အခန်း (၂၈၄-၂၈၅)
Vol. 16 Ch. 284-285
အပိုင်း (၂၈၄) မင်းသမီးကိုတောင် နမ်းချင်သေးတာလား။
အခြေအနေက ရုတ်တရက် အနည်းငယ် ထူးဆန်းသွား၏။
ဖန်ကျန်းရီမှာ ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးသဖြင့် ဘယ်ကနေ စပြောရမှန်း မသိ ဖြစ်သွားသည်။
ဒီတစ်ခါတော့ ဒုက္ခပဲ။ အစီအစဉ်တွေ အကုန် ကမောက်ကမ ဖြစ်သွားပြီ။
အချိန်အတော်ကြာမှသာ လီမြောင်ဟန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “မြို့ဝန်ဖန် … ခမည်းတော်က... ကျွန်မကို နန်းတော်ထဲမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်း ဖြန့်ဝေတာကို ခွင့်မပြုတော့ဘူး။ ဘယ်လိုလုပ်ရမလဲ။”
ဖန်ကျန်းရီက အနေရခက်စွာ ချောင်းဟန့်လိုက်၏။
မင်းသမီးကို အမျိုးသမီးလစဉ်သုံး ပစ္စည်း ရောင်းခိုင်းတာက နည်းနည်းတော့ လမ်းလွဲနေသလိုပဲ။ ပြီးတော့ အချိန်က စောလွန်းနေသေးလို့ အဆင်မပြေတာလည်း ဖြစ်နိုင်တယ်။ ဒါဆိုလည်း ကိုယ်တိုင်ပဲ သုံးလိုက်တော့။
ဖန်ကျန်းရီက ခေါင်းငုံ့ကာ မင်းသမီး၏ အသုံးပြုမှု အတွေ့အကြုံကို မေးကြည့်ရန် စဉ်းစားလိုက်သည်။
သို့ပေမည့် သေချာ ပြန်စဉ်းစားကြည့်ပြီးနောက် လက်လျှော့လိုက်၏။ နှာဘူးအဖြစ် အထင်ခံရလျှင် မကောင်းပေ။
စကားလုံးများကို စီစဉ်ပြီးနောက် ပြန်ပြောလိုက်သည်။ “ဒီကိစ္စ... ရပ်သွားရင်လည်း ထားလိုက်ပါ။ နောက်မှ အခွင့်အရေး ရရင် ပြန်လုပ်ကြတာပေါ့။ ထမင်းစားရင် တစ်လုတ်ချင်း စားရသလိုပဲ လမ်းလျှောက်ရင်လည်း တစ်လှမ်းချင်း လျှောက်ရတာလေ။ တိုးတက်မှု ဆိုတာလည်း အချိန်နဲ့အမျှ ဖြစ်လာတာပါ။”
လီမြောင်ဟန်၏ အကြည့်များက အလိုအလျောက် မှေးမှိန်သွားတော့၏။
ကြီးကျယ်ခမ်းနားပြီး အောင်မြင်မှုတွေ ရနိုင်မယ့် အလုပ်တစ်ခုက အခုလို ပျောက်ကွယ်သွားရတယ်။ ဘယ်သူက စိတ်မပျက်ဘဲနေမှာလဲ။
ဖန်ကျန်းရီကလည်း နားလည်ပေးနိုင်သည်။ သို့နှင့် အခွင့်အရေးကို အသုံးချကာ လီမြောင်ဟန်၏ လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ “မင်းသမီး … စိတ်မပျက်ပါနဲ့။ ဒီလောကကြီးမှာ မင်းသမီး လုပ်ဖို့ ထိုက်တန်တဲ့ တခြား ကိစ္စတွေ အများကြီး ရှိပါသေးတယ်။”
“ဘာကိစ္စတွေလဲ။” လီမြောင်ဟန်၏ လှပသော မျက်လုံးလေးများက သူ့ကို ပြန်ကြည့်လာပြီး မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ဟ .. ကျုပ် က ဒီအတိုင်း လျှောက်ပြောတာပါ။ ဒီလောက်အထိ အသေးစိတ် မေးဖို့ လိုလို့လား။
ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ရှိတယ်။ ရက်ကန်းရုံ ဖွင့်လို့ ရတယ်။
အဲဒီမှာ အမျိုးသမီး အလုပ်သမားတွေကိုပဲ ခေါ်မယ်။ မိန်းမတွေက အလုပ်လုပ်ရတာ သေသပ်တယ်။ ယောကျ်ားတွေကို မခေါ်ဘူး။
ကျုပ် မြို့ပြင်မှာ မြေကွက်တချို့ ဝယ်ပြီး မင်းသမီး နာမည်နဲ့ ရက်ကန်းစက်ရုံ ဖွင့်ပေးမယ်။ အဲဒီလိုလုပ်ရင် အမျိုးသမီး တော်တော်များများလည်း ဝင်ငွေရလာပြီး မိသားစု ဘဝတွေ တိုးတက်လာလိမ့်မယ်။”
လီမြောင်ဟန်က ရက်ကန်းစက်ရုံ၏ မြင်ကွင်းကို စိတ်ကူးကြည့်နေမိပြီး ဖန်ကျန်းရီ သူမ၏ လက်ကို ဆုပ်ကိုင်ထားသည်ကိုပင် လုံးဝ မေ့သွားတော့၏။
သို့နှင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ “မိန်းမတွေချည်းပဲ ဆိုရင် ရပါ့မလား။”
“ဘာလို့ မရရမှာလဲ။ မိန်းမတွေက ယောကျ်ားတွေထက် ညံ့တယ်လို့ ဘယ်သူပြောလဲ။ ကျုပ် ဖန်ကျန်းရီက အဲဒါကို ပထမဆုံး လက်မခံဘူး။”
ဖန်ကျန်းရီက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။
လီမြောင်ဟန် သတိပြန်ဝင်လာပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ “ဒါပေမဲ့ ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။
အရာအားလုံးကို ရှင်ပဲ လုပ်နေတာလေ။ ကျွန်မက နန်းတော်ပြင်လည်း ထွက်လို့မရဘူး။ ဘာမှလည်း လုပ်လို့ မရဘူး။ ကျွန်မ တကယ်ကို အသုံးမကျတာပဲ...”
“မင်းသမီး … မင်းသမီး ဘာလို့ ဒီလို ပြောရတာလဲ။”
စိတ်လှုပ်ရှားမှုကြောင့် ဖန်ကျန်းရီ၏ မသမာသော လက်က လီမြောင်ဟန်၏ ပခုံးပေါ်သို့ ရောက်သွားပြီ ဖြစ်၏။
အနောက်မှ ကြည့်လျှင် ဖက်ထားသည်နှင့် အတူတူပင် ဖြစ်သည်။
လီမြောင်ဟန်၏ ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားပြီး ဖန်ကျန်းရီကို မှင်သက်စွာ ကြည့်နေမိ၏။
ဖန်ကျန်းရီကတော့ ဟန်ထုတ်ကာ ဆက်ပြောနေသည်။ “ဒီရက်ကန်းစက်ရုံမှာ အပြင်ထွက်ဖို့ မလိုတဲ့ အလုပ်တွေ အများကြီး ရှိတယ်။
ဥပမာ နေ့စဉ် ကုန်ပစ္စည်း စီစဉ်တာတွေ၊ အမျိုးသမီး အလုပ်သမားတွေရဲ့ အကြံပြုချက်တွေကို နန်းတော်ထဲ ပို့ပြီး မင်းသမီးကို ကိုင်တွယ်ခိုင်းလို့ ရတယ်။
တချို့အလုပ်တွေက ယောကျ်ားတွေ လုပ်လို့ မကောင်းဘူး။ မိန်းမအချင်းချင်းမှပဲ နားလည်တာ။ ဒီအလုပ်တွေကို မင်းသမီးဆီ အပ်ထားလို့ ရတယ်။ ကျုပ် နောက်ဆိုရင် နေ့တိုင်း မင်လွမ်နန်းဆောင်ကို လာပြီး မင်းသမီးကို သတင်းပို့မယ်။
မင်းသမီးက နန်းတော်ထဲမှာ နေရင်းနဲ့ အလုပ်ကြီးတွေ လုပ်လို့ ရနေပြီ။ အဝေးကနေ စီမံခန့်ခွဲရုံပဲ။”
“တကယ်လား။” လီမြောင်ဟန်၏ မျက်လုံးများထဲတွင် ပြောမပြတတ်သော ခံစားချက်များ လှုပ်ရှားသွား၏။
ဖန်ကျန်းရီက အနည်းငယ် အံ့သြသွားမိသည်။ လီမိသားစုမှ လူများက အလုပ်ကို ဤမျှလောက်အထိ ရူးသွပ်ကြမည်ဟု မထင်ထားခဲ့ချေ။
အရှင်မင်းကြီး နေ့တိုင်း ဒီလောက် ကြိုးစားနေတာ အံ့သြစရာ မဟုတ်တော့ဘူး။
“တကယ်ပေါ့။ ကျုပ် ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ။
ပြန်ရောက်တာနဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လူတွေကို ချက်ချင်း စုစည်းလိုက်မယ်။” ဖန်ကျန်းရီက ရဲရဲဝံ့ဝံ့ ကတိပေးလိုက်၏။
နောက်ပိုင်း ရက်ကန်းစက်ရုံ စတင်လည်ပတ်ပြီ ဆိုလျှင် နန်းတော် နောက်ဆောင်သို့ ဝင်ထွက်ရန် ခိုင်လုံသော အကြောင်းပြချက် ရပြီ မဟုတ်ပါလား။ ထိုအချိန်သို့ရောက်လျှင် အိမ်ရှေ့စံလည်း သူ့ကို ဘာမှပြောလို့မရတော့ပေ။
“ဒါဆို ကျွန်မ... ငွေနည်းနည်း ရအောင် ကြိုးစားရှာပေးမယ်။”
“ငွေကိစ္စတွေ လာမပြောနဲ့။ မင်းသမီးက ကျုပ်ကို သူစိမ်း တစ်ယောက်လို သဘောထားနေတာလား။ ကျုပ်ငွေက မင်းသမီးရဲ့ ငွေပဲပေါ့။”
လီမြောင်ဟန်က သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်ရာ ဖန်ကျန်းရီ၏ နှလုံးခုန်သံများ ပိုမို မြန်ဆန်လာတော့၏။
သူ၏ မသမာသော လက်များက ပို၍ပင် မငြိမ်မသက် ဖြစ်လာသည်။ လီမြောင်ဟန်က ပခုံးပေါ်မှ ဖိအားများ ပိုမို ကြီးမားလာသည်ကို ခံစားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်ကို ဖန်ကျန်းရီက ဆွဲလှည့်လိုက်၏။
လီမြောင်ဟန်၏ အလန့်တကြား အကြည့်များအောက်တွင် ဖန်ကျန်းရီ၏ မျက်နှာကြီးက တဖြည်းဖြည်း နီးကပ်လာ၏။
ထိတ်လန့်မှုကြောင့် မျက်လုံးများကို ပိတ်ထားလိုက်မိပြီး ခန္ဓာကိုယ်ကို အနောက်သို့ အားရပါးရ ဆုတ်လိုက်သည်။
လက်ကလေး နှစ်ဖက်က အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။
ဖန်ကျန်းရီက ဤအခြေအနေကို မြင်သောအခါ ရဲရဲဝံ့ဝံ့ပင် တိုးကပ်သွားတော့သည်။
...
“မင်းသမီး … ကော်ကုန်းကုန်း ရောက်လာပါပြီ။”
ဖန်ကျန်းရီ နမ်းတော့မည့် အချိန်လေးမှာပင်….။
မျက်စိလျင်သော အစေခံမိန်းကလေး တစ်ယောက်က ပြေးလာခဲ့၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နေရာတွင်ပင် ကျောက်ရုပ် ဖြစ်သွားတော့သည်။
ဒီမြို့ဝန်ဖန်က တကယ်ကို ရဲတင်းလွန်းတယ်။ မင်းသမီးကိုတောင် နမ်းချင်နေတာလား... ကောင်းကင်ဘုံ။
ဖန်ကျန်းရီမှာ ဒေါသထွက်လွန်း၍ မျက်စိစွေ နှာခေါင်းရွဲ့ ဖြစ်သွားရ၏။
သောက်ကျိုးနည်း။ ဘယ်အချိန် လာလာ၊ ဒီအချိန်မှ လာရသလား။
ကောင်းတဲ့ ကိစ္စတွေ အကုန် ပျက်စီးသွားပြီ။ အစေခံမိန်းကလေးကို ကြည့်သည့် သူ၏အကြည့်များတွင်ပင် မကျေနပ်မှုများ အပြည့် ပါလာသည်။ တဆက်တည်း စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်၏။ “သိပြီ။ သိပြီ။ သွားတော့။”
အစေခံမိန်းကလေးက သူ့ကို ဂရုမစိုက်ဘဲ လီမြောင်ဟန်ကိုသာ ကြည့်နေသည်။
လီမြောင်ဟန်က မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်ပြီး ဖန်ကျန်းရီ ဘာလုပ်လိုက်သည်ကို သေချာ မသိလိုက်ချေ။ ရင်ထဲတွင်တော့ မျှော်လင့်ချက်လေး တစ်ခု ရှိနေခဲ့၏။
အစေခံမိန်းကလေး လာသည်ကို မြင်မှသာ စိတ်သက်သာရာ ရသွားတော့သည်။
မျက်နှာလေး နီရဲလျက် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်၏။ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ပြောလိုက်၏။ “သိပြီ။ အရင် သွားတော့။”
အစေခံမိန်းကလေး ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီကို ကသိကအောက်ဖြင့် ပြောလိုက်၏။ “ကော်ကုန်းကုန်း ရောက်လာပြီဆိုတော့ မြို့ဝန်ဖန် ပြန်ပါတော့... တခြားသူတွေ မြင်သွားရင် မကောင်းဘူး။”
မကောင်းဘူး ဟုတ်လား။ ဘာက မကောင်းတာလဲ။ ခိုးကြောင်ခိုးဝှက် လုပ်နေတာမှ မဟုတ်တာ။
ဖန်ကျန်းရီက အနောက်ဘက် ပန်းခြံ၏ ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်၏။
မည်သူမှ မလာသေးသည်ကို မြင်လိုက်ရသည်။
သူက လှည့်ကာ လီမြောင်ဟန်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်၏။
ချက်ချင်းပင် သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံသွားကြသည်။
လီမြောင်ဟန် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ဖန်ကျန်းရီ၏ နှုတ်ခမ်းများက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
နောက်တစ်စက္ကန့်တွင် နှုတ်ခမ်းများ ခွာသွားကြသည်။
လီမြောင်ဟန်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဦးနှောက်ထဲတွင် ဘာမှ မရှိတော့ချေ။
ဘာတွေ ဖြစ်သွားမှန်း လုံးဝ မသိလိုက်ပေ။ ဖန်ကျန်းရီကိုသာ မှင်သက်စွာ ကြည့်နေမိ၏။
ဖန်ကျန်းရီက မာယာပါပါ ပြုံးလိုက်ပြီး လက်များကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။ ပြီးနောက် နူးညံ့စွာဖြင့် ပြောလိုက်သည်။ “မင်းသမီး … ကျုပ် သွားပြီ။”
ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့ရာ တကယ့်ကို နှလုံးသား မဲ့သူ တစ်ယောက်လိုပင်။
ကျုပ်ကတော့ လုပ်လိုက်ပြီ။ ကော်ထျန်းယန် လာတော့ရော ဘာဖြစ်လဲ။
အခြေအနေတွေက ဒီလောက်အထိ အဆင်သင့် ဖြစ်နေပြီ။ ကျုပ်က မနမ်းရင် ယောက်ျား ဘယ်ပီသပါ့မလဲ။
မင်လွမ်နန်းဆောင်၏ ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ။
ပန်းကန်လုံး တစ်လုံး ကိုင်ကာ လျှောက်လာသော ကော်ထျန်းယန်နှင့် တည့်တည့် တိုး၏။
သူက ဖန်ကျန်းရီကို မြင်သောအခါ အံ့အားသင့်သွားသည်။ “ညီလေး … မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
“ဘာလဲ .. ကျုပ် လာလို့ မရဘူးလား။”
ဖန်ကျန်းရီက သူ၏ နှုတ်ခမ်းများကို ညစ်ညမ်းစွာ သပ်ရင်း ဘာမှ မဖြစ်ခဲ့သလို နေပြလိုက်၏။
ကော်ထျန်းယန်က စိုးရိမ်တကြီး ပြောလိုက်သည်။ “ဒါက နန်းတော် နောက်ဆောင်လေ။ ပြီးတော့ ပဉ္စမမင်းသမီးရဲ့ အိပ်ဆောင်။ အရှင်မင်းကြီး ခွင့်ပြုချက် မရဘဲ ဝင်လာလို့ မရဘူးလေ။ မသင့်တော်ဘူး။ တခြားသူတွေ မြင်သွားရင် မကောင်းဘူး။
မြောက်ပိုင်း လူရိုင်းတွေရဲ့ သံတမန်အဖွဲ့က မင်းသမီးနဲ့ လက်ထပ်ဖို့ တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ။”
ဖန်ကျန်းရီက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်၏။
လက်ထပ်ဖို့ တောင်းဆိုမယ် ဟုတ်လား။ ခင်ဗျားက ဇာတ်လမ်းတွဲတွေ ရိုက်နေတယ်၊ ဝတ္ထုတွေ ရေးနေတယ်များ မှတ်နေလား။
ဘယ်လောက်တောင် တိုက်ဆိုင်လွန်းလို့ ကျုပ်အလှည့်ကျမှ ဒီလို ဖြစ်ရမှာလဲ။
ဟမ့်။
“ဟာ... ကိစ္စမရှိပါဘူး။ မင်းသမီးနဲ့ အရေးကြီးတဲ့ ကိစ္စလေးတွေ ဆွေးနွေးနေတာပါ။ အရေးကြီး ကိစ္စပါ။ အရေးကြီး ကိစ္စပါ။”
ကော်ထျန်းယန်က သူ့ကို သတိထားကာ စိုက်ကြည့်လိုက်၏။ “ကောင်းပြီ … နောက်တစ်ခါ သတိထားနော်။”
“နောက်တစ်ခါ သေချာပေါက် သတိထားပါ့မယ်။ သေချာပေါက် သတိထားပါ့မယ်။”
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက အမြန် ထွက်သွားတော့၏။
...
အနောက်ဘက် ပန်းခြံထဲတွင် လီမြောင်ဟန်မှာ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် သတိမဝင်သေးချေ။
မူလနေရာတွင်ပင် ကျောက်ရုပ် ဖြစ်နေပြီး ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ရှုပ်ထွေးနေ၏။
ရင်တုန်... ထိတ်လန့်... စိတ်လှုပ်ရှား... တဖြည်းဖြည်းနှင့် မျက်ဝန်းများ နီရဲလာတော့သည်။
လက်ကလေး နှစ်ဖက်က အင်္ကျီစကို အဆက်မပြတ် ဆွဲဖြဲနေမိ၏။
ခုနလေးတင် ဖြစ်ပျက်ခဲ့သည့် အခိုက်အတန့်ကို ပြန်လည် စဉ်းစားနေမိသည်။
ထိုအချိန်တွင် ကော်ထျန်းယန်၏ အသံ ထွက်ပေါ်လာ၏။ “မင်းသမီး … အရှင်မင်းကြီးက မင်းသမီးအတွက် ဂျင်ဆင်းဟင်းချို လာပို့ခိုင်းလို့ပါ။”
ဘေးသို့ လှည့်ကြည့်လိုက်ရာ ကော်ထျန်းယန်က ဂျင်ဆင်းဟင်းချိုကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူက ဆက်ပြော၏။ “မင်းသမီးက ဘာဝမ်းသာစရာ ကိစ္စတွေ ရှိနေလို့လဲ။”
“ဘာဝမ်းသာစရာ ကိစ္စလဲ။” လီမြောင်ဟန်က ရုတ်တရက် စိုးရိမ်သွားမိသည်။
“ခုနက မင်းသမီး ပြုံးနေတာ မြင်လိုက်လို့ပါ။”
အပိုင်း (၂၈၅) ဒါက လက်ထပ်ဖို့ တောင်းဆိုတာလား။
မင်းသမီးကို နမ်းပြီးနောက် ဖန်ကျန်းရီသည် အလွန် ကျေနပ်ဂုဏ်ယူနေ၏။
ခေါင်းကို မော့ကာ အရှေ့နန်းဆောင်သို့ လျှောက်သွားရင်း လီယွမ်ကျောက်ကို လှောင်ပြောင်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
လူငယ်တွေက အခြေအနေမှန်ကို မသိဘဲ အဏုကြည့်မှန်ဘီလူးလို တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကိုတောင် ဖြုတ်ရဲသေးတယ်ပေါ့လေ။
အရှေ့နန်းဆောင်သို့ ရောက်သောအခါ လီယွမ်ကျောက်က ဖင်ကြီးကုန်းကာ တစ်ခုခုကို အာရုံစိုက် လေ့လာနေကြောင်း မြင်လိုက်ရ၏။
ဖန်ကျန်းရီက ခေါင်းပြူကြည့်လိုက်ရာ ချက်ချင်း လန့်သွားသည်။
သောက်ကျိုးနည်း … တကယ်ကြီး ပြန်ဆင်နိုင်တာလား။
“အိမ်ရှေ့စံ … ပြန်ဆင်ပြီးသွားပြီလား။”
ဖန်ကျန်းရီ၏ အသံကို ကြားသောအခါ လီယွမ်ကျောက်က မတ်တတ်ထရပ်ပြီး သူ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက် ကြည့်လိုက်၏။
“ဒါပေါ့။ ဒီလို ရိုးရှင်းတဲ့ ပစ္စည်းလေးက ကျုပ်ကို ဘယ်လိုလုပ် အခက်တွေ့စေမှာလဲ။ ငွေတုံး တစ်ထောင်ပေး။”
ဖန်ကျန်းရီက ငွေတုံး တစ်ထောင်တန် ငွေစက္ကူကို စကားတစ်ခွန်းမှ မပြောဘဲ ထုတ်ယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားပြီး မေးလိုက်သည်။ “တခြားလူကို အကူအညီ တောင်းတာတော့ မပါဘူးနော်။”
“ဟမ့် … အစိတ်အပိုင်းလေး နည်းနည်းပဲ ရှိတာကို။ ပြွန်ထဲမှာလည်း ထည့်ရမယ့် အပေါက်လေးတွေ ပါပြီးသားပဲလေ။ ဘာများ ခက်နေလို့လဲ။”
ဖန်ကျန်းရီက နှမြောတသစွာ ခေါင်းခါလိုက်ပြီး ငွေစက္ကူကို ကမ်းပေးလိုက်၏။
မှားသွားပြီ။ ပစ္စည်းကို ပြန်ဆင်ရတာ ဒီလောက် လွယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဒါပေမဲ့ အနှောင့်အယှက်ကောင်ကို ဖယ်ထုတ်နိုင်ပြီး မင်းသမီးနဲ့ အတူတူ စကားပြောခဲ့ရတယ်ဆိုတော့ ငွေတုံး တစ်ထောင် ကုန်ရတာ တန်ပါတယ်။
“အိမ်ရှေ့စံ ခုနက ဘာတွေ ကြည့်နေတာလဲ။”
လီယွမ်ကျောက်က ချက်ချင်း တက်ကြွသွားပြီး ဖန်ကျန်းရီကို အဏုကြည့်မှန်ဘီလူး ရှေ့သို့ ဆွဲခေါ်သွားလိုက်၏။
“ဖန်ကြီး … ကျုပ် အသစ် တွေ့ရှိထားတာ ရှိတယ်။ ကြည့်စမ်း။ ခွေးရဲ့ အဲဒီ အရည်တွေထဲမှာလည်း ဖားလောင်းလေးတွေ ရှိနေတယ်။”
ဖန်ကျန်းရီ၏ မျက်နှာ ချက်ချင်း ရှုံ့မဲ့သွားတော့သည်။
ကျုပ်ရဲ့ အဏုကြည့်မှန်ဘီလူးကို ယူပြီး ခင်ဗျားက အဲဒီ အရည်တွေကိုပဲ လေ့လာနေတာလား။ တခြား ဟာတွေရော လေ့လာလို့ မရဘူးလား။
ဖားလောင်းလေးတွေနဲ့ပဲ ရန်ငြိုး ရှိနေတာလား။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ခင်ဗျား ဘာကို ပြောချင်တာလဲ။”
“အံ့သြစရာ မကောင်းဘူးလား။”
“လုံးဝ မကောင်းဘူး။ အိမ်ရှေ့စံမှာ အချိန်ရှိရင် အဓိပ္ပာယ်ရှိတဲ့ တခြား ကိစ္စတွေကို လေ့လာပါလား။”
လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်၏။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားရဲ့ ဒီပစ္စည်းက ဘာမှ အသုံးမကျဘူးလို့ ထင်တယ်။ ကြည့်ရုံ သတ်သတ်ပဲ။”
သင်ပေးလို့မရတဲ့ လူ့အပေအတေပဲ။ ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။
“ကျုပ် ဥပမာ တစ်ခု ပေးမယ်။ ရောဂါက ပါးစပ်ကနေ ဝင်တယ် ဆိုတဲ့အတိုင်း လူတွေက ပုပ်သိုးနေတဲ့ အစားအစာတွေကို စားရင် နေမကောင်း ဖြစ်တတ်တယ်လေ။
အစားအစာတွေက ဘာလို့ ပုပ်သိုးသွားရတာလဲ။ ပုပ်သိုးနေတဲ့ အစားအစာကို စားရင် ဘာလို့ နေမကောင်း ဖြစ်ရတာလဲ ဆိုတာကို အိမ်ရှေ့စံ တွေးကြည့်ဖူးလား။ အဖြေက မျက်စိနဲ့ မမြင်ရတဲ့ နေရာတွေမှာ ရှိနေနိုင်တယ်။”
လီယွမ်ကျောက်က သေချာ စဉ်းစားနေ၏။
“အချိန်အကြာကြီး ထားရင် ပုပ်သွားတာပေါ့။ ပုပ်သွားရင် မစားဘဲ နေလိုက်ရင် ပြီးတာပဲလေ။ စားရင် နေမကောင်းဖြစ်မယ် ဆိုတာကို လူတိုင်း သိနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတာကို သိဖို့ လိုသေးလို့လား။”
ဖန်ကျန်းရီ ပြုံးလိုက်သော်လည်း စိတ်ထဲတွင်တော့ ဆဲဆိုနေမိပြီ ဖြစ်သည်။
အိမ်ရှေ့စံရဲ့ တွေးခေါ်ပုံက တဖြည်းဖြည်းနဲ့ ကျန်းပြောင်လို ဖြစ်လာပြီ။ မြင်ရတာကိုပဲ အမှန်လို့ ထင်ပြီး ကျန်တာတွေကို အလကားလို့ သဘောထားနေတာပဲ။
“အိမ်ရှေ့စံ … အဲဒီလို မဟုတ်ဘူးလေ။
စဉ်းစားကြည့်… ပစ္စည်းတွေက ဘာလို့ ပုပ်သိုးသွားရတာလဲ ဆိုတာကို သိရင် ကြာရှည်ခံအောင် ထားနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့နိုင်မှာပေါ့။ ဒါဆိုရင် အစားအစာတွေ အလဟဿ မဖြစ်အောင် ကာကွယ်နိုင်လိမ့်မယ်။
အဲဒါကိုသာ သဘောပေါက်သွားရင် အစားအစာတွေ အများကြီးကို အလိုအလျောက် ဖန်တီးပေးလိုက်သလို ဖြစ်သွားမှာပဲ။ အိမ်ရှေ့စံ နားလည်ပြီလား။”
လီယွမ်ကျောက်က ထပ်မံ၍ သေချာ စဉ်းစားနေပြန်၏။
“အိမ်ရှေ့စံ … ဖြည်းဖြည်းချင်း စဉ်းစားပါ။ ကျုပ် အရင် သွားတော့မယ်။”
လီယွမ်ကျောက် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ဖန်ကျန်းရီက နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
သူက ပန်းရှန်းရပ်ကွက်ရှိ သတင်းစာတိုက်သို့ တန်းသွားလိုက်၏။
ရှဲ့ရှန်းက သူ့အတွက် သီးသန့် ရုံးခန်းလေးထဲတွင် ထိုင်နေပြီး အတော်လေး အရှိန်အဝါ ကြီးမားနေပုံရသည်။
စားပွဲပေါ်တွင် သတင်းဆောင်းပါးများက တောင်ပုံရာပုံ ဖြစ်နေ၏။
ရက်အနည်းငယ် အတွင်းမှာပင် သတင်းစာတိုက်ရှိ သတင်းထောက်များသည် သူ့ကို အလွန် ကြည်ညို လေးစားနေကြပြီ ဖြစ်သည်။
မူလကတည်းက ရှဲ့ရှန်း၏ ပညာအရည်အချင်းနှင့် စကားပြောစွမ်းရည်မှာ အလွန် ထူးချွန်လှသည်။
ဖန်ကျန်းရီကလည်း ဤအချက်ကို သဘောကျ၍ သူ့ကို တောက်ယွမ်ခရိုင်သို့ နည်းလမ်းပေါင်းစုံ သုံးကာ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်၏။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူသည်စာဖတ်ခြင်းကို လုံးဝ မပြတ်လပ်ခဲ့ပေ။ တောက်ယွမ်ခရိုင်တွင် ကုန်သွယ်ရေး အမြဲ လုပ်နေရသောကြောင့် ခရီးများစွာ သွားခဲ့ရပြီး လူပေါင်းစုံနှင့် တွေ့ဆုံခဲ့ရသဖြင့် လက်တွေ့ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ သူ၏ ပညာအရည်အချင်းမှာ ပိုမို တိုးတက်လာခဲ့သည်။
ပါးစပ်ဟလိုက်သည်နှင့် သတင်းဖြစ်ပြီး၊ စာရေးလိုက်သည်နှင့် ဂန္ထဝင် ဖြစ်သွားတတ်၏။
သတင်းစာတိုက်ရှိ သတင်းထောက်များမှာ သူ၏ အရည်အချင်းကို အလွန် လေးစားအားကျနေကြသည်။
ထို့အပြင် ခံစားခွင့် အသစ်များကို သူကိုယ်တိုင် ကြေညာပေးခဲ့သောကြောင့် လူတိုင်းက သူ့ကို ပိုမို သဘောကျနေကြ၏။
ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ ရှဲ့ရှန်းက အမြန် ထရပ်လိုက်သည်။ “သခင်လေး … ရောက်လာပြီလား။”
ဖန်ကျန်းရီက စားပွဲပေါ်ရှိ သတင်းဆောင်းပါးများကို ကောက်ယူကာ တစ်ချက်နှစ်ချက် ကြည့်ပြီး မေးလိုက်၏။ “ဘယ်လိုလဲ .. သတင်းစာတိုက်မှာ အဆင်ပြေရဲ့လား။”
ရှဲ့ရှန်းက ညင်သာစွာ ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်။ အပြင်မှာ ကုန်သွယ်ရတာထက် အများကြီး သက်သာပြီး လွယ်ကူပါတယ်။”
“အရမ်း ကောင်းတယ်။”
“ဒီနေ့ ခင်ဗျားဆီ လာတာ ပြောစရာ ကိစ္စ တစ်ခု ရှိလို့။ မြောက်ပိုင်း လူရိုင်းတွေရဲ့ သံတမန်အဖွဲ့က မြို့တော်ကို လာမယ်လို့ ကြားတယ်။ ဒီသတင်းကို ကျုပ်တို့က အရင်ဆုံး ဖော်ပြရမယ်။
အခု အစိုးရကလည်း သတင်းစာတွေ အများကြီး ထုတ်နေတော့ ကျုပ်တို့ရဲ့ နေရာကို အလုခံရလို့ မဖြစ်ဘူး။
ပြီးတော့... ကျုပ် မြို့ပြင်မှာ ရက်ကန်းရုံ တစ်ခု ဖွင့်မယ်။ ကျုပ်တို့ ခရိုင်က အကောင်းဆုံး ရက်ကန်းစက်တွေကို သုံးမယ်။
အမျိုးသမီး အလုပ်သမားတွေကိုပဲ ခေါ်မယ်။ ဒီကိစ္စကို တခြားလူတွေကို စီစဉ်ခိုင်းထားလိုက်မယ်။ ပြီးသွားရင် ခင်ဗျားကို အကြောင်းကြားလိုက်မယ်။ အဲဒီအခါကျရင် သတင်းစာမှာ ကြော်ငြာပြီး အလုပ်သမား ခေါ်ပေး။
ဒီအတောအတွင်းမှာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ရေးပေးပါ။ အမျိုးသမီး သူရဲကောင်းတွေ အကြောင်းမျိုးတွေပေါ့။ သေချာ ကြော်ငြာပေးလိုက်။
ရက်ကန်းစက်ရုံ ဖွင့်တဲ့အခါ အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ သတင်းစာကို သုံးပြီး ပြဿနာတွေကို တတ်နိုင်သမျှ လျှော့ချပေးပါ။”
ဖန်ကျန်းရီ စကားပြောပြီးသောအခါ ရှဲ့ရှန်းက မေးလိုက်၏။ “မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ ဟုတ်လား။ မြောက်ပိုင်း လူရိုင်းတွေက ကျင်းတိုင်းပြည်နဲ့ အမြဲတမ်း ပွတ်တိုက်မှုလေးတွေ ရှိနေပေမဲ့ သူတို့အချင်းချင်းက အမြဲတမ်း တိုက်ခိုက်နေကြတာလေ။ သူတို့က ဘာလို့ သံတမန်အဖွဲ့ လွှတ်ရတာလဲ။”
ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ “မြောက်ပိုင်း လူရိုင်းတွေထဲမှာ လူတော် တစ်ယောက် ပေါ်လာပြီး မျိုးနွယ်စု အားလုံးကို သိမ်းပိုက်လိုက်လို့ အချင်းချင်း တိုက်ခိုက်နေတာတွေ ပြီးသွားပြီလို့ ကြားတယ်။”
“သံတမန်အဖွဲ့ လာတာက မင်းသမီးကို လက်ထပ်ဖို့ တောင်းဆိုချင်လို့များလား...” ရှဲ့ရှန်းက မေးစေ့ကို ပွတ်ကာ စဉ်းစားရင်း ပြောလိုက်၏။
“….”
ဖန်ကျန်းရီမှာ မျက်နှာ ရှုံ့မဲ့သွားပြီး ရှဲ့ရှန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ဘာလို့ လက်ထပ်ဖို့ တောင်းဆိုမယ်လို့ ပြောရတာလဲ။ သံတမန်အဖွဲ့ လာတိုင်း လက်ထပ်ဖို့ တောင်းဆိုရမှာလား။”
ရှဲ့ရှန်းက စဉ်းစားပြီး ပြန်ဖြေ၏။ “အခုမှ စည်းလုံးခါစ ဆိုတော့ တိုင်းပြည် အင်အားက မတည်ငြိမ်သေးဘူးလေ။ ပြီးတော့ မျိုးနွယ်စု အားလုံးကို သိမ်းပိုက်နိုင်တဲ့ လူဆိုတော့ သေချာပေါက် အရည်အချင်းရှိပြီး အခြေအနေကို ကောင်းကောင်း နားလည်တဲ့သူ ဖြစ်မှာပဲ။
ဒီအချိန်မှာ လက်ထပ်ဖို့ တောင်းဆိုပြီး အင်အား ပြန်ဖြည့်တာက အကောင်းဆုံးပဲလေ။သခင်လေး … စဉ်းစားကြည့်။ ကျုပ်တို့ဆီမှာ မင်းသမီး ခြောက်ပါး ရှိတယ်။ ဆဋ္ဌမမင်းသမီးက ဆယ်နှစ်တောင် မပြည့်သေးဘူး။ စတုတ္ထမင်းသမီးကလည်း အသက် နှစ်ဆယ်ကျော်နေပြီ၊ အိမ်ထောင်ကျတာတောင် ကြာလှပြီ။
ဒါဆိုရင် ပဉ္စမမင်းသမီးပဲ ကျန်တော့တယ်လေ။ ဟုတ်တယ် မဟုတ်လား။ သခင်လေး … ဒီအကြောင်းကို သတင်းစာမှာ နည်းနည်း ရေးလိုက်ရမလား။”
ဖန်ကျန်းရီ၏ မျက်နှာ အမူအရာ ချက်ချင်း အေးခဲသွားတော့၏။
ဒီလူတွေ တစ်ယောက်ပြီး တစ်ယောက်က ငါ့ကို ဒီစကားတွေပဲ လာပြောနေကြတယ်။ ငါ့ကို လုံးဝ အထင်မကြီးကြပါလား။
ရှဲ့ရှန်းက ဖန်ကျန်းရီ၏ အမိန့်ကို စောင့်နေဆဲ ဖြစ်သော်လည်း ဖန်ကျန်းရီက သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ထပ်ပြောစမ်း။”
“ကျုပ် ပြောတာက ပဉ္စမမင်းသမီးက လက်ထပ်ရဖို့ များတယ်။ သတင်းစာမှာ အဲဒီအကြောင်းလေး ရေးရမလားလို့...”
စကားမဆုံးခင်မှာပင် ဖန်ကျန်းရီ၏ လက်တစ်ဖက်က ရှဲ့ရှန်း၏ ပခုံးပေါ်သို့ ရောက်လာခဲ့၏။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်လုံးများတွင်မူ ခံစားချက် လုံးဝ မရှိချေ။
“တကယ်လို့ ခင်ဗျားရဲ့ နိမိတ်မကောင်းတဲ့ ပါးစပ်က ပြောတာသာ တကယ်ဖြစ်လာရင်... ခင်ဗျားကို မြောက်ပိုင်းကို ပို့ပြီး နွားတွေ မြင်းတွေနဲ့ လက်ထပ်ခိုင်းမယ်။”
ရှဲ့ရှန်းက တံတွေးမြိုချလိုက်ပြီး မေးလိုက်သည်။ “သခင်လေး … ဘာ... ဘာသဘောလဲ။”
“ဘာသဘောရမှာလဲ။ သောက်ကျိုးနည်း။ ကျုပ်က ခဲခဲယဉ်းယဉ်းနဲ့ တစ်ခါလေး ရင်ခုန်ရပါတယ်ဆိုမှ ခင်ဗျားက ပဉ္စမမင်းသမီး သူများနဲ့ လက်ထပ်ရမယ်လို့ လာပြောနေတယ်။
ခင်ဗျားတို့လို နိမိတ်မကောင်းတဲ့လူတွေ... တစ်ယောက်ပြီး တစ်ယောက်က ကျုပ်ကို ဒုက္ခပေးနေရတာ ကျေနပ်နေကြလား။”
ဖန်ကျန်းရီ ဒေါသတကြီး အော်ဟစ်နေသည်ကို မြင်သောအခါ ရှဲ့ရှန်း အလွန် လန့်သွား၏။
သို့နှင့် အမြန် ပြောလိုက်သည်။ “မြို့ဝန်ဖန် … စိတ်လျှော့ပါ။ စိတ်လျှော့ပါ။”
ဖန်ကျန်းရီ၏ မျက်နှာ အနည်းငယ် ပြေလျော့သွားသည်။ “ဒါဆိုလည်း ပြီးတာပဲ... မြောက်ပိုင်းလူရိုင်းဆိုတာ ဘာကောင်တွေလဲ။ ခင်ဗျားက ဘယ်လိုလုပ် မင်းသမီးနဲ့ သွားဆက်စပ်ရတာလဲ။
သတင်းစာကို ချက်ချင်း ပြင်ရေးစမ်း။ သတင်းစာ တစ်ဝက်လောက်ကို မြောက်ပိုင်း လူရိုင်းတွေ အကြောင်းချည်းပဲ ရေး။ သူတို့ သံတမန်အဖွဲ့ မရောက်လာခင် အထိ ဆက်တိုက် ရေးနေ။
သူတို့တွေက ရေမချိုးဘူး၊ အိမ်သာတက်ရင် ဖင်မသုတ်ဘူး၊ နေ့တိုင်း ဆင်းရဲဒုက္ခ ရောက်နေတယ် ဆိုတဲ့ အကြောင်းတွေကို အဆိုးဆုံး ဖြစ်အောင် ရေး။
ပြီးတော့ လက်ထပ်ပြီး ငြိမ်းချမ်းရေး ယူတယ်ဆိုတာ ယောကျ်ား မပီသဘူး၊ တိုင်းပြည် ပျက်စီးဖို့ လမ်းစပဲ ဆိုတဲ့ အကြောင်းတွေကို ဥပမာတွေ အများကြီး ပြပြီး တစ်နေ့ တစ်ပုဒ် ရေး။ ဒီကိစ္စကို ထပ်ပြောရဲတဲ့သူ ရှိသေးလား ကြည့်ရသေးတာပေါ့။”
ရှဲ့ရှန်းက အနေရခက်စွာ ရယ်မောလိုက်ပြီး သတိထားကာ မေးလိုက်၏။ “နားလည်ပါပြီ သခင်လေး … ဒါပေမဲ့ သခင်လေးနဲ့ ပဉ္စမမင်းသမီးက ဘယ်လို ပတ်သက်မှု ရှိနေတာလဲ...”
“သူက ကျုပ်ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ။”
သောက်ကျိုးနည်း။
ရှဲ့ရှန်း၏ ဦးနှောက်ထဲတွင် ဝုန်းခနဲ မြည်သွားပြီး သခင်လေး ဤမျှလောက်အထိ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အရှင်မင်းကြီးသာ သိသွားလျှင် တောက်ယွမ်ခရိုင် တစ်ခုလုံးကို ပြာချပစ်မှာ သေချာသည်။
ရှဲ့ရှန်းက မနေနိုင်ဘဲ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။ “သခင်လေး … ခင်ဗျားတို့ အဲဒီအဆင့်ထိတောင် ရောက်နေပြီလား။ အရှင်မင်းကြီးရော သိလား။”
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “ဘယ်သိပါ့မလဲ။ ဒီနေ့မှ နှုတ်ခမ်းချင်း နမ်းရသေးတာ။ အရှင်မင်းကြီးကို ပြောပြဖို့ အခွင့်အရေး မရှာရသေးဘူး။ ဟမ့် … အောင်မြင်မှုကြီး တစ်ခု ရအောင် လုပ်ပြီးမှပဲ တရားဝင် တောင်းရမယ်။”
“နမ်း... နှုတ်ခမ်းချင်း နမ်းရုံနဲ့ ကိုယ်ဝန် ရနိုင်လို့လား။”
“ခင်ဗျား ဘာသိလို့လဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူဘူးလေ။”
"…..."