အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ပန်းလှေပေါ်တွင် ထောင်ချောက်မိခြင်း
"ကျောက်လင်... အဲ့ဒီငွေပြားနှစ်ဆယ်ကို မနက်ဖြန်ကျရင် ငါ ပြန်ဆပ်မယ်နော်..."
အိုယန်ပင်းမှာ အနေရခက်နေပုံပေါ်၏။ ကျောက်လင်သည် သူမအား အမှုဖြေရှင်းရာတွင် ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်ရာ ပန်းတစ်ရာစံအိမ်၏ ကုန်ကျစရိတ်များကို သူမက ကျခံပေးသင့်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော်လည်း သူမသည် ယနေ့တွင် အစီအစဉ်များဆွဲရန် အလုပ်များလွန်းနေသဖြင့် ငွေယူလာရန် မေ့ကျန်ခဲ့ခြင်း ဖြစ်၏။
"အဲ့ဒါက ငွေလေးနည်းနည်းပါ... ပြောနေစရာတောင် မလိုပါဘူး..."
"ငါတို့ဆက်ဆံရေးမှာ ဘယ်သူ့ငွေကို သုံးနေလဲဆိုတာကို ခေါင်းထဲထည့်စရာ မလိုပါဘူး... မင်းပစ္စည်းက ငါ့ပစ္စည်းပဲ၊ ငါ့ပစ္စည်းကလည်း မင်းပစ္စည်းပဲပေါ့..."
ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။
အိုယန်ပင်းမှာ မျက်နှာရဲတက်သွားသည်။ သူမသည် အမျိုးသားတစ်ဦးနှင့် မည်သည့်အခါမျှ ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့သော်လည်း အမျိုးသားနှင့် အမျိုးသမီးကြားရှိ မပွင့်တပွင့် စကားလုံးများကို နားမလည်သူတော့ မဟုတ်ပေ။
ဤအချိန်တွင် ကျောက်လင်က အဘယ်ကြောင့် ဇနီးငါးယောက်အထိ လက်ထပ်ခဲ့သည်ကို အိုယန်ပင်း အတိအကျ သဘောပေါက်သွားတော့သည်။
သူတို့က မျက်နှာပြောင်တိုက်လွန်းလှ၏။
"အဲ့ဒီအပျော်စီးလှေကို မျက်ခြည်မပြတ် စောင့်ကြည့်ထားဦး... ပုံမှန်မဟုတ်တဲ့အရာ တစ်ခုခုကို တွေ့တာနဲ့ ငါ့ကို ချက်ချင်းပြောနော်..."
အိုယန်ပင်းက ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲတော့ဘဲ စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်၏။
ကျောက်လင်က ရယ်မောလိုက်ပြီး သူ၏ လင်းယုန်မျက်လုံးများဖြင့် ယွီရွှေမြစ်ပေါ်ရှိ အပျော်စီးလှေများအားလုံးကို ဆက်လက် အကဲခတ်နေလိုက်သည်။
ထို့နောက်တွင် ပန်းလှေများပေါ်မှ မိန်းမပျိုများသည် ရေပေါ်စင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြကာ သူတို့၏ စွမ်းရည်များကို ပြသကြတော့သည်။
တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီစွမ်းရည်များ၊ တောငန်းရိုင်းများကဲ့သို့ သွက်လက်ပေါ့ပါးသော ကိုယ်ဟန်အမူအရာများဖြင့် မိန်းမပျိုလေးများသည် အာရုံစိုက်ခံရစေရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြရာ အလွန်တက်ကြွပြီး စည်ကားလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတော့၏။
ကျောက်လင်သည် ဤမိန်းမပျိုလေးများ ပြသနေသည့် စွမ်းရည်များကို အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိပေ။ ထိုအရာများအားလုံးမှာ ကမ္ဘာမြေပေါ်ရှိ စွမ်းရည်ပြိုင်ပွဲများနှင့် နှိုင်းယှဉ်ပါက အလွန်ပင် ပျင်းစရာကောင်းပြီး စိတ်ဝင်စားဖွယ် မရှိလှသောကြောင့်ဖြစ်သည်။
သို့သော်လည်း ပန်းတစ်ရာစံအိမ်ရှိ အခန်းတိုင်းမှ အားပေးသံများနှင့် လက်ခုပ်သံများကတော့ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်၏။
ကျောက်လင်သည် ဤကမ္ဘာမှ လူများကိုပင် သနားမိသွားသည်။
"မသင်္ကာစရာကောင်းတဲ့သူကို မတွေ့သေးဘူးလား..."
မိန်းမပျို ဆယ်ယောက်ကျော်၏ စွမ်းရည်ပြသမှုများကို ကြည့်ရှုပြီးနောက် အိုယန်ပင်းမှာ စိတ်မရှည်တော့ဘဲ နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်၏။
ကျောက်လင်က ခေါင်းခါယမ်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"အရာရှိမင်း... အဲ့ဒီပန်းခိုးသူက ပန်းဘုရင်မ ပြိုင်ပွဲမှာ ဝင်ပါလိမ့်မယ်လို့ ခင်ဗျား သေချာပေါက် ယုံကြည်နေတယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားဖို့ လိုလိမ့်မယ်..."
"အဲ့ဒီပန်းခိုးသူက အရမ်းကို စိတ်ရှည်တဲ့ကောင်လို့ ငါ ထင်တယ်... သူက အလွယ်တကူ ကိုယ်ထင်ပြမှာ မဟုတ်ဘူး... မှောင်မိုက်တဲ့ ထောင့်တစ်နေရာရာမှာ ပုန်းအောင်းနေမှာ သေချာတယ်..."
အိုယန်ပင်းက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
"အရာရှိမင်း... အဲ့ဒီပန်းခိုးသူက ဒီမုခ်ဦးမှာ ရှိမနေဘူးလို့ ငါထင်တယ်... ငါတို့ အပျော်စီးလှေဆီ တိုက်ရိုက်သွားရအောင်လား..."
"အပျော်စီးလှေဆီ ရောက်တာနဲ့ ပတ်ဝန်းကျင်က တခြားလှေတွေအားလုံးရဲ့ လှုပ်ရှားမှုတွေကို ငါ အာရုံခံနိုင်မယ်လို့ ယုံကြည်တယ်... အသက်ရှူနှုန်း မမှန်တဲ့ ဘယ်လိုအမျိုးသားမျိုးမှာမဆို ထူးခြားမှုတစ်ခုခုရှိရင် ငါ သိနိုင်တယ်..."
ဤအချိန်တွင် ကျောက်လင်က အကြံပြုချက်တစ်ခုကို ပြောလာ၏။
အိုယန်ပင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ရေပေါ်စင်မြင့်ထက်တွင် "ဟွားမိန်" ဟု အမည်ရသော မိန်းမပျိုတစ်ဦးက သူမ၏ ဖျော်ဖြေမှုကို ယခုလေးတင် အဆုံးသတ်လိုက်ပြီ ဖြစ်သည်။
"သွားကြစို့... သူမအတွက် ငါတို့ရဲ့ ပန်းမဲတွေကို ပေးလိုက်ရအောင်..."
ကျောက်လင်က အိုယန်ပင်း၏ လက်ကို ချက်ချင်း ဆွဲကိုင်လိုက်ရင်း အော်ပြောလိုက်၏။
အိုယန်ပင်းမှာ တစ်ခဏမျှ မှင်တက်သွားသည်။ သူမသည် အမျိုးသား ရဲမက်များနှင့် မကြာခဏ အပြင်ထွက်လေ့ရှိသော်လည်း ဤသည်မှာ အမျိုးသားတစ်ဦး၏ လက်ဆွဲခြင်းကို ပထမဆုံးအကြိမ် ခံရခြင်းပင် ဖြစ်သည်။
သူမက ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ရုန်းမထွက်နိုင်သည်ကို တွေ့လိုက်ရ၏။
"မင်းကမှ မိန်းမရှုပ်တဲ့ကောင်နဲ့ တူနေတာ..."
အိုယန်ပင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သော်လည်း ကျောက်လင်၏ ခေါ်ဆောင်ရာ မုခ်ဦးမှ မြစ်ကမ်းစပ်သို့ တိုက်ရိုက် လိုက်ပါသွားရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။
စည်းမျဉ်းများအရ ချင်းနူအတွက် ပန်းမဲပေးသည့် မည်သည့်ဧည့်သည်မဆို သူမ၏ ပန်းလှေပေါ်သို့ တက်ရောက်နိုင်ခွင့် ရှိသည်။
အပျော်စီးလှေပေါ်သို့ တက်ရောက်လာသော ဧည့်သည်အားလုံးသည် ဤအလှရှင်နှင့် တစ်ညတာ အတူနေခွင့်ရရန် လေလံဆွဲကြရမည်ဖြစ်သည်။
တိုက်ဆိုင်စွာပင် ကျောက်လင်နှင့် အိုယန်ပင်းတို့ကသာ ဟွားမိန်အတွက် မဲပေးခဲ့ကြ၏။
"ဒီအစေခံက သခင်တို့နှစ်ဦးရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်..."
ပန်းလှေပေါ်သို့ တက်လာစဉ် မျက်ခုံးများ မှုန်းခြယ်ထားသော မိန်းမပျိုလေးက အနည်းငယ် ဦးညွှတ်ကာ ညင်သာစွာ ပြောလိုက်သည်။
ကျောက်လင်သည် လှေခန်းအတွင်းရှိ စာရေးစားပွဲတစ်ခုပေါ်တွင် စုတ်တံများ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်များ ရှိနေသည်ကို ချက်ချင်း သတိပြုမိသွားပြီး သူ၏ ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာ၏။
"မိန်းကလေး ဟွားမိန်... မင်းက ခုနလေးတင် စင်ပေါ်မှာ ပန်းချီဆွဲတာကို ပြသခဲ့တယ်နော်... ငါကလည်း ပန်းချီပညာရပ်တွေအကြောင်း နည်းနည်းပါးပါး သိထားတယ်..."
"ပန်းဘုရင်မပြိုင်ပွဲက အချိန်နည်းနည်း လိုသေးတော့ ငါ ဒီမှာနေပြီး ငါ့သူငယ်ချင်းအတွက် ပန်းချီတစ်ချပ်လောက် ဆွဲပေးမယ်လေ..."
ကျောက်လင်က ပြုံးလျက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"ဟေး... ဟေး... ကျောက်လင်... အရေးကြီးတဲ့ကိစ္စကို မမေ့နဲ့လေ..."
ကျောက်လင်က လှေခန်းထဲသို့ဝင်ကာ ပန်းချီဆက်ဆွဲနေသည်ကို မြင်လိုက်ရသောအခါ အိုယန်ပင်းမှာ အနည်းငယ် စိုးရိမ်လာတော့၏။
လှေခန်းအတွင်းမှနေ၍ အခြားအပျော်စီးလှေများအတွင်းရှိ လှုပ်ရှားမှုများကို မည်သို့ အကဲခတ်နိုင်မည်နည်း။
"အစ်ကိုအိုယန်... ထိုင်ပါဦး... ဒီည မင်း အလုပ်တွေ ပြီးမြောက်စေရမယ်လို့ ငါ အာမခံတယ်..."
ကျောက်လင်က အိုယန်ပင်းအား သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရန် လက်ယပ်ခေါ်လိုက်သည်။
အိုယန်ပင်းသည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကူကယ်ရာမဲ့စွာ ဝင်ထိုင်လိုက်ကာ ကျောက်လင်အား သိချင်စိတ်ဖြင့် စိုက်ကြည့်နေမိ၏။
*ဒီမျက်နှာပြောင်တိုက်တဲ့ကောင်က ပန်းချီဆွဲတတ်သေးတာလား…*
*တကယ့်ကို ထူးဆန်းတာပဲ…*
ချင်းနူဟွားမိန်မှာ ကျောက်လင်၏ အနောက်တွင် မတ်တတ်ရပ်နေပြီး မင်သွေးရန် စတင်နေပြီ ဖြစ်သည်။
ကျောက်လင်က ပန်းချီဆွဲမည့် စက္ကူကို ဖြန့်ခင်းလိုက်ပြီး စုတ်တံကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ကာ ယုံကြည်မှုအပြည့်နှင့် လွတ်လပ်စွာ ပန်းချီစတင် ဆွဲတော့၏။ သူ၏ လှုပ်ရှားမှုများက သွက်လက်ပြီး စည်းချက်ကျကာ ဆရာသခင်တစ်ဦး၏ အသွင်အပြင်ကို ဖော်ပြနေသည်။
အိုယန်ပင်းမှာ အနည်းငယ် မိန်းမောသွားတော့၏။
ကျောက်လင်က သူမ၏ ယောက်ျားလေးဝတ်စုံ ဝတ်ဆင်ထားပုံကို ဆွဲနေခြင်းဖြစ်ကြောင်း သူမ သေချာပေါက် သိမြင်နိုင်ပြီး ကျောက်လင်၏ ပန်းချီဆွဲစွမ်းရည်မှာ ထိပ်တန်းပန်းချီဆရာတစ်ဦး၏ အဆင့်တွင် သေချာပေါက် ရှိနေသည်။ ထို တည်ငြိမ်ပြီး အေးချမ်းသော အသွင်အပြင်မှာ ဟန်ဆောင်ဖန်တီး၍ ရနိုင်သောအရာ မဟုတ်ပေ။
ပန်းချီဆွဲနေစဉ်အတွင်း စားပွဲထိုးတစ်ယောက်က လှေခန်းထဲသို့ လက်ဖက်ရည်လာချပေးရာ လက်ဖက်ရည်အိုးကို ထားရစ်ခဲ့ပြီးနောက် ဖြည်းညင်းစွာ ထွက်ခွာသွား၏။
အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်သွားသည်။
"ကဲ... ပန်းချီဆွဲလို့ ပြီးသွားပြီ..."
"အစ်ကိုအိုယန်... မင်းအတွက် ငါဆွဲပေးထားတဲ့ ပုံတူပန်းချီကားကို မင်းဘာသာမင်းပဲ အကဲဖြတ်ကြည့်လိုက်တော့..."
ကျောက်လင်က သူ၏ စုတ်တံကို ချလိုက်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
အိုယန်ပင်းသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယောက်ျားလေးအသွင် ဖန်တီးထားလျှင်ပင် အလွန်တရာ ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းလှသည်။
ထိုစကားကို ကြားသောအခါ အိုယန်ပင်းသည်လည်း သိချင်စိတ်ဖြင့် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ ပုံတူပန်းချီကားကို ကိုယ်တိုင် မျက်စิဖြင့် ကြည့်ရှုလိုက်၏။
အသက်ဝင်လှပြီး အပြင်မှာ အသက်ရှင်နေသကဲ့သို့ပင်။
တကယ့်ကို အတိုင်းထက်အလွန် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။
"အရမ်းလှတာပဲ..."
အိုယန်ပင်းသည် သူမ၏ အမျိုးသားအသွင်အပြင်က ဤမျှအထိ ဆွဲဆောင်မှုရှိလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ပေ။ သူမသည် အကယ်၍ မိမိသာ အမျိုးသားတစ်ဦး တကယ်ဖြစ်ခဲ့လျှင် ယွီရွှေခရိုင်အတွင်းရှိ မိန်းမပျိုလေးများအားလုံးကို သေချာပေါက် ဖမ်းစားနိုင်လိမ့်မည်ဟုပင် စိတ်ကူးယဉ်မိသွားတော့၏။
ထိုအချိန်တွင် စောစောက လက်ဖက်ရည်လာပို့သော စားပွဲထိုးက ထပ်မံ ရောက်ရှိလာပြန်သည်။
"အင်း..."
ကျောက်လင်၏ 'စိတ်စွမ်းအား အမြုတေ' သည် ပတ်ဝန်းကျင် ဆယ်မီတာ ပတ်လည်ကို အဆက်မပြတ် အာရုံခံနေပြီး လှုပ်ရှားမှုတိုင်းကို အသေအချာ အာရုံစိုက်နေ၏။
ကျောက်လင်သည် ယခုလေးတင် လက်ဖက်ရည်လာပို့သော စားပွဲထိုးကို အာရုံခံမိခဲ့သော်လည်း သူ၏ ကိုယ်ပေါ်တွင် မည်သည့် လက်နက်မျှ မတွေ့ရသလို သူ၏ လှုပ်ရှားမှုများတွင်လည်း သိုင်းပညာ ကျင့်ကြံထားသည့် လက္ခဏာများ မတွေ့ရပေ။
သို့သော် ယခုအချိန်တွင် စားပွဲထိုးက လက်ဖက်ရည် လာချပေးရာတွင် သူ၏ အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာသည်။
အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် သူ့ထံမှ အပြောင်းအလဲကို တကယ်ပင် သတိပြုမိမည် မဟုတ်ပေ။
သို့သော် ကျောက်လင်တွင် စိတ်စွမ်းအားရှိနေရာ စားပွဲထိုး၏ အပြုအမူရှိ သိမ်မွေ့သော ကွာခြားချက်များကို ရှင်းလင်းစွာ သတိပြုမိလိုက်၏။
"မိန်းကလေး ဟွားမိန်... လတ်ဆတ်တဲ့ လက်ဖက်ရည်လေး ယူလာပေးပါတယ်..."
ထိုလူက လှေခန်းအပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။
"ဝင်ခဲ့လေ..."
ဟွားမိန်က တည်ငြိမ်စွာ ပြန်ဖြေသံ ထွက်ပေါ်လာ၏။
ထို့ကြောင့် စားပွဲထိုးက ပိတ်ပါးစများကို မတင်လိုက်ပြီး လှေခန်းအတွင်းသို့ ဝင်လာကာ လက်ဖက်ရည်အသစ်ကို ကျွမ်းကျင်စွာ ချထားလိုက်ပြီးနောက် ယခုလေးတင် ချထားခဲ့သော လက်ဖက်ရည်အိုးကို ပြန်ယူသွားသည်။
ကျောက်လင်သည် ထိုလူအား ခိုးကြည့်နေခဲ့ရာ သူက မည်သည့် လှုပ်ရှားမှုမျှ ထပ်မလုပ်ဘဲ လှေခန်းအတွင်းမှ တည်ငြိမ်စွာ ထွက်ခွာသွားသည်ကို သတိပြုမိလိုက်၏။
"ငါ့ရဲ့ အလိုလိုသိစိတ်က မှန်တယ်... ဒီကောင်ဆီမှာ ပြဿနာတစ်ခုခု ရှိနေတယ်..."
"ဒါပေမဲ့ ပြဿနာက ဘာများလဲ..."
ကျောက်လင်က သူ့ဘာသာ တွေးတောလိုက်သည်။
မျက်ခုံးများ မှုန်းခြယ်ထားသော မိန်းကလေးက အိုယန်ပင်းနှင့် ကျောက်လင်အတွက် အသစ်ချပေးထားသော လက်ဖက်ရည်များကို နောက်ထပ် တစ်ခွက်စီ ငဲ့ပေးလိုက်၏။
အိုယန်ပင်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
မျက်ခုံးများ မှုန်းခြယ်ထားသော မိန်းကလေးသည်လည်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။
ကျောက်လင်က သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
*ဒီလက်ဖက်ရည်မှာ ထူးခြားတာ တစ်ခုခုများ ရှိနေသလား…*
ထို့ကြောင့် ကျောက်လင်က လက်ဖက်ရည်သောက်ရန် ခွက်ကို မြှောက်လိုက်ဟန်ဆောင်ကာ သူ၏ မျက်နှာကို အင်္ကျီလက်ဖြင့် ကွယ်လိုက်၏။
တိတ်တဆိတ်ပင် ကျောက်လင်က လက်ဖက်ရည်ကို သိမ်းဆည်းရန် စနစ်နေရာလွတ်ကို အသုံးပြုလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို အောက်သို့ ပြန်ချလိုက်သည်။
တစ်မိနစ်ပင် မကြာလိုက်ပေ။
ဟွားမိန်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး လဲကျသွားကာ ချက်ချင်းပင် သတိလစ်သွားတော့၏။
အိုယန်ပင်းတွင် သံမဏိအရိုးနယ်ပယ်၏ အင်အားရှိသော်လည်း သူမက အချိန်ကြာမြင့်စွာ တောင့်ခံမထားနိုင်ပေ။ သူမ၏ အသိစိတ်များ လွင့်စင်လာပြီး ကျောက်လင်အား အလွန်ရမ္မက်ပြင်းပြသော အကြည့်ဖြင့် စိုက်ကြည့်လာသည်။ သူမက အဝတ်အစားများကိုပင် စတင် ချွတ်ပစ်လာ၏။
"ဒါက သူမက ကာမစိတ်ကြွဆေး ခတ်ခံထားရတဲ့ လက္ခဏာပဲ..."
ကျောက်လင်မှာ အံ့သြသွားတော့သည်။