အခန်း (၂၈၂-၂၈၃)
Vol. 16 Ch. 282-283
အပိုင်း (၂၈၂) အိမ်ရှေ့စံကို ဖယ်ထားပြီး မင်းသမီးနဲ့ သွားတွေ့ခြင်း။
အရှင်မင်းကြီးက ကြားပြီးနောက် စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိ၏။
ဤသို့ ပြောဆိုလိုက်ခြင်းမှာ မပြောသည်နှင့် ထူးမခြားနားလှပေ။ ကြည့်ရသည်မှာ ဖန်ကျန်းရီသည် အတွေ့အကြုံများစွာ လိုအပ်နေသေးပုံပင်။
မြောက်ပိုင်းလူရိုင်းများ၏ သံတမန်အဖွဲ့ ရောက်ရှိလာခြင်းမှာ အလွန် အရေးကြီးသော ကိစ္စကြီး တစ်ခု ဖြစ်ရာ ဤကိစ္စမျိုးကို ကြိုတင် ဆွေးနွေးပြင်ဆင်ထားရမည်။
သို့ပေမည့် ဖန်ကျန်းရီ ညီလာခံသို့ ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် နားမလည်ခြင်းမှာ ခွင့်လွှတ်နိုင်သော ကိစ္စ ဖြစ်၏။
အရှင်မင်းကြီးက ဂရုမစိုက်တော့ဘဲ အခြားသူများကို လှည့်မေးလိုက်သည်။
ဘေးတွင် ရှိနေသော လီယွမ်ကျောက်မှာမူ အလွန် စိတ်လှုပ်ရှားနေပြီ ဖြစ်၏။
စစ်တိုက်ရမည်ဟု ကြားသည်နှင့် သူက မည်သူ့ထက်မဆို ပို၍ ဝမ်းသာနေသည်။ သူ၏ ရဲစွမ်းသတ္တိများကို ပြသရန် အခွင့်အရေး ရပြီ မဟုတ်ပါလား။ စိတ်လှုပ်ရှားမှုကြောင့် ဖန်ကျန်းရီကို အဆက်မပြတ် မျက်ခုံးပင့်ပြနေတော့၏။
ဖန်ကျန်းရီကတော့ သူ့ကို ဂရုမစိုက်ချေ။
လီယွမ်ကျောက် စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို သူ အသေအချာ သိနေသည်။ သို့ပေမည့် ယခုအချိန်သည် ထိုကိစ္စကို စဉ်းစားရမည့် အချိန် မဟုတ်ပေ။ ညီလာခံ ပြီးလျှင် မင်းသမီးကို သွားတွေ့ရဦးမည်။
မင်းသမီး မနက်စာ စားပြီးပြီလား၊ လအတော်ကြာ မတွေ့ရတော့ ငါ့ကို လွမ်းနေမလား မသိဘူး။
အိမ်ရှေ့စံကို အရင်ဆုံး လှည့်စားပြီး ဖယ်ထုတ်ပစ်ဖို့ နည်းလမ်း ရှာရမယ်။ မဟုတ်ရင် သူ လိုက်ပြီး နှောင့်ယှက်နေလိမ့်မယ်။
ညီလာခံတွင် အခြေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြ၏။
ဘာကိုမှ ဂရုမစိုက်သော လူနှစ်ယောက်ကတော့ ကိုယ့်အတွေးနှင့်ကိုယ် ညီလာခံ ပြီးဆုံးသည်အထိ အချိန ကုန်ဆုံးခဲ့ကြသည်။
ယခင်ကကဲ့သို့ပင် လီယွမ်ကျောက်က ခိုးကြောင်ခိုးဝှက်ဖြင့် အရင်ဆုံး တိုးကပ်လာခဲ့၏။
ဘေးဘီဝဲယာတွင် လူမရှိသည်ကို သေချာ ကြည့်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ "ဖန်ကြီး .. မြောက်ပိုင်း လူရိုင်းတွေ ပေါ်လာပြီဆိုတော့ နောက်ဆိုရင် သေချာပေါက် စစ်တိုက်ရမှာပဲ။
ခင်ဗျား ပြောကြည့်... သံတမန်အဖွဲ့ လာတာက ပြဿနာ လာရှာတာများ ဖြစ်နေမလား။"
ဖန်ကျန်းရီက သူ့ကို စွေကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။
နိုင်ငံနှစ်ခု သံတမန် ဆက်သွယ်တာကို ခင်ဗျားက ပြဿနာ လာရှာတယ်လို့ ပြောတယ်ပေါ့လေ။
ခင်ဗျားက ပြဿနာ မကြီးမှာကိုတောင် စိုးရိမ်နေသလား မှတ်ရတယ်။ သူတို့က စစ်တိုက်မယ်လို့ မပြောရသေးခင်မှာပဲ ခင်ဗျားက မျှော်လင့်နေပြီလား။
အိမ်ရှေ့စံက တဖြည်းဖြည်းနဲ့ လူမိုက် ပုံစံ ပေါက်လာပြီ။
"ဘာပြဿနာ လာရှာရမှာလဲ။ ကျုပ်ကတော့ စစ်မတိုက်ချင်ပါဘူး။ ကောင်းကောင်းမွန်မွန် နေရတာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်။
စစ်တစ်ပွဲ တိုက်ရင် ငွေတုံး သန်းနဲ့ချီပြီး ကုန်သွားမှာ။ အဲဒီငွေကို ဘယ်သူက ထုတ်ပေးမှာလဲ။ နိုင်ငံတော် ဘဏ္ဍာတိုက်မှာလည်း ငွေမရှိဘူး။ ပြည်သူတွေဆီကနေ အတင်း ကောက်ခံရမှာလား။ အိမ်ရှေ့စံ... ခင်ဗျား အဲဒီလို လုပ်ရက်လို့လား။"
လီယွမ်ကျောက်က အနေရခက်စွာ ရယ်မောလိုက်ပြီး ဘာမှ ပြန်မပြောရဲတော့ချေ။
ဖန်ကျန်းရီက စိတ်ထဲတွင် သဘောတကျ ခေါင်းညိတ်လိုက်၏။
အိမ်ရှေ့စံရဲ့ အားသာချက်က အဲဒါပဲ။ သူများအပေါ် သနားကြင်နာတတ်တယ်။
"အိမ်ရှေ့စံ... ဘာမှ ထူးထူးခြားခြား မရှိရင် သတင်းစာတိုက်ကို သွားလိုက်ပါ။ အဲဒီမှာ ခင်ဗျား မရှိလို့ မဖြစ်ဘူးလေ။"
လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ကျုပ် သတင်းစာတိုက်ကို သွားပြီး ဘာလုပ်ရမှာလဲ။ အဲဒီမှာ ရှဲ့ရှန်း စီမံနေတာပဲ မဟုတ်ဘူးလား။ ကျုပ် ကြည့်ရသလောက် သူ သေချာ လုပ်နေတာပဲ။
မနေ့ကတောင် ကျုပ် တစ်ခေါက် သွားကြည့်သေးတယ်။ တစ်ရက်တောင် မပြည့်သေးဘူး သတင်းစာတိုက်က ကြော်ငြာနေရာတွေ အကုန် ရောင်းထွက်သွားပြီတဲ့။
ငွေတုံး သုံးထောင့်ခြောက်ရာ ရလိုက်တယ်။ ဆိုင်တစ်ဆိုင်တည်းက အကုန်ဝယ်သွားတာ။ သတင်းစာမှာ ကြော်ငြာဖို့ ခြောက်လစာ ဝယ်သွားတာတဲ့။"
ဖန်ကျန်းရီ၏ မျက်နှာတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ "ဪ… ဘယ်ဆိုင်က ဒီလောက်တောင် ပိုက်ဆံရှိတာလဲ။"
"ချန် ကုန်စုံဆိုင် လေ။"
ဖန်ကျန်းရီ ရယ်လိုက်သည်။ ကုန်စုံဆိုင် ပိုင်ရှင် တစ်ယောက်က ဤမျှလောက် မြန်မြန် ကြီးပွားလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပထမဆုံး စွန့်စားရဲတဲ့သူက အကျိုးအမြတ် အများဆုံး ရတာပဲလေ။
သတင်းစာတိုက် အလုပ်က တကယ်ကို ချောချောမွေ့မွေ့ ဖြစ်နေပြီ။
ငွေတုံး သုံးထောင့်ခြောက်ရာ ဆိုတာ သတင်းစာတိုက် ရပ်တည်ဖို့အတွက် လုံလောက်နေပြီ။ အနည်းဆုံးတော့ ငါ ကိုယ်တိုင် ငွေစိုက်ထုတ်စရာ မလိုတော့ဘူး။
ဒါက တကယ့်ကို ဝမ်းသာစရာ ကိစ္စပဲ။
"ဖန်ကြီး .. ဒီလောက် ငွေတွေ အများကြီး ရပြီဆိုတော့ သတင်းထောက်တွေကို လစာ တိုးပေးသင့်တယ် မဟုတ်ဘူးလား။"
ဖန်ကျန်းရီက လီယွမ်ကျောက်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ "ဘာ … လွန်ခဲ့တဲ့ နှစ်ရက်ကမှ တိုးပေးထားတာ မဟုတ်ဘူးလား။"
ခင်ဗျား အဖေကတောင် ခင်ဗျားလောက် သဘောမကောင်းဘူး။
ကျုပ် ခင်ဗျားဆီမှာ အလုပ်လာလုပ်ရင် ကောင်းမယ် ထင်တယ်။
"တစ်လကို ငွေတုံး နှစ်တုံး ဆိုတာ မလောက်ဘူးလို့ ကျုပ် ထင်တယ်။"
ဖန်ကျန်းရီက မေးစေ့ကို ပွတ်ကာ လီယွမ်ကျောက်ကို အကဲခတ်ကြည့်လိုက်သည်။
တစ်လလျှင် ငွေနှစ်တုံးဆိုသည်မှာ စင်စစ်အားဖြင့် နည်းပါးလှသော ပမာဏတော့ မဟုတ်ပေ။
ကျင်းတိုင်းပြည်ရှိ အဆင့်မြင့် အလုပ်သမားများပင်လျှင် ထိုမျှလောက် များပြားသော ဝင်ငွေကို မရရှိကြချေ။ အိမ်ရှေ့စံမင်းသားသည် သူနှင့် အတူနေထိုင်လာခဲ့သည်မှာ အချိန်ကာလ ကြာမြင့်သွားသောကြောင့်များလား မဆိုနိုင်ပေ။
သာမန်အားဖြင့်ဆိုလျှင် ငွေတုံး ထောင်ဂဏန်း၊ သောင်းဂဏန်း ပမာဏများကိုသာ ပါးစပ်ဖျားတွင် ပြောဆိုနေကျ ဖြစ်သောကြောင့်ပင်။
သူသည် ငွေကြေးနှင့်ပတ်သက်၍ ခံစားမှု ထုံကျဉ်သွားပြီလား။ ငွေကြေး၏ တန်ဖိုးကိုပင် နားမလည်နိုင်တော့ပြီလား။
"ဖန်ကြီး … ခင်ဗျား ဘာလို့ ကျုပ်ကို ကာမရမ္မက် မျက်လုံးတွေနဲ့ ကြည့်နေတာလဲ။" လီယွမ်ကျောက်က သတိထားကာ မေးလိုက်၏။
"ဘယ်သူက ကာမရမ္မက် မျက်လုံးတွေနဲ့ ကြည့်လို့လဲ။
ကျုပ် စဉ်းစားနေတာက... လစာ တိုးပေးဖို့ကတော့ ထားလိုက်တော့။ အမြဲတမ်း ငွေတိုးပေးနေရင် သူတို့ရဲ့ တိုးတက်မှုအတွက် မကောင်းဘူး။ နောက်ပိုင်းကျရင် စားသောက်ပြီး အပျင်းထူနေရင် ဘယ်လိုလုပ်မလဲ။
ဒီငွေတုံး သုံးထောင့်ခြောက်ရာ ထဲကနေ သုံးထောင်ကို ယူပြီး အိမ်ကြီးတစ်လုံး ဝယ်လိုက်။ အဲဒီထဲမှာ ပန်းခြံတွေ၊ ရေကန်တွေ လုပ်ပေးပြီး တိရစ္ဆာန်လေးတွေ မွေးထားပေးလိုက်။ သတင်းထောက်တွေကို အဲဒီမှာ ပြောင်းနေခိုင်းပြီး သူတို့ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်ပေးလိုက်။
ကျန်တဲ့ ခြောက်ရာကိုတော့ သူတို့အတွက် လှုပ်ရှားမှု ရန်ပုံငွေ အဖြစ် ထားလိုက်။ နောက်ဆို အပြင်သွားပြီး အလုပ်လုပ်လို့ ကုန်ကျစရိတ် ရှိရင် သတင်းစာတိုက်ကနေ ပြန်ထုတ်ပေးလို့ ရအောင်။
လစာကတော့ နောက်ပိုင်းမှ စံနှုန်းတစ်ခု သတ်မှတ်ပေးရမယ်။ နှစ်တိုင်း တိုးပေးရမယ်။ ဘယ်လောက် တိုးပေးမလဲ ဆိုတာကတော့ သတင်းစာတိုက်ရဲ့ အမြတ်ငွေ အပေါ် မူတည်တာပေါ့။
အလွန်ဆုံး သူတို့ကို နောက်ထပ် တစ်နှစ်လောက် ဆက်ကျွေးထားလိုက်မယ်လေ။”
ဖန်ကျန်းရီ အံကြိတ်ကာ နောက်တစ်ကြိမ် ရက်ရောလိုက်ပြန်သည်။
"အိမ်ရှေ့စံ... သူတို့ကို သတင်းစာတိုက်ရဲ့ ကျေးဇူးကို သိအောင် လုပ်ရမယ်လေ။ လစာချည်းပဲ တိုးပေးနေရင် သူတို့က သူတို့ရဲ့ အရည်အချင်းကြောင့် ရတယ်လို့ ထင်သွားလိမ့်မယ်။ အဲဒါက ကျုပ်တို့ ပေးတဲ့ ငွေတွေလေ။ သေချာ စဉ်းစားကြည့် ဟုတ်တယ် မဟုတ်လား။"
လီယွမ်ကျောက်က သေချာ စဉ်းစားပြီးနောက် ပြန်ပြောသည်။ "ခင်ဗျား ပြောတာ မှန်သလိုပဲ။"
"ဒါဆိုရင် အိမ်ရှေ့စံ မြန်မြန် သွားလိုက်ပါ။ ဒီသတင်းကောင်းကို သတင်းထောက်တွေကို သွားပြောပြလိုက်။ ခင်ဗျား စီစဉ်ပေးတာလို့ ပြောလိုက်။"
လီယွမ်ကျောက်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ "ထားလိုက်ပါတော့ အဝေးကြီးကို … အခုပြောပြော နောက်မှပြောပြော အတူတူပါပဲ။ နောက်နေ့မှ သွားတော့မယ်။"
ဖန်ကျန်းရီ ဇဝေဇဝါ ဖြစ်သွားသည်။
မဟုတ်သေးပါဘူး။ ဒီလူက အရင်တုန်းက နန်းတော်ပြင် ထွက်ဖို့ဆိုရင် ဘယ်သူ့ထက်မဆို ပိုတက်ကြွနေတာ။ အခု ငါ မင်းသမီးကို သွားတွေ့ချင်နေတာကို သူက ဒီမှာ လာနှောင့်ယှက်နေတယ်။ ငါ့ကို တမင်သက်သက် ဒုက္ခပေးနေတာလား။
"နန်းတော်ထဲမှာ ဘာလုပ်စရာ ရှိလို့လဲ။ အိမ်ရှေ့စံ အမြန် သွားလိုက်ပါတော့။"
လီယွမ်ကျောက်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ "မရဘူး။ ကျုပ် ဖင်နာနေတယ်။ မနေ့က ခမည်းတော် ကျုပ်ကို ထပ်ရိုက်ပြန်ပြီ..."
ထိုသို့ပြောရင်း သူက အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်၏။ "ခင်ဗျားနဲ့ ဦးရီးတော်သာ အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘူးဆိုရင် ကျုပ်လည်း အရိုက်ခံရမှာ မဟုတ်ဘူး။ ကျုပ်က ကမ္ဘာမြေကြီးက အလုံးကြီးလို့ ပြောလိုက်တာနဲ့ သူက ကျုပ်ကို ချက်ချင်း ရိုက်တော့တာပဲ။"
"..."
ခေတ်ဟောင်း အယူအဆတွေက လူကို ဒုက္ခပေးတာပဲ။
ဒီလိုဆိုရင် အိမ်ရှေ့စံကို နှင်ထုတ်ဖို့က မလွယ်တော့ဘူး... ဘယ်လို လုပ်ရမလဲ။
လီယွမ်ကျောက်က အဆက်မပြတ် ညည်းတွားနေပြီး၊ ဖန်ကျန်းရီမှာလည်း စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်နေမိ၏။
ရုတ်တရက် အကြံဉာဏ် တစ်ခု ရသွားပြီး ပြောလိုက်သည်။ "အိမ်ရှေ့စံ .. ကျုပ် ခင်ဗျားကို အဏုကြည့်မှန်ဘီလူး တစ်ခု လက်ဆောင်ပေးထားတယ် မဟုတ်လား။ အဲဒီအကြောင်း တစ်ခါမှ မပြောပြဖူးပါလား။"
လီယွမ်ကျောက်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်၏။ "ခင်ဗျားရဲ့ အဲဒီပစ္စည်းက ပြဿနာ ရှိတယ်လို့ ကျုပ် ထင်တယ်။ ကိုယ်ရံတော်တွေက ဖားလောင်းလေးတွေကနေ ပြောင်းလာတာတဲ့။ လုံးဝ မဖြစ်နိုင်ဘူး။ လူလိမ်ကြီး … ကျုပ် အဲတာကို ဖြုတ်ပစ်လိုက်ပြီ။"
"ဘာ။ ခင်ဗျား အဲဒါကို ဖြုတ်ပစ်လိုက်တယ် ဟုတ်လား။" ဖန်ကျန်းရီ ငိုချင်လျက် မျက်ရည်မထွက် ဖြစ်သွားရသည်။
ဖျက်ဆီးလိုက်ပြန်ပြီ။ ငွေဖြုန်းတဲ့ကောင်ပဲ။
တောက်ယွမ်ခရိုင်မှ ထုတ်လုပ်ထားသော အဏုကြည့်မှန်ဘီလူး၏ ဖွဲ့စည်းပုံမှာ သိပ်၍ မရှုပ်ထွေးလှပေ။ နောင်ခေတ်ကာလများတွင် ပေါ်ပေါက်လာမည့် အဆင့်မြင့်မှန်ဘီလူးများနှင့်မူ လုံးဝ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ပေ။ ခရိုင်အတွင်းရှိ ရက်ကန်းစင်တစ်ခု၏ ဖွဲ့စည်းပုံလောက်ပင် ရှုပ်ထွေးမှုမရှိချေ။ ရှင်းရှင်းဆိုရလျှင် ရှုပ်ထွေးစွာ တပ်ဆင်ထားသော မှန်ဘီလူးတစ်ခုမျှသာ ဖြစ်သည်။ ရိုးရှင်းသော စက်ယန္တရား ဖွဲ့စည်းပုံလေးများနှင့် မှန်ဘီလူးများကို ပေါင်းစပ် ဖွဲ့စည်းထားခြင်းပင်။
လက်တွေ့အသုံးချမှုသည် သီအိုရီသဘောတရားများထက် အမြဲတစေ ရှေ့ရောက်နေတတ်မြဲ ဖြစ်သည်။ ဥပမာအားဖြင့် မျောက်များသည် လီဗာ (Lever) သဘောတရားကို နားမလည်ကြသော်လည်း၊ သစ်ကိုင်းများကို အသုံးပြု၍ ပစ္စည်းများကို ကော်ယူတတ်ကြသကဲ့သို့ပင် ဖြစ်လေသည်။ တောက်ယွမ်ခရိုင်မှ ပြည်သူများသည် အလင်းဆိုင်ရာ ရူပဗေဒပညာရပ်ကို နားမလည်ကြသော်ငြားလည်း ထိုအချက်က သူတို့၏ စမ်းသပ်လေ့လာမှုများကိုမူ မတားဆီးနိုင်ခဲ့ပေ။ ထို့အပြင် သူတို့ကို လမ်းပြစိတ်ကူးပေးမည့်သူ တစ်ယောက်လည်း ရှိနေသေးသည် မဟုတ်ပါလော။
သူသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်ခဲ့သည်။ သုတေသနဌာနရှိ အခြားလုပ်ငန်းဆောင်တာ အားလုံးကို ရပ်ဆိုင်းထားစေပြီး ဤပစ္စည်းတစ်ခုတည်းကိုသာ အာရုံစိုက် ဖန်တီးရန် စေခိုင်းခဲ့သည်။
မှန်ဘီလူးများကို သွေးယူရသည့် လုပ်ငန်းစဉ်တစ်ခုတည်းမှာပင် အားထုတ်မှု မည်မျှပင် ကုန်ခမ်းသွားခဲ့သည်ကို ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ချေ။ ခရိုင်ရုံးမှ စာများပေးပို့၍ ညည်းတွားခဲ့ကြဖူးသည်။ မှန်ဘီလူးသွေးရသည့် အလုပ်ဒဏ် များလွန်းလှသဖြင့် လူအတော်များများမှာ ဆံပင်များပင် ကျွတ်ကုန်ကြပြီဟု ဆိုလေသည်။
ခရိုင်အတွင်းရှိ လက်မှုပညာရှင် အားလုံးသည် ကုန်ကျစရိတ်ကို ပဓာနမထားဘဲ အကြိမ်ကြိမ်အခါခါ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီးမှသာ ဤအဏုကြည့်မှန်ဘီလူး တစ်လုံးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
အဏုကြည့်မှန်ဘီလူးကို အစောဆုံး တီထွင်ခဲ့သူ လီဗန်ဟုတ် သာ ဤအရာကို မြင်တွေ့သွားခဲ့လျှင် အလွန်တရာ အံ့မခန်းဖွယ် ကောင်းလှပါတကားဟု အာမေဍိတ်သံများပင် ထွက်ပေါ်သွားပေလိမ့်မည်။
"ကျုပ်သာ စိတ်ကူးလမ်းစ မပေးခဲ့ဘူးဆိုရင် ဖန်ထည်ပစ္စည်းတွေ ပေါ်ပေါက်လာခဲ့ရင်တောင်မှ၊ ဒီလိုအရာမျိုးကို ရရှိဖို့ နောက်ထပ် နှစ်ပေါင်း တစ်ရာ၊ နှစ်ရာလောက် ဆက်ပြီး စောင့်ဆိုင်းရဦးမှာပဲ။ အခုတော့ ခင်ဗျားက အဲဒီလောက် အဖိုးတန်တဲ့အရာကို အမှိုက်တစ်စလို သဘောထားပြီး ဖြုတ်ပစ်လိုက်တယ်ပေါ့လေ..."
ဖန်ကျန်းရီက မျက်နှာကို ရှုံ့မဲ့လိုက်ရင်း ဆိုသည်။ "အိမ်ရှေ့စံ... အကယ်၍ ခင်ဗျားအနေနဲ့ ဒီနေ့ အဲဒီအရာကို နဂိုမူလအတိုင်း ပြန်လည်တပ်ဆင်ပေးနိုင်မယ်ဆိုရင်တော့၊ ခင်ဗျားကို ငွေတုံး တစ်ထောင် တိတိ ပေးမယ်"
"ကောင်းပြီလေ... ကတိတည်ပါစေ"
လီယွမ်ကျောက်၏ မျက်နှာတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ချက်ချင်း ပြေးထွက်သွားတော့၏။
အပိုင်း (၂၈၃) မင်းသမီးက အရမ်း ရှက်နေလို့ နေမှာပါ။
လီယွမ်ကျောက် ပြေးထွက်သွားသည်ကို မြင်မှ ဖန်ကျန်းရီ သက်ပြင်းချနိုင်တော့၏။ အပိုလူ ထွက်သွားပြီဆိုတော့ တော်သေး၏။
သို့နှင့် ကျွမ်းကျင်စွာဖြင့် မင်လွမ်နန်းဆောင်၏ အနောက်ဘက် ပန်းခြံသို့ သွားလိုက်သည်။
အနောက်ဘက် ပန်းခြံကို ရွေးချယ်ရသည့် အကြောင်းရင်း ရှိ၏။ နန်းဆောင်ထဲတွင် တွေ့၍ ရသော်လည်း ပန်းခြံလောက် ပတ်ဝန်းကျင် မကောင်းချေ။
အစေခံမိန်းကလေး၏ အကြောင်းကြားချက်အရ လီမြောင်ဟန်က အနောက်ပေါက်ဆီသို့ အပြေးကလေး လာခဲ့သည်။ အနောက်ဘက် ပန်းခြံထဲသို့ မဝင်ခင်လေးတွင် ရပ်တန့်လိုက်၏။
စိတ်လှုပ်ရှားမှုကြောင့် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
ထို့နောက် သပ်ရပ်လှပသော ခြေလှမ်းများဖြင့် ဂုဏ်သိက္ခာရှိစွာ အစေခံမိန်းကလေးများ ခြံရံလျက် ဖြည်းညင်းစွာ ထွက်လာခဲ့၏။
ဖန်ကျန်းရီက အမြဲတမ်း မျှော်ကြည့်နေပြီး သူမ လာသည်ကို မြင်သောအခါ အမြန် ထရပ်လိုက်သည်။
လအနည်းငယ်အတွင်း မတွေ့ရသော်လည်း အတော်လေး ပြောင်းလဲသွား၏။
အဝတ်အစားများ အောက်မှနေ၍ပင် မြင်တွေ့နိုင်သည်။ ခန္ဓာကိုယ် အချိုးအစားက ပိုမို လှပလာပြီး ခြေတံရှည်ရှည်နှင့် ခါးသေးသေးလေး... မျက်နှာလေးကလည်း နီရဲနေသည်။
"မင်းသမီးကို ဂါရဝပြုပါတယ်။"
"မြို့ဝန်ဖန် အားနာစရာ မလိုပါဘူး။ ထိုင်ပါ။" လီမြောင်ဟန်က နှုတ်ခမ်းကို ဖိကိုက်ထားပြီး အနည်းငယ် ကသိကအောက် ဖြစ်နေပုံရ၏။
ဖန်ကျန်းရီက ပါးစပ်ကြီး ဖြဲကာ ကျန်းပြောင် ဝင်ပူးသွားသကဲ့သို့ ပြုံးလိုက်သည်။
မျက်နှာပြောင်တိုက်ကာ ကျောက်တုံးခုံကို လီမြောင်ဟန် အနားသို့ ရွှေ့ပြီး ဝင်ထိုင်လိုက်၏။
လီမြောင်ဟန်က ကျောက်တုံးခုံပေါ်တွင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ရှေ့တည့်တည့်ကိုသာ ကြည့်ပြီး တစ်ကိုယ်လုံး တင်းကျပ်နေသည်။
ပုံစံပျက်လောက်အောင် စိတ်လှုပ်ရှားနေ၏။
ဖန်ကျန်းရီက စကားမပြောဘဲ စားပွဲပေါ်တွင် တံတောင်ဆစ် ထောက်ကာ လီမြောင်ဟန်ကိုသာ စိုက်ကြည့်နေသည်။
သူ၏ မျက်နှာထားက တကယ်ကို ရိုက်ချင်စရာ ကောင်းလှ၏။
နန်းတော်ထဲတွင် အမြဲ နေထိုင်ရသော မင်းသမီးလေးက ဤကဲ့သို့သော အခြေအနေကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။
ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားပြီး ခန္ဓာကိုယ် တစ်ခြမ်းကို မသိမသာ စောင်းထားလိုက်သည်။
ဖန်ကျန်းရီက ဤအခြေအနေကို မြင်သောအခါ ဆက်ပြီး မစသင့်တော့ကြောင်း နားလည်သွား၏။ ဆက်စနေလျှင် ကောင်မလေး သည်းခံနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် ကိုယ်ဟန်ကို သပ်ရပ်အောင် ပြင်ထိုင်လိုက်ပြီး မေးလိုက်သည်။ "မင်းသမီး ကျုပ်ကို ပြောစရာ ရှိလို့လား။"
ရှင် ကျွန်မကို လာရှာတာ မဟုတ်ဘူးလား။
လီမြောင်ဟန်က အားရပါးရ ခေါင်းခါပြလိုက်ပြီးနောက် ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြန်သည်။
မှားသွားပြီဆိုသည်ကို သိလိုက်ရသဖြင့် တစ်ကိုယ်လုံး အနေရခက်သွား၏။
လှပသော မျက်နှာလေးမှာ မှည့်နေသော ပန်းသီးလေးကဲ့သို့ နီရဲသွားပြီး ရင်ထဲတွင် ရှက်ရွံ့မှုများ အတိုင်းမသိ ဖြစ်နေသည်။
အချိန်အတော်ကြာမှသာ တိုးတိုးလေး ပြောလိုက်၏။ "မြို့ဝန်ဖန် …ဘာလို့ ဒီလောက် စောစော ပြန်ရောက်လာတာလဲ။"
ဖန်ကျန်းရီ၏ မျက်နှာ ချက်ချင်း ညှိုးငယ်သွားပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
"ဟာ... မင်းသမီးက ကျုပ် စောစော ပြန်လာတာကို မကြိုက်ဘူးပဲ။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် မသိဘဲ မင်းသမီးကို လာနှောင့်ယှက်မိတာပါ။"
ထိုသို့ပြောပြီးနောက် ထွက်သွားရန် ပြင်လိုက်၏။
လီမြောင်ဟန် ရင်ထိတ်သွားပြီး အမြန် ပြောလိုက်သည်။ "မဟုတ်ပါဘူး။"
ဖန်ကျန်းရီက ခုံပေါ်မှ နှစ်မီလီမီတာခန့် ကြွနေသော တင်ပါးကို ပြန်ချကာ ထိုင်လိုက်သည်။ လီမြောင်ဟန်ကို ပြုံးလျက် ကြည့်လိုက်၏။
လီမြောင်ဟန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "ရှင် ပြောတော့ ဒီတစ်ခေါက် သွားတာ... ဆယ်နှစ် ၊ ရှစ်နှစ်လောက် ကြာမယ် ဆို။"
ဖန်ကျန်းရီက မိုးကောင်ကင်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "ဟုတ်ပါတယ်။ ဒီတစ်ခေါက် သွားတာက ဆယ်နှစ် ၊ ရှစ်နှစ်လောက် ကြာမှာပါ။
ပြီးတော့ ကျန်းလင်ဆိပ်ကမ်းမှာ သဘာဝဘေးအန္တရာယ်က အရမ်း ဆိုးရွားတယ်။ အဖွဲ့အစည်းပေါင်းစုံက ရှုပ်ထွေးနေတော့ ကျုပ် တာဝန်ကျေပွန်အောင် မထမ်းဆောင်နိုင်ဘဲ တခြားနေရာမှာ သေဆုံးသွားနိုင်တယ်လို့တောင် ကြိုပြီး ပြင်ဆင်ထားခဲ့တာ။
ဒါပေမဲ့... မင်းသမီး တစ်ယောက်တည်း နန်းတော်ထဲမှာ ကြိုးစားနေတယ် ဆိုတာကို တွေးမိတိုင်း ကျုပ် ရင်ထဲမှာ တိုက်ပွဲဝင်ချင်စိတ်တွေ ပြန်ပေါ်လာတယ်။ ကယ်ဆယ်ရေး အလုပ်က ခက်ခဲပြီး အမြဲတမ်း နှောင့်ယှက်နေတဲ့ အိမ်ရှေ့စံကိုပါ စောင့်ရှောက်ရပေမဲ့ ကျုပ် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အရှင်မင်းကြီးက ဘေးအန္တရာယ်ကို စိုးရိမ်လို့ ကျန်းလင်ဆိပ်ကမ်းကို ကိုယ်တိုင် လာရောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကံကောင်းလို့ ကျုပ် အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တော့ အရှင်မင်းကြီးက မြို့တော်ကို စောစော ပြန်ခွင့်ပေးလိုက်တာပါ။"
လီမြောင်ဟန်၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားမိ၏။
နန်းတော်ထဲတွင် တစ်ယောက်တည်း ရူးမိုက်စွာ အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို မိတ်ဆက်ပေး နေခဲ့သော်လည်း အနားရှိ အစေခံမိန်းကလေး အချို့မှလွဲ၍ ကျန်သူများက နားမလည်ကြချေ။ တစ်ချို့က သူမကို ဒေါသပင် ထွက်ကြသေးသည်။
ယခုအချိန်တွင် ဖန်ကျန်းရီ တစ်ယောက်တည်းကသာ သူမကို နားလည်ပေးနိုင်၏။
"မြို့ဝန်ဖန်က တကယ် တော်တာပဲ။"
ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။ "ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းသမီး ရင်ထဲကနေ အားပေးထောက်ခံမှု မရှိဘူးဆိုရင် ကျုပ် ပြန်တောင် လာနိုင်မှာ မဟုတ်ဘူး။"
လီမြောင်ဟန်မှာ ထပ်မံ ရှက်သွားပြန်ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်၏။ "ဒါပေမဲ့ ကျွန်မ အစ်ကိုတော် ပြောတာ ကြားတယ်... သူက ကျန်းလင်ဆိပ်ကမ်းမှာ ဒုက္ခသည် သောင်းနဲ့ချီပြီး ကိုယ်တိုင် ကယ်ဆယ်ခဲ့တယ်ဆို။ အဲဒီကိစ္စက တကယ်ပဲလား။"
"တကယ်လို့ပဲ သဘောထားလိုက်ပါ။"
ထိုစကားကို ကြားသောအခါ လီမြောင်ဟန်က ချက်ချင်း ဒေါသတကြီး ပြောလိုက်၏။ "ကျွန်မ သိသားပဲ။ အစ်ကိုတော်က ပညာလည်း မသင်ဘူး။ ပြီးတော့ ရှင့်ရဲ့ အောင်မြင်မှုတွေကို သူ လုပ်သလိုလို ပြောသေးတယ်။ တကယ်ကို ရှက်စရာ ကောင်းတာပဲ။"
ဖန်ကျန်းရီက အမြန် ပြောလိုက်သည်။ "မင်းသမီး အဲဒီလို မပြောပါနဲ့။ အိမ်ရှေ့စံကလည်း အကူအညီ ပေးခဲ့တာပါ။
စဉ်းစားကြည့်လေ။ အိမ်ရှေ့စံ ကိုယ်တိုင် ကျန်းလင်ဆိပ်ကမ်းကို ရောက်လာတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေ တက်ကြွသွားတာပေါ့။
ကျုပ် နည်းနည်း ပင်ပန်းတာက ပြဿနာ မဟုတ်ပါဘူး။"
ဖန်ကျန်းရီက သတိထားကာ မေးလိုက်၏။ "မင်းသမီး … အိမ်ရှေ့စံက မင်းသမီးကို ဘာတွေ ပြောသေးလဲ။"
လီမြောင်ဟန်က ချက်ချင်း ပြောလိုက်သည်။ "သူက ရှင် ကျန်းလင်ဆိပ်ကမ်းမှာ ပြည့်တန်ဆာအိမ် တစ်ခုပဲ ဆောက်ခဲ့တာ၊ တခြား ဘာမှ မလုပ်ဘူးလို့ ပြောတယ်။"
"ပြည့်တန်ဆာအိမ် တစ်ခုပဲ ဆောက်ခဲ့ရင် အရှင်မင်းကြီးက ကျုပ်ကို မြို့တော် ပြန်လာခွင့် ပေးပါ့မလား။ မင်းသမီး ယုံလား။"
"သေချာပေါက် မယုံပါဘူး။"
ဖန်ကျန်းရီ၏ မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာ၏။
အိမ်ရှေ့စံက တကယ်ကို ငယ်သေးတာပဲ။ ငါ့နောက်ကွယ်မှာ လှည့်စားဖို့ ကြိုးစားရဲသေးတယ်။ ငါဘယ်လို လူစားမျိုးလဲ ဆိုတာ မင်းသမီးက မသိဘဲ နေပါ့မလား။
လူမိုက်လေး .. မင်း အတွေ့အကြုံ နည်းသေးတယ်။
"ဒါဆို ရှင် တကယ်ပဲ ပြည့်တန်ဆာအိမ် ဆောက်ခဲ့တာလား။"
ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ကာ ပြောလိုက်၏။ "သေချာပေါက် ဆောက်ခဲ့တာပေါ့။ အကြောင်းပြချက်ကိုတော့ ကျုပ် မင်းသမီးကို ပြောပြပြီးပြီလေ။ အရင်တစ်ခေါက်ကနဲ့ အတူတူပါပဲ။
ကျန်းလင်ဆိပ်ကမ်းက အမျိုးသမီးတွေ... အရမ်း ဒုက္ခရောက်နေကြတာပါ။ ကျုပ်က တတ်နိုင်သလောက် ကူညီပေးရုံပါ။ တခြားသူတွေရဲ့ ဝေဖန်မှုတွေကို ကျုပ် ဂရုမစိုက်ပါဘူး။"
လီမြောင်ဟန်၏ လှပသော မျက်လုံးများတွင် ကြယ်လေးများ တောက်ပလာပြီး လေးစားစွာဖြင့် ပြောလိုက်သည်။ "ရှင် တကယ် တော်တာပဲ။"
ဖန်ကျန်းရီက အခြေအနေ ကောင်းနေသည်ကို မြင်သောအခါ လီမြောင်ဟန်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။
သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားတော့သည်။
"ကျုပ် ဒီလပိုင်းတွေမှာ မင်းသမီးကို အမြဲတမ်း လွမ်းနေခဲ့တာ... မင်းသမီးရော ကျုပ်ကို လွမ်းလား။"
အစေခံမိန်းကလေး အားလုံးက နောက်သို့ တိတ်တဆိတ် လှည့်သွားကြသည်။
ဒီမျက်နှာပြောင်တိုက်တဲ့ လူက တဖြည်းဖြည်းနဲ့ အခြေအနေကို အခွင့်ကောင်း ယူနေပြီ။ မကြည့်ရဲတော့ပါဘူး။ မကြည့်ရဲတော့ပါဘူး။
လီမြောင်ဟန်က ခြင်မြည်သံလေးကဲ့သို့ တိုးညှင်းစွာ ပြောလိုက်၏။ "လွမ်း... လွမ်းပါတယ်။"
ဖန်ကျန်းရီ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပေါက်ကွဲသွားပြီးနောက် ရင်ဘတ်ထဲမှ ဆံထိုးတစ်ခုကို ထုတ်ယူလိုက်သည်။
ဖီးနစ်ငှက်ပုံစံ ထွင်းထုထားသော ကျောက်စိမ်း ဆံထိုးလေး တစ်ခု ဖြစ်၏။
ထိုအရာသည် လျိုရွှန်းထံမှ သိမ်းဆည်းရမိသော ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။
သူက သေချာ ရွေးချယ်ပြီး ယူလာခဲ့ခြင်း ဖြစ်၏။
တန်ဖိုးအကြီးဆုံး မဟုတ်နိုင်သော်လည်း သူ၏ အမြင်တွင်တော့ အကောင်းဆုံး ဖြစ်ပေသည်။
"မင်းသမီး ကြည့်ပါ။ ကျုပ် ပြန်လာတော့ လက်... လက်ဆောင်လေး တစ်ခု ယူလာခဲ့တယ်။ သဘောကျလား။"
လီမြောင်ဟန်က သေချာ ကြည့်လိုက်ပြီးနောက် ရင်ထဲတွင် ဝမ်းသာသွားမိ၏။
ခေါင်းကို ညင်သာစွာ နှစ်ချက်ခန့် ညိတ်ပြလိုက်သည်။
"လာ … ကျုပ် ပန်ပေးမယ်။"
လီမြောင်ဟန် ပြန်မပြောရသေးခင်မှာပင် ဖန်ကျန်းရီက စတင် လုပ်ဆောင်နေပြီ ဖြစ်၏။
သို့သော် သူ၏ လက်လှုပ်ရှားမှုများက မကျွမ်းကျင်သဖြင့် အချိန်အတော်ကြာမှသာ သေချာ ပန်ပေးနိုင်ခဲ့သည်။
"ကျေး... ကျေးဇူးတင်ပါတယ်။"
လက်ရှိ အခြေအနေများ အားလုံး အဆင်ပြေနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက လီမြောင်ဟန်၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ "မင်းသမီးဆီမှာ မြေပုံ ရှိလား။ ကျုပ် မင်းသမီးရဲ့ မျက်လုံးတွေထဲမှာ လမ်းပျောက်နေလို့ပါ။"
"မင်းသမီးနဲ့ တွေ့ရတာ... ယုန်လေးတွေရဲ့ ကမ္ဘာမှာ မုန်လာဥနီ မိုးရွာချလိုက်သလိုပဲ။"
"……."
လီမြောင်ဟန် ချက်ချင်း ဇဝေဇဝါ ဖြစ်သွား၏။
သူ ဘာတွေ ပြောနေမှန်း သေချာ နားမလည်သော်လည်း... အနေရခက်သလိုတော့ ခံစားရသည်။
"မြို့ဝန်ဖန်... ဆက်မပြောပါနဲ့တော့။"
ဖန်ကျန်းရီက ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်၏။
မပြောရဘူး ဟုတ်လား။ ကျုပ်က ဆက်ပြောမှာပဲ။
"မင်းသမီး မျက်နှာပေါ်မှာ တစ်ခုခု ရှိနေတယ်။ ကျွန်တော့်ရဲ့ အကြည့်တွေလေ။"
လီမြောင်ဟန်က မျက်လုံးကို ပိတ်ကာ ခေါင်းကို အားရပါးရ ခါယမ်းလိုက်သည်။ "ဆက်မပြောပါနဲ့တော့။"
ဖန်ကျန်းရီလည်း သူ၏ မျက်နှာပြောင်တိုက်သော စကားများကို ရပ်တန့်လိုက်၏။
နှုတ်ခမ်းကို သပ်ကာ အနည်းငယ် နှမြောသွားမိသည်။ ကျုပ်ရဲ့ စွမ်းရည် တစ်ဝက်တောင် မထုတ်ရသေးဘူး၊ မင်းက မခံနိုင်တော့ဘူးလား။
မလောပါဘူး။ နောက်မှ ဖြည်းဖြည်းချင်း ပြောပြမယ်။
သူ ဆက်မပြောတော့သည်ကို မြင်သောအခါ လီမြောင်ဟန်က သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ လက်ကို ဆက်မကိုင်ထားလို့... မကိုင်ထားလို့ ရမလား။"
ဖန်ကျန်းရီက ငုံ့ကြည့်လိုက်ရာ သူ၏လက်မက လီမြောင်ဟန်၏ လက်ခုံကို အလိုအလျောက် ပွတ်သပ်နေမိသည်ကို တွေ့လိုက်ရ၏။
နူးညံ့ချောမွေ့သော အထိအတွေ့လေးပင်။
"ကျုပ် မင်းသမီးကို ကိုင်ရတာ ကိုယ့်ကိုယ်ကိုယ် ကိုင်ရသလိုပဲ။"
ဖန်ကျန်းရီ မနေနိုင်ဘဲ နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်ရာ လီမြောင်ဟန်က လက်ကို ချက်ချင်း ပြန်ရုပ်သွား၏။
ခေါင်းကို လွှဲသွားပြီး သူ့ကို ဆက်မကြည့်တော့ချေ။
ဖန်ကျန်းရီလည်း အနေရခက်သွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
ဘာဖြစ်တာလဲ။ မင်းသမီး အရမ်း ရှက်သွားတာလား။
ငါ အရမ်း အလောတကြီး လုပ်မိသွားတာလား။ ငါ့ရဲ့ တော်ကီတွေတောင် သိပ်မလွှတ်ရသေးပါဘူး။