အခန်း (၂၇၂-၂၇၃)
Vol. 16 Ch. 272-273
အပိုင်း (၂၇၂) ညစာစားပွဲ။
ခရီးရှည် သွားလာခဲ့ရသဖြင့် သူ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
ဖန်ကျန်းရီသည် အိမ်နောက်ဖေးရှိ ရင်းနှီးကျွမ်းဝင်နေသော ပက်လက်ကုလားထိုင်ပေါ်တွင် လှဲချလိုက်သည်နှင့် မကြာမီ အိပ်ပျော်သွားတော့သည်။
မည်မျှကြာသွားသည်မသိ၊ တစ်စုံတစ်ယောက် လှုပ်နှိုးလိုက်သဖြင့် သူ နိုးလာခဲ့သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် ရှောင်ထောင်က သူ့ကို ဝမ်းသာအားရ ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူမက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “သခင်လေး ... ပြန်လာတာ ဘာလို့ ကြိုမပြောတာလဲ။”
ဖန်ကျန်းရီက အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကို ပွတ်လိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ ပြီးနောက် မျက်နှာထားကိုတင်းကာ ပြောလိုက်၏။ “ဟက် ... မင်း နွားနို့ရေချိုးနေတာကို မနှောင့်ယှက်ရဲပါဘူး။”
ဖန်ကျန်းရီ လှောင်ပြောင်လိုက်သည်ကို ကြားသောအခါ ရှောင်ထောင်က ပြုံးစိစိ ဖြစ်သွားသည်။
“ငါ အပြင်မှာ ဒုက္ခခံနေရချိန် မင်းက ခရိုင်ထဲမှာ ငါ့ထက်တောင် ဇိမ်ကျနေပါလား။”
ထိုသို့ပြောရင်း ဘေးတွင် ကြက်ပေါက်လေးလို ကျုံ့ကျုံ့လေး ရပ်နေသော ပိုင်ရီကို မြင်လိုက်ရ၏။
သူမက မူလကတည်းက အသားဖြူသူ ဖြစ်သော်လည်း နွားနို့ရေချိုးထားသောကြောင့်လားမသိ ပို၍ပင် ဖြူဖွေးတောက်ပနေသယောင် ရှိသည်။
သို့သော်ငြား သူမမှာ ကြောက်ရွံ့တုန်လှုပ်နေပုံရပြီး တစ်ခွန်းမှ ဝင်မပြောရဲချေ။
ဖန်ကျန်းရီက သူမ၏ ပုံစံကို မြင်တော့ လှောင်ပြုံး ပြုံးလိုက်သည်။ “ဘာဖြစ်လို့ ပုန်းနေတာလဲ။ ရေချိုးတဲ့ ပိုက်ဆံကို မင်းလစာထဲက နှုတ်မယ်။
နွားနို့ရေချိုးတယ် ဟုတ်လား။ ငါ သုံးရက်လောက် သေနေရင်တောင် မင်းလောက် ဖြူလာမှာ မဟုတ်ဘူး။ ဒီလောက်ဖြူပြီးသားကို ဘာထပ်လုပ်တာလဲ။”
ပိုင်ရီ၏ မျက်နှာ ချက်ချင်း ညှိုးကျသွား၏။
ဖန်ကျန်းရီ ပြန်ရောက်လာကတည်းက သူမ စိတ်ထဲတွင် စိုးရိမ်ပူပန်နေခဲ့သည်။
အိမ်စေအဖြစ် ကြာကြာနေလာရသည်နှင့်အမျှ ဖန်ကျန်းရီအပေါ် တစ်မျိုးကြီး ခံစားနေရသည်။
ကြောက်ရွံ့သလိုလို၊ ယုံကြည်မှု ကင်းမဲ့သလိုလို ခံစားရပြီး မည်သို့မှ ပြင်ဆင်၍ မရဖြစ်နေ၏။
အဆူခံရပြီး လစာပါ အဖြတ်ခံရမည်ကို စိုးရိမ်နေခဲ့ရာ သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
ရှောင်ထောင်က သူမကို တစ်ချက်ကြည့်ပြီး အခြေအနေကို ဝင်ထိန်းပေးလိုက်သည်။ “မလိုပါဘူး။ မလိုပါဘူး။ ကျွန်မ သူ့ကို ဒကာခံတာပါ။ ရှောင်ပိုင် မင်း အရင်ထွက်သွားလိုက်။ ကျွန်မ သခင်လေးနဲ့ စကားပြောစရာ ရှိသေးတယ်။”
ပိုင်ရီမှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို အလျင်အမြန်ပင် ခြံထဲမှ ပြေးထွက်သွားတော့၏။
လူရှင်းသွားသောအခါ ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “ငါ့ ပခုံးလေး နာနာ နှိပ်နယ်ပေးစမ်းပါ။ ငါ မရှိတဲ့အချိန် ခရိုင်ထဲမှာ ဘာပြဿနာတွေ ရှိသေးလဲ။ ရှောင်ပိုင်ကော ဘာထူးခြားတာတွေ လုပ်သေးလဲ။”
ရှောင်ထောင်က ဖန်ကျန်းရီ၏ ပခုံးကို နှိပ်နယ်ပေးရင်း ပြောလိုက်၏။ “မရှိပါဘူး။ ရှောင်ပိုင်က ပုံမှန်ဆို ကျွန်မနဲ့ပဲ အတူတူ သွားလာနေတာ။ ဈေးဝယ်ထွက်တာတို့ ဘာတို့ပေါ့။ ဒါပေမဲ့ သူက ပိုက်ဆံမရှိတော့ ကျွန်မပဲ ဝယ်ပေးရတာ။”
ဖန်ကျန်းရီက မတ်တတ်ထရပ်ကာ ရှောင်ထောင်ကို စောင်းကြည့်လိုက်သည်။ “နေပါအုံး … မင်းက အိမ်စေလား၊ သူက အိမ်စေလား။ ရှောင်ပိုင်ကို ကြည့်ရတာ တစ်မျိုးကြီးပဲလို့ ငါ ထင်တယ်။”
ရှောင်ထောင်က ဖန်ကျန်းရီကို ပြန်ထိုင်ခိုင်းလိုက်ပြီး ဆက်ပြောသည်။ “နည်းနည်းတော့ ထူးဆန်းတယ်။ မြို့တော်မှာ ရှိတုန်းက ချီယန်ရှန်း အထည်ဆိုင်ဆိုတဲ့ နေရာကို ခဏခဏ သွားတတ်တယ်။ အဲဒီဆိုင်ကို ကျွန်မ သွားကြည့်တော့လည်း ဘာမှ ထူးခြားတာ မတွေ့ရဘူး။
ကျွန်မ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းတော့လည်း ရှောင်ပိုင်က အဲဒီဆိုင်က ထွက်လာတိုင်း စိတ်ဓာတ်ကျနေတဲ့ ပုံပေါက်နေတာပဲ။ ကျွန်မ ထင်တာတော့ အဝတ်အစားသစ် ဝယ်ချင်ပေမဲ့ ပိုက်ဆံမရှိလို့ နေမှာပါ။ သခင်လေး ပေးတဲ့ ပိုက်ဆံက အရမ်း နည်းလွန်းတယ်။”
“နည်းသလား။ တစ်လကို ငွေတုံး သုံးတုံး ပေးထားတာလေ။”
ဖန်ကျန်းရီက သူကိုယ်သူ ရက်ရောသည်ဟု ထင်ထားခဲ့သည်။ သူ ငှားထားသော သတင်းထောက်များကိုပင် တစ်လလျှင် ငွေတစ်တုံးသာ ပေးရသေးသည်။
ဇာစ်မြစ် မသေချာသော အိမ်စေတစ်ယောက်ကို တစ်လ ငွေတုံး သုံးတုံး ပေးထားရသည်။
ပုံမှန်ဆို ဟင်းချက်ရုံလေးသာ လုပ်ရပြီး အိမ်သန့်ရှင်းရေးပင် လုပ်စရာ မလိုပေ။ တခြား အိမ်စေတွေ လုပ်ပေးနေကြသည်။
“တစ်ခါချိုးရင် ငွေတုံး နှစ်ဆယ်ပေးရတဲ့ ရေချိုးတာမျိုးက မြို့တော် တစ်ခုလုံးမှာတောင် ရှာလို့မရဘူး။”
ရှောင်ထောင်က မျက်စောင်းထိုးလိုက်၏။ “ဒါဆို ကျွန်မလည်း ချိုးတာပဲလေ။ ကျွန်မ ပိုက်ဆံ ပြန်ပေးမယ်။”
“ဟမ့် ... မင်းက ငါ့ဘေးမှာ ငယ်ငယ်လေးကတည်းက ရှိနေခဲ့တာလေ။ ငါက မင်းကို အရွယ်ရောက်တဲ့အထိ ကျွေးမွေး စောင့်ရှောက်လာတာ။ ရှောင်ပိုင်နဲ့ တူပါ့မလား။”
ထိုသို့ပြောရင်း ဖန်ကျန်းရီက လက်ဖြင့် အရပ်ကို တိုင်းပြလိုက်သည်။
ရှောင်ထောင်ကို စကောက်လာစဉ်က သူ၏ ခါးလောက်သာ ရှိသေး၏။
အာဟာရပြတ်ပြီး နှပ်ချေးတွဲလောင်းဖြင့် နေခဲ့ရသော ကလေးမလေးက ယခုတော့ အရွယ်ရောက်လာပြီ ဖြစ်သည်။
“ငါလည်း ဂရုမစိုက်ချင်တော့ပါဘူး။ လူတိုင်းမှာတော့ လျှို့ဝှက်ချက်ဆိုတာ ရှိတတ်ကြတာပဲလေ။ မင်းရဲ့ အိမ်စေကို မင်းဘာသာ သေချာ ကြည့်ထား။
ဒီတစ်ခေါက် ငါ အပြင်ကနေ ငွေတွေ အများကြီး ပြန်သယ်လာတယ်။ မင်း ဂိုဒေါင်ထဲ သွားပြီး ငွေစာရင်း သေချာ ပြန်စစ်လိုက်အုံး။ ပြီးတော့ ငါ မရှိတဲ့အချိန် မင်း တော်တော်လေး ပိုက်ဆံ ဖြုန်းလာတယ်။ နောက်ဆိုရင် တစ်လကို ငွေတုံး ငါးရာထက် ပိုမသုံးရဘူး။”
ရှောင်ထောင်က တိုးတိုးလေး ရေရွတ်လိုက်၏။ “နွားနို့ရေချိုးတာက လျှော့ဈေးကတ် လုပ်ထားတာပါ။ အကြိမ် သုံးဆယ်ကိုမှ ငွေတုံး ငါးရာပဲ ကျတာ ...”
“ဘာ … ငွေတုံး ငါးရာက နည်းလား။”
ရှောင်ထောင်က လက်အရှိန်ကို နည်းနည်း ထပ်တင်လိုက်ပြီး ပြောလိုက်သည်။ “ခရိုင်ထဲက မျောက်အရက်ကို ကျွန်မ လုပ်ထားတာလေ။ ကျွန်မ ခရိုင်အတွက် ငွေတုံး လေးသောင်းတောင် ရှာပေးထားတာ။ ရေချိုးတာလေး ငွေတုံး ရာဂဏန်း သုံးမိတာ ဘာဖြစ်လို့လဲ။”
ဩော် ... မင်းလက်ချက်ကိုး။
ဖန်ကျန်းရီ အနည်းငယ် အနေရခက်သွားပြီး ချောင်းဟန့်လိုက်၏။ မျက်နှာကို တည်ထားပြီး ပြောလိုက်၏။ “လိမ်လည်လှည့်ဖြားတာ ရှက်စရာ ကောင်းတယ်။ ငါတို့ ခရိုင်က ရိုးရိုးသားသား စီးပွားရေးလုပ်တဲ့ နေရာပဲ။ နောက်တစ်ခါ ဒီလို မလုပ်နဲ့တော့။ နောက်ဆို တစ်လကို မုန့်ဖိုး ငွေတုံး ငါးရာပဲ ရမယ်။ ပိုမပေးနိုင်ဘူး။ သုံးချင်ရင် ကိုယ့်ဘာသာ ရှာသုံး။”
“ကပ်စေးနည်း။”
ဖန်ကျန်းရီ ရယ်လိုက်သည်။ “ငါက ကပ်စေးနည်းတယ် ဟုတ်လား။ မင်း အပြင်မှာ သွားမေးကြည့်လိုက်စမ်း။ ဘယ်သူက ငါ့ကို ကျေးဇူးမတင်ဘဲ နေလဲ။ ငါက ရက်ရောတယ်လို့ အကုန်လုံးက ချီးကျူးနေကြတာကို။ ငါ ဒီတစ်ခေါက် အပြန်မှာ မင်းအတွက် ပစ္စည်းကောင်းတွေ ယူလာခဲ့သေးတယ်။”
“ဘာပစ္စည်းတွေလဲ။”
ရှောင်ထောင်၏ မျက်လုံးများ အရောင်လက်သွားပြီး လက်လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။
ဖန်ကျန်းရီက လှမ်းညွှန်ပြလိုက်၏။ အိမ်နောက်ဖေး စင်္ကြံလမ်းပေါ်ရှိ ခုံတန်းရှည်ပေါ်တွင် အထုပ်တစ်ထုပ် တင်ထား၏။
ရှောင်ထောင်က အမြန်သွားယူကာ ဖွင့်ကြည့်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “ဝါး ... လက်ဝတ်ရတနာတွေ အများကြီးပဲ။”
“ကြိုက်တာ ရွေးယူလိုက်။”
ရှောင်ထောင်က ခဏကြာအောင် ရွေးချယ်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “အင်း ... ရောင်းစားလိုက်တာ ပိုကောင်းမယ်။ ဒီထဲက ရတနာတွေက တန်ဖိုးကြီးပေမဲ့ ခရိုင်ထဲက ဖန်ထည် လက်ဝတ်ရတနာတွေလောက် မလှဘူး။ ထားလိုက်ပါတော့။ ကျွန်မ ရှောင်ပိုင်အတွက် နှစ်ခုလောက် ရွေးပေးလိုက်ပါမယ်။”
ဖန်ကျန်းရီက ရှောင်ထောင်ကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။ “ငါ ပြောမယ် ... မင်း ရှောင်ပိုင်ရဲ့ လှည့်စားတာကိုတော့ မခံရစေနဲ့နော်။”
“မဖြစ်နိုင်ပါဘူး။ ရှောင်ပိုင်က အကင်းပါးတဲ့ ပုံလည်း မပေါ်ပါဘူး။ အမြဲတမ်း တစ်ယောက်တည်း ငေးနေတတ်တာ။ ကျွန်မ ထင်တာတော့ သူ့မိဘတွေကို လွမ်းနေတာ နေမှာပါ။
သခင်လေး စိတ်ချပါ။ ကျွန်မ သူ့ကို သေချာ စောင့်ကြည့်ထားပါ့မယ်။ နှစ်နှစ်တောင် မပြည့်သေးပါဘူး။ တစ်ခုခု ထူးခြားရင် သခင်လေးကို ပြောပြပါ့မယ်။”
“အင်း ... ကောင်းပြီလေ။”
ဖန်ကျန်းရီသည် လက်ပိုက်ကာ ကောင်းကင်ကို ငေးကြည့်နေမိ၏။
ယခင်ဘဝက အကြောင်းများကို ပြန်လည် စဉ်းစားနေမိသည်။
နှစ်ပေါင်းများစွာ ကြာသွားပြီဆိုတော့ ဉာဏ်ရည်တု (AI) တွေက ကမ္ဘာမြေကို လွှမ်းမိုးသွားပြီလား။ ကမ္ဘာမြေသားတွေက အင်္ဂါဂြိုဟ်ကို ရောက်သွားကြပြီလား။ နျူကလီးယား စွမ်းအင် သုတေသနတွေရော အောင်မြင်သွားပြီလား။
အလုပ်ခွင်မှာ အမောဆို့ပြီး သေဆုံးသွားတဲ့သူ့အတွက် မိဘတွေက လျော်ကြေးငွေ ရလိုက်ပါ့မလား ...
...
ညဘက်သို့ ရောက်သောအခါ။
ခရိုင်ရုံးတော် အိမ်နောက်ဖေးတွင် လီယွမ်ကျောက်၊ ကျန်းပြောင်နှင့် အခြားသူများ အားလုံး စုဝေးနေကြသည်။
ကောင်းကင်တွင် လမင်းကြီး သာယာနေပြီး အိမ်နောက်ဖေးရှိ ကြာကန်ထဲတွင် အရိပ်ထင်နေ၏။ ကြာရွက်များ အကြားတွင် ကူးခတ်နေသော ရွှေငါးများကိုပင် ခပ်ရေးရေး မြင်တွေ့ရ၏။
ပန်းပင်များ အကြားမှ ပိုးကောင်ငယ်လေးများ၏ အသံများ ထွက်ပေါ်နေပြီး မြေပြင်ပေါ်တွင် မီးရောင်အတွက် မီးပုံငယ်လေးများ ဖိုထားသည်။
ထင်းများ လောင်ကျွမ်းနေသည့် အသံက တဖျစ်ဖျစ် မြည်နေပြီး လေထုက အလွန် သာယာအေးချမ်းနေ၏။
လူတိုင်းက စားပွဲဝိုင်းကြီးတစ်ခု၌ ဝိုင်းထိုင်နေကြပြီး စားပွဲပေါ်တွင် ဖယောင်းတိုင်များ ထွန်းထားကာ အရသာရှိသော အစားအသောက်များနှင့် အရက်များ အပြည့် တင်ထားသည်။
အလယ်တွင်တော့ ကျွတ်ရွနေအောင် ကင်ထားသည့် ဝက်ကင်ငယ်လေး တစ်ကောင် ရှိနေပြီး သပ်ရပ်စွာ ခုတ်ထစ်ထားကာ အသားများကြားမှ အရည်ရွှမ်းနေသည်ကိုပင် မြင်တွေ့နိုင်သည်။
ရှောင်ထောင်နှင့် ပိုင်ရီမှလွဲ၍ လူတိုင်းက ဝက်ကင်ကို သွားရည်ကျမတတ် ကြည့်နေကြ၏။
ရေချိုးရေ သောက်ပြီး ကြီးပြင်းလာတဲ့ ဝက်လား။ စားချင်စိတ်တောင် မရှိတော့ဘူး။ ချီးတဲ့မှ ဘာလဲ နို့နံ့သင်း ဝက် ဆိုလား။
ဖန်ကျန်းရီကတော့ အတော်လေး စားချင်နေမိသည်။
ယခင်ဘဝက ဘီယာသောက်ပြီး သီချင်းနားထောင်သည့် နွားအကြောင်း ကြားဖူးသော်လည်း မစားဖူးခဲ့ချေ။ ယနေ့တော့ နွားနို့သောက်ပြီး သီချင်းနားထောင်တဲ့ ဝက်ကို မြည်းကြည့်ရတော့မည်။
လူတိုင်း၏ မျှော်လင့်နေသော မျက်နှာများကို ကြည့်ရင်း ဖန်ကျန်းရီ မနေနိုင်ဘဲ ပြုံးလိုက်၏။
“အားလုံး အားမနာကြနဲ့။ ဒီနေ့ည မမူးမချင်း သောက်ကြမယ်။ စစားလို့ ရပြီ။”
အပိုင်း (၂၇၃) တောက်ယွမ်ခရိုင်၏ ပျော်ရွှင်ဖွယ်ရာဘဝ။
ရက်အနည်းငယ် ကြာသောအခါ ဖန်ကျန်းရီသည် တောက်ယွမ်ခရိုင်အတွင်း စိတ်ကြိုက် လည်ပတ်နေခဲ့သည်။
တောက်ယွမ်ခရိုင်သည် အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားသောကြောင့် ဈေးကွက်က သေးငယ်နေသည်။
စီးပွားရေးသမားများသည် ဖောက်သည်ရရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုလာကြ၏။
ခရိုင်အတွင်း သင်တန်းကျောင်းများ ရှိပြီး အစောပိုင်းက ဖန်ကျန်းရီ ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် သင်ကြားရေး အတွေ့အကြုံ မရှိသဖြင့် ခေတ်သစ် အယူအဆများကိုသာ တစ်ပုံတစ်ခေါင်း သင်ပေးခဲ့မိသည်။ ကံမကောင်းစွာဖြင့် အစပိုင်းတွင် လူတိုင်းသည် ပြင်ပလောကနည်းတူ စီးပွားရေးလုပ်ကြပြီး ထင်သလောက် တိုးတက်မှု မရှိခဲ့ချေ။
သို့သော်ငြား ဘဝအခြေအနေ တည်ငြိမ်လာပြီး တိုးတက်လာသောအခါ ရုတ်တရက် အပြောင်းအလဲကြီး ဖြစ်လာခဲ့သည်။
ကုန်ပစ္စည်းများသည် အခြေခံ စိုက်ပျိုးရေး ထွက်ကုန်များသာ ဖြစ်သော်လည်း ဝန်ဆောင်မှု လုပ်ငန်းများမှာမူ သိသိသာသာ တိုးတက်လာပြီး ခေတ်သစ် ဈေးကွက်၏ ပုံစံများ ပေါ်ပေါက်လာခဲ့၏။
တောက်ယွမ်ခရိုင်တွင် စက္ကူဈေးပေါသောကြောင့် လက်ကမ်းစာစောင်များ ဝေခြင်းကဲ့သို့သော နည်းလမ်းများ ကိုပါ အသုံးပြုလာကြသည်။
လျှော့ဈေးကတ် ကဲ့သို့သော အရာများလည်း ခေတ်စားလာခဲ့၏။
အချို့သော သူများသည် အထက်တန်းလွှာ ဖောက်သည်များကို ဆွဲဆောင်ရန် နွားနို့ရေချိုးခြင်း ကဲ့သို့သော ဇိမ်ခံ ဝန်ဆောင်မှုများကိုပါ ဖန်တီးလာကြသည်။
လီယွမ်ကျောက်သည် လှည့်လည်ကြည့်ရှုပြီးနောက် အလွန် သဘောကျသွားကာ နောက်ဆိုလျှင် မကြာခဏ လာရောက်လည်ပတ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဖန်ကျန်းရီကလည်း စိတ်မကောင်းဖြစ်ကာ အိမ်ရှေ့စံအတွက် အိပ်ခန်းသုံးခန်းပါ အိမ်ခန်းတစ်ခန်းကို လက်ဆောင် အဖြစ် ပေးလိုက်၏။
……..
နေသာပြီး လေပြည်သွေးနေသော နေ့တစ်နေ့တွင်။
ဖန်ကျန်းရီသည် လီယွမ်ကျောက်နှင့် အခြားသူများကို ခေါ်ကာ မြို့ပြင်ရှိ ပန်းခြံသို့ လည်ပတ်ခဲ့ကြပြီးနောက် အရက်ချက် စက်ရုံသို့ သွားကာ မျောက်ပြပွဲကို ကြည့်ရှုခဲ့ကြ၏။
လီယွမ်ကျောက်က မျောက်များနှင့် ပြိုင်ဆိုင်လိုသဖြင့် အရက်စည်ပိုင်းထဲသို့ သစ်သီးပစ်ထည့်သည့် ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရာ ၃ မှတ် ဖြင့် မျောက်များ၏ ၁၀ မှတ်ကို အရှုံးပေးလိုက်ရသည်။
မျောက်များသည် သေချာ လေ့ကျင့်သင်ကြားခံထားရသဖြင့် အနိုင်ရသွားချိန်တွင် လက်ခုပ်တီးကာ အောင်ပွဲခံ တတ်ကြ၏။
နေ့လယ်စာအတွက် မျောက်ဦးနှောက်နှင့် အကင်ဖိုဖြင့် ကင်ထားသော ဘဲကင်ကို စားသုံးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် မြို့ထဲသို့ လှည့်လည်ကြည့်ရှုခဲ့ကြရာ လအနည်းငယ်အတွင်း လမ်းများပေါ်တွင် အဆောက်အအုံသစ်များ ပေါ်ပေါက်နေသည်ကို တွေ့ရ၏။
အသစ်တည်ဆောက်ထားသော သိုင်းပြိုင်စင်မြင့် တစ်ခုလည်း ရှိနေသည်။
အောက်ချန် မည်သို့ စဉ်းစားမိသည်တော့ မသိပေ။ ပြဿနာတက်နေသော ပြည်သူများသည် ငွေတစ်မူးပေးကာ စင်မြင့်ပေါ်တက်၍ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြ၏။
ဒိုင်လူကြီးနှင့် သမားတော်များလည်း အသင့်ရှိနေ၏။ သေလောက်အောင် မတိုက်ခိုက်သရွေ့ စိတ်ကြိုက် တိုက်ခိုက်ခွင့် ရှိသည်။
တောက်ယွမ်ခရိုင်မှ ပြည်သူများသည် အလွန် ကြမ်းတမ်းကြ၏။ ဖန်ကျန်းရီတို့အဖွဲ့ ရောက်သွားချိန်တွင် အမျိုးသမီး နှစ်ဦး စင်မြင့်ပေါ်၌ သတ်ပုတ်နေကြ၏။
မျက်နှာ ပျက်စီးမည်စိုးသဖြင့် လက်အိတ်နှင့် ခေါင်းစွပ်များ ကိုယ်စီ ဝတ်ဆင်ထားကြပြီး အလဲအကွဲ တိုက်ခိုက်နေကြရာ မျက်နှာများပင် ယောင်ယမ်းနေကြသည်။
စင်အောက်တွင် တန်းစီစောင့်နေသူ သုံးဖွဲ့ ရှိသေးပြီး ကြည့်ရှုသူ ပြည်သူများကလည်း အော်ဟစ် အားပေးနေကြသည်။ "သတ်လိုက် ... သတ်လိုက်"
လီယွမ်ကျောက်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲနေပြီး အားပေးသည့် အဖွဲ့ထဲသို့ အလိုအလျောက် ပါဝင်သွားတော့၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်ကျန်းရီမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားရပြီး စိတ်ရှုပ်ထွေးသွားပြီး ဝင်တားရမလား၊ မတားရဘူးလား ဝေခွဲမရ ဖြစ်နေတော့သည်။
ယခင်ဘဝကပင် ဤကဲ့သို့သော အခြေအနေမျိုးကို မမြင်ဖူးခဲ့ချေ။
လမ်းဘေး သတ်ပုတ်ပွဲကို ကြည့်ရှုပြီးနောက် လီယွမ်ကျောက်သည် စာအုပ်ဆိုင်သို့ တိတ်တဆိတ် သွားရောက်ကာ ပြောမပြတတ်အောင် ဆိုးရွားလှသော စာအုပ်အချို့ကို ဝယ်ယူခဲ့သည်။
ဖန်ကျန်းရီက မျက်လုံးလျင်သဖြင့် လီယွမ်ကျောက်၏ ရင်ဘတ်ထဲမှ ပြူထွက်နေသော "စားဖားကြီးမြို့ဝန်" ဟူသည့် အထူးထုတ် စာအုပ်ကို မြင်လိုက်ရ၏။
……
ညဘက်သို့ ရောက်သောအခါ။
ဖန်ကျန်းရီသည် လီယွမ်ကျောက်အား ပြဇာတ်ရုံ တစ်ခုလုံး ငှား၍ ပြဇာတ် ကြည့်ရန် ခေါ်ဆောင်သွားခဲ့သည်။
ပြဇာတ်ရုံသည်လည်း အသစ်ပြန်လည် ပြင်ဆင်ထားပြီး ထိုင်ခုံလက်ရန်းများတွင် ဖန်ခွက်ထည့်ရန် အပေါက် နှစ်ပေါက် ပါလာ၏။
တစ်ပေါက်တွင် သစ်သီးရည် ထည့်နိုင်ပြီး နောက်တစ်ပေါက်တွင် ပြောင်းဖူးပေါက်ပေါက် ထည့်နိုင်သည်။
ပြောင်းဖူးပေါက်ပေါက်ကို ဆန်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သကြားထည့်ထားသော ရိုးရိုး ပြောင်းဖူးပေါက်ပေါက် မှာ ကြေးပြား အနည်းငယ်သာ ပေးရသော်လည်း ထောပတ်အရသာမှာမူ တစ်ခွက်လျှင် ငွေတုံး ငါးတုံးအထိ ပေးရ၏။
စင်မြင့်ပေါ်တွင် ကျီးကုန်း ဇာတ်လမ်း ၂ ကို တင်ဆက်နေသည်။
ဖန်ကျန်းရီမှာမူ ထုံကျဉ်နေပြီ ဖြစ်ပြီး လီယွမ်ကျောက်ကို ဤပြဇာတ် ကြည့်ရန် ခေါ်လာမိသည်ကို အလွန် နောင်တရနေမိ၏။
တောက်ယွမ်ခရိုင် ပြဇာတ်ရုံတွင် စနစ်တကျ တင်ဆက်သော ပြဇာတ်များ မရှိတော့ဘဲ ထူးဆန်းပြီး ရုပ်ပျက်ဆင်းပျက် ဇာတ်လမ်းများကိုသာ တင်ဆက်နေကြပုံရသည်။
သူ ချန်ထားခဲ့သော တန်ဖိုးရှိသည့် ယဉ်ကျေးမှုများမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။
မကြည့်ရှုဘဲ ခဏလွှတ်ထားလိုက်သည်နှင့် စိတ်ကူးယဉ်မှု၌ ကန့်သတ်ချက် မရှိသော ပြည်သူများသည် လမ်းလွဲသို့ ရောက်သွားကြလေပြီ။
သေချာသည်မှာ တောက်ယွမ်ခရိုင် ပြည်သူများသည် စနစ်ကျသော အရာများကို စိတ်ဝင်စားပုံ မပေါ်ချေ။ ထိုအစား ဤကဲ့သို့သော အောက်တန်းကျသည့် ဇာတ်လမ်းများကိုသာ ပိုမို နှစ်သက်အားပေးနေကြသည်။
ဤဇာတ်လမ်းကို ဝူရှန်း အမည်ရ အနုပညာရှင်ကပင် ရေးသားခဲ့ခြင်းလား သို့မဟုတ် အကျင့်စာရိတ္တ ပျက်ပြားနေသော လူငယ်များက ရေးသားခဲ့ခြင်းလား မသိနိုင်ချေ။
စင်မြင့်ပေါ်ရှိ ကျီးကုန်းကို ယခင်က ရှုရှန်းနေရာတွင် သရုပ်ဆောင်ခဲ့သူကပင် သရုပ်ဆောင်ထားပြီး အချစ်ဇာတ်လမ်း မှ သိုင်းကားအဖြစ် ပြောင်းလဲသွားခဲ့၏။
ရှုရှန်းသည် ဆယ်နှစ်တာ ကာလအတွင်း ယင်ကိုစုပ်ယူ၍ ယန်ကိုဖြည့်တင်းသော မိစ္ဆာရဟန်းအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
ယခုအခါ နတ်မင်းများနှင့် နတ်စစ်သည်များကို ဦးဆောင်ကာ လင်းစန်းတောင်ကို တိုက်ခိုက်နေခြင်း ဖြစ်၏။
စင်မြင့်ပေါ်ရှိ ဗုဒ္ဓမှာလည်း ခံနိုင်ရည် မရှိတော့ပုံရကာ ကြာပလ္လင်ကို လက်ဖြင့်ကိုင်၍ ဟိုရိုက်ဒီရိုက် လုပ်နေပြီး ပါးစပ်မှလည်း ဖာဟိုင်ကို အကူအညီတောင်းနေသည်။
နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်နေကြရာ အလွန်ပင် စည်ကားနေ၏။
လီယွမ်ကျောက်မှာ တိုက်ခိုက်ခန်းများကို အလွန် သဘောကျနေပြီး ပြောင်းဖူးပေါက်ပေါက် တစ်ဆုပ်ကို ကောက်စားလိုက်၊ သစ်သီးရည် သောက်လိုက်ဖြင့် စင်မြင့်ပေါ်မှ တင်ဆက်မှုကို အာရုံစိုက် ကြည့်ရှုနေသည်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ “တကယ် ကောင်းတာပဲ။ တောက်ယွမ်ခရိုင်မှာ နေရတာ တကယ် ကောင်းတယ်။
ဖန်ကြီး ... နောက်ဆိုရင် အရှေ့နန်းဆောင်မှာလည်း ဒီလို ပြဇာတ်အဖွဲ့မျိုး လုပ်ပေးပါအုံး။ မြို့တော်မှာကျတော့ ဘာလို့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ပြဇာတ်တွေ မရှိရတာလဲ။”
ဖန်ကျန်းရီ တစ်ကိုယ်လုံး ကြက်သီးထသွားတော့သည်။
သူ တွေးကြည့်မိလိုက်၏။ ဤကဲ့သို့သော အောက်တန်းကျသည့် ပြဇာတ်များကို အရှေ့နန်းဆောင်သို့ ယူဆောင်သွားပါက အရှင်မင်းကြီးနှင့် အမတ်ကြီးများက သူ့ကို အရေခွံခွာပစ်ကြမည် မဟုတ်ပါလား။
အပြင်ထွက်လျှင်လည်း ဘုန်းကြီးများနှင့် တာအိုဘုန်းကြီးများ၏ ဝိုင်းရိုက်ခြင်းကို ခံရနိုင်ပြီး လမ်းခုလတ်တွင် တစ်စုံတစ်ယောက်၏ ချောင်းရိုက်ခြင်းကိုလည်း ခံရနိုင်၏။
ကံကောင်းသည်မှာ ခရိုင်အတွင်း ဘာသာရေးနှင့် ပတ်သက်သည့် အရာများ မရှိခြင်းပင်။
မည်သို့ပင်ဖြစ်စေ စနစ်တကျ စီမံအုပ်ချုပ်ရန် လိုအပ်သည်။ တင်းကျပ်စွာ စစ်ဆေးရမည်။ နောက်ဆိုလျှင် ဤကဲ့သို့သော မကောင်းသည့် အရာများကို စင်မြင့်ပေါ်တွင် တင်ဆက်ခွင့် မပြုရုံသာမက ပြင်ပလောကသို့လည်း လုံးဝ ပြန့်နှံ့ခွင့် မပြုသင့်ချေ။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။ “အိမ်ရှေ့စံ ... ကစားတာ တော်လောက်ပြီ ထင်တယ်။ ကျုပ်တို့ နန်းတော်ကို ပြန်သင့်ပြီ။
ဒီလို အောက်တန်းကျတဲ့ အရာတွေကို အရှေ့နန်းဆောင်မှာ သွားပြရင် တခြားသူတွေက ကျုပ်ကို ဘယ်လို မြင်ကြမလဲ။ ကျုပ် မျက်နှာပန်း လှချင်သေးတယ်။”
လီယွမ်ကျောက်က ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်၏။ “ဖန်ကြီး ... ခင်ဗျားနဲ့ အတူရှိနေတဲ့ အချိန်တိုလေး အတွင်းမှာတင် ကျုပ်က မျက်နှာပူစရာတွေကို ဂရုမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျုပ်တို့က လောကကြီးရဲ့ ကန့်သတ်ချက်တွေကို ဂရုစိုက်စရာ မလိုဘူး။”
ဖန်ကျန်းရီ ... “...”
လီယွမ်ကျောက်က ဆက်လက်၍ သူ၏ခံစားချက်များကို ပြောပြနေသည်။ “ကျုပ် အပြန်လမ်းမှာ တွေးကြည့်မိတယ်။ ခမည်းတော်က ကျုပ်ကို ဘာလို့ အမြင်မကြည်ရတာလဲလို့။
ကျုပ်က မျက်နှာပူတတ်လွန်းလို့ နေမယ်။ စကားကောင်းကောင်း မပြောတတ်ဘူး။ ဟန်မဆောင်တတ်ဘူး။ ကျုပ် ပြန်ရောက်ရင် ပြင်ရမယ်။ နောက်ဆိုရင် ခမည်းတော်ရှေ့မှာ ကောင်းကောင်း ဟန်ဆောင်ပြမယ်။ ဖန်ကြီး ... ခင်ဗျား ကျုပ်ကို မြန်မြန် တတ်အောင် သင်ပေးသင့်တယ်။”
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့ အိမ်ရှေ့စံ။ ခင်ဗျားမှာ အဲဒီလို ပါရမီမျိုး မရှိဘူးလို့ ကျုပ် ထင်တယ်။ တကယ့် အရေးကြီးတဲ့ ကိစ္စတွေကိုပဲ ပြောရအောင်။ ပြန်ရောက်ရင် ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်ရအုံးမယ်။ ထီလက်မှတ် ကိစ္စကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမယ်။
ရပ်ကွက်ထဲမှာ ထီလက်မှတ် ဝယ်ဖို့အတွက် ဂန္ထဝင်စာပေတွေကို လေ့လာဖို့ အဖွဲ့တွေတောင် ဖွဲ့နေကြတယ်လို့ ကြားတယ်။ တစ်နေ့ကျရင် ချမ်းသာလာမယ်လို့ စိတ်ကူးယဉ်နေကြတာ။ ထီလက်မှတ်ကနေ ဝင်ငွေ တက်လာတဲ့ အရိပ်အယောင် ပြလာတာနဲ့ ချက်ချင်း ရပ်ဆိုင်းပစ်ရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဆက်ပြီး ကြီးထွားလာခွင့် ပေးလိုက်ရင် ပြဿနာကြီး ဖြစ်လာလိမ့်မယ်။
သတင်းထောက်တွေရဲ့ လစာကလည်း တကယ်ကို နည်းလွန်းတယ်။ သူတို့ရဲ့ အလုပ်ခွင် အခြေအနေကို တိုးတက်အောင် လုပ်ပေးရမယ်။ဆောင်းဦးရာသီ စာမေးပွဲကလည်း နီးလာပြီ။ ကျုပ်တို့ သတင်းစာတိုက်ထဲက လူတော်တော်များများက စာမေးပွဲ ဖြေဖို့ ပြင်ဆင်နေကြတာ။
အခုအချိန်မှာ လူသစ်ရှာဖို့က ဘယ်လောက်ခက်လဲ။ သူတို့ ထွက်သွားပြီး ပြန်မလာချင်တော့ရင် ဒါမှမဟုတ် စာမေးပွဲ အောင်သွားရင် သတင်းစာတိုက်က ဘယ်လို လုပ်မလဲ။ သတင်းထောက်တွေ ဆိုတာ သတင်းစာတိုက်ရဲ့ ရွှေဥ,ဥတဲ့ ကြက်မတွေလေ။ သူတို့ကို ဆက်နေအောင် တတ်နိုင်သမျှ ဆွဲဆောင်ထားရမယ်။”
လီယွမ်ကျောက်က ခေါင်းလှည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။ “ထီလက်မှတ်ကို ဘာလို့ ရပ်ဆိုင်းရမှာလဲ။ အဲဒါကြောင့် ဂန္ထဝင်စာပေတွေကို လေ့လာကြတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။”
ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ “ဒါက ကောင်းတဲ့ကိစ္စ မှန်တယ်။ ဒါပေမဲ့ စာဖတ်တတ်တဲ့ သာမန်ပြည်သူတွေ များလာရင် ထီလက်မှတ်ကို ကိုယ်စားဝယ်ပေးတဲ့ ကိစ္စတွေက ဆက်ပြီး ဖြစ်နေမှာပဲ။
အဲဒီအခါကျရင် ကျုပ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေက အလကား ဖြစ်သွားလိမ့်မယ်။ သာမန်ပြည်သူတွေမှာ ပိုက်ဆံ မရှိရတဲ့အထဲ ဒီလို စိတ်ကူးယဉ်မှုတွေထဲမှာ ပိုက်ဆံတွေ သွားမြှုပ်နှံထားဖို့ သင့်လို့လား။ အခြေအနေတွေ ဆိုးရွားလာရင် ကောင်းတဲ့ကိစ္စကနေ ဆိုးတဲ့ကိစ္စ ဖြစ်သွားလိမ့်မယ်။
သတင်းစာတိုက်ကိစ္စအတွက်တော့ မနက်ဖြန် ကျုပ်တို့ သွားကြည့်ကြတာပေါ့။ သတင်းစာတိုက်ကို စီမံခန့်ခွဲဖို့ ရှဲ့ရှန်းကို တာဝန်ပေးဖို့ ကျုပ် စဉ်းစားထားတယ်။ သူ ကျန်းလင်ဆိပ်ကမ်းမှာ ရှိနေတုန်းက ...”
“ဖန်ကြီး ကြည့်စမ်း။ ဗုဒ္ဓက လက်ငါးချောင်းတောင်အောက်မှာ အဖိခံလိုက်ရပြီ။ ဝူရှန်းက ဘာဇာတ်ကွက်တွေ ရေးထားတာလဲ။”
“…...”