← Chapters

အခန်း (၂၈၀-၂၈၁)

Vol. 16 Ch. 280-281

အခန်း (၂၈၀-၂၈၁)

Vol. 16 Ch. 280-281

အပိုင်း (၂၈၀) ငါက ဝမ်းသာလွန်းလို့ မျက်ရည်ကျနေတာလား။

ဤတစ်ကြိမ် စားသောက်ပွဲက ဖန်ကျန်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

ဝူမင်းသား ကဲ့သို့သော အရည်အချင်းရှိသူများကို သူ မတွေ့ဖူးခဲ့သည်တော့ မဟုတ်ချေ။

တောက်ယွမ်ခရိုင် သုတေသနဌာနတွင် ထိုကဲ့သို့သော လူအတော်များများ ရှိပြီး၊ သူတို့အားလုံးသည် နှစ်အတော်ကြာ အဆက်မပြတ် ရှာဖွေရွေးချယ်ထားသော ထိပ်တန်း အရည်အချင်းရှိသူများ ဖြစ်ကြ၏။

သို့သော် ဝူမင်းသားနှင့် အနည်းငယ် ကွာခြားချက်မှာ ထိုသူများကို သူကိုယ်တိုင် လက်ဆွဲကာ ငယ်စဉ်တည်းက သင်ကြားပေးခဲ့ရခြင်း ဖြစ်သည်။

သူတို့၏ တွေးခေါ်ပုံများမှာ ပုံသေဖြစ်မနေသလို၊ ပညာအရည်အချင်းလည်း သိပ်မရှိသောကြောင့် စက္ကူဖြူ တစ်ရွက်ကဲ့သို့ ဖြစ်နေခဲ့၏။

ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသူ အဖြစ် အခြေချစအချိန်တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ လုံခြုံရေးကို အာမခံနိုင်ရန် ဖြစ်သည်။

နောက်ထပ် ရည်ရွယ်ချက် တစ်ခုမှာ သူ၏ဗဟုသုတများကို နောက်လူများထံ လက်ဆင့်ကမ်းပေးရန် ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် အသုံးဝင်လာမည်ဟု ယူဆခဲ့၏။

သူ၏ ဦးနှောက်ထဲတွင် ကျန်ရှိနေသော ဗဟုသုတများကို စာရွက်ပေါ်တွင် ရေးမှတ်ထားခဲ့သော်လည်း လုံးဝ မလုံလောက်ချေ။ ပိုမို ကြီးမားသော အကျိုးသက်ရောက်မှုများ ရရှိစေရန် အခြားသူများကို ဆက်လက် သုတေသနပြုခိုင်းရန် လိုအပ်ခဲ့သည်။

ထို့ကြောင့် ထိုလူငယ်များကို ပြုစုပျိုးထောင်ကာ သုတေသနဌာနကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။

အစပိုင်းတွင် ငွေကြေး မလုံလောက်သဖြင့် သူတို့ကို သင်္ချာပုစ္ဆာများ တွက်ခိုင်းကာ အချိန်ဖြုန်းစေခဲ့သည်။

တောက်ယွမ်ခရိုင် တိုးတက်လာသောအခါ သုတေသနဌာနသည် ကုန်ကျစရိတ်များကို မငဲ့ကွက်ဘဲ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ခဲ့၏။

သေချာပေါက် ရရှိလာသော အကျိုးအမြတ်များကလည်း ကြီးမားလှသည်။ ဖန်ကျန်းရီ၏ လမ်းညွှန်မှုဖြင့် တောက်ယွမ်ခရိုင်သည် ကောင်းမွန်သော အရာများစွာကို တီထွင်နိုင်ခဲ့သည်။

ဖန်ကျန်းရီသည် သုတေသနဌာနကို တည်ထောင်နိုင်ခဲ့သည့်အတွက် အမြဲတမ်း ဝမ်းသာဂုဏ်ယူနေမိ၏။

ယခုအချိန်တွင် သူ၏ သိပ္ပံဗဟုသုတများ၊ အထူးသဖြင့် သင်္ချာပညာမှာ အတော်လေး ဆုတ်ယုတ်နေပြီ ဖြစ်ပြီး၊ variable တစ်ခုတည်းပါသော quadratic ညီမျှခြင်း (ax^2+bx+c=0) ကိုပင် သေချာ မတွက်တတ်တော့ချေ။

ဝူမင်းသား ကဲ့သို့သော တော်ဝင်မိသားစုတွင် ကြီးပြင်းလာပြီး ရိုးရာပညာရေးကို သင်ကြားခဲ့ရသူ တစ်ဦး၌ သိပ္ပံနည်းကျ တွေးခေါ်မှုများ ပေါ်ပေါက်လာခြင်းမှာ အလွန် ရှားပါးလှသည်။

ထို့အပြင် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မြင့်မားပြီး လက်တွေ့ စမ်းသပ်မှုများကို အလွန် စိတ်ဝင်စားခြင်းကလည်း အံ့သြစရာ ကောင်းလှ၏။

ဖန်ကျန်းရီက သူ့ကို ကျင်းတိုင်းပြည်၏ နယူတန် အဖြစ်ပင် သတ်မှတ်ချင်နေမိသည်။

ဒီဝူမင်းသားက လူကောင်းတစ်ယောက်ပဲ။ ကြည့်ရတာ အဆင်ပြေတယ်။ ငါ ထင်ထားသလို ကောက်ကျစ်စဉ်းလဲတဲ့ ရုပ်မျိုး မဟုတ်ဘူး။

ငါ့ကို မိန်းမလှလေးတောင် လက်ဆောင်ပေးလိုက်သေးတယ်။

ဒီမိန်းမလှလေးကို ငါ့အချိန်အတော်ကြာ မြူဆွယ်ခဲ့ရပေမဲ့ သူမက အပြင်လူ ဖြစ်နေတုန်းပဲ။

ငါ့ဆီမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး ဆိုပေမဲ့လည်း အရမ်း သတိထားနေဖို့တော့ လိုအပ်သေးတယ်။

လော့နင်ရှင်းကို အိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။

ဖန်ကျန်းရီ၏ အိမ်တော်မှ အရေးကြီး ပုဂ္ဂိုလ်များအားလုံး ဧည့်ခန်းမဆောင်တွင် စုဝေးနေကြပြီး လော့နင်ရှင်းကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။

ရှောင်ထောင်က မျက်မှောင်ကြုတ်ကာ ဖန်ကျန်းရီ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "သခင်လေး … အိမ်ကို နောက်ထပ် မိန်းမ တစ်ယောက် ခေါ်လာပြန်ပြီလား။"

ဖန်ကျန်းရီက ခေါင်းစောင်းကာ မေးလိုက်၏။ "နောက်ထပ် ဟုတ်လား။ ငါ ဘယ်တုန်းက အိမ်ကို မိန်းမ ခေါ်လာဖူးလို့လဲ။"

"ရှောင်ပိုင် လေ။"

"ရှောင်ပိုင်က ကျန်းပြောင် ထမ်းလာတာလေ။ ကိုယ့်ဘာသာ ရောက်လာတာ။ ဒီတစ်ယောက်ကလည်း အတူတူပဲ။ ဝူမင်းသားက ပို့ပေးလိုက်တာ။"

"လွန်ခဲ့တဲ့ လေးနှစ်တုန်းက သခင်လေး အိမ်နောက်ဖေးကို မုဆိုးမ တစ်ယောက် ခေါ်လာခဲ့သေးတယ်လေ..."

"ဘာ မုဆိုးမလဲ။ စကားများမနေနဲ့။ နောက်ဆိုရင် သူ့ကို မင်းဆီ အပ်ထားမယ်။ သေချာ သင်ပေးလိုက်။"

"သိပါပြီ။"

လူစုံနေပြီဖြစ်ကြောင်း မြင်သောအခါ ဖန်ကျန်းရီက ခန်းမလယ်သို့ သွားကာ ပြုံးလျက် ပြောလိုက်၏။ "ကဲ … အားလုံး စုံပြီဆိုတော့ ဒီနေ့ ကျုပ်တို့ အိမ်တော်မှာ အဖွဲ့ဝင်သစ် တစ်ယောက် တိုးလာတယ်။ အားလုံးနဲ့ မိတ်ဆက်ပေးမယ်။"

လော့နင်ရှင်း၏ မျက်နှာလေး နီရဲသွားသည်။

ကြည့်ရသည်မှာ ဤလူများသည် အိမ်တော်မှ အစေခံများ ဖြစ်ပုံရ၏။

အိမ်ရောက်တာနဲ့ ချက်ချင်း အဆင့်အတန်းကို ကြေညာပေးတော့မှာလား။ သူ ငါ့ကို ကောင်းကောင်း ဆက်ဆံမယ်ဆိုရင် ကိုယ်လုပ်တော် ဖြစ်ရတာလည်း မဆိုးပါဘူး။

မြို့ဝန်ဖန်မှာ တရားဝင် ဇနီးမရှိသေးဘူးဆိုတော့ ငါက...

လော့နင်ရှင်း၏ စိတ်များ ရှုပ်ထွေးသွားပြီး အတွေးပေါင်းစုံက ခေါင်းထဲသို့ ဝင်ရောက်လာတော့၏။

နူးညံ့သော လက်ကလေးများက အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

ဖန်ကျန်းရီက သူမကို လက်ညှိုးထိုးပြလိုက်၏။ "သူက မိန်းကလေး လော့နင်ရှင်း တဲ့။ နောက်ဆိုရင် အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီ။"

"နင်ရှင်း... မင်းကို မိတ်ဆက်ပေးမယ်။ သူက ရှောင်ထောင်။ ငါ့ရဲ့ အိမ်စေ။ သူက ကျန်းပြောင်..."

လော့နင်ရှင်းက ပြုံးလျက် တစ်ယောက်ချင်းစီကို ခေါင်းညိတ် နှုတ်ဆက်လိုက်ရာ အိမ်ရှင်မ တစ်ယောက်၏ ဟန်ပန်မျိုး ပေါ်လွင်နေ၏။

အကြမ်းဖျင်း မိတ်ဆက်ပေးပြီးနောက် ဖန်ကျန်းရီက ပိုင်ရီကို လှမ်းခေါ်လိုက်သည်။ "ရှောင်ပိုင် .. လာခဲ့အုံး။"

ပိုင်ရီက ရှက်ရွံ့စွာဖြင့် ဖန်ကျန်းရီ အနီးသို့ လျှောက်လာခဲ့၏။ ဖန်ကျန်းရီက အကျင့်ပါနေသလို သူမ၏ ခေါင်းကို နှစ်ချက်ခန့် ပွတ်သပ်ပြီး ပြောလိုက်သည်။ "နင်ရှင်း …. ကျုပ်တို့အိမ်ရဲ့ အခြေအနေက တကယ်တော့ တော်တော် ခက်ခဲတယ်။

ပုံမှန်ဆိုရင် မင်းကို လစဉ်လစာ ပေးရမှာ ဖြစ်ပေမဲ့ အခုတော့ တကယ် မပေးနိုင်သေးဘူး။ မင်းကို အားနာပါတယ်။ ဒါပေမဲ့ စိတ်ချပါ။ စားဖို့သောက်ဖို့တော့ အပြည့်အဝ တာဝန်ယူတယ်။ နောက်ဆိုရင် မင်းက ရှောင်ပိုင်ရဲ့ အိမ်စေပဲ။ ကြိုးကြိုးစားစား လုပ်ပါ။"

ဂျိန်း ...

မိုးကြိုးတစ်စင်းက လော့နင်ရှင်း၏ ဦးနှောက်ထဲသို့ ပစ်ချလိုက်သလိုပင်။

အိမ်စေ... ကျွန်မက ကိုယ်လုပ်တော် ဖြစ်ရမှာ မဟုတ်ဘူးလား။ ရှင်က ကျွန်မကို ချစ်တယ်လို့ ပါးစပ်က အမြဲပြောနေခဲ့တာလေ။ လူယုတ်မာကြီး...

ဘာလို့ ကျွန်မကို အိမ်စေ လုပ်ခိုင်းရတာလဲ။ ပြီးတော့ ပိုက်ဆံ တစ်ပြားမှတောင် မပေးဘူးတဲ့လား။

လော့နင်ရှင်းမှာ ရင်ထဲတွင် အပေါက်ကြီး တစ်ခု ဖြစ်သွားသလို ခံစားလိုက်ရပြီး ဝမ်းနည်းမှုနှင့် နာကျင်မှုများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။

ဖန်ကျန်းရီကမူ သူမကို လုံးဝ ဂရုမစိုက်ဘဲ ရှောင်ပိုင် ခေါင်းကိုသာ ပွတ်သပ်နေသည်။

သူက ချစ်ခင်ကြင်နာစွာဖြင့် ဆက်ပြောနေ၏။ "ရှောင်ပိုင်ရေ... မင်းက အမြဲတမ်း တုံးအပြီး ဘာအလုပ်မှ သေချာ မလုပ်တတ်တော့ ငါမင်းအတွက် စိတ်ပူနေရတာ။ ဒီနေ့ မင်းအတွက် အိမ်စေ တစ်ယောက် ရှာပေးလိုက်ပြီ။ မင်းတို့ နှစ်ယောက် အတူတူ သေချာ နေကြနော်။ ပြောစမ်း... ငါ မင်းအပေါ် ကောင်းတယ် မဟုတ်လား။"

ပိုင်ရီမှာ ငိုချင်စိတ်ပင် ပေါက်သွား၏။ "သခင်လေးက ကျွန်မအပေါ် တကယ် ကောင်းပါတယ်။

ဒါပေမဲ့ သူက ဘာလို့ နင်ရှင်းလို့ နာမည်ပေးထားတာလဲ။ ရှောင်ရှင်းလို့ နာမည်ပေးသင့်တာ မဟုတ်ဘူးလား။"

"ဘာလို့လဲဆိုတော့ သူ့နာမည်က စာလုံး သုံးလုံးမို့လို့လေ။"

"..."

ကျွန်မ နာမည်ကလည်း စာလုံး သုံးလုံးပဲလေ။ ပိုင်ရီမှာ ဒေါသထွက်လွန်း၍ သွားများပင် ကျိုးတော့မတတ် အံကြိတ်ထားလိုက်မိ၏။

ထို့နောက် ဖန်ကျန်းရီက လော့နင်ရှင်းဘက်သို့ လှည့်လိုက်သည်။ "နင်ရှင်း… ရှောင်ပိုင်က ရှောင်ထောင်ရဲ့ အိမ်စေဆိုပေမဲ့ သူ့ကို အိမ်စေတစ်ယောက်ဆိုပြီး အထင်မသေးနဲ့နော်။ သူက ကျုပ်တို့ အိမ်မှာ အဆင့်အတန်း တစ်မျိုး ရှိတယ်။"

ဂျိန်း ...

နောက်ထပ် မိုးကြိုးတစ်စင်း ထပ်ပစ်ချလိုက်သလိုပင်။

လော့နင်ရှင်း၏ နှလုံးသားမှာ လုံးဝ ကွဲကြေသွားတော့၏။

အိမ်စေရဲ့ အိမ်စေရဲ့ အိမ်စေ ဟုတ်လား။ ငါ့လို အလှမယ်လေး တစ်ယောက်က... ဒီလို အခြေအနေမျိုးအထိ ကျရောက်သွားပြီလား။

လော့နင်ရှင်းက ပိုင်ရီကို သနားစရာ မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ခဏမျှ ကြောင်ကြည့်နေပြီးနောက် ရုတ်တရက် သဘောပေါက်သွားတော့၏။

သူမရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် အိမ်စေ လုပ်ရုံပဲ တန်တာပေါ့လေ...

မျက်ရည်များက အလိုအလျောက် စီးကျလာတော့သည်။

ဖန်ကျန်းရီက လော့နင်ရှင်းကို ကြည့်ကာ မေးလိုက်၏။ "နင်ရှင်း... မင်း ဘာလို့ ငိုနေတာလဲ။ အရမ်း ဝမ်းနည်းသွားလို့လား။ ဝမ်းနည်းတယ်ဆိုရင် ဝူမင်းသားဆီ ပြန်ပြောပြီး မင်းကို အရင်စံအိမ်ဆီ ပြန်လွှတ်ပေးလို့ ရတယ်။"

လော့နင်ရှင်း၏ ရင်ထဲတွင် ခါးသက်သွား၏။

ပြန်သွားရမယ် ဟုတ်လား။ ပြန်သွားလို့ မရတော့ပါဘူး။

လက်ဆောင်အဖြစ် ပေးပြီးမှ ပြန်ပို့ခံရမယ်ဆိုရင် ကျွန်မအတွက် ဘယ်လို ကံကြမ္မာမျိုး စောင့်ကြိုနေမလဲဆိုတာ မသိနိုင်တော့ဘူး။

ဒီလို အခြေအနေမျိုးမှာ အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး။ ပိုတွေးလေ ပိုကြောက်လေပဲ။

လော့နင်ရှင်းက ခေါင်းကို အားရပါးရ ခါယမ်းကာ မျက်ရည်များကို သုတ်လိုက်သည်။

"ကျွန် .. ကျွန်မ... ဝမ်းသာလို့ပါ။"

"ဪ... ဝမ်းသာလွန်းလို့ မျက်ရည်ကျတာကိုး။ ကျုပ်တို့ ဖန်အိမ်တော်က တကယ်ကို နေလို့ကောင်းတဲ့ နေရာပါ။ အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့။ နောက်ဆိုရင် မင်းက ဖန်အိမ်တော်ရဲ့ လူ ဖြစ်သွားပြီ။"

ထိုနေရာရှိ လူအများအပြားမှာ ရယ်မောလိုက်ကြပြီး လက်ခုပ်တီးကာ ကြိုဆိုလိုက်ကြရာ ခန်းမဆောင်အတွင်း၌ ပျော်ရွှင်စရာ အငွေ့အသက်များ ချက်ချင်း ပြည့်နှက်သွားတော့၏။

ပိုင်ရီ တစ်ယောက်သာလျှင် အောက်နှုတ်ခမ်းကို ကိုက်ကာ အသံထွက်မငိုမိစေရန် ကြိုးစားနေရသည်။

သူမ မေ့လို့ မရနိုင်ပေ... ထိုနေ့က ဖန်ကျန်းရီ သူမအပေါ် လွှမ်းမိုးထားခဲ့သော အကြောက်တရားများကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။

...

ဝူမင်းသား အိမ်တော်….။

ဝူမင်းသားသည် ကြယ်ကြည့်မှန်ပြောင်းဖြင့် ကောင်းကင်ကို ကြည့်ရှုနေ၏။

အိမ်တော်ထိန်းချန်က ဘေးမှ ရပ်စောင့်နေပြီး ဝူမင်းသား မတ်တတ်ထလာသည်ကို မြင်သောအခါ ပြုံးလျက် မေးလိုက်သည်။ "ဒီနေ့ ဝူမင်းသား စိတ်အခြေအနေ ကောင်းနေပုံရတယ်။"

ဝူမင်းသားက ပြုံးလျက် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဒီနေ့ မြို့ဝန်ဖန်နဲ့ တွေ့ရတာ ကျုပ် တွေးထားတာနဲ့ သိပ်မကွာဘူး။ သူက ကျုပ် ပြောတဲ့စကားတွေကို နားလည်နိုင်တယ်ဆိုတာ သိသာတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်း ဆိုတာ ရှာရခက်တယ်လေ။"

အိမ်တော်ထိန်းချန်က မေးလိုက်သည်။ "ဒါဆို... ဝူမင်းသား ဘာလို့ ရုတ်တရက် စိတ်ပြောင်းပြီး မိန်းကလေး နင်ရှင်းကို ပေးလိုက်ရတာလဲ။"

ဝူမင်းသား၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာ၏။ "တုံးအတဲ့ မိန်းမ တစ်ယောက်ပဲ။ ပေးလိုက်တော့လည်း ပေးလိုက်တာပေါ့။ ဘာမှ အသုံးမကျပါဘူး။ စံအိမ် ကိစ္စက သေချာ စုံစမ်းကြည့်ရင် ကျုပ်နဲ့ ပတ်သက်နေမှန်း သိသာပါတယ်။ မြို့ဝန်ဖန်လည်း သိမှာပါ။

တိတ်တဆိတ် စုံစမ်းခံနေရတာထက်စာရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက ပိုကောင်းတယ်။ အထင်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။"

အိမ်တော်ထိန်းချန်က သံသယဖြင့် မေးလိုက်၏။ "ဝူမင်းသား … ကျုပ် ကြည့်ရသလောက် မြို့ဝန်ဖန်နဲ့ အိမ်ရှေ့စံတို့က အရိပ်လိုမခွဲဘဲ နေကြပြီး ဆက်ဆံရေး အရမ်းကောင်းတယ်။ ဒီကိစ္စကို အိမ်ရှေ့စံ သိသွားရင် ကောင်းပါ့မလား။

ပြီးတော့ ဝူမင်းသား သူနဲ့ လုပ်တဲ့ စီးပွားရေးက သေချာပေါက် အရှုံးပေါ်မှာလေ။ ဝူမင်းသားက မြို့ဝန်ဖန်ကို သိမ်းသွင်းချင်လို့လား။ မြို့ဝန်ဖန်က ငွေမက်တဲ့သူ မဟုတ်ဘူးလို့ ဝူမင်းသား အရင်က ပြောဖူးတယ်လေ။"

ဝူမင်းသားက လှောင်ပြောင်လိုက်၏။ "အိမ်ရှေ့စံ ဟုတ်လား။ နွေရာသီမှာပဲ အသက်ရှင်တဲ့ ပိုးကောင်ကို ရေခဲအကြောင်း ပြောပြလို့ ဘယ်နားလည်ပါ့မလဲ။ ကျုပ်သာ မြို့ဝန်ဖန် နေရာမှာဆိုရင် အိမ်ရှေ့စံနဲ့ ဘယ်တော့မှ ပေါင်းမှာ မဟုတ်ဘူး။

သူ ဒီလို လုပ်နေရတာက တာဝန်အရမို့လို့ သတ်သတ်ပါ။

သူ ငွေမက်တဲ့သူ မဟုတ်ဘူးလို့ ကျုပ်က ခန့်မှန်းရုံပဲ။ ဒါပေမဲ့ တောက်ယွမ်ခရိုင်နဲ့ မြို့တော် ဆက်သွယ်ထားတဲ့ လမ်းက ပွင့်သွားပြီဆိုတော့၊ တောက်ယွမ်ခရိုင်က စီးပွားရေး လုပ်ငန်းတော်တော်များများ မြို့တော် အပြင်ဘက်ကို ပြောင်းလာနိုင်တယ်။

တကယ်လို့ သူ ငွေလိုလာရင် ကျုပ် ပေးလိုက်တဲ့ ငွေတွေက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပဲ။

သိမ်းသွင်းတယ် ဆိုတဲ့ ကိစ္စကတော့ သူ့ကို တိုက်ရိုက် သိမ်းသွင်းနိုင်ရင် အကောင်းဆုံးပေါ့။ ဒီလောကမှာ မသိမ်းသွင်းနိုင်တဲ့ လူရယ်လို့ မရှိပါဘူး။ ပေးရတဲ့ တန်ဖိုးပဲ ကွာတာပါ။ မြို့ဝန်ဖန်ကတော့ နည်းနည်း ပိုဈေးကြီးနိုင်တယ်... ဒါပေမဲ့ ကျုပ်ဆီမှာ ငွေရော အချိန်ရော ရှိပါတယ်။

တစ်နေ့နေ့ကျရင် ကျုပ် သူနဲ့ တကယ်ကို လက်တွဲ လုပ်ဆောင်နိုင်မှာပါ။"

"ဝူမင်းသား တကယ် အမြော်အမြင် ကြီးမားလှပါတယ်။"

အပိုင်း (၂၈၁) ဘာမှ မဟုတ်ဘူး။

၁၀ ရက်ခန့် အေးအေးဆေးဆေး နေထိုင်ပြီးနောက် မဖြစ်မနေ အလုပ်ပြန်ဆင်းရတော့မည်။

ဖန်ကျန်းရီမှာ အတော်လေး ခေါင်းကိုက်သွား၏။

တစ်နေ့လျှင် ၁၂ နာရီ အိပ်သည့် အကျင့် ပြန်ရနေပြီ ဖြစ်ရာ ယခု ရုတ်တရက် အစောကြီး ထရမည့် အလုပ်ကို မလုပ်ချင်တော့ချေ။

ပုံမှန်ဆိုလျှင် ဆယ်ရက် သို့မဟုတ် လဝက်ခန့်မှ ညီလာခံ တစ်ခါ တက်ရသည်က ပုံမှန် အခြေအနေ ဖြစ်၏။

အရှင်မင်းကြီးသည် တကယ်ကို အလုပ်ကြိုးစားသော ဘုရင် တစ်ပါး ဖြစ်ပြီး နေ့စဉ် ၆ နာရီထက် မပိုဘဲ အိပ်ကာ နေ့တိုင်း ညီလာခံ ကျင်းပလေ့ရှိသည်။

သူဌေးတောင် ကုမ္ပဏီ ရောက်နေပြီဆိုတော့ အလုပ်သမားက ဘယ်လိုလုပ် ဆက်အိပ်လို့ ရပါတော့မည်နည်း။

သူ ဘယ်လောက်ပဲ မသွားချင်ပါစေ သွားရမည်သာ ဖြစ်၏။

မနက်အစောကြီး သူ့ကို နှိုးသူမှာ အိမ်စေအသစ်လေး လော့နင်ရှင်း ပင် ဖြစ်သည်။

ခေါင်းဖြီးပေးခြင်း၊ အဝတ်အစား ဝတ်ဆင်ပေးခြင်းများကို အလွန် ကျွမ်းကျင်စွာ လုပ်ဆောင်ပေးသဖြင့် ဖန်ကျန်းရီလည်း အလွန် ကျေနပ်သွားမိ၏။

သို့သော်ငြား ဤလော့မိန်းကလေးသည် ဖန်အိမ်တော်သို့ ရောက်ပြီးနောက်ပိုင်း စကား သိပ်မပြောတော့ချေ။ ခေါင်းငုံ့ကာ အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ်နေတော့သည်။

အရမ်း ကောင်းတယ်။ ဒီမိန်းမက လှလည်းလှတယ်၊ အလုပ်လည်း မြန်တယ်၊ ဆွံ့အဟန်တောင် ဆောင်တတ်သေးတယ်။ အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘူး။

စိတ်ကျေနပ်သွားသော ဖန်ကျန်းရီသည် ဝေါယာဉ်ပေါ်တက်ကာ တစ်ဝက်အိပ် တစ်ဝက်နိုးဖြင့် ဝူမင်တံခါးသို့ ရောက်ရှိလာခဲ့၏။

ဝူမင်တံခါး အပြင်ဘက်တွင် အမတ်များစွာ စောင့်ဆိုင်းနေကြသည်။

ဖန်ကျန်းရီ ဝေါယာဉ်ပေါ်မှ ဆင်းလာသည်နှင့် ရင်းနှီးသော မျက်နှာဟောင်းများကို မြင်တွေ့ရသဖြင့် အပြုံးဖြင့် တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်၏။

ကံကောင်းသည်မှာ လူတိုင်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်နေကြသော်လည်း အပေါ်ယံတွင်တော့ မသိမသာ နေပြကြသည်။

ထို့အပြင် အနာဂတ်က အလွန် တောက်ပနေပြီ ဖြစ်ရာ သူ့ကို အရမ်းကြီး မုန်းတီးပြ၍ မရနိုင်ချေ။

ယန်ရင်းချိုက် တစ်ယောက်သာ လူအုပ်ထဲမှနေ၍ ဖန်ကျန်းရီကို အေးစက်သော အကြည့်ဖြင့် ကြည့်နေ၏။

ဖန်ကျန်းရီ မျက်နှာပြောင်တိုက်ကာ လာနှုတ်ဆက်သည်ကို မြင်သောအခါ သူကလည်း ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။

"အမတ်ကြီးယန် … မတွေ့ရတာ ကြာပြီနော်။"

ယန်ရင်းချိုက်က မချိုမချဉ် ပြုံးကာ ပြောလိုက်၏။ "မြို့ဝန်ဖန်ကို ဂုဏ်ပြုပါတယ်။ လုပ်ကိုင်ဆောင်ရွက်ပုံတွေက စနစ်ကျတယ်၊ သတ္တိလည်း ရှိတယ်၊ သေချာလည်း စဉ်းစားတတ်တယ်။ ခရိုင်ဝန် အဆင့်နဲ့ ကျန်းကျန်မြို့ဝန်ကို သတ်ရဲတယ်ဆိုတော့... တကယ်ကို လေးစားစရာပဲ။"

ဤအဘိုးကြီး သူ့ကို လှောင်ပြောင်နေမှန်း သိလိုက်သဖြင့် ဖန်ကျန်းရီကလည်း လုံးဝ အလျှော့မပေးဘဲ ပြုံးလျက် ပြန်ပြောလိုက်သည်။ "အမတ်ကြီးယန် .. အထင်ကြီးလွန်းနေပါပြီ။ ခရိုင်ဝန်ဆိုတော့ ဘာဖြစ်လဲ။ အကျင့်ပျက် ခြစားတဲ့ အရာရှိတချို့က သတ်သင့်ရင် သတ်ရမှာပဲလေ။ အဆင့်ဆင့် သတင်းပို့နေပြီး အရာရှိ အချင်းချင်း ကာကွယ်ပေးနေကြရင် အကျင့်ပျက် ခြစားတဲ့သူတွေက လွတ်မြောက်သွားမှာပေါ့။

ဒါမှမဟုတ်... အမတ်ကြီးယန်နဲ့ လျိုရွှန်းကများ ကိုယ်ရေးကိုယ်တာ ပတ်သက်မှု ရှိနေလို့လား။"

ယန်ရင်းချိုက်က အလျင်အမြန် လက်ကာပြလိုက်၏။ "ဟေ့ … လျှောက်မပြောနဲ့နော်။"

ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်သည်။ "နောက်တာပါ။ အမတ်ကြီးယန်ကလည်း တကယ် မှတ်မနေပါနဲ့။"

ယန်ရင်းချိုက်၏ မျက်နှာ နီရဲသွားပြီး အင်္ကျီလက်ကို ခါယမ်းကာ ဒေါသတကြီး ပြောလိုက်၏။ "နောက်တယ် ဟုတ်လား။ ဒီလို ကိစ္စမျိုးကို နောက်လို့ ရမလား။ မြို့ဝန်ဖန်က သတင်းမပို့ဘဲ ကျန်းကျန်မြို့ဝန်ကို သတ်ပစ်လိုက်တာလည်း နောက်တာပဲလား။"

ဖန်ကျန်းရီက သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ဒီအဘိုးကြီး ဘာလို့ ဒေါသထွက်နေတာလဲ ဆိုတာ အခုမှ သိတော့တယ်။

ဒီရှေးရိုးစွဲ အဘိုးကြီး .. လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်လို့ သူက ငါ့ကို အပြစ်ရှာနေတာကိုး။

ဖန်ကျန်းရီက လုံးဝ အားနာခြင်း မရှိဘဲ ယန်ရင်းချိုက်ကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။ "မြို့ဝန် …. မြို့ဝန်ဆိုတာ ဘာအရေးပါလို့လဲ။ မြို့တော်မှာ အုတ်ခဲတစ်လုံးနဲ့ ပစ်ပေါက်လိုက်ရင်တောင် မြို့ဝန်ထက် ရာထူးကြီးတဲ့သူ အများကြီး ထိနိုင်တယ်။

အာဏာ အကြီးအသေး ဆိုတာက ပြည်သူတွေအတွက် အလုပ်လုပ်ပေးဖို့၊ အစိုးရအတွက် အလုပ်လုပ်ပေးဖို့ပဲလေ။ လျိုရွှန်းက ဥပဒေကို သိသိရက်နဲ့ ချိုးဖောက်ခဲ့တာမို့ သူ့အပြစ်က သေဒဏ်ထိုက်တယ်။ ဒါကြောင့် သတ်ပစ်လိုက်တာ။

ကျုပ်က ခင်ဗျားကို ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားလို လူကြီးသူမ တစ်ယောက်ရဲ့ တွေးခေါ်ပုံက နည်းနည်းတော့ ပြင်ဖို့ လိုနေသေးတယ်။"

"မင်း …"

ယန်ရင်းချိုက်မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွား၏။ မူလက သူ့တွင် ပြောစရာ စကားတွေ အများကြီး ရှိခဲ့သည်။

ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး အားနည်းချက်လေးတစ်ခုလောက် တွေ့သည်နှင့် အသက်သေဆုံးသည်အထိ‌ ဝေဖန်ဖို့ အဆင်သင့်ပင်။ သို့ပေမည့် ဤအကောင်က အားနည်းတာမဟုတ်ပေ။ ကိုယ်ကျင့်တရားကို မရှိခြင်းဖြစ်၏။

ယန်ရင်းချိုက်က တန်ပြန်တိုက်ခိုက်ရန် စဉ်းစားနေစဉ်မှာပင် ဖန်ကျန်းရီက စိတ်မဝင်စားတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

အခြား အရာရှိများကလည်း မလှမ်းမကမ်းမှနေ၍ ရယ်မောကာ ကြည့်နေကြ၏။

နံနက်ခင်း အရုဏ်တက်ချိန်တွင် လူများ ရန်ဖြစ်နေကြသည်ကို မြင်တွေ့ရခြင်းက အတော်လေး ကြည့်ကောင်းလှပေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း၏ စိတ်အစဉ်မှာလည်း ကြည်လင်လန်းဆန်းသွားကြ၏။

ဘေးတစ်ဖက်တွင် ရပ်စောင့်နေသော ယန်ဖုန်းဖန်သည် ထိုသူနှစ်ဦး စကားပြောဆို ပြီးဆုံးသွားသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန်ကျန်းရီအနားသို့ ခပ်သုတ်သုတ် တိုးကပ်သွားသည်။

ထို့နောက် သူက မျက်နှာချိုသွေးလျက် ဆိုလိုက်၏။ "မြို့ဝန်မင်းဖန်... ယခုလို ရာထူးပြန်လည်ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ"

ဖန်ကျန်းရီက စွေကြည့်လိုက်ပြီး ပြောလိုက်၏။ "ဪ။ ကျေးဇူးတင်ပါတယ်။ ရှောင်ယန် … ဘာကိစ္စ ရှိလို့လဲ။ ဒါနဲ့ အမတ်ကြီးလီ ဘယ်ရောက်သွားတာလဲ။ ကျုပ် မတွေ့မိပါလား။"

ဖန်ကျန်းရီက သူ့ကို မှတ်မိနေသေးသည်ကို မြင်သောအခါ ယန်ဖုန်းဖန်၏ အပြုံးက ပို၍ ကျယ်ပြန့်လာခဲ့သည်။

ထပ်မံ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်၏။ "ခုနလေးတင် တွေ့လိုက်သေးတယ်။ ဘယ်ရောက်သွားလဲ မသိဘူး။ ခင်ဗျား မြင်မှာ ကြောက်လို့ နေမှာပေါ့။"

"ကျုပ်ကို ကြောက်တယ် ဟုတ်လား။ ကျုပ်ကို ဘာလို့ ကြောက်ရမှာလဲ။" ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်သည်။

ယန်ဖုန်းဖန်က တဟားဟားရယ်ကာ ကောက်ကျစ်စဉ်းလဲသော အသံဖြင့် ပြောလိုက်၏။ "သေချာပေါက် ကြောက်ရမှာပေါ့။ သူက ခင်ဗျားရဲ့ ဦးလေးတော်လေ။ ခင်ဗျားကလည်း အခုဆို အရမ်း အရှိန်အဝါ ကြီးနေတာ။ အတူတူ တွဲနေရင် သတင်းထွက်မှာ စိုးလို့ ရှောင်နေတာလေ။ ရှောင်နေတာ။"

"ဪ... ရှောင်နေတာကိုး။"

ဖန်ကျန်းရီက နှုတ်ခမ်းကိုမဲ့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဟားဟား … ခင်ဗျား ပြောကြည့်စမ်း။ မိသားစုဝင်တွေ ဖြစ်နေရက်နဲ့ ဘာလို့ ဒီလို လုပ်နေရတာလဲ။ မလိုအပ်ပါဘူး။"

"ဟုတ်တယ်။ ဟုတ်တယ်။" ယန်ဖုန်းဖန်က အဆက်မပြတ် ထောက်ခံလိုက်သည်။

မလှမ်းမကမ်းရှိ ထောင့်တစ်နေရာတွင် ပုန်းနေသော လီယန်စုန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ရင်ဘတ်ကို ထုကာ မချင့်မရဲ ဖြစ်သွားမိ၏။

ဖန်ကျန်းရီ ရှင်းပြပြီးနောက် ဤကိစ္စ ပြီးဆုံးသွားပြီဟု သူ ထင်ထားခဲ့သည်။

သို့သော်ငြား မြို့တော်အတွင်း၌ ပို၍ပင် ပြင်းထန်လာမည်ဟု မထင်ထားခဲ့ချေ။

သူတို့အိမ်မှ ဆန်များအားလုံးကို ဖန်ကျန်းရီက လှူဒါန်းခဲ့သည်ဟုပင် ပြောနေကြသေး၏။ မွေးရပ်မြေမှ လူများကပင် စာရေး၍ ဤကိစ္စကို မေးမြန်းလာကြသည်။

ညီလာခံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း ဤမျှ ထူးဆန်းသော ကိစ္စမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။

လူသုံးယောက် ပြောရင် ကျားဖြစ်သွားနိုင်တယ် ဆိုတဲ့အတိုင်း ကောလာဟလတွေက ကြောက်စရာ ကောင်းလိုက်တာ။

သူ့၌ ပါးစပ်တွေ အများကြီး ရှိနေလျှင်တောင် ရှင်းပြလို့ ရမည်မဟုတ်ချေ။ တတ်နိုင်သမျှ ဝေးဝေး ရှောင်နေရုံသာ ရှိတော့သည်။

အခုတော့ ဒီခွေးကောင် ဖန်ကျန်းရီက ဒီလောက် လူအများကြီး ရှေ့မှာ ဒီလို စကားမျိုး လာပြောနေသေးတယ်။

"ငါ... ငါ..." လီယန်စုန်မှာ ောဟိုက်နေတော့၏။

ဘေးမှ အစေခံက အမြန်လာ၍ ရင်ဘတ်ကို ပွတ်သပ်ကာ အမောပြေအောင် လုပ်ပေးရသည်။

ကံကောင်းသည်မှာ မကြာမီ အချိန်သတ်မှတ်ရေးဌာနမှ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး နန်းတော်တံခါးများ ပွင့်လာခဲ့၏။

အမတ်များ အားလုံး အတွင်းသို့ ဝင်ရောက်သွားကြသည်။

အမတ်များ နေရာယူပြီးနောက် အရှင်မင်းကြီးက အပေါ်မှ ထိုင်ကာ ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်သည်။

"မြို့ဝန်ဖန် … ကိုယ်တော်က လူလွှတ်မခေါ်ရင် မင်း ပြန်လာတော့မှာ မဟုတ်ဘူးလို့တောင် ထင်နေတာ။"

ဖန်ကျန်းရီက အနေရခက်စွာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောချေ။

ဆယ်ရက်တောင် အချိန်ဆွဲထားနိုင်တာ မဆိုးပါဘူး။

အရှင်မင်းကြီးက သူ စကားမပြောသည်ကို မြင်သောအခါ ခေါင်းလှည့်ကာ တိုက်ရိုက် ပြောလိုက်၏။ "မကြာသေးခင် က အရေးကြီးတဲ့ ကိစ္စကြီး တစ်ခု ဖြစ်ပေါ်လာတယ်။

နယ်စပ်ကနေ ကိုယ်တော့်ဆီကို လျှို့ဝှက်သတင်းတွေ ဆက်တိုက် ရောက်လာတယ်။

မြောက်ပိုင်း လူရိုင်း ၂၆ မျိုးနွယ်ကို ဝူလျန်ချီ မျိုးနွယ်က တစ်ခုပြီးတစ်ခု တိုက်ခိုက် သိမ်းပိုက်လိုက်ပြီတဲ့။ သူတို့ရဲ့ ခေါင်းဆောင် ဝူထူကို ခေါင်းဆောင်ကြီး အဖြစ် တင်မြှောက်လိုက်ကြပြီ။

လျှို့ဝှက်သတင်းတွေအရ အဲဒီလူက စစ်ပွဲတွေမှာ အောင်ပွဲတွေ အများကြီး ရခဲ့ပြီး စစ်သားတွေရဲ့ ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ တိုက်ခိုက်တတ်တယ်လို့ ဆိုတယ်။

အခုဆို သူက ကိုယ်တော်တို့ ကျင်းတိုင်းပြည်ရဲ့ ကြီးမားတဲ့ ရန်သူကြီး ဖြစ်လာပြီ။ ဒါပေမဲ့ အခု နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ပိုင်း ရိုင်းစိုင်းသူတွေဆီက သံတမန်လွှတ်မယ့် စာလွှာကို ရရှိထားတယ်။ နောက်တစ်လနေရင် သံတမန်အဖွဲ့က..."

အရှင်မင်းကြီးက အပေါ်မှ ပြောနေ၏။

ဖန်ကျန်းရီက အောက်မှနေ၍ သေချာ စဉ်းစားနေသည်။

စစ်တိုက်ရတော့မှာလား။

လွန်ခဲ့သည့် နှစ်များက တောက်ယွမ်ခရိုင်တွင် ရှိနေစဉ် ဟိုနေရာ စစ်တိုက်သည်၊ ဒီနေရာ စစ်တိုက်သည် ဟူသော သတင်းများကို မကြာခဏ ကြားခဲ့ရသည်။

ရှေးခေတ်တွင် စစ်တိုက်ခြင်းသည် ထမင်းစား ရေသောက်သကဲ့သို့ ဖြစ်နေသည်ဟု သူ ခံစားရ၏။ ယခုမှ အေးအေးဆေးဆေး နေရတာ နှစ်ရက်ပဲ ရှိသေး၏။ မြောက်ပိုင်း လူရိုင်းဆိုသူများ ပေါ်လာပြန်၏။

ခု မြောက်ပိုင်းလူရိုင်းတွေက ပေါ်လာပြန်ပြီ။

မြောက်ပိုင်း ရိုင်းစိုင်းသူများနှင့် ပတ်သက်၍ သူ ကြားဖူးသော်လည်း သေချာတော့ မသိချေ။

ပထမအချက်မှာ အလွန် ဝေးကွာသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ စစ်ပွဲများကို သူ လုံးဝ စိတ်မဝင်စားဘဲ ကိုယ့်မိသားစုနှင့် အေးအေးချမ်းချမ်းသာ နေချင်သောကြောင့် ဖြစ်သည်။

ယခု ပြင်ပရန်သူများ ပေါ်လာပြီ ဆိုတော့ ယမ်းမှုန့်တွေကို ကြိုတင် ထုတ်ယူသင့်ပြီလား။

ကြိုတင်ပြင်ဆင်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကယ်၍များ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း စစ်ပွဲအသစ်များ ထပ်မံ ဖြစ်ပွားလာခဲ့လျှင် အသင့်ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားနိုင်မည်။

အရှင်မင်းကြီးက ဆက်ပြောနေ၏။ "မြောက်ပိုင်းလူရိုင်းတွေက နှစ်ပေါင်းများစွာ စစ်တိုက်နေရလို့ တိုင်းပြည် အင်အားလည်း ကျဆင်းနေလောက်ပြီ။

ဒါကြောင့် ဒီတစ်ခေါက် သံတမန်အဖွဲ့ လာတာက ငြိမ်းချမ်းရေး တောင်းဆိုဖို့ လာတာလို့ ကိုယ်တော် ထင်တယ်။ မင်းတို့ရော ဘယ်လို ထင်လဲ။

မြို့ဝန်ဖန်... မြို့ဝန်ဖန်။ မင်း ဘယ်လို ထင်လဲ။"

ဖန်ကျန်းရီ လုံးဝ မှင်သက်သွားတော့၏။ ရန်သူကို ကာကွယ်ရန် ယမ်းမှုန့်လက်နက်များ ပြုလုပ်ရန် စဉ်းစားနေခိုက် အရှင်မင်းကြီးက သူ့ကို ရုတ်တရက် မေးခွန်းထုတ်လာမည်ဟု မထင်ထားခဲ့ချေ။

ဤကိစ္စနှင့် ပတ်သက်၍မူ သူ အမှန်တကယ်ပင် နားမလည်ပေ။ စစ်မက်ရေးရာ ကိစ္စရပ်များတွင် နားမလည်ဘဲလျက် နားလည်ဟန်ဆောင်၍ မဖြစ်နိုင်ပေ။

သို့ပေမည့် အရှင်မင်းကြီး ကိုယ်တော်တိုင်က မေးမြန်းလာပြီဖြစ်ရာ မသိပါဟုလည်း လျှောက်တင်၍ မဖြစ်ချေ။ သို့ဖြစ်၍ သူသည် မတတ်သာသည့်အဆုံး အနိုင်နိုင် ကြိုးစားကာ ဖြေကြားလိုက်ရသည်။

"အရှင်မင်းကြီး... ဒီကိစ္စကို ဆွေးနွေးဖို့က စောလွန်းသေးတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ သံတမန်အဖွဲ့ ရောက်လာမှပဲ ပြန်ဆွေးနွေးကြတာ ပိုကောင်းမယ် ထင်ပါတယ်။"

All Chapters