← Chapters

အခန်း (၂၇၄-၂၇၅)

Vol. 16 Ch. 274-275

အခန်း (၂၇၄-၂၇၅)

Vol. 16 Ch. 274-275

အပိုင်း (၂၇၄) ကျုပ် တကယ် အမြတ်ထုတ်နေတာ မဟုတ်ပါဘူး။

နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် မြို့တော်သို့ ခရီးဆက်ခဲ့သည်။

သူ ပထမဆုံး သွားရောက်ခဲ့သည်မှာ ပန်းရှန်းရပ်ကွက်ရှိ သတင်းစာတိုက်သို့ ဖြစ်၏။

သတင်းထောက်များကို မြင်လိုက်ရချိန်တွင် သူ အလွန် လန့်သွားခဲ့သည်။ အားလုံးမှာ အရိုးပေါ် အရေတင် ဖြစ်နေကြပြီး ဝိညာဉ်လွင့်နေသူများအလား ဖြစ်နေကြ၏။

ဖုတ်ကောင်များကဲ့သို့ အထပ်ပေါ်သို့ တက်လာသော ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ကို တပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။

သတင်းထောက်များမှာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှားမှု အရောင်အဝါများ တောက်ပလာခဲ့၏။

သူတို့က တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။

သူတို့၏ ကြိုးစားအားထုတ်မှုများကို အိမ်ရှေ့စံနှင့် မြို့ဝန်ဖန်တို့ မြင်တွေ့နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ သူတို့အတွက် ဆုကြေးငွေများ၊ စိန်များ ထပ်ဆောင်းပေးလိမ့်မည်ဟုလည်း မျှော်လင့်နေကြ၏။

လီယွမ်ကျောက်မှာ အလွန် ရှက်ရွံ့သွားခဲ့သည်။ အထူးသဖြင့် လူအုပ်ထဲမှ တစ်ယောက်က သူ့ကို အလွန် နာကြည်းစွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ရှက်သွားသည်။

ဤလူများသည် သူ့နောက်သို့ လိုက်ရင်း ဤအခြေအနေအထိ ရောက်လာခဲ့ရသည်။ ရှက်စရာ ကောင်းလှသည်။ မြေကြီးထဲသို့သာ ဝင်ပုန်းလိုက်ချင်တော့၏။

ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။

ကြည့်ရသည်မှာ သူတို့သည် အဆုံးစွန်ထိ ရောက်နေကြပြီ ဖြစ်သည်။ ဆက်ပြီး အမြတ်ထုတ်၍ မရတော့ချေ။

သူက ရှန်ရီကို မေးလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ လူတိုင်းက ဒီလောက်တောင် ပင်ပန်းနေရတာလဲ။”

ရှန်ရီကလည်း မချိုမချဉ် ပြုံးကာ ဖြေလိုက်၏။ “သခင်လေး ... လူတော်တော်များများက ကျန်းလင်ဆိပ်ကမ်းကို သွားကြရလို့ လူအင်အား မလုံလောက်တော့တာပါ။ နေ့တိုင်း အလုပ်တွေများလွန်းလို့ အရမ်း ပင်ပန်းနေကြတယ်။ လူတော်တော်များများက အိမ်မပြန်ရတာ လနဲ့ချီနေပြီ။ စားတာ သောက်တာ၊ အိပ်တာ အကုန်လုံး သတင်းစာတိုက်မှာပဲ ဖြေရှင်းနေကြရတယ်။

နေ့ခင်းဘက်ဆိုရင်လည်း သတင်းထောက်ဖို့ အပြင်ထွက်ရသေးတယ်လေ။ အဲဒါကြောင့် ... ဒီလို ဖြစ်သွားတာပါ။”

ဖန်ကျန်းရီ ကြားလိုက်ရသောအခါ ရင်ထဲတွင် မည်သို့ ခံစားလိုက်ရမှန်းပင် မသိတော့ချေ။

သတင်းထောက်ဆိုသည်မှာ မည်သည့်နေရာတွင်မဆို အခွင့်ထူးခံ အလုပ်တစ်ခု ဖြစ်သော်လည်း ယခုတော့ သူ၏ လက်ချက်ဖြင့် ဤအခြေအနေအထိ ရောက်သွားခဲ့ရသည်။ အားလုံးက ရူယွင် ကြောင့်ဖြစ်သည်။ ကြက်ဥဟင်းချိုထဲတွင် ကြက်ဥ မထည့်ပေးခဲ့သောကြောင့်ပင်။

ထို့နောက် ဖန်ကျန်းရီသည် ဟန်ဆောင် မျက်ရည်သုတ်လိုက်၏။

“ညီအစ်ကိုတို့ ဒုက္ခများသွားကြပြီ။ ဒီနေ့ ကျုပ် ပြန်လာတာ ခင်ဗျားတို့ရဲ့ ဘဝအခြေအနေကို တိုးတက်အောင် လုပ်ပေးဖို့ပဲ။ ခင်ဗျားတို့က ကျင်းတိုင်းပြည်ရဲ့ သူရဲကောင်းတွေပဲ။ ခင်ဗျားတို့ကို ဒီလိုဘဝမျိုးနဲ့ ဖြတ်သန်းခိုင်းဖို့ ကျုပ် ခွင့်မပြုနိုင်ဘူး။”

သတင်းထောက်များ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာခဲ့သည်။

ဖန်ကျန်းရီ ကျန်းလင်ဆိပ်ကမ်းတွင် ကယ်ဆယ်ရေး လုပ်ခဲ့သည့် ကိစ္စများကို ရှန်ရီ၏ ဝါဒဖြန့်မှုကြောင့် အားလုံး သိထားကြပြီး ဖြစ်၏။

သူသည် တကယ့်ကို အရာရှိကောင်း တစ်ယောက် ဖြစ်သည်။ သူ ပြောသည့်အတိုင်း တကယ် လုပ်ပေးလိမ့်မည်မှာ သေချာသည်။

ကြက်ဥဟင်းချို ကိစ္စမှာ အမှားအယွင်း ဖြစ်သွားခြင်းသာ ဖြစ်လိမ့်မည်။

လီယွမ်ကျောက်မှာ ပို၍ပင် ရှက်လာသဖြင့် လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ သွားကာ ဖန်ကျန်းရီ၏ ဟန်ဆောင်မှုကို ကြည့်ရင်း မှတ်စုစာအုပ်လေးကို ထုတ်၍ မှတ်သားနေတော့၏။

“ခင်ဗျားတို့ နေ့တိုင်း အပြင်ထွက်ပြီး အပင်ပန်းဆုံး အလုပ်တွေကို လုပ်နေရတယ်။ ဒါပေမဲ့ သတင်းစာတိုက်ထဲက မွေ့ရာပေါ် အိပ်နေရတုန်းပဲ။ ဒါတွေ အကုန်လုံးက ကျုပ်ရဲ့ ပေါ့ဆမှုတွေပါ။ ဒါကြောင့် ဒီတစ်ခေါက် ကျုပ် ငွေအမြောက်အမြား အကုန်အကျခံပြီး သတင်းစာတိုက် ဘေးက စားသောက်ဆိုင်ကို ဝယ်လိုက်တယ်။ အားလုံးအတွက် အိပ်ဆောင် လုပ်ပေးဖို့ပဲ။

တစ်ယောက်ကို အခန်းတစ်ခန်း ရမယ်။ ခင်ဗျားတို့ရဲ့ မိသားစုတွေကိုလည်း ခေါ်လာပြီး အတူတူ နေလို့ရတယ်။ နောက်ပိုင်းကျရင် အိပ်ဆောင်နဲ့ သတင်းစာတိုက်ကို ဖောက်ချပေးမယ်။ ဒါဆို ခင်ဗျားတို့ အိမ်ပြန်ဖို့ အချိန်ကုန် လူပင်ပန်း ခံစရာ မလိုတော့ဘူး။ အိပ်ရာကနိုးတာနဲ့ သတင်းစာတိုက်ကို ချက်ချင်း လာလို့ရပြီ။

ကျုပ်တို့က မိသားစု တစ်ခုလို ဖြစ်နေပေမဲ့ ကိုယ့်ဇနီးမယား သားသမီးတွေကိုတော့ ပစ်ပယ်ထားလို့ မဖြစ်ဘူးလေ။

ခင်ဗျားတို့က သတင်းစာတိုက်ရဲ့ အစောဆုံးနဲ့ အတော်ဆုံး သတင်းထောက်တွေပဲ။ ခင်ဗျားတို့မှပဲ ဒီလို အခွင့်အရေးမျိုး ရမှာ။ နောက်မှ ရောက်လာတဲ့ သတင်းထောက်သစ်တွေကတော့ မွေ့ရာပေါ်ပဲ အိပ်ရမယ်။ အလုပ်ကြိုးစားတဲ့ သူတွေမှသာ အိပ်ဆောင်မှာ နေခွင့်ရမယ်။

အခု လူသစ် တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက သတင်းစာတိုက်ရဲ့ ဒုတိယ အကြီးအကဲ ရှဲ့ရှန်းပဲ။ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါအုံး။”

ဖန်ကျန်းရီ၏ စကားအဆုံးတွင် သတင်းထောက်များ အားလုံး လက်ခုပ်သြဘာများ တီးလိုက်ကြ၏။ သူတို့၏ ဝမ်းသာပျော်ရွှင်မှုများမှာ အတိုင်းမသိပင်။

မြို့ဝန်ဖန်က သူတို့အတွက် အိမ်ဆောက်ပေးမည် ဟုတ်လား။ အခမဲ့ နေစရာ ရမည်ဆိုခြင်းက တကယ့်ကို ရက်ရောလွန်းလှသည်။

ထို့အပြင် ပန်းရှန်းရပ်ကွက်၏ နေထိုင်မှု အဆင့်အတန်းမှာလည်း အတော်လေး ကောင်းမွန်သဖြင့် တခြားရပ်ကွက် မှ လူများပင် လာရောက် နေထိုင်ချင်ကြသည်။ ကိုယ့်မိသားစုကို ခေါ်လာပြီး အတူတူနေနိုင်ခြင်း၊ တစ်ခါတစ်ရံ အိမ်ပြန်ရသော်လည်း မနက်အလုပ်လာရန် ခရီးပန်းစရာ မလိုတော့ခြင်းတို့ကြောင့် မည်မျှ ဝမ်းသာစရာ ကောင်းလိုက်သနည်း။

ဖန်ကျန်းရီက လေထဲတွင် လက်ကာပြလိုက်၏။

လက်ခုပ်သံများ ချက်ချင်း တိတ်ကျသွားသည်။

သူက ပြုံးကာ ဆက်ပြော၏။ “အားလုံး စောပြီး မပျော်ကြနဲ့အုံး။ ကျုပ် ပြောလို့ မပြီးသေးဘူး။ နေထိုင်ရေး အခြေအနေကို ပြင်ဆင်ပေးရုံတင် မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ စားသောက်ရေး ပြဿနာကိုလည်း အိမ်ရှေ့စံနဲ့ ကျုပ်က ဂရုစိုက်ပါတယ်။ ဖန်ကျန်းရီ ရှိနေသရွေ့ ဟင်းထဲမှာ အဆီအနှစ် မပါတာ၊ ကြက်ဥဟင်းချိုထဲမှာ ကြက်ဥ မပါတာမျိုး နောက်တစ်ခါ အဖြစ်မခံဘူး။

မနက်ဖြန်ကစပြီး ထမင်းကို ကိုယ့်ဘာသာ ခူးစားကြ။ နေ့တိုင်း ဟင်းလျာတွေမှာ အသား မပါမဖြစ် ပါရမယ်။ ရှဲ့ရှန်း ... ဒီကိစ္စကို ခင်ဗျား တာဝန်ယူပြီး စီစဉ်လိုက်။”

ရှဲ့ရှန်းက ခေါင်းညိတ် သဘောတူလိုက်၏။

ဤစကားကို ကြားသောအခါ သတင်းထောက်များ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

ဘဝတွင် အရေးအကြီးဆုံး ပြဿနာ နှစ်ရပ်ဖြစ်သော စားရေးနှင့် နေရေးကို သတင်းစာတိုက်က ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။ သတင်းစာတိုက် မပြိုလဲသရွေ့ သတင်းစာတိုက်ကို အားကိုး၍ တစ်သက်လုံး နေသွားနိုင်ပြီ။

ဖန်ကျန်းရီသည် သတင်းထောက်များ၏ တုံ့ပြန်မှုကို ကြည့်ကာ အလွန် ကျေနပ်သွား၏။

သတင်းစာတိုက်သည် အမြတ် မထွက်သေးပေ။ သူ၏ စီမံခန့်ခွဲမှုက ပရဟိတလုပ်သလို ဖြစ်လို့နေသည်။ သို့ဆိုလျှင်တောင် လက်အောင်ငယ်သားတွေကို နစ်နာအောင် မလုပ်သင့်တာ အမှန်ပင်။

ထို့အပြင် သတင်းစာတိုက်သာ တိုးတက်လာလျှင် ဤလူများသည် အနာဂတ်တွင် သူဌေးလေးများ ဖြစ်လာမည်မှာ သေချာသည်။

“ပြီးတော့ ညီအစ်ကိုတို့ အရမ်း မစိတ်လှုပ်ရှားကြနဲ့အုံး…။”

ရှိသေးတယ်လား။ သတင်းထောက်များ၏ ရင်ခုန်သံများ မြန်ဆန်လာ၏။

ဝမ်းသာစရာ ကိစ္စများက တစ်ခုပြီးတစ်ခု လာနေသည်။

“အထက်ပါ အခွင့်အရေးတွေအပြင် ဒီအတောအတွင်း အားလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြတဲ့အတွက် ကျုပ် ဆုချတဲ့အနေနဲ့ တစ်ယောက်ကို ...”

ဖန်ကျန်းရီက စကားကို ခဏ ရပ်လိုက်၏။

သတင်းထောက် အားလုံး၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်သွားကြသည်။

ဘာပေးမှာလဲ။ ဘာပေးမှာလဲ။ ဆုကြေးငွေ ပေးမှာ သေချာတယ်။

သတင်းထောက် တစ်ယောက်၏ လစာသည် တစ်လလျှင် ငွေတစ်တုံး ဖြစ်သည်။ အလုပ်များလွန်းသဖြင့် အချိန်များများစားစား မရှိသော်လည်း မလောက်ငှသည်မှာ သေချာ၏။

နေ့စဉ် သတင်းထောက်ရန် အပြင်ထွက်ရခြင်း၊ အလုပ်လုပ်ရန် အခြားသူများကို အကူအညီ တောင်းရခြင်း၊ ပေါင်းသင်းဆက်ဆံရေးအတွက် သူတစ်ပါးကို ထမင်းကျွေးရခြင်း စသည်တို့အတွက် အကုန်အကျ ရှိသည်။

သတင်းစာတိုက်က လစာမှလွဲ၍ တခြား မည်သည့်စရိတ်မှ ထုတ်မပေးပေ။

မိသားစု အခြေအနေ ကောင်းသူများအတွက် ပြဿနာ မရှိသော်လည်း ကိုယ့်ဘာသာ စိုက်ထုတ်ရနိုင်သည်။ ဆင်းရဲသော စာပေပညာရှင်များမှာမူ ခါးပတ်ကို တင်းတင်းစည်းကာ သူတစ်ပါးကို နှုတ်ဖြင့်သာ ဖျောင်းဖျ၍ အလုပ်လုပ်နေရသည်။

လစာတိုးပေးမည်ဟု မပြောသော်လည်း ယနေ့ ဆုကြေးငွေ ရမည်ဆိုခြင်းက ဝမ်းသာစရာ ကိစ္စကြီး တစ်ခုပင်။

ဖန်ကျန်းရီက လူအားလုံးကို ကြည့်ကာ ပြုံးလိုက်၏။ “တစ်ယောက်ကို ငွေတစ်တုံး စီ ပေးမယ်။”

ငွေတစ်တုံး ဟုတ်လား။

ချက်ချင်းပင် လူအားလုံး စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ငွေတစ်တုံးဆိုသည်မှာ ပုံမှန်ဆိုလျှင် အဆင်ပြေသော်လည်း ဤမျှလောက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရပြီးမှ ငွေတစ်တုံးသာ ပေးသည်မှာ အတော်လေး နည်းလွန်းနေ၏။

လီယွမ်ကျောက်လည်း ဒေါသထွက်သွားကာ မတ်တတ်ထရပ်ပြီး ဖန်ကျန်းရီကို မေးခွန်းထုတ်ရန် ပြင်လိုက်သည်။

ငွေတစ်တုံးနဲ့ ဘာလုပ်ရမှာလဲ။ သူတောင်းစားကို ပေးနေတာလား။

ဆောင်းဦးရာသီ စာမေးပွဲ နီးလာလို့ သတင်းထောက်တွေ ထွက်သွားမှာ စိုးတယ်လို့ ပြောထားပြီးတော့ ဖန်ကြီးက စိတ်ပြောင်းသွားတာလား။ လူများလွန်းလို့ နှင်ထုတ်ချင်နေတာလား။

ရှန်ရီက လူအုပ်ထဲမှနေ၍ မချိုမချဉ် ပြုံးကာ တိုးတိုးလေး ပြောလိုက်၏။ “ငွေတစ်တုံးတည်းလား ...”

“နည်းနည်းတော့ ကပ်စေးနှဲလွန်းတယ် ...”

တီးတိုးပြောဆိုသံအချို့ကို ကြားလိုက်ရသဖြင့် သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ညီအစ်ကိုတို့ မြို့ဝန်ဖန်က တကယ် ရက်ရောတာပါ။ ကျုပ်တို့ကို ဆုကြေးငွေတွေတောင် ပေးသေးတယ်။

ငွေတစ်တုံးဆိုတာ ကောင်းနေပါပြီ။ အိမ်ရှေ့စံနဲ့ မြို့ဝန်ဖန်တို့ ကျန်းလင်ဆိပ်ကမ်းမှာ ဘယ်လောက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရလဲဆိုတာ ခင်ဗျားတို့ သိကြလား။”

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး ရှန်ရီကို ကြည့်လိုက်၏။

အင်း .. ခင်ဗျားမှာ အမြော်အမြင် ရှိသားပဲ။

လူတိုင်းမှာ တိတ်ဆိတ်သွားကြပြီး ရင်ထဲမှ စိတ်ပျက်မှုများကိုသာ ခံစားနေကြရသည်။

ဖန်ကျန်းရီက အချိန်တန်ပြီဟု ထင်သဖြင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “တစ်ယောက်ကို ငွေတစ်တုံး ပေးမယ်။ ဒါပေမဲ့ ... အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံက မလောက်ဘူးလို့ ထင်တဲ့အတွက် ဆုကြေးငွေကို အဆတစ်ရာ တိုးပေးလိုက်တယ်။ တစ်ယောက်ကို ငွေတုံး တစ်ရာ စီ ရမယ်။ ကျန်းလင်ဆိပ်ကမ်းကို အလုပ်ကိစ္စနဲ့ သွားရတဲ့ သူတွေကိုတော့ အပိုဆုကြေး ငွေတုံး ငါးဆယ် ထပ်ပေးမယ်။”

ထိုစကားကို ကြားသောအခါ သတင်းထောက်များ အားလုံး နေရာတွင်ပင် အေးခဲသွားကြပြီး ဖန်ကျန်းရီကို အံ့သြစွာ ကြည့်နေကြ၏။

ဖန်ကျန်းရီက လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။ “ဒါက သိပ်မများသေးပါဘူး။ ဒီနေ့ကစပြီး ခင်ဗျားတို့ရဲ့ လစဉ်လစာကို နှစ်ဆ တိုးပေးမယ်။”

ထိုအခါမှသာ သတင်းထောက်များ အားလုံး သတိပြန်ဝင်လာကြတသည်။ ဝမ်းသာပျော်ရွှင်မှုများက ရင်ထဲတွင် ချက်ချင်း ပြည့်လျှံသွားပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။

“မြို့ဝန်ဖန် … ရက်ရောလိုက်တာ။ အိမ်ရှေ့စံ သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

အပိုင်း (၂၇၅) ကျုပ် ခင်ဗျားကို လုယက်တာ ခင်ဗျား ကောင်းဖို့အတွက်ပဲ။

လူတိုင်း ဝမ်းသာလုံးဆို့နေချိန်မှာတော့ ဖန်ကျန်းရီက ရှဲ့ရှန်းဘက်သို့ လှည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဆုကြေးငွေ ကိစ္စကို ခင်ဗျားပဲ တာဝန်ယူပြီး စီစဉ်ပေးလိုက်။ ငွေကို ခရိုင်ရုံးတော်ကနေပဲ ထုတ်လိုက်။"

ရှဲ့ရှန်းကလည်း အသံတိုးတိုးဖြင့် ပြန်ဖြေသည်။ "သခင်လေး … ဒါက အဓိပ္ပာယ်မရှိဘူးလေ။ ဒီလူတစ်စုကို အလကား ကျွေးမွေးထားရမှာလား။"

"မလောနဲ့။ နောက်ဆိုရင် ငွေစဝင်လာတော့မှာပဲ။"

သတင်းထောက်များ၏ ခံစားခွင့်များကို မဖြစ်မနေ မြှင့်တင်ပေးရမည်။ သူတို့ အနာဂတ်တွင် ထမ်းဆောင်ရမည့် တာဝန်များသည် ယခုထက် ပိုမို ကြီးမားလာပေလိမ့်မည်။

အရှင်မင်းကြီးက ကျင်းယီဝေတပ်ဖွဲ့ကို ဖွဲ့စည်းရန် ရည်ရွယ်ထားသောကြောင့် သူ့အနေဖြင့် သေချာပေါက် ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

သို့သော်ငြား သေချာတွေးကြည့်ချိန်မှာတော့ ဖန်ကျန်းရီက အတော်လေး သဘောကျမိသည်။ ကျင်းယီဝေ တပ်ဖွဲ့ဝင် တစ်ယောက် မဖြစ်ချင်သည့် ယောကျ်ားလေးဆိုတာ လောကတွင် ရှိနိုင်မည်လား။ လှပတင့်တယ်သည့် ပျံလွှားဝတ်စုံကို ဝတ်ဆင်ကာ ဓားတိုကို ခါးတွင်ချိတ်ပြီး လမ်းမများထက်တွင် လွတ်လပ်စွာ လျှောက်လှမ်းရမည် ဆိုလျှင် နှာခေါင်းကို မိုးပေါ်ထောင်ထားချင်လောက်အောင် ဂုဏ်ယူစရာ ကောင်းလှသည်။

ထိုအချိန်ရောက်လာလျှင် မြို့တော်သို့ လာရသည်မှာ ကိုယ့်အိမ်ကိုယ် ပြန်ရသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူ့ကို အာခံရဲသူ မည်သူ့ကိုမဆို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားနိုင်၏။

သို့သော်ငြား ပေးဆပ်ရမည့် တန်ဖိုးက အနည်းငယ် ကြီးမားလှ၏။ ကျင်းယီဝေ တပ်ဖွဲ့ဝင် ဖြစ်လာသည်နှင့် မိတ်ဆွေ သူငယ်ချင်းဆိုတာ ရှိလာမည် မဟုတ်တော့ဘဲ အမတ်များအားလုံး၏ ကြောက်ရွံ့မှုကို ခံရပေလိမ့်မည်။

လတ်တလော ညီလာခံတွင် သူ့နာမည် အနည်းငယ် ပျက်နေသော်လည်း ယင်းက ပြဿနာ မဟုတ်ချေ။ အမတ်များ ၏ အဓိက အကျိုးစီးပွားများနှင့် သူ့အကြားတွင် မည်သည့် ပဋိပက္ခမှ မရှိပေ။

သူနှင့် အိမ်ရှေ့စံတို့သည် တစ်သားတည်း ဖြစ်နေလောက်အောင် ရင်းနှီးကြပြီး သူ၏ အနာဂတ်မှာလည်း အလွန် တောက်ပနေကြောင်း လူတိုင်းက မြင်တွေ့ထားပြီး ဖြစ်၏။

အပေါ်ယံ အခြေအနေများကိုသာ ကြည့်မည်ဆိုလျှင် အားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်လာမည့် နေ့တစ်နေ့ သေချာပေါက် ရောက်လာပေလိမ့်မည်။ လူကြီးသူမများ ဖြစ်ကြသည့်အတွက် သေးငယ်သော ကိစ္စလေး များကြောင့် မျက်နှာပျက်ခံကာ အဆုံးထိ ရန်ဖြစ်နေစရာ အကြောင်းမရှိပေ။

မူလကတော့ ကျန်းလင်ဆိပ်ကမ်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး၍ ပြန်ရောက်ချိန်မှာတော့ အမတ်များနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရန် သူ စဉ်းစားထားခဲ့သည်။

သို့ပေမည့် ကျင်းယီဝေ တပ်ဖွဲ့ဝင် ဖြစ်လာနိုင်ကြောင်း တွေးမိသောအခါ ထိုအကြံကို လက်လျှော့လိုက်၏။ ဆက်လက်၍သာ အေးအေးဆေးဆေး နေလိုက်တော့မည်။

ဆက်ဆံရေး ကောင်းမွန်သွားလျှင် နောက်ပိုင်း၌ အရေးယူရန် လက်တွန့်နေမည်ကို စိုးရိမ်ရသည်။

သတင်းထောက်များ ကိစ္စကို ပြန်တွေးကြည့်လျှင် သူတို့သည် သာမန် သတင်းထောက်များ မဟုတ်ကြတော့ချေ။ သူတို့သည် မြို့တော်အတွင်းရှိ သူ၏ ထောက်လှမ်းရေးကွန်ရက်ကြီးပင် ဖြစ်လာပေမည်။ တစ်နေ့နေ့တွင် သေချာပေါက် အသုံးဝင်လာမည့် အချိန် ရောက်လာလိမ့်မည်။

သတင်းကောင်းများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသောကြောင့် သတင်းထောက်များမှာ အပျော်လွန်ကာ ဘာလုပ်ရမှန်းပင် မသိအောင် ဖြစ်နေကြ၏။

ရှန်ရီကမူ အနည်းငယ် တည်ငြိမ်နေသေးသည်။ ဝမ်းသာပျော်ရွှင်မှုများ အပြီးတွင် လက်တွေ့ကျသော ပြဿနာတစ်ခုကို မဖြစ်မနေ စဉ်းစားရတော့မည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖန်ကျန်းရီဘက်သို့ လှည့်ကာ လက်သီးဆုပ်လိုက်သည်။ "မြို့ဝန်ဖန် … ကျုပ်မှာ ပြောရခက်တဲ့ ကိစ္စတစ်ခု ရှိနေတယ်။"

လူတိုင်း ငြိမ်သက်သွားပြီး ရှန်ရီကို ကြည့်လိုက်ကြ၏။

"ကိစ္စမရှိဘူး။ ပြောပါ။"

ရှန်ရီက ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "ဆောင်းဦးရာသီ စာမေးပွဲက နီးကပ်လာပါပြီ။ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲ ဝင်ဖြေချင်ကြပြီး စာကျက်ဖို့ အချိန်လည်း လိုအပ်ပါတယ်။ ဒါကြောင့် သတင်းထောက် တာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ အင်အား မရှိတော့မှာကို စိုးရိမ်မိပါတယ်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။

ဤအချက်ကို သူ ကြိုတင် တွေးထားပြီး ဖြစ်သည်။ သို့သော်ငြား သတင်းစာတိုက်ရှိ လူဒါဇင်ပေါင်းများစွာအနက် မည်မျှက စာမေးပွဲ ဝင်ဖြေမည်ကိုတော့ သေချာ မသိသေးချေ။

ဖန်ကျန်းရီက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဆောင်းဦးရာသီ စာမေးပွဲကို ဘယ်နှစ်ယောက် ဝင်ဖြေကြမှာလဲ။"

လူဆယ်ယောက်ကျော်ခန့် တိတ်ဆိတ်စွာ မတ်တတ်ထရပ်လိုက်ကြ၏။

ထိုသူများသည် သတင်းစာတိုက်၏ အဓိက အင်အားစုများ ဖြစ်ကြသည်။ အကယ်၍ သူတို့အားလုံးသာ ထွက်သွားကြမည်ဆိုလျှင် သတင်းစာတိုက်ကို ကြီးမားစွာ ထိခိုက်စေမည်မှာ သေချာ၏။ ဆုကြေးငွေများ ပေးခြင်းနှင့် လစာတိုးပေးခြင်းတို့ဖြင့် သူတို့၏ စာမေးပွဲ ဝင်ဖြေလိုစိတ်ကို လျှော့ချနိုင်မည်ဟု သူ ထင်ထားခဲ့သည်။

သို့ပေမည့် တားဆီး၍ ရမည်မဟုတ်ကြောင်း သူ နားလည်လိုက်၏။ ၎င်းသည် ဆယ်နှစ်တိုင်တိုင် ကြိုးစားပမ်းစား ပညာသင်ကြားခဲ့ရသော စာပေပညာရှင်တိုင်း၏ အိပ်မက် ဖြစ်သောကြောင့် ဖန်ကျန်းရီ အနေဖြင့်လည်း နားလည်ပေးနိုင်၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖန်ကျန်းရီ မျက်နှာအပြည့် ပြုံးလိုက်သည်။ "ကောင်းပြီ … အရမ်းကောင်းတယ်။ ခင်ဗျားတို့ စိတ်ချလက်ချ သွားပြီး စာကျက်ကြပါ။ ခင်ဗျားတို့ရဲ့ သတင်းထောက် ရာထူးတွေကို အမြဲတမ်း ချန်ထားပေးမယ်။ ပြီးတော့ စာကျက်မယ်ဆိုရင်လည်း သတင်းစာတိုက်မှာပဲ ကျက်လို့ရတာပဲ။

ကျုပ် ဆုံးဖြတ်လိုက်ပြီ။ နောက်ထပ် ငွေအမြောက်အမြား အကုန်ခံပြီး သတင်းစာတိုက်ဘေးမှာ စာကြည့်တိုက် တစ်ခု ဆောက်ပေးမယ်။ ခင်ဗျားတို့ စာကျက်ဖို့ ဒါမှမဟုတ် စာအုပ်တွေ ရှာဖတ်ဖို့အတွက်ပေါ့။

စာကြည့်တိုက်ထဲမှာ စာအုပ်တွေ စုံလင်အောင် ထားပေးမယ့်အပြင် စက္ကူ၊ စုတ်တံ၊ မင်တုံး စတာတွေကိုလည်း အခမဲ့ ပေးထားမယ်။ ခင်ဗျားတို့ စာကျက်ရတာ ပင်ပန်းလာရင် သတင်းစာတိုက်ကို လာပြီး ကူညီပေးလို့ ရတာပဲ။ ဒါဆို ကျုပ်က ခင်ဗျားတို့ စာမေးပွဲမှာ အဆင့်ကောင်းကောင်း ရပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်။"

သတင်းထောက်များ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာတော့၏။

ဤအချိန်တွင် မျက်ရည်ကျခြင်းမှလွဲ၍ အခြား မည်သည့် တုံ့ပြန်မှုမျိုး ရှိနိုင်မည်နည်း။

ရှန်ရီနှင့် အခြားသော သတင်းထောက်များ၏ အမြင်အာရုံများ ဝေဝါးသွားပြီး မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

သတင်းထောက်များအဖြစ် အလုပ်လုပ်ရင်း သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများသို့ သွားရောက်ခဲ့ရသောကြောင့် လောကကြီး၏ ဆင်းရဲဒုက္ခများနှင့် လူသားများ၏ ကောက်ကျစ်မှုများကို သူတို့ ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၏။ သို့ပေမည့် ယခုအခါ မြို့ဝန်ဖန် ပေါ်လာခဲ့ပြီး မိဘများကဲ့သို့ပင် သူတို့အပေါ် နွေးထွေးစွာ ဆက်ဆံပေးခဲ့၏။

နေထိုင်မှု အဆင်ပြေစေရန် အိပ်ဆောင်များ ဆောက်ပေးခဲ့သည်။ ကောင်းမွန်စွာ စားသောက်နိုင်ရန် နေ့စဉ် အသားဟင်းများ ပါဝင်စေပြီး ကိုယ်တိုင် ခူးစားခွင့် ပြုခဲ့သည်။ ယခုအခါ သူတို့ စာကောင်းကောင်း ကျက်နိုင်ရန်အတွက် စာကြည့်တိုက် တစ်ခုကိုပါ အထူးတလည် တည်ဆောက်ပေးဦးမည်။

လောကကြီးတွင် စစ်မှန်သော မေတ္တာတရားများ ရှိနေသေးသည်။

ဤအချိန် သတင်းထောက်များ၏ အမြင်တွင် ဖန်ကျန်းရီသည် အဆုံးမရှိသော အလင်းရောင်များကို ဖြာထွက်နေသကဲ့သို့ ဖြစ်နေသည်။ အလွန် နွေးထွေးပြီး တောက်ပနေသေး၏။

ဖန်ကျန်းရီကမူ အနည်းငယ်မျှ ပြုံးလိုက်ရုံသာ။

"ကဲ … အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်ကြပါ။ ဆောင်းဦးရာသီ စာမေးပွဲ ဝင်ဖြေချင်သူတွေလည်း အိမ်ပြန်ပြီး စာကျက်နိုင်ပါတယ်။ ခင်ဗျားတို့ စာမေးပွဲ အောင်သွားရင် ကျုပ် ဝမ်းသာရမှာပါ။ အကယ်၍ မအောင်ခဲ့ရင်တောင် သတင်းစာတိုက်မှာ ခင်ဗျားတို့အတွက် နေရာ အမြဲရှိနေပါတယ်။ နောက်တစ်ခါ ထပ်ဖြေလို့ ရတာပဲလေ။

အချုပ်ပြောရရင် သတင်းစာတိုက်က ခင်ဗျားတို့ရဲ့ အိမ်ပဲ။ ကြိုးကြိုးစားစား အလုပ်လုပ်ကြပါ။"

"မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်။" သတင်းထောက်များအားလုံး တပြိုင်နက်တည်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြပြီး စိတ်အားထက်သန်မှု အပြည့်ဖြင့် အလုပ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကြတော့၏။

ဖန်ကျန်းရီက ရှဲ့ရှန်းကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားလိုက်သည်။

ရှဲ့ရှန်းက ချက်ချင်း မေးလိုက်၏။ "သခင်လေး … တကယ်ပဲ စာကြည့်တိုက် ဆောက်မှာလား။ စာကြည့်တိုက် ဆောက်တာက လွယ်ပေမဲ့ စာအုပ်ကောင်းတွေ ရဖို့ကတော့ မလွယ်ဘူးနော်။"

"ဆောက်မယ်။ စာကြည့်တိုက်ထဲက စာအုပ်တွေကို သေချာပေါက် စုံလင်အောင် ထားရမယ်။ ပြီးတော့ မှတ်တမ်းခန်း တစ်ခုပါ ထပ်ဆောက်လိုက်။ နာမည်ကြီး ပညာရှင်တွေရဲ့ ရှားပါးစာအုပ်တွေ၊ လက်ရေးမူတွေ၊ ဂန္ထဝင်စာပေ အဖွင့်ကျမ်းတွေကို တတ်နိုင်သမျှ စုဆောင်းပြီး သူတို့ကို အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးရမယ်။"

ဤနေရာအထိ ပြောပြီးချိန်မှာတော့ ဖန်ကျန်းရီသည် သူခိုးတစ်ယောက်ကဲ့သို့ ဘေးဘီဝဲယာကို သတိထားကာ အကဲခတ်လိုက်၏။ အဝေးတစ်နေရာတွင် မျှော်လင့်ချက် မျက်လုံးများဖြင့် ထိုင်နေသော လီယွမ်ကျောက်မှလွဲ၍ အခြား မည်သူမှ မရှိတော့ပေ။

သူက ရှဲ့ရှန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျုပ်တို့ ခရိုင်က စာအုပ်တွေကို အများကြီး ပုံနှိပ်ပြီး အထင်ရှားဆုံး နေရာတွေမှာ ထားလိုက်။ သူတို့ မြင်မြင်ချင်း ချက်ချင်း တွေ့နိုင်အောင် သေချာ လုပ်ထား။ ပြီးတော့ ဂန္ထဝင်စာပေတွေနဲ့ ကျမ်းစာတွေ ခွဲထားတဲ့နေရာမှာ နောက်ထပ် စာအုပ်တချို့ကိုလည်း ညှပ်ထည့်ထားလိုက်အုံး။"

"ဘာစာအုပ်တွေလဲ။" ရှဲ့ရှန်းက သေချာ နားမလည်သေးချေ။

"ထူးဆန်းသော သစ်သားရုပ်လေး၊ မောင်ဇော်ချစ်သော ဆရာမ၊ အိမ်ထောင်သည်အမျိုးသမီး၊ နွေဦးစံအိမ်၊ ခြေတံရှည်အစ်မ စတဲ့ စာအုပ်တွေ အကုန်လုံး ထည့်ထားလိုက်။ ရုပ်ပုံမပါတဲ့ စာအုပ်တွေကို ရုပ်ပုံတွေ ထည့်ဆွဲခိုင်းပြီးမှ ပုံနှိပ်လိုက်။ ပြီးရင်သူတို့ကို ဖတ်ခိုင်းလိုက်စမ်း။"

ရှဲ့ရှန်း၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့၏။

သူသည်လည်း စာပေပညာရှင် တစ်ဦး ဖြစ်သောကြောင့် စာပေပညာရှင်များ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို အသိဆုံး ဖြစ်သည်။ သခင်လေး ယခုလုပ်နေသော လုပ်ရပ်မှာ အလွန် ယုတ်မာလွန်းလှသည်။ သူတစ်ပါး၏ ဘိုးဘေးသင်္ချိုင်းကို သွားတူးနေသည်နှင့်ပင် တူနေသည်။

ရှဲ့ရှန်း ခဏမျှ သည်းခံနေသော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "သခင်လေး … ကျုပ်တို့ လုပ်ရပ်က တကယ်ကို မကောင်းပါဘူး။ ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာပေးတယ် ဆိုတဲ့အတိုင်း သူတို့တွေက ဒီနေ့ဒီရက်လေး အတွက် ဆယ်နှစ်ကျော်လောက် အပင်ပန်းခံပြီး ကြိုးစားခဲ့ကြတာလေ။"

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် လှောင်ပြုံး ပြုံးလိုက်၏။ "ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာ ပေးတယ် ဟုတ်လား။ ကောင်းကင်ဘုံက ဘာကို မျက်နှာသာပေးရမှာလဲ။

ကောင်းကင်ဘုံက ကြိုးစားသူတွေကို ဘယ်တော့မှ မျက်နှာသာမပေးဘူး။ သူက ကံစမ်းမဲ နှိုက်ပေးရုံ သတ်သတ်ပဲ။"

တစ်ခါတစ်ရံတွင် တစ်သက်လုံး ကြိုးစားပမ်းစား နေထိုင်ပြီး ဆင်းရဲဒုက္ခခံကာ ပညာသင်ကြားခဲ့သော်လည်း လှပသော မျက်နှာလေး တစ်ခု၊ အပြစ်ကင်းစင်သော မျက်ဝန်းတစ်စုံကို မယှဉ်နိုင်သည်က ခပ်များများ ဖြစ်၏။ ထိုအခြေအနေတွင် ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာပေးသည်ဟု ပြောနိုင်ပါဦးမည်လား။

ဤသတင်းထောက်များ ကံကောင်းထောက်မစွာဖြင့် စာမေးပွဲ အောင်မြင်ပြီး အရာရှိ ဖြစ်လာခဲ့လျှင်ပင် ခရိုင်ဝန် အဆင့်သို့ ရောက်ရန် နှစ်မည်မျှ ကြာအောင် ကြိုးပမ်းရမည်ကို မည်သူ သိနိုင်မည်နည်း။ ခရိုင်ဝန် တစ်ယောက်၏ တစ်နှစ်စာ လစာသည် ငွေတုံး လေးဆယ့်ငါးတုံးသာ ရှိသည်။

သမာသမတ်ကျသော အရာရှိတစ်ဦး ဖြစ်မည်ဆိုလျှင် ဆင်းရဲနွမ်းပါးစွာသာ နေထိုင်ရမည် ဖြစ်ပြီး အကျင့်ပျက် ခြစားသော အရာရှိ ဖြစ်မည်ဆိုပါက ပြည်သူများကို ဒုက္ခပေးပေလိမ့်မည်။

ဖန်ကျန်းရီက အရာရာကို မြင်တွေ့ဖူးသူ ဖြစ်သည်။ အရာရှိ အဆင့်အတန်း မြင့်မားလာရန် ဆိုသည်မှာ အလွန် ခဲယဉ်းလှပြီး အခွင့်အရေး ရရန်မှာလည်း အလွန် နည်းပါးလှသည်။ အချိန်လည်း အတော်လေး ကြာမြင့်ပေလိမ့်မည်။

သတင်းထောက် လုပ်ရသည်မှာတော့ ထိုသို့ မဟုတ်ချေ။ မကြာမီ အနာဂတ်တွင် ချမ်းသာကြွယ်ဝမှု၊ နာမည်ဂုဏ်သတင်း နှင့် လူမှုအဆင့်အတန်း အားလုံးကို သေချာပေါက် ရရှိနိုင်သည်။ ၎င်းသည် ကြီးမားသော အခွင့်အလမ်းသစ်များ ပြည့်နှက်နေသည့် နယ်ပယ်သစ်ကြီး တစ်ခု ဖြစ်၏။

ထို့အပြင် သူနှင့် အိမ်ရှေ့စံတို့ကလည်း သူတို့၏ အနောက်တွင် အခိုင်အမာ ရပ်တည်ပေးထားသည်။ အနာဂတ်တွင် သတင်းထောက်များသည်လည်း အရာရှိ ရာထူးမျိုး ရလာနိုင်သည်။

ရွေးချယ်စရာ လမ်းနှစ်သွယ်ကို ရှင်းလင်းစွာ ချပြထားပြီး ဖြစ်ရာ ထိုသို့သော အခက်အခဲများ ပြည့်နှက်နေသည့် လမ်းကိုမှ ရွေးချယ်သွားသူများအတွက် မည်မျှ စိတ်မကောင်းဖြစ်စရာ ကောင်းလိုက်သနည်း။

ရှဲ့ရှန်း၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "ကျုပ်က သူတို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။ သူတို့က လမ်းပျောက်နေတဲ့ သိုးသူငယ်လေးတွေ ဖြစ်နေလို့ ကျုပ်က လမ်းပြကြယ်အဖြစ် လမ်းပြပေးရမှာပဲ။

အစတုန်းက ကျုပ် ခင်ဗျားကို လုယက် မဖမ်းဆီးခဲ့ဘူးဆိုရင် ခင်ဗျား ဒီနေ့လို အခြေအနေမျိုး ရောက်လာနိုင်ပါ့မလား။ ကျုပ်သာ မရှိခဲ့ရင် ခင်ဗျား အခုလောက်ဆို အရာရှိ ဖြစ်နေလောက်ပြီ။ သေချာ စဉ်းစားကြည့်စမ်း။ တကယ်လို့ အဲဒီနေ့ကို ရောက်လာခဲ့ရင် ခင်ဗျား ပျော်နိုင်ပါ့မလား။"

ရှဲ့ရှန်းက လက်ချောင်းများကို ချိုးကာ သေချာ တွေးကြည့်ပြီးနောက် တိုးညှင်းစွာ ဖြေလိုက်၏။ "ကျုပ် မပျော်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ် သခင်လေး။"

ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်သည်။

ကျုပ် ခင်ဗျားကို ဒုက္ခပေးခဲ့တာ ခင်ဗျားကောင်းဖို့အတွက်ပဲ။ နားလည်ရင် ရပါပြီ။

သာမန်လူများအတွက် အနာဂတ်သည် မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပေမည်။ သို့ပေမည့် သူ့အတွက်တော့ မည်သည့် မြူနှင်းမှ မရှိဘဲ တောက်ပသော လမ်းမကြီးသာ ရှိ၏။

ယခု သတင်းထောက်များသည် ထိုမြူနှင်းများထဲသို့ ဝင်ရောက်သွားရန် ကြိုးစားနေကြရာ သူက တတ်နိုင်သမျှ ကယ်တင်ပေးရမည်။ ယင်းလုပ်ရပ်သည် သတင်းစာတိုက်အတွက်ရော သူတို့အတွက်ပါ ကောင်းမွန်သော လုပ်ရပ် ဖြစ်သည်။

သေချာသည်မှာ ဖန်ကျန်းရီ ကိုယ်တိုင်လည်း ဤအခြေအနေတွင် အနည်းငယ် လွန်ဆွဲနေရသည်။ သူသည် အင်ပါယာ စာမေးပွဲများကို မဖြေဆိုခဲ့ဖူးသော်လည်း ယခင်ဘဝက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခဲ့ဖူးသူ ဖြစ်၏။

စာကြည့်တိုက် ဆောက်လုပ်ပေးခြင်းမှာ သတင်းထောက်များ အဆင့်ကောင်းကောင်းဖြင့် အောင်မြင်စေချင်သော စေတနာအမှန် ဖြစ်ပြီး၊ ညစ်ညမ်းစာအုပ်များ ထည့်ထားခြင်းမှာလည်း သူတို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရွေးချယ်စေလိုသော ဆန္ဒကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရွေးချယ်ခွင့်သည် သတင်းထောက်များ၏ လက်ထဲတွင်သာ ရှိပြီး သူတို့၏ ဆုံးဖြတ်ချက်ကို သူ လေးစားရမည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားပြီး စာကျက်လိုစိတ် ပြင်းပြသူများအတွက်တော့ လမ်းလွဲသွားနိုင်ခြေ ပိုများလာမည်မှာ သေချာ၏။

သို့ပေမည့် ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ရွေးချယ်မှုများ ဖြစ်သောကြောင့် လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ ရှိကြသည်။

ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာပေးသည်ဟူသော စကားအပေါ်တွင်တော့ ဖန်ကျန်းရီ အနေဖြင့် လုံးဝ မယုံပေ။ မိမိကံကြမ္မာကို မိမိကိုယ်တိုင်သာ ဖန်တီးနိုင်သည်ဟုသာ ယုံကြည်ထား၏။

All Chapters