← Chapters

ဆူပွက်မှတ် (၂)

Vol. 58 Ch. 1004

ဆူပွက်မှတ် (၂)

Vol. 58 Ch. 1004

“ခရမ်းချဉ်၊ အာလူးတို့လို အပင်မျိုးနွယ်တွေက စကိုပိုလိုင်မင်လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုကို ထုတ်လုပ်နိုင်တယ်၊၊ အဲဒါက စိတ်အာရုံချောက်ချားပြီး စိတ်လှုပ်ရှားတာ၊ စိတ်ရှုပ်ထွေးတာနဲ့ အချိန်နဲ့ တည်နေရာခံစားမှုကို ဝေဝါးသွားစေနိုင်တယ်။ အရင်တုန်းကတော့ အဲဒါကို မေ့ဆေးအဖြစ်သုံးခဲ့ကြပေမဲ့ ပမာဏလွန်ကဲသွားရင် သတိမေ့မြောတာ ဒါမှမဟုတ် သေဆုံးတဲ့အထိဖြစ်သွားနိုင်တယ်”

တင်းကျန်းရီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“အခုတလော ကျွန်မ သန္ဓေပြောင်းသတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို လေ့လာနေတယ်။ ဒီလိုဇီဝစွမ်းအင်ဒိုင်းက စွမ်းအားရှင်တွေရဲ့ စွမ်းရည်မျိုးနဲ့ မတူဘူး၊၊ သူတို့ရဲ့ ဒီအန်အေထဲမှာ မြှုပ်နှံထားတဲ့ ဆင့်ကဲပြောင်းလဲမှုပရိုဂရမ်တစ်ခုနဲ့ ပိုတူတယ်။ သူတို့က မွေးရာပါ ပိုင်ဆိုင်ထားကြသလိုပဲ ဒါပေမဲ့ ကျွန်မတို့သိထားတဲ့အတိုင်း အဲဒီသာမန်သန္ဓေပြောင်းမွန်းစတားတွေက တကယ့်သက်ရှိပုံစံတွေ မဟုတ်ကြဘူး၊၊ ဖန်တီးထားတဲ့ သက်ရှိလက်နက်ကိရိယာတွေပဲ”

လင်းရှန်က ထိုစကားကြောင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။

“အဲဒီနှစ်ခုကြားမှာ ဘာဆက်စပ်မှုရှိလို့လဲ”

တင်းကျန်းရီက ဆက်ပြောသည်။

“ကျွန်မတို့ စီလန်မြို့မှာ ရှိတုန်းက ဘာလို့ အဲဒီ S-Class မွန်းစတားတစ်ကောင်တည်းမှာပဲ အဲဒီလို ဇီဝစွမ်းအင်ဒိုင်းရှိခဲ့ပြီး အခုကျမှ သာမန်အကျဆုံး သန္ဓေပြောင်းမွန်းစတားတွေမှာပါ ရှိနေရတာလဲဆိုတာကို ရှင်မသိချင်ဘူးလား… ဘာက သူတို့ကို အဲဒီလို စွမ်းရည်တွေ ရလာစေတာလဲ”

“မွန်းစတားတွေက ဆင့်ကဲပြောင်းလဲနေတာလို့ ငါထင်ထားတာ” လင်းရှန်က ပြောလိုက်သည်။

တင်းကျန်းရီက ခေါင်းခါပြသည်။

“အမှောင်သတ္တဝါတွေက ဆင့်ကဲပြောင်းလဲနိုင်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်နေနိုင်တာကို ကျွန်မတို့ တကယ်ပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်၊၊ ဒါပေမဲ့ အယူအဆအမှားတစ်ခုရှိနေတယ်။ ဥပမာအားဖြင့် နှင်းလွှာအောက်မှာ နှင်းတစ္ဆေတွေပဲ နေထိုင်နိုင်ပြီး ကင်းခြေများတွေက ပင်လယ်ကျောက်ဆောင်ကျွန်းမှာ နေ့ခင်းဘက် လှည့်လည်သွားလာနိုင်ကြတယ်။ ဒါပေမဲ့ နေ့ခင်းဘက်ကြီး လှည့်လည်နေတဲ့ မြူခိုးပင့်ကူတွေကို မတွေ့ရသလို နှင်းထဲမှာ မြေတီကောင်တွေကိုလည်း မတွေ့ရဘူး၊၊ ရှင် ကျွန်မပြောတာကို သဘောပေါက်ရဲ့လား”

လင်းရှန်သည် တင်းကျန်းရီ၏ စကားကို ကြားပြီး မျက်မှောင်ကြုတ်ကာ အတွေးနက်သွားခဲ့ပြီး သူမကို လာရှာသည့် အကြောင်းရင်းကိုပင် ခဏမျှ မေ့လျော့သွားသည်။

သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ တင်းကျန်းရီက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကျွန်မရဲ့ သီအိုရီအရဆိုရင် ဒီဆင့်ကဲပြောင်းလဲမှုက ရေအောက်ပိုင်းကနေတက်လာတာမဟုတ်ဘဲ… ရေညာဘက် အထက်ပိုင်းကနေ ဆင်းလာတာပဲ။ ဆိုလိုတာက သန္ဓေပြောင်းမွန်းစတားတွေကို ဖန်တီးတဲ့ အဲဒီစဥ်းစားဉာဏ်ရှိတဲ့ သက်ရှိတွေ ဒါမှမဟုတ် အမှောင်ယဉ်ကျေးမှုရဲ့ အဆင့်မြင့်သက်ရှိတွေက အမြဲတမ်းသင်ယူနေကြတယ်… ဆင့်ကဲပြောင်းလဲနေကြတယ်… ပြုပြင်နေကြတယ်… ပြီးတော့ အချို့သော ဒီအန်အေစုစည်းမှုတွေကတစ်ဆင့် သန္ဓေပြောင်းသတ္တဝါအသစ်တွေကို ဆင့်ကဲပြောင်းလဲမှု စွမ်းအားတွေ ပေးအပ်နေကြတာပဲ။ သာမန်သန္ဓေပြောင်းမွန်းစတားတွေက မွေးရာပါ ဒီလိုယန္တရားမျိုးပိုင်ဆိုင်ထားကြတာ မဟုတ်ဘူး”

လင်းရှန် အံ့အားသင့်သွားခဲ့သည်။

“ငါ သဘောပေါက်သွားပြီ။ ဒါဆို အဲဒါက မင်းစောစောက ပြောတဲ့အရာနဲ့ ဆက်စပ်နေတာပေါ့...”

“စကိုပိုလိုင်မင်”

“ဟုတ်တယ်”

“ကျွန်မပြောချင်တာက အမှောင်ယဉ်ကျေးမှုက ကျွန်မတို့ စိတ်ကူးထားတာနဲ့ လုံးဝ ကွဲပြားခြားနားနေနိုင်တယ်။ ကျွန်မတို့မြင်နေရတဲ့ သန္ဓေပြောင်းမွန်းစတားတွေက လူသားတွေနဲ့ ကမ္ဘာမြေရဲ့ ကာဗွန်အခြေခံသက်ရှိတွေကို သုံးပြီး ပုံဖော်ထားတဲ့ ကိရိယာတွေပဲ ဖြစ်နိုင်တယ်၊၊ ကျွန်မတို့ရဲ့ စက်ရုပ်တွေနဲ့ ဒရုန်းတွေလိုမျိုးပေါ့ အသားမျှင်တွေနဲ့ လုပ်ထားတဲ့ စစ်ပွဲနဲ့ နယ်ချဲ့လက်နက်တွေပေါ့။ ဒီလိုရှုထောင့်ကနေ ကြည့်ရင် A-level ဒါမှမဟုတ် S-Class တွေကလည်း ဒီလိုပဲဖြစ်နိုင်ခြေရှိတယ်၊၊ ဘာလို့လဲဆိုတော့ ဒီလောက်အဆင့်မြင့်တဲ့ ယဉ်ကျေးမှုစွမ်းအားကို ကိုင်တွယ်နိုင်တဲ့ ဘယ်သက်ရှိမဆို ဉာဏ်ပညာရှိတဲ့ သက်ရှိပုံသဏ္ဌာန်ပဲ ရှိသင့်တယ်… Cthulhu လိုမျိုး မိစ္ဆာကောင်တွေ မဖြစ်နိုင်ဘူး”

(Cthulhu- The Call of Cthulhu သိပ္ပံဝတ္ထုထဲက စကြဝဠာသားရဲကြီး)

“ဒုတိယအချက်ကတော့ ဒီအသိပညာနဲ့ ကျွန်မရဲ့ ဇီဝဗေဒအသိပညာတွေကို ပေါင်းစပ်ပြီး ကမ္ဘာမြေရဲ့ ဂေဟစနစ်ထဲက မျိုးရိုးဗီဇစွမ်းအားတွေကို ရှာဖွေနေတယ်၊၊ အဲဒါက အပင်စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ ကျွန်မရဲ့ အလားအလာကို အများကြီးမြင့်တက်စေတယ်။ ဒါကတော့... ပထမအချက်က အဓိကပေါ့လေ။ နောက်ဆုံးအချက်ကို ပြောပြတာကတော့ ကျွန်မ အများကြီးပိုသန်မာလာပြီဆိုတာကို သိစေချင်လို့ပါ။ တကယ်လို့ အကျပ်အတည်းတစ်ခုကြုံလာရင် ကျွန်မလည်း အခုဆို စစ်မြေပြင်ကို ထိန်းချုပ်တဲ့နေရာမှာ ပါဝင်ကူညီနိုင်ပြီး ရှင့်ကို အထောက်အကူပြုနိုင်မှာပါ”

လင်းရှန်သည် ထိုစကားအားလုံးကို ကြားပြီးနောက် စိတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူလည်း ဒီလိုသီအိုရီမျိုးကို အရင်က စဉ်းစားဖူးပြီး ဖီးနစ်ကလည်း အလားတူခန့်မှန်းခဲ့ဖူးသော်လည်း တင်းကျန်းရီက သန္ဓေပြောင်းမွန်းစတားများနှင့် စစ်ပွဲကိရိယာများကို နှိုင်းယှဉ်ပြလိုက်ခြင်းက သူ၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားစေသည်။

တင်းကျန်းရီ၏ ဒုတိယအချက်ကလည်း သူ့ကို အံ့အားသင့်စေခဲ့သည်။ အပင်အမျိုးအစားစွမ်းရည်ကို ဒီလိုနည်းနဲ့ သုံးလို့ရတာလား။

“အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို ထုတ်လွှတ်ပြီး ရန်သူတွေကို မေ့မြောသွားအောင် လုပ်ပြီး ထိန်းချုပ်တာပေါ့ ဟုတ်လား”

“ဒါတင်မကသေးဘူး။ တကယ်လို့ ရှင်က ပိုပြီး နက်နက်နဲနဲသိချင်တယ်ဆိုရင် ကျွန်မက မျိုးရိုးခွဲခြားခြင်းပညာရပ်ကနေ စပြီး ရှင်းပြပေးလို့ ရတယ်” တင်းကျန်းရီက ကမ်းလှမ်းလိုက်သည်။

“မလိုပါဘူး”

လင်းရှန်က အလျင်အမြန်ငြင်းလိုက်သည်။ ထိုသို့သော သင်ခန်းစာမျိုးက မည်မျှရှည်လျားလိမ့်မည်ကို တွေးမိရုံနှင့်ပင် သူ ချွေးပြန်ချင်သွားသည်။ သို့သော်လည်း တင်းကျန်းရီသည် သူမ၏ အပင်စွမ်းရည်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နေစဉ် ဂုဏ်သတ္တိအမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်ကို သူ နားလည်လိုက်သည်။

တင်းကျန်းရီက လက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ကာ လင်းရှန်ကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

“အဓိကကတော့ ကျွန်မရဲ့ အခုတလောအလုပ်တွေအပေါ် မင်းရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာပါ”

“အိုး… ငါ အများကြီး အသိအမှတ်ပြုတာပေါ့”

“ကျေးဇူးပဲ” တင်းကျန်းရီက အသာအယာ ပြုံးလိုက်သည်။

လင်းရှန် အားနာသွားမိသည်။

“ဆရာမချန်က ပြောတယ် မင်း သွေးနွယ်ရှင်ပင်ရဲ့ အပြောင်းအလဲအကြောင်း ပြောတယ်ဆိုတာ ဟုတ်လား”

တင်းကျန်းရီက ခေါင်းညိတ်လိုက်သည်။

“စွမ်းအားချင်းထိတွေ့မှုကတစ်ဆင့် ဒီကပ်ဘေးအပင်က တခြားအပင်တွေနဲ့ သိသိသာသာကွဲပြားနေတာကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒါက သူ့ရဲ့ စွမ်းရည်နဲ့ ဆက်စပ်နေနိုင်တယ်… ဒီသွေးနွယ်ရှင်ပင်က အကန့်အသတ်မရှိပြန့်ပွားနိုင်စွမ်း ရှိနေပုံရတယ်”

လင်းရှန် ဝေခွဲမရဖြစ်သွားသည်။

“အကန့်အသတ်မရှိပြန့်ပွားနိုင်တာက ဘာအတွက် အသုံးဝင်မှာလဲ”

“အတိအကျပြောရရင်တော့”

တင်းကျန်းရီက သူမ၏ တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ပြောလိုက်သည်။

“ဘာလက်တွေ့အသုံးဝင်မှုမှ မရှိဘူး”

လင်းရှန် “…”

ထို့နောက် တင်းကျန်းရီက လင်းရှန်ကို နံပါတ် ၃ တွဲသို့ ခေါ်ဆောင်သွားပြီး သွေးနွယ်ပင်ရှိနေသော စိုက်ပျိုးခန်းကို ဖွင့်ပြလိုက်သည်။ ဤစိုက်ပျိုးခန်းက ငွေနဂါးဆယ်ဆပန်းနှင့် သွေးကပ်ဘေးပန်းတို့ ရှိသော စိုက်ပျိုးခန်းများထက် ပိုမိုကြီးမားပြီး တင်းကျန်းရီကိုယ်တိုင် သီးသန့်ပြင်ဆင်ထားခြင်းဖြစ်သည်။

စိုက်ပျိုးခန်းအတွင်းရှိ သွေးနွယ်ပင်သည် နီရဲသော ဆူးချွန်များဖြင့် ပြည့်နှက်နေပြီး အပင်များနှင့် မတူဘဲ အေးစက်သော ဓားသွားများ၏ သတ္တုရောင်မျိုးဖြာထွက်နေခဲ့သည်။ ထူးဆန်းသည်မှာ တင်းကျန်းရီက လိုက်ကာကို ဖယ်ရှားလိုက်သည်နှင့် သွေးနွယ်ပင်သည် သက်ရှိတစ်ခုကဲ့သို့ အနည်းငယ်လှုပ်ရှားလာခဲ့သည်။

ဤမြင်ကွင်းက လင်းရှန် ၎င်းကို အဖြူရောင်မြို့မှ စတင်သယ်ဆောင်လာစဉ်ကနှင့် သိသိသာသာကွဲပြားနေပြီး အသက်ဝင်နေသည်ဟု ချန်ဆီရွှမ် ပြောခဲ့သည့် စကား၏ အဓိပ္ပာယ်ကို သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ၎င်းက စိတ်ကိုမသက်မသာဖြစ်စေသော စွမ်းအားရှိနေသည်။

လင်းရှန်၏ အမူအရာကို မြင်သောအခါ တင်းကျန်းရီက အနားသို့ တိုးကပ်သွားပြီး စိုက်ပျိုးခန်းကို ထိတွေ့ကာ ပြောလိုက်သည်။

“အကန့်အသတ်မရှိ ပြန့်ပွားနိုင်တယ်ဆိုတာက ဒီအပင်က အပင်ဆဲလ်တွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အဆုံးမရှိဆက်လက်ကြီးထွားပြန့်ပွားနိုင်တဲ့ စွမ်းရည်ကို ပြောတာပါ။ ကျွန်မ ဆဲလ်မျိုးကွဲပွားခြင်း စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးပြီ ဒီအပင်က တကယ်ပဲ အကန့်အသတ်မရှိဘူး”

သူမ စကားပင် မဆုံးသေးမီ သူမ၏ လက်ချောင်းက စိုက်ပျိုးခန်းကို ထိမိလိုက်သည်နှင့် သွေးနွယ်ပင်သည် နံရံအတိုင်း သူမ၏ လက်ချောင်းရှိရာသို့ လျင်မြန်စွာ ဆန့်တန်းလာခဲ့ပြီး တင်းကျန်းရီ၏ ထိန်းချုပ်မှုအောက်တွင် ပြင်းထန်စွာ ပွားများလာတော့သည်။ ၎င်းက လက်ညှိုးခန့် အထူမှနေ၍ ပန်းကန်လုံးအဝခန့်အထိ ကျယ်ပြန့်လာပြီး ဆူးများကလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ သွေးနွယ်ပင် ကြီးထွားလာသည်နှင့်အမျှ ၎င်း၏အပေါ်တွင် စွမ်းအားစက်ကွင်း စွမ်းအင်များ၏ မှိန်ဖျော့ဖျော့လျှပ်စီးကြောင်းများ စတင်ပေါ်ပေါက်လာသည်ကို လင်းရှန် သတိပြုမိလိုက်သည်။

၎င်းက လင်းရှန်ကို စဉ်းစားမရ ဖြစ်သွားစေသည်။

“ဆိုလိုတာက ဒီအရာက မိုးမျှော်တိုက်ကြီးတစ်ခုထက်တောင် ပိုကြီးအောင် ကြီးထွားနိုင်တယ်ပေါ့ ဟုတ်လား”

တင်းကျန်းရီက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်”

“ဒါဆိုရင်လည်း ဘာလို့ အသုံးမဝင်ရမှာလဲ”

လင်းရှန်က ချက်ချင်း ပြန်မေးလိုက်သည်။

“တကယ်လို့ ဒီအရာက စားလို့ရရင် ငါတို့မှာ အကန့်အသတ်မရှိတဲ့ ကစီဓာတ်တွေ ရလာနိုင်တာပဲ မဟုတ်ဘူးလား”

All Chapters