပေးခဲ့လေ၏။
သို့သော် ထိုအချိန်က သူသည် ကုသခြင်းကိုသာ အာရုံစိုက်နေခဲ့သဖြင့် အကြောင်းရင်းကို သတိမထားမိခဲ့ပေ။
"ဆရာ... အဲဒါက ဆရာ တစ်သက်တာလုံး ကိုယ်ကျိုးမဖက်ဘဲ လူနာတွေကို ကုသပေးပြီး အသက်တွေကို ကယ်တင်ခဲ့လို့ စုဆောင်းမိလာတဲ့ ကုသိုလ်တွေကြောင့်လို့ ကျွန်တော်တော့ ထင်တယ်။ အဲဒီကုသိုလ်တွေက ဆရာ့ကို နောက်ဆုံးတိုက်ခိုက်မှုကနေ ကာကွယ်ပေးလိုက်တာ ဖြစ်လိမ့်မယ်" လုချင်းက သူ၏ ခန့်မှန်းချက်ကို ရှင်းပြလိုက်သည်။
ယင်းကိုကြားပြီးနောက်၌ သမားတော်ကြီးချန်မှာ ခဏတာမျှ မှင်သက်သွားရသည်။ ဤကဲ့သို့သော အကြောင်းရင်းမျိုး ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။
"ဒါက တကယ့်ကို..."
သူ၏ အတွေးများကို စုစည်းရန် အချိန်အတန်ကြာ ယူလိုက်ရသော်လည်း အဆုံးတွင်တော့ သူ ဘာပြောရမှန်း မသိတော့ပေ။
"ဒါကြောင့် ကျွန်တော် ပြောခဲ့တာပေါ့ ဆရာရယ်။ ဆရာ ကောင်းကင်အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာက နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ကောင်းမှုကုသိုလ်တွေရဲ့ အသီးအပွင့်ပါပဲလို့" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
သမားတော်ကြီးချန်က ခေါင်းယမ်းလိုက်သော်လည်း တိတ်ဆိတ်နေဆဲပင်။
နှစ်ပေါင်းများစွာတိုင်အောင် သူသည် ကုသိုလ်ရရန်အတွက် ဆေးပညာကို လေ့လာလိုက်စားခဲ့ခြင်း မဟုတ်ပေ။ လူများ ဖျားနာနာကျင်နေသည်ကို မကြည့်ရက်၍သာ သူတို့၏ ဝေဒနာများကို သက်သာစေချင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် လုချင်းကို ကယ်တင်ရန်အတွက် သူ၏ ရှားပါးပြီး တန်ဖိုးကြီးလှသော ဆေးဖက်ဝင်အပင်များကို သုံးစွဲရန် လိုလားခဲ့ခြင်း ဖြစ်၏။
ထို့ပြင် လူနာတစ်ဦးကို ကုသပေးပြီးတိုင်း သူ၏ ရင်ထဲတွင် လေးနက်သော ကျေနပ်မှုနှင့် စစ်မှန်သော ဝမ်းမြောက်မှုတို့ကို ခံစားရလေ့ရှိသည်။ ထိုအရာက သူ ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာသင်ယူကာ အခြားသူများကို ကုသပေးရန် အချိန်ကုန်ခံခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းပင် ဖြစ်လေသည်။
သူ ဘယ်သောအခါမှ အကျိုးအမြတ်ကို မမျှော်လင့်ခဲ့ချေ။ သို့သော် သူ မသိလိုက်ဘဲနှင့်ပင် ဤကောင်းမှုကုသိုလ်က သူ့ကို အတိဒုက္ခကျော်ဖြတ်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့လေပြီပင်။
"ချန်ချန်ပေ့"
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ဝေ့ရှန်ဟိုင်နှင့် လင်းကျိယွဲ့တို့အပြင် အခြားသူများက သစ်တောအုပ်ကြီးအပေါ်မှ လျင်မြန်စွာ ပျံသန်းလာကြပြီး သူတို့ဆီသို့ ဦးတည်လာနေကြသည်။
မကြာမီမှာပင် ပြိုကျပျက်စီးနေသော တောင်ထိပ်ပေါ်သို့ သူတို့အားလုံး ရောက်ရှိလာကြတော့၏။
"ချန်ချန်ပေ့.. ကောင်းကင်အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"
သမားတော်ကြီးချန်ထံ ရောက်ရှိလာသည်နှင့် အဖွဲ့လိုက် တစ်ပြိုင်နက်တည်း ဂုဏ်ပြုစကား ဆိုလာကြတော့သည်။ အထူးသဖြင့် ဝေ့ရှန်ဟိုင်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် စစ်မှန်သော ဝမ်းမြောက်ဝမ်းသာအပြုံးများ ပေါ်လွင်နေခဲ့ကြပါ၏။
…
အခန်း ၄၆၂ ၊ အပိုင်း ၂ - အထက်တန်းအဆင့် ရွှေအမြုတေ၊ ကျုံးကျိုးသို့ ခရီးစဉ်
ယခုအခါ ဝေ့မိသားစုသည် ကျိုးလီရွာ၏ မျိုးဆက်များနှင့် အလွန်နီးကပ်စွာ ဆက်နွှယ်နေလေပြီပင်။
သမားတော်ကြီးချန်က ရွှေအမြုတေကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်းကြောင့် ကျိုးလီရွာ၏ အင်အားမှာ နောက်ထပ်တစ်ကြိမ် မြင့်တက်သွားခဲ့ပြန်သည်။ ဤရလဒ်သည် ဝေ့မိသားစုအတွက် ကြီးမားလှသော အကျိုးကျေးဇူးတစ်ခု ဖြစ်မည်မှာ ကျိန်းသေပေါက်ပဲပင်။
"ဟားဟား... အားချင်း ကြိုတင်ပြင်ဆင်ပေးထားတဲ့ ရတနာတွေသာမရှိရင် ငါ့လို အဘိုးကြီးက ဒီဘေးဆိုးကြီးကနေ အသက်ရှင်ဖို့တောင် ခက်ခဲနေမှာပါ" လူအများ၏ ဂုဏ်ပြုစကားများကို သမားတော်ကြီးချန်က ရယ်မောရင်း ပြန်ပြီးတုံ့ပြန်လိုက်သည်။
"ဒီလို ကြောက်စရာကောင်းတဲ့ အတိဒုက္ခမိုးကြိုးကို ခံနိုင်ရည်ရှိဖို့ဆိုတာ ချန်ချန်ပေ့ရဲ့ ကျင့်ကြံမှုက ခန့်မှန်းလို့မရနိုင်လောက်အောင် နက်ရှိုင်းနေလို့ပဲ ဖြစ်ရမယ်။ ကံကောင်းလို့ဆိုတာနဲ့တင် ဒီလို ကြီးမားတဲ့ အောင်မြင်မှုကို ဘယ်လိုမှ မရှင်းပြနိုင်ပါဘူး"
ထိုအချိန်တွင် လူတိုင်းက တောင်ထိပ်၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြရာ သူတို့၏ အံ့ဩမှင်သက်မှုများကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားကြရသည်။ အဝေးမှနေ၍ပင် ကောင်းကင်အတိဒုက္ခ၏ ကြီးမားလှသော ကြောက်မက်ဖွယ်အရှိန်အဝါကို သူတို့ ခံစားမိခဲ့ကြပါ၏။
ယခုအခါ အတိဒုက္ခမိုးကြိုးများကြောင့် ပျက်စီးနေသော တောင်ကြီးကို မြင်တွေ့ရသောအခါ၌ ထိုကောင်းကင်မိုးကြိုးများ၏ ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ တကယ်တမ်း နားလည်သဘောပေါက်သွားကြလေပြီပင်။
သမားတော်ကြီးချန်တစ်ယောက် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အတိဒုက္ခကို မည်သို့မည်ပုံ ခံနိုင်ရည်ရှိခဲ့ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်ဆိုသည်မှာ လုံးဝ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ဖြစ်နေရပါ၏။
"ကဲ... ဆရာက အတိဒုက္ခကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတော့ ရွာကိုပြန်ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့"
အချိန်အတန်ကြာ အောင်ပွဲခံပြီးနောက်၌ လုချင်းက ရွှေရောင်လှေပျံငယ်လေးကို ခေါ်ထုတ်လိုက်သည်။
ထိုလှေငယ်လေးက ချက်ချင်းပင် ကြီးမားလာပြီး လူတိုင်းကို လှေပေါ်တက်ရန် ဖိတ်ခေါ်လိုက်ပါ၏။
ဝေ့ရှန်ဟိုင်နှင့် အခြားသူများက ရွှေရောင်လှေပျံကို သိချင်စိတ်ဖြင့် လေ့လာကြည့်ရှုပြီးနောက်၌ လှေပေါ်သို့ တက်လိုက်ကြသည်။ နောက်တစ်ခဏတွင်တော့ လုချင်း၏ အတွေးလေးတစ်ချက်ဖြင့် လှေပျံက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကျိုးလီရွာဆီသို့ ဦးတည်သွားလေတော့သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူတို့သည် ကျိုးလီရွာသို့ ရောက်ရှိသွားခဲ့ကြပြီး တောင်ခါးပန်းရှိ ခြံဝင်းအပြင်ဘက်တွင် ဆင်းသက်လိုက်ကြသည်။ ဝေ့ရှန်ဟိုင်နှင့် သူ၏အဖွဲ့သားများ လှေပေါ်မှ ဆင်းလာချိန်တွင် ရင်းနှီးနေသော ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရသဖြင့် ခဏတာမျှ တွေဝေသွားကြ၏။
ဤမျှတိုတောင်းသော အချိန်လေးအတွင်း တောင်တန်းတစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာကနေ ကျိုးလီရွာသို့ အမှန်တကယ် ပြန်ရောက်လာခဲ့ကြပြီလော။
လုချင်းတစ်ယောက် ရွှေရောင်လှေပျံကို ပေါ့ပေါ့ပါးပါးနှင့် ပြန်၍သိမ်းဆည်းလိုက်သည်ကို လှည့်ကြည့်လိုက်ကြသောအခါ၌ သူတို့၏ မျက်လုံးများတွင် အံ့ဩလေးစားမှုများနှင့်သာ ပြည့်နှက်နေတော့သည်။
တစ်ခါမှ ပျံသန်းခြင်းကို မကြုံဖူးသူများအဖို့ မသေမျိုးလမ်းစဉ်၏ အံ့ဖွယ်များကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ်ကြီး နားလည်သဘောပေါက်သွားကြတော့၏။
…
နောက်ပိုင်းကာလများတွင် ဝေ့ရှန်ဟိုင်နှင့် သူ၏အဖွဲ့သားများသည် တောင်ခါးပန်းရှိ ခြံဝင်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသည်။ သူတို့သည် လုချင်းနှင့် သမားတော်ကြီးချန်တို့ထံမှ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မှုများ ရယူရန် အခွင့်အရေးကို အမိအရအသုံးချခဲ့ကြသဖြင့် နက်ရှိုင်းသော အသိပညာများကို ရရှိခဲ့ကြကာ နောက်ဆုံးတွင် နားလည်သဘောပေါက်မှု အသစ်များနှင့်အတူ ပြန်၍ထွက်ခွာသွားခဲ့ကြတော့သည်။
သို့သော် အဖွဲ့နှင့်အတူ ပြန်မသွားဘဲ ကျန်ရစ်ခဲ့သူ တစ်ဦးရှိနေသေးပါ၏။ ထိုသူကတော့ လင်းကျိယွဲ့ပင်။
"လုသခင်လေး... ချန်ချန်ပေ့ အတိဒုက္ခကျော်ဖြတ်ပြီးရင် သခင်ကြီးသုံးပါးရဲ့ ဖိတ်ကြားချက်ကို စဉ်းစားပေးမယ်လို့ အရင်က ပြောခဲ့တယ်နော်။ အခု အတိဒုက္ခလည်း ပြီးသွားပြီဆိုတော့လေ..."
လုချင်းက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ "မနက်ဖြန်ကျရင် ကျွန်တော် အစ်ကိုနဲ့အတူတူ မြင့်မြတ်သောတောင်တော်ကို လိုက်ခဲ့ပြီး ကတိအတိုင်း သခင်ကြီးသုံးပါးနဲ့ တွေ့ပေးပါ့မယ်ဗျ"
"လုသခင်လေးက ဖိတ်ကြားချက်ကို လက်ခံပေးဖို့ ဆန္ဒရှိတယ်ပေါ့လေ။ ဒါဆို ကျွန်တော် အခုချက်ချင်း ပြန်သွားပြီး ဆရာ့ကို အကြောင်းကြားလိုက်ပါ့မယ်"
ယင်းကို ကြားရသောအခါ လင်းကျိယွဲ့ခင်မျာ အလွန်အမင်းကို ဝမ်းသာသွားတော့၏။
"အားချင်း.. ငါလိုက်ခဲ့ဖို့ကော လိုသေးလား" ဘေးမှ နားထောင်နေသော သမားတော်ကြီးချန်က မေးလိုက်သည်။
"ဆရာက အခုမှ ရွှေအမြုတေကို ဖန်တီးထားတာလေ။ ဆရာ့ရဲ့ ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတာမလို့ ဒုက္ခခံပြီး လိုက်လာစရာ မလိုပါဘူးဗျ။ ကျွန်တော် တစ်ယောက်တည်း သွားလို့ရပါတယ်" လုချင်းက ခေါင်းယမ်းလိုက်သည်။
သူ၏ဆရာသည် တရားဝင် အခမ်းအနားများကို မနှစ်သက်ကြောင်း သူ နားလည်ထားပါ၏။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သူ၏ဆရာသည် ယခုလေးတင်မှ ကြီးမားလှသော အတိဒုက္ခကြီးကို ကျော်ဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု အရေးအကြီးဆုံးမှာ အသေးအဖွဲကိစ္စများဖြင့် အာရုံလွဲနေမည့်အစား မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို ခိုင်မာအောင် ပြုလုပ်ရန်ပင် ဖြစ်၏။
"ကောင်းပြီလေ။ ငါလည်း အတိဒုက္ခကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတော့ ရွာကို ကာကွယ်ပေးထားတဲ့ ကာကွယ်ရေး ဝင်္ကပါအစီအရင်လည်း ရှိနေတာနဲ့ဆို ရွာရဲ့ လုံခြုံရေးအတွက် မင်း စိုးရိမ်စရာ မလိုတော့ပါဘူးကွာ"
လုချင်းက အမြဲတမ်း ပြတ်သားစွာ ဆုံးဖြတ်တတ်သူဖြစ်ကြောင်း သမားတော်ကြီးချန် သိထားသည်။ သူက တစ်ယောက်တည်းသွားမည်ဟု အခိုင်အမာ ပြောနေပြီဆိုမှတော့ ငြင်းခုံနေစရာ အကြောင်းမရှိတော့ပေ။
ထိုစကားကို ကြားသောအခါ လုချင်းက ပြုံးလိုက်၏။ ရွာ၏ လုံခြုံရေးအတွက် သူ စိုးရိမ်စရာ မရှိတော့ပေ။ သူ၏ဆရာသည် ယခုအခါ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ သာမန် ရွှေအမြုတေတောင် မဟုတ်ဘဲ အထက်တန်းအဆင့် ရွှေအမြုတေပင်။
ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ သူမှလွဲ၍ သူ၏ဆရာကို ခြိမ်းခြောက်နိုင်စွမ်းရှိသော ကျင့်ကြံသူများ အလွန်နည်းပါးလောက်ပေသည်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏ဆရာက သူရရှိထားသော စွမ်းအားအသစ်၏ အတိုင်းအတာကို အပြည့်အဝ နားမလည်သေးခြင်းပင် ဖြစ်၏။
"စကားမစပ် ဆရာ... ဒီကျောက်စိမ်းပြားလေးကို ယူထားလိုက်ပါဗျ။ အဲဒီထဲမှာ ရွှေအမြုတေအဆင့်နဲ့ ပတ်သက်ပြီး ကျွန်တော် စုစည်းထားတဲ့ သိမြင်နားလည်မှုတချို့ ပါပါတယ် ဆရာ။ ဆရာ့အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်ဗျ"
လုချင်းက ကျောက်စိမ်းပြားလေးတစ်ခုကို ကမ်းပေးလိုက်သည်။
သမားတော်ကြီးချန်ကလည်း တွေဝေခြင်းမရှိဘဲ ၎င်းကို လက်ခံလိုက်သည်။ လုချင်း၏ ကျင့်ကြံမှုက သူ့ထက် များစွာ သာလွန်နေပြီဖြစ်ကြောင်း သူ နားလည်ပါ၏။
ယခုအချိန်အထိ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လုချင်းကို ကြည့်လိုက်တိုင်း သူ၏တပည့်ဖြစ်သူသည် ထိုးဖောက်၍မရနိုင်သော မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ကြောင်း သူ ခံစားနေရဆဲပင်။ သူ၏ အရှိန်အဝါက သိမ်မွေ့လွန်းပြီး ဖမ်းဆုပ်ရခက်သည့်အတွက် သူ၏ တကယ့် ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် မဖြစ်နိုင်ပေ။
သူတို့နှစ်ဦးစလုံး ရွှေအမြုတေအဆင့်တွင် ရှိနေသော်လည်း သူတို့၏ တကယ့်စွမ်းအား ကွာဟချက်ကတော့ အလွန်ကြီးမားကြောင်းကို သူ မည်သို့မျှ မသိဘဲ နေနိုင်မည်နည်း။
သမားတော်ကြီးချန်၏ မျက်နှာပေါ်တွင် နောင်တရသည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်သည်။
"အားချင်း... အတိဒုက္ခကျော်ဖြတ်ပြီးတဲ့နောက် ငါ့ခေါင်းထဲမှာ နက်ရှိုင်းတဲ့ ကျင့်စဉ်တစ်ခု ပေါ်လာတယ်။ ကံဆိုးတာက အဲဒါကို တခြားသူဆီ လက်ဆင့်ကမ်းပေးဖို့ မဖြစ်နိုင်ဘူးထင်တယ်။ မဟုတ်ရင် မင်းကို သင်ပေးချင်တာ"
လုချင်း၏ ရင်ထဲတွင် လှုပ်ခတ်သွားလေသည်။
သူ ချက်ချင်းပင် နားလည်သွားပါ၏။
သူ၏ဆရာသည် ကောင်းကင်အတိဒုက္ခမှ တိုက်ရိုက်ချီးမြှင့်သော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည့် ကောင်းကင်ဘုံမှ ချီးမြှင့်ခြင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူက အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်သည်။ "လက်ဆင့်ကမ်းပေးလို့ မရဘူးဆိုတော့ အဲဒါက ကောင်းကင်ဘုံက ကိုယ်တိုင်ချီးမြှင့်တဲ့ နတ်ဘုရားစွမ်းရည်ပဲ ဖြစ်ရမယ်။ တခြားသူကို အတင်းအဓမ္မ သင်ပေးမယ်ဆိုရင် ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဆန့်ကျင်ရာကျပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတောင် ဖြစ်သွားနိုင်ပါတယ် ဆရာ"
ကောင်းကင်ဘုံမှ ချီးမြှင့်ခြင်းဟူသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒအရ ပေးသနားသော ထူးခြားသည့် ဆုလာဘ်များဖြစ်ကြောင်း လုချင်း ကောင်းစွာသိထားသည်။ ကျင့်ကြံခြင်းနည်းလမ်းကို ရရှိခဲ့လျှင်ပင် ၎င်းနှင့်အတူ ချီးမြှင့်ခံရသော နတ်ဘုရားစွမ်းရည်မျိုးစေ့ မပါဘဲ ၎င်းကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်၏။
ထိုနတ်ဘုရားစွမ်းရည်မျိုးစေ့တွင် နတ်ဘုရားစွမ်းရည်၏ အနှစ်သာရများ ပါဝင်ပြီး သဘာဝကျကျ နားလည်သဘောပေါက်နိုင်စေရန် အထောက်အကူပြုပေးလေသည်။ ၎င်းမရှိဘဲ ကျင့်ကြံခြင်းနည်းလမ်း မည်မျှပင် ပြည့်စုံနေပါစေ၊ ထိုနည်းလမ်းကို ဘယ်သောအခါမှ အမှန်တကယ် ကျွမ်းကျင်နိုင်မည် မဟုတ်ပေ။
ဤအရာသည် သူကိုယ်တိုင် တစ်ခါက စမ်းသပ်အတည်ပြုခဲ့ဖူးသော အရာဖြစ်၏။
ရှောင်လီ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်နှစ်ခုကို သူ လိုချင်မက်မောခဲ့သဖြင့် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြုကာ ၎င်းတို့ကို ပုံတူကူးယူရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် သက်ဆိုင်ရာ နတ်ဘုရားစွမ်းအားမပါဘဲ ရှောင်လီက နည်းလမ်းတစ်ခုလုံးကို ထုတ်ဖော်ပြသခဲ့လျှင်ပင် သူ ထိုစွမ်းရည်ကို မကျင့်ကြံနိုင်ကြောင်း လျင်မြန်စွာဖြင့် တွေ့ရှိခဲ့ရ၏။ ထိုအချိန်မှစ၍ နတ်ဘုရားစွမ်းရည်များ၏ နက်ရှိုင်းသော သဘောသဘာဝကို သူ နားလည်သွားခဲ့လေသည်။
မှန်ပါသည်၊ သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေသေးသောကြောင့်လည်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့ပါ၏။ တစ်နေ့နေ့တွင် သူ၏ကျင့်ကြံမှုသည် ခန့်မှန်း၍မရနိုင်လောက်အောင် အဆင့်မြင့်မားလာပါက သူကိုယ်တိုင် နတ်ဘုရားစွမ်းရည်မျိုးစေ့များကို ဖန်တီးနိုင်ပြီး နတ်ဘုရားစွမ်းရည်များကို မိမိအလိုဆန္ဒအတိုင်း ကျွမ်းကျင်နိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အနည်းဆုံးတော့ ယခုလောလောဆယ်တွင် သူ၏ ထူးခြားသော ပါရမီများရှိနေသော်လည်း ထိုအဆင့်သို့ မရောက်ရှိသေးပေ။
ဤကန့်သတ်ချက်မှာ ကောင်းကင်ဘုံမှ ချီးမြှင့်ခြင်းများအတွက်သာ သီးသန့်မဟုတ်ပေ။
လုချင်းရရှိထားသော အမွေအနှစ်ကျမ်းများပင်လျှင် ထိုနည်းတူပင် ဖြစ်သည်။ အပြည့်အစုံကို သူ၏ဆရာထံ တိုက်ရိုက် လက်ဆင့်ကမ်းပေး၍ မရနိုင်ပေ။ သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးနိုင်သည်မှာ ထိုကျမ်းများမှ သူနားလည်သဘောပေါက်ထားသော သိမြင်မှုများနှင့် အခြေခံသဘောတရားများကို မျှဝေပေးကာ သူ၏ဆရာကို ကိုယ်ပိုင်ဟန်ဖြင့် အဓိပ္ပာယ်ဖော်ခွင့်ပေးခြင်းသာ ဖြစ်သည်။
၎င်းမှာ သူ၏ဆရာအား ယခုလေးတင် ပေးခဲ့သော ကျောက်စိမ်းပြားလေးတွင် သူ မှတ်တမ်းတင်ထားခဲ့သည့်အရာပင် ဖြစ်၏။ ထိုသည်မှာကတော့ အမွေအနှစ်ကျမ်းများနှင့် အမျိုးမျိုးသော ကျင့်ကြံခြင်းနည်းလမ်းများမှ ရယူထားသော ရွှေအမြုတေအဆင့်နှင့် ပတ်သက်သည့် သူ၏ နားလည်သဘောပေါက်မှုများပင် ဖြစ်လေသည်။
…
လင်းကျိယွဲ့ ရှိနေသောကြောင့် လုချင်းက ဤကိစ္စများကို ဆက်လက်ရှင်းပြမနေတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမှ ချီးမြှင့်သော နတ်ဘုရားစွမ်းရည်များသည် မည်သည့်ကျင့်ကြံသူအတွက်မဆို အကြီးမားဆုံးသော လျှို့ဝှက်ချက်များထဲတွင် ပါဝင်သောကြောင့်ပင်။
သို့ဖြစ်၍ သိသူနည်းလေ၊ ပိုကောင်းလေသာ ဖြစ်သည်။
…
ထို့နောက်ပိုင်း အချိန်များမှာတော့ များစွာ ပို၍ပေါ့ပါးလွတ်လပ်သွားခဲ့လေသည်။
သူ၏ဆရာက အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် လုချင်းကိုယ်တိုင် ကြီးကျယ်ခမ်းနားသော စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။ ပါဝင်ပစ္စည်းများအတွက် ဝိညာဉ်ငါးအချို့ကို ဖမ်းရန် မြစ်ဆီသို့ပင် အထူးခရီးထွက်ခဲ့ရာ ရှောင်လီမှာတော့ အတော်လေးကို ဝမ်းသာပျော်ရွှင်နေခဲ့လေ၏။
စားသောက်ပြီးနောက်၌ သမားတော်ကြီးချန်က သူ၏ အသစ်တက်လှမ်းထားသောအဆင့်မှ စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် ကျင့်ကြံမှုကို တည်ငြိမ်စေရန် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံလေတော့သည်။
လုချင်းအတွက်ကတော့ နောက်တစ်နေ့နံနက်တွင် ရှောင်ယန်နှင့် အခြားသူများကို ဝေ့မိသားစု၏ ခြံဝင်းရှိ သခင်မဝေ့ထံတွင် ဘေးကင်းလုံခြုံစေရန် အပ်နှံခဲ့သည်။
ထို့နောက်တွင်တော့ ရွှေရောင်လှေပျံကို ခေါ်ထုတ်ကာ လင်းကျိယွဲ့ကိုခေါ်၍ ကျုံးကျိုးဆီသို့ ခရီးစတင်ထွက်ခွာလာခဲ့လေတော့၏။
………