← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း ၄၆၃ ၊ အပိုင်း ၁ - ကောင်းကင်ဖြိုခွင်း ဓားရာ၊ စွမ်နီ၏ လက်သည်းရာ၊ နောက်ထပ် အမွေအနှစ်တစ်ခု ရရှိခြင်း

လုချင်း၏ လက်ရှိကျင့်ကြံမှုဖြင့် သူ၏ ရွှေရောင်လှေပျံကို မောင်းနှင်ရာတွင် နှိုင်းယှဉ်မရလောက်အောင် လျင်မြန်လှပေ၏။ ကျယ်ပြောလှသော ပြည်နယ်တစ်ခုပြီးတစ်ခုကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့သည်။

မကြာမီမှာပင် သူက ရုတ်တရက် အာမေဍိတ်သံတိုးတိုးလေး ရေရွတ်လိုက်ပြီး ရပ်တန့်ကာ အောက်ဘက်သို့ စိုက်ကြည့်လိုက်၏။

"လုသခင်လေး... ဘာဖြစ်လို့လဲ"

ရွှေရောင်လှေပျံ၏ မြန်နှုန်းကို အံ့ဩမှင်သက်နေခဲ့သော လင်းကျိယွဲ့က လုချင်း ရပ်တန့်သွားသည်ကို မြင်သောအခါ မေးလိုက်မိသည်။

သို့သော် လုချင်းက အနည်းငယ် ထူးဆန်းသော မျက်နှာထားဖြင့် အောက်ဘက်သို့သာ စိုက်ကြည့်နေလေ၏။ လင်းကျိယွဲ့ကလည်း အလိုအလျောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားလေတော့၏။

"ဒါ နဂါးပြာဂိတ်စခန်းမဟုတ်ဘူးလား။ ငါတို့ ဒီလောက်မြန်မြန်ရောက်လာတာလား... နေပါဦး... နဂါးပြာမြို့တော်ကို ကြည့်လိုက်စမ်း"

သူတို့ မည်မျှလျင်မြန်စွာ ရောက်ရှိလာသည်ကိုသာမက သူတို့အောက်တွင် ဖြန့်ကြက်နေသော မြင်ကွင်းကိုပါ မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားတော့သည်။

အောက်ဘက်တွင် မြေကြီးပေါ်၌ ဖြန့်ကြက်တည်ရှိနေသော ဧရာမ နဂါးပြာမြို့တော်ကြီး ရှိနေသည်။ သို့သော် သူတို့၏ မြင့်မားသော နေရာမှနေ၍ ကြည့်လိုက်လျှင် မြို့တော်ကြီးတစ်ခုလုံး၏ ပုံစံမှာ အလွန်တရာကိုမှ ထူးဆန်းနေသည်ကို မြင်တွေ့ရပါ၏။

ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် မြေပြင်ပေါ်တွင် ထင်ကျန်နေသည့် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှသော သားရဲကြီးတစ်ကောင်၏ လက်သည်းရာနှင့် အလွန်တူနေပေသည်။

နဂါးပြာမြို့တော်နှင့် သိပ်မဝေးလှသော တံတားကြီး၏တစ်ဖက်ရှိ နဂါးပြာတောင်တန်းကြီးပေါ်တွင် မိုင်တစ်ရာခန့် ရှည်လျားသော ဖြောင့်တန်းနေသည့် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။

ထိုအက်ကွဲကြောင်းကြီးမှာတော့ လွန်ခဲ့သော မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတုံးက တစ်စုံတစ်ယောက်က အားပြင်းလှသော ဓားချက်တစ်ချက်ဖြင့် တောင်တန်းကြီးတစ်ခုလုံးကို နှစ်ပိုင်းတိတိ ခုတ်ပိုင်းလိုက်သကဲ့သို့ ဓားရာတစ်ခုနှင့် အံ့မခန်းကိုမှ တူညီနေလေသည်။

"ဒါက... ဒါက..."

လင်းကျိယွဲ့မှာ လုံးဝကို ဆွံ့အမှင်သက်သွားပြီး စကားလုံးများကိုပင် သေချာမပြောနိုင်တော့ပေ။

အမြင့်မှကြည့်လိုက်လျှင် နဂါးပြာမြို့တော်နှင့် နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးတို့က ဤမျှ ထိတ်လန့်ဖွယ်ကောင်းပြီး အံ့မခန်း မြင်ကွင်းမျိုး ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ဖူးချေ။

သို့သော် လုချင်း၏ ခံစားချက်များက လင်းကျိယွဲ့ထက်ပင် ပို၍နက်ရှိုင်းနေချေ၏။ တစ်ခဏမျှ သူသည် ပြောပြ၍မရနိုင်လောက်အောင် ရှေးကျလှသည့် ထောင်ပေါင်းများစွာသော နှစ်များဆီက လူတစ်ယောက်နှင့် သားရဲတစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် ရှေးဟောင်းတိုက်ပွဲကြီးတစ်ခုကို မြင်ယောင်သွားသလို ခံစားလိုက်ရသည်။

လူက ကောင်းကင်ထိတိုင် မြင့်မားလှသော ဓားချီကို ထုတ်လွှတ်လိုက်ပြီး သားရဲက ကောင်းကင်ကိုတောင် တုန်လှုပ်သွားစေမည့် လက်သည်းချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ဓားချီနှင့် လက်သည်းရာတို့ ရင်ဆိုင်တိုက်မိကြပြီးနောက်၌ မည်သူကမျှ အလျှော့မပေးသဖြင့် အဆုံးတွင် မြေပြင်ပေါ်သို့သာ ကျရောက်သွားကြတော့သည်။ ဓားချီက နဂါးပြာတောင်တန်းကြီးကို ထက်ပိုင်းခွဲလိုက်ပြီး လက်သည်းရာကတော့ မြေပြင်ပေါ်တွင် ဧရာမ အမှတ်အသားကြီးကို ထွင်းထုလိုက်တော့၏။

ယခုအခါ မရေမတွက်နိုင်သော နှစ်များ ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း ဓားရာနှင့် လက်သည်းရာတို့မှာ အချိန်ကာလ၏ တိုက်စားခြင်းကို မခံရဘဲ ကျန်ရစ်နေဆဲပင်။

"ဒီအမှတ်အသားတွေကို ခန့်မှန်းလို့မရနိုင်လောက်တဲ့ ကျင့်ကြံမှုရှိတဲ့ ပုဂ္ဂိုလ်တွေကပဲ ချန်ရစ်ခဲ့တာ ဖြစ်ရမယ်။ အနည်းဆုံးတော့ သူတို့က သန္ဓေသားဝိညာဉ်အဆင့်ကို နက်နက်ရှိုင်းရှိုင်းအထိ ရောက်နေတဲ့ အစွမ်းထက်ကျွမ်းကျင်သူတွေ ဖြစ်ရမယ်။ ဖြစ်နိုင်တာက... သူတို့က ဒီကမ္ဘာကတောင် မဟုတ်လောက်ဘူး"

ဓားရာနှင့် လက်သည်းရာတို့ထံမှ ထွက်ပေါ်နေသော ရှေးဟောင်း အငွေ့အသက်များကို ခံစားရင်း လုချင်းက တိတ်ဆိတ်စွာ တွေးတောနေမိသည်။

ရွှေအမြုတေအဆင့်၏ အသွင်ပြောင်းခြင်း ကိုးဆင့်ထက် ကျော်လွန်သွားပါက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်သော သန္ဓေသားဝိညာဉ်အဆင့် ရှိပေသည်။ သန္ဓေသားဝိညာဉ်အဆင့်ကို အတိဒုက္ခကိုးခုဖြင့် ခွဲခြားထားသည်။ အတိဒုက္ခတစ်ခု ကျော်ဖြတ်ပြီးတိုင်း ကျင့်ကြံသူတစ်ဦးသည် နက်ရှိုင်းသော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းရပေ၏။

သို့သော် လီဟော်ဂိုဏ်းနှင့် ရေခဲနန်းတော်တို့မှ ချန်ရစ်ခဲ့သော အမွေအနှစ်များအရ သန္ဓေသားဝိညာဉ်အဆင့်၏ အတိဒုက္ခကိုးခုအကြောင်း ဖော်ပြထားခြင်း မရှိပေ။ အမှန်တကယ်တော့ သူတို့၏ အမွေအနှစ်များက ကျင့်ကြံသူများကို သန္ဓေသားဝိညာဉ်အဆင့်သို့ စတင်ဝင်ရောက်သည့် ကနဦးအဆင့်အထိသာ လမ်းညွှန်ထားပါ၏။ ထို့ထက်ကျော်လွန်ပါက ကျင့်ကြံခြင်းအားလုံးမှာ ကိုယ်ပိုင်ရှာဖွေလေ့လာမှုအပေါ်တွင်သာ မူတည်လေသည်။

ဤကြီးကျယ်ခမ်းနားသော ကျင့်ကြံခြင်းဂိုဏ်းကြီးများကို တည်ထောင်ခဲ့သည့် ဘိုးဘေးများပင်လျှင် အများဆုံး သန္ဓေသားဝိညာဉ်အဆင့်၏ ကနဦးအဆင့်များကိုသာ ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ယန် တစ်ခါက ပြောခဲ့ဖူးသည့်အတိုင်း ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တွင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ စွမ်းအားများ ကွာခြားမှုရှိသော်လည်း ထိုကွာဟချက်မှာ အလွန်အမင်း မကြီးမားလှပေ။ ယင်းက ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တွင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ အများစုမှာ အများဆုံး ပထမ သို့မဟုတ် ဒုတိယ အတိဒုက္ခအဆင့်ကိုသာ ရောက်ရှိခဲ့ကြကြောင်း ညွှန်ပြနေပေ၏။ ထို့ကြောင့် သန္ဓေသားဝိညာဉ်အဆင့်တွင် အမှန်တကယ် အတိဒုက္ခကိုးခု ရှိကြောင်းကို သူတို့ မသိရှိခဲ့ခြင်းမှာ နားလည်နိုင်ပေသည်။

မီးခိုးရောင်ဝတ်ရုံနှင့် ညီအစ်ကိုများ ချန်ရစ်ခဲ့သော ကျင့်စဉ်များနှင့် ကျင့်ကြံခြင်းမှတ်စုများမှတစ်ဆင့်သာ လုချင်းက ဤအယူအဆကို သိရှိခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ နဂါးပြာမြို့တော်ရှိ လက်သည်းရာနှင့် နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးရှိ ဓားရာတို့ကို ကြည့်လိုက်လျှင် ထိုသည်တို့မှာ ကျယ်ပြန့်လွန်းလှသည့်အပြင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ရှေးဟောင်း အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်ရာ ဤအရာများကို သာမန် ပထမ သို့မဟုတ် ဒုတိယ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများ ချန်ရစ်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း ထင်ရှားလှပေသည်။

"မယုံနိုင်စရာပဲ။ နှစ်ပေါင်း သောင်းနဲ့ချီပြီးတော့တောင် ကုန်လွန်သွားခဲ့ပြီ၊ ကျင့်ကြံခြင်းခေတ်တစ်ခုလုံး သမိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့တာတောင်မှ ဒီဓားရာနဲ့ လက်သည်းရာက ဘာမှမပြောင်းလဲသွားဘဲနဲ့ ရှိနေတုံးပဲလေ"

လီဟော်ဒယ်အိုးထဲတွင် ယန်က ရုတ်တရက် သက်ပြင်းချလိုက်လေသည်။

လုချင်း၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ "ယန်ချန်ပေ့... ဒီအမှတ်အသားတွေရဲ့ မူလဇာစ်မြစ်ကို ချန်ပေ့ သိလား"

"သေချာပေါက် မသိဘူးပေါ့"

မမျှော်လင့်ဘဲ ယန်က ခေါင်းယမ်းလိုက်သည်။

"ဒီအမှတ်အသားတွေက နှစ်ပေါင်း ဘယ်လောက်ကြာအောင် တည်ရှိနေခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး။ ပြီးခဲ့တဲ့ ကျင့်ကြံခြင်းခေတ် စတင်ခဲ့ချိန်မှာတောင် သူတို့က ဒီမှာ ရှိနေပြီးသားပဲလေ။ သူတို့ ဘယ်လောက်ကြာအောင် တည်ရှိနေခဲ့လဲ၊ ဘယ်သူတွေ ချန်ရစ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သိရတဲ့ တစ်ခုတည်းသောအကြောင်းအရာက သူတို့ဆီမှာ သူတို့ရဲ့ ပုံသဏ္ဌာန်ကို အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်ဆိုတာပဲ"

လုချင်းက ဤအဖြေအတွက် အံ့ဩမသွားခဲ့ပေ။ သူ ကျုံးကျိုးသို့ နောက်ဆုံးအကြိမ် လာရောက်စဉ်က နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးကို လေ့လာကြည့်ရှုရန် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ထိုအချိန်က ဓားရာကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀၀ ကျော်က အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ခဲ့ကြောင်း သူ သိရှိခဲ့ရ၏။ ပြီးခဲ့သော ကျင့်ကြံခြင်းခေတ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ ခန့်ကသာ ဖြစ်ရာ ဤအမှတ်အသားများ၏ မူလဇာစ်မြစ်ကို သူတို့ မသိရှိခဲ့ခြင်းမှာ ကျိန်းသေပေါက်ပဲပင်။

သို့သော် ထိုစဉ်က သူသည် ချောက်ကမ်းပါးအတွင်းမှ ဓားရာ၏ တစ်စိတ်တစ်ပိုင်းကိုသာ လေ့လာနိုင်ခဲ့ပြီး လက်သည်းရာကိုတော့ လုံးဝ သတိမထားမိခဲ့ပေ။ ယခု အမြင့်မှနေ၍ အပြည့်အစုံကို မြင်တွေ့ရသည်နှင့် နှိုင်းယှဉ်လျှင် ထိုစဉ်က မြင်တွေ့ခဲ့ရခြင်းမှာ ဘာမှမဟုတ်တော့ချေ။

"သခင်လေး... ဒီဓားရာနဲ့ လက်သည်းရာက ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တုန်းက အရမ်းနာမည်ကြီးခဲ့တာ။ ပျံသန်းနိုင်တဲ့ အောင်မြင်ကျော်ကြားတဲ့ ကျင့်ကြံသူတိုင်းနီးပါး ဒီနေရာကို လာပြီး အရိုအသေပေးကြတယ်။ ဒဏ္ဍာရီတွေအရ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် ဒီအမှတ်အသားတွေကနေ အံ့မခန်း အမွေအနှစ်တွေကို နားလည်သဘောပေါက်ခဲ့ကြတယ်လို့ ပြောကြတယ်လေ။ သခင်လေးရဲ့ ပြိုင်ဘက်ကင်း ပါရမီနဲ့သာဆို သူတို့ကို သေသေချာချာ လေ့လာကြည့်လိုက်ရင် တစ်ခုခု ရကောင်းရနိုင်လောက်တယ်" ယန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"သူတို့ဆီမှာ အမွေအနှစ်တွေ ပါဝင်နေတယ်ပေါ့လေ" လုချင်း၏ အကြည့်က အောက်ဘက်ရှိ မြင်ကွင်းပေါ်တွင် စူးစိုက်နေလေသည်။

"ငါ့ရဲ့ နတ်မျက်စိစွမ်းရည်က တစ်ခုခုများ ဖော်ပြပေးနိုင်မလား မသိဘူး..."

ဓားရာနှင့် လက်သည်းရာတို့ထံမှ ထွက်ပေါ်နေသော မှေးမှိန်သည့် ရှေးဟောင်း အငွေ့အသက်များကို ခံစားမိသည်နှင့် လုချင်းက သူ၏ နတ်မျက်စိစွမ်းရည်ကို ချက်ချင်း အသက်သွင်းကာ အောက်ဘက်သို့ ကြည့်လိုက်လေသည်။ ပထမဦးစွာ နဂါးပြာမြို့တော်အောက်ရှိ ဧရာမ လက်သည်းရာကြီးအပေါ် အာရုံစိုက်လိုက်၏။

အချိန်အတော်ကြာသည်အထိ သူ ဘာထူးခြားမှုမှ မတွေ့ရပေ။ သို့သော် လုချင်းက စိတ်ရှည်ရှည်ထား၍ ဆက်လက်လေ့လာနေလိုက်သည်။ လင်းကျိယွဲ့မှာ လုချင်း၏ လေးနက်သော မျက်နှာထားကို မြင်သော်လည်း အကြောင်းရင်းကို မသိသဖြင့် အနှောင့်အယှက်မပေးဝံ့ဘဲ တိတ်ဆိတ်စွာဖြင့်သာ စောင့်ဆိုင်းနေလေသည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် အဆုံးတွင်တော့ လုချင်း၏ အမြင်အာရုံ၌ ပြောင်းလဲမှုတစ်ခုကို သတိထားမိလိုက်တော့သည်။ အလွန်သိပ်သည်းပြီး အမည်းရောင်နီးပါးဖြစ်နေသော ခရမ်းရောင် အထူးစွမ်းအင်အလင်းတန်းတစ်ခုက ဧရာမ လက်သည်းရာကြီးထံမှ ထွက်ပေါ်လာတော့လေ၏။ တစ်ချိန်တည်းမှာပင် စာသားအချို့ကလည်း သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

"ခရမ်းရောင်ပဲလား"

လုချင်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ နတ်မျက်စိစွမ်းရည်ကို ရရှိပြီးကတည်းက သူ လေ့လာဖူးသမျှ အထူးစွမ်းအင်များထဲတွင် အမြင့်ဆုံးအဆင့်မှာ ခရမ်းရောင်ပင် ဖြစ်သည်။

ဤရှေးဟောင်း လက်သည်းရာကို လေ့လာခြင်းဖြင့် အရောင်သစ်တစ်ခု တွေ့ရမည်ဟု သူ ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ခရမ်းရောင်ပင် ဖြစ်နေသေးပါ၏။

"ဖြစ်နိုင်တာက ခရမ်းရောင်က ငါ့ရဲ့နတ်မျက်စိစွမ်းရည်က ဖော်ပြပေးနိုင်တဲ့ အမြင့်ဆုံး အထူးစွမ်းအင်အဆင့်များ ဖြစ်နေလို့များလား"

ထိုအတွေးက လုချင်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့၏။ သို့သော် ထိုကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး ပေါ်လာသော စာသားများအပေါ်သို့သာ အာရုံစိုက်လိုက်လေသည်။

[စွမ်နီ၏ လက်သည်းရာ - ပဥ္စမအတိဒုက္ခအဆင့် သားရဲကြီး 'စွမ်နီ' ချန်ရစ်ခဲ့သည့် လက်သည်းရာ။]

[စွမ်နီ - နဝမအတိဒုက္ခအဆင့် သားရဲကြီး 'ဘိုးဘေးနဂါးကြီး' ၏ သားသမီးကိုးကောင်အနက်မှ တစ်ကောင်။ မွေးရာပါ သန္ဓေသားဝိညာဉ်အဆင့် သားရဲဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ အံ့မခန်း ဖြစ်သည်။]

[လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်း၊ ရှေးဟောင်းခေတ်ကာလတွင် စွမ်နီသည် လောကအနှံ့ လှည့်လည်သွားလာခဲ့ပြီး ဤကမ္ဘာမှ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦးနှင့် ပညာချင်းဖလှယ်ရင်း ယှဉ်ပြိုင်ခဲ့ကာ ဤလက်သည်းရာကို ချန်ရစ်ခဲ့သည်။]

[အမွေအနှစ်ကို ရှာဖွေတွေ့ရှိထားသည်။ ဒေါင်းလုဒ်ဆွဲကာ ပုံဖော်၍ လေ့လာမည်လား။]

…….

အခန်း ၄၆၃ ၊ အပိုင်း ၂ - ကောင်းကင်ဖြိုခွင်း ဓားရာ၊ စွမ်နီ၏ လက်သည်းရာ၊ နောက်ထပ် အမွေအနှစ်တစ်ခု ရရှိခြင်း

"စွမ်နီ.. ပဥ္စမအတိဒုက္ခအဆင့် သားရဲကြီးတဲ့လား"

သူ့ရှေ့တွင် ပေါ်လာသော အချက်အလက်များကို ဖတ်လိုက်ရချိန်တွင် လုချင်းမှာ လုံးဝကို တုန်လှုပ်သွားရသည်။

သူ၏ ခန့်မှန်းချက်က မှန်ကန်ခဲ့ပါ၏။ လက်သည်းရာကို အစွမ်းထက် သန္ဓေသားဝိညာဉ်အဆင့် သားရဲကြီးတစ်ကောင်က ချန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသားရဲ၏ အမည်မှာ စွမ်နီ ဖြစ်သည်။

သို့သော် ထိုမျှသာမကသေးချေ။

"နဝမအတိဒုက္ခအဆင့် 'ဘိုးဘေးနဂါးကြီး'တဲ့လား..ပြီးတော့ သူရဲ့ မျိုးဆက်ကိုးကောင်ထဲက တစ်ကောင်တဲ့"

အချက်အလက် စာကြောင်းအနည်းငယ်လေးကပင် ကြီးမားလှသော ဖုံးကွယ်ထားသည့် သမိုင်းကြောင်းကို ဖော်ပြနေပေသည်။

ခဏတာ တွေးတောပြီးနောက်၌ လုချင်းက သူ့ရှေ့ရှိ ကောင်းကင်ဖြိုခွင်း ဓားရာထံသို့ အာရုံပြောင်းလိုက်တော့သည်။ စွမ်နီ၏ လက်သည်းရာနှင့် ၎င်းတွင်ပါဝင်သော အမွေအနှစ်များအတွက်မူ သူ ဒေါင်းလုဒ်ဆွဲပြီး ပုံဖော်ရန် အလျင်မလိုသေးပေ။

ယခင် အတွေ့အကြုံများအရ လုချင်းက တည်ငြိမ်အေးဆေးစွာပင် နေနိုင်ခဲ့ပါ၏။ ဧရာမ ဓားရာကြီးကို တစ်မိနစ်ကျော်ခန့် စိုက်ကြည့်ပြီးနောက်တွင် သိပ်သည်းလှသော ခရမ်းရောင် စွမ်းအင်အလင်းတန်းတစ်ခု ထပ်မံ၍ပေါ်ထွက်လာပြန်သည်။

ထို့နောက် စာကြောင်းအနည်းငယ်က သူ၏မြင်ကွင်းထဲသို့ ပေါ်လာပြန်၏။

[ကောင်းကင်ဖြိုခွင်း ဓားရာ - လျှို့ဝှက်ဆန်းကြယ်သော သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူ 'ကောင်းကင်ကို ဖြိုခွင်းသူ' တာအိုဆရာ ချန်ရစ်ခဲ့သော ဓားရာ။]

['ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ - ရှေးခေတ်မှ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး၊ ကောင်းကင်ဖြိုခွင်းဓားဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေး။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကပင် သူသည် သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။]

[လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က ရှေးဟောင်းခေတ်တွင် ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာသည် လောကအနှံ့ လှည့်လည်သွားလာခဲ့ပြီး 'ဘိုးဘေးနဂါး' ၏ သားသမီး စွမ်နီနှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အသိပညာချင်းဖလှယ်ကာ ယှဉ်ပြိုင်ခဲ့ကြပြီး ဤဓားရာကို ချန်ရစ်ခဲ့သည်။]

[အမွေအနှစ်ကို ရှာဖွေတွေ့ရှိသည်။ ဒေါင်းလုဒ်ဆွဲကာ ပုံဖော်၍ လေ့လာမည်လား။]

...

"ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ... သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်တဲ့လား"

အချက်အလက်များကို ဖတ်ပြီးနောက် လုချင်းတစ်ယောက် ထပ်မံ၍ ဆွံ့အသွားရပြန်သည်။

ဤဓားရာကို ချန်ရစ်ခဲ့သူမှာ ပို၍ပင် အစွမ်းထက်သောသူပင် ဖြစ်၏။ သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ပို၍ အရေးကြီးသည်မှာ ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာရော၊ စွမ်နီပါ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကပင် ထိုအဆင့်သို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။ ယခု နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက်၌ သူတို့ ဘယ်လောက်အထိတောင် ပို၍အစွမ်းထက်လာမည်ကို မည်သူက သိနိုင်မည်နည်း။

ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် လုချင်းက ကောင်းကင်ဖြိုခွင်း ဓားရာအပေါ်တွင် ပေါ်နေသော စာသားကို စိုက်ကြည့်ကာ အမွေအနှစ်ကို ဒေါင်းလုဒ်ဆွဲရန် ရွေးချယ်လိုက်တော့သည်။

[ဒေါင်းလုဒ်ဆွဲနေပါသည်။ 1%… 2%… 3%… 98%… 99%… 100%.]

[ဒေါင်းလုဒ်ဆွဲခြင်း ပြီးစီးပါပြီ။ ပုံဖော်ခြင်းကို စတင်မည်လား။]

လုချင်းက ပုံဖော်ခြင်းကို ရွေးချယ်လိုက်သည်။

[ပုံဖော်နေပါသည်၊ 1%… 2%… 3%… 98%… 99%… 100%.]

[ပုံဖော်ခြင်း ပြီးစီးပါပြီ။ သင်ယူမည်လား။]

သို့သော် ဤတစ်ကြိမ်တွင်တော့ လုချင်းက ချက်ချင်း သင်ယူရန် မရွေးချယ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူနှင့် သက်ဆိုင်သော အမွေအနှစ်တစ်ခု ဖြစ်နေသောကြောင့်တည်း။ ယင်းက သေးငယ်သော ကိစ္စမဟုတ်ပေ။

ယခုအချိန်တွင် သူသည် ကောင်းကင်ယံ၏ မြင့်မားသောနေရာတွင် ရှိနေသေးသည်ပင်။ အကယ်၍ အမွေအနှစ်က ကြီးမားလွန်းပြီး သူ၏စိတ်ကို လွှမ်းမိုးသွားပါက ရွှေရောင်လှေပျံကို ထိန်းချုပ်နိုင်စွမ်းမဲ့ကာ ကောင်းကင်မှ ပြုတ်ကျသွားမည်ဆိုလျှင် လုံးဝ ရယ်စရာကောင်းမည် မဟုတ်ပေ။

ထို့ကြောင့် သူက သတိထားကာ ဧရာမ လက်သည်းရာကြီးထံသို့ အာရုံပြောင်းလိုက်ပြီး ဒေါင်းလုဒ်ဆွဲရန် ရွေးချယ်လိုက်လေ၏။

မကြာမီမှာပင် စွမ်နီ၏ လက်သည်းရာမှ အမွေအနှစ်ကို ဒေါင်းလုဒ်ဆွဲကာ ပုံဖော်ပြီးနောက်၌ လုချင်းက လင်းကျိယွဲ့ကို တင်ဆောင်လာသော ရွှေရောင်လှေပျံကို မောင်းနှင်ကာ နဂါးပြာတောင်တန်းရှိ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်တော့သည်။

ဆင်းသက်ပြီးနောက် သူက ရွှေရောင်လှေပျံကို သိမ်းဆည်းလိုက်သည်။

"လုသခင်လေး... ဘာလုပ်မလို့..." လင်းကျိယွဲ့က နားမလည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်၏။

"စောစောက ဓားရာနဲ့ လက်သည်းရာကို အကဲခတ်နေတုန်း ကျွန်တော် နားလည်သဘောပေါက်မှုတချို့ ရလိုက်လို့ပါဗျ။ အဲဒါတွေကို နားလည်နိုင်ဖို့ အချိန်တိုအတွင်း တရားထိုင်ဖို့ လိုတာမလို့ အစ်ကိုကျိယွဲ့... ကျွန်တော့်အတွက် စောင့်ကြပ်ပေးပါဦးဗျ"

လုချင်းက ရိုးရှင်းသော ရှင်းပြချက်တစ်ခု ပေးပြီးနောက် မျက်လုံးများကို မှိတ်လိုက်တော့သည်။

"အကဲခတ်ရုံနဲ့ နားလည်သဘောပေါက်မှု ရသွားတာလား"

လင်းကျိယွဲ့ခင်မျာ တုန်လှုပ်သွားရရှာသည်။ စောစောက သူလည်း ကောင်းကင်ယံမှ ဓားရာနှင့် လက်သည်းရာကို မြင်တွေ့ခဲ့ရသည်။ သို့သော် စိတ်အလုံးစုံအား လွှမ်းမိုးသွားသော လေးစားမှုနှင့် ထိတ်လန့်မှုတို့ကို ခံစားရခြင်းမှလွဲ၍ ပိုမိုနက်ရှိုင်းသော မည်သည့်အရာကိုမျှ သူ မရရှိခဲ့ပေ။

သို့သော် ယခုတွင် လုချင်းကတော့ နားလည်သဘောပေါက်မှု ရရှိခဲ့သည်ဟုဆိုကာ တရားထိုင်ရန် ပြင်ဆင်နေလေပြီမဟုတ်လော။

လင်းကျိယွဲ့က တရားထိုင်နေပြီဖြစ်သော လုချင်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့၏။

ထင်ထားသည့်အတိုင်းပင် သူနှင့် လုသခင်လေးကြားရှိ ပါရမီကွာဟချက်မှာ တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားလှပေသည်။ တူညီသော အခွင့်အရေးကို ရရှိခဲ့သော်လည်း လုချင်းက နက်ရှိုင်းသော နားလည်မှုများကို ရယူနိုင်ခဲ့ပြီး သူကတော့ ဘာတစ်ခုမှ မရရှိခဲ့ပေ။

သက်ပြင်းချပြီးနောက် လင်းကျိယွဲ့က အနီးအနားတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာဖြင့်ပဲ စောင့်ဆိုင်းနေလိုက်တော့သည်။ လုချင်းတစ်ယောက် ဤမျှ စိတ်အားထက်သန်စွာ တရားထိုင်နေသည်ကို ကြည့်ရလျှင် သူရရှိခဲ့သော နားလည်သဘောပေါက်မှုမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်ရပေမည်။

ကျင့်ကြံသူများအတွက် မိမိတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းထက် ပို၍အရေးကြီးသောအရာ မရှိပေ။

ဤကဲ့သို့သော အချိန်မျိုးတွင် လုချင်းကို အနှောင့်အယှက်ပေးရန် လင်းကျိယွဲ့မှာ လုံးဝ မဝံ့ရဲချေ။

"ထင်တဲ့အတိုင်းပဲ... လုသခင်လေးက ဓားရာနဲ့ လက်သည်းရာကနေ တစ်ခုခုကို နားလည်သဘောပေါက်နိုင်ခဲ့တာပဲ"

လီဟော်ဒယ်အိုးထဲတွင် ယန်က လုချင်း တရားထိုင်နေသည်ကို ကြည့်ကာ ပြုံးလိုက်၏။

တစ်ချိန်တည်းမှာပင် ယန်ကလည်း လုချင်းအတွက် လျှို့ဝှက်စွာဖြင့် စောင့်ကြပ်ပေးနေလေသည်။ လင်းကျိယွဲ့က လုချင်းကို အန္တရာယ်ပြုဝံ့မည်မဟုတ်သော်လည်း ယန်ကတော့ လုံးဝ ပေါ့ဆမည်မဟုတ်ပေ။

ထိုစဉ် လုချင်းကတော့ လင်းကျိယွဲ့နှင့် ယန်တို့၏ အတွေးများကို လုံးဝ သိရှိခြင်း မရှိပေ။ ယခုအချိန်တွင် သူသည် ဒေါင်းလုဒ်ဆွဲကာ ပုံဖော်ထားသော အမွေအနှစ်အသစ်နှစ်ခုကို အသုံးပြုရန် သူ၏ ဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်လေပြီဖြစ်၏။

ပထမဦးစွာ သူက ကောင်းကင်ဖြိုခွင်း ဓားရာ၏ အမွေအနှစ်ထံသို့ အာရုံစိုက်ကာ သင်ယူရန် ရွေးချယ်လိုက်သည်။ ချက်ချင်းပင် သူ၏ အသိစိတ်က တုန်ခါသွားပြီး ထူးဆန်းသော နေရာတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

နောက်တစ်ခဏတွင်တော့ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် မြင်ကွင်းကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာလေသည်။ သူသည် လက်ထဲတွင် သာမန်သံဓားတစ်လက်ကို ကိုင်ဆောင်ကာ လေထဲတွင် မတ်တတ်ရပ်လျက် ရှိနေ၏။

သူ၏ရှေ့တွင်တော့ ခြင်္သေ့နှင့်ဆင်တူသော ဧရာမ သားရဲကြီးတစ်ကောင်က တိမ်ပင်လယ်ပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေလေသည်။

လုချင်း တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင် သားရဲကြီးက ရုတ်တရက် စကားပြောလာလေ၏။

"ကောင်းပြီလေ... တာအိုမိတ်ဆွေ... ကျုပ် ခင်ဗျားနဲ့ တိုက်ကွက်တစ်ကွက် ဖလှယ်ကြည့်မယ်"

စကားပြောပြီးသည်နှင့် သားရဲကြီးက ဧရာမ ရှေ့လက်သည်းတစ်ဖက်ကို မြှောက်ကာ ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ ရမ်းခုတ်လိုက်လေသည်။ သိပ်သည်းလှသော လက်သည်းရာတစ်ခုက နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းအတိုင်း သူ့ဆီသို့ ပျံသန်းလာခဲ့ပါ၏။

လက်သည်းရာ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ၎င်းက ထိတ်လန့်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကိုပါ ထုတ်လွှတ်နေသေးသည်။ လေဟာနယ်ကိုယ်တိုင်ပင်လျှင် အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ့အပေါ်သို့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ လုချင်း ခံစားလိုက်ရသည်။

ဤအခိုက်၌ လုချင်းမှာ လုံးဝကို ထိတ်လန့်သွားရပါ၏။ ဤတိုက်ခိုက်မှုက သူ ခုခံနိုင်ရန် လုံးဝ မျှော်လင့်ချက်မရှိသည့် အရာပင်ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် မမျှော်လင့်ဘဲ သူ၏ ပါးစပ်မှ အသံတစ်သံ ထွက်ပေါ်လာချေ၏။

"ဟားဟားဟား မင်းသားစွမ်နီ၊ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ဖခင်ကြီးကိုယ်တိုင် ချီးမြှင့်ထားတဲ့ အထွတ်အထိပ် ကျင့်စဉ်တစ်ခုကို ခင်ဗျား ရထားတယ်လို့ ကျုပ် ကြားဖူးတယ်။ သူ့ရဲ့ အံ့မခန်းစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ပြုစမ်းပါဗျာ"

ဤအသံက သူ၏အသံဖြစ်သော်လည်း အမှန်တကယ်တော့ သူမဟုတ်ပေ။

လုချင်းမှာ ခဏတာ မှင်သက်သွားပြီးနောက် ချက်ချင်းပင် နားလည်သွားတော့သည်။ ယခုအချိန်တွင် ဤခန္ဓာကိုယ်က သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ် မဟုတ်ပေ။ သူသည် ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေခြင်းသာ။

ထိုအချက်ကို သိရှိသွားသည်နှင့် လုချင်းက သူ၏စိတ်ကို အမြန်တည်ငြိမ်အောင်ထားကာ ထိုအခိုက်အတန့်ကို ခံစားသိရှိနိုင်ရန် အာရုံစိုက်လိုက်တော့၏။

သူထင်သည့်အတိုင်းပင် နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားသွားလေ၏။ လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သည်နှင့် ပြိုင်ဘက်ကင်း အစွမ်းထက်လှသော ဓားချီတစ်ခုက သူ၏သံဓားမှ ပေါက်ကွဲထွက်လာပြီး ဝင်ရောက်လာသော လက်သည်းရာဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေတော့သည်။

ဝုန်း

ဓားချီနှင့် လက်သည်းရာတို့ တိုက်မိသွားပြီးနောက်၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ဆွဲဖြဲပစ်နိုင်လောက်အောင် ပြင်းထန်လွန်းသည့် ပျက်စီးခြင်း မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် အက်ကွဲကြောင်းကြီးများကို ဖော်ပြနေပါ၏။

စွမ်းအားနှစ်ခုက အချိန်အတန်ကြာ ရင်ဆိုင်တိုက်ခိုက်ပြီးနောက်တွင်တော့ သူတို့၏ စွမ်းအင်များလည်း ကုန်ခမ်းသွားတော့လေသည်။

လက်သည်းရာကြီးက မြေပြင်ပေါ်သို့ ကျရောက်သွားကာ ဧရာမ တွင်းကြီးတစ်ခုကို ချန်ရစ်ခဲ့ပြီး ဓားချီကတော့ တောင်တန်းကြီးတစ်ခုလုံးကို ထက်ပိုင်း ခုတ်ပိုင်းလိုက်လေတော့၏။

………

အခန်း ၄၆၄ ၊ အပိုင်း ၁ - ကြီးမြတ်သော အမွေအနှစ်နှစ်ခု၊ ဝိညာဉ်ပုလဲ၏ တည်နေရာ၊ မြင့်မြတ်သောတောင်တော်သို့ ရောက်ရှိခြင်း

ထိုသို့ဖြင့် ဓားချီနှင့် လက်သည်းရာတို့က မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ပါ၏။ တစ်ခုက ဧရာမ မြေမျက်နှာသွင်ပြင်ကြီးကို ထက်ပိုင်းခွဲလိုက်ပြီး အခြားတစ်ခုကတော့ ကျယ်ပြောလှသော မြေပြင်ပေါ်တွင် ဧရာမ လက်သည်းရာကြီးတစ်ခုကို ထွင်းထုချန်ရစ်ခဲ့လေသည်။ ဤအရာများသည် စွမ်နီ၏ လက်သည်းရာနှင့် ကောင်းကင်ဖြိုခွင်း ဓားရာတို့၏ မူလအစဖြစ်ကြောင်း လုချင်း ချက်ချင်းပင် သိရှိလိုက်ပါ၏။

တိုက်ခိုက်မှု ပြီးဆုံးသွားချိန်တွင်တော့ မျက်နှာချင်းဆိုင်ရှိ ကြမ်းကြုတ်လှသော သားရဲကြီး စွမ်နီက ၎င်း၏ရှေ့လက်သည်းအား စူးစိုက်ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ၎င်း၏အသားပေါ်တွင် မှေးမှိန်သော ဓားရာတစ်ခု ပေါ်လာပြီး ရွှေရောင်သွေးတစ်စက်က စိမ့်ထွက်လာကာ အောက်ဘက်ရှိ ဒီးဒီးဒေါင်ဒေါင် စီးဆင်းနေသော ဧရာမ မြစ်ကြီးထဲသို့ ပေါင်းစပ်သွားသည်အထိ ကျဆင်းသွားလေ၏။

"ကောင်းလိုက်တာ သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ပီပီ ခင်ဗျားရဲ့ ကောင်းကင်ဖြိုခွင်း ဓားချီက နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ... ဒီတစ်ချီမှာတော့ ကျုပ် အရှုံးပေးပါတယ်"

စွမ်နီက အတွေးတစ်ချက်ဖြင့် ဒဏ်ရာရနေသော လက်သည်းကို ဝှေ့ယမ်းလိုက်ကာ ကျန်ရစ်နေသော ဓားချီများကို တွန်းထုတ်လိုက်၏။ နောက်တစ်ခဏတွင်တော့ ဒဏ်ရာမှာ ဘာမှမဖြစ်ခဲ့သည့်အလား လုံးဝကို ပျောက်ကင်းသွားလေတော့သည်။

"မင်းသားစွမ်နီ... မင်းသားရဲ့ ရုပ်ခန္ဓာက စကားနဲ့ဖော်ပြလို့မရအောင်အထိ အစွမ်းထက်ပါတယ်ဗျာ။ ကျုပ်ရဲ့ ဓားချီက မင်းသားရဲ့ အရေပြားကို နည်းနည်းလေး ရှပ်မိရုံလောက်ပါပဲ... ဂုဏ်ယူစရာ ဘာမှမရှိပါဘူးဗျာ"

‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာက ခေါင်းယမ်းလိုက်ပြီး သူ၏လေသံတွင် မာနထောင်လွှားမှု အလျဉ်းမရှိပေ။

"ကျုပ်ကို ဒဏ်ရာရအောင် လုပ်နိုင်တာကတင် အံ့မခန်း အောင်မြင်မှုတစ်ခုဖြစ်နေပြီလေ" စွမ်နီက ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လိုက်၏။ "ကျုပ်ကို ကျုပ်ရဲ့အဖေ ချီးမြှင့်ထားတဲ့ တာအိုရတနာတစ်ခုက ကာကွယ်ပေးထားတယ်။ သူ့ရဲ့ စွမ်းအားကို တမင်သက်သက် မသုံးရင်တောင်မှ ကာကွယ်မှုကြီးကြီးမားမားကို ပေးစွမ်းနိုင်တယ်လေ။ ခင်ဗျားက အဲဒီကာကွယ်မှုကိုတောင် ဖောက်ထွင်းပြီး ကျုပ်ရဲ့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုကတည်းက သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူတွေထဲမှာ ခင်ဗျားက ထိပ်တန်းအဆင့်မှာ ရှိနေတယ်ဆိုတာကို ပြနေတာပဲပေါ့"

"မင်းသားကတော့ မြှောက်ပြောလွန်းနေပါပြီဗျာ" ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ က နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် သူတို့အောက်ရှိ မြစ်ထဲမှ ကြီးမားသော ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဧရာမ ဝေလငါး သားရဲကြီးတစ်ကောင်က ရေထဲမှ ရုတ်တရက် ခုန်ထွက်လာပြီးနောက် ပြန်လည်ကျဆင်းသွားကာ လှိုင်းတံပိုးများကို အရပ်မျက်နှာအနှံ့သို့ ပက်ဖျန်းသွားစေသည်။

ခဏအကြာတွင် ရုပ်ဆိုးအကျည်းတန်သော ငါးနှင့်ဆင်တူသည့် သတ္တဝါအချို့က ဝေလငါးကြီးနောက်သို့ လိုက်လံတိုက်ခိုက်ကြလေသည်။ မကြာမီမှာပင် ပို၍အစွမ်းထက်သော ရေသတ္တဝါများက ရေနက်ပိုင်းမှ ထွက်ပေါ်လာကာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲကြလေတော့၏။

သူတို့သည် တစ်စုံတစ်ခုအတွက် လုယက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာက ခဏတာ တွေဝေသွားပြီးနောက် အကြောင်းရင်းကို နားလည်သွားသည်။

"မင်းသား... ကြည့်ရတာ ဒီကမ္ဘာငယ်လေးက သတ္တဝါတွေကတောင် လုံးဝ အသိဉာဏ်ကင်းမဲ့နေတာ မဟုတ်ဘူးထင်တယ်။ မင်းသားရဲ့ သွေးတန်ဖိုးကို သူတို့ သိနေကြတာပဲ"

စွမ်နီသည် ဘိုးဘေးနဂါး၏ သားဖြစ်သည့်အတွက် နားလည်၍မရနိုင်လောက်အောင် သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါ၏။ သွေးတစ်စက်တည်းကပင်လျှင် ဤကမ္ဘာငယ်လေးမှ ဒေသခံ သတ္တဝါများကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။

"သူတို့က ရူးမိုက်တဲ့သားရဲတွေလေ။ ဒါပေမဲ့ ဒါကလည်း သူတို့အတွက် အခွင့်အရေးတစ်ခုဖြစ်နေတာကိုး" စွမ်နီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ၎င်းအတွက် ထိုသွေးတစ်စက်မှာ အရေးမပါလှဘဲ အသိဉာဏ် မဖွံ့ဖြိုးသေးသော ရှေးကျသည့် သတ္တဝါများအတွက် ၎င်းကိုယ်တိုင် ဒုက္ခခံကာ ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပေ။

ယင်းကိုကြားသောအခါ ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာက သဘောတူသည့်အနေဖြင့် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်၏။ ဘိုးဘေးနဂါး၏ သားသမီးကိုးကောင်အနက် အများစုမှာ ကြမ်းကြုတ်ရက်စက်ကြသည်ဟု ကောလာဟလများ ရှိခဲ့သည်။ သို့သော် ဤစွမ်နီကတော့ တခြားသားသမီးများထက်စာရင် သဘောထားပျော့ပျောင်းပုံရပါ၏။

ယခု ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီဖြစ်ရာ ကောလာဟလများမှာ အမှန်တကယ်ပင် မှန်ကန်နေလေသည်။

" ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ... ဒီကမ္ဘာငယ်လေးက အရမ်းကို ပျက်စီးလွယ်လွန်းတယ်။ နည်းနည်းလေး အားစိုက်လိုက်တာနဲ့တင် လေဟာနယ်ကို ဆွဲဖြဲပစ်နိုင်တယ်လေ။ ပွဲကြီးပွဲကောင်းပြိုင်ချင်တယ်ဆိုရင်တော့ ကျိန်းသေပေါက်ကို မသင့်တော်တဲ့နေရာလေ"

စွမ်နီက ရုတ်တရက် အကြံပြုလိုက်သည်။ "ငါတို့ တခြားနေရာတစ်ခုကို ရှာပြီး တကယ့်တိုက်ပွဲတစ်ခုကို ဆင်နွှဲကြရင်ရော"

"ကျုပ်အတွက်ကတော့ အဆင်ပြေပါတယ်ဗျာ။ ကျုပ်လည်း တကယ့်တိုက်ပွဲတစ်ခုမျိုးကို ပြိုင်ချင်နေလွန်းလို့ လက်ယားနေတာကြာပြီလေ" ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ က အသင့်ပင် လက်ခံလိုက်၏။

နောက်တစ်ခဏတွင် လူနှင့် သားရဲ နှစ်ဦးစလုံး သူတို့ရပ်နေသော နေရာမှ ပျောက်ကွယ်သွားကြတော့သည်။ တစ်ချိန်တည်းမှာပင် လုချင်း၏ အသိစိတ်ကလည်း ပုံရိပ်ယောင်ထဲမှ အကြမ်းပတမ်း တွန်းထုတ်ခံလိုက်ရပါ၏။

သူ သတိပြန်လည်လာချိန်တွင် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် ရှုပ်ထွေးနက်နဲလှသော ကျင့်စဉ်အမွေအနှစ်တစ်ခုက သူ၏စိတ်ထဲတွင် ပေါ်လာ၏။

သို့သော် လုချင်းတွင် ၎င်းကို လေ့လာရန် အချိန်မရှိသေးပေ။ သူ၏ အတွေးများက ယခုလေးတင် သူ မြင်တွေ့ခဲ့ရသော လွှမ်းမိုးနိုင်လွန်းသည့် အတွေ့အကြုံကြောင့် ချာချာလည်နေဆဲပင်။

ဤပုံရိပ်ယောင်ဖန်တီးထားသော အမွေအနှစ်က ဤမျှအထိ ထူးခြားလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။

အရင်ကကဲ့သို့ အပိုင်းပိုင်းအစစဖြစ်နေသော သိမြင်မှုများနှင့် သွန်သင်ချက်များကို ရရှိမည့်အစား သူသည် ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားကာ ဒဏ္ဍာရီလာ ဓားချက်ကို မည်သို့ထုတ်ဖော်ခဲ့သည်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသည်။

တစ်နည်းအားဖြင့်ဆိုရသော် ထိုခဏတာလေးအတွင်း သူသည် သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူ၏ နတ်ဘုရားစွမ်းရည်ဖြစ်သော ကောင်းကင်ဖြိုခွင်း ဓားချီကို ကိုယ်တိုင်ထုတ်ဖော်ကာ ၎င်း၏ အကန့်အသတ်မဲ့ စွမ်းအားကို ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုခံစားချက်မှာ အံ့မခန်းဖွယ်ရာတစ်ခုထက်ပင် ပိုလွန်နေလေပါ၏။

လုချင်းတစ်ယောက် သူ၏စိတ်ကို တည်ငြိမ်အောင် အချိန်အတော်ကြာ ယူပြီးမှသာ ယခုလေးတင် ရရှိခဲ့သော အမွေအနှစ်အပေါ်သို့ အာရုံစိုက်လိုက်နိုင်လေသည်။ ၎င်းကို ပြန်လည်သုံးသပ်ကြည့်လိုက်သောအခါ၌ သူ ထပ်မံ၍ ဆွံ့အသွားရပြန်ပါ၏။

၎င်းသည် ကောင်းကင်ဖြိုခွင်း ဓားချီ ဟုခေါ်သော အထွတ်အထိပ် အမွေအနှစ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းကို ကျင့်ကြံရန်အတွက် အခြေခံလိုအပ်ချက်မှာပင် သန္ဓေသားဝိညာဉ်အဆင့် ဖြစ်နေလေ၏။

တစ်နည်းအားဖြင့် သူသည် ဤအထွတ်အထိပ် အမွေအနှစ်ကို ကျင့်ကြံရန် အရည်အချင်း မပြည့်မီသေးပေ။

"သန္ဓေသားဝိညာဉ် ဆဌမအတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်စဉ်ပီပီပဲ... သင်ယူဖို့ လိုအပ်ချက်ကတောင် ယုတ္တိမတန်လောက်အောင် မြင့်မားနေတာပဲ"

လုချင်းက သက်ပြင်းချလိုက်ပြီးနောက် သူ၏အာရုံကို စွမ်နီ၏ လက်သည်းရာ အမွေအနှစ်ဆီသို့ ပြောင်းလိုက်တော့သည်။ ၎င်းကို လက်ခံရန် ရွေးချယ်လိုက်သည်နှင့် သူ၏ အသိစိတ်က နောက်ထပ် ပုံရိပ်ယောင်အသစ်တစ်ခုထဲသို့ ထပ်မံရောက်ရှိသွားပြန်၏။ သူ သတိပြန်လည်လာချိန်တွင် ထူးခြားမှုမရှိသော ရုပ်သွင်ရှိသည့် ဓားကိုင်ဆောင်ထားသော တာအိုဆရာတစ်ဦးနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမျှော်လင့်ထားသည့်အတိုင်းပင်။ ဤတစ်ကြိမ်တွင် သူသည် စွမ်နီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေခြင်း ဖြစ်သည်။ သို့သော် ယခင်အကြိမ်နှင့် မတူဘဲ သူ့ကို လွှမ်းမိုးသွားစေသော ပထမဆုံး ခံစားချက်မှာ……….

စွမ်းအား

စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်သော၊ အကန့်အသတ်မဲ့ စွမ်းအားကြီးပင်။

စွမ်နီ၏ ခန္ဓာကိုယ်က ဖော်ပြ၍မရနိုင်လောက်အောင် လွှမ်းမိုးနိုင်လွန်းလှပြီး အစွမ်းထက်လှပေ၏။ သူ၏ ခွန်အားကို အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့်ပင် ဤကမ္ဘာငယ်လေးကို ဆွဲဖြဲပစ်နိုင်ပြီး လေဟာနယ်ကို လုံးဝပျက်စီးသွားစေကာ ကမ္ဘာပျက်မတတ် ပျက်စီးခြင်းများကိုပင် ဖြစ်ပေါ်စေနိုင်ကြောင်း သူ ခံစားသိရှိနိုင်ပါ၏။

ကောင်းကင်ဖြိုခွင်း ဓားရာ အမွေအနှစ်အတွင်း၌ စွမ်နီက ဤကမ္ဘာကြီးသည် ပျက်စီးလွယ်လွန်းသည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို ယခုတော့ သူ နားလည်သွားခဲ့ပြီပင်။ သူတို့ကဲ့သို့သော သတ္တဝါများအတွက် ဤကမ္ဘာတွင် တိုက်ခိုက်ခြင်းမှာ အလွန်တရာ သေသပ်လှပစွာ ဖန်တီးထားသော ကြွေအိုးလေးတစ်ခုအတွင်း အချင်းချင်း တိုက်ခိုက်နေရသည်နှင့် တူပေသည်။ အနည်းငယ်မျှသော အမှားယွင်းလေးတစ်ခုကပင် အရာအားလုံးကို ပြိုကျပျက်စီးသွားစေနိုင်ပါ၏။

ကျန်ရှိနေသော ပုံရိပ်ယောင်များမှာ ယခင်ကအတိုင်း ပြန်၍ဖြစ်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ လုချင်းက ၎င်းကို စွမ်နီ၏ ရှုထောင့်မှ တွေ့ကြုံခံစားရပြီး သားရဲကြီးက ၎င်း၏ လက်သည်းတိုက်ကွက်ကို မည်သို့ထုတ်ဖော်သွားသည်ဆိုသည့် ရှုပ်ထွေးနက်နဲသော အသေးစိတ်အချက်အလက်များကို နားလည်သဘောပေါက်ခွင့် ရခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားပြီး စွမ်နီနှင့် ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ တို့ ထွက်ခွာသွားချိန်တွင် လုချင်း၏ အသိစိတ်က သူ၏ခန္ဓာကိုယ်သို့ ပြန်၍ရောက်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် အမွေအနှစ်တစ်ခုက သူ၏စိတ်ထဲတွင် ပေါ်လာပြန်၏။ ဤတစ်ကြိမ်တွင်တော့ ၎င်းသည် နတ်နဂါး လက်ရာကိုးပါး ဟုခေါ်သော ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ၎င်းမှာ စွမ်နီ အသုံးပြုခဲ့သော လက်သည်းတိုက်ကွက်ပင် ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

သို့သော် သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤအမွေအနှစ်တွင် ကြီးမားသော ကန့်သတ်ချက် နှစ်ခု ပါဝင်နေပါ၏။ ပထမအချက်မှာ ၎င်းကို စတင်ကျင့်ကြံရန်အတွက်ပင် သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။ ဒုတိယအချက်မှာကတော့ နတ်နဂါး လက်ရာကိုးပါးသည် အပြည့်အစုံမဟုတ်သော အမွေအနှစ်တစ်ခု ဖြစ်နေ၏။ ၎င်းတွင် ပထမ လက်ရာငါးပါးသာ ပါဝင်လေသည်။ ယင်းမှာ ထိုအချိန်က စွမ်နီ၏ ကျင့်ကြံမှုမှာ ပဉ္စမမြောက် အတိဒုက္ခအဆင့်တွင်သာ ရှိနေသောကြောင့် ဖြစ်လောက်ပေသည်။

ပို၍ အရေးကြီးသည်မှာ ဤကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အလွန်တရာ တင်းကျပ်လှသော ကန့်သတ်ချက်တစ်ခု ရှိနေခြင်းပင်။ ဘိုးဘေးနဂါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများသာ ၎င်းကို ကျင့်ကြံနိုင်ပေ၏။

ထိုကျင့်စဉ်ကို အတင်းအဓမ္မ ကျင့်ကြံရန် ကြိုးစားပါက လုံးဝကို ကျရှုံးသွားခြင်းလည်း ဖြစ်နိုင်သလို ၎င်း၏ ဆိုးကျိုးကြောင့် လုံးလုံးကို ပျက်စီးပျောက်ကွယ်သွားရခြင်းကို ကြုံရနိုင်ပါ၏။

"ဒီနတ်နဂါး လက်ရာကိုးပါးက တကယ့်ကို လွန်ကဲလွန်းတဲ့ လိုအပ်ချက်တွေ ရှိနေတာပဲ"

ကျင့်စဉ်၏ အသေးစိတ်အချက်အလက်များကို အပြည့်အဝ နားလည်သွားပြီးနောက်၌ လုချင်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ မိစ္ဆာသားရဲများအတွက် ရည်ရွယ်ထားပါသော ကျင့်စဉ်တစ်ခုပီပီ လိုအပ်ချက်များက များပြားလွန်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိဖို့ လိုအပ်ရုံသာမက ဘိုးဘေးနဂါး၏ သွေးမျိုးဆက်ပါ လိုအပ်နေသေးသည် မဟုတ်ပါလော။

မူလက လုချင်းသည် သူကိုယ်တိုင် မကျင့်ကြံနိုင်လျှင်တောင် ရှောင်ယန်နှင့် ဝူရှင်းတို့ကို သင်ပေးနိုင်မည်ဟု မျှော်လင့်ထားခဲ့ပါ၏။ သို့သော် ယခုတော့ ၎င်းမှာ မဖြစ်နိုင်တော့ပုံရသည်။

သို့တိုင်အောင် ကျင့်စဉ်ကို ကိုယ်တိုင်မကျင့်ကြံနိုင်လျှင်ပင် စွမ်နီ၏ လက်သည်းတိုက်ကွက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်းမှ ရရှိလာသော နက်ရှိုင်းသည့် နားလည်သဘောပေါက်မှုများမှာ အလွန်ကိုမှ အဖိုးတန်လှပေ၏။ ထိုတိုက်ခိုက်မှု၏ အနှစ်သာရကို နားလည်သဘောပေါက်ရုံဖြင့် သူကိုယ်တိုင် အစွမ်းထက်လှသော ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်လောက်မည်ဟု လုချင်း ခန့်မှန်းမိလေသည်။

ဘာပဲဖြစ်ဖြစ် အဲ့သိုင်းကွက်က ပဉ္စမ အတိဒုက္ခအဆင့်ရှိတဲ့ စွမ်နီက ထုတ်သုံးခဲ့တဲ့နတ်ဘုရားစွမ်းရည်တစ်ခုပဲလေ။

……..

အခန်း ၄၆၄ ၊ အပိုင်း ၂ - ကြီးမြတ်သော အမွေအနှစ်နှစ်ခု၊ ဝိညာဉ်ပုလဲ၏ တည်နေရာ၊ မြင့်မြတ်သောတောင်တော်သို့ ရောက်ရှိခြင်း

အကယ်၍ သူသာ ထိုပုံရိပ်ယောင်ကို သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ တိုက်ရိုက်မျက်မြင်ကြုံတွေ့ခဲ့ရမည်ဆိုပါက သူကိုယ်တိုင်ပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ သူ၏ဝိညာဉ်နှင့် စိတ်နှလုံးအပေါ် သက်ရောက်မှုက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေ၏။

"ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် ဒီအမွေအနှစ်ကို အလကားရခဲ့တာပဲဟာ။ ငါ သိပ်လောဘမကြီးသင့်ပါဘူး။ ကောင်းကင်ဖြိုခွင်း ဓားချီတစ်ခုတည်းကတင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေအများကြီး ရဖို့ အိပ်မက်မက်နေကြတဲ့ ပြိုင်ဘက်ကင်း အမွေအနှစ်တစ်ခုဖြစ်နေပြီကို"

လုချင်းက အနည်းငယ် နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သော်လည်း မြန်မြန်ဆန်ဆန်ပင် လွှတ်ချလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် သူ၏နတ်မျက်စိစွမ်းရည်မှတစ်ဆင့် ရရှိခဲ့သော အချက်အလက်များအရ ဘိုးဘေးနဂါးသည် နဝမအတိဒုက္ခအဆင့်ရှိ ထူးဆန်းသော သားရဲကြီးဖြစ်ကြောင်း သူ သိထားသည်။ ထိုကဲ့သို့သော သတ္တဝါမျိုးတွင် အလွန်တရာ အဖိုးတန်လှသော သွေးမျိုးဆက်ရှိပေရာ ထိုအရာကို သူ မည်သို့မျှ ရနိုင်မည်မဟုတ်ချေ။

"နေပါဦး..."

အစောပိုင်းက မြင်ကွင်းတစ်ခုက သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားချိန်၌ လုချင်း ရုတ်တရက် အံ့အားသင့်သွားတော့သည်။

စောစောက အမွေအနှစ် ပုံရိပ်ယောင်ထဲတွင် ထူးဆန်းသော သားရဲကြီး စွမ်နီသည် ‘ကောင်းကင်ကို ဖြိုခွင်းသူ’ တာအိုဆရာ၏ ဓားချီဖြင့် အတိုက်ခံရချိန်၌ ရွှေရောင်သွေးတစ်စက် စိမ့်ထွက်လာပြီး အောက်ဘက်ရှိ မြစ်ကြီးထဲသို့ ကျသွားရာ မြစ်ထဲရှိ ထူးဆန်းသော ရေသတ္တဝါများစွာက ၎င်းကို ရဖို့အတွက် လုယက်တိုက်ခိုက်ခဲ့ကြသည်။

ကျိုးလီရွာအပြင်ဘက်ရှိ မြစ်ငယ်လေးထဲတွင် သူ ပထမဆုံးအကြိမ် နဂါးမုတ်ဆိတ်ငါးကို ဖမ်းမိခဲ့စဉ်က ထိုငါး၌လည်း မှေးမှိန်သော နဂါးသွေးမျိုးဆက် ရှိနေသည်ကိုလည်း သူ ပြန်၍သတိရသွားတော့၏။

ဤဖြစ်ရပ်နှစ်ခုကို ဆက်စပ်တွေးကြည့်မိသောအခါ အဖြေတစ်ခု ပေါ်လာလေသည်။

စွမ်နီက ၎င်း၏သွေးအတွက် ရေသတ္တဝါများ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ ၎င်းမှာ သူတို့၏ ကံကောင်းသော အခွင့်အရေးတစ်ခုလည်း ဖြစ်သည်ဟု မှတ်ချက်ချကာ လှောင်ပြောင်ခဲ့သည်ကိုလည်း သူ မှတ်မိနေသေး၏။

"အဲဒီ ထူးဆန်းတဲ့ သားရဲကြီး စွမ်နီက ဘိုးဘေးနဂါးရဲ့ မျိုးဆက်ကိုးကောင်ထဲက တစ်ကောင်ပဲ။ ဘိုးဘေးနဂါးကိုယ်တိုင်ကလွဲရင် သူ့ရဲ့ သွေးမျိုးဆက်က လောကမှာ အသန့်စင်ဆုံးထဲက တစ်ခုဖြစ်လိမ့်မယ်။ အဲဒီတုန်းက စွမ်နီရဲ့ သွေးမျိုးဆက်တစ်စက်ကို ဘယ်သူ ရသွားခဲ့လဲ မသိဘူး။ အခု နှစ်ပေါင်း တစ်သိန်း ကြာပြီးတဲ့နောက်မှာတောင် အဲဒီသွေးမျိုးဆက်က ဆက်လက်ဆင့်ကမ်းပြီး ရှိနေသေးတာများလား"

လုချင်းက ခဏတာ တွေးတောနေမိသော်လည်း နောက်ဆုံးတွင် ခေါင်းယမ်းလိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုအရာက လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ဖြစ်ရပ်တစ်ခုဖြစ်ရာ ယခုအချိန်တွင် အတည်ပြုရန် မဖြစ်နိုင်တော့ပေ။ ထို့ပြင် ဤမျှ အချိန်ကြာမြင့်ပြီးနောက်၌ သွေးမျိုးဆက်မှာ အရေးမပါလောက်အောင် မှေးမှိန်သွားပြီဆိုသည်ကို မည်သူပြောနိုင်မည်နည်း။

မည်သို့ပင်ဖြစ်စေ လုချင်းက ဤကိစ္စကို သူ၏စိတ်ထဲတွင် မှတ်ထားလိုက်တော့၏။

သူ မေ့ကျန်ခဲ့သောအရာ မရှိတော့ကြောင်း သေချာသွားပြီးနောက်၌ လုချင်းက အဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်တော့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် အဝေးတစ်နေရာတွင် သူ့အား မသေချာမရေရာမှုများနှင့် လေးစားထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်နေသည့် လင်းကျိယွဲ့ကို မြင်လိုက်ရသည်။

"အစ်ကိုကျိယွဲ့... ဘာဖြစ်လို့လဲဗျ"

လုချင်းက နားမလည်စွာဖြင့် မေးလိုက်သည်။

"သခင်လေး... စောစောက သခင်လေး တရားထိုင်နေတုန်းမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုက သခင်လေးရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတယ်လေ။ အဲ့ဒီကောင်လေးခင်မျာ အဲ့ဒါကို ခံနိုင်ရည်မရှိလို့ နောက်ဆုတ်ပေးလိုက်ရတယ်လေ" ယန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ယင်းကို ကြားသောအခါ၌ လုချင်းက တောင်းပန်သည့် မျက်နှာထားဖြင့် ချက်ချင်းပြောလိုက်၏။ "တောင်းပန်ပါတယ်ဗျ အစ်ကိုကျိယွဲ့။ ကျွန်တော် နားလည်သဘောပေါက်မှုထဲမှာ အရမ်းနှစ်မြုပ်သွားတော့ ကျွန်တော့်ရဲ့ အရှိန်အဝါကို သေချာ မထိန်းချုပ်လိုက်နိုင်ဘူးဖြစ်သွားတယ်"

"ကိစ္စမရှိပါဘူးဗျာ။ လုသခင်လေးရဲ့ နားလည်သဘောပေါက်မှုတွေ ပြီးသွားပြီလား"

လင်းကျိယွဲ့က ၎င်းကို အလေးမထားဘဲ ပြုံးလျက် ပြန်ဖြေလိုက်၏။

လုချင်းက တမင်တကာ လုပ်ခဲ့ခြင်းမဟုတ်ကြောင်း သူ သိပါသည်။ အဆုံးတွင်တော့ သူတို့၏ ကျင့်ကြံမှု ကွာဟချက်မှာ ကြီးမားလွန်းလှပေ၏။ လုချင်းထံမှ အနည်းငယ် ယိုစိမ့်ထွက်လာသော အရှိန်အဝါကပင်လျှင် သူ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေလေသည်။

"အင်း... လောလောဆယ်တော့ ပြီးသွားပြီဗျ။ ကျွန်တော်တို့ ခရီးဆက်လို့ရပြီ"

ထို့နောက် လုချင်းက သူ၏ ရွှေရောင်လှေပျံကို ခေါ်ထုတ်လိုက်သည်။ မကြာမီမှာပင် သူနှင့် လင်းကျိယွဲ့တို့ နှစ်ယောက်စလုံး ကောင်းကင်ယံသို့ ပြန်လည်ရောက်ရှိသွားကြပြီး မြင့်မြတ်သောတောင်တော်ဆီသို့ ဦးတည်သွားကြလေတော့သည်။

...

နဂါးပြာတောင်တန်းကို ဖြတ်ကျော်ကာ ကျုံးကျိုးသို့ တရားဝင် ဝင်ရောက်လာသည်နှင့် လုချင်းက သူ၏စိတ်ဓာတ်များ ချက်ချင်း တက်ကြွလာသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် သိပ်သည်းနေပြီး အခြားသော ပြည်နယ်အားလုံးထက် များစွာ ပိုမိုကြွယ်ဝနေလေသည်။

သူ ဝင်္ကပါအစီအရင်အသစ်တစ်ခုကိုပါ ထပ်လုပ်ထားသော ကျိုးလီရွာပင်လျှင် ယင်းနှင့် နှိုင်းယှဉ်လျှင် အရောင်မှိန်သွားရရှာ၏။ ချန်ဟန့်တောင်တန်းအောက်ရှိ ဝိညာဉ်ကြောများသာလျှင် ဝိညာဉ်စွမ်းအင် ပိုမိုမြင့်မားစွာ ပါဝင်လေ၏။

"ဒီကမ္ဘာရဲ့ အသည်းနှလုံးဆိုတဲ့အတိုင်းပဲနော်။ ကျုံးကျိုးရဲ့ ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုက ဒီလောက်အထိ အံ့မခန်းအဆင့်ကိုတောင် ရောက်နေပြီပဲ"

လုချင်းက အံ့ဩစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ လင်းကျိယွဲ့မှာလည်း ထိုနည်းတူစွာ အံ့ဩမှင်သက်နေ၏။ သူ ကျုံးကျိုးသို့ ပြန်မလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအင်များ ဤမျှအထိ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ခဏတာ အံ့အားသင့်ပြီးနောက်၌ လုချင်းမှာ ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ ကျုံးကျိုးသို့ ဝင်ရောက်လာသည်နှင့် သူ၏ မျက်ခုံးနှစ်ခုကြားရှိ မြေကမ္ဘာဝိညာဉ်ပုလဲနှင့် မီးဝိညာဉ်ပုလဲတို့က တစ်ပြိုင်နက်တည်း တုန်ခါသွားကြ၏။ အရပ်မျက်နှာအသီးသီးမှ သူခံစားသိရှိခဲ့ရသော ဝိညာဉ်ပုလဲများနှင့် ဆက်သွယ်မှု မှေးမှိန်မှေးမှိန် သုံးခုအနက်မှ တစ်ခုက ရုတ်တရက် အားကောင်းလာလေသည်။

"ဒါ ကျုံးကျိုးမှာရှိတဲ့ ဝိညာဉ်ပုလဲပဲ။ ငါ ခံစားလို့ရတယ်... သူ့ရဲ့ တည်နေရာက..."

လုချင်းက ထိုခံစားချက်အပေါ် အာရုံစိုက်ကာ မျက်လုံးများကို ခဏတာ မှိတ်လိုက်ပြီးနောက် ပြုံးလိုက်၏။

"...မြင့်မြတ်သောတောင်တော်ရဲ့ လမ်းကြောင်းမှာပဲ"

တိုက်ဆိုင်လိုက်လေခြင်း။

သူကိုယ်တိုင်လည်း ထိုနေရာသို့ သွားနေသည်ဖြစ်ရာ လမ်းလွှဲသွားရမည့် ဒုက္ခကို သက်သာသွားစေသည်ပင်။

တွေဝေခြင်းမရှိဘဲ လုချင်းက သူ၏ ရွှေရောင်လှေပျံထဲသို့ စွမ်းအားများ ပို၍ထည့်သွင်းလိုက်ရာ လှေ၏မြန်နှုန်းက နောက်တစ်ဆင့်သို့ မြင့်တက်သွားပြီး မြင့်မြတ်သောတောင်တော်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားတော့၏။

...

ကျယ်ပြောလှသော တောင်တန်းများနှင့် ကျယ်ဝန်းလှသော နယ်မြေများကို ဖြတ်ကျော်လာသည်နှင့်အမျှ လုချင်း၏ မျက်နှာထားက တဖြည်းဖြည်းနှင်း ပို၍စိတ်ဝင်စားလာပုံရသည်။

မြင့်မြတ်သောတောင်တော်၏ ပုံပန်းသဏ္ဌာန်က သူ၏အမြင်အာရုံထဲတွင် ပေါ်လာချိန်၌ သူ သေချာသွားလေပြီပင်။

ဝိညာဉ်ပုလဲက မြင့်မြတ်သောတောင်တော်၏ လမ်းကြောင်းတစ်နေရာတွင် ရှိနေရုံသာမက မြင့်မြတ်သောတောင်တော်အတွင်းထဲ၌ ရှိနေခြင်းပင် ဖြစ်တော့သည်။

တစ်ခုတည်းသော မေးခွန်းမှာ ၎င်းသည် တောင်ကြီးအတွင်း တစ်နေရာရာ၌ ပုန်းကွယ်နေသလား၊ သို့မဟုတ် သခင်ကြီးသုံးပါးအနက်မှ တစ်ဦး၏ လက်ထဲတွင် ရှိနေသလား ဆိုသည်ပင်။

ဤအတွေးများက လုချင်း၏ စိတ်ထဲတွင် ပြေးလွှားနေစဉ် ရွှေရောင်လှေပျံက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စက္ကန့်အနည်းငယ်အတွင်း မြင့်မြတ်သောတောင်တော်၏ အထက်သို့ ရောက်ရှိသွားကာ ကောင်းကင်ယံတွင် ရပ်တန့်နေလေတော့၏။

...

မြင့်မြတ်သောတောင်တော်ပေါ်တွင် သီးသန့်တရားထိုင်နေကြသော သခင်ကြီးသုံးပါးက သူတို့အပေါ်သို့ ကျရောက်လာသော အလွန်တရာ အစွမ်းထက်လှသည့် တည်ရှိမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့အားလုံး အံ့အားသင့်သွားကြပြီး ကျင့်ကြံခြင်းမှ ရုတ်တရက် နိုးထလာကာ အထက်သို့ တုန်လှုပ်စွာ မော့ကြည့်လိုက်ကြ၏။ လုချင်းနှင့် လင်းကျိယွဲ့တို့ ရွှေရောင်လှေပျံပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရမှသာ သူတို့ အသက်ရှူချောင်သွားကြလေတော့သည်။

ရန်သူမဟုတ်ဘဲ ဧည့်သည်ဖြစ်ကြောင်း သူတို့ နားလည်သွားကြ၏။

သို့သော် သူတို့၏ ရင်ထဲရှိ အံ့အားသင့်မှုများမှာ လုံးဝ ပျောက်ကွယ်မသွားသေးပေ။ လုချင်း၏ စွမ်းအားက အံ့မခန်းဖြစ်လိမ့်မည်ဟု သူတို့ အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရခြင်းမှာတော့ လုံးဝကို ကွဲပြားခြားနားလှပေ၏။

ယခုလေးတင် သူထုတ်လွှတ်လိုက်သော အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်ပင်။ အတိတ်တုံးက တခြားကမ္ဘာမှ ဝင်ရောက်ကျူးကျော်လာသူ နှစ်ဦးကို သူတို့ ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် ပို၍လွှမ်းမိုးနိုင်စွမ်း ရှိပါ၏။

"အဝေးကနေ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦး ရောက်လာတယ်ဆိုတော့... တကယ့်ကို ဝမ်းမြောက်စရာပါပဲ တာအိုဆရာလု ငါတို့ရဲ့ မြင့်မြတ်သောတောင်တော်ကို ရောက်လာတာက တောင်တော်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"

သူ၏ စိတ်လှုပ်ရှားမှုများကို အမြန်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ပထမ သခင်ကြီးက နက်ရှိုင်းကြည်လင်သော အသံဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူနှင့် ဒုတိယသခင်ကြီး၊ တတိယသခင်ကြီးတို့က သူတို့၏ လှုပ်ရှားမှု ကျင့်စဉ်များကို အသုံးပြုကာ တောင်ထိပ်သို့ ရောက်ရှိလာကြသည်။

ထိုစဉ် လုချင်းက သူ၏ ရွှေရောင်လှေပျံကို ထိန်းချုပ်ကာ ကောင်းကင်မှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။ သူနှင့် လင်းကျိယွဲ့တို့ လှေပေါ်မှ ဆင်းပြီးနောက်၌ သူက လှေပျံကို သိမ်းဆည်းလိုက်တော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ သခင်ကြီးသုံးပါး၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားလေသည်။ အနှီးရွှေရောင်လှေပျံကို သူတို့ မှတ်မိပါ၏။

ပျံသန်းရေး မှော်ရတနာများမှာ ရှားပါးလှပြီး ရွှေရောင်အမျိုးအစားများမှာ ပို၍ပင် ရှားပါးပါသည်။ သူတို့သိထားသလောက်ဆိုလျှင် ရွှမ်ခုန်းဘုရားကျောင်းမှ အကြီးအကဲများထဲမှ တစ်ဦးသာ ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားလေသည်။

ယခုတော့ ၎င်းက လုချင်း၏ လက်ထဲတွင် ရှိနေပြီဖြစ်ရာ ၎င်း၏ မူလဇာစ်မြစ်နှင့် ပတ်သက်၍ သံသယဖြစ်စရာ သိပ်မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ သခင်ကြီးသုံးပါးက ယင်းနှင့်ပတ်သက်၍ ဘာမှမပြောတော့ဘဲ နွေးထွေးသော အပြုံးများဖြင့်သာ ကြိုဆိုလိုက်ကြ၏။

"ဂါရဝပြုပါတယ် သခင်ကြီးတို့"

လင်းကျိယွဲ့က ဆင်းသက်သည်နှင့် တစ်ပြိုင်နက် သခင်ကြီးသုံးပါးကို ရိုသေစွာ ဦးညွှတ်လိုက်၏။

"တရားဝင်နှုတ်ဆက်ပုံတွေကို လုပ်နေစရာ မလိုပါဘူး၊ ရပါတယ်" ပထမ သခင်ကြီးက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက လုချင်းဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။ "တာအိုဆရာလု... မင်းရဲ့ နာမည်သတင်းက လူထက်အရင် ရောက်လာတာပဲ။ ဒီအဘိုးကြီးအနေနဲ့ မင်းကို လူချင်းတွေ့ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်။ မင်းက တကယ့်ကို သူရဲကောင်းဆန်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ၊

ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဆိုတာ ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်လေ။ တကယ်ပဲ ရိုသေလေးစားစရာကောင်းတဲ့ လူပဲ"

"သခင်ကြီးကတော့ မြှောက်ပြောလွန်းနေပါပြီဗျာ"

လုချင်းက အနည်းငယ် ဦးညွှတ်ကာ ပြန်၍တုံ့ပြန်လိုက်၏။ အရင်က တတိယ သခင်ကြီးနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော်လည်း ၎င်းက သခင်ကြီးသုံးပါး၏ အတိတ်က စွမ်းဆောင်ချက်များအပေါ် သူ၏လေးစားမှုကိုတော့ မလျော့ကျစေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် မွေးရာပါနယ်ပယ်သို့ အဆင့်တက်ခြင်းအပေါ် သူတို့၏ ရှေးဟောင်းတားမြစ်ချက်သည် ကမ္ဘာတစ်ဝန်းရှိ သာမန်လူပေါင်းများစွာအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့သောကြောင့်ပင်။

…….

All Chapters