အခန်း (၄၅၄-၄၅၅)
Vol. 42 Ch. 454-455
အခန်း ၄၅၄ - ယင်နတ်ဘုရားလမ်းစဉ်
"နင့်ကို ငါဝမ်းနည်းပူဆွေးပြီး အပြစ်မကင်းသလို ခံစားနေရတယ်လို့ အဖိုးကြီးက ပြောလိုက်တယ်မဟုတ်လား။"
ကျိယွမ်သည် နွားချိုမမနှင့် ခပ်လှမ်းလှမ်းတွင် နေလိုက်၏။ သူမပါးစပ်မှ မှိုများ သူ၏ပါးစပ်ထဲသို့ လွင့်စင်လာမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်လေ၊ ငါ မျက်ရည်တွေနဲ့ မျက်နှာသစ်နေတာ မမြင်ဘူးလား။"
နွားချိုမမသည် ကျိယွမ်ကို မြင်လိုက်ရသဖြင့် သိသိသာသာ ဝမ်းသာသွားပုံရ၏။
"မျက်ရည်ဟုတ်လား။ ပါးစပ်ကနေ ကျနေတာက မျက်ရည်လား။"
ကျိယွမ် ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။
နွားချိုမမသည် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက် တကယ်ပင် "ငို" နေခြင်းဖြစ်သော်လည်း ထိုမျက်ရည်များသည် သူမ၏ပါးစပ်မှ ထွက်နေခြင်းဖြစ်၏။
သေချာမသိသူတစ်ဦးအမြင်တွင် သွားရည်ကျနေသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မူကား မျက်ရည်များသာ ဖြစ်လေသည်။
"မျက်ရည်က မျက်လုံးကပဲ ကျရမယ်လို့ စည်းကမ်းရှိလို့လား။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က စဉ်းစားသလိုဖြင့် မေးလိုက်၏။
ဤမေးခွန်းက ကျိယွမ်ကို ထပ်မံဆွံ့အသွားစေပြန်သည်။
ထိုစကားစုသည် သူကိုယ်တိုင် အရင်က ပြောခဲ့ဖူးသလိုမျိုး တစ်နည်းနည်းဖြင့် ရင်းနှီးနေသည်ဟု သူ ခံစားလိုက်ရ၏။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် သူ့ကို လိုက်တုနေခြင်းဖြစ်မည်ဟု သူ သံသယဝင်မိသော်လည်း သက်သေမူကား မရှိချေ။
"မှိုနည်းနည်းလောက် စားမလား။ ခုလေးတင်တင် လတ်လတ်ဆတ်ဆတ် ထွက်ထားတာနော်။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က မှိုတစ်ပွင့်ကို ကောက်ယူကာ ကျိယွမ်အား ကမ်းပေးလိုက်သည်။
"တော်ပြီ၊ မစားတော့ဘူး။ ငါက သွင်းကုန်မှိုတွေရော 'ပါးစပ်မှို' တွေရော မစားဘူး။"
ကျိယွမ်က အမြန် ငြင်းလိုက်၏။
"နင်က ငါ့ကို ရွံလို့လား။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က အံ့သြချင်ယောင်ဆောင်ကာ မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်သည်။
"ခုမှ သိသွားတာလား။"
ကျိယွမ်က သူမအား ထူးဆန်းသလိုကြည့်ကာ ဆိုလာသည်။
"နင်ကတော့လေ... ၊အင်း...ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်ဘာကိုယ် အသက်မွေးနိုင်တဲ့ မိန်းမတစ်ယောက်ကို ရထားတာ ဘယ်လောက်ကံကောင်းလဲဆိုတာ နင်မသိပါဘူး။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ဟန်ဆောင်ပန်ဆောင်ဖြင့် ညည်းပြလိုက်လေသည်။
"တော်ပါတော့ ...အဲဒါအစား ငါကတော့ သစ်ပင်တစ်ပင်ကိုပဲ ရှာလိုက်ချင်တော့တယ်။ အနည်းဆုံးတော့ အဲဒါက အောက်ဆီဂျင် ထုတ်ပေးနိုင်သေးတယ်။"
ထိုစကားကို ကြားသောအခါ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ် ခဏမျှ စဉ်းစားသွား၏။
ထို့နောက် သူမက အခြားတစ်ခုမေးလိုက်လေသည်။
"ဒါနဲ့... နင် တစ္ဆေစိုးမိုးကောင်းကင်ဘုံက ယန်နတ်ဘုရားတစ်ပါးရဲ့ တိုက်ခိုက်မှုကို ခံရပြီး လွတ်လာတာပေါ့။ တော်သားပဲ။ ငါက နင့်ဈာပနကို တက်ဖို့တောင် ပြင်ထားတာ။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ အမြင်တွင် သွေးဝတ်စုံသည် ယင်နတ်ဘုရားအဆင့်မျှသာ ရှိသေး၏။ ယန်နတ်ဘုရားတစ်ပါး၏ လုပ်ကြံမှုမှ လွတ်မြောက်လာခြင်းမှာ မဖြစ်နိုင်သလောက်ပင်။
"ဒီတစ်ကြိမ် တစ္ဆေစိုးမိုးကောင်းကင်ဘုံက ဓားနက်ကိုတင် မဟုတ်ဘဲ နင့်ကိုပါ ပစ်မှတ်ထားတာ။ သူတို့က ငါတို့ မဟူရာနတ်ဆိုးချောက်ကို စစ်ကြေညာဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သူမ၏လေသံက တည်ကြည်သွား၏။
လင်းယာအသွင်ပြောင်းလဲခြင်း နီးကပ်လာသည်နှင့်အမျှ ဆဌမကောင်းကင်ဘုံ၏ အခြေအနေသည် ပိုမိုရှုပ်ထွေးလာလေသည်။
"စစ်ပွဲဟုတ်လား။"
ကျိယွမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွား၏။
သူ၏လူသားဧကရာဇ်တံခွန်သည် မြေဩဇာကောင်းကောင်း လိုအပ်နေသည်မဟုတ်ပါလား။
တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ ဝိညာဉ်တံခွန်ပေါင်းများစွာ၊ အထူးသဖြင့် တံခွန်သခင် ကိုင်ဆောင်ထားသည့် ဝိညာဉ်တစ်သောင်းတစ္ဆေတံခွန်ထက် ပိုကောင်းသည့် မြေဩဇာ ဘယ်မှာရှိနိုင်ပါဦးမည်နည်း။
"ဟုတ်တယ်။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ခေါင်းငြိမ့်ပြလိုက်၏။
"ဓားနက်နဲ့ နင် တိုက်ခိုက်ခံရတာကို ငါတို့ မဟူရာနတ်ဆိုးချောက်က ဘာမှပြန်မလုပ်ရင် သူတပါး အထင်သေးတာ ခံရလိမ့်မယ်။"
ကျိယွမ်က စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဟူး... ငါ အရင်က အားနာတတ်လွန်းလို့ ဖြစ်မယ်။"
သူသည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် တွေ့ဆုံစဉ်က အလွန်အားနာတတ်သဖြင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ တိုက်ခိုက်မှုအကြောင်းကို အများကြီး ထုတ်မပြောခဲ့ချေ။
ဘာပဲဖြစ်ဖြစ် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ တံခွန်သခင်သည် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများထဲတွင် ဒုတိယတန်းစားအဆင့်ဟု သတ်မှတ်ခံထားရပြီး အလွန်အမင်း အင်အားကြီးမားလှသည်။
သူသာ ထိုအကြောင်းကို ပြောလိုက်ပါက ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သားသမီးဝတ္တရားအရ စိတ်လိုက်မာန်ပါဖြင့် သူ့အတွက် ကလဲ့စားချေရန် ပြေးသွားမည်ကို ကျိယွမ် စိုးရိမ်မိ၏။
ထိုသို့ဖြစ်လျှင် ပြဿနာတက်ပေလိမ့်မည်။
တစ်ခါတရံတွင် မသိချင်ယောင်ဆောင်နေခြင်းက ပို၍ကောင်းပေသည်။
"စစ်ပွဲကတော့ အချိန်မရွေး ဖြစ်တော့မယ့်ပုံပဲ။ နင် စစ်မြေပြင်ကို သွားချင်လား။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က မေးလိုက်၏။
"စစ်မှုထမ်းကောင်းမှုတွေ အများကြီး ရမှာတော့ သေချာတယ်။"
"ငါ စဉ်းစားကြည့်ပါဦးမယ်။"
ကျိယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူသည် စစ်မှုထမ်းကောင်းမှုများကို စိတ်မဝင်စားသော်လည်း သူ၏လူသားဧကရာဇ်တံခွန်ကို အားကောင်းအောင် လုပ်ရန်ကိုတော့ အလွန်စိတ်အားထက်သန်နေ၏။
စစ်မှန်သော ဝိညာဉ်တစ်သောင်းတံခွန်ကို လက်ရှိတွင် အရမယူနိုင်သေးသော်လည်း တပည့်များ၏ ဝိညာဉ်တံခွန်ပေါင်းများစွာကို စုပ်ယူပြီး သူ၏စွမ်းအားဖြင့် စဉ်ဆက်မပြတ် သန့်စင်မွေးမြူနိုင်ပါက ဝိညာဉ်တစ်သောင်းတစ္ဆေတံခွန်သည် သူ့ကို ဆန့်ကျင်ဝံ့တော့မည်မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် သူကသာ စစ်မှန်သော အရှင်သခင် မဟုတ်ပါလား။
လောလောဆယ်တွင် ကျိယွမ်သည် တော်တော်လေး ဆင်းရဲနေပြီး အစွမ်းထက်သော တိုက်ခိုက်ရေးနတ်ဘုရားရတနာ တစ်ခုမျှပင် မရှိသေးချေ။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် အလွန်ဝတ္တရားကျေပွန်သော်လည်း သူကိုယ်တိုင်လည်း ဆင်းရဲနေသည့်အတွက် ကျိယွမ်အား ကောင်းမွန်သော တိုက်ခိုက်ရေး နတ်ဘုရားလက်နက်တစ်ခုမျှ မပေးနိုင်ခဲ့ပါ။
"အချိန်ကျရင် ငါတို့ အဖွဲ့ဖွဲ့ကြတာပေါ့။ ဒီကမမနဲ့ ခရမ်းရောင်ကံကြမ္မာရှောင်လုတို့က နင့်အတွက် ကလဲ့စားချေပေးမယ်။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က မိမိကိုယ်မိမိ ကျေနပ်နေသော အမူအရာဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"ငါကတော့ လောလောဆယ် ယန်နတ်ဘုရားအဆင့်ကို တက်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ အခုအင်အားနဲ့ဆိုရင် စစ်မြေပြင်မှာ နင့်ကို ကာကွယ်ပေးနိုင်ပါတယ်။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် ပြောရင်းနှင့် သူမ၏ရင်ဘတ်ကို ပုတ်ပြလိုက်ရာ သိသိသာသာ ဆွဲဆောင်မှုရှိသော အကွေးအကောက်တစ်ခု ပေါ်ထွက်လာ၏။ သို့သော်လည်း သူမ၏ပါးစပ်မှ မှိုများ ဆက်တိုက်ထွက်နေခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဆွဲဆောင်မှုရှိသမျှ အရာအားလုံးသည် တစ်စက်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရလေသည်။
"ဘာဖြစ်လို့လဲ။ ငါ့ကို မကြည့်ရဲဘူးလား။ အချစ်ဒီလှိုင်းတွေ မိသွားမှာ ကြောက်လို့လား။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ညုတုတုအပြုံးဖြင့် စနောက်လိုက်၏။ သူမသည် ခြေထောက်ချိတ်ထိုင်ထားပြီး ညှို့ဓာတ်ပြင်းလှသော နှင်းကဲ့သို့ ဖြူဖွေးသည့် ပေါင်တံများကို စကတ်အောက်မှ ပေါ်လွင်အောင် ပြသထားလေသည်။
"မဟုတ်ပါဘူး၊ ငါက နင့်ကို အာရုံမစိုက်ချင်ရုံတင်ပါ။"
ကျိယွမ်က အလိုက်တသိဖြင့် ပြန်ပြောလိုက်၏။ နွားချိုမမက ဂရုမစိုက်သော်လည်း သူကမူ ယဉ်ကျေးမှုကို ထိန်းသိမ်းလို၏။
ဘာပဲဖြစ်ဖြစ် အလွန်အကျွံ စိုက်ကြည့်နေခြင်းကို စော်ကားခြင်းဟု ယူဆနိုင်သည် မဟုတ်ပါလား။
သူ၏စိတ်ကူးများ လွင့်ပျံသွားပါက ပို၍ပင် ဆိုးရွားသွားနိုင်ပြီး ကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပေသည်။
"နင်ကတော့ နှာခေါင်းမပါတဲ့ကောင်ပဲ.."
နွားချိုမမက ကျိယွမ်အား နှာခေါင်းရှုံ့ပြကာ ထွက်သွားလေတော့သည်။
ကျိယွမ်လည်း သူ၏ကျင့်ကြံရေးဂူသို့ ပြန်ရောက်သောအခါ ကာကွယ်ရေးအစီအရင်များကို ပြန်လည်အသက်သွင်းလိုက်၏။
လင်းလုံယွီရွှီကျောက်စိမ်းပြား၏ ပုံရိပ်သည် သူ၏ရှေ့မှောက်တွင် ပေါ်လာသည်။
နွဲ့နှောင်းပြီး လှပသော ပုံရိပ်တစ်ခု ကျိယွမ်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏။
ကျင်းလီသည် ကျော့ရှင်းသော လိမ္မော်ဝါရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ တောက်ပသော ထိုအရောင်သည် သူမ၏ ပုံမှန်အေးစက်သော အမူအရာနှင့် သိပ်မလိုက်ဖက်သော်လည်း သူမကို နွေးထွေးပြီး ဖိတ်ခေါ်နေသော အသွင်မျိုး ဖြစ်စေလေသည်။
ထိုဝတ်စုံသည် အချိုးအစားကျနစွာ ချုပ်လုပ်ထားပြီး သူမ၏ သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်အလှကို ကောင်းမွန်စွာ ပေါ်လွင်စေ၏။
အနည်းငယ်ပွင့်နေသော လည်ပင်းဟိုက်ပုံစံမှတစ်ဆင့် ချောမွေ့ပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေသည် သွေးကြောစိမ်းလေးများ ယှက်သန်းနေသည့် ကျောက်စိမ်းကဲ့သို့ ပေါ်ထွက်နေပြီး မည်သူ့ကိုမဆို လက်လှမ်းပြီး ထိတွေ့ချင်စိတ် ဖြစ်ပေါ်စေသည်။
သူမ၏ အေးစက်သော မျက်နှာတွင် ညှို့ဓာတ်အနည်းငယ် ရှိနေပြီး အထူးသဖြင့် သူမ၏မျက်လုံးများတွင် ဖြစ်၏။
ယခင်က ကျင်းလီသည် ရိုးရှင်းပြီး မထင်မရှားသော အဝတ်အစားများကိုသာ အမြဲဝတ်ဆင်လေ့ရှိသည်။ သို့သော် ကျိယွမ်နှင့် ပြန်လည်ဆုံတွေ့ပြီးကတည်းက သူမ၏အဝတ်ဗီရိုထဲတွင် အရောင်အသွေးများနှင့် သက်ဝင်လှုပ်ရှားမှုများ ပိုမိုများပြားလာခဲ့လေသည်။
"ငါ့မှာ သတင်းကောင်းရှိတယ်၊ လပန်းကောင်းကင်ဘုံက သဘောတူလိုက်ပြီ။ မင်း လကညာအဖြစ် အဆင့်အတန်းကို စွန့်လွှတ်ဖို့ မလိုတော့ဘူး။ ငါတို့ မင်္ဂလာရက်မြတ်တစ်ရက် ရွေးပြီးရင် ငါ မင်းကို လာလက်ထပ်မယ်။ ဘယ်နေ့က ကောင်းမလဲ။"
ကျိယွမ်က ကျင်းလီ၏အလှကို ငေးမောရင်း တောက်ပစွာ ပြုံးလျက် မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ကျင်းလီ၏မျက်လုံးများ ဝမ်းသာမှုကြောင့် တောက်ပသွားသည်။
"ကျွန်မကတော့ ရှင် သတ်မှတ်ပေးတဲ့အတိုင်း လိုက်နာမှာပါ"
"ငါတို့ ရက်ကောင်းရက်မြတ်တစ်ရက် ရွေးဖို့ လိုတာပေါ့။"
ကျိယွမ်က စဉ်းစားလိုက်၏။
သူတို့ ဂိမ်းထဲတွင် မင်္ဂလာဆောင်ခဲ့စဉ်က သူငယ်ချင်း သို့မဟုတ် ဆွေမျိုး တစ်ယောက်မျှပင် မတက်ရောက်နိုင်ခဲ့ချေ။
ယခုတစ်ကြိမ်တွင်မူ သူသည် သူငယ်ချင်းများစွာကို ဖိတ်ကြားနိုင်ပြီ ဖြစ်သည်။
ကျိယွမ်သည် ကြယ်အမြုတေမှ နင်းထောင်နှင့် ကျူးယန်တို့အတွက်ပါ မင်္ဂလာဆောင်တစ်ခု ထပ်လုပ်ပေးရမလားဟုပင် စဉ်းစားမိလိုက်သေးသည်။
သို့သော် ထိုအရာက စိတ်ကူးမျှသာ ဖြစ်၏။
သူ အရင်က အကြံပြုခဲ့ဖူးသော်လည်း နင်းထောင်နှင့် ကျူးယန် နှစ်ယောက်လုံးက ငြင်းပယ်ခဲ့ကြသည်။
"ကျွန်မကတော့ ဘယ်အချိန်မဆို အဆင်ပြေပါတယ်"
ဟု ကျင်းလီက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်၏။
ကျင်းလီသည် အွန်လိုင်းတွင် စကားပြောသည့်အခါ ပို၍အုံ့ပုန်းဖြစ်တတ်သော်လည်း လူချင်းတွေ့သည့်အခါတွင်မူ ပို၍ စိတ်အားထက်သန်လာတတ်ကြောင်း ကျိယွမ် သတိပြုမိသည်။
ယခင်က လနတ်ဘုရားနန်းတော်တွင် တွေ့ဆုံခဲ့စဉ်က ကျင်းလီသည် သူ့ကိုပင် အနိုင်ယူလုနီးပါး ဖြစ်ခဲ့ဖူး၏။
ထိုစဉ်က သူတို့ မင်္ဂလာမဆောင်ရသေးသဖြင့် နောက်ဆုံးအဆင့်ထိ မရောက်ခဲ့သော်လည်း ကျင်းလီသည် တော်တော်လေး တက်ကြွခဲ့သည်။ သူမ၏ ပုံမှန်အေးစက်သော အမူအရာရှိသော်လည်း အလွန်ဆွဲဆောင်မှုရှိလာတတ်သဖြင့် ကျိယွမ်ပင် စိတ်ကို မနည်းထိန်းခဲ့ရလေသည်။
လူချင်းတွေ့သည့်အချိန်တွင် ၎င်းတို့နှစ်ဦးတည်း ရှိနေပါက ကျင်းလီသည် အနည်းငယ် ဆိုးနွဲ့တတ်သော အမူအရာ ရှိတတ်သော်လည်း ၎င်းမှာ နှစ်ပေါင်းများစွာ ကွဲကွာနေပြီးနောက် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အချစ်နှင့် လွမ်းဆွတ်မှုများကြောင့်သာ ဖြစ်သည်။
ကျိယွမ်သည်လည်း သူ၏အလိုဆန္ဒများကို ဖုံးကွယ်ထားတတ်သူ မဟုတ်ချေ။
ကာမရာဂသည် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သဖြင့် ကျိယွမ်သည် အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် တင်ကြိုဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် တည်ငြိမ်ပြီး သိက္ခာရှိလှသော ကျင်းလီကို မြင်လိုက်ရသဖြင့် ကျိယွမ်က မမေးဘဲ မနေနိုင်တော့ချေ။
"မင်းရဲ့ ခြေထောက်တွေကို ငါ့ကို ပြလို့ရမလား။"
သူမ၏မျက်နှာပေါ်တွင် ရှက်သွေးဖြာမသလို နီရဲသွားလေသည်။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ စကတ်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချောမွေ့ကာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ခြေဖမိုးနှင့် ခြေသလုံးများကို ဖော်ပြလိုက်ရာ ညှို့ဓာတ်ပေါင်းများစွာ ထွက်ပေါ်လာလေတော့သည်။
"ရှင် သဘောကျရဲ့လား။"
ကျင်းလီ၏ အသံသည် တုန်ရင်နေပြီး သူမ၏မျက်လုံးများထဲတွင် ရှက်ပြုံးများဖြင့် ပြည့်နှက်နေ၏။
"၂၁ရာစု ကမ္ဘာမြေသားတွေက နတ်ဘုရားတွေကို ဘယ်တော့မှ မလိမ်ဘူး၊ ငါ တကယ် သဘောကျတယ်။"
"နောက်တစ်ခါကျရင်... ကျွန်မ အခုလိုပုံစံမျိုးနဲ့ပဲ ရှင်နဲ့ တွေ့ပါ့မယ်။"
"မင်း အဲဒီလိုပုံစံနဲ့ လာရင်တော့ ငါ အိပ်ရမှာ မဟုတ်တော့ဘူး။"
...........
လူသားဧကရာဇ်တံခွန်သည် တုန်ခါသွား၏။
ကျိယွမ်သည် စတင်ဆင်ခြင်သုံးသပ်လိုက်သည်။
"ဒီလောကမှာရှိတဲ့ သတ္တဝါအားလုံးမှာ မျက်နှာစာ နှစ်ခုစီ ရှိကြတယ်၊ ဒါမှမဟုတ် သူတို့က... ရှုပ်ထွေးကြတာ ဖြစ်နိုင်တယ်။"
"တစ်ခါတုန်းက သူက သာမန်ကျင့်ကြံသူတစ်ယောက်၊ သူ့လောကရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ခြေထောက်ကုတ်တတ်တဲ့ အကျင့်သေးသေးလေးကလွဲရင် သူ့ရဲ့ ကမ္ဘာငယ်လေးမှာ မျှော်လင့်ချက်အလင်းတန်းတစ်ခုလို ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့တယ်။"
"ဒါပေမဲ့ တစ်နေ့မှာ တစ္ဆေစိုးမိုးကောင်းကင်ဘုံက ကျင့်ကြံသူတွေ ရောက်လာပြီး သူ့ရဲ့ ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့ကြတယ်။"
"သူက ပါရမီရှင်တစ်ယောက်ကနေ ရက်စက်တဲ့ ဝိညာဉ်စေတမန်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ တရားမျှတတဲ့ ပြုပြင်ပြောင်းလဲမှုအပြီးမှာတော့ သူက အဘွားအိုတွေကို အိပ်ရာဝင်စောင်ခြုံပေးတတ်တဲ့ တစ္ဆေကောင်းတစ်ကောင် ဖြစ်လာခဲ့ပြီ။"
ကျိယွမ်သည် ယင်နတ်ဘုရားလမ်းစဉ်သို့ လျှောက်လှမ်းရန် ကြိုးပမ်းရင်း ကျိယွမ်ကျမ်း ဟုခေါ်သော မိမိကိုယ်ပိုင်ကျမ်းစာကို ပြုစုနေခြင်း ဖြစ်သည်။
မဟာမူလသဘောတရား ဆွေးနွေးပွဲအတွင်း သူသည် တန်ဖိုးရှိသော သိမြင်နားလည်မှုများကို ရရှိခဲ့သည်။
"ယင်နတ်ဘုရားလမ်းစဉ်က နတ်ဘုရားအဖြစ်တည်ရှိခြင်းမှာ ရှိတယ်။ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ဆိုရင် လောကမှာရှိတဲ့ အရာအားလုံးကို ထိုးထွင်းသိမြင်ရမယ်။ ဒါမှမဟုတ်... အတတ်ပညာတစ်ခုခုကို တတ်မြောက်ထားရမလား။ ကမ္ဘာတွေကို ဖန်တီးတာမျိုးပေါ့။"
"အဲဒီလိုဆိုရင် ငါ့ကို မရိုးသားတဲ့ စက်ရုံတစ်ခုခုက အလုပ်ဖြုတ်လိုက်ရင်တောင် အလုပ်အသစ်ရှာဖို့ အတတ်ပညာ ရှိနေဦးမှာပဲ။"
"ဒါပေမဲ့ အဲဒါမတိုင်ခင်မှာ ငါက လူသားတွေရဲ့ သဘာဝ၊ အရာခပ်သိမ်းရဲ့ သဘာဝကို နားလည်ဖို့ လိုအပ်ပြီး... သက်ရှိအားလုံးရဲ့ စိတ်နှလုံးကို နားလည်သဘောပေါက်ရမယ်။"
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ 'မတည်ငြိမ်သော လစာတစ်သိန်းရခြင်းထက် တည်ငြိမ်သော လစာသုံးထောင်ရခြင်းက ပိုကောင်း၏။ သို့သော် အတတ်ပညာတစ်ခု ရှိခြင်းက ပို၍ပင် ကောင်းမွန်သည်' တဲ့။
နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတတ်ပညာတစ်ခု ရှိရမည်။
ကမ္ဘာတစ်ခုကို ဖန်တီးရန် သက်ရှိအားလုံး၏ စိတ်နှလုံးကို နားလည်ရမည်။
ကျင်းလီကို ကြည့်ပါ၊ အခြားသူများအတွက် သူမသည် အေးစက်ပြီး ခပ်စိမ်းစိမ်း နိုင်လှသော်လည်း ကျိယွမ်အတွက်မူ သူမသည် မီးကဲ့သို့ ပူလောင်နွေးထွေးကာ သူ့ကို ဖက်တွယ်ပြီး ၎င်းတို့၏ခန္ဓာကိုယ်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် အာသီသပြင်းပြနေ၏။
သူမ၏ ထိုမျက်နှာစာသည် သက်ရှိအားလုံး၏ သဘာဝထဲမှ နောက်ထပ် ရှုထောင့်တစ်ခုမျှသာ ဖြစ်သည်။
"ဒါကြောင့် ကျိယွမ်ကျမ်းရဲ့ နောက်အခန်းမှာ ဖန်ထုန်နယ်မြေက ငါ့ရဲ့ သိမြင်မှုတွေကို အခြေခံပြီး 'သက်ရှိအားလုံးဟာ ငါပဲ' လို့ ရေးဆွဲရမယ်။"
ထိုသို့ တွေးလိုက်မိသည်နှင့် ကျိယွမ်၏ စိတ်အာရုံသည် ကြည်လင်ဝင်းပသွား၏။
သူသည် ယင်နတ်ဘုရား ဖြစ်လာမည့် လမ်းစကို မြင်တွေ့နေရသည့်အလား ခံစားလိုက်ရသည်။
ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်ဆုံးသွားလေ၏။
ကျိယွမ်သည် ကျိယွမ်ကျမ်း ပြုစုခြင်းကို ခေတ္တရပ်နားလိုက်သည်။
"တစ်ဝက်လောက်တော့ ပြီးသွားပြီ... အခု ဂိမ်းထဲကိုပဲ ဝင်ဖို့ လိုတော့တယ်။"
အစစ်အမှန်လောကတွင် ကျင့်ကြံခြင်းသည် ကျိယွမ်အတွက် အလွန်နှေးကွေးလှ၏။ သူသည် ဂိမ်းထဲရှိ အရှိန်မြှင့်လေ့ကျင့်ခြင်းကိုသာ ပို၍ သဘောကျသည်။
သူ၏ စိတ်အသိကို ကျောက်စိမ်းပြားထဲသို့ သွင်းလိုက်၏။
သူ၏မျက်နှာတွင် အံ့သြသော အမူအရာ အနည်းငယ် ပေါ်လာသည်။
"ရက်သတ္တပတ် နှစ်ပတ်ပဲ ရှိသေးတာကို ဒီလောက်တောင် ဒေါင်းလုဒ်ဆွဲပြီးသွားပြီလား။"
"ငါးပုံလေးပုံလောက် ပြီးသွားပြီပဲ။"
ကျိယွမ် စိတ်လှုပ်ရှားပြီး အလွန်ဝမ်းသာသွားသည်။
သူ၏စွမ်းအား တိုးတက်လာသည်နှင့်အမျှ ဂိမ်း၏ ဒေါင်းလုဒ်ဆွဲချိန်သည် နှေးကွေးလာခဲ့၏။
တစ်ခါတရံတွင် အနည်းငယ်မျှ ပိုတက်လာရန် လပေါင်းများစွာ ကြာတတ်သည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တိုးတက်မှုနှုန်းသည် ပုံမှန်ထက် ပိုမိုမြန်ဆန်လာခဲ့သည်။
"မဆိုးဘူး၊ မဆိုးဘူး။ အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီပဲ။ ဒီတစ်ခါ ဘယ်လိုဂိမ်းမျိုး ဖြစ်မလဲ၊ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ သိချင်မိသား။"
ကျိယွမ် စဉ်းစားနေမိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျိယွမ်ကျမ်းကို ရေးစပ်ခြင်းအပြင် ခရမ်းရောင်ကံကြမ္မာဘိုးဘေး ပေးခဲ့သည့် မဟူရာနတ်ဆိုးဘိုးဘေးသွေးကိုလည်း စုပ်ယူခဲ့ပြီး ဘိုးဘေးသွေးအတတ်ပညာကို ဆယ့်နှစ်ဆင့်မြောက်အထိ မြှင့်တင်နိုင်ခဲ့၏။
ယခုအခါ သူ၏အင်အားသည် ထပ်မံတိုးတက်လာခဲ့ပြန်ပြီ ဖြစ်သည်။
မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးမှလွဲ၍ သူ ထိပ်တိုက်မရင်ဆိုင်နိုင်သည့်သူ မရှိသလောက်ပင်။
သူသာ ပြင်းထန်သော တိုက်ခိုက်ရေးနတ်ဘုရားလက်နက်တစ်ခုကို ရရှိပါက ထိုက်ဟွမ်နန်းတော်၏ ရှေ့မှောက်တွင်ပင် လက်ကမ်းစာစောင်များကို ရဲရဲဝံဝံ ဝေငှဝံ့ပေလိမ့်မည်။
"အစ်ကို သွေးဝတ်စုံ၊ စစ်ပွဲက စတော့မယ်။ အမြန်လာခဲ့ပါဦး။"
ခရမ်းရောင်ကံကြမ္မာရှောင်လု၏ ချိုသာသောအသံ ထွက်ပေါ်လာ၏။
ကျိယွမ် ကြားလိုက်သော်လည်း တည်ငြိမ်စွာပင် နေလိုက်သည်။
မဟူရာနတ်ဆိုးချောက်သည် တစ္ဆေစိုးမိုးကောင်းကင်ဘုံကို တရားဝင် စစ်ကြေညာလိုက်လေပြီ။
ဤအင်အားကြီး အဖွဲ့အစည်းနှစ်ခုသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ စစ်ပွဲသည် ရှောင်လွှဲ၍မရတော့ချေ။
၎င်းသည် လင်းယာအသွင်ပြောင်းလဲခြင်း၏ အစပြုခြင်းဟုပင် ခေါ်နိုင်၏။
"စစ်ပွဲက စပြီလား။"
ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာရှောင်လု၏ ဘေးတွင် ပေါ်လာ၏။
သူမ၏ ပန်းရောင်နွားချိုများကို တစ်ဖက်တွင် ဖဲပြားဖြင့် စည်းထားပြီး အခြားတစ်ဖက်တွင် မှိုတစ်ပွင့် ဆွဲထားသဖြင့် ထူးဆန်းသော အသွင်အပြင် ဖြစ်နေလေသည်။
"ဟုတ်တယ်၊ စစ်ပွဲက စပြီ၊ ဒါပေမဲ့..."
ခရမ်းရောင်ကံကြမ္မာရှောင်လုက တုံ့ဆိုင်းနေ၏။
"ဒါက အလုံးစုံစစ်ပွဲတော့ မဟုတ်ဘူး။"
တစ္ဆေစိုးမိုးကောင်းကင်ဘုံက သွေးဝတ်စုံနှင့် ဓားနက် နှစ်ယောက်လုံးကို တိုက်ခိုက်ခဲ့စဉ်ကပင် နှစ်ဖက်စလုံးအကြား ပြန်လည်သင့်မြတ်ရေး မရှိနိုင်တော့ကြောင်း ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်ခဲ့သည်။
စစ်ပွဲမှာ မလွှဲမသွေ ဖြစ်ပွားရမည်သာ ။
"အလုံးစုံစစ်ပွဲ မဟုတ်ဘူးဟုတ်လား။"
"မဟုတ်ဘူး။ မဟူရာနတ်ဆိုးချောက်မှာ စုစုပေါင်း ကိုးဖွဲ့ရှိတာကို ငါးဖွဲ့ပဲ... စစ်ပွဲကို ထောက်ခံကြတယ်။"
ခရမ်းရောင်ကံကြမ္မာရှောင်လုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
--------
အခန်း ၄၅၅ - မဟူရာနတ်ဆိုးချောက်၏ အတွင်းရေး
ခရမ်းရောင်ကံကြမ္မာရှောင်လု၏ စကားကို ကြားသော်လည်း ကျိယွမ်က အံ့သြခြင်းမရှိပါ။
မဟူရာနတ်ဆိုးချောက်သည် မူလကတည်းက အဖွဲ့အစည်းပေါင်းစုံ စုဖွဲ့ထားသည့် အင်အားစုတစ်ခုဖြစ်ပြီး တစ်ဖွဲ့ချင်းစီက မိမိတို့သဘောဖြင့် တိုက်ခိုက်နေကြခြင်းသာ ဖြစ်၏။
တစ္ဆေစိုးမိုးကောင်းကင်ဘုံနှင့် စစ်ဖြစ်ရန် သဘောတူညီမှုမရှိကြပုံရ၏။
"ဓားနက်ရဲ့ သြဇာလွှမ်းမိုးမှုက... လိုအပ်နေသေးပုံပဲ။"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ သူက သူ၏ အနေအထားကို ကောင်းကောင်း သိရှိသည်။
မဟူရာနတ်ဆိုးချောက်ရှိ လူများ၏ နှလုံးသားထဲတွင် ဓားနက်သည်သာ စစ်မှန်သော ခေါင်းဆောင်ဖြစ်ပြီး "မိမိတို့ထဲမှ တစ်ယောက်" ဟု သတ်မှတ်ထားကြ၏။
သူ့ကိုမူ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံအတွင်းရှိ ဒေသခံ လူမိုက်တစ်ယောက်အဖြစ်သာ အလွန်ဆုံး သတ်မှတ်ထားကြလေသည်။
"ဒီလူတွေကတော့ လွန်လိုက်တာ။ ဒီလောက် အရေးကြီးတဲ့ကိစ္စမျိုးမှာတောင် မစည်းလုံးနိုင်ကြဘူး။ လင်းယာအသွင်ပြောင်းလဲခြင်း စတဲ့အခါ ဘာတွေဖြစ်လာမလဲ ဘယ်သူသိနိုင်မလဲ။"
ခရမ်းရောင်ကံကြမ္မာရှောင်လု၏ အသံထဲတွင် စိုးရိမ်စိတ်များ ရောယှက်နေ၏။
သူမသည် အထက်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှသည်။
ကျိယွမ်ကမူ ထိုအရာကို သိပ်ဂရုမစိုက်ချေ။
သူသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံနှင့်သာ ရင်းနှီးပြီး မဟူရာနတ်ဆိုးချောက်၏ အခြားအစိတ်အပိုင်းများနှင့်မူ မည်သည့် ပတ်သက်မှုမျှ မရှိချေ။
"စစ်ပွဲက စပြီဆိုတော့ ငါတို့ရော ပါဝင်ရမှာလား။"
ကျိယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။
ဘာပဲဖြစ်ဖြစ် သူသည် တိုက်ခိုက်ရေး နတ်ဘုရားလက်နက်တစ်ခု ရရှိရန်အတွက် တစ္ဆေစိုးမိုးကောင်းကင်ဘုံကို အားကိုးနေရသည် မဟုတ်ပါလား။သူ့အတွက်ကတော့ စစ်တိုက်လေ အခွင့်အရေးရှိလေပင်။
ခရမ်းရောင်ကံကြမ္မာရှောင်လုက ခေါင်းငြိမ့်ပြကာ တိုးတိုးလေး ပြောလိုက်၏။
"ဒါပေမဲ့ အစ်ကို သွေးဝတ်စုံ... အစ်ကို သတိထားဖို့တော့ လိုမယ်နော်"
"အစ်ကိုက တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ မူလသဘောတရားအရှင်ကို သေအောင်လုပ်ခဲ့တဲ့သူဆိုတော့ သူတို့က အစ်ကို့ကိုပဲ အဓိက ပစ်မှတ်ထားကြလိမ့်မယ်။"
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ကျိယွမ် အရင်က ထိုအခြေအနေမှ မည်သို့လွတ်မြောက်လာခဲ့သလဲဟူသည်ကိုတော့ မမေးမြန်းခဲ့ပါ။
ထိုသို့သော ကိစ္စရပ်များသည် လျှို့ဝှက်ချက်များသာ ဖြစ်သင့်သည်ဟု သူမ နားလည်ထားသောကြောင့် ဖြစ်၏။
"သူတို့က ငါ့ကို ပစ်မှတ်ထားမှာလား။"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
ငါက ပစ်မှတ်မထားမှာ ကြောက်နေတာ ။တံခွန်တွေအများကြီးနဲ့ လာဝိုင်းလေ ကောင်းလေပဲ။
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ခဏမျှ ကြောင်အသွားပြီးမှ ပြန်ဖြေလိုက်၏။
"ဒီတစ်ခါတော့ အစ်ကို သွေးဝတ်စုံအနေနဲ့ အဓိကတပ်မတွေနဲ့ပဲ နီးနီးကပ်ကပ် နေသင့်တယ်။ မဟုတ်ရင် ယန်နတ်ဘုရားတစ်ပါးက အစ်ကို့ကို တိုက်ခိုက်လာနိုင်တယ်"
စစ်ပွဲကို တရားဝင် မကြေညာမီက နှစ်ဖက်စလုံးသည် အပေါ်ယံဟန်ဆောင်မှုများကို ထိန်းသိမ်းထားနိုင်ခဲ့ကြသေး၏။ယခုတော့ ထိုသို့မဖြစ်နိုင်တော့ပါ။
"ယန်နတ်ဘုရားတစ်ပါးလား။"
ကျိယွမ်က မျက်တောင်ခတ်ရင်း ပြောလိုက်၏။
"အဲဒါက အကောင်းဆုံးပဲ။"
ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရလေသည်။
ယင်နတ်ဘုရားအဆင့်သာရှိသေးသော ပါရမီရှင်တစ်ယောက်အတွက် ယန်နတ်ဘုရားနှင့် ကွာခြားချက်မှာ မြေပြင်နှင့် ကောင်းကင်ကဲ့သို့ပင်။
သို့သော်လည်း အစ်ကို သွေးဝတ်စုံမှာမူ ထိုအတွက် စိတ်လှုပ်ရှားနေပုံရသည်ကို သူမ နားမလည်နိုင်ချေ။
"အစ်ကို... အစ်ကို သတိထားပါဦး။ အဲဒါ ယန်နတ်ဘုရားတစ်ပါးနော်"
"ဘာ ယန်နတ်ဘုရားလဲ။ အဲဒါက ငါ့ရဲ့ 'မျှော်လင့်ခြင်းလမင်းကြီး' ပဲ။"
ကျိယွမ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်၏။
ယခင်ကဆိုလျှင် သူသည် တုံ့ဆိုင်းနေပေလိမ့်မည်။
သို့သော် ယခုအခါတွင် သူသည် မူလသဘောတရားကို နားလည်သဘောပေါက်ထားပြီဖြစ်ရာ ယန်နတ်ဘုရားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး သူ၏ မူလသဘောတရားအပေါ် သိမြင်မှုများကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန် လိုအပ်နေလေသည်။
"ဟင်။"
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် မျှော်လင့်ခြင်းလမင်းကြီး ဆိုသည်မှာ ဘာကိုဆိုလိုမှန်း နားမလည်ချေ။
သို့သော် ကျိယွမ်သည် ရုတ်တရက် တစ်ခုခုကို စဉ်းစားဟန်ဖြင့် ငြိမ်ကျသွား၏။
"မင်းပြောတာ မှန်ပါတယ်။ ငါ အနိမ့်ဆုံးအနေအထားနဲ့ပဲ နေသင့်တယ်။"
ဘာပဲဖြစ်ဖြစ် သူ၏ခန့်ညားလွန်းသောအရှိန်အဝါကြောင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ မဟာမူလသဘောတရားအဆင့် ကျွမ်းကျင်သူများနှင့် တံခွန်သခင်များက သူ့နောက်သို့ လိုက်လာကြပါက သူ အမှန်တကယ် ပြဿနာတက်နိုင်သည်မဟုတ်ပါလား။
ထိုစကားကို ကြားသောအခါမှ ခရမ်းရောင်ကံကြမ္မာရှောင်လုသည် သက်ပြင်းချနိုင်လေတော့သည်။
.........
မဟူရာနတ်ဆိုးချောက်အတွင်းရှိ နေရာတစ်ခုတွင် ထိတ်လန့်ဖွယ် ကောင်းသော ပုံရိပ်နှစ်ခုသည် ပုန်းအောင်းနေကြပြီး ၎င်းတို့၏ ဝိညာဉ်များဖြင့် ဆက်သွယ်နေကြ၏။
"မင်း သေချာရဲ့လား။"
ယောက်ျားသံလည်းမဟုတ် မိန်းမသံလည်းမဟုတ်သော အသံတစ်ခုက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"အခု ထိုက်ဟွမ်နန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်နေတာဆိုတော့ သံသယဖြစ်စရာ မလိုတော့ဘူး။"
ရှေးကျသော အသံတစ်ခုက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
"ဒါပေမဲ့... ဓားနက်က မူလသဘောတရားကို နားလည်ထားတာ။ သူက ငါတို့ကို ဦးဆောင်နိုင်—"
"ဓားနက်ရဲ့ မူလသဘောတရားက သူတစ်ယောက်တည်းအတွက်ပဲ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ။
"လင်းယာအသွင်ပြောင်းလဲခြင်း စတဲ့အခါ သူက ငါတို့ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအား ရှိမှာလား။ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းက ကမ္ဘာဦးကတည်းကအခုချိန်ထိ သမိုင်းတစ်လျှောက်လုံး အကြမ်းတမ်းဆုံး ဖြစ်လာလိမ့်မယ်"
ရှေးကျသောအသံက သတိပေးလိုက်လေသည်။
"ဒါဆို မင်းက ဓားနက်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။"
"သူက မူလသဘောတရားကို နားလည်ထားတယ်ဆိုတော့ ငါတို့က အလစ်အငိုက် တိုက်ခိုက်ရင်တောင် သူ့ကို သတ်ဖို့ ခက်လိမ့်မယ်"
"ဒါပေမဲ့... ငါတို့က ခရမ်းရောင်ကံကြမ္မာနောက်ကိုပဲ လိုက်လို့ရတယ်။
အဲဒီအဖိုးကြီးက သူ့ကို ဘယ်တုန်းကမှ မကြည်ခဲ့ဘူး၊ အခု သွေးဝတ်စုံကြောင့် ဖြစ်လာတဲ့ ကိစ္စတွေနဲ့ဆိုရင် သူတို့ကြားက တင်းမာမှုက နက်ရှိုင်းနေပြီ။"
"ငါတို့က သွေးဝတ်စုံကို အစာအဖြစ်သုံးပြီး သူ့ကို ငါတို့ရဲ့ ထောင်ချောက်ထဲ ဆွဲသွင်းမယ်။"
ရှေးကျသောအသံသည် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။
"ဒါပေမဲ့ သူက မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူလေ။ ငါတို့ အတူတူ တိုက်ခိုက်ရင်တောင် သူ့ကို ထိန်းထားဖို့ ခက်လိမ့်မယ်။"
"ဒါကို ကြည့်လိုက်စမ်း။"
ရှေးကျသောအသံက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
"မူလ... မိစ္ဆာသွေးလား။ ဒါကို မင်း ဘယ်က ရခဲ့တာလဲ။"
ယောက်ျားမိန်းမသံ ရောနှက်နေသော အသံမှာ တုန်ရင်သွားရသည်။
ဒါက ဒဏ္ဍာရီလာ မူလမိစ္ဆာသွေးပင် ဖြစ်၏။
၎င်းသည် အလွန်ရှားပါးပြီး မူလသဘောတရားအဆင့် ကျင့်ကြံသူများ၏ ပျက်စီးခြင်းဟု လူသိများလေသည်။
မူလမိစ္ဆာသွေးကို အသုံးပြုလိုက်ပါက မူလသဘောတရားအဆင့်ရှိ ယန်နတ်ဘုရားများ၏ စိတ်နှလုံးအတွင်း မူလမိစ္ဆာဘေးဒုက္ခကို ဖြစ်ပေါ်စေနိုင်သည်။
ကျင့်ကြံသူဟောင်းများစွာအတွက် မူလမိစ္ဆာဘေးဒုက္ခ ကျရောက်ခြင်းသည် သေခြင်းတရားပင် ဖြစ်၏။
သို့သော် မူလမိစ္ဆာသွေးသည် အလွန်အမင်း ရှားပါးလှပြီး ဆဌမကောင်းကင်ဘုံ တစ်ခုလုံးတွင် အနည်းငယ်မျှသာ ရှိလေသည်။
"ထိုက်ဟွမ်နန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်နေတာပဲ။ သဘာဝကျကျ ဒီမူလမိစ္ဆာသွေးက..."
ရှေးကျသောအသံက ထိုက်ဟွမ်နန်းတော်နှင့် တစ်ခုတည်းသောနန်းတော်တို့နှင့် ပတ်သက်နေကြောင်း သွယ်ဝိုက်ပြောဆိုလိုက်လေသည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ။"
ယောက်ျားမိန်းမသံက အံကြိတ်ပြီး ပြောလိုက်၏။
ဤအချိန်မျိုးတွင် တုံ့ဆိုင်းနေရန် အချိန်မရှိတော့ချေ။
ဇာတ်လမ်းက စတင်နေပြီဖြစ်ရာ သူတို့ဘက်ရွေးရမည်သာ ဖြစ်၏။ ကြားနေသူများသည်သာ အမြဲတမ်း အရင်ဆုံး ပျက်စီးတတ်ကြသည်မဟုတ်ပါလား။
မဟူရာနတ်ဆိုးချောက်ပေါ်တွင် မှောင်မိုက်သောတိမ်တိုက်များ ဖုံးလွှမ်းနေပြီး အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ကျဆုံးသွားသည်နှင့်အမျှ အချို့သောသူများသည် "ကိုယ်မသေဖို့က အဓိက" ဟူသော လမ်းစဉ်ကို ရွေးချယ်ကြမည်မှာ မလွှဲမသွေပင်။
သို့သော် သတိထားရမည်မှာ မူလမိစ္ဆာသွေးသည် ၎င်းကို ကိုင်ဆောင်ထားသူကိုလည်း ထိခိုက်စေနိုင်လေသည်။
.........
အခြားတစ်ဖက်ရှိ မိစ္ဆာတောင်ကြားလမ်းတွင် ကျိယွမ် ပေါ်လာ၏။
တစ္ဆေစိုးမိုးကောင်းကင်ဘုံနှင့် မဟူရာနတ်ဆိုးချောက်တို့သည် တရားဝင် စစ်ကြေညာထားပြီးဖြစ်ရာ မဟူရာနတ်ဆိုးချောက်၏ အဖွဲ့ငါးဖွဲ့က စစ်ထွက်ရန် တုံ့ပြန်ခဲ့ကြသည်။
မဟူရာနတ်ဆိုးကောင်းကင်ဘုံ၊ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၊ အေးခဲနက်နဲကောင်းကင်ဘုံ၊ ယင်ဝိညာဉ်ကောင်းကင်ဘုံနှင့် တောက်လောင်နေမင်းကောင်းကင်ဘုံ တို့ ဖြစ်၏။
ထိုအဖွဲ့ငါးဖွဲ့သည် မိစ္ဆာတောင်ကြားလမ်းတွင် စုရုံးနေကြသည်။
မိစ္ဆာတောင်ကြားလမ်းသည် မြင့်မားထည်ဝါလှပြီး ၎င်း၏ အမြင့်ကို မည်သူမျှ မသိရှိကြချေ။ ၎င်း၏ မျက်နှာပြင်တွင် ယခင်က ဖြစ်ပွားခဲ့သော မရေမတွက်နိုင်သည့် တိုက်ပွဲများမှ ကျန်ရစ်သော အမာရွတ်များ ပြည့်နှက်နေ၏။
မိစ္ဆာတောင်ကြားလမ်း၏ အပြင်ဘက်တွင် သေးငယ်သော ကြယ်ပေါင်းများစွာသည် အလှဆင်ထားသည့်အလား လှည့်ပတ်နေကြသည်။
ဤနေရာသည် ဒဏ္ဍာရီလာ တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည့် နေရာပင် ။
ပြီးခဲ့သည့် လင်းယာအသွင်ပြောင်းလဲခြင်း ကာလအတွင်းက မဟူရာနတ်ဆိုးချောက်သည် မိစ္ဆာတောင်ကြားလမ်းကို အသုံးပြု၍ ခုခံစစ်ဆင်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး ပျက်စီးမတတ် ရန်သူများကို တိုက်ခိုက်ခဲ့ကြသည်။
ထိုသေးငယ်သော ကြယ်များသည် ယန်နတ်ဘုရားများ၏ စွမ်းအားဖြင့် ကြယ်တာရာပုံစံတူ ဖန်တီးထားသည့် ပျက်စီးသွားသော ကမ္ဘာငယ်လေးများ၏ အကြွင်းအကျန်များသာ ဖြစ်၏။
ဤအချိန်တွင် အဖွဲ့ငါးဖွဲ့မှ လူငယ်ပါရမီရှင်များသည် မိစ္ဆာတောင်ကြားလမ်း၏ ထိပ်တွင် ရပ်နေကြပြီး ကြယ်များကို အံ့သြတကြီး ငေးကြည့်နေကြလေသည်။
"ဆဌမကောင်းကင်ဘုံရဲ့ အပြင်ဘက်မှာ ပြားချပ်မနေဘဲ ကြယ်တွေလိုမျိုး အလုံးပုံစံရှိတဲ့ ကမ္ဘာတွေ အများကြီးရှိတယ်လို့ ပြောကြတယ်။"
"ယန်နတ်ဘုရားတွေရဲ့ ကြယ်ပုံရိပ်ယောင်က အဲဒီအရာတွေကို ပုံစံတူယူထားတာ။"
နှင်းခဲဓားက ကြယ်များကို ကြည့်ရင်း ရှင်းပြလိုက်၏။
"ဒီကြယ်ပုံရိပ်ယောင်တွေက... ဥတွေနဲ့ တူလိုက်တာ။"
ပါရမီရှင်တစ်ယောက်က ဇဝေဇဝါဖြင့် ပြောလိုက်၏။
"လူတွေက ဒီလောက်ကြီးတဲ့ ဥတွေပေါ်မှာ ဘယ်လိုရပ်နေကြတာလဲ။ ပြုတ်မကျဘူးလား။"
ဤပါရမီရှင်သည် ကျင့်ကြံရေးဂူထဲတွင် အချိန်အတော်ကြာ အောင်းနေခဲ့ပုံရပြီး ခေတ်သစ်ကျင့်ကြံရေး ဗဟုသုတများနှင့် ကင်းကွာနေသည်မှာ ထင်ရှားလှသည်။
"ဆွဲငင်အားဆိုတာရှိတယ်... အားနည်းတဲ့အရာတွေကို ဆွဲငင်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။အားနည်းတဲ့သူတွေက အဲဒီအပေါ်မှာ တွယ်ကပ်နေနိုင်ပြီး ပြုတ်မကျတော့ဘူး။"
နှင်းခဲဓားက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်၏။
ထိုစကားကြောင့် ကျိယွမ်သည် ကြီးမားသော စွမ်းအားများဆီသို့ ဆွဲငင်ခံရတတ်သည်ဟူသော ဘေးဒုက္ခများအကြောင်းကို စဉ်းစားမိသွားလေသည်။
ကြယ်များ၏ ကြီးမားမှုက အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်မှာ သဘာဝပင်... ဒါပေမဲ့ အဲဒါက ဘယ်အရာဆီကလဲ။
သူ ဆက်မတွေးမိခင်မှာပင် နွားချိုမမ၏ အသံက ထွက်ပေါ်လာ၏။
"အစ်ကို နှင်းခဲဓားက ဥဥတဲ့အကြောင်း တော်တော်လေး ဗဟုသုတ ရှိတာပဲ။ အစ်ကိုနဲ့သဘာဝတူတဲ့အရာတွေအကြောင်းကို တော်တော်လေးသိတာပဲနော်။"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သူမ၏ ပါးစပ်မှ မှိုများကို ဆက်တိုက် ထွေးထုတ်ရင်း ပြောလိုက်၏။
နှင်းခဲဓား၏ နဖူးပေါ်တွင် ဒေါသကြောင့် အကြောများ ထောင်ထွက်လာလေသည်။
သူသည် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် ခပ်ဝေးဝေးတွင် နေသင့်သည်ဟု ဆုံးဖြတ်လိုက်၏။
သူ ဘာမှ မပြောခဲ့သင့်ချေ။
ထင်ထားသည့်အတိုင်းပင် အနားရှိ ပါရမီရှင်များစွာသည် မူလသဘောတရား ဆွေးနွေးပွဲမှ ဖြစ်ရပ်များကို ပြန်လည်အမှတ်ရသွားကြပြီး အချို့က နှင်းခဲဓားကို သနားကရုဏာဖြင့် ကြည့်လိုက်ကြသည်။
ကျိယွမ်ကလည်း နှင်းခဲဓားကို လေးစားစွာ ကြည့်လိုက်၏။
"အစ်ကို နှင်းခဲဓား... အစ်ကို ယန်နတ်ဘုရားဖြစ်လို့ ကြယ်လောက်ရှိတဲ့ ဥတွေ ဥတဲ့အခါကျရင် ငါ့ကို နည်းနည်းလောက် ပေးပါဦးနော်။ တကယ် ကြည့်ချင်လို့ပါ။"
သူသည် စစ်မှန်ကြယ်များကို မြင်ဖူးသော်လည်း ကြယ်လောက်ရှိသည့် ဥ ဆိုသည်မှာမူ သူ့အတွက်ပင် အဆန်းတကြယ် ဖြစ်နေလေသည်။
နှင်းခဲဓား၏ နဖူးပေါ်မှ အကြောများသည် ပို၍ ထင်ရှားလာပြီး သူသည် လူအုပ်၏ နောက်ဘက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားတော့သည်။
ဒီနေ့တော့ ငါ့ ဗဟုသုတတွေကို ကြွားခဲ့မိတာ တကယ်မှားသွားပြီ။
သူ မိုးကြိုး အပစ်မခံရသော်လည်းအခြေအနေက ထိုထက်ပင် ဆိုးရွားနေသေး၏။
"မင်းတို့အားလုံး..."
ထိုစဉ် ယန်နတ်ဘုရားတစ်ပါး ပေါ်လာပြီး သူ၏ အသံထဲတွင် စိတ်ပျက်အားလျော့မှုများ ပါဝင်နေလေသည်။
"ကောင်းကင်ဘုံအရှင်ကို ဂါရဝပြုပါတယ်"
ပါရမီရှင်အားလုံးက ရိုသေစွာ အလေးပြုလိုက်ကြ၏။
ယန်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ အခြေခံ ယဉ်ကျေးပျူငှာမှုက လိုအပ်သည်မဟုတ်ပါလား။
"စစ်ပွဲက စတော့မယ်။ အစ်ကို ဓားနက်က အချို့အချက်တွေကို ရှင်းပြဖို့ ငါ့ကို စေလွှတ်လိုက်တာ။"
"တစ္ဆေစိုးမိုးကောင်းကင်ဘုံနဲ့ တိုက်ပွဲက ကလေးကစားစရာ မဟုတ်ဘူး။ မင်းတို့အားလုံး သတိထားကြရမယ်။"
"ဒါတွေက မင်းတို့ရဲ့ ကောင်းမှုတံဆိပ်တွေပဲ။ မင်းတို့ သတ်လိုက်တဲ့ မဟာအုပ်စိုးရှင် (ယင်နတ်ဘုရား အဆင့် ၄ မှ ၆) တစ်ယောက်ချင်းစီအတွက် တစ်မှတ် ရမယ်"
"အမှတ် ၂၀၀ စုမိရင်... ယန်နတ်ဘုရားရဲ့ လက်ဆောင်တစ်ခုနဲ့ လဲလှယ်နိုင်မယ်။"
ထိုစကားကို ကြားသောအခါ ပါရမီရှင်များ၏ အသက်ရှုသံများ မြန်ဆန်လာ၏။
ဤနေရာရှိသူအားလုံးသည် ယန်နတ်ဘုရား ဖြစ်လာရန် လမ်းစပေါ်တွင် ရှိနေကြသော်လည်း လူတိုင်းကမူ မဖြစ်လာနိုင်ကြချေ။
သူတို့၏ ကျင့်ကြံမှုက လိုအပ်သည့်အဆင့်သို့ ရောက်ရှိသွားလျှင်တောင် လိုအပ်သော အရင်းအမြစ်များ သို့မဟုတ် ကြယ်ပုံရိပ်ယောင်များ စုဆောင်းမှု မရှိပါက တက်လှမ်းရန် ခက်ခဲပေလိမ့်မည်။
သို့သော် ယန်နတ်ဘုရား၏ လက်ဆောင်တစ်ခု ရှိလျှင်မူကား အရာအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။
ယန်နတ်ဘုရား၏ လက်ဆောင်များစွာတွင် ကွယ်လွန်သွားသော ယန်နတ်ဘုရားများထံမှ ကြယ်ပုံရိပ်ယောင်များ ပါဝင်တတ်လေသည်။
ထိုအခါ ကျင့်ကြံမှု လုံလောက်နေသရွေ့ ယန်နတ်ဘုရားအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်မည် ဖြစ်၏။
၎င်းသည် နှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာကိုပင် ချွေတာပေးနိုင်လေသည်။
ဥပမာအားဖြင့် သာမန်မိသားစုမှ လာသော ခရမ်းရောင်ကံကြမ္မာရှောင်လုကဲ့သို့ သူတစ်ယောက်သည် သူမ၏ ကြယ်ပုံရိပ်ယောင်ကို မြှင့်တင်ရန်နှင့် ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်အတွက် နှစ်ပေါင်း သိန်းနှင့်ချီသော အရင်းအမြစ်များ သို့မဟုတ် ကြီးမားသော အခြေခံအုတ်မြစ်များကို စုဆောင်းရပေလိမ့်မည်။
သူမသည် ရွှေဇွန်းကိုက်ပြီး မွေးလာသည့် နွားချိုမမကဲ့သို့ အားသာချက်များ မရှိချေ။
ပါရမီရှင်များစွာမှာ စိတ်လှုပ်ရှားသွားကြ၏။
စစ်ပွဲမှာ အန္တရာယ်ရှိသော်လည်း ကြီးမားသော ဆုလာဘ်များကိုလည်း ပေးအပ်နိုင်သည်မဟုတ်ပါလား။
"ယန်နတ်ဘုရားတစ်ပါးကို သတ်ရင် ရော ကောင်းမှု ဘယ်လောက်ရမလဲ။"
ကျိယွမ်က ထ မေးလိုက်၏။
ယန်နတ်ဘုရားမှာ ထိုမေးခွန်းကြောင့် ခေတ္တမျှ ကြောင်အသွားရသည်။
အခြားသော ပါရမီရှင်များမှာမူ အံ့သြခြင်း မရှိကြချေ။
သူသည် ကျိယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
"ယန်နတ်ဘုရားအငယ်စား တစ်ပါးအတွက် မဟာကောင်းမှု တစ်မှတ် ရမယ်။"
"မဟာကောင်းမှုတွေကို မဟူရာနတ်ဆိုးဘိုးဘေးသွေးနဲ့ လဲလို့ရလား။"
ကျိယွမ်က စိတ်အားထက်သန်စွာ မေးလိုက်ပြန်သည်။
အကယ်၍ အခြားသူတစ်ယောက်ကသာ မေးခဲ့လျှင် ထိုယန်နတ်ဘုရားသည် ဂရုစိုက်မည်မဟုတ်ချေ။
သို့သော် ဤသူမှာ သွေးဝတ်စုံ ဖြစ်နေသဖြင့် သူက တည်ကြည်စွာ ပြန်ဖြေလိုက်၏။
"မရဘူး။"
မဟူရာနတ်ဆိုးဘိုးဘေးသွေးသည် ဘိုးဘေးများအတွက်သာ သီးသန့်ထားရှိသည့်အရာ ဖြစ်၏။
သူကိုယ်တိုင်ပင်လျှင် တစ်ခါမျှ မရရှိခဲ့ဖူးချေ။
သွေးဝတ်စုံသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံသို့ ရောက်ရောက်ချင်း ဘိုးဘေးထံမှ မဟူရာနတ်ဆိုးဘိုးဘေးသွေးကို လက်ဆောင်အဖြစ် မည်သို့ရရှိခဲ့သည်ကို ပြန်လည်အမှတ်ရမိသောအခါ ထိုယန်နတ်ဘုရားမှာ မနာလိုစိတ်ပင် ဖြစ်ပေါ်လာရလေသည်။
"ဘိုးဘေးသွေး မရဘူးလား... တော်တော်လေး ကပ်စေးနှဲတာပဲ။ အနည်းဆုံးတော့ တိုက်ခိုက်ရေး နတ်ဘုရားလက်နက်တွေတော့ ရှိမှာပါနော်။"
ကျိယွမ်က တစ်မျိုးမရတော့ တစ်မျိုးပြောင်းလိုက်၏။
ယခုအချိန်တွင် သူအလိုချင်ဆုံးမှာ မဟူရာနတ်ဆိုးဘိုးဘေးသွေးနှင့် တိုက်ခိုက်ရေး နတ်ဘုရားလက်နက်များသာ ဖြစ်လေသည်။
"အဲဒါလည်း မရှိဘူး..."
ယန်နတ်ဘုရားသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်၏။
သူ၏ စိတ်ထဲတွင်မူ ဘာပြောရမှန်းမသိအောင် ဖြစ်နေရသည်။
သူ သိရသလောက်ဆိုလျှင် မဟူရာနတ်ဆိုးချောက် တစ်ခုလုံးတွင် တိုက်ခိုက်ရေးနတ်ဘုရားရတနာလက်နက် တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိလေသည်။
ထိုသို့သော ရတနာများကို မည်သူ့ကိုမျှ အလွယ်တကူ ပေးအပ်လေ့မရှိချေ။
"ဒါဆို... အသုံးဝင်တာ ဘာများ ရှိသေးလဲ။"
ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
မဟူရာနတ်ဆိုးချောက်သည် တကယ်ပင် တော်တော်လေး ဆင်းရဲလှပေသည်။
"မဟာကောင်းမှု တစ်မှတ်ကို ယန်နတ်ဘုရားရဲ့ လက်ဆောင် နှစ်ခုနဲ့ လဲလို့ရတယ်။ နောက်ပြီး တခြား ရတနာတွေနဲ့ ဆေးလုံးတွေ အများကြီး ရှိပါသေးတယ်..."
ယန်နတ်ဘုရားသည် ရှားပါးသော ဆေးလုံးများနှင့် ရတနာများကို ဆက်တိုက် စာရင်းဖတ်ပြလိုက်၏။
သူ ပြောလိုက်သော အရာတိုင်းက ပါရမီရှင်များ၏ မျက်လုံးများကို တောက်ပသွားစေလေသည်။
ထိုဆေးလုံးများနှင့် ရတနာများသည် ယန်နတ်ဘုရားများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက မြေကမ္ဘာဧကရာဇ်အဆီအနှစ်ဆေးလုံး ကဲ့သို့သော နတ်ဘုရားပုံရိပ်ပွားများ ဖန်တီးမှုကိုလည်း မြန်ဆန်စေနိုင်၏။
အချို့မှာ ကြယ်ပုံရိပ်ယောင်များ၏ အရွယ်အစားကိုပါ တိုးမြှင့်ပေးနိုင်သဖြင့် ယန်နတ်ဘုရားများကိုပင် ဆွဲဆောင်နိုင်လေသည်။
ယန်နတ်ဘုရားက ထိုရှားပါးဆေးလုံးများအကြောင်းကို ပြောပြနေသော်လည်း ကျိယွမ်၏ စိတ်နှလုံးမှာမူ မည်သို့မျှ မလှုပ်ခတ်ချေ။
မည်သည့် ဆုလာဘ်ကမျှ သူ့ကို စိတ်မဝင်စားစေနိုင်ခဲ့ပါ။
"ဟူး... တစ်ယောက်ယောက်က ဒါတွေကို တင်တောင်းပြီး ငါ့ကို လက်ထပ်မယ်ဆိုရင်တောင် ငါ ငြင်းလိုက်ဦးမှာပဲ။ ဒီပွဲကတော့ ငါက ပရဟိတလာလုပ်တာပဲ ဖြစ်တော့မယ်။"
ကျိယွမ် စိတ်ဓာတ်ကျစွာ ညည်းတွားလိုက်၏။
ခရမ်းရောင်ကံကြမ္မာတာ့ရွှေက တဟားဟား ရယ်မောလိုက်၏။
"နင် မဟာကောင်းမှုတချို့ ရလာရင် ငါ့ပါးစပ်ထဲက မှိုတွေနဲ့ လဲမလား။ မဟာကောင်းမှု တစ်မှတ်ကို တစ်ကျင်းပေးမယ်။ ဘယ်လိုလဲ။"
"မင်းက ရုပ်ကလေးလှသလောက် အတွေးကလေးကလည်း လှသားပဲ။"
ကျိယွမ်က ပြန်ပြီး စနောက်လိုက်လေသည်။
"ငါခှမှန်း အခုမှ သိသလား "
သူတို့စနောက်နေစဥ်မှာပင် ယန်နတ်ဘုရားက ဆက်ရှင်းပြ၏။
"မိစ္ဆာတောင်ကြားလမ်းရဲ့ အပြင်ဘက်မှာ ကမ္ဘာဟောင်းတွေရဲ့ အကြွင်းအကျန်တွေ ရှိနေပြီး အခုတော့ ကြယ်ပုံရိပ်ယောင်တွေ ဖြစ်နေပြီ။ ဒါတွေက စစ်မြေပြင်ရဲ့ ထောင့်တစ်နေရာ ဖြစ်လာလိမ့်မယ်။"
"ရှေ့တန်းကို သွားတဲ့အခါ သတိထားကြပါ။ အဖွဲ့လိုက် သွားတာက အကောင်းဆုံးပဲ။"
ယန်နတ်ဘုရားက ကျိယွမ်ကို တစ်ချက်ကြည့်ရင်း သတိပေးလိုက်၏။
"အစ်ကို ဓားနက်က မင်းကို ပြောခိုင်းလိုက်တယ် ၊ ဒီစစ်ပွဲမှာ သတိထားပါတဲ့။ ကောင်းမှုတွေက အရေးမကြီးဘူး။ အရေးကြီးတာက... အသက်ရှင်နေဖို့ပဲ။"
အခြားသော ပါရမီရှင်များမှာ မနာလိုစွာဖြင့် ကြည့်လိုက်ကြ၏။
အန်ရွှန်းလုသည်လည်း အနည်းငယ် မနာလိုဖြစ်သွားရလေသည်။
အစ်ကိုကြီး ဓားနက်သည် သူမကို ဘေးကင်းအောင် နေရန် မမှာကြားခဲ့သော်လည်း သွေးဝတ်စုံကိုမူ သတိထားရန် အထူးမှာကြားခဲ့သဖြင့် သူမ အနည်းငယ် ဝမ်းနည်းသွားရ၏။
"စိတ်မပူပါနဲ့။ ငါက အမြဲတမ်း သတိထားတတ်ပါတယ်။ မလိုအပ်တဲ့ အန္တရာယ်တွေကို ဘယ်တော့မှ မလုပ်ပါဘူး။"
ကျိယွမ်က ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်၏။
ယန်နတ်ဘုရားသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။' ဒီသွေးဝတ်စုံဆိုတဲ့ လူငယ်က သတိတော်တော်ထားတတ်သားပဲ'ဟု သူ ထင်မြင်လိုက်၏။
ယခင်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကြောင့် ယခုအခါ ယန်နတ်ဘုရား အများအပြားက သူ့ကို စောင့်ကြည့်ပေးနေကြရပြီ ဖြစ်သည်။
အကယ်၍ သွေးဝတ်စုံသာ သတ်ဖြတ်ခံလိုက်ရပါက ၎င်းသည် မဟူရာနတ်ဆိုးချောက်၏ စိတ်ဓာတ်ကို ကြီးမားစွာ ထိခိုက်စေပေလိမ့်မည်။
မဟူရာနတ်ဆိုးချောက်ရှိ အချို့သော အထက်လူကြီးများမှာမူ သွေးဝတ်စုံကို အသုံးချ၍ တစ္ဆေစိုးမိုးကောင်းကင်ဘုံကို ထောင်ချောက်ဆင်ရန်ပင် စဉ်းစားနေကြလေ၏။
သို့သော် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကမူ ထိုအကြံဉာဏ်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။
"ငါက ယန်နတ်ဘုရားတွေကို လိုက်ရှာတော့မှာ။ တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ ယန်နတ်ဘုရားတွေအကြောင်း အကောင်းဆုံး သတင်းအချက်အလက် ရှိတဲ့သူ ဘယ်သူရှိလဲ။ ငါနဲ့ အဖွဲ့ဖွဲ့ချင်တဲ့သူများ ရှိလား။"
ကျိယွမ်က အသံကျယ်ကြီးဖြင့် မေးလိုက်၏။
ကျိယွမ်ကို သတိထားတတ်သူဟု အခုလေးတင် ချီးကျူးခဲ့သော ယန်နတ်ဘုရားမှာ သူ့ကို မယုံနိုင်သလို ကြည့်လိုက်လေသည်။
အခြားသော ပါရမီရှင်များမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျိယွမ်ကို မယုံကြည်ကြသလို သူနှင့် အဖွဲ့ဖွဲ့ရန်လည်း စိတ်ကူးမရှိကြပါ။
ငါတို့မှာ အသက်တစ်ချောင်းပဲပါတယ် ။
ထိုအခြေအနေကို မြင်သောအခါ ကျိယွမ်က မပြောဘဲ မနေနိုင်တော့ချေ။
"ငါက ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ ဒေသခံလူမိုက်လေ။ ငါနဲ့ အဖွဲ့ဖွဲ့ချင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား။"
သူ့တွင် အလိုအပ်ဆုံးအရာမှာ သတင်းအချက်အလက်ပင် ဖြစ်၏။
တိုက်ခိုက်ရေးစွမ်းရည်မှာမူ သူ့တွင် အလျှံပယ် ရှိနေလေသည်။
ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာတာ့ရွှေက တဟားဟား ရယ်မောလိုက်၏။
"ငါက ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ မိခင်ကြီးပဲ။ ငါ နင်နဲ့ အဖွဲ့ဖွဲ့မယ်။"
ကျိယွမ်သည် ခေတ္တမျှ ကြောင်အသွားရသည်။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ ဒေသခံလူမိုက် ..။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ မိခင်ကြီး..။
ဒါတွေက စုံတွဲနာမည်တွေများလား။
သူ ထပ်ပြီး မတွေးမိခင်မှာပင် ခရမ်းရောင်ကံကြမ္မာရှောင်လုက အားနည်းသောအသံဖြင့် ဝင်ပြောလိုက်၏။
"ကျွန်မလည်း ပါမယ်။"
-------------