အခန်း (၂၇၆-၂၇၇)
Vol. 16 Ch. 276-277
အပိုင်း (၂၇၆) ကျုပ်စကားကို နားထောင်ရင် အရှင်မင်းကြီး ခင်ဗျားကို မရိုက်ဘူး။
"ကဲ ကဲ .. ခင်ဗျား သွားပြီး စီစဉ်လိုက်တော့။ တခြားဟာတွေ အများကြီး မေးမနေနဲ့။ သူတို့ရဲ့ စားသောက်ရေး ပြဿနာကို အရင်ဆုံး ဖြေရှင်းပေးလိုက်။ ဒါနဲ့ သတင်းစာတိုက်မှာ အိပ်ရာထ နောက်ကျတဲ့သူတွေ ရှိတယ်လို့ ကျုပ် ကြားတယ်။ တကယ်လို့ နေမကောင်းဖြစ်ရင် တစ်လကို နှစ်ရက် လစာပြည့် ခွင့်ပေးလိုက်။ အိပ်ချင်ရင် အိမ်ပြန်ပြီး ကောင်းကောင်း အိပ်ခိုင်းလိုက်။"
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်၏။ "သခင်လေး … ကျုပ်တို့ ခရိုင်မှာလို ပွဲတော်ရက်တွေမှာ အားလပ်ရက်တွေပါ ထည့်ပေးလိုက်ရမလား။"
ဖန်ကျန်းရီက သေချာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အင်း... အဲဒါကိုတော့ ခဏထားလိုက်အုံး။ အခုက လူအင်အား တကယ် မလုံလောက်သေးဘူး။ အားလပ်ရက် ပေးလိုက်ရင် သတင်းစာတိုက်က လည်ပတ်လို့ ရမှာ မဟုတ်ဘူး။ နောက် လူများလာတဲ့အခါကျမှ ထပ်စဉ်းစားကြတာပေါ့။ ပွဲတော်ရက်တွေမှာတော့ လစာ နှစ်ဆပေးပြီး စုပေါင်း စားသောက်ပွဲလေး လုပ်ပေးလိုက်ပါ။
သူတို့ရဲ့ မွေးနေ့တွေကိုလည်း မှတ်ထားပြီး မွေးနေ့ရောက်ရင် လက်ဆောင်လေး ဘာလေး ပေးလိုက်။ သူတို့ ကျန်းမာရေး ကောင်းအောင် အရင်လုပ်ပေးပြီးမှ အလုပ်တွေ ဆက်လုပ်ခိုင်း။"
မနက် အိပ်ရာထတာနဲ့ ချက်ချင်း အလုပ် မစခိုင်းနဲ့အုံး။ လမ်းပေါ်ထွက်ပြီး လေ့ကျင့်ခန်း လုပ်ခိုင်း၊ ကြွေးကြော်သံတွေ အော်ခိုင်းပြီး စိတ်ရွှင်လန်းအောင် လုပ်ခိုင်းလိုက်။
စည်းကမ်း မရှိရင် အလုပ်က ပီပြင်မှာ မဟုတ်ဘူး။ သတင်းစာတိုက်က အကျိုးအမြတ် မရသေးခင်မှာတော့ သူတို့ကို ခဏလောက် အပင်ပန်းခံခိုင်းရမှာပဲ။ ဒီအတောအတွင်း ကြော်ငြာတွေ ရအောင် လူလွှတ်ပြီး ရှာခိုင်းလိုက်။ ငွေစဝင်လာပြီဆိုရင် အရာအားလုံးက လွယ်ကူသွားလိမ့်မယ်။
လူငယ်တွေ အပင်ပန်းခံရတာ ဘာဖြစ်လို့လဲ။ အပင်ပန်းခံရမှာ ကြောက်ရင် တစ်သက်လုံး ပင်ပန်းရလိမ့်မယ်။ အပင်ပန်းခံရမှာ မကြောက်ရင်တော့ တစ်ဝက်လောက်ပဲ ပင်ပန်းရလိမ့်မယ်။ သွားတော့။"
ရှဲ့ရှန်း ထွက်သွားပြီးနောက် လီယွမ်ကျောက်က မှတ်စုစာအုပ်ကို သိမ်းကာ အနီးသို့ ရောက်လာ၏။
သူက ဖန်ကျန်းရီကို မကျေမနပ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဖန်ကြီး… ကျုပ်တော့ ဆုကြေးငွေက နည်းတယ်လို့ မထင်ဘူး။ ငွေတုံး တစ်ရာဆိုတာ နည်းနည်းတောင် များနေသေးတယ်။ အဲဒါက နှစ်နဲ့ချီပြီး ရမယ့် လစာတွေလေ။
ပြီးတော့ ပေးမယ်ဆိုရင်လည်း အစကတည်းက ငွေတုံး တစ်ရာလို့ ပြောလိုက်တာ မဟုတ်ဘဲနဲ့ ဘာလို့ ငွေတစ်တုံးလို့ ပြောပြီး လူတွေကို နောက်ပြောင်နေရတာလဲ။ အဲဒါ စိတ်ဝင်စားစရာ ကောင်းလို့လား။"
ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်၏။ တော်သေးတယ် .. ငါ့အတွက် ပိုက်ဆံ နှမြောပေးသေးတာကိုး။
ထို့နောက် ဖန်ကျန်းရီက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။ "အိမ်ရှေ့စံ .. ဒါက စီမံခန့်ခွဲမှု နည်းပညာ တစ်ခုပဲ။ သူတို့ကို ငွေတစ်တုံး ပေးမယ်လို့ ပြောလိုက်ရင် သူတို့ ဝမ်းနည်းသွားကြမယ်။ မျှော်လင့်ချက်တွေလည်း ကျဆင်းသွားလိမ့်မယ်။
အဲဒီအချိန်မှာ ခင်ဗျားက ငွေတုံးတစ်ရာ ပေးမယ်လို့ ထပ်ပြောလိုက်ရင် လူတိုင်းက သာမန်ထက်ပိုပြီး ဝမ်းသာသွားကြမယ် မဟုတ်လား။
တိုက်ရိုက် ငွေတုံး တစ်ရာ ပေးမယ်လို့ ပြောလိုက်တာကလည်း ကောင်းပေမဲ့ အကျိုးသက်ရောက်မှုကတော့ သာမန်လောက်ပဲ ရှိလိမ့်မယ်။ မျှော်လင့်ချက်တွေကို အရင် ရိုက်ချိုးပစ်လိုက်ပြီးမှ ငွေတုံး တစ်ရာ ပေးမယ်လို့ ပြောတာက ငွေပမာဏ အတူတူ ကုန်ပေမဲ့ ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရစေတယ်။ ဒါကို မျှော်လင့်ချက် စီမံခန့်ခွဲမှုလို့ ခေါ်တယ်။ နားလည်ပြီလား။"
လီယွမ်ကျောက်က ခေါင်းကုတ်လိုက်၏။ "နားတော့ နားလည်ပါတယ်။ ဒါပေမဲ့ လုံးဝကြီး နားလည်သွားတာတော့ မဟုတ်ဘူး။"
သူ့ပုံစံက အူကြောင်ကြောင် ဖြစ်နေသည်ကို ကြည့်ပြီး ဖန်ကျန်းရီက သူ၏ အတိတ်ကာလများကိုပင် ပြန်လည် သတိရသွားမိသည်။
ကုမ္ပဏီတစ်ခုတွင် အလုပ်သင်အဖြစ် စတင် ဝင်ရောက်စဉ်က သူသည် အလုပ်သင် တစ်ယောက်အနေဖြင့် မိမိ အရည်အချင်းကို အစွမ်းကုန် ပြသရန် ကြိုးစားခဲ့၏။ အလုပ်မရှိလျှင်ပင် အထက်လူကြီးထံသို့ သွား၍ အလုပ် တောင်းခဲ့၏။
ထို့ကြောင့် အလုပ်များ ပို၍ များပြားလာခဲ့သော်လည်း အချိန်ကြာမြင့်စွာ အလုပ်လုပ်ပြီး နေ့စဉ်နေ့တိုင်း စိတ်လှုပ်ရှားစွာဖြင့် အချိန်ကုန်ဆုံးခဲ့ရသည်။ မိမိ၏ ကြိုးစားအားထုတ်မှုများကို အထက်လူကြီးက သေချာပေါက် မြင်တွေ့ပြီး ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဟု ယုံကြည်ခဲ့၏။ သို့သော်ငြား ထိုအခြေအနေမှာ ကြာရှည် မခံခဲ့ချေ။
ခြောက်လခန့်ကြာပြီးနောက် ဝါရင့်ဝန်ထမ်းများနှင့် အတူနေရင်း ကုမ္ပဏီ၏ အပျင်းဆုံး ဝန်ထမ်းအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။
အထက်လူကြီးက အလုပ်မပေးသရွေ့ လက်ချောင်း တစ်ချောင်းမျှပင် မလှုပ်ရှားတော့ချေ။
အထက်လူကြီးက အလုပ်ပေးလာလျှင်လည်း အကြောင်းပြချက် အမျိုးမျိုး ပေးကာ အရင် ငြင်းဆန်ပြီးမှ မတတ်သာသည့်အဆုံး လက်ခံလိုက်သည်။ ထို့နောက် အလုပ်ကို ဖြည်းဖြည်းချင်း လုပ်ကာ နောက်ဆုံးအချိန် ရောက်မှသာ အလုပ်ပြီးမြောက်ကြောင်း တင်ပြခဲ့၏။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အလုပ်များများစားစား မလုပ်ရသော်လည်း အထက်လူကြီး၏ မျက်လုံးထဲတွင်တော့ သူ၏ စွမ်းဆောင်ရည်က ပိုမို ကောင်းမွန်နေသည်ဟု ထင်မြင်စေခဲ့သည်။
မကြာမီ ကုမ္ပဏီ ပိတ်သိမ်းသွားခဲ့ပြီး ဖန်ကျန်းရီ အနေဖြင့်လည်း အတွေ့အကြုံများစွာ ရရှိခဲ့၏။ သို့ပေမည့် တောင်တစ်တောင်ထက် မြင့်သော တောင်တစ်တောင် ရှိစမြဲဖြစ်ရာ ကျွမ်းကျင်များပင်လျှင် တစ်နေ့နေ့တွင် အရေးယူခံရနိုင်၏။
ကုမ္ပဏီအသစ်သို့ ပြောင်းရွှေ့သောအခါ အထက်လူကြီး၏ အရည်အချင်းက အလွန် ကောင်းမွန်လှသဖြင့် ဖန်ကျန်းရီမှာ သွေးဆောင်ဖြားယောင်းမှုများကို မလွန်ဆန်နိုင်ဘဲ အလုပ်ထဲတွင် အစွမ်းကုန် နစ်မြုပ်သွားကာ နောက်ဆုံးတွင် အသက်ပါ ဆုံးရှုံးခဲ့ရသည်။
မျှော်လင့်ချက် စီမံခန့်ခွဲမှု ဆိုသည်မှာ အထက်လူကြီးရော အောက်ခြေဝန်ထမ်းများအတွက်ပါ အကျုံးဝင်ပေသည်။ ကျင်းဘုရင်အပေါ်တွင်လည်း သူ အမြဲတမ်း ဤနည်းလမ်းကို အသုံးပြုလေ့ရှိ၏။
ကန်စွန်းဥ တစ်ဧကလျှင် ပိဿာ တစ်ထောင် ထွက်မည်ဆိုသည်မှာ ကျိန်းသေပေါက် သေချာသည့် ကိစ္စဖြစ်သည်။ သို့ပေမည့် သူက ပိဿာ ရှစ်ရာသာ ထွက်မည်ဟု ပြောထားခဲ့သည်။ ဤနည်းအတိုင်းသာ ကစားရမည်။ ချီယန်တိုင်းပြည်၏ အရှင်သခင်က တစ်နေ့နေ့တွင် စိတ်ပျော်ရွှင်သွားပါက သူ၏ သမီးတော်ကိုပင် ပေးစားချင်စိတ် ပေါက်လာနိုင်သည် မဟုတ်ပါလား။
လီယွမ်ကျောက်က သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက စဉ်းစားပြီး ပြောလိုက်သည်။ "အိမ်ရှေ့စံ .. ကျုပ် ဥပမာ တစ်ခု ပေးမယ်။
စာကျက်တဲ့ ကိစ္စကိုပဲ ထားပါတော့။ ခင်ဗျား အပြင်ထွက်နေတာ အတော်ကြာပြီဆိုတော့ နန်းတော်ကို ပြန်ရောက်တာနဲ့ အရှင်မင်းကြီးက ခင်ဗျားရဲ့ စာမေးပွဲ အခြေအနေကို သေချာပေါက် မေးလိမ့်မယ် မဟုတ်လား။"
လီယွမ်ကျောက်က အဆက်မပြတ် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဟုတ်တယ် … ကျုပ်လည်း အဲဒီကိစ္စကို စိတ်ပူနေတာ
စာကို လုံးဝ မဖတ်တာတော့ မဟုတ်ပါဘူး။ ဆောင်းပါး ဆယ်ပုဒ်လောက်တော့ ကျက်ထားတယ်။ ပြန်ရောက်ရင် ဟန်ဆောင်ဖြေဖို့ စဉ်းစားထားတာ။ ဒါပေမဲ့... လနဲ့ချီ ကြာတဲ့အချိန်အတွင်းမှာ ဆယ်ပုဒ်တည်း ဆိုတော့... မလောက်ဘူး ထင်တယ်။ ဖန်ကြီး … ခင်ဗျားမှာ အကြံဉာဏ် ကောင်းကောင်း ရှိလား။"
ဖန်ကျန်းရီက ပြုံးကာ ခေါင်းညိတ်လိုက်၏။ "အရှင်မင်းကြီးနဲ့ တွေ့ရင် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေလို့ ဆောင်းပါး သုံးပုဒ်ပဲ ကျက်ရသေးတယ်လို့ ပြောလိုက်။
အရှင်မင်းကြီးက ခင်ဗျားကို စာမေးတဲ့အခါကျရင် ဆောင်းပါး ရှစ်ပုဒ်ကို ရွတ်ပြလိုက်။ ကျန်တဲ့ နှစ်ပုဒ်ကိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ချန်ထားလိုက်။
သေချာ စဉ်းစားကြည့်။ ခင်ဗျား ဆောင်းပါး သုံးပုဒ်ပဲ ကျက်ရသေးတယ်လို့ အရှင်မင်းကြီး ကြားရင် သူ့ရဲ့ မျှော်လင့်ချက်ကလည်း သုံးပုဒ်ပဲ ဖြစ်နေလိမ့်မယ်။ အရှင်မင်းကြီးက စာမေးတဲ့အခါ ခင်ဗျားက ဆောင်းပါး ရှစ်ပုဒ်ကို တောက်လျှောက် ရွတ်ပြလိုက်မယ်ဆိုရင် အရှင်မင်းကြီး ဘယ်လို ခံစားရမလဲ။
သူ အရမ်း ဝမ်းသာသွားမှာပေါ့။ တကယ်လို့ ဆက်မေးလာရင်လည်း ကျန်တဲ့ နှစ်ပုဒ်ကိုပါ ရွတ်ပြလိုက်လေ။"
"ထပ်မေးလာရင်တော့ ပင်ပန်းနေပြီလို့ ပြောလိုက်ပေါ့။ အရှင်မင်းကြီးကလည်း သေချာပေါက် ထပ်ပြီး အတင်းအကျပ် လုပ်မှာ မဟုတ်ဘူး။ တစ်ခါ နှစ်ခါလောက် လုပ်ပြီးရင် သုံးခါတော့ ဆက်လုပ်မှာ မဟုတ်ပါဘူး။"
လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွားပြီး ပါးစပ်ကြီး ဖြဲကာ ဝမ်းသာအားရ ပြောလိုက်၏။ "ဟုတ်သားပဲ… ကျုပ် ဘာလို့ ဒါကို မစဉ်းစားမိတာလဲ။"
ဒါဆို ခမည်းတော်က နောက်ကျန်နေတဲ့ ဆောင်းပါး ရှစ်ပုဒ်ကို မမေးရင် ဘယ်လိုလုပ်မလဲ။အဲဒီအခါကျရင် ကိုယ့်ဘာသာ ဆက်ရွတ်ပြလိုက်ပေါ့။ အကဲခတ်တတ်ပါစေ။ အရှင်မင်းကြီးက ခင်ဗျားကို စာမေးမယ့်ပုံ မပေါ်ဘူးဆိုရင် ဆောင်းပါး သုံးပုဒ် ရွတ်ပြီးတာနဲ့ မရပ်လိုက်ဘဲ ရှစ်ပုဒ်မြောက် အထိ ဆက်တိုက် ရွတ်ပြလိုက်။"
လီယွမ်ကျောက်မှာ မနေနိုင်တော့ဘဲ လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောလိုက်သည်။ "အံ့သြစရာပဲ။ အံ့သြစရာပဲ။ ဖန်ကြီး…ခင်ဗျား တကယ် တော်တာပဲ။ ဒီညတော့ ကျုပ် နန်းတော်ကို စိတ်ချလက်ချ ပြန်လို့ရပြီ။"
ဖန်ကျန်းရီက သေချာ စဉ်းစားပြီးနောက် ဆက်ပြောသည်။ "ဒါက မလုံလောက်သေးဘူး။ အိမ်ရှေ့စံ … စာကျက်ရမယ့် အချိန်ကျရင်တော့ ကျက်ရမှာပဲ။ အမြဲတမ်း လှည့်စားနေလို့တော့ မရဘူးလေ။အရှင်မင်းကြီးက အမြဲတမ်း အကင်းပါးတယ်။ ခင်ဗျား သူ့ကို ခဏလောက်ပဲ လှည့်စားလို့ ရလိမ့်မယ်။
ဒီအတိုင်း ဆက်သွားရင် ရက်အနည်းငယ် ကြာတဲ့အခါ ပေါ်လာပြီး အရိုက်ခံရဖို့ပဲ ရှိတယ်။"
လီယွမ်ကျောက်က ချက်ချင်း စိုးရိမ်တကြီး မေးလိုက်၏။ "ဒါဆို ဘယ်လိုလုပ်ရမလဲ။"
"လွယ်ပါတယ်။" ထိုသို့ပြောရင်း ဖန်ကျန်းရီက သတင်းထောက်များ အနီးသို့ ပြန်သွားလိုက်သည်။
သူက လက်ကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ နားထောင်ကြအုံး။ ပြောစရာ ကိစ္စတစ်ခု ကျန်သေးတယ်။ ဒီတစ်ခေါက် ကျန်းလင်ဆိပ်ကမ်းက ပြန်လာတဲ့ သတင်းထောက်တွေဆီမှာ သတင်းဆောင်းပါးတွေ အများကြီး စုမိနေလောက်ပြီ။
နှစ်ရက်အတွင်း ကျန်းလင်ဆိပ်ကမ်း ကယ်ဆယ်ရေး အထူးထုတ် စာစောင် တစ်စောင် ထုတ်ပေးပါ။ ကျန်းလင်ပုံစံကို အဓိက ကြော်ငြာပေးမယ့်အပြင် အိမ်ရှေ့စံရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အပင်ပန်းခံ လုပ်ဆောင်ခဲ့မှုတွေ၊ အရှင်မင်းကြီး ကိုယ်တိုင် ကျန်းလင်ဆိပ်ကမ်းကို လာရောက်ပြီး ပြည်သူတွေရဲ့ ဘဝကို ဂရုစိုက်ခဲ့တဲ့ အကြောင်းတွေကိုလည်း အသားပေး ရေးသားရမယ်။
အိမ်ရှေ့စံက ဒုက္ခသည်တွေကို ကူညီနေရာချထားပေးဖို့ အပင်ပန်းခံခဲ့ရသလို၊ အရှင်မင်းကြီးကလည်း ဘေးသင့်ဒေသကို ကိုယ်တိုင် သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ထမင်းလက်ဆုံ စားခဲ့တယ်ဆိုတဲ့ အကြောင်းတွေ ရေးပါ။
ဒါ့အပြင် ကျန်းလင်ဆိပ်ကမ်းက ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း သေချာ အသားပေး ရေးရမယ်။ ကျန်းလင်ဆိပ်ကမ်းအပြင် တခြား ပြည်နယ် နှစ်ခုမှာလည်း ကယ်ဆယ်ရေးအတွက် ငွေကြေး လိုအပ်နေသေးတဲ့ အကြောင်း ရေးပြီး အလှူငွေတွေ များများ ထည့်ဝင်ကြဖို့ တိုက်တွန်း။
ဒုက္ခသည်တွေရဲ့ အကြောင်းကို ရေးတဲ့အခါ ယေဘုယျဆန်တဲ့ အကြောင်းအရာတွေ မရေးဘဲ၊ တစ်ဦးချင်းစီအပေါ်ကို အာရုံစိုက်ပြီး ရေးပါ။
ဥပမာ... ကျန်းဆန် ဒါမှမဟုတ် လီစီ ဆိုတဲ့ လူတွေက ဘယ်လောက်တောင် ဆင်းရဲဒုက္ခ ရောက်နေတယ်ဆိုတာမျိုးပေါ့။"
အဲဒီလို ရေးမှသာ လူတွေရဲ့ ကိုယ်ချင်းစာစိတ်ကို နှိုးဆွနိုင်လိမ့်မယ်။ သေချာ ရေးကြပါ။ အဖြစ်မှန် ဖြစ်ရမယ်။ စစ်မှန်တဲ့ ခံစားချက်တွေ ပါရမယ်။ ဘယ်သူမှ စာလုံးအရေအတွက် ပြည့်ရုံ သက်သက် မရေးရဘူး။"
ရှန်ရီက မော့ကြည့်ကာ မေးလိုက်၏။ "ဒါဆို မြို့ဝန်ဖန် လုပ်ခဲ့တဲ့ ကိစ္စတွေကိုရော ဘယ်လို ရေးရမလဲ။"
ဖန်ကျန်းရီက မာယာပါပါ ပြုံးလိုက်သည်။ "ကျုပ်အတွက်ကတော့ သဘောပါ။"
ရှန်ရီ သဘောပေါက်သွားပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
မြို့ဝန်ဖန်က တကယ့်ကို ဂုဏ်မက်သူ မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် အထူးတလည် ရေးသားပေးရမည်။
ဖန်ကျန်းရီမှာ စိတ်ထဲတွင် ကျိတ်ရယ်နေမိသည်။
သတင်းစာ ထွက်လာသည်နှင့် အိမ်ရှေ့စံ အရိုက်ခံရမည့် ပြဿနာ ပြေလည်သွားရုံသာမက သူ့အတွက်လည်း ကောင်းမှုကုသိုလ်များစွာ ရရှိမည် ဖြစ်ရာ နောက်ပိုင်းတွင် မည်သူက သူ့ကို ဆန့်ကျင်ရဲမည်နည်း။
ထိုညတွင် လီယွမ်ကျောက်သည် အရှင်မင်းကြီး၏ စာကြည့်ဆောင်သို့ ရောက်ရှိလာခဲ့သည်။
ပထမဆုံး အရိုအသေပေးပြီးနောက် အရှင်မင်းကြီး၏ ရှေ့တွင် ဝင်ထိုင်လိုက်၏။
အရှင်မင်းကြီးက စုတ်တံကို ချကာ လီယွမ်ကျောက်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။ "မင်း ဒီအရွယ်ရောက်တဲ့အထိ ပထမဆုံးအကြိမ် အပြင်ကို အကြာကြီး ထွက်သွားတာပဲ။ စာတွေရော လွတ်သွားသေးလား။ အမြဲတမ်း ကစားဖို့လောက်ပဲ အချိန်မကုန်စေနဲ့။ ကိုယ်တော်က မင်းကို စာမေးမယ်။"
လီယွမ်ကျောက်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်ပြီး လက်ချောင်း သုံးချောင်း ထောင်ပြလိုက်၏။ "သားတော် ဆောင်းပါး သုံးပုဒ်ပဲ ကျက်ရသေးတယ်။"
ချက်ချင်းပင် အရှင်မင်းကြီး၏ မျက်နှာသည် ဒယ်အိုးမည်းကြီးကဲ့သို့ မည်းမှောင်သွားတော့၏။
ထို့နောက် အရှင်မင်းကြီးက တိတ်ဆိတ်စွာ မတ်တတ်ထရပ်ပြီး အနောက်ဘက်ရှိ စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်သည်။
လီယွမ်ကျောက်ကတော့ မျှော်လင့်ချက် မျက်လုံးများဖြင့် အရှင်မင်းကြီးကို ကြည့်နေဆဲ ဖြစ်၏။
စာမေးပါ။ မြန်မြန် မေးပါတော့။
"လာစမ်း။ ဒီကောင်ကို ဖမ်းချုပ်ထားလိုက်။"
အရှင်မင်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် စာအုပ်စင်ထဲမှ တုတ်ရှည်ကြီး တစ်ချောင်းကို ထုတ်ယူလိုက်သည်။
လီယွမ်ကျောက်၏ ဦးနှောက်ထဲတွင် ဘာမှ မတွေးနိုင်တော့ဘဲ ဖမ်းချုပ်ခံလိုက်ရကာ မူလနေရာတွင်ပင် ဖိချခံလိုက်ရ၏။ ရင်းနှီးနေသော တုတ်ကြီးကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ ပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ခမည်းတော် .. သားတော်ကို အရင်ဆုံး စာလေးတော့ မေးပါအုံး။"
အရှင်မင်းကြီးက မျက်နှာမည်းကြီးဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။ "စာမေးရမယ် ဟုတ်လား .. မင်းလို အသုံးမကျတဲ့ကောင်ကိုလေ။ လပေါင်းများစွာ အပြင်ထွက်နေပြီးတော့ ဆောင်းပါး သုံးပုဒ်ပဲ ကျက်ရသေးတယ်။ ပြီးတော့ ငါ့ရှေ့မှာ လာရပ်ရဲသေးတယ်ပေါ့လေ။ ငါက မင်းကို ရိုက်ရမှာ။ သူ့ကို နံရံမှာ သွားကပ်ထားစမ်း။"
စကားဆုံးသည်နှင့် လီယွမ်ကျောက်ကို နောက်ကျောလှည့်စေကာ နံရံတွင် ဖိကပ်ထားလိုက်ကြ၏။
သူ့မှာ ငိုချင်လျက် မျက်ရည်မထွက် ဖြစ်နေရပြီး မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်နေတော့သည်။ "ခမည်းတော်... သားတော်ကို ဒီလိုတော့ မလုပ်ပါနဲ့။"
အရှင်မင်းကြီး၏ ရင်ထဲတွင် ဒေါသများ ပိုမို ပေါက်ကွဲလာခဲ့သည်။ "ကစားချင်တယ် ဟုတ်လား။ ငါ မင်းကို ကစားရတာ ဘယ်လိုနေလဲဆိုတာ ပြမယ်။"
ထိုသို့ပြောပြီးနောက် မာကျောပြီး မည်းနက်နေသော တုတ်ကြီးဖြင့် လီယွမ်ကျောက်၏ တင်ပါးကို လွှဲရိုက်ချလိုက်တော့၏။
"အား..."
နာကျင်စွာ အော်ဟစ်သံကြီးက အဝေးဆီသို့ ပြန့်လွင့်သွားပြီး နန်းတော်အတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ် နေတော့သည်။
အပိုင်း (၂၇၇) ဝူမင်းသားနဲ့ တွေ့ဆုံခြင်း။
တစ်ရက်တာ အချိန်အတွင်း သတင်းစာတိုက်အတွက် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။
နောက်တစ်နေ့တွင် ရှောင်ထောင်နှင့် အခြားသူများသည်လည်း တောက်ယွမ်ခရိုင်မှ မြို့တော်အတွင်းသို့ ပြန်လည် ပြောင်းရွှေ့လာကြ၏။
အလာလမ်းတွင် မြို့တော်၏ နေထိုင်မှု အခြေအနေ ညံ့ဖျင်းကြောင်းကို အဆက်မပြတ် ညည်းတွားလာခဲ့ကြသည်။
ဖန်ကျန်းရီမှာလည်း ဘာမှ မတတ်နိုင်ချေ။ မြို့တော်၏ အခြေအနေက ဤမျှသာ ဖြစ်သောကြောင့် သည်းခံနေရုံသာ ရှိတော့၏။
နံနက်ပိုင်းတွင် ခရိုင်မှ ယူဆောင်လာသော ပရိဘောဂသစ်များနှင့် ပစ္စည်းအသစ်များကို နေရာချထားပြီးခါစ ရှိသေး၏။ ရှောင်ပိုင်က တံခါးပေါက်မှနေ၍ အလန့်တကြား ပြေးဝင်လာခဲ့သည်။ သူမ၏ လက်နှစ်ဖက်တွင် ဖိတ်စာတစ်စောင်ကို ကိုင်ထားပြီး ဖန်ကျန်းရီအား ပေးလာသည်။
ဖန်ကျန်းရီက ချက်ချင်း မယူသေးဘဲ ရှောင်ပိုင်ကို အထက်အောက် သေချာ အကဲခတ်လိုက်၏။
မိန်းကလေးများ အရွယ်ရောက်လာလျှင် ပြောင်းလဲတတ်သည် ဆိုသည့်အတိုင်း သူမ၏ အလှအပမှာ ပိုမို တိုးတက်လာခဲ့၏။ အသားအရေ ဖြူဖွေးကာ လှပသော ရုပ်ရည်၊ ရှည်လျားသော ခြေတံများနှင့် သေးသွယ်သော ခါးလေး ရှိသည်။
သို့ပေမည့် သူမ၏ ဟန်ပန်အမူအရာကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ယခင်ကဲ့သို့ မာနထောင်လွှားသည့် ပုံစံမျိုး မရှိတော့ချေ။ ထိုအစား ပိုမို ရိုးသားအေးချမ်းသည့် ပုံပေါက်လာခဲ့၏။
ဖန်ကျန်းရီကို ကြည့်သည့် မျက်လုံးများတွင်ပင် ကြောက်ရွံ့ရိုသေသည့် အရိပ်အယောင်များ ပါဝင်နေသည်ဟု ဖန်ကျန်းရီ ခံစားလိုက်ရ၏။ သူ့စိတ်ထဲတွင် အတော်လေး ကျေနပ်သွားမိသည်။
ကောင်းတယ်။ ဒီလပိုင်းတွေမှာ ရှောင်ပိုင်ကို ရှောင်ထောင်က အသိပညာတွေ အများကြီး သင်ပေးလိုက်ပုံရတယ်။ အခုမှပဲ အိမ်စေတစ်ယောက်နဲ့ တူသွားတော့တယ်။
ရှောင်ပိုင်က ခေါင်းငုံ့ထားဆဲ ဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက မနေနိုင်ဘဲ ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ ငါက လူစားတတ်လို့လား။"
ရှောင်ပိုင်က တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်ပြီး စိတ်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေမိသည်။
ကျွန်မ ပိုက်ဆံ အဖြတ်ခံရမှာ ကြောက်လို့ပေါ့။
အိမ်ပြန်မလာတာက တော်သေးတယ်။ အိမ်ပြန်ရောက်တာနဲ့ အသုံးမကျဘူး ဆိုပြီး အမြဲတမ်း ဆူပူနေတာပဲလေ။
ရှောင်ပိုင်က စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ခေါင်းမော့လာခဲ့၏။
ဖန်ကျန်းရီက သူမ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ချီးကျူးလိုက်သည်။ "အင်း... ကောင်းတယ်။ ရှောင်ပိုင်... မင်းက အရင်တုန်းက ဘာမှ မလုပ်တတ်၊ ဟင်းချက်တာလည်း မကောင်း၊ ရုပ်ကလည်း ဆိုးပြီး ဘာမှ အသုံးမကျခဲ့ပေမဲ့…
ဒီလောကကြီးမှာ မင်းကို ဂရုစိုက်မယ့် ငါ ရှိနေသေးတာပဲ။ အခုဆို မင်းက အရည်အချင်းပြည့်မီတဲ့ အိမ်စေတစ်ယောက် ဖြစ်နေပါပြီ။"
"သခင်လေးကို ကျေးဇူးတင်ပါတယ်။"
ရှောင်ပိုင်က နားထောင်ရင်း ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ဝမ်းသာသွားမိ၏။
အချိန်အကြာကြီး နှိမ့်ချဆက်ဆံခံရပြီးနောက် တစ်ခါတစ်ရံ ချီးကျူးခံရသောအခါ စိတ်ခံစားချက်များက ပြောင်းလဲ သွားတတ်ပေသည်။
ဖန်ကျန်းရီက မိမိ၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု အောင်မြင်သွားပြီကို မြင်သောအခါ ဖိတ်စာကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။
"ကြိုးကြိုးစားစား အလုပ်လုပ်။ မင်း လုပ်သမျှ ကိစ္စတွေကို ငါ မှတ်ထားတယ်။ ကိစ္စတိုင်းအတွက် အမှတ်ပေး စနစ် ရှိတယ်။ မင်း အမှတ် တစ်ရာ ပြည့်သွားရင် တောက်ယွမ်ခရိုင်ရဲ့ နိုင်ငံသား မှတ်ပုံတင် ရလိမ့်မယ်။"
"သခင်လေး … အခု ကျွန်မ အမှတ် ဘယ်လောက် ရပြီလဲ။"
"နှစ်... အဲ … သုံးဆယ့်ငါးမှတ်လောက် ရှိပြီ။"
ရှောင်ပိုင်က လက်ချောင်းများကို ချိုးကာ တွက်ကြည့်လိုက်ရာ ဆက်လုပ်လျှင် နောက်ထပ် နှစ်နှစ်မပြည့်ခင် မှတ်ပုံတင် ရတော့မည် ဖြစ်ကြောင်း သိလိုက်ရ၏။
ရုတ်တရက် သူမ တစ်စုံတစ်ရာကို သတိပြုမိသွားသည်။
သူမ၏ မျက်နှာတစ်ခုလုံး သွေးများ စုပြုံလာကာ နီရဲသွားပြီး ရှက်ရွံ့မှု၊ နောင်တရမှု၊ ဒေါသထွက်မှု စသည့် ခံစားချက်ပေါင်းစုံ ရောထွေးသွားတော့၏။ သတိပြန်ဝင်လာပြီးနောက် ဖန်ကျန်းရီကို စူးရဲစွာ တစ်ချက်ကြည့်ပြီး ခြံဝင်းထဲမှ ပြေးထွက်သွား၏။
ဖန်ကျန်းရီသည် သူမ၏ လှုပ်ရှားနေသော နောက်ကျောကို ကြည့်ရင်း အဆက်မပြတ် ခေါင်းခါနေမိသည်။
ရိုင်းစိုင်းတဲ့ စိတ်က မပျောက်သေးဘူးပဲ။ ထပ်ပြီး ဆုံးမဖို့ လိုသေးတယ်။
ထို့နောက် လက်ထဲရှိ ဖိတ်စာကို ဖွင့်ကာ စာသားများကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
ဝူမင်းသားက... သူ့အိမ်တော်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်တယ် ဟုတ်လား။ ငါအခုမှ ပြောင်းလာတာကို ဝူမင်းသားက သိနေပြီပဲ။ သတင်း တော်တော် မြန်တာပဲ။
ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါ့ကို သူ့အိမ်တော် လာဖို့ ဖိတ်ရတာလဲ။ အစောကြီးတည်းက ဘာလို့ မဖိတ်ဘဲ အခုမှ လျှို့လျှို့ဝှက်ဝှက် လုပ်နေရတာလဲ။
ဖန်ကျန်းရီ ဖိတ်စာကို ပိတ်လိုက်ပြီး သက်ပြင်းချလိုက်၏။
လျှို့ဝှက်ချက်များတဲ့ လူတွေက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။ ဘာလို့ ကိုယ့်အနားမှာပဲ အမြဲတမ်း ပေါ်လာရတာလဲ။
သို့ပေမည့် သေချာ စဉ်းစားပြီးနောက် တစ်ခေါက်လောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ ဝူမင်းသားတွင် မကောင်းသည့် ရည်ရွယ်ချက် မရှိနိုင်ချေ။ ဘာလုပ်ချင်နေသည်ကိုသာ မသိရသေးခြင်း ဖြစ်၏။
မကြာမီ လီယွမ်ကျောက်နှင့် ကျန်းပြောင်တို့ ဖန်ကျန်းရီ အနီးသို့ ရောက်လာကြသည်။
ဖန်ကျန်းရီက ဖိတ်စာကို လီယွမ်ကျောက်ထံ ကမ်းပေးလိုက်ပြီး မေးလိုက်၏။ "အိမ်ရှေ့စံ။ …ခင်ဗျား ဝူမင်းသား အကြောင်း သိလား။"
လီယွမ်ကျောက်က သာမန်ကာလျှံကာ တစ်ချက်နှစ်ချက် ကြည့်လိုက်ပြီး စိတ်မဝင်စားသည့်ဟန်ဖြင့် ပြောလိုက်သည်။ "သာမန်ပါပဲ .. နှစ်သစ်ကူး ပွဲတော်ရက်တွေမှာတော့ တစ်ခါတလေ သွားလည်ဖြစ်တယ်။
ဦးရီးတော် နာမည်က သိပ်မကောင်းဘူးလေ။ ဘိုးတော်က သူ့ကို အပြစ်တင်တာတွေ များတယ်။ စာဖတ်တာကို မနှစ်သက်ဘဲ ထူးဆန်းတဲ့ လက်မှုပညာတွေကိုပဲ အမြဲတမ်း စိတ်ဝင်စားနေတယ်လို့ ပြောကြတယ်။ ထူးဆန်းတဲ့ လက်မှုပညာဆိုတာ ဘာတွေလဲတော့ ကျုပ်လည်း မမြင်ဖူးဘူး။
ဖန်ကြီး … ခင်ဗျားနဲ့ ဦးရီးတော်က စီးပွားရေး အတူတူ လုပ်နေကြတာ မဟုတ်ဘူးလား။ ခင်ဗျား မြို့တော်ကို ရောက်နေတာ ဘယ်လောက်တောင် ကြာပြီလဲ။ အခုထိ သူ့ကို မတွေ့ရသေးဘူးလား။"
ဖန်ကျန်းရီက ပခုံးတွန့်လိုက်၏။
တွေ့ဖို့လား။ အရင်တုန်းက တွေ့ချင်ခဲ့ပေမဲ့ သူက အတွေ့မခံခဲ့ဘူးလေ။ အခုတော့ သူနဲ့ ဆက်သွယ်ဖို့တောင် ပျင်းနေပြီ။ ဒါပေမဲ့ သူက ခဏခဏ အနားကို ကပ်လာပြီး လျှို့ဝှက်ချက်တွေ လုပ်နေတယ်။ ဘာရောဂါမှန်း မသိဘူး။
"ဒါဆို ဒီနေ့ ညနေ ခင်ဗျား ကျုပ်နဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပါလား။ အတူတူ သွားကြတာပေါ့။"
လီယွမ်ကျောက်က သိပ်စိတ်မပါလှချေ။
"ကျုပ် မသွားချင်ပါဘူး... ဘာတွေများ ထူးထူးခြားခြား ရှိမှာမို့လို့လဲ။ ကျုပ်က နှစ်သစ်ကူး ပွဲတော်ရက်တွေဆိုရင် သူများအိမ် သွားပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရတာကို အမုန်းဆုံးပဲ။”
"အိမ်ထဲမှာပဲ အမြဲတမ်း နေချင်တာက ရောဂါတစ်ခုပဲ။ ကုသဖို့ လိုတယ်။ ကျုပ်နောက် လိုက်ခဲ့။"
...
ဖန်ကျန်းရီက လီယွမ်ကျောက်ကို အတင်းဆွဲခေါ်သွားခဲ့သည်။
ဘာကြောင့် သူ့ကို ခေါ်သွားရသနည်းဆိုလျှင် အထူးတလည် အကြောင်းပြချက် မရှိပေ။ ကောလာဟလ သတင်းများ ထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် အိမ်ရှေ့စံကို ခေါ်သွားခြင်းက ဤပြဿနာကို ဖြေရှင်းနိုင်မည်။
မည်သို့ပင်ဆိုစေ ဖန်ကျန်းရီသည် သူ၏ အရာရှိ ဂုဏ်သတင်းကို အလွန် မြတ်နိုးသူ ဖြစ်သည်။
သူတို့ သုံးယောက် ဝူမင်းသား အိမ်တော်ရှေ့သို့ ရောက်သောအခါ တံခါးစောင့်က မြင်သည်နှင့် အိမ်တော်တွင်းသို့ ချက်ချင်း သတင်းပို့ရန် ဝင်သွား၏။
မကြာမီ ရင်းနှီးကျွမ်းဝင်နေသော လူတစ်ယောက် တံခါးပေါက်မှ ထွက်လာခဲ့သည်။
ဖန်ကျန်းရီက လက်သီးဆုပ်ကာ ပြုံးလျက် ပြောလိုက်၏။ "အိမ်တော်ထိန်းချန် … မတွေ့ရတာ ကြာပြီနော်။"
ယခင်က ဖန်ကျန်းရီသည် ဝူမင်းသား အိမ်တော်မှ လူများကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ရာ ဒုတိယအကြိမ်တွင် အိမ်တော်ထိန်းချန် ကိုယ်တိုင် ခရိုင်သို့ လာရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်၏။ ထိုအချိန်မှစ၍ အလွန် ရှားရှားပါးပါးသာ တွေ့ရတော့သော်လည်း ဖန်ကျန်းရီက သူ့ကို မှတ်မိနေဆဲ ဖြစ်သည်။
အိမ်တော်ထိန်းချန်သည် မျက်လုံး သေးသွယ်ရှည်လျားပြီး မျက်နှာသေ ဖြစ်နေသော်လည်း အမြဲတမ်း ပြုံးနေသကဲ့သို့ ခံစားရစေသည်။ အရပ်အမောင်းလည်း မြင့်မားပြီး အထူးသဖြင့် လက်မောင်းနှစ်ဖက်မှာ သာမန်လူများထက် ပိုရှည်နေသည်ကို သတိထားမိ၏။
တောက်ယွမ်ခရိုင်နှင့် ဆက်သွယ်နေသော အရေးကြီးသည့် ဖောက်သည်များ အားလုံးကို ခရိုင်ရုံးတော်တွင် ပုံတူ ပန်းချီကားများဖြင့် မှတ်တမ်းတင်ထားသည်။ ဤအိမ်တော်ထိန်းချန်သည်လည်း ချွင်းချက် မဟုတ်ပေ။ ထို့အပြင် သူ၏ ထူးခြားချက်များက သိသာထင်ရှားလှသဖြင့် ဖန်ကျန်းရီက သေချာ မှတ်မိနေခြင်း ဖြစ်သည်။
အိမ်တော်ထိန်းချန်က သူတို့ သုံးယောက် တံခါးဝတွင် ရပ်နေသည်ကို မြင်သည်နှင့် ပထမဆုံး အနေဖြင့် ကျန်းပြောင်ကို တစ်ချက် ကြည့်လိုက်သည်။
ရာသီဥတုက အနည်းငယ် အေးစပြုလာပြီ ဖြစ်သော်လည်း အနွေးထည် အထူကြီးများ ဝတ်ရန်တော့ မလိုအပ်သေးချေ။ ကျန်းပြောင်၏ ကြမ်းတမ်းသော ဟန်ပန်က အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်သည်မှာ သေချာ၏။
အိမ်တော်ထိန်းချန်က တစ်ချက် အကဲခတ်ပြီးနောက် လီယွမ်ကျောက်ထံသို့ ဒူးထောက်ကာ ရိုသေစွာ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။"
"အင်း အင်း။ ထပါ။"
လီယွမ်ကျောက်၏ တင်ပါးများမှာ ပူစပ်ပူလောင် ဖြစ်နေဆဲ ဖြစ်သဖြင့် စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေ၏။
အိမ်တော်ထိန်းချန်က မတ်တတ်ထရပ်ပြီးနောက် ဖန်ကျန်းရီဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်သည်။ "မြို့ဝန်ဖန်ကို ဂါရဝပြုပါတယ်။ မတွေ့ရတာ ကြာပြီ။ မြို့ဝန်ဖန်က ကျုပ်ကို မှတ်မိနေသေးတာပဲ။"
"မှတ်မိတာပေါ့။ ခင်ဗျားက ကျုပ်တို့ခရိုင်ရဲ့ အရေးပါတဲ့ ဧည့်သည်တော်ပဲဟာကို။ ကျုပ်က ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ။ ဒီနေ့ ဝူမင်းသားက ဖိတ်လို့ လာရတာ ကျုပ် အရမ်း ဝမ်းသာပါတယ်။ တကယ်တော့ ကျုပ်လည်း ဝူမင်းသားကို အစောကြီးကတည်းက တွေ့ချင်နေခဲ့တာပါ။ ဒါပေမဲ့ ဝူမင်းသားကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့ မလာခဲ့တာ။
အိမ်ရှေ့စံက ကျုပ် လာမယ်ဆိုတာ ကြားတော့ အတူတူ လိုက်လာတာ။ ဝူမင်းသား စိတ်ခုမှာတော့ မဟုတ်ပါဘူးနော်။"
အိမ်တော်ထိန်းချန်က အနည်းငယ် ပြုံးလိုက်၏။ "မြို့ဝန်ဖန် နောက်နေပြန်ပြီ။ အိမ်ရှေ့စံ ကြွလာတာကို ဝူမင်းသားက ဘယ်လောက်တောင် ဝမ်းသာနေမလဲ မသိဘူး။ ဒါပေမဲ့... ဒီလူက..."
ထိုသို့ပြောရင်း သူ၏ အကြည့်များက ကျန်းပြောင်ထံသို့ ရောက်သွားသည်။
"သူက အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်လေ။"
အိမ်တော်ထိန်းချန်က အလျင်အမြန် အရိုအသေပေးလိုက်၏။ သူ၏ ပြုမူပုံများက အလွန် စနစ်ကျပြီး အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလှ၏။
ထို့နောက် သူတို့ သုံးယောက်ကို အိမ်တော်တွင်းသို့ ဖိတ်ခေါ်သွားခဲ့သည်။
ဖန်ကျန်းရီက ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း ထူးခြားချက် တစ်ခုခု ရှိမလားဟု ရှာဖွေနေမိ၏။ ထို့အပြင် ခရိုင်မှ ထောက်လှမ်းရေးများကလည်း အိမ်တော်အတွင်း၌ ရှိနေသေးရာ မည်သည့်နေရာတွင် ရောက်နေမည်ကို သူ မသိချေ။
သူတို့ သုံးယောက်ကို ခန်းမဆောင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုင်ခုံများတွင် နေရာယူပြီးနောက် အစေခံမိန်းကလေးများက မုန့်များနှင့် သစ်သီးများကို လာချပေးကြ၏။
အိမ်တော်ထိန်းချန်က ဝူမင်းသားထံ သွားရောက် သတင်းပို့ရာ မည်သည့်အချိန်တွင် ပြန်ရောက်မည်ကို မသိရသေးပေ။
ခန်းမဆောင်အတွင်း ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားရာ ဖန်ကျန်းရီက သေချာ အကဲခတ်ကြည့်မိသည်။ ခေတ်သစ် အနုပညာ အငွေ့အသက်များ ပါဝင်နေသည်ဟု သူ ခံစားလိုက်ရ၏။
ပန်းချီကားထဲတွင် စက္ကူအဖြူရောင်ပေါ်၌ မင်ရည်ဖြင့် စက်ဝိုင်းတစ်ခု ဆွဲထားရုံသာ ဖြစ်ပြီး တခြား ဘာမှ မရှိချေ။
ဘာအဓိပ္ပာယ်လဲ ဆိုတာ သူ မသိပေ။
လီယွမ်ကျောက်မှာ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ပန်းခြံထဲသို့ ထွက်ကာ ဟိုဟိုဒီဒီ လျှောက်သွားနေတော့သည်။
မကြာမီ အံ့အားတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ "ဖန်ကြီး .. ဖန်ကြီး .. ကျုပ် ပစ္စည်းကောင်း တစ်ခု တွေ့ခဲ့တယ်။ လာကြည့် … ဒါ ဘာကြီးလဲ။"
ဖန်ကျန်းရီ ချက်ချင်းထရပ်ပြီး ပန်းခြံထဲသို့ အမြန် လျှောက်သွားလိုက်သည်။ မြေပြင်ပေါ်ရှိ အရာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားတော့၏။
ကြယ်ကြည့်မှန်ပြောင်း ဟုတ်လား။
မြေပြင်ပေါ်တွင် ထောင်ထားသော အရာမှာ ဧရာမ မှန်ပြောင်းကြီး တစ်ခုပင် ဖြစ်သည်။ ဤအရွယ်အစားမျိုးမှာ ကြယ်ကြည့်မှန်ပြောင်းသာ ဖြစ်နိုင်သည်။
သောက်ကျိုးနည်း။ ဝူမင်းသားက ဝိညာဉ်ကူးပြောင်းလာသူများ ဖြစ်နေမလား။ ဒီပစ္စည်းက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ။
ထိုအချိန်တွင် ဖန်ကျန်းရီမှာ အံ့သြမှင်သက်သွားရ၏။
လီယွမ်ကျောက်ကတော့ စိတ်ဝင်တစားဖြင့် ကြယ်ကြည့်မှန်ပြောင်းကို ပတ်ပတ်လည် လိုက်ကြည့်နေသည်။
"ဒီပစ္စည်းက တောင်တန်းတွေ မြစ်တွေကို ကြည့်တဲ့ မှန်ပြောင်းနဲ့ နည်းနည်း တူနေသလားလို့။ ဒီလောက်တောင် ကြီးတာ။ ဒီပစ္စည်းက ဘာအတွက် သုံးတာလဲ။ ကိုင်သွားလို့လည်း အဆင်မပြေဘူး။"
ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်နိုင်တော့ဘဲ ကြယ်ကြည့်မှန်ပြောင်းကိုသာ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိ၏။
သူ ချက်ချင်း နားမလည်နိုင်အောင် ဖြစ်သွားသည်။
ရှေးခေတ်လူများ၏ ဖန်တီးနိုင်စွမ်းကို သူ သံသယ မရှိသော်လည်း၊ ကြယ်ကြည့်မှန်ပြောင်း ဆိုသည်မှာ ဖန်ထည်ပစ္စည်းများ တိုးတက်လာပြီးမှ ပေါ်ပေါက်လာသင့်သည့် အရာ မဟုတ်ပါလား။
ဝူမင်းသားမှာလည်း ဖန်ထည် ပြုလုပ်သည့် နည်းပညာများ ရှိနေသည်လား။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ သူက ဝိညာဉ်ကူးပြောင်းလာသူ မဟုတ်ရင်ပေါ့။
ထိုသို့ တွေးမိပြီးနောက် ဖန်ကျန်းရီသည် မှန်ဘီလူးကို အမြန် သွားရောက် စစ်ဆေးကြည့်လိုက်သည်။
အရှေ့အနောက် သေချာ အကဲခတ်ကြည့်ပြီးနောက် အကြီးဆုံး မှန်ဘီလူးကို မြင်မှသာ သူ ရုတ်တရက် သဘောပေါက် သွားတော့၏။
ဒါက ဖန် မဟုတ်ဘူး။ ကျောက်သလင်းပဲ။ မှန်ဘီလူးရဲ့ အစွန်းတွေမှာ ချည်မျှင်လေးတွေလို အရာတွေ ရှိနေတယ်။ ဖန်ထည်ထဲမှာ ဒီလို အရာတွေ မရှိနိုင်ဘူး။
သို့သော်ငြား ဤမျှ ကြီးမားပြီး ကြည်လင်နေသော ကျောက်သလင်းကို မှန်ဘီလူးအဖြစ် သွေးယူရမည်ဆိုလျှင် ငွေမည်မျှ ကုန်ကျမည်နည်း။
ဖန်ကျန်းရီ ပို၍ပင် အံ့အားသင့်သွားရ၏။
ကျောက်သလင်း ဆိုသည်မှာ ဈေးပေါသော ပစ္စည်း မဟုတ်ချေ။ ဝူမင်းသား၏ အခြေခံအုတ်မြစ်က တကယ်ကို နက်ရှိုင်းလှပေသည်။
သူတို့ အကဲခတ်နေစဉ်မှာပင် နောက်ကွယ်မှ ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ဖန်ကျန်းရီ လှည့်ကြည့်လိုက်ရာ နဂါးဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦး သူတို့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူသည် အရှင်မင်းကြီးနှင့် ၇၀ ရာခိုင်နှုန်းခန့် တူသော်လည်း ခန္ဓာကိုယ်ကတော့ အရှင်မင်းကြီးလောက် မတောင့်တင်းချေ။
ထို့အပြင် သူ၏ အငွေ့အသက်က အရှင်မင်းကြီးနှင့် လုံးဝ ကွာခြားပြီး အနည်းငယ် ညှိုးနွမ်းနေသည့်ဟန် ရှိသည်။ အရှင်မင်းကြီးကမူ သူရဲကောင်းဆန်သော အငွေ့အသက် ရှိ၏။
ထိုသူသည် ဝူမင်းသားပင် ဖြစ်သည်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။" ဝူမင်းသားက ခေါင်းအနည်းငယ် ငုံ့ကာ အရိုအသေပေးလိုက်၏။
ကျန်းပြောင်ကိုတော့ သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်လိုက်သည်။
ထို့နောက် ဖန်ကျန်းရီဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။ "မြို့ဝန်ဖန် .. ကျုပ်တို့ နောက်ဆုံးတော့ တွေ့ကြပြီပေါ့။"
ဖန်ကျန်းရီလည်း ကြယ်ကြည့်မှန်ပြောင်းကို ဆက်မစစ်ဆေးတော့ဘဲ နောက်သို့ ပြန်လှည့်ကာ အရိုအသေ ပြန်ပေးလိုက်သည်။ "ဝူမင်းသားကို ဂါရဝပြုပါတယ်။ ကျုပ်ကို အားနာအောင် မလုပ်ပါနဲ့။"
လီယွမ်ကျောက်က ခေတ်မီ နည်းပညာများကို လေ့လာနေဆဲ ဖြစ်ပြီး ဝူမင်းသားကို သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။ "ဦးရီးတော် … ဒါက ဘာကြီးလဲ။"
ဝူမင်းသားက ညင်သာစွာ ပြုံးလိုက်သည်။ "အိမ်ရှေ့စံမင်းသား … ဒီပစ္စည်းကို ကြယ်ကြည့်မှန်ပြောင်းလို့ ခေါ်တယ်။ မြို့ဝန်ဖန်က အရှင်မင်းကြီးကို ဆက်သခဲ့တဲ့ တောင်တန်းတွေ မြစ်တွေကို ကြည့်တဲ့ မှန်ပြောင်းနဲ့ လုပ်ဆောင်ပုံချင်း တူတူပါပဲ။ အလွန် အဝေးကြီးမှာ ရှိတဲ့ မြင်ကွင်းတွေကို မြင်နိုင်တယ်။"
ဖန်ကျန်းရီက ဖြတ်ပြောလိုက်၏။ "ဒီပစ္စည်းကို ဝူမင်းသား ကိုယ်တိုင် လုပ်ထားတာလား။"
ဝူမင်းသားက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ် ကိုယ်တိုင် လုပ်ထားတာပါ။ မနေ့ညကမှ အောင်မြင်သွားတာ။ အဲဒီမှန်ပြောင်းနဲ့ လရဲ့ မျက်နှာပြင်ကို မြင်ရတယ်။"
လီယွမ်ကျောက် ကြားသည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။ "ကြယ်ကြည့်မှန်ပြောင်း ဟုတ်လား။ ဒီပစ္စည်းက လပေါ်အထိ မြင်ရတယ်ပေါ့။ ဒါဆို လပေါ်မှာ လူတွေ နေကြလား။ နေကိုရော ကြည့်လို့ ရလား။ ဒီလောက်တောင် အံ့သြစရာ ကောင်းတာလား။ ကျုပ် စမ်းကြည့်မယ်။"
ထိုသို့ပြောပြီးနောက် မျက်လုံးကို မှန်ဘီလူးဆီသို့ ကပ်ကြည့်လိုက်သည်။
ထိုအချိန်တွင် ကြယ်ကြည့်မှန်ပြောင်း၏ အနေအထားက နေဆီသို့ တည့်တည့် ချိန်ထားခြင်း ဖြစ်၏။
ဖန်ကျန်းရီ ချက်ချင်း လန့်သွားပြီး လက်ကို လှမ်းကာ လီယွမ်ကျောက်၏ မျက်နှာကို ဖမ်းဆွဲပြီး နောက်သို့ ပြန်ဆွဲထုတ်လိုက်သည်။
သောက်ကျိုးနည်း။ မျက်လုံးကို အကန်းခံတော့မလို့လား။
လီယွမ်ကျောက်က မျက်နှာကို ပွတ်ရင်း ဖန်ကျန်းရီကို မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဖန်ကြီး… ဘာလုပ်တာလဲ။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။ "အဟမ်း.. ဒီပစ္စည်းက ဒီလောက် အံ့သြစရာ ကောင်းနေမှတော့ သေချာပေါက် အရမ်း တန်ဖိုးကြီးမှာပဲ။ အိမ်ရှေ့စံ သွားမကိုင်ပါနဲ့။ ပျက်သွားရင် ဒုက္ခ။"
ထိုသို့ပြောရင်း လီယွမ်ကျောက်ကို တိတ်တဆိတ် တစ်ချက် ဆိတ်လိုက်သေး၏။
အကြောင်းစုံကို နားမလည်သေးသော အိမ်ရှေ့စံလည်း ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
ဝူမင်းသားက ပြုံးလျက် ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ ခဏနေမှ စမ်းကြည့်ပေါ့။ ကျေးဇူးပြုပြီး ဝင်ထိုင်ကြပါ။ ကျုပ် ညစာ ပြင်ဆင်ခိုင်းထားတယ်။ ဒီနေ့ ဧည့်သည်တော်တွေ ရောက်လာတာဆိုတော့ သေချာပေါက် မူးအောင် သောက်ကြရမယ်။"
ကျန်းပြောင်မှာ ဝူမင်းသားအတွက် လေဟာနယ် တစ်ခုကဲ့သို့ လုံးဝ အရေးမပါသူ ဖြစ်သွားခဲ့၏။
သူတို့အားလုံး ခန်းမဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက် နေရာယူပြီးနောက် အစေခံမိန်းကလေးများက လက်ဖက်ရည် အသစ် လာချပေးကြသည်။
လက်ဖက်ရည်မှာလည်း တာ့ဖင်ထျန်းရှန်း လက်ဖက်ရည်ပင် ဖြစ်၏။
ဝူမင်းသားက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "မြို့ဝန်ဖန်.. ကျုပ်တို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ဒါပေမဲ့ ကျုပ် နေမကောင်းဖြစ်နေလို့ ဧည့်သည်တွေကို လက်မခံနိုင်ခဲ့ဘူး။ တကယ်ပဲ အားနာပါတယ်။"
ဖန်ကျန်းရီက မြှောက်ပင့် ပြောဆိုလိုက်၏။ "ဝူမင်းသားက တွေ့ချင်တယ်ဆိုရင် ကျုပ်က ဘယ်အချိန်ဖြစ်ဖြစ် လာရမှာပေါ့။ ကျုပ်လည်း ဝူမင်းသားရဲ့ ဂုဏ်သတင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ချင်နေတာ ကြာပါပြီ။ ဒီနေ့တော့ အိပ်မက်တွေ တကယ် ဖြစ်လာပြီပေါ့။ ဝူမင်းသားက တကယ်ပဲ ရုပ်ရည်ချောမောပြီး သတ္တိဗျတ္တိ ပြည့်စုံတာပဲ..."
ဖန်ကျန်းရီက ချီးကျူးစကားများကို ဆက်တိုက် ပြောဆိုလိုက်ရာ ဝူမင်းသားလည်း ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
တကယ်တမ်းတွင်မူ ဖန်ကျန်းရီမှာ စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေသည်။ ကြယ်ကြည့်မှန်ပြောင်းက သူ့ကို အလွန် အံ့အားသင့်စေခဲ့သည် မဟုတ်ပါလား။
ဝူမင်းသားက ဘယ်လို လူစားမျိုးလဲ ဆိုသည်ကို သူ တကယ် မသိတော့ချေ။
စဉ်းစားနေစဉ်မှာပင် နံရံပေါ်ရှိ ပန်းချီကားကို လက်ညှိုးထိုးကာ ကျပန်း မေးလိုက်၏။ "ဝူမင်းသား … ဒီပန်းချီကားက တရားသဘောတွေ အများကြီး ပါနေသလိုပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဉာဏ်ရည်က နိမ့်ပါးလွန်းလို့ ပန်းချီကားထဲက အဓိပ္ပာယ်ကို နားမလည်ဘူး ဖြစ်နေတယ်။ ဘာကို ဆိုလိုတာလဲ သိပါရစေ။"
လူတိုင်းက နံရံပေါ်ရှိ ပန်းချီကားဆီသို့ ကြည့်လိုက်ကြသည်။
ပွင့်လင်းသော စိတ်ထားရှိသည့် လီယွမ်ကျောက်က ရယ်မောလိုက်၏။ "ဦးရီးတော်။ ဘာလို့ နံရံမှာ စက်ဝိုင်းတစ်ခု သွားဆွဲထားရတာလဲ။ ဖန်ကြီး … ခင်ဗျားကလည်း ဒါကိုတောင် မေးနေရသေးတယ်။"
ဝူမင်းသားက ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "အဲဒါ စက်ဝိုင်း မဟုတ်ဘူး။ ဒီလောကကြီးကို ပြောတာ။ ကျုပ်တို့ နေထိုင်နေတဲ့ ကမ္ဘာမြေကြီးက တကယ်တော့ အလုံးကြီး။ စက်လုံးကြီး တစ်ခုပဲ။"
သောက်ကျိုးနည်း။
ဖန်ကျန်းရီမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့၏။
အံ့သြစရာပဲ... တကယ့်ကို သရဲတစ္ဆေတွေနဲ့ တွေ့နေရသလိုပဲ။
သို့သော်ငြား ဝူမင်းသား၏ တုံ့ပြန်ပုံကို ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း ဤကိစ္စကို သေချာပေါက် ယုံကြည်နေပုံ မပေါ်ချေ။
ထိုသို့ဆိုလျှင် သူသည် ဝိညာဉ်ကူးပြောင်းလာသူ မဟုတ်ပေ။
ဒါက... သိပ္ပံ ရူးသွပ်သူလား။
ကျန်းပြောင်က ရုတ်တရက် အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်၏။ "အလုံးကြီး ဟုတ်လား။ ဒါဆို မြေကြီးပေါ်မှာ ဘယ်လိုလုပ် ရပ်နေလို့ ရမှာလဲ။"
လီယွမ်ကျောက်ကလည်း ဘေးမှ ဝင်ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ ဟုတ်တယ်။ ဦးရီးတော် .. ကောင်းကင်က အဝိုင်း၊ မြေကြီးက အပြား ဆိုတာကိုတောင် မသိဘူးလား။
ကျုပ်တို့ ခြေအောက်က ကမ္ဘာမြေကြီးက အလုံးကြီး ဖြစ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"