← Chapters

သွေးပဲစေ့များပြန်လည်ရယူခြင်း (၁)

Vol. 58 Ch. 996

သွေးပဲစေ့များပြန်လည်ရယူခြင်း (၁)

Vol. 58 Ch. 996

လင်းရှန်အနေဖြင့် ယန္တရားစွမ်းအားကြောင့် ရရှိလာသော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ကိုယ်ကျခံစားလိုက်ရသည်။ ယခုရရှိလိုက်သည့် တုန်ခါမှုသည် ဆွဲငင်အားမှန်ဘီလူးကို စတင်အသုံးပြုစဉ်က ခံစားချက်ထက်ပင် သာလွန်နေသေးသည်။

ထိုအခိုက်အတန့်တွင် သူကိုယ်တိုင်ပင် ဟိုင်ပိုလုံအမြောက်ကို ပစ်ခတ်လိုက်ရသကဲ့သို့ ခံစားနေရသည်။ ကွာခြားချက်မှာ အာကာသအခြေစိုက်လက်နက်တစ်ခု၏ စွမ်းအင်ထုတ်လွှတ်မှုမှာ ခဏတာမျှသာဖြစ်သော်လည်း လင်းရှန်သည် အနည်းဆုံး တစ်စက္ကန့်ခန့် ထိန်းထားနိုင်ခြင်းပင် ဖြစ်သည်။ ထိုတစ်စက္ကန့်ကို အထင်မသေးသင့်ပေ၊၊ စူပါစထရင်း နူဓာတ်ပြုအဆင့်၏ စွမ်းအင်တုန်ခါမှု တန်ဖိုး ၃၀,၀၀၀ အထိရှိသော လင်းရှန်ကိုပင် အားကုန်ခန်းလုနီးပါးဖြစ်စေခဲ့သည်။ သို့သော် ပေးဆပ်လိုက်ရသည့်တန်ဖိုးနှင့်အညီ ရလဒ်မှာလည်း အံ့မခန်းပင်။

အနည်းဆုံးတော့ ပင်လယ်ဝဲဂယက်အတွင်းရှိ ရန်သူများကို အမြစ်ပြတ်ချေမှုန်းမည့် လင်းရှန်၏ အကြံအစည်အောင်မြင်ခဲ့သည်။

လင်းရှန်၏ စူပါအလင်းယိုင်ဓားချက် တစ်ချက်အပြီးတွင် ပင်လယ်ပြင်တစ်ခုလုံးရှိ သန္ဓေပြောင်းမွန်းစတားကြီးများမှာ အကုန်အစင်သုတ်သင်ခြင်းခံလိုက်ရသည်။ သန္ဓေပြောင်းမွန်းစတားများ၏ အကြွင်းအကျန်များမှ အနက်ရောင်မြူများ တရစပ်ထွက်ပေါ်နေပြီး ဆူပွက်နေသော ပင်လယ်ပြင်မှာလည်း တဖြည်းဖြည်းငြိမ်သက်သွားကာ လူတိုင်းပေါ်ရှိ အမှတ်အသားများလည်း ပျောက်ကွယ်သွားတော့သည်။

ဆုတ်ခွာသွားသော သန္ဓေပြောင်းမွန်းစတားများကို ကြည့်ရင်း လူပေါင်းများစွာ၏ အကြည့်တို့သည် လင်းရှန်ထံသို့ စုပြုံရောက်ရှိလာသည်။

“ဟူး...”

လင်းရှန် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်သည်။ ကြီးမားသော စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရသဖြင့် သူ၏ စိတ်စွမ်းအားများ လုံးဝခန်းခြောက်သွားသကဲ့သို့ ခံစားနေရသည်။

စူပါစထရင်းနူဓာတ်ပြုအဆင့် သက်တန့်ကွင်းသုံးကွင်း၏ အထောက်အပံ့ဖြင့် လင်းရှန်သည် သာလွန်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော်ငြားလည်း သူ၏ စိတ်စွမ်းအားပင် ကုန်ခန်းလုနီးပါးဖြစ်သွားရသည်။ စူပါအလင်းယိုင်ဓား၏ အစွမ်းမှာ သိသာထင်ရှားလှပေသည်။

အန္တရာယ်များသော်လည်း ရလဒ်မှာ ထူးခြားပြောင်မြောက်လှသည်။

တောင်ဘက်ကောင်းကင်ဂိတ်အပြင် ထူးဆန်းသည့် သတ္တဝါများကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်သော စွမ်းရည်တစ်ခုကို လင်းရှန် ပိုင်ဆိုင်ထားခဲ့လေပြီ၊၊

လင်းရှန်သည် စွမ်းအားဝတ်စုံကို ထိန်းချုပ်ကာ မြေပြင်သို့ ဆင်းသက်လိုက်သည်။ သူ မြေပြင်ပေါ် ခြေချလိုက်သည်နှင့် ရိုင်ယန်က ပတ်ဝန်းကျင်ရှိ ဆူပွက်နေသော အနက်ရောင်မီးခိုးများကို ကြည့်ကာ လင်းရှန်ကို လှမ်းပြောလိုက်သည်။

“ကပ္ပတိန်လင်း”

“မင်းရဲ့ ကြေးနီလုံးကို သုံးပြီး သွေးပဲစေ့တွေကို မြန်မြန်သိမ်းလိုက်… အလဟဿမဖြစ်စေနဲ့”

လင်းရှန်က အပိုစကားမပြောဘဲ အဓိကအချက်ကိုသာ ပြတ်ပြတ်သားသားပြောလိုက်သည်။

လင်းရှန်၏ စကားကို ကြားသောအခါ ရိုင်ယန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး နောက်က အဲရစ်ကာကို အမိန့်ပေးလိုက်သည်။

“အမြန်လေး”

အဲရစ်ကာက ရှုပ်ထွေးသောအကြည့်များဖြင့် လင်းရှန်ကို ကြည့်နေသည်။ ယခင်က မာနကြီးနေသော အမူအရာများမှာ လုံးဝပျောက်ကွယ်သွားပြီးနောက် ခေါင်းငုံ့ကာ အဖွဲ့ဝင်နှစ်ယောက်နှင့်အတူ ထိုထူးဆန်းသော တားမြစ်ပစ္စည်းကို ထုတ်ယူကာ စတင်အလုပ်လုပ်လိုက်သည်။

သူမက ခဲသေတ္တာကို ဖွင့်လိုက်ပြီးနောက် အဖွဲ့ဝင်များ၏ အကူအညီဖြင့် ထိုကြေးနီလုံးကို ဒီဇိုင်းဆန်းဒရုန်းတစ်ခုပေါ်သို့ တင်လိုက်သည်။ ဒရုန်းက ချက်ချင်းပင် ပျံတက်သွားပြီး ပင်လယ်ပြင်ထက်ရှိ သန္ဓေပြောင်းမွန်းစတားကြီးများ၏ အလောင်းများနှင့် အနက်ရောင်မြူများပေါ်တွင် လွင့်မျောနေသည်။

လင်းရှန် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ ထိုဒရုန်းသည် ဆွဲငင်အားမှန်ဘီလူးကဲ့သို့ ဝါးမျိုနိုင်သော အစွမ်းရှိပုံရပြီး အနက်ရောင်မြူများကို အဆက်မပြတ်စုပ်ယူနေသည်။ တစ်ချိန်တည်းမှာပင် သွေးပဲစေ့ အကြီးအသေးများသည် ပင်လယ်ရေထဲမှ ပျံတတ်လာပြီး ဒရုန်းထံသို့ စုပ်ယူခြင်း ခံနေရသည်။

ဒါက စစ်မြေပြင်မှာ ပစ္စည်းလိုက်ကောက်ဖို့ တကယ်ကို အသုံးဝင်တဲ့အရာပဲ။

လင်းရှန်၏ စိတ်ထဲတွင် အံ့ဩမှုများဖြစ်ပေါ်လာသည်။ ဤအရာသည် သွေးကပ်ဘေးပန်းကဲ့သို့ အနက်ရောင်မြူများကို စုပ်ယူနိုင်သည့်အပြင် သွေးပဲစေ့များများကိုပါ တိုက်ရိုက်ထုတ်ယူနိုင်စွမ်းရှိသည်။ အကယ်၍ အာရုဏ်ဦးမြို့တော် တိုက်ပွဲတုန်းကသာ ဤအရာရှိခဲ့လျှင် လူသားများအနေဖြင့် အကျိုးအမြတ်များစွာရရှိရုံသာမက S-Class အဆင့်ရှိသည့် ဖုတ်ကောင်သိုးထိန်း၏ အမှောင်စွမ်းအင်ကို စုပ်ယူကာ ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုလည်း အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။

“ကပ္ပတိန်လင်း… ဒီတစ်ခေါက် မင်းသာမရှိရင် ငါတို့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ”

ရိုင်ယန်က လင်းရှန်ကို ပထမဆုံးစကားပြောလာသည်၊၊

သူ့နောက်က ပင်လယ်လင်းယုန်အဖွဲ့သားများ အားလုံးသည်လည်း ဘေးဒုက္ခမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသည့် အမူအရာများ ရှိနေကြသည်။ ဗန်နက်ဆာနှင့် အခြားသူများကလည်း လင်းရှန်ကို ငေးကြည့်နေကြသည်။

“ကပ္ပတိန်လင်း… နင့်ရဲ့ စွမ်းအားတန်ဖိုးက သာလွန်အဆင့်အထိ ရောက်နေမှန်း ငါတို့ မသိခဲ့ဘူး။ ‌ဝဲဂယက်ထဲက သတ္တဝါကို နှိမ်နင်းနိုင်ရင် အမှတ်အသားတွေပျောက်သွားမယ်ဆိုတာ နင်သိနေတာလား”

လင်းရှန်က တည်ငြိမ်စွာပင် ခေါင်းခါပြလိုက်သည်၊၊

“ဒီသန္ဓေပြောင်းမွန်းစတားတွေက ဘယ်အဆင့်ပဲဖြစ်ဖြစ်၊ နယ်မြေတစ်ခုအတွင်းမှာ နယ်မြေအုပ်စိုးမှုရှိတဲ့ တည်ရှိမှုတစ်ခု ရှိနေစမြဲပဲ။ ဒီသက်ရောက်မှုက အဓိကအားဖြင့် အမှောင်စွမ်းအင်စုပ်ယူမှုကို ပြသလေ့ရှိတယ်။ စောစောက ငါတို့ တိုက်ခိုက်နေတုန်းမှာ အမှောင်စွမ်းအင်တွေ အားလုံးက ဝဲဂယက်ထဲကို စီးဝင်သွားတယ်။ ဒါကြောင့် တခြားသတ္တဝါတွေကို ရင်ဆိုင်ရင်း အဲဒီအရာကိုပါ ရှင်းပစ်ဖို့ လိုအပ်ခဲ့တာပဲ”

ဒါက အာရုဏ်ဦးမြို့တော်တိုက်ပွဲကနေ ရလာတဲ့ သင်ခန်းစာတစ်ခုလည်းဖြစ်သည်။ လက်ရှိအခြေအနေအရ သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့သည်။ သို့သော် အဓိကအချက်မှာ သူ၏ နတ်ဘုရားဓား(စူပါအလင်းယိုင်ဓား)၏ စွမ်းအားမှာ အံ့မခန်းဖြစ်နေသောကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ဤမျှ တိုတောင်းသော အချိန်အတွင်း ထိုကဲ့သို့ ရလဒ်မျိုး ရရှိရန် ခက်ခဲပေလိမ့်မည်။

“ကပ္ပတိန်လင်းက ကောင်းကင်နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပဲ… ဓားတစ်ချက်တည်းနဲ့ မိစ္ဆာတွေကို အကုန်ရှင်းပစ်နိုင်တယ်။ တကယ်ကို အစွမ်းထက်တာပဲ… ဓားကိုင်ဆောင်သူဆိုတဲ့ နာမည်က မဆန်းတော့ပါဘူး”

“ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားမျိုးနဲ့ဆိုရင် S-Class အဆင့် ထူးဆန်းတဲ့ သတ္တဝါတွေကိုတောင် ယှဉ်နိုင်မှာပဲ မဟုတ်လား”

“ကပ္ပတိန်လင်းက ဖုတ်ကောင်သိုးထိန်းကို တကယ်နှိမ်နင်းခဲ့တယ်ဆိုတာ အခုတော့ ငါယုံသွားပြီ၊၊ တကယ်ကို လေးစားစရာပဲ”

လင်းယုန်အဖွဲ့သားများက အံ့ဩတကြီးချီးကျူးနေကြသည်။

ရိုင်ယန်က သက်ပြင်းတစ်ချက်ကို လေးလံစွာချလိုက်ပြီး “ကပ္ပတိန်လင်း… ကျေးဇူးတင်ပါတယ်”

အက်ဇ်လန်နှင့် ဂေဒီတို့၏ မျက်နှာတွင်လည်း ကျေးဇူးတင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

လင်းရှန်က ခေါင်းကိုသာ ခပ်အေးအေးခါယမ်းပြလိုက်သည်၊၊

“အစောကြီး ဝမ်းမသာကြပါနဲ့ဦး”

ထို့နောက် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

“အခုက မွန်းတည့်ချိန်ပဲ ရှိသေးတယ်။ နေ့အလင်းရောင် ရောက်နေတာတောင် ဒီအဆင့်မြင့် ထူးဆန်းတဲ့ သတ္တဝါတွေက အမှတ်အသားတွေကြောင့် ရူးသွပ်နေကြပြီ။ ဒါက နိမိတ်ကောင်းမဟုတ်ဘူး။ ဒီသတ္တဝါတွေက နေ့ဘက်မှာပါ အုပ်စုလိုက်ထွက်လာနိုင်နေပြီဆိုရင် လူသားတွေ တိုးတက်လာတာထက် သူတို့က ဒီကမ္ဘာကြီးနဲ့ ပိုပြီး အလျင်အမြန်အသားကျလာနေပြီဆိုတဲ့ သဘောပဲ”

ရိုင်ယန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်၊၊

“တကယ်ကို ထူးဆန်းလွန်းတယ်။ နေ့ခင်းကြောင်တောင်မှာ ဒီလောက်အထိ အကြီးအကျယ်တိုက်ခိုက်ခံရတာမျိုး တစ်ခါမှမကြုံဖူးဘူး”

“နောက်ပြီးတော့” ကီကီက ဝင်ပြောလိုက်သည်။

“ဒီကျွန်းက ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အစွန်းမှာပဲ ရှိသေးတာ။ ဒီပင်လယ်ပြင်တစ်ခုတည်းမှာတောင် ဒီလောက်ရှိနေရင် ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ပတ်ပတ်လည် ပင်လယ်အောက်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာတွေ ပုန်းအောင်းနေမလဲဆိုတာ မှန်းဆလို့ ရတယ်။ ဒါက သတ္တဝါတွေ စုဝေးရာနေရာပဲ။ ဒီအခြေအနေမှာ ကျွန်မတို့ ဘယ်လိုထွက်ခွာမလဲ… ဒါမှမဟုတ် ဒီညကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာကမှ တကယ့်ပြဿနာပဲ။ ဂါလန်မီးတောင်ကိစ္စက အခုချိန်မှာ အရေးအကြီးဆုံးမဟုတ်တော့ဘူး”

လင်းရှန်လည်း ကီကီ၏စကားကို ကြားသောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမပြောသွားသည်မှာ သူအစိုးရိမ်ဆုံးအချက်ပင် ဖြစ်၏။ အချိန်တိုအတွင်း သတ္တဝါများ၏ တိုက်ခိုက်မှုအတိုင်းအတာနှင့် အရှိန်အဟုန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှပြီး ၎င်းမှာ နေ့ခင်းဘက်တွင်ပင် ဖြစ်နေသေးသည်။ ဤသတ္တဝါများ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ဇီဝစွမ်းအားမှာ ညဘက်တွင်တွေ့ရသည့်အရာများနှင့် ကွာခြားနေကြောင်း သူရှင်းလင်းစွာ ခံစားနေရ၏။ ယခုကဲ့သို့ မကြုံစဖူးအတိုင်းအတာမျိုးနှင့်သာဆိုလျှင် ညဘက်တွင် ၎င်းတို့နှင့် ရင်ဆိုင်ရပါက မည်မျှအထိ ခက်ခဲမည်ကို သူမှန်းဆ၍ပင် မရနိုင်တော့ချေ။

သူသည် ကောင်းကင်အမိုးခုံးရထားကို အသုံးပြု၍ ပင်လယ်ကို မည်သို့ဖြတ်ကျော်ရမည့်အကြောင်း အစောပိုင်းက စဉ်းစားနေခဲ့သော်လည်း ယခုမူ ထိုအကြံမှာပင် အလွန်အန္တရာယ်ကြီးနေပုံရသည်။

အဖွဲ့၏အင်အားနှင့် ကောင်းကင်အမိုးခုံးရထား၏ ရွှေ့လျားနိုင်စွမ်းတို့ရှိလျှင် လေထုထဲရှိ သတ္တဝါများနှင့် ရင်ဆိုင်ရပါကပင် တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်ဟု လင်းရှန် အစက ယုံကြည်ထားခဲ့သည်။ သို့သော် အထူးအဆင့် တစ္ဆေငါးလိပ်ကျောက်ကြီးနှစ်ကောင်ပေါ်လာပြီးနောက်တွင်မူ လင်းရှန်သည် ဤအကြံကို လက်လွှတ်လိုက်ရသည်။

သူသည် ကောင်းကင်ရှိ မိုးတိမ်များ၊ လျှပ်စီးသံများနှင့် လှိုင်းတံပိုးများကို ကြည့်လိုက်သည်။ ယခုအချိန်အထိ အထူးအဆင့်ဆိုသည်မှာ S-Class နီးပါးတူညီပြီး တွေ့ရခဲသော ဧရာမသတ္တဝါကြီးများ အမျိုးအစားတွင်ပါဝင်သည်။ သို့သော် ဤနေရာတွင်မူ မော့ကြည့်လိုက်ရုံဖြင့် နှစ်ကောင်တောင် တွေ့လိုက်ရသည်။ ထိုကဲ့သို့သော သတ္တဝါများက အဆင့် ၄ အမှတ်အသားကို အလွယ်တကူသတ်မှတ်နိုင်ပြီး အတင်းဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

All Chapters