အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇) ဝိညာဉ်စိုက်ခင်းများကို မည်သို့ ပြုစုပျိုးထောင်မည်နည်း
ကျောက်လင်သည် ပိုင်ဝမ်ချင်းနှင့် ယဲ့လင်အာတို့ကို တောင်ပေါ်စမ်းရေအိုင်ရှိရာ နေရာသို့ ခေါ်ဆောင်သွားခဲ့၏။
ကျောက်လင်သည် တောင်ပေါ်သို့ တက်သွားတိုင်း ဤနေရာတွင် ရပ်နားကာ အနားယူရင်း စမ်းရေကို သောက်လေ့ရှိသည်။
သဘာဝအတိုင်း ဖြစ်တည်နေသော ဤတောင်ပေါ်စမ်းရေမှာ ကြည်လင်အေးမြပြီး ချိုမြိန်လှ၏။
"ဝိုး... ဒီမှာ တောင်ပေါ်စမ်းရေရှိနေတာပဲ..."
ပိုင်ဝမ်ချင်းသည် တောင်ပေါ်စမ်းရေကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ အလွန် ဝမ်းသာသွားခဲ့သည်။
ဤနေရာတွင် တောင်ပေါ်စမ်းရေရှိနေခြင်းက ဤတောင်တန်းဒေသတွင် ရေဓာတ်ပြည့်ဝပြီး မြေဆီလွှာ စိုစွတ်နေကြောင်းကို ဖော်ပြနေ၏။
ဤနေရာ၌ ဝိညာဉ်စိုက်ခင်းတစ်ခု ဖန်တီးမည်ဆိုပါက အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရေလောင်းရမည့် အချိန်များကို များစွာသက်သာစေနိုင်၏။
"ဘာလဲ... ဒီနေရာမှာလည်း ဝိညာဉ်စိုက်ခင်း ဖန်တီးလို့ ရနိုင်တာလား..."
ပိုင်ဝမ်ချင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသောအခါ ကျောက်လင်သည် မနေနိုင်ဘဲ မေးခွန်းတစ်ခု မေးလိုက်မိ၏။
ပိုင်ဝမ်ချင်းက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
"ခင်ပွန်း... ရှင်က သတိမထားမိတာ ဖြစ်နိုင်ပေမဲ့ ဒါက ဝိညာဉ်ရေထွက်တဲ့ စမ်းရေပဲ..."
"ရေတစ်ငုံလောက် သောက်ကြည့်ပြီး ရှင့်ခန္ဓာကိုယ်ကို သန့်စင်ပေးနေတဲ့ စွမ်းအင်စီးဆင်းမှု ရှိမရှိ သေချာ ခံစားကြည့်လိုက်ပါ..."
ပိုင်ဝမ်ချင်းက ပြုံး၍ ပြောလိုက်၏။
ကျောက်လင်သည် ဤစမ်းရေကို သောက်ခဲ့ရသည့် ခံစားချက်အား အကြိမ်ကြိမ် ပြန်လည် အရသာခံကြည့်ရာ ပိုင်ဝမ်ချင်း ပြောသည့်အတိုင်း ခန္ဓာကိုယ်အား သန့်စင်ပေးသည့် ဝိညာဉ်စွမ်းအင် လက္ခဏာများ တကယ်ပင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ထို့ကြောင့် ကျောက်လင်သည် စမ်းရေတစ်ခုပ်ကို ခပ်ယူကာ မျိုချလိုက်၏။
သူ၏ စိတ်စွမ်းအား အမြုတေက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
စမ်းရေက ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော 'စွမ်းအင်စီးဆင်းမှု' တစ်ခုက ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းဆေးကြောသွားသည်ကို သူ ခံစားလိုက်ရ၏။
ဤသည်မှာ သူတို့ခေါ်ဝေါ်လေ့ရှိသည့် ဝိညာဉ်စွမ်းအင်ပင် ဖြစ်ပေလိမ့်မည်။
ယခင်က ကျောက်လင်၏ ကျင့်ကြံခြင်းသည် စနစ်၏ ဆုလာဘ်များအပေါ်တွင်သာ လုံးဝ အခြေခံထားခြင်းဖြစ်သည်။ သူသည် ရုပ်ခန္ဓာကို ကိုယ်တိုင် လေ့ကျင့်ခဲ့ခြင်း မရှိသောကြောင့် ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သန့်စင်ပေးသည့် ခံစားချက်ကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ မခံစားခဲ့ဖူးပေ။
ယခု သူ၏ စိတ်စွမ်းအား အမြုတေဖြင့် အာရုံခံကြည့်လိုက်ပြီးနောက် ကျောက်လင်သည် ဝိညာဉ်စွမ်းအင်၏ တည်ရှိမှုကိုလည်း ခံစားလိုက်ရ၏။
"ဝမ်ချင်း... ဒီဝိညာဉ်စမ်းရေက ဝိညာဉ်စိုက်ခင်း ဧရိယာ ဘယ်လောက်အထိ ရေပေးဝေနိုင်လဲ..."
ကျောက်လင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
ပိုင်ဝမ်ချင်းက စမ်းရေကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။
"ခင်ပွန်း... ဒီဝိညာဉ်စမ်းရေကနေ ရေတွေ စိမ့်ထွက်နေသရွေ့ ဝိညာဉ်စိုက်ခင်းအတွက် လိုအပ်တဲ့ ဝိညာဉ်စွမ်းအင်ကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်တယ်..."
"ဝိညာဉ်စမ်းရေရဲ့ မြစ်ဖျားခံရာနေရာမှာရှိတဲ့ ဝိညာဉ်ကြောက ဘယ်လောက်ကြီးမားလဲဆိုတာကို ကျွန်မ မသိတဲ့အတွက် ဝိညာဉ်စိုက်ခင်း ဧရိယာ ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်မလဲဆိုတာကိုတော့ အတိအကျ မပြောတတ်ဘူး..."
"ဒါပေမဲ့ သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်သာရှိမယ်ဆိုရင် ဒီဝိညာဉ်စမ်းရေရဲ့ ဝိညာဉ်စွမ်းအင်တွေ အားလုံးကို ချုပ်လှောင်ထားဖို့နဲ့ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူဖို့အတွက် ဝိညာဉ်အစီအရင်တစ်ခု ဖန်တီးနိုင်ပြီး အနည်းဆုံး ဝိညာဉ်စိုက်ခင်း ဧကရာချီကို ထောက်ပံ့ပေးနိုင်လိမ့်မယ်..."
ပိုင်ဝမ်ချင်းက သူမ သိထားသည့် အချက်အလက်အားလုံးကို ချန်လှပ်ထားခြင်း မရှိဘဲ ပြောပြလိုက်၏။
"အရင်တုန်းက မင်းတို့ ပိုင်မိသားစုရဲ့ ဆေးပင်ဥယျာဉ်ကရော ဝိညာဉ်ကြောပေါ်မှာ တည်ဆောက်ထားတာလား..."
ရုတ်တရက် ကျောက်လင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... ကျွန်မတို့ ပိုင်မိသားစုရဲ့ ဆေးပင်ဥယျာဉ်က သဘာဝတောင်ကြားတစ်ခုမှာ တည်ရှိပြီး ပတ်ပတ်လည်က တောင်တန်းတွေဟာ ပြီးပြည့်စုံတဲ့ ဝိညာဉ်ကြောကြီးတစ်ခု ဖြစ်နေတာကြောင့် ကျွန်မတို့ ပိုင်မိသားစုရဲ့ ဆေးပင်ဥယျာဉ်က ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနိုင်ခဲ့တာပါ..."
ထိုစကားများကို ပြောနေစဉ် ပိုင်ဝမ်ချင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ပိုင်မိသားစု ပျက်စီးသွားရခြင်းအတွက် သူမ ရင်ထဲတွင် ကြီးမားလှသော အမုန်းတရားများ ကိန်းအောင်းနေကြောင်း ရှင်းလင်းစွာ ပြသနေ၏။
ကျောက်လင်က ပိုင်ဝမ်ချင်းအား နှစ်သိမ့်ပေးရန်အတွက် သူမ၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
"ဝမ်ချင်း... စိတ်မပူပါနဲ့... ကိုယ်ရှိနေတာပဲ နောက်ထပ် အကြီးစား ဆေးဖက်ဝင်အပင်ဥယျာဉ်တစ်ခုကို ငါတို့ သေချာပေါက် တည်ဆောက်နိုင်မှာပါ..."
"ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်ထက်ပိုပြီး အနာဂတ်မှာ နဝမအဆင့် ဝိညာဉ်ဆေးပင်တွေကိုပါ မင်း စိုက်ပျိုးနိုင်လိမ့်မယ်လို့ ကိုယ် မျှော်လင့်တယ်..."
ကျောက်လင်က သူမအား အားပေးစကား ပြောလိုက်၏။
"တကယ်လား..."
"ဟုတ်တယ် ဇနီးလေး... မင်းရဲ့ စွမ်းဆောင်ရည်တွေကို ကိုယ် ယုံကြည်တာပေါ့..."
ရုတ်တရက် ပိုင်ဝမ်ချင်းက ကျောက်လင်သည် အစွမ်းထက်သော ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာနိုင်ကြောင်းကို သတိရသွားကာ ကျောက်လင်၏ ကတိစကားကို သူမက သဘာဝကျကျပင် ယုံကြည်သွားခဲ့သည်။
"ကောင်းပြီ... ဒီနေရာကို ဝိညာဉ်စိုက်ခင်းအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ အခု ပြောပြပါဦး..."
ကျောက်လင်က အချိန်ပို မဖြုန်းချင်တော့သဖြင့် တိုက်ရိုက်ပင် မေးလိုက်၏။
ပိုင်ဝမ်ချင်းက စကားမပြောမီ ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် သစ်တောများကို ကြည့်လိုက်သည်။
"ခင်ပွန်း... ဒီတောင်ပေါ်သစ်တောက နိမ့်ကျတဲ့ နေရာမှာတည်ရှိနေပြီး သဘာဝ ဝိညာဉ်စိုက်ခင်းတစ်ခု ဖြစ်နေတာ..."
"ဒီက သစ်ပင်တွေနဲ့ ပေါင်းပင်တွေကို ရှင်းလင်းပြီးတော့ မြေပြင်တစ်ခုလုံးကို ထွန်ယက်လိုက်ရုံပဲ..."
"ပြီးရင် ဒီမြေပြင်ကို စဉ်ဆက်မပြတ် ရေသွင်းဖို့နဲ့ ဝိညာဉ်မြေဆီလွှာအဖြစ် ပြောင်းလဲဖို့အတွက် ဒီဝိညာဉ်စမ်းရေကို အသုံးပြုရမယ်..."
"အဲ့ဒီနောက် ဒီဝိညာဉ်ဆေးပင်ကိုးမျိုးရဲ့ မျိုးစေ့တွေကို စိုက်ပျိုးရမယ်..."
ကျောက်လင်က သေချာစွာ နားထောင်နေ၏။
ဤသို့လုပ်ဆောင်ရန် အချိန်အနည်းငယ် ယူရပေမည်။
"ဝမ်ချင်း... ပြောပြပါဦး ဝိညာဉ်မြေဆီလွှာ ပြောင်းလဲမှုဖြစ်စဉ်ကို အရှိန်မြှင့်ဖို့ နည်းလမ်းတစ်ခုခုများ ရှိလား..."
ကျောက်လင်က ပြုံးလျက် မေးလိုက်သည်။
ပိုင်ဝမ်ချင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ကျောက်လင်က သူ၏ မိသားစုအင်အားကို အသုံးပြုချင်နေနိုင်ကြောင်း သဘောပေါက်သွား၏။
ထို့ကြောင့် ပိုင်ဝမ်ချင်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။
"သေချာပေါက် ရှိတာပေါ့... ဒါပေမဲ့ ကုန်ကျစရိတ်တော့ အရမ်းကြီးလိမ့်မယ်..."
"နှစ်တစ်ရာသက်တမ်းရှိတဲ့ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည်ဆိုတာ ဝိညာဉ်ကြောတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာသာ ဖြစ်ပေါ်နိုင်တဲ့ အံ့ဖွယ်အရာတစ်ခုပဲ... တစ်စက်တည်းနဲ့တင် မြေတစ်ဧကကို ဝိညာဉ်မြေဆီလွှာအဖြစ် ပြောင်းလဲပေးနိုင်တယ်..."
"နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည်ကျတော့ ပိုပြီးတောင် အစွမ်းထက်သေးတယ်... တစ်စက်တည်းနဲ့ သာမန်ဝိညာဉ်မြေဆီလွှာ တစ်ဧကကို ပဉ္စမအဆင့် ဝိညာဉ်မြေဆီလွှာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပြီး ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်တွေကို တိုက်ရိုက် စိုက်ပျိုးနိုင်တယ်..."
"ဝိညာဉ်မြေဆီလွှာကို ပြုစုပျိုးထောင်ရာမှာ အသုံးပြုတဲ့ ပိုပြီး အဆင့်မြင့်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်မ တစ်ခါမှ အတွေ့အကြုံ မရှိခဲ့ဖူးဘူး... ဒါပေမဲ့ မဟာချင်မင်းဆက်အတွင်းက နေရာတစ်ခုမှာ အဲ့ဒီလိုပစ္စည်းတွေ ဖြစ်တည်ခဲ့တယ်လို့တော့ ကြားဖူးတယ်..."
ဤစကားများကို နားထောင်နေစဉ် ကျောက်လင်သည် စနစ် မျက်နှာပြင်ကို ကြည့်ကာ စနစ်ဈေးဆိုင်ထဲတွင် ရှာဖွေနေပြီ ဖြစ်၏။
“နှစ်တစ်ရာသက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည် - အမှတ် ၁၀၀,၀၀၀”
“နှစ်တစ်ထောင်သက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည် - အမှတ် ၁,၀၀၀,၀၀၀”
အမှတ်တစ်သိန်းသည် ငွေပြားတစ်ရာနှင့် ညီမျှသည်။
တစ်နည်းအားဖြင့် နှစ်တစ်ရာသက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည် တစ်စက်ကို ငွေပြားတစ်ရာတည်းဖြင့် ဝယ်ယူနိုင်၏။
နှစ်တစ်ထောင်သက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည်အတွက်မူ တစ်စက်လျှင် ငွေပြားတစ်ထောင်ဖြစ်သည်။
ဈေးကြီးသည်ဟု ထင်ရသော်လည်း ဤပစ္စည်းနှစ်မျိုးစလုံးမှာ အလွန် ရှားပါးလှ၏။ အကယ်၍ ကျောက်လင်က ၎င်းတို့ကို လေလံတင်ရောင်းချမည်ဆိုပါက နှစ်တစ်ရာသက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည် တစ်စက်သည် ငွေပြားတစ်သောင်းအထိပင် ဈေးရနိုင်ချေရှိသည်။
နှစ်တစ်ထောင်သက်တမ်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီနို့ရည်ဆိုလျှင် အလွန်ရှားပါးပြီး လူတိုင်း အလိုရှိသော အရာတစ်ခုဖြစ်၏။ အကယ်၍ ၎င်းသာ ပြင်ပကမ္ဘာသို့ ရောက်ရှိသွားပါက မဟာချင်မင်းဆက်တစ်ခုလုံး၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရမည်မှာ သေချာကြောင်း ကျောက်လင် သိထားသည်။
"ငါတို့ ပိုက်ဆံရှာဖို့ လိုနေသေးတာပဲ..."
ကျောက်လင်က ရုတ်တရက် သက်ပြင်းချလိုက်၏။
ငွေပြားများရှိမှသာ စနစ်အမှတ်များနှင့် လဲလှယ်နိုင်ပြီး ဤမှော်ဆန်သော ရတနာများကို ဝယ်ယူရန် အသုံးပြုနိုင်မည် ဖြစ်သည်။
"ခင်ပွန်း... ဒီမြေကွက်က အရမ်းကြီးတယ်... ဒီသစ်ပင်တွေကို ခုတ်လှဲပြီး အမြစ်တွေ၊ ပေါင်းပင်တွေကို ရှင်းလင်းဖို့တင် သုံးလလောက်တော့ ကြာလိမ့်မယ်..."
ထိုအခိုက်တွင် ပိုင်ဝမ်ချင်းက စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ပြသလိုက်၏။
ပိုင်မိသားစု၏ ဝိညာဉ်ဆေးပင်ဥယျာဉ်သည် မျိုးဆက်ဆယ်ဆက်တိုင်တိုင် ဝိညာဉ်စိုက်ခင်းများကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ခဲ့ရသည့် ရလဒ်ဖြစ်ပြီး တောင်ကြားတစ်ခုလုံးကို ဝိညာဉ်ဆေးပင်ဥယျာဉ်အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဤမျှအထိ အချိန်ယူရခြင်းပင်ဖြစ်၏။
ကျောက်လင်က ပိုင်ဝမ်ချင်း၏ ဆံပင်များကို သပ်တင်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဒီမြေကွက်ပေါ်က သစ်ပင်တွေနဲ့ ပေါင်းပင်တွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းဖို့ ကိုယ့်မှာနည်းလမ်းရှိပါတယ်..."
စနစ်နေရာလွတ်ရှိနေသဖြင့် မြေကြီးကို ထွန်ယက်ခြင်းနှင့် ပေါင်းသင်ခြင်းတို့က အလွန် ရိုးရှင်းလှ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ဝမ်ချင်းလည်း စိတ်အေးသွားခဲ့သည်။
ကျောက်လင်သည် ဂူတူးပေးခဲ့သော သူ၏ နောက်ကွယ်မှ အစောင့်အရှောက်ကို သေချာပေါက် အကူအညီတောင်းလိမ့်မည်ဟု သူမ တိတ်တဆိတ် ခန့်မှန်းလိုက်၏။
ထိုကဲ့သို့ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးက ကနဦး ရှာဖွေမှုများကို တာဝန်ယူပေးပါက တိုးတက်မှုက တကယ်ပင် မြန်ဆန်ပေလိမ့်မည်။
ဝူး...
ထိုစဉ် မလှမ်းမကမ်းရှိ သစ်တောထဲမှ သားရဲများ၏ အူသံများ ထွက်ပေါ်လာ၏။
"လင်အာ... အဲ့ဒီဘက် မီတာနှစ်ရာလောက် အကွာမှာ အနက်ရောင်ဝက်ဝံနှစ်ကောင် ရှိတယ်... မင်း သူတို့ကို သတ်နိုင်မလား..."
ကျောက်လင်၏ လင်းယုန်မျက်လုံးများက အသံထွက်ပေါ်လာရာဆီသို့ လှည့်သွားပြီး သစ်ရွက်များ၏ ကွက်လပ်များကြားမှ အနက်ရောင် ဝက်ဝံနှစ်ကောင်၏ ပုံရိပ်ကို ချက်ချင်း မြင်လိုက်ရသည်။
ကျောက်လင်သည် ယခုအချိန်တွင် ငွေရှာရန် အလွန်စိတ်အားထက်သန်နေပြီး ဤအနက်ရောင် ဝက်ဝံနှစ်ကောင်မှာလည်း အလွန်တန်ဖိုးကြီးလှသဖြင့် သေချာပေါက် ၎င်းတို့ကို လက်လွှတ်မခံနိုင်ပေ။
မနေ့ညက ထိုပန်းသူခိုးနှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျောက်လင်၏ ကွင်းတပ်ဓားမှာ မူလအရှည်၏ ထက်ဝက်ခန့်သာ ကျန်တော့၏။ သူ၏ လက်ထဲတွင် သင့်လျော်သော လက်နက် မရှိသဖြင့် ယဲ့လင်အာအား တာဝန်ယူခိုင်းလိုက်ခြင်း ဖြစ်သည်။
"ရတယ်..."
ယဲ့လင်အာ၏ အင်အားသည် သံမဏိအရိုးနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။ သူမ၏ လက်ရှိ အင်အားဖြင့် ဤသားရဲများကို ဖြေရှင်းရန်မှာ သူမအတွက် အလွန် လွယ်ကူလွန်းလှပေသည်။