← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း ၄၆၅ ၊ အပိုင်း ၁ - ဓားချက်တစ်ချက်၊ အလဲအလှယ်

လုချင်း၏ ရင်းနှီးဖော်ရွေသော အမူအရာကို ခံစားလိုက်ရချိန်တွင် ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့မှာ အလိုအလျောက် သက်ပြင်းချလိုက်မိကြသည်။ အနည်းဆုံးတော့ အတိတ်က ကိစ္စများနှင့် ပတ်သက်၍ လုချင်းတွင် မည်သည့်မကျေနပ်ချက်မျှ မရှိကြောင်း သူတို့ သေချာသွားလေပြီပင်။

မည်သို့ပင်ဖြစ်စေ သူထုတ်လွှတ်နေသော ဖိအားက လွှမ်းမိုးနိုင်လွန်းလှပေ၏။ သူ၏ နက်နဲပြီး ခန့်မှန်း၍မရနိုင်သော အရှိန်အဝါကြောင့် သူတို့ မည်မျှပင် ကြိုးစားလေ့လာစေကာမူ သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် မဖြစ်နိုင်ပေ။ ဤအချက်တစ်ခုတည်းကပင် လုချင်း၏ ကျင့်ကြံခြင်းအဆင့်သည် သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေလေပြီဖြစ်၏။

"တာအိုဆရာလေးလု... ဒီနေရာက နည်းနည်းအဆင်မပြေဘူးလားလို့လေ။ ကျုပ်တို့ရဲ့ တရားထိုင်တဲ့ ဂူထဲကို လိုက်ခဲ့ပြီး စကားပြောကြရင်ရော"

အပြန်အလှန် နှုတ်ခွန်းဆက်ပြီးနောက် ပထမ သခင်ကြီးက ဖိတ်ခေါ်လိုက်လေသည်။

"ဒါဆိုရင်တော့ ကျွန်တော် မငြင်းတော့ပါဘူး" လုချင်းက ပြုံးလျက် ခေါင်းညိတ်လိုက်၏။

လောကကြီးကို နှစ်ပေါင်းတစ်ထောင်ကျော်တောင် လွှမ်းမိုးလာခဲ့သော သခင်ကြီးသုံးပါး၏ သီးသန့်နေထိုင်ရာနေရာကို သူ အတော်လေး စိတ်ဝင်စားမိနေသည်ပင်။

မြင့်မြတ်သောတောင်တော်သည် ဤကမ္ဘာ၏ အသည်းနှလုံးဖြစ်သည့်အားလျော်စွာ အထူးအရေးပါမှု ရှိလေသည်။ ဝိညာဉ်စွမ်းအင် ခန်းခြောက်သည့်ခေတ်ကာလတွင်ပင် ၎င်းသည် သခင်ကြီးသုံးပါးကို သူတို့၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ အခြေတည်အဆင့်သို့ ရောက်ရှိစေခဲ့၏။

ဤအချက်တစ်ခုတည်းကပင် ၎င်း၏ ထူးခြားအံ့မခန်းသော သဘာဝကို သက်သေပြနေပေသည်။

ယခု လောကကြီး ပြန်လည်ကောင်းမွန်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ဤမားမားမတ်မတ် ရပ်တည်နေသော တောင်ကြီးမှာလည်း ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာလိမ့်မည်ပင်။ အနည်းဆုံးတော့ မြင့်မြတ်သောတောင်တော်ပေါ်ရှိ ဝိညာဉ်စွမ်းအင်မှာ ချန်ဟန့်တောင်တန်းအောက်ရှိ ဝိညာဉ်ကြောများထက် မလျော့နည်းကြောင်း လုချင်း ခံစားသိရှိနိုင်ပါ၏။

သူ၏ဘေးတွင်တော့ လင်းကျိယွဲ့မှာ ပို၍ပင် စိတ်လှုပ်ရှားနေလေသည်။ သူသည် ထျန်းကျီမျှော်စင်၏ အထူးချွန်ဆုံး တပည့်များထဲမှ တစ်ဦးဖြစ်သော်လည်း သခင်ကြီးများနှင့် တွေ့ဆုံရန် တောင်ပေါ်သို့ တစ်ယောက်တည်း တက်ခွင့်ရသည့် အခွင့်ထူးမျိုးကိုတော့ တစ်ခါမျှ မရရှိခဲ့ဖူးချေ။

သူတို့၏ သီးသန့်ကျင့်ကြံရာနေရာသို့ ဖိတ်ကြားခံရရန်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

မကြာမီမှာပင် သခင်ကြီးသုံးပါး၏ လမ်းညွှန်မှုဖြင့် လုချင်းနှင့် လင်းကျိယွဲ့တို့သည် ဂူတစ်ခုရှေ့သို့ ရောက်ရှိလာကြတော့၏။ ဂူမှာ သိပ်မကြီးမားလှဘဲ တောင်တန်းတစ်သိန်းရှိ ယွီဟွာဂူခန်းမထက် အနည်းငယ်သာ ပိုကြီးသည်။

သို့သော် လုချင်း ဂူထဲသို့ ခြေချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားလေသည်။

ဂူထဲရှိ ဝိညာဉ်အရှိန်အဝါများမှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် သိပ်သည်းနေ၏။

ချန်ဟန့်တောင်အောက်ရှိ ဝိညာဉ်ကြောများနှင့် နှိုင်းယှဉ်လျှင်ပင် ဤနေရာက များစွာ သာလွန်နေသေးသည်။ အကယ်၍ ဤနေရာတွင် အချိန်အတန်ကြာ တံခါးပိတ်ကျင့်ကြံမည်ဆိုပါက သူ၏ကျင့်ကြံမှုမှာ သိသိသာသာကိုတိုးတက်လာမည်ဖြစ်ကြောင်း လုချင်း ရှင်းလင်းစွာ ခံစားလိုက်ရပါ၏။

လင်းကျိယွဲ့အတွက်မူ အကျိုးသက်ရောက်မှုက ပို၍ပင် သိသာထင်ရှားနေလေသည်။ သူ၏ မွေးရာပါနယ်ပယ်နှောင်းပိုင်း ကျင့်ကြံမှုဖြင့်ဆိုလျှင် ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းမှုက သူ့အား အသက်ရှူကြပ်သွားသကဲ့သို့ပင် ခံစားရစေသည်။

ဤနေရာတွင် ခဏတာလေး ရပ်နေရုံမျှဖြင့် သူ၏ ကျင့်ကြံမှုအဆင့်တက်တော့မည့် လက္ခဏာများကို သူ ခံစားသိရှိနေရပြီပင်။

ပထမ သခင်ကြီးက လုချင်း၏ မျက်နှာထားကို အကဲခတ်နေခဲ့သည်။ သူ၏ အံ့ဩနေမှုကို မြင်သောအခါ သူက ရယ်မောလိုက်၏။

"ဒီတရားထိုင်တဲ့ဂူကို တာအိုဆရာလေးလု ဘယ်လိုထင်လဲ"

"မြင့်မြတ်သောတောင်တော်ဆိုတဲ့အတိုင်းပဲ ဒီဂူထဲက ဝိညာဉ်အရှိန်အဝါရဲ့ ကြွယ်ဝမှုမျိုးကို ကျွန်တော် တစ်ခါမှတောင် မကြုံဖူးသေးပါဘူးဗျ" လုချင်းက စစ်မှန်သော အံ့ဩမှုဖြင့် ရေရွတ်လိုက်သည်။

"ဒါဆိုရင်တော့ တာအိုဆရာလေးလု... ဒီတရားထိုင်တဲ့ဂူကို မင်းကို လက်ဆောင်အဖြစ် ပေးမယ်ဆိုရင်ရော ဘယ်လိုထင်လဲ" ပထမ သခင်ကြီးက ဆက်ပြောလိုက်၏။

"ကျွန်တော့်ကို လက်ဆောင်ပေးမယ် ဟုတ်လား"

လုချင်းခင်မျာ ခဏတာ မှင်သက်သွားပြီးနောက်၌ သူ၏မျက်နှာထားက တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။

"ချန်ပေ့... ဒီလို ရက်ရောလွန်းတဲ့ လက်ဆောင်မျိုးကို အကြောင်းပြချက်မရှိဘဲနဲ့တော့ ကျွန်တော် လက်မခံနိုင်ပါဘူးဗျ။ ဒီဂူက ဒီတိုင်းယူလိုက်ဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်"

ပထမ သခင်ကြီးက ချက်ချင်း ပြန်မဖြေဘဲ လုချင်းကို ပြုံး၍သာ ကြည့်နေလေသည်။

လုချင်းကလည်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။

"ချန်ပေ့ပြောချင်တာက...တကယ်လို့ ချန်ပေ့တို့ရဲ့ အဆိုပြုချက်ကိုသာ ကျွန်တော် သဘောတူမယ်ဆိုရင် ဒီဂူက ကျွန်တော့်အပိုင် ဖြစ်သွားမယ်ပေါ့လေ"

ပထမ သခင်ကြီးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ်တို့သုံးယောက်က ဒီအဆိုပြုချက်ကို ကမ်းလှမ်းတာဆိုတော့ သဘာဝကျကျ မင်းကို ဘာနစ်နာမှုမှ အဖြစ်မခံပါဘူး"

လုချင်း တိတ်ဆိတ်သွားလေသည်။

မလာခင်ကတည်းက သူ ဆုံးဖြတ်ချက်ချပြီးသားဖြစ်သော်လည်း ပထမ သခင်ကြီး၏ ကမ်းလှမ်းချက်က အလွန်ဆွဲဆောင်မှုရှိကြောင်းကိုတော့ ဝန်ခံရပေမည်။

ယခု သူ၏အဆင့်တွင် ကျင့်စဉ်များ၊ အဆင့်များ သို့မဟုတ် မှော်ရတနာများ ဘာတစ်ခုမှ မလိုတော့ပေ။

သူလိုအပ်သော တစ်ခုတည်းသောအရာမှာ သူ၏ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ပေါများလှသော ဝိညာဉ်စွမ်းအင်များပင် ဖြစ်၏။ ဤမြင့်မြတ်သောတောင်တော် ဂူထဲရှိ ဝိညာဉ်စွမ်းအင်များမှာ ချန်ဟန့်တောင်တန်းအောက်ရှိ ဝိညာဉ်ကြောများထက်ပင် သာလွန်နေသေးသည်။ သူ့အတွက်တော့ ၎င်းသည် ကျင့်ကြံရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်မှာ ငြင်းစရာမရှိပေ။

သခင်ကြီးသုံးပါးက သူ့ကို အလောတကြီး မတိုက်တွန်းဘဲ တိတ်ဆိတ်စွာ တွေးတောခွင့် ပေးထားလေ၏။

ခဏအကြာတွင် လုချင်းက ရုတ်တရက် ပြုံးလိုက်သည်။ "သခင်ကြီးတို့... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမြင့်မြတ်သောတောင်တော်ကို မလာခင်ကတည်းက ချန်ပေ့တို့ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ချက်ချပြီးသားပါ။ ရိုးရိုးသားသားပြောရရင် ချန်ပေ့တို့ သုံးယောက်ကို ကျွန်တော် အမြဲတမ်း လေးစားခဲ့ပါတယ်ဗျ။

နှစ်ပေါင်းတစ်ထောင်လုံးတောင် လောကကြီးရဲ့ စည်းကမ်းကို ထိန်းသိမ်းပေးခဲ့တာက မြင့်မြတ်သောတောင်တော်ပဲလေ။ အဲလိုထိန်းသိမ်းပေးခဲ့လို့သာ ဒီကောင်းကင်အောက်က နယ်မြေတွေတိုင်း အတော်လေးကို တည်ငြိမ်နေခဲ့တာပါဗျ။ အနည်းဆုံးတော့ အစွမ်းထက် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေက သူတို့ရဲ့ စွမ်းအားတွေကို မတရားအသုံးပြုပြီး သာမန်လူတွေကို သတ်ဖြတ်နေတာမျိုးတွေ မဖြစ်အောင် တားဆီးပေးနိုင်ခဲ့တယ်လေ။ ဒီလောက် ကြီးမားတဲ့ ကျေးဇူးကို တိုင်းတာလို့တောင် မရနိုင်ပါဘူးဗျ"

လုချင်း၏ စကားများမှာ မြှောက်ပင့်ပြောဆိုခြင်းမဟုတ်ဘဲ စစ်မှန်သော လေးစားမှုပင် ဖြစ်၏။ သခင်ကြီးများ၏ မွေးရာပါနယ်ပယ် ကျင့်ကြံသူများကို ကန့်သတ်ထားသော အမိန့်သည် လောကကြီး၏ တည်ငြိမ်အေးချမ်းမှုအတွက် အမှန်တကယ်ပင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

ယခင်က ထျန်းချန်းဂိုဏ်းမှ ဝမ်ချန်းယီက ဝေ့မိသားစု၏ လီဟော်ဒယ်အိုးကို လုယူရန် ကြံစည်ခဲ့စဉ်က ထိုအမိန့်ကြောင့်သာ ဝေ့မိသားစု အသက်ရှင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝေ့မိသားစု မျိုးပြုတ်သွားရုံသာမက ခရိုင်တစ်ခုလုံးပင် ပြာကျသွားနိုင်ပေ၏။ ထိုသို့ဖြစ်ခဲ့ပါက သူနှင့် သူ၏ဆရာသည် ဝင်ရောက်စွက်ဖက်ရန် အချိန်မီ ရောက်ရှိနိုင်ခဲ့မည် မဟုတ်ပေ။

"တာအိုဆရာလေးလုဆီကနေ ဒီလို ချီးကျူးစကားမျိုး ကြားရတာ ကျုပ်တို့ အတိတ်က ကြိုးစားအားထုတ်ခဲ့ရတာတွေ တကယ့်ကို တန်သွားပါပြီ"

သခင်ကြီးသုံးပါးမှာ ကျေနပ်အားရစွာ ပြုံးလိုက်ကြလေ၏။

အကယ်၍ အခြားတစ်ယောက်ယောက်ကသာ ဤစကားမျိုး ပြောခဲ့မည်ဆိုလျှင် သူတို့ ဘာမှခံစားရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထောင်စုနှစ်များစွာအတွင်း မရေမတွက်နိုင်သော ကြီးကျယ်ခမ်းနားသည့် ချီးကျူးစကားများကို သူတို့ ရိုးအီနေအောင် ကြားခဲ့ရပြီးဖြစ်သောကြောင့်ပင်။ သို့သော် ယနေ့ခေတ် လောကကြီးတွင် အစွမ်းအထက်ဆုံးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိသော လုချင်းထံမှ ကြားရခြင်းကတော့ သူတို့ကိုပင် ကျေနပ်ပီတိ ဖြစ်သွားစေခဲ့ပါ၏။

"ဒါဆို တာအိုဆရာလေးလု... မင်းရဲ့ အဖြေက..."

ပထမ သခင်ကြီးက မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"တကယ်တော့ မြင့်မြတ်သောတောင်တော်ကို မလာခင်ကတည်းက ချန်ပေ့တို့ သုံးယောက်နဲ့ လက်တွဲပြီး လောကကြီးတစ်ခုလုံးရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးဖို့ ကျွန်တော် ဆုံးဖြတ်ထားပြီးသားပါဗျ" လုချင်းက ပြုံးလျက် ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ၌ သခင်ကြီးသုံးပါးမှာ အလွန်အမင်းကို ဝမ်းသာသွားကြတော့သည်။

"ဒါဆိုရင်တော့ မြို့တော်မြတ်မှာ ကြီးကျယ်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့အတွက် အဓိက ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းအားလုံးဆီကို ဖိတ်စာတွေ ချက်ချင်း ပို့လိုက်တော့မယ်နော်" ပထမ သခင်ကြီးက မေးလိုက်၏။

"ကိစ္စအားလုံးကို ချန်ပေ့တို့ဆီပဲ အပ်ထားလိုက်ပါ့မယ်ဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။

လုချင်း သဘောတူလိုက်သည်နှင့် ပထမ သခင်ကြီးကလည်း ဆက်ပြီးတွေဝေမနေတော့ပေ။ သူက ဝိညာဉ်သတင်းစကားတစ်ခုကို ချက်ချင်း ပေးပို့လိုက်တော့သည်။

ထိုနောက်တွင်တော့ မြင့်မြတ်သောတောင်တော်ကြီးတစ်ခုလုံး စတင်လှုပ်ရှားလာတော့၏။

အစွမ်းထက်သော အရှိန်အဝါများစွာက တောင်ခြေမှ ထွက်ခွာသွားပြီး အရပ်မျက်နှာအသီးသီးသို့ ဦးတည်သွားကြလေသည်။

လုချင်း မရောက်လာမီကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်ပင်။

လုချင်းကတော့ ဤအရာကို သိပ်ဂရုမစိုက်ပေ။ ယင်းအစား သူက တတိယ သခင်ကြီးဘက်သို့ လှည့်လိုက်သည်။

"တတိယ သခင်ကြီး... ချန်ပေ့ကို ကျွန်တော် မေးချင်တာလေး တစ်ခုရှိလို့ပါ"

"ကျုပ်ကို မေးချင်တာ ရှိတယ် ဟုတ်လား"

တတိယ သခင်ကြီးမှာ အံ့အားသင့်သွားပြီး လုချင်း၏ ရုတ်တရက်ဆန်သော အမေးအတွက် လုံးဝ ပြင်ဆင်မထားခဲ့ပေ။ ပထမသခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့ပင်လျှင် အံ့ဩသွားကြ၏။

ခဏတာမျှ လုချင်းက အတိတ် ကိစ္စများကို ပြန်လည်ဖြေရှင်းရန် ရည်ရွယ်နေသည်လားဟုပင် သူတို့ တွေးမိသွားကြသည်။

"ဟုတ်တယ်ဗျ။ ချန်ပေ့ဆီမှာ ဝိညာဉ်ပုလဲ မှော်ရတနာတစ်ခုများ ရှိနေသလားလို့ မေးချင်တာပါ"

"ဝိညာဉ်ပုလဲ မှော်ရတနာလား" တတိယ သခင်ကြီးက ခဏတာ မှင်သက်သွားပြီးနောက် သဘောပေါက်သွားတော့သည်။

ထို့နောက် သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် အဖြူရောင် ပုလဲတစ်လုံးက သူ၏လက်ဖဝါးထဲတွင် ပေါ်လာသည်။

"တာအိုဆရာလေးလု... မင်း ပြောတာက ဒီရွှေဝိညာဉ်ပုလဲလား"

ပုလဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထက်မြက်လှသော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး ထိုနေရာရှိ လူများ၏ အရေပြားနှင့် ဝိညာဉ်များကိုပင် နာကျင်စွာ ကျိန်းစပ်သွားစေတော့၏။

၎င်းကို မြင်လိုက်ရသောအခါ လုချင်းက ချက်ချင်းပင် ပြုံးလိုက်သည်။ "ဟုတ်တယ်ဗျ၊ အဲဒါပါပဲ။ တတိယ သခင်ကြီး... ဒီရွှေဝိညာဉ်ပုလဲက ကျွန်တော့်အတွက် အရမ်းကိုအရေးကြီးလို့ပါ။ ချန်ပေ့ အဲဒါကို လက်လွှတ်ပေးဖို့ ဆန္ဒရှိလားဗျ"

"မင်းက ဒီရွှေဝိညာဉ်ပုလဲကို လိုချင်တာလား"

တတိယ သခင်ကြီး၏ မျက်နှာထားက တွေဝေသွားသည်။ "တာအိုဆရာလေးလု... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပုလဲက ငါ့ရဲ့ ဓားကျင့်စဉ်နဲ့ သိပ်ကိုလိုက်ဖက်ညီတာလေ။ ဒါက ငါ့ရဲ့ အရေးအကြီးဆုံး ရတနာတွေထဲက တစ်ခုပဲ။ ဒါမရှိရင် ငါ့ရဲ့ ဓားပညာက အနည်းဆုံး ၃၀ရာခိုင်နှုန်းလောက် အားနည်းသွားလိမ့်မယ်"

…………..

အခန်း ၄၆၅ ၊ အပိုင်း ၂ - ဓားချက်တစ်ချက်၊ အလဲအလှယ်

ပထမသခင်ကြီးနှင့် ဒုတိယသခင်ကြီးတို့မှာ တိတ်ဆိတ်နေကြသည်။ ဤရွှေဝိညာဉ်ပုလဲသည် သူတို့၏ ညီဖြစ်သူ တတိယသခင်ကြီးအတွက် မည်မျှအရေးပါကြောင်းကို သူတို့လည်း နားလည်ပါ၏။

"ချန်ပေ့... ဒီလိုရတနာမျိုးကို ကျွန်တော် အလကားမယူပါဘူးဗျ" လုချင်းက ပြုံးလိုက်သည်။ "အဲဒီအတွက် ဓားချက်တစ်ချက်နဲ့ အလဲအလှယ်လုပ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်"

"ဓားချက်တစ်ချက်လား"

တတိယ သခင်ကြီးမှာ ချက်ချင်းပင် စိတ်ဝင်စားသွား၏။ ဓားလမ်းစဉ်ကို လျှောက်လှမ်းသူတစ်ဦးအနေဖြင့် သူသည် ဓားနှင့်ပတ်သက်သော အမွေအနှစ်အားလုံးအပေါ် အလွန်အမင်း အကဲဆတ်လှပေသည်။

သူ၏ ရွှေဝိညာဉ်ပုလဲမှာ အထွတ်အထိပ် မှော်ရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော ရတနာတစ်ခုပင်။

သို့သော် လုချင်းက ၎င်းကို ဓားချက်အမွေအနှစ်တစ်ခုတည်းဖြင့် အလဲအလှယ်လုပ်ရန် အဆိုပြုနေသည်။ ယင်းက သူ့ကို အံ့ဩစေသလို စိတ်ဝင်စားမှုလည်း ဖြစ်စေပါ၏။

လုချင်းက မည်သို့သော ဓားချက်မျိုးကို အထွတ်အထိပ် မှော်ရတနာတစ်ခုနှင့် တန်ဖိုးညီမျှသည်ဟု ယုံကြည်နေသနည်း။

"ကျွန်တော့်ဆရာက ဓားလမ်းစဉ်မှာဆိုရင် ကြီးမြတ်တဲ့ ကျွမ်းကျင်သူတစ်ယောက်ပါဗျ။ ဆရာ့ဆီကနေ သေသေချာချာ လမ်းညွှန်မှုရခဲ့လို့ ဆရာ့ရဲ့ ဓားပညာတစ်စိတ်တစ်ပိုင်းကို ကျွန်တော် နားလည်သဘောပေါက်ထားပါတယ်ဗျ။ ပြီးတော့ ဒီကိုလာတဲ့လမ်းမှာ နဂါးပြာဂိတ်စခန်းကို ဖြတ်လာရင်း နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးကို တွေ့လိုက်ရလို့ ဉာဏ်အလင်းလည်းပွင့်သွားသေးတယ်လေ။ ဆရာ့ရဲ့ ဓားအမွေအနှစ်နဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နားလည်မှုတွေကို ပေါင်းစပ်ပြီးတော့ ဓားချက်တစ်ချက်ကို ကျွန်တော် ဖန်တီးနိုင်ခဲ့ပါတယ်ဗျ။ ချန်ပေ့... သေသေချာချာ ကြည့်ပေးပါ"

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လုချင်းက သူ၏လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ ပေါင်းစုလိုက်လေသည်။ ထို့နောက်၌ ဓားချီတစ်စက်က သူ၏လက်ချောင်းထိပ်တွင် စုစည်းသွားပြီး တတိယ သခင်ကြီးဆီသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်တော့၏။

ထိုဓားချီ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အဖြစ်အပျက်ကို နားမလည်နိုင်သော လင်းကျိယွဲ့မှလွဲ၍ ကျန်သခင်ကြီးသုံးပါးစလုံး၏ မျက်နှာထားများမှာ သိသိသာသာကို ပြောင်းလဲသွားလေတော့သည်။ ဓားချီကိုယ်တိုင်က အထူးတလည် အစွမ်းထက်နေခြင်း မရှိသော်လည်း ၎င်းမှ ထုတ်လွှတ်နေသော အရှိန်အဝါမှာတော့ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်ပင်။

ယင်း၌ အရာခပ်သိမ်းကို ဖြတ်တောက်ကာ တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်မည့် နက်ရှိုင်းသော ရည်ရွယ်ချက်တစ်ခု ပါဝင်နေလေသည်။ ထို့အတွက်ကြောင့် သူတို့၏ ဝိညာဉ်များပင်လျှင် တုံ့ပြန်မှုအဖြစ် တုန်ယင်သွားကြရပါ၏။

ဓားချက်နှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရသော တတိယ သခင်ကြီးမှာတော့ လုံးဝကို တောင့်တင်းသွားတော့သည်။ သူ၏ စိတ်ဝိညာဉ်ပင် မှင်သက်သွားပုံရ၏။

သူ၏မျက်လုံးထဲတွင် အခြားဘာမျှမရှိတော့ဘဲ လုချင်းထုတ်လွှတ်လိုက်သော ဓားချီကိုသာ မြင်နေရတော့သည်။

ခဏတာမျှ သူသည် ပုံရိပ်ယောင်များကို မြင်တွေ့သွားရပါ၏။ ကောင်းကင်ကို ထိုးဖောက်နိုင်လောက်အောင် ပြိုင်ဘက်ကင်းသော ဓားချီတစ်ခုက ၎င်း၏ လမ်းကြောင်းရှိ အရာခပ်သိမ်းကို ဖြတ်တောက်နိုင်စွမ်းရှိသော အကြွင်းမဲ့ ထက်မြက်မှုဖြင့် သူ့ဆီသို့ ခုတ်ပိုင်းလာသည်ကို မြင်လိုက်ရသည်။ ၎င်းက သူ၏ ရုပ်ခန္ဓာရော၊ စိတ်ဝိညာဉ်ပါမကျန် လုံးဝ ဗလာနတ္ထိအဖြစ်သို့ ရောက်ရှိသွားစေကာ သူ၏ တည်ရှိမှုတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်ပင်။

သူ သေချာပေါက် သေရတော့မည်ဟု ယုံကြည်လိုက်သည့်အခိုက်အတန့်တွင် ပုံရိပ်ယောင်များက ပျောက်ကွယ်သွားတော့သည်။ သူ့ရှေ့တွင် လုချင်းက တည်ငြိမ်သောအပြုံးဖြင့် ရပ်နေပြီး သူ၏ ဓားလက်ချောင်းများအား ပြန်ရုတ်သိမ်းလိုက်နှင့်ပြီးသည်ကိုသာ မြင်တွေ့လိုက်ရတော့၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားချီမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီပင်။

"တတိယ သခင်ကြီး... ကျွန်တော့်ရဲ့ ဓားချက်ကို ဘယ်လိုထင်လဲဗျ။ ချန်ပေ့ရဲ့ ရွှေဝိညာဉ်ပုလဲနဲ့ အလဲအလှယ်လုပ်ဖို့ လုံလောက်ရဲ့လား" လုချင်းက ပြုံးလျက် မေးလိုက်၏။

တတိယ သခင်ကြီးက သူ၏ ဝိညာဉ်စွမ်းအားကို လှည့်ပတ်လိုက်ကာ သူ၏ကျောပြင်တွင် ထွက်လာသော ကြောက်ချွေးများကို ဖယ်ရှားလိုက်ရသည်။ လုချင်းကို ကြည့်လိုက်သောအခါ၌ သူ၏မျက်နှာထားက လေးနက်တည်ကြည်သွားလေ၏။

"တာအိုဆရာလေးလု... မင်းပြောလိုက်တာက ဒီဓားချက်ကို ဒီကိုလာတဲ့ ခရီးစဉ်မှာတင် နားလည်သဘောပေါက်ခဲ့တယ်ပေါ့လေ ဟုတ်လား"

"ဟုတ်ပါတယ်ဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။ "နဂါးပြာဂိတ်စခန်းမှာရှိတဲ့ နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးက ကောင်းကင်ကို ဖြိုခွင်းထားတဲ့ ဓားရာတစ်ခုနဲ့ တူနေတယ်လေ။ ကောင်းကင်ယံကနေ ပျံသန်းလာရင်း ချောက်ကမ်းပါးကို မြင်လိုက်ရတော့ ဉာဏ်အလင်းပွင့်သွားတယ်ပဲ ပြောရမှာပေါ့။ အဲဒါနဲ့ တရားထိုင်ပြီး ဆင်ခြင်သုံးသပ်ကြည့်လိုက်တာကနေ ဒီဓားချက်ကို နားလည်သဘောပေါက်သွားခဲ့တာပါပဲဗျ"

ဟုတ်ပါသည်။ ယခုလေးတင် လုချင်း ပြသလိုက်သော ဓားချက်မှာ သူ ပြောခဲ့သည့်အတိုင်းပင်။

ထိုအချိန်တွင် လင်းကျိယွဲ့ကပင် ဝင်မပြောဘဲ မနေနိုင်တော့ချေ။ "ဟုတ်ပါတယ်ဗျ သခင်ကြီး။ ကျွန်တော်တို့ နဂါးပြာဂိတ်စခန်းကို ဖြတ်လာတုန်းက လုသခင်လေးက ဉာဏ်အလင်းရသွားလို့ အချိန်တိုအတွင်း တံခါးပိတ်တရားထိုင်ခဲ့ရပါသေးတယ်။ မဟုတ်ရင် ကျွန်တော်တို့ ဒီကို ပိုစောစော ရောက်နေလောက်ပြီလေ"

တကယ်ကြီးပဲဟ။

သခင်ကြီးသုံးပါးမှာ တစ်ပြိုင်နက်တည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ လုချင်း၏ ကျင့်ကြံခြင်း ပါရမီမှာ ပြိုင်ဘက်ကင်းကြောင်း သူတို့ သိထားသည်မှာ ကြာလှပြီဖြစ်၏။

ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက် ကောင်းကင်အတိဒုက္ခကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့သူမှာ သူပင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းမှာ ယုတ္တိမတန်လောက်အောင် လျင်မြန်လွန်းသဖြင့် အခြားသူများကို ဆွံ့အသွားစေပါ၏။

နှစ်အနည်းငယ်မျှ တိုတောင်းသောအချိန်အတွင်းမှာပင် သူသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုအခါတွင်တော့ သူသည် လောကကြီးတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူများကိုတောင် ဟင်းသီးဟင်းရွက်များ ခုတ်စဉ်းသကဲ့သို့ လွယ်ကူစွာဖြင့် သတ်ဖြတ်နိုင်ပေသည်။

သို့သော် ယခု ယခုလေးတင် သူပြသလိုက်သော ဓားချက်သည် ခရီးသွားနေစဉ်အတွင်း ပေါ့ပေါ့ပါးပါး နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်ဟု ကြားလိုက်ရသောအခါ၌ သခင်ကြီးသုံးပါးမှာ ယုံကြည်ရန်ခက်ခဲလောက်အောင် အံ့ဩတုန်လှုပ်နေဆဲပင်။

ဓားချက်က မည်မျှအစွမ်းထက်သည်ကို ဘေးဖယ်ထားလိုက်လျှင်ပင် ၎င်း၏ နက်ရှိုင်းသော ရည်ရွယ်ချက်က ရွှေအမြုတေအဆင့်ထက် များစွာ သာလွန်နေပြီ ဖြစ်၏။

သူတို့ သံသယမရှိပေ။ အကယ်၍ လုချင်းသာ အစွမ်းကုန် ထုတ်ဖော်လိုက်ပါက ဤမြင့်မြတ်သောတောင်တော်ပင်လျှင် ၎င်း၏ ထက်မြက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်။

အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ဓားချက်ကို... ပေါ့ပေါ့ပါးပါးနဲ့ နားလည်သဘောပေါက်ခဲ့တာတဲ့လား။

သူတို့ ဘယ်လိုလုပ်ပြီး မယုံနိုင်မဖြစ်ဘဲ နေနိုင်မည်နည်း။

…

အချိန်အတော်ကြာမှသာ တတိယ သခင်ကြီး၏ စိတ်လှုပ်ရှားမှုများ ပြန်၍တည်ငြိမ်သွားတော့သည်။ လုချင်းကို ကြည့်လိုက်သော သူ၏မျက်လုံးများတွင် ပြင်းပြသော စိတ်အားထက်သန်မှုများ တောက်ပနေလေ၏။

"တာအိုဆရာလေးလု... ဒီဓားချက်ကို ကျုပ်ရဲ့ ရွှေဝိညာဉ်ပုလဲနဲ့ တကယ်ပဲ အလဲအလှယ်လုပ်ချင်တာလား"

ယခုတွင် သူ၏လေသံမှာ စောစောက ပြသခဲ့သော တွေဝေမှုများနှင့် လုံးဝ ကွဲပြားနေလေပြီပင်။

"ဒါပေါ့။ ချန်ပေ့ လက်လွှတ်ပေးဖို့ ဆန္ဒရှိ ၊ မရှိအပေါ်မှာပဲ မူတည်တော့ပါတယ်ဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။

"သဘောတူတာပေါ့ကွာ"

တွေဝေခြင်းမရှိဘဲ တတိယ သခင်ကြီးက ရွှေဝိညာဉ်ပုလဲကို ထုတ်ယူလိုက်တော့၏။

ထို့နောက်၌ သူက ပုလဲပေါ်ရှိ သူ၏ စိတ်ဝိညာဉ်အမှတ်အသားကို ပျောက်ကွယ်သွားစေရန် ဆန္ဒပြုလိုက်ရာ ပုလဲမှာလည်း တောက်ပစွာ လင်းလက်သွားပြီးနောက် သာမန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

"တာအိုဆရာလေးလု... ရော့ပါ။ ရွှေဝိညာဉ်ပုလဲပေါ်က ငါ့ရဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ဖယ်ရှားလိုက်ပြီမလို့ အခု ဒါက မင်းအပိုင်ဖြစ်သွားပြီ"

တတိယ သခင်ကြီးက ရွှေဝိညာဉ်ပုလဲကို လုချင်းထံသို့ ကမ်းပေးလိုက်၏။

"ညီလေး..."

ပထမသခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့မှာ အံ့အားသင့်သွားကြ၏။

တတိယ သခင်ကြီး ဤမျှ အလွယ်တကူ သဘောတူလိုက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။

ဤရွှေဝိညာဉ်ပုလဲသည် သူတို့၏ ညီဖြစ်သူ တတိယ သခင်ကြီးအတွက် မည်မျှအဖိုးတန်ကြောင်း သူတို့ သိပါ၏။

သန့်စင်သော သတ္တုစွမ်းအင်ပါဝင်သည့် ရတနာတစ်ခုမှာ သူ၏ ဓားကျင့်စဉ်အတွက် အလွန်လိုက်ဖက်ညီပေသည်။ ၎င်းသာ မရှိပါက သူ၏စွမ်းအားများမှာလည်း သိသိသာသာကို ကျဆင်းသွားတော့မည်သာ။ ထို့ပြင် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းကိုတောင် အဟန့်အတား ဖြစ်စေနိုင်ကောင်း ဖြစ်စေနိုင်ပါ၏။

"အစ်ကိုကြီး၊ အစ်ကို ၂... ဒီဓားချက်က ကျွန်တော့်အတွက် မယုံနိုင်လောက်အောင် အရေးကြီးတယ်ဆိုတာ ကျွန်တော် ခံစားလို့ရတယ်ဗျ။ ဖြစ်နိုင်တာက... သန္ဓေသားဝိညာဉ်အဆင့်ကို ရောက်ဖို့နဲ့ မြင့်မြတ်သောတောင်တော်ရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်ဖို့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်က အဲဒီထဲမှာ ရှိနေနိုင်တယ်လေ"

တတိယ သခင်ကြီးက အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ပြောလိုက်သည်။

သန္ဓေသားဝိညာဉ်အဆင့်သို့ တက်လှမ်းရန်အကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ၌ ပထမသခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့မှာ တိတ်ဆိတ်သွားကြတော့၏။

သူတို့သည် ဓားပညာကို မကျင့်ကြံကြသဖြင့် လုချင်း၏ ဓားချက်က သူတို့ကို အံ့ဩသွားစေခဲ့သော်လည်း ၎င်း၏ စစ်မှန်သော နက်ရှိုင်းမှုကို သူတို့ နားမလည်နိုင်ခဲ့ပေ။

သို့သော် ၎င်း၏တန်ဖိုးမှာ တတိယ သခင်ကြီး ယုံကြည်ထားသကဲ့သို့ အမှန်တကယ်သာ ကြီးမားလှပါက ၎င်းကို ရွှေဝိညာဉ်ပုလဲဖြင့် အလဲအလှယ်လုပ်ခြင်းမှာ အရှုံးမရှိပေ။ အမှန်တကယ်တော့ ၎င်းသည် ကြီးမားသော အမြတ်တစ်ခုပင် ဖြစ်လေ၏။

ဘာပဲဖြစ်ဖြစ် သူတို့၏ အကြီးမားဆုံး ဆန္ဒမှာ တစ်နေ့နေ့တွင် သန္ဓေသားဝိညာဉ်အဆင့်သို့ ခြေချနိုင်ရန်နှင့် မြင့်မြတ်သောတောင်တော်၏ ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်ရန်ပင်ဖြစ်သည်။

လုချင်းကို ဤနေရာသို့ ဖိတ်ကြားခဲ့ခြင်းကပင် ဤရည်မှန်းချက်အား အောင်မြင်ရန်အတွက် သူ၏စွမ်းအားကို ငှားရမ်းရန် မျှော်လင့်ချက်ဖြင့် ဖြစ်လေသည်။ အကယ်၍ ဤဓားချက်သည် တတိယ သခင်ကြီး အဆင့်တက်ရန်အတွက် အမှန်တကယ်ကို အရေးပါလှပါက မည်သည့်တန်ဖိုးပေးရသည်ဖြစ်စေ တန်ပါ၏။

…

သူ့ထံသို့ ကမ်းပေးလာသော ရွှေဝိညာဉ်ပုလဲကို ကြည့်ကာ လုချင်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။ တတိယ သခင်ကြီးက ဤမျှ ပြတ်သားစွာ သဘောတူလိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါချေ။ ဤထက်ပို၍ကြာရှည်စွာ တွေဝေနေလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့မိပါ၏။

မြင့်မြတ်သောတောင်တော်တွင် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ပိတ်လှောင်ခံထားရပြီးနောက် ဤသခင်ကြီးသုံးပါး၏ လွတ်မြောက်လိုစိတ်မှာ သူထင်ထားသည်ထက်တောင် ပို၍ကြီးမားနေပုံရလေသည်။

လုချင်းက ရွှေဝိညာဉ်ပုလဲကို ချက်ချင်း လက်မခံသေးဘဲ မှော်စာလုံးများ ရေးထိုးထားသော ကျောက်စိမ်းပြားတစ်ခုကို သူ၏ ကောင်းကင်နှင့်မြေကြီးချီအိတ်ထဲမှ ထုတ်ယူလိုက်၏။

အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားအများကြီးက ကျောက်စိမ်းပြားထဲသို့ တစ်ဟုန်ထိုးဝင်ရောက်သွားပြီးနောက်တွင်တော့ ထိုဓားချက်၏ နားလည်သဘောပေါက်မှုများကို ၎င်းထဲတွင် မှတ်တမ်းတင်လိုက်တော့သည်။

ခဏအကြာတွင်တော့ လုချင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်၍ရုတ်သိမ်းလိုက်ပြီး ယင်းကျောက်စိမ်းပြားကို တတိယ သခင်ကြီးထံသို့ ကမ်းပေးလိုက်တော့၏။

"ချန်ပေ့... ရပါပြီဗျ"

………..

အခန်း ၄၆၆ ၊ အပိုင်း ၁ - တာအိုအကြောင်း ဆွေးနွေးခြင်းနှင့် လမ်းညွှန်မှုများ၊ မြင့်မြတ်သောတောင်တော်၏ ဖိတ်ကြားချက်

တတိယ သခင်ကြီးက ကျောက်စိမ်းပြားကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုသဖွယ် လက်ခံရယူလိုက်လေသည်။

အကယ်၍ လက်ရှိအခြေအနေကသာ ခွင့်ပြုမည်ဆိုပါက သူသည် ၎င်း၏အကြောင်းအရာများကို နားလည်သဘောပေါက်စေရန်နှင့် ကျင့်ကြံရန်အတွက် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်တော့မည် ဖြစ်သည်။

ယင်းကိုမြင်သောအခါ လုချင်းက အနည်းငယ်ပြုံးလိုက်ပြီး ရွှေဝိညာဉ်ပုလဲကို သိမ်းဆည်းလိုက်တော့၏။

တတိယ သခင်ကြီးအတွက် ကျောက်စိမ်းပြားထဲတွင် သူ ရေးသားမှတ်တမ်းတင်ပေးလိုက်သောအရာသည် ကောင်းကင်ဖြိုခွင်း ဓားချီ၏ အမွေအနှစ်အပြည့်အစုံ မဟုတ်သည်မှာ သေချာလှပေသည်။ ထိုကဲ့သို့ ပြိုင်ဘက်ကင်း အမွေအနှစ်မျိုးကို အပြည့်အဝ နားလည်သဘောပေါက်ရန်အတွက် သင့်လျော်သော တာအိုရည်ရွယ်ချက် လိုအပ်ပေ၏။

သူကိုယ်တိုင်ပင်လျှင် ၎င်းကို ကျင့်ကြံရန် အရည်အချင်းမပြည့်မီသေးရာ ကျောက်စိမ်းပြားထဲသို့ မှတ်တမ်းတင်ပေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

သူ၏ လက်ရှိအဆင့်ဖြင့် ကောင်းကင်ဖြိုခွင်း ဓားချီကို ကျောက်စိမ်းပြားတစ်ခုထဲသို့ ရေးထွင်းမှတ်တမ်းတင်ဖို့ပင် မဖြစ်နိုင်သေးချေ။ သူ မှတ်တမ်းတင်ပေးလိုက်သောအရာမှာ သူ့ဆရာဖြစ်သူ၏ ဓားချီပိုင်နက်နှင့် အမွေအနှစ်ပုံရိပ်ယောင်ထဲတွင် ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ၏ အံ့မခန်း ဓားချက်ကို ကြည့်ရှုရင်း သူရရှိခဲ့သော ဉာဏ်အလင်းပွင့်မှုအနည်းငယ်ကို အခြေခံကာ သူဖန်တီးထားသော ဓားကျင့်စဉ်တစ်ခုသာ ဖြစ်၏။

ဤကောင်းကင်ဖြိုခွင်း ဓားချီ၏ အရိပ်အယောင်လေးသည် စစ်မှန်သော အမွေအနှစ်နှင့် များစွာ ကွာခြားလှသော်လည်း ၎င်းက အလွန်ကိုမှ ထူးခြားအံ့ဩစရာဖြစ်နေဆဲပင်။

တတိယ သခင်ကြီး၏ အလိုအလျောက် သိမြင်နိုင်စွမ်းက မှန်ကန်ခဲ့လေ၏။

အကယ်၍ သူသာ ထိုဓားချီရည်ရွယ်ချက်၏ အရိပ်အယောင်လေးကို အပြည့်အဝ နားလည်သဘောပေါက်နိုင်မည်ဆိုပါက အနာဂတ်တွင် သန္ဓေသားဝိညာဉ်အဆင့်သို့ ခြေချနိုင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

ထို့နောက်တွင်လည်း လုချင်းသည် သခင်ကြီးသုံးပါးနှင့်အတူ တာအိုအကြောင်းကို ဆွေးနွေးခဲ့ကြသေးပါ၏။ အမှန်တကယ်တော့ လုချင်းက ပြောနေပြီး သခင်ကြီးသုံးပါးက နားထောင်နေခြင်းသာ။

အဆုံးတွင်တော့ ဆွေးနွေးပွဲက သခင်ကြီးသုံးပါးအလှည့်ကျ သူတို့၏ ကျင့်ကြံခြင်းဆိုင်ရာ သံသယများကို တင်ပြကာ လုချင်းထံမှ လမ်းညွှန်မှု တောင်းခံသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။ လုချင်းကလည်း ဘာတစ်ခုမျှ ဖုံးကွယ်မထားဘဲ သူတို့၏ မေးခွန်းများကို တစ်ခုချင်းစီ ဖြေကြားပေးခဲ့ပါ၏။

သူ၏ စကားလုံးတိုင်းသည် ရတနာတစ်ပါးပမာ တန်ဖိုးရှိလှပြီး သူ၏ ရှင်းပြချက်များကလည်း အလွန်ပင် ရှင်းလင်းပြတ်သားကာ နက်ရှိုင်းလှသဖြင့် သခင်ကြီးသုံးပါးမှာ သူတို့၏ စိတ်ထဲမှ ကန့်လန့်ကာတစ်ခုကို ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့တောင် ဖြစ်သွားတော့လေသည်။

"တာအိုဆရာလေးလု... မင်းရဲ့စကားတွေကို ကြားရတာ ဆယ်စုနှစ်ပေါင်းအများကြီးကြာတဲ့အထိ တံခါးပိတ်ကျင့်ကြံရတာထက်တောင် ပိုပြီး အကျိုးရှိလိုက်သေးတယ်" ပထမ သခင်ကြီးက နက်ရှိုင်းသော ကျေးဇူးတင်မှုဖြင့် ပြောလိုက်သည်။

အခြား သခင်ကြီးနှစ်ပါးကလည်း လုချင်းကို ကျေးဇူးတင်သောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လုချင်း၏ လမ်းညွှန်မှုက နှစ်ပေါင်းများစွာ သူတို့ကို ဒုက္ခပေးနေခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ အတားအဆီးများစွာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်နှင့် ပတ်သက်၍ များစွာ ပိုမိုနက်ရှိုင်းသော နားလည်မှုကိုတောင် ရရှိစေခဲ့ပါ၏။ သူတို့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်၍ ရှင်းလင်းစွာ သိမြင်လာရုံသာမက အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ဦးတည်ချက်ကိုလည်း ရရှိသွားခဲ့ကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤဆွေးနွေးပွဲတစ်ခုတည်းကပင် အကယ်၍ သူတို့က လုချင်းကို သူတို့၏ ဆရာအဖြစ် တရားဝင် အသိအမှတ်ပြုမည်ဆိုလျှင်တောင် လွန်ကဲသည်ဟု မဆိုနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေ၏။

တစ်ချိန်တည်းမှာပင် သူတို့သုံးဦးမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြလေသည်။ ယခင်က သူတို့သည် လုချင်းကို သူ၏ပါရမီကြောင့် လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ကြသော်လည်း ဤဆွေးနွေးပွဲက သူတို့၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့ပါ၏။

လုချင်းသည် ပါရမီရှင်တစ်ဦးမျှသာ မဟုတ်ဘဲ သူ၏ စုဆောင်းထားသော အခြေခံအုတ်မြစ်က နှိုင်းယှဉ်၍မရနိုင်လောက်အောင် နက်ရှိုင်းလွန်းလှနေသည်ပင်။

ကျင့်ကြံခြင်းနှင့် ပတ်သက်သော သူ၏ နက်ရှိုင်းလှသောနားလည်မှုကြီးက သူတို့ စိတ်ကူးထားသည်ထက်တောင် များစွာ သာလွန်နေလေသည်။ သူသည် သူတို့နှင့် တစ်တန်းတည်းရှိသော ကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ လုံးဝ ကွဲပြားခြားနားသော အမြင့်တစ်နေရာတွင် ရပ်တည်နေသည့် ဖြစ်တည်မှုတစ်ခုနှင့်တောင် ပိုတူနေပါသေး၏။

ခဏတာ ဉာဏ်အလင်းပွင့်ရုံမျှဖြင့် ထိုမျှလောက် နက်ရှိုင်းလှသော ဓားကျင့်စဉ်တစ်ခုကို သူ ဖန်တီးနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ထို့ပြင် ရွှေအမြုတေ၏ အဆင့်သုံးဆင့်နှင့်တကွ ရွှေအမြုတေအဆင့်၏ အသွင်ပြောင်းခြင်း ကိုးဆင့်တို့နှင့် ပတ်သက်သော သူ၏ သိမြင်မှုများက သူတို့၏အသိအမြင်အား လုံးဝ အသစ်ဖြစ်သော နားလည်မှုအဆင့်တစ်ခုဆီသို့ ဖွင့်ပေးလိုက်လေ၏။ ဤအရာများသည် သူတို့ တစ်ခါမှ မကြားဖူးခဲ့သော အမှန်တရားများဖြစ်ပြီး သူတို့ ဂိုဏ်း၏ အမွေအနှစ်များတွင်တောင် မှတ်တမ်းတင်ထားခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် သခင်ကြီးသုံးပါးမှာ လုံးဝကို ယုံကြည်လက်ခံသွားကြပြီး လုချင်းအပေါ် အမြင့်မားဆုံးသော လေးစားမှုများ ထားရှိသွားကြတော့၏။ သူတို့၏ အဆင့်အတန်းနှင့် အသက်အရွယ်တို့အကေါ် စိုးရိမ်ပူပန်မှုများသာ မရှိပါက သူတို့သည် ဒူးထောက်ကာ သူ့ကို ဆရာအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့လောက်ပေမည်။

"ဒါက သိမြင်နားလည်မှုနည်းနည်းလောက်ပါပဲဗျ... အရမ်းကြီး ကျေးဇူးတင်နေစရာ မလိုပါဘူးဗျာ" လုချင်းက ပြုံးလျက် ပြောလိုက်၏။

"ရွှေအမြုတေအဆင့်ကို အသွင်ပြောင်းခြင်း ကိုးဆင့် ခွဲခြားထားပြီး ရွှေအမြုတေကိုယ်တိုင်ကိုလည်း အဆင့်သုံးဆင့် ခွဲခြားထားပါတယ်ဗျ။ ချန်ပေ့တို့အားလုံးက အတိဒုက္ခကိုကျော်ဖြတ်တုန်းက အငယ်တန်းအဆင့် ရွှေအမြုတေကို ဖန်တီးခဲ့ကြတာလေ။ အဲ့တော့ အများဆုံးဆိုရင် ချန်ပေ့တို့က ရွှေအမြုတေအဆင့်ရဲ့ တတိယမြောက် အသွင်ပြောင်းခြင်းအဆင့်အထိပဲ ကျင့်ကြံလို့ရမယ်။

အကယ်၍ အဲဒီထက် ပိုမြင့်တဲ့အဆင့်ကို တက်ချင်တယ်ဆိုရင် ချန်ပေ့တို့ရဲ့ ရွှေအမြုတေကို သန့်စင်ပြီး သူ့ရဲ့အဆင့်ကို မြှင့်တင်ပေးရလိမ့်မယ်ဗျ။ ရွှေအမြုတေရဲ့ အဆင့် မြင့်တက်သွားတာနဲ့တစ်ပြိုင်နက် ပိုမြင့်တဲ့အဆင့်တွေကို ကျော်ဖြတ်ဖို့ကလည်း အများကြီး ပိုလွယ်ကူသွားပါလိမ့်မယ်။ အဲဒါက ရှေ့ဆက်ရမယ့် ချန်ပေ့တို့ရဲ့ အဓိက ကျင့်ကြံခြင်း ဦးတည်ချက်ဖြစ်သင့်ပါတယ်ဗျ"

"တာအိုဆရာလေးလု... ငါတို့ရဲ့ ရွှေအမြုတေကို သန့်စင်ပြီး အဆင့်မြှင့်တင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မေးခွင့်ပြုပါ" ပထမ သခင်ကြီးက ရိုးသားစွာ မေးလိုက်၏။

"ရွှေအမြုတေ သန့်စင်ခြင်း နည်းလမ်းတွေက ဂိုဏ်းတွေအလိုက် ကွဲပြားကြတယ်ဗျ။ ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောရရင်တော့ အဓိက နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုက ရွှေအမြုတေကို သန့်စင်ဖို့အတွက် ရှားပါးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတွေကို သုံးတာပေါ့။ ဒါပေမဲ့ အဲဒီလို ရတနာမျိုးတွေက ရဖို့ အရမ်းခက်တယ်လေ။

ဒုတိယ နည်းလမ်းကတော့ အချိန်နဲ့အမျှ ရွှေအမြုတေကို တဖြည်းဖြည်းချင်း သန့်စင်ဖို့အတွက် ကြီးမားတဲ့ ဇွဲလုံ့လ၊ အာရုံစိုက်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အထူးကျင့်စဉ်တွေကို သုံးတာပေါ့ဗျာ။ တိကျတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် သိပ်မသိပါဘူးဗျ။ အဲ့ဒါကိုတော့ ချန်ပေ့တို့ ကိုယ်တိုင်ပဲ ရှာဖွေလေ့လာပြီး နားလည်အောင် ကြိုးစားရပါလိမ့်မယ်"

လုချင်းက ဖြည်းညင်းစွာ ပြောလိုက်၏။

သူက တမင်သက်သက် အချက်အလက်များကို ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ရွှေအမြုတေ သန့်စင်ခြင်းအတွက် တိကျသေချာသော နည်းလမ်းများ သူ့ထံတွင် အမှန်တကယ် မရှိသောကြောင့်သာပင်။

တခြားကမ္ဘာမှ ညီအစ်ကိုနှစ်ယောက် ချန်ရစ်ခဲ့သော ကျောက်စိမ်းပြားများတွင်ပင် ဤအယူအဆနှင့် ပတ်သက်၍ ယေဘုယျဖော်ပြချက်များသာ ပါဝင်ပြီး မည်သည့် လျှို့ဝှက်ကျင့်စဉ်များကိုမျှ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ ဤအချက်ကို ထောက်ရှုခြင်းဖြင့် ကမ္ဘာကြီးတစ်ခုတွင်ပင် ရွှေအမြုတေ သန့်စင်ခြင်း ကျင့်စဉ်များသည် အလွန်တရာ လိုချင်မက်မောဖွယ်ကောင်းသော အမွေအနှစ်များဖြစ်ပြီး ပေါ့ပေါ့ပါးပါး လက်ဆင့်ကမ်းလေ့မရှိကြောင်း ကောက်ချက်ချနိုင်ပေ၏။

"တာအိုဆရာလေးလုရဲ့ လမ်းညွှန်မှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်"

ပြီးပြည့်စုံဆုံး ရွှေအမြုတေ သန့်စင်ခြင်း နည်းလမ်းကို မရရှိခဲ့သော်လည်း သခင်ကြီးသုံးပါးမှာ အလွန်အမင်းကို ကျေးဇူးတင်နေဆဲပင်။ အနည်းဆုံးတော့ သူတို့သည် သူတို့၏ အနာဂတ် ကျင့်ကြံခြင်းအတွက် ရှင်းလင်းပြတ်သားသော ဦးတည်ချက်တစ်ခုကို ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ သူတို့၏ လမ်းကြောင်းကို မျက်ကန်းပမာ ရှာဖွေနေစရာ မလိုတော့သည့်အပြင် သူတို့၏ သံသယများမှာလည်း အဖြေပေးမည့်သူ မရှိတာကြောင့် စုပုံနေတာမျိုး မဖြစ်တော့ချေ။

သခင်ကြီးသုံးပါးက တစ်ပြိုင်နက်တည်း မတ်တတ်ရပ်ကာ လုချင်းကို နက်ရှိုင်းသောလေးစားရိုသေမှုတို့ဖြင့် ဦးညွှတ်လိုက်ကြတော့၏။ လုချင်းကလည်း တည်ငြိမ်စွာပင် ထိုအရိုအသေပေးမှုကို လက်ခံလိုက်လေသည်။ သူ မျှဝေပေးခဲ့သောအရာမှာ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုမျှသာ မဟုတ်ဘဲ ထိုထက် များစွာ ပို၍အဖိုးတန်လှသော အရာတစ်ခုဖြစ်သည့် ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများနှင့် အသိပညာများပင် ဖြစ်သည်။

စစ်မှန်သော လမ်းညွှန်မှု စကားတစ်ခွန်းက ကျမ်းစာအုပ်ပေါင်း ထောင်သောင်းမကထက် ပို၍တန်ဖိုးရှိသည်ဆိုသော ဆိုရိုးစကားတစ်ခု ရှိလေသည်။ တစ်ခါတစ်ရံတွင် စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးထံမှ စကားတစ်ခွန်းက ကျင့်ကြံသူတစ်ဦးကို ဉာဏ်အလင်းပွင့်စေပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားစေနိုင်ပါ၏။

ထို့ပြင် သူ ဖော်ပြခဲ့သောအရာများသည် မျိုးဆက်ပေါင်းများစွာသော ကမ္ဘာကြီးမှ ကျင့်ကြံသူများက သန့်စင်ထားခဲ့သည့် ကျင့်ကြံခြင်းဆိုင်ရာ အမှန်တရားများ ဖြစ်လေ၏။ မပြည့်စုံသော ကမ္ဘာတစ်ခုမှ ဤကျင့်ကြံသူများအတွက်တော့ ဤကဲ့သို့သော သိမြင်နားလည်မှုများမှာ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် ကြီးမားလှသည်ပင်။

ထို့ကြောင့် ဤဦးညွှတ်မှုမှာ သူ ရထိုက်သောအရာပင် ဖြစ်သည်။

ဘေးတွင် ရပ်နေသော လင်းကျိယွဲ့မှာ သူ မြင်တွေ့လိုက်ရသောအရာကြောင့် လုံးဝကို ဆွံ့အမှင်သက်နေရှာသည်။ သခင်ကြီးသုံးပါး ပြုလုပ်လိုက်သော ဦးညွှတ်မှုမှာ တပည့်တစ်ဦး၏ ဦးညွှတ်မှုမျိုး ဖြစ်နေလေ၏။

ဆိုလိုသည်မှာ သခင်ကြီးသုံးပါးက ယခုအခါ လုချင်းကို သူတို့၏ ဆရာအဖြစ် သတ်မှတ်လိုက်ကြပြီပင်။

သခင်ကြီးသုံးပါးကို အမြဲတစေ ရိုသေလေးစားလာခဲ့သော လင်းကျိယွဲ့အတွက် ဤအသိက သူ့ကို လုံးဝ တုန်လှုပ်သွားစေခဲ့ပါ၏။

...

ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် သခင်ကြီးသုံးပါးက သူတို့၏ အသစ်ရရှိထားသော သိမြင်နားလည်မှုများကို သဘောပေါက်စေရန် တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ကာ ထွက်ခွာသွားကြတော့သည်။ သူတို့၏ စိတ်အားထက်သန်မှုကို လုချင်းလည်း မြင်တွေ့နိုင်သဖြင့် သူတို့ကို နေရန် မတိုက်တွန်းတော့ပေ။

လင်းကျိယွဲ့လည်း ထွက်ခွာသွားပြီးနောက်၌ လုချင်းသည် ဂူထဲတွင် တည်ငြိမ်စွာဖြင့် နေရာယူလိုက်တော့၏။

ထို့နောက်တွင်တော့ သူ၏ အတွေးလေးတစ်ချက်ဖြင့် ရွှေဝိညာဉ်ပုလဲကို နောက်တစ်ကြိမ် ပြန်၍ထုတ်ယူလိုက်လေတော့သည်။

…

အခန်း ၄၆၆ ၊ အပိုင်း ၂ - တာအိုအကြောင်း ဆွေးနွေးခြင်းနှင့် လမ်းညွှန်မှုများ၊ မြင့်မြတ်သောတောင်တော်၏ ဖိတ်ကြားချက်

လုချင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်ကာ အတွင်းသို့ ဂရုတစိုက် စူးစမ်းကြည့်လိုက်သည်။ တတိယ သခင်ကြီးက မူလ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးထားပြီးဖြစ်သဖြင့် လုချင်းသည် ဓာတ်ကြီးငါးပါး ပုလဲပေါ်တွင် သူ၏ကိုယ်ပိုင်အမှတ်အသားကို လွယ်ကူစွာ ချန်ရစ်နိုင်ခဲ့ပြီး ၎င်းကို သန့်စင်နိုင်ခဲ့လေ၏။

ရွှေဝိညာဉ်ပုလဲက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် ၎င်းသည် စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ မျက်ခုံးနှစ်ခုကြားရှိ စွမ်းအင်အချက်အချာနေရာထဲသို့ ဝင်ရောက်သွားတော့သည်။ မကြာမီမှာပင် ၎င်းသည် စွမ်းအင်အချက်အချာနေရာ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားတော့လေ၏။

သို့သော် ပြီးခဲ့သည့်အကြိမ်က အလယ်ဗဟိုနေရာကို လုယူရန် ကြိုးစားခဲ့သော မီးဝိညာဉ်ပုလဲနှင့် မတူဘဲ ရွှေဝိညာဉ်ပုလဲ၏ အပြုအမူက ကွဲပြားခြားနားလှပေသည်။ ရောက်ရှိလာသည်နှင့် ၎င်းသည် နေရာအတွက် ယှဉ်ပြိုင်မည့်အစား လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်ခုအတိုင်း မြေကမ္ဘာဝိညာဉ်ပုလဲကို နာခံစွာ လှည့်ပတ်သွားလေ၏။ ၎င်းသည် နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် အလျဉ်းမရှိဘဲ မိမိ မှန်ကန်သည်ဟု ထင်သောအရာကိုသာ ပြုလုပ်သည့် မာနကြီးသော ဓားသမားတစ်ဦးနှင့် တူလှပေသည်။

ရွှေဝိညာဉ်ပုလဲ အကြိမ်အနည်းငယ် လှည့်ပတ်သွားသည်နှင့် ပုလဲသုံးလုံးကြားတွင် ထူးခြားသော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာတော့၏။ ရုတ်တရက် ကျန်ရှိနေသေးသော ဓာတ်ကြီးငါးပါး ပုလဲနှစ်လုံးနှင့် ပတ်သက်၍ လုချင်း၏ ခံစားသိရှိနိုင်စွမ်းမှာ များစွာ အားကောင်းလာခဲ့သည်။

ထို့ကြောင့် လုချင်းသည် မျက်လုံးများကို မှိတ်ကာ ၎င်းတို့ကို ဂရုတစိုက် ခံစားကြည့်လိုက်၏။

ထို့နောက်တွင် သူ၏ ရင်ထဲ၌ သိမြင်မှုတစ်ခု ပေါ်လာခဲ့လေ၏။

"ကျန်နေသေးတဲ့ ပုလဲနှစ်လုံးမှာ... သစ်ဝိညာဉ်ပုလဲက အနောက်ဘက်စွန်းမှာ ရှိနေပြီးတော့ ရေဝိညာဉ်ပုလဲက အရှေ့ပင်လယ်ထဲမှာ ရှိနေတာပဲ။ မြင့်မြတ်သောတောင်တော်က ကိစ္စတွေ ပြီးသွားတာနဲ့ အဲဒါတွေကို သွားယူရမယ်"

ဓာတ်ကြီးငါးပါး ပုလဲအားလုံး စုဆောင်းမိသွားပါက ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို လုချင်းမှာ လွန်စွာ မျှော်လင့်စောင့်စားနေမိပါ၏။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေသည် ပုံသဏ္ဌာန်မဲ့စွာဖြင့် ပြည့်စုံနေပြီး ဓာတ်ကြီးငါးပါးလုံး ပါဝင်နေလေသည်။ ထို့ကြောင့် ဤဓာတ်ကြီးငါးပါး ပုလဲများသည် သူနှင့် သဘာဝကျကျ အလွန်လိုက်ဖက်ညီနေလေ၏။

ထိုငါးခုလုံးကိုသာ စုဆောင်းမိပါက သူသည် အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း သူ ပြင်းပြစွာ ခံစားသိရှိနေမိသည်။

သူ၏ အတွေးများထဲတွင် အချိန်အတန်ကြာ ပျော်မွေ့ပြီးနောက်၌ လုချင်းက သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

ပြီးနောက်၌ ဆက်သွယ်ရေး အဆောင်တစ်ခုကို ထုတ်ယူကာ သူ၏ဆရာထံသို့ အခြေအနေများကို အကျဉ်းချုံး အသိပေးလိုက်ပြီး မြင့်မြတ်သောတောင်တော်တွင် အချိန်အတန်ကြာ နေရနိုင်ကြောင်းကိုလည်း ပြောပြလိုက်၏။

ထို့နောက်တွင်တော့ သူသည်လည်း ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။

မြင့်မြတ်သောတောင်တော်ပေါ်ရှိ ဂူထဲတွင် ဝိညာဉ်အရှိန်အဝါများက အလွန်တရာကိုမှ သိပ်သည်းနေသဖြင့် ၎င်းကို သူ အလဟဿ မဖြုန်းတီးနိုင်ပေ။

…

လုချင်းက မြင့်မြတ်သောတောင်တော်ပေါ်တွင် တံခါးပိတ်ကျင့်ကြံနေစဉ် အပြင်ဘက်လောကကြီးတွင်မူ မကြာသေးမီက လှုပ်ရှားမှုများကြောင့် တုန်လှုပ်ချောက်ချားနေလေ၏။

မြင့်မြတ်သောတောင်တော်မှ ဖိတ်ကြားချက်။

ကျုံးကျိုး၏ အဓိက ဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သော ငွေရောင်လမင်းဂိုဏ်း။

ဝိညာဉ်စွမ်းအင်များ ပြန်လည်မနိုးထမီကပင် ၎င်းသည် ကျုံးကျိုးအပေါ် ကြီးမားသော ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အလယ်ပိုင်းဒေသ၏ ကျယ်ပြောလှသော နယ်မြေများကို သိမ်းပိုက်ထားပြီး မြင့်မြတ်သောတောင်တော်မှလွဲ၍ ကျုံးကျိုးရှိ မည်သည့်အဖွဲ့အစည်းကိုမျှ မကြောက်ရွံ့ခဲ့ပေ။

ယခုအခါ လောကကြီးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး ပြန်လည်များပြားလာမှုနှင့်အတူ ဂိုဏ်းသည် ကြီးမားလှသော အရင်းအမြစ်များကို ရရှိခဲ့ပြီး အကြီးအကဲများစွာမှာလည်း အဆင့်သစ်များသို့ တက်လှမ်းနိုင်ခဲ့ကာ သူတို့၏ စွမ်းအားမှာလည်း များစွာ တိုးတက်လာခဲ့လေ၏။ အထူးသဖြင့် မကြာသေးမီကမှ သူတို့၏ အမြင့်ဆုံး အကြီးအကဲနှစ်ဦးသည် ကောင်းကင်အတိဒုက္ခများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ ခြေချနိုင်ခဲ့ကြသည်။

ထို့ကြောင့် မြင့်မြတ်သောတောင်တော်အပေါ် သူတို့၏ သဘောထားမှာ အနည်းငယ် ဝေခွဲမရဖြစ်လာခဲ့တော့၏။

သို့ဖြစ်၍ မြင့်မြတ်သောတောင်တော်မှ သံတမန်များ ငွေရောင်လမင်းဂိုဏ်း၏ ခန်းမဆောင်ထဲသို့ ရောက်ရှိလာသောအခါ၌ ဂိုဏ်းချုပ်၏ မျက်နှာထားတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သံတမန်ခေါင်းဆောင်က ရှေ့သို့ထွက်လာကာ လေးနက်စွာ ပြောလိုက်သည်။

"သခင်ကြီးသုံးပါးက ညီလာခံတစ်ခုကို ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်ဗျ။ လောကရဲ့ အဓိက ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းအားလုံးကို နောက်တစ်လကျ မြို့တော်မြတ်မှာ စုဝေးပြီး လောကရဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်ဗျ"

ငွေရောင်လမင်းဂိုဏ်းချုပ်က မျက်ခုံးပင့်လိုက်သည်။ "ညီလာခံ ဟုတ်လား"

"ဟုတ်ပါတယ်ဗျ။ သခင်ကြီးသုံးပါးက ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာတဲ့နောက်ပိုင်းမှာ ဖြစ်လာတဲ့ ပရမ်းပတာအခြေအနေတွေ၊ ပဋိပက္ခတွေနဲ့ သာမန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မြင်ရကြားနေရတော့ စည်းကမ်းနဲ့ တည်ငြိမ်မှုကို ထပ်ပြီးတည်ဆောက်ချင်လို့ပါဗျ"

"ပြီးတော့ ပျက်စီးဆုံးရှုံးမှုအကြီးကြီးတွေနဲ့ မလိုအပ်တဲ့သွေးထွက်သံယိုဖြစ်တာတွေကို တားဆီးချင်လို့ပါဗျ"

"ဒါက ဖိတ်စာပါ။ သခင်ကြီးသုံးပါးလုံးရဲ့ စိတ်ဝိညာဉ်အမှတ်အသားတွေ ပါပါတယ်ဗျ။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ ဂိုဏ်းချုပ် ဆု"

အဖြူရောင်ဝတ်ရုံနှင့် သံတမန်က ရွှေရောင်ဖိတ်စာတစ်ခုကို လေးနက်စွာဖြင့် ကမ်းပေးလိုက်သည်။

ငွေရောင်လမင်းဂိုဏ်းချုပ်က သူ၏လက်စွပ်ကို တစ်ချက်ခါလိုက်ရာ ရွှေရောင်ဖိတ်စာက မမြင်ရသော စွမ်းအားတစ်ခု၏ တုံ့ပြန်မှုဖြင့် သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာလေသည်။

ဖိတ်စာကို ဖွင့်လိုက်သည်နှင့် မှေးမှိန်သော်လည်း လွှမ်းမိုးနိုင်လွန်းလှသော ဖိအားတစ်ခုက စာထဲမှ ထွက်ပေါ်လာရာ သူ၏ နှလုံးသားကို တစ်ချက်ခုန်သွားစေခဲ့၏။ ဖိတ်စာ၏ အောက်ခြေတွင် မတူညီသော စိတ်ဝိညာဉ် အမှတ်အသားသုံးခုက မှေးမှိန်စွာ တောက်ပနေချေသည်။

သူတို့၏ အကြောင်းအရာများမှာ သံတမန်၏ စကားများနှင့် ကိုက်ညီနေပေ၏။

ဂိုဏ်းချုပ်က အမှတ်အသားသုံးခုကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်ပြီးနောက် မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ ထို့နောက်၌ သူက အပေါ်သို့ မော့ကြည့်ကာ ပြုံးလိုက်သည်။ "သခင်ကြီးသုံးပါးကို ကျုပ်ရဲ့ ကျေးဇူးတင်စကားပါးပေးပါ။ ငွေရောင်လမင်းဂိုဏ်းက ညီလာခံကို သတ်မှတ်ထားတဲ့အချိန်အတိုင်း သေချာပေါက် တက်ရောက်ပါ့မယ်ဗျ"

အဖြူရောင်ဝတ်ရုံနှင့် သံတမန်က ခေါင်းညိတ်လိုက်၏။ "ဖိတ်စာ ပို့ပြီးပြီဆိုတော့ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦးဗျ။ သွားရမယ့် ဂိုဏ်းတွေ အများကြီး ကျန်သေးလို့ပါ"

မြင့်မြတ်သောတောင်တော် သံတမန်များ ထွက်ခွာသွားသည်နှင့် ငွေရောင်လမင်းဂိုဏ်းချုပ်၏ မျက်နှာထားက လေးနက်သွားတော့သည်။ ဖိတ်စာကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်၌ သူက စကားစလိုက်၏။ "ပထမ အကြီးအကဲ၊ ဒုတိယ အကြီးအကဲ... ဒီကိစ္စကို ခင်ဗျားတို့ကော ဘယ်လိုထင်လဲ"

ရုတ်ချည်းပင် သူ့ဘေး၌ လူနှစ်ဦး ပေါ်လာလေသည်။ သူတို့ထဲမှ တစ်ဦးက ဖိတ်စာကို ယူကာ သေသေချာချာ လေ့လာကြည့်ရှုလိုက်ပြီးနောက် စိတ်ဝိညာဉ် အမှတ်အသားသုံးခုကို အာရုံစိုက်လိုက်သည်။

ခဏအကြာတွင် သူက သက်ပြင်းချလိုက်၏။ "အဲဒီမိစ္ဆာအိုကြီးသုံးကောင်က မြင့်မြတ်သောတောင်တော်ကို နှစ်ပေါင်းတစ်ထောင်တောင် အုပ်စိုးလာခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ သူတို့ရဲ့ စွမ်းအားက ငါ့ထက် အတော်လေးကို သာလွန်နေတယ်လေ"

အခြား အကြီးအကဲတစ်ဦးကလည်း ၎င်းကို လေ့လာကြည့်ရှုပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကျန်တဲ့နှစ်ယောက်ကလည်း အစွမ်းထက်တယ်။ ဒါပေမဲ့ ပထမ သခင်ကြီးကတော့ တော်တော့်ကို ကြောက်စရာကောင်းတယ်လေ။ သူ့ရဲ့ စွမ်းအားက ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို သိမ်သိမ်မွေ့မွေ့နဲ့ လှုပ်ရှားနေစေတယ်။ အဲ့ဒါက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့ထက် အများကြီးသာတယ်ဆိုတာ ပြနေသလိုပဲ"

ငွေရောင်လမင်းဂိုဏ်းချုပ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ "ပထမ သခင်ကြီးက အဲဒီလောက်တောင် အစွမ်းထက်တာလား"

သူသည် အတိဒုက္ခကို ကျော်ဖြတ်ကာ ရွှေအမြုတေအဆင့်သို့ မရောက်ရှိသေးသဖြင့် စိတ်ဝိညာဉ် အမှတ်အသားများ၏ ကြီးမားလှသော စွမ်းအားကို ခံစားသိရှိနိုင်သော်လည်း ၎င်းတို့၏ သိမ်မွေ့သော ကွဲပြားမှုများကိုတော့ အပြည့်အဝ မခွဲခြားနိုင်သေးပေ။

ထို့ကြောင့် ပထမ သခင်ကြီးနှင့် ပတ်သက်၍ အကြီးအကဲများ၏ သုံးသပ်ချက်ကို ကြားသောအခါ၌ သူ အံ့အားသင့်သွားရသည်။

"ဒီခေတ်သစ်မှာ ရွှေအမြုတေအဆင့်ကို ပထမဆုံး တက်လှမ်းနိုင်ခဲ့သူပီပီ သူ့ကို တကယ်ပဲ အထင်သေးလို့ မရဘူးကွ" ပထမ အကြီးအကဲက နက်ရှိုင်းစွာ သက်ပြင်းချလိုက်၏။

ဂိုဏ်းချုပ်က တွေဝေသွားသည်။ "ဒါဆိုရင် ကျုပ်တို့ ဒီညီလာခံကို တက်ရောက်သင့်လားဗျ"

"တက်ရမှာပေါ့ကွ" ပထမ အကြီးအကဲက ပြန်ဖြေလိုက်သည်။ "ဒီမိစ္ဆာအိုကြီးသုံးကောင် ဘာတွေကြံစည်နေလဲဆိုတာ ငါတို့ကိုယ်တိုင် သွားကြည့်ကြတာပေါ့"

…

ငွေရောင်လမင်းဂိုဏ်း၏ ချင့်ချိန်စဉ်းစားသော တုံ့ပြန်မှုနှင့် မတူဘဲ ကျုံးကျိုး၏ အခြားထင်ရှားသော ဂိုဏ်းတစ်ခုဖြစ်သည့် ကွေ့ယွမ်ဂိုဏ်းကတော့ ပေါ်ပေါ်တင်တင်ပင် လှောင်ပြောင်ရှုတ်ချစွာ တုံ့ပြန်ခဲ့လေသည်။ သူတို့၏ ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ထဲတွင် အကြီးအကဲများစွာက ဖိတ်စာကို ဖတ်ရင်း သရော်လိုက်ကြ၏။

"လောကရဲ့ စည်းကမ်းကို ပြန်ပြီးတည်ဆောက်ဖို့အတွက် ညီလာခံလုပ်မယ်တဲ့လား"

"အဲဒီ မိစ္ဆာအိုကြီးသုံးကောင်က လောကကြီးကို သူတို့ပိုင်တယ်လို့ပဲ ထင်နေတုန်းပဲလား။ ဒီခေတ်သစ်ရဲ့ စည်းကမ်းတွေကို သူတို့ ချမှတ်နိုင်ဦးမယ်လို့ တကယ်ကြီး ယုံကြည်နေသေးတာလား"

"သူတို့က မြင့်မြတ်သောတောင်တော်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရှေးဟောင်းပစ္စည်းတွေပဲလေ။ ရွှေအမြုတေအဆင့်ကို သူတို့ ရောက်နေတယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ။ သူတို့က ငါတို့ကို အုပ်စိုးနိုင်သေးတယ်လို့ ထင်နေတာလား"

"ဟမ့်... ဒီလောကကြီးက ပြောင်းလဲသွားပြီဆိုတာကို ပြပေးရတာပေါ့။ နောက်ဆုံးတော့ သူတို့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီပဲ။"

"ဒီညီလာခံက အခွင့်အရေးတစ်ခုပဲ။ ကွေ့ယွမ်ဂိုဏ်းက လောကကြီးကို ထိန်းချုပ်ဖို့ အချိန်ကျပြီကွ။"

…

တစ်ချိန်တည်းမှာပင် အနောက်ပြည်နယ်ရှိ ချင်းယန်ဘုရားကျောင်း၏ တိတ်ဆိတ်အေးချမ်းသော ခန်းမဆောင်များအတွင်းတွင်မူ အသက်အရွယ်ကြီးရင့်သော တာအိုဆရာများစွာက ရွှေရောင်ဖိတ်စာကို တိတ်ဆိတ်စွာ တွေးတောလျက် အကဲခတ်နေကြသည်။

"သခင်ကြီးသုံးပါးက လောကရဲ့ စည်းကမ်းကို ပြန်ပြီးပုံဖော်ဖို့ ရည်မှန်းချက် ရှိနေတာလား"

"ဒါပေမဲ့ သူတို့က မြင့်မြတ်သောတောင်တော်ကနေ ထွက်ခွာလို့မရဘူးလေ... ဒီလိုလုပ်ရပ်မျိုးကြောင့် သူတို့ရဲ့ နာမည်ကောင်း ပျက်စီးသွားမှာကို မကြောက်ကြဘူးလား"

"သူတို့က သေချာ မစဉ်းစားဘဲနဲ့တော့ လှုပ်ရှားမယ့်သူတွေ မဟုတ်ဘူး။ သူတို့မှာ အားကိုးစရာ တစ်ခုခုတော့ ရှိရမယ်"

"စိတ်ဝင်စားစရာပဲ... သူတို့ကို ဒီလောက် ယုံကြည်မှုပေးထားတာ ဘာလဲဆိုတာ သိချင်မိသား"

"ဒီလိုဆိုမှတော့လည်း ငါတို့တွေ ညီလာခံကိုတက်ရောက်ပြီး ရှာကြည့်ကြတာပေါ့။ လောကကြီးက တကယ့်ကို ပရမ်းပတာ ဖြစ်လာနေပြီဆိုတော့ ဟန်ချက်ညီမှုကို ပြန်ပြီးထိန်းသိမ်းဖို့ အချိန်တန်ပြီ ထင်ပါရဲ့"

………..

All Chapters