ကျောက်စိမ်းပေလွှာထဲမှ အကြောင်းအရာ ( ၂ )
Vol. 12 Ch. 181
“ ဒါက ရတနာပဲကွ။ ရွှီချင်း၊ အခြေတည်အဆင့် စွမ်းအင်ရင်းမြစ်ကို မင်းရတာနဲ့ မင်းလှေက မှော်သင်္ဘောတစ်စင်း ဖြစ်သွားမှာ ”
ကျန်းစန်းက ပြောသည်။ ထို့နောက် ဘေးဘီဝဲယာကို သူ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ ရွှီချင်း၊ ပြိုင်ပွဲမှာ မင်း ဝင်ပြိုင်မှာလား။ နောက်ထပ်ရက်နည်းနည်းလောက်နေရင် ပြိုင်ပွဲကို ရောက်တော့မှာ။ ငါ ကြီးကြီးမားမား တစ်ခု ပြင်နေတာကွ။ မင်းသွားရင် ငါတို့ အတူပူးပေါင်းလို့ရတယ်နော် ”
“ ကျနော် သွားမှာ ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းစန်းက တဟားဟား ရယ်မောလိုက်ပြီး နောက်ထပ် စကားမဆိုတော့ပေ။
ရွှီချင်းက လက်နှစ်ဖက်ဆုပ်ပြ၍ ထွက်သွားသည်။ ဆိပ်ကမ်းသို့ သူ လျှောက်လာစဉ် တောင်ထိပ်အသီးသီးမှ ဆိုင်များတွင် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ ကြိတ်ကြိတ်တိုးနေသည်ကို သူ သတိထားမိလိုက်သည်။
ပုံမှန်နေ့များထက် ဆိပ်ကမ်းသို့ ပြန်ရောက်လာသည့် မှော်လှေများလည်း ပိုများသည်။ အမှန်စင်စစ် လမ်းတစ်လျှောက်တွင် မျက်နှာစိမ်းအနည်းငယ်ကို သူ မြင်ခဲ့ရပြီး ထိုလူများထံတွင် အနိမ့်ဆုံး ချီစုစည်းခြင်းအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ ရောက်နေသည့် ကျင့်ကြံခြင်းအငွေ့အသက်များ ရှိနေသည်။
သူကဲ့သို့ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် လူအနည်းငယ်လည်း ရှိသည်။
ထိုချီရွှဲ့ထုံဂိုဏ်းသားများသည် တရားဂိတ်ကျင့်ကြံရာမှ ထွက်လာသော ဂိုဏ်းသားများ၊ ဆိပ်ကမ်းတစ်လျှောက် လှည့်ပတ်နေသော ဂိုဏ်းသားများနှင့် ပြိုင်ပွဲသတင်းကိုကြား၍ အပြေးအလွှား ပြန်လာကြသော ဂိုဏ်းသားများ ဖြစ်ပေသည်။
သူတု့ိကိုယ်ပေါ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များနှင့် ပတ်သက်၍ သူတို့အရိုးများထဲမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်ကို ရွှီချင်း ကောင်းစွာ အာရုံခံမိလိုက်သည်။
ထိုအတောအတွင်း အနောက်ဘက်ကျောက်တန်းကျွန်းစု၏ မြောက်ဝိညာဉ်မျိုးနွယ်မှာ အလွန် စိုးရိမ်သောကရောက်နေသည်ကိုလည်း သူ ကြားခဲ့ရသည်။ တခြားလူသားမဟုတ်သော မျိုးနွယ်များထံမှ အကူအညီများ အဆက်မပြတ် တောင်းဆိုနေပြီး ချီရွှဲ့ထုံဂိုဏ်းသို့လည်း ကြိမ်ဖန်များစွာ သံတမန်များ စေလွှတ်၍ ငြိမ်းချမ်းရေးစကားများ ဆိုခဲ့သည်။
ယင်းကြောင့် ခေါင်းဆောင်၏ စကားနှင့် ကိုယ်ပိုင်ယူဆချက်ကို သူ တွေးမိလိုက်သည်။
“ ဒီတော့ ပစ်မှတ်အစစ်က ရေသူမမျိုးနွယ်ဖြစ်နိုင်မလား ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ထိုညက သူ့လှေသို့ ရင်းနှီးသော ဧည့်သည့်တစ်ယောက် ရောက်လာခဲ့သည်။
“ ရွှီချင်း၊ ရွှီချင်း၊ မင်းပြန်ရောက်တာကို ငါ့တောင် မပြောဘူးနော်။ မင်းက ငါဟွမ်ရန်ကို ညီအစ်ကိုတစ်ယောက်လို သဘောမထားတာပဲကွ ”
မှော်လှေအပြင်ဘက်၌ ဟွမ်ရန်က စိတ်ပျက်နေသည့်မျက်နှာဖြင့် အော်ဟစ်နေသည်။
ထိုအသံံကို ရွှီချင်း ကြားသောအခါ အခန်းလေးထဲမှ ထွက်၍ ပြုံးလိုက်သည်။
ယခုအခါတွင် ချီရွှဲ့ထုံဂိုဏ်းမှ လူများစွာကို သူ သိလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုလူများအနက် လူနည်းစုသည်သာ သူ့ကို စစ်မှန်သော ခံစားချက် ရစေသည်။ ဟွမ်ရန်က ထိုလူများထဲမှ တစ်ယောက်ပင်။
“ ကိစ္စသေးသေးလေးတွေ ဖြေရှင်းဖို့ ပြန်လာတာပါဗျာ ”
ရွှီချင်းက ရှင်းပြလိုက်သည်။
ဟွမ်ရန်က စိတ်ထဲမထားဘဲ တဟားဟား ရယ်မောကာ ဆိပ်ကမ်းပေါ်တွင် ထိုင်ချလိုက်သည်။ နောက်ဆုံးတစ်ကြိမ်ကအတိုင်း လှေပေါ်သို့ သူ တက်မလာပေ။ သူက ထိုင်ချလိုက်ပြီးနောက် ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
“ ရွှီချင်း၊ မနေ့က ငါ လျှို့ဝှက်ချက်အကြီးကြီး သိထားတယ်ကွ ”
‘ လျှို့ှဝှက်ချက် ’ဆိုသည့် စကားကြောင့် ရွှီချင်း အနည်းငယ် သတိထားသွားသည်။ ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော ခေါင်းဆောင်၏ လျှို့ဝှက်ချက်ကို သူ ပြန်တွေးမိ၍ ထိုသို့ သတိထားသွားခြင်း ဖြစ်သည်။
ရွှီချင်းက မပြောခင် ဟွမ်ရန်က ကြွားလုံးထုတ်သည့်ဟန်ဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။
“ အခုတစ်ခေါက် သတ္တမမြောက်တောင်ထိပ်က တစ်ခုခု လွဲနေသလို မင်း ခံစားရလား။ ပစ်မှတ်တွေနဲ့ ပြိုင်ပွဲကျင်းပမယ့်နေရာကို အရင်ကြေညာထားပေမဲ့ တမင်သက်သက်လုပ်နေသလို ငါတော့ ခံစားနေရတာ။ သတ္တမမြောက်တောင်ထိပ်ရဲ့အကျင့်အရဆိုရင် ဒီတစ်ခေါက် ပြိုင်ပွဲနေရာက မြောက်ဝိညာဉ်မျိုးနွယ်ရဲ့ ကျွန်းမဟုတ်တာ သေချာတယ်။ ငါ လေ့လာစုံစမ်းရသလောက် အခုတစ်ခေါက် ပစ်မှတ်က ရေသူမမျိုးနွယ်ပဲ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ဟွမ်ရန်၏ အမူအရာကို လှမ်းကြည့်လိုက်ပြီးနောက် တစ်ဖက်လူက သတိပေးနေစရာပင် မလိုတော့ဘဲ တအံ့တသြဖြစ်သွားဟန် သူ လုပ်ပြလိုက်သည်။
ရွှီချင်း၏အမူအရာကို မြင်၍ ဟွမ်ရန်မှာ ချက်ချင်းပင် သဘောခွေ့သွားကာ သူ့ကိုယ်သူ ဘဝင်ခိုက်သွားတော့သည်။
“ ဟားဟား တကယ်တော့ ဒါ ဘာမှမဟုတ်ပါဘူးကွ။ ငါ့ဂိုဏ်းတူအစ်မက ငါ့ကို အဲဒါတွေအားလုံး ပြောပြထားတာ။ အခုဆိုရင် ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်တွေ မရှိတော့ဘူး ”
“ အဲဒီအကြောင်းကို ငါ သိလိုက်တော့ ရေသူမကျွန်းအကြောင်းကို ငါ လိုက်စုံစမ်းခဲ့တယ်။ အခု မင်း ပြန်လာတာကို တွေ့လို့ ငါ မင်းကို လာပြောပြတာပဲ။ ဘယ်လိုလဲ။ ငါက သဘောကောင်းတဲ့အစ်ကို မဟုတ်လား ”
ဟွမ်ရန်က ရွှီချင်းကို ကျောက်စိမ်းပေလွှာ ပစ်ပေးလိုက်ပြီး ခပ်တိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
“ ငါ စုံစမ်းကြည့်လိုက်တော့ တကယ် အံ့သြသွားတာဟေ့။ ဒီရေသူမမျိုးနွယ်က သောက်ကျိုးနည်း ချမ်းသာတာကွ။ အဲဒီမျိုးနွယ်မှာ ယိမေကျွန်း၊ ယုံချန်ကျွန်း၊ ကျူးယင်ကျွန်းနဲ့ မီအဲ့ကျွန်းဆိုပြီး ကျွန်းကြီးလေးကျွန်း ရှိတယ်။ ကျွန်းတိုင်းမှာ ရတနာတွေအများကြီး ရှိတယ်။ လူနည်းစုလောက်ပဲ သိတဲ့ အဖိုးတန်ဆုံးရတနာတွေအကြောင်းကို အဲဒီကျောက်စိမ်းပေလွှာထဲမှာ ငါ အကျဉ်းချုပ်မှတ်ထားတယ် ”
ရွှီချင်းက ကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်ပြီး ဝိညာဉ်စွမ်းအားများကို ထည့်သွင်း၍ စစ်ဆေးကြည့်လိုက်သည်။ ဟွမ်ရန်က ထိုအကြောင်းကို မှတ်သားထားနေဟန်တူပြီး ခေါင်းယမ်း၍ ဆိုလိုက်သည်။
“ အဲဒီအချက်အလက်ကို ရဖို့ ငါ အများကြီး ကြိုးစားထားရတာ။ မင်းကို ပြောဦးမယ်။ မီအဲ့ကျွန်းမှာ မီအဲ့ချပ်ဝတ်တန်ဆာလို့ ခေါ်တဲ့ ချပ်ဝတ်တန်ဆာတစ်ခု ရှိတယ်ကွ။ အဲဒီချပ်ဝတ်တန်ဆာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ရေသူမမျိုးနွယ် ထုလုပ်ခဲ့တဲ့ မှော်ရတနာအမျိုးအစား ချပ်ဝတ်တန်ဆာပဲ။ အဲဒီချပ်ဝတ်တန်ဆာရဲ့ တန်ဖိုးက ကြောက်စရာကောင်းလောက်အောင် မြင့်တယ်။ ငါတို့ ယူလို့မရတာ နှမျောစရာပဲ ”
“ ယိမေကျွန်းမှာတော့ ရေသူမမျက်ရည်တွေ အများကြီး ရှိတယ်။ အဲဒီမျက်ရည်တွေက ဝိညာဉ်ဆေးလုံးတွေလိုမျိုးပဲ။ ဒါပေမဲ့ ပိုပြီးတိတိကျကျပြောရရင် အဲဒီတစ်ကျွန်းလုံးမှာ အဖိုးအတန်ဆုံးလို့ ပြောလို့ရတဲ့ ယိမေမျက်ရည်တစ်စက်ရှိတယ်။ ယိမေဆိုတာ ရေသူမမျိုးနွယ်ရဲ့ ဘိုးဘေးနာမည်လေ။ အဲဒီမျက်ရည်က သူ မသေခင် နောက်ဆုံးကျခဲ့တဲ့ မျက်ရည်ပဲ။ အဲဒီမျက်ရည်ကို သူ့သရဖူထဲမှာ မြှုပ်ထားတယ် ”
ထိုနေရာအရောက်တွင် ဟွမ်ရန်က ကြက်ဥနှစ်လုံးကို ထုတ်၍ ရွှီချင်းကို တစ်လုံး ပစ်ပေးလိုက်သည်။ သူက တစ်လုံးယူ၍ ခွဲကာ သောက်လိုက်ရင်း ဆက်ပြောလိုက်သည်။
“ ယုံချန်ကျွန်းကတော့ ဂူသင်္ချိုင်းကြီးတစ်ခုပဲ။ အဲဒီမှာ ရတနာတွေမရေနိုင်လောက်အောင် မြှုပ်ထားတာ။ ဒါပေမဲ့ အဖိုးတန်ဆုံးရတနာက ငှက်မွေးတစ်ချောင်းပဲ။ အဲဒါက ဘာကောင်ရဲ့ငှက်မွေးလဲ မင်း သိလား။ မီးဖီးနစ်ငှက်ကြီးရဲ့ အမွေးကွ။ မီးဖီးနစ်ငှက်ကြီးဆိုတာကကော ဘာလဲ မင်း သိလား။ နန်းဟွမ်ကျွန်းကြီးရဲ့ အမှန်တရားတောင်တန်းအနောက်ဘက်က တားမြစ်နယ်မြေကြီးရဲ့ ဘုရင်ပဲ။ နန်းဟွမ်ကျွန်းကြီးတစ်ခုလုံးရဲ့ ဘုရင်ဆိုရင်လည်း ဟုတ်တယ်။ ဘာလို့ နန်းဟွမ်ကျွန်းကြီးလို့ ခေါ်တာလဲဆိုတာကိုတော့ မင်း သိလောက်ပါပြီ ”
“ နောက်ဆုံးက ကျူးယင်ကျွန်းပဲ။ အဲဒီကျွန်းကလည်း သိပ်အံ့သြဖို့ကောင်းတယ်။ အဲဒီမှာ ဆေးတွင်းတွေအများကြီးရှိပြီးတော့ အဲဒီတွင်းတွေထဲမှာ အခြေတည်အဆင့်ဆေးလုံးတွေ အများကြီး ထည့်ထားတယ်လို့ ပြောကြတယ်။ အရင်က ဂိုဏ်းတူအစ်မက အဲဒီကိုသွားပြီး ဆေးလုံးတွေလုခဲ့တယ်တဲ့။ ဒီတစ်ခေါက်လည်း အစ်မက အဲဒီဆေးလုံးတွေကို သွားလုယူလောက်မယ်လို့ ငါ ထင်တာပဲ ”
“ အဲဒါတွေက ဘာမှမဟုတ်သေးဘူး။ အဲဒီ ကျူးယင်ကျွန်းမှာ လင်းရှီမီးအိမ်လို့ခေါ်တဲ့ ဝိညာဉ်ကျောက်တုံးငါးသိန်းတန်တဲ့ ရတနာတစ်ခုရှိတယ် ”
“ အဲဒီမီးအိမ်က ရေသူမမျိုးနွယ်ရဲ့ အခြေတည်အဆင့်မှော်ပစ္စည်းပဲ။ အဲဒီမီးအိမ်ကို ကျူးယင်ကျွန်းရဲ့ ပင်မမြို့ကြီးထဲက အခြေတည်အဆင့်စေတီထဲမှာ ထည့်ထားတာ ”
“ အဲဒီနေရာက ရေသူမမျိုးနွယ်ဝင်တွေကို အထူးလုပ်ပေးထားတဲ့ အခြေတည်အဆင့်နေရာပဲ။ ငါတို့ချီရွှဲ့ထုံဂိုဏ်းက တစ်နာရီကို ဝိညာဉ်ကျောက်တုံးတစ်ရာပေးရတဲ့ အခြေတည်အဆင့်နေရာနဲ့ အတူတူပဲ။ ဒါပေမဲ့ ငါ ကြားရသလောက် ငါတို့ဂိုဏ်းက ဂိုဏ်းသားတွေကို ကာကွယ်ပေးဖို့ နတ်သွေးကို သုံးတာ၊ ရေသူမမျိုးနွယ်ကတော့ အဲဒီမီးအိမ်ကို သုံးတာတဲ့ ”
“ တကယ်တော့ ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်ကြီးတွေမှာလည်း အဲဒီလိုမျိုး အခြေတည်အဆင့်တက်မယ့် ဂိုဏ်းသားတွေကို ကာကွယ်ဖို့ အဖိုးတန်မှော်ပစ္စည်းတွေ ရှိတာပဲ။ ပစ္စည်းအမျိုးအစားတော့ မတူပေမဲ့ ရေသူမမျိုးနွယ်က အဲဒီမီးအိမ်ကတော့ သာမန်ပါပဲ။ အဲဒါကြောင့်လည်း ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်ကြီးတွေက အဲဒီမီးအိမ်ကို စိတ်မဝင်စားတာ ”
“ အဲဒီမီးအိမ်က ဝိညာဉ်ကျောက်တုံးငါးသိန်းတန်တယ်လို့ ငါ ပြောတာက နောက်ဆုံးအကြိမ်တုန်းက အစ်မက အဲဒီမီးအိမ်ကို ယူသွားပြီးတော့ ရေသူမမျိုးနွယ်ကို ဝိညာဉ်ကျောက်တုံးနှစ်သန်းတောင်းတယ်။ နောက်ကျ ရေသူမမျိုးနွယ်က ဝိညာဉ်ကျောက်တုံး ငါးသိန်းပေးဖို့ သဘောတူပြီး ပြန်ဝယ်သွားခဲ့တာပဲ ”
“ ဒါနဲ့ အဲဒီလင်းရှီမီးအိမ်ထဲမှာ ဘုရားကျောင်းတချို့နဲ့ပတ်သက်တဲ့ သဲလွန်စတွေ ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတာ။ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာတာတောင် တစ်ယောက်မှ မတွေ့ကြသေးဘူး။ ဂိုဏ်းတူအစ်မကလည်း အဲဒီသဲလွန်စကို ရှာမတွေ့လို့ ပြန်ရောင်းပေးလိုက်တာ။ အဲဒီအကြောင်းတွေအကုန်လုံး ကျောက်စိမ်းပေလွှာထဲမှာ ပါတယ်။ မင်းဘာသာ နောက်ကျ ဖတ်ကြည့်လိုက်ပေါ့ ”
ထိုစကားကို ရွှီချင်း ကြားသောအခါ ငြိမ်သက်သွားသည်။ သူက ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်ကို ပူပန်ကြောင့်ကြနေရသေးသော်ငြား တစ်ဖက်လူက ဝိညာဉ်သန်းပေါင်းများစွာအကြောင်းကို ပြောနေပေသည်။
ယင်းအတွက်ကြောင့် သူ အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားရသည်။ သူက ကြက်ဥကိုခွဲ၍ တစ်ကျိုက်မော့သောက်လိုက်သည့်တိုင်အောင် ရင်ထဲမှ စိတ်လှုပ်ရှားသည့် အတွေးစများကို မချိုးနှိမ်နိုင်ချေ။
ဟွမ်ရန်က စကားစကို အဆုံးသတ်လိုက်ပြီး သူနှင့် ဂိုဏ်းတူအစ်မအကြောင်းများကို ပြောလိုက်သည်။
ထိုအတောအတွင်း အများဆုံး ပြောသူက သူသာ ဖြစ်ပြီး နားထောင်သည့်လူက ရွှီချင်းသာ ဖြစ်သည်။ ထိုစကားဝိုင်းလေးက တစ်မျိုး ဖြစ်နေပါသော်ငြား ဟွမ်ရန်မှာ အလွန် စိတ်သက်သာရာရနေသည်။
ညနက်လာသောအခါ ကြက်ဥကို စားပြီးသွားပြီဖြစ်သော ဟွမ်ရန်က ဗိုက်ကို ပုတ်၍ ထွက်သွားရန် ထလိုက်သည်။ သူက မထွက်သွားခင် လေချဉ်တက်၍ တီးတိုးပြောလိုက်သည်။
“ ရွှီချင်း … မင်းမလုပ်ဖို့ ရာခိုင်နှုန်းများပေမဲ့ ငါ မင်းကို သတိပေးရဦးမယ်။ အဲဒီပထမနေရာအတွက် ရူးပြီး တိုက်မနေနဲ့နော်။ အဲဒီအဓိကဂိုဏ်းသားဆိုတဲ့ ဂုဏ်ပုဒ်က ဘာမှအရေးမပါဘူး။ ပြိုင်ပွဲမှာ အရေးကြီးဆုံးက ရင်းမြစ်တွေပဲ။ အချိန်ရောက်ရင် မင်း သိလာမှာ ”
“ တကယ်တမ်းကျ အဆင့်သတ်မှတ်ချက်တွေကို စိတ်ဝင်စားတဲ့သူ အများကြီး မရှိဘူး။ အဲဒီကို သွားကြတာက ကံကြမ္မာကောင်းနဲ့ ကြုံရအောင်လို့၊ ပြီးတော့ ငါ မင်းကို ပြောဦးမယ်။ ဒီသတင်းက ငါတို့နှစ်ယောက်ပဲ သိတာ။ ငါက မင်းကို ညီလေးတစ်ယောက်လို သဘောထားလို့ ပြောပြတာနော်၊ အဲဒီတော့ တခြားကိုလည်း လျှောက်ဖြန့်မနေနဲ့ဦး။ အချိန်ကျလာရင် ရောက်တဲ့ကျွန်းကနေ ရသလောက် ပစ္စည်းတွေယူပြီး ကံကြမ္မာကောင်းကို ငါတို့ ဖန်တီးကြတာပေါ့ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။
ဟွမ်ရန်က ကျေနပ်သွားသည့်အမူအရာဖြင့် သူ့ဗိုက်ကို ပုတ်၍ ထွက်သွားသည်။ သူက သွားနေရင်း ကျောက်စိမ်းပေလွှာကို ထုတ်၍ သူ၏အစ်မကို ချစ်စကားလေးများ တီးတိုးပြောလိုက်သည်။
ရွှီချင်းက ကုန်းပတ်ပေါ်တွင် ထိုင်နေရင်း ဟွမ်ရန် ထွက်သွားသည်ကို ကြည့်နေပြီးနောက် တားမြစ်ပင်လယ်ဘက်သို့ ကြည့်လိုက်သည်။ သူ၏အကြည့်က မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်သွား၏။
ထိုအချိန်၌ လှိုင်းများက လှေကို ရိုက်ပုတ်လိုက်ရာ လှေမှာ အနည်းငယ် ယိမ်းခါသွားသည်။
လရောင်အောက်၌ သူ၏အရိပ်က သူ့ဘေးရှိ ကုန်းပတ်ပေါ် ကျရောက်နေသည်။ အရိပ်၏ တစ်စိတ်တစ်ပိုင်းက ပင်လယ်နှင့် ပေါင်းစပ်သွားပြီး မည်းမှောင်သောပင်လယ်ရေနှင့် တစ်သားတည်း ဖြစ်သွားသည်။
ရွှီချင်းက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အရိပ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ လူအလေး ပြောခဲ့သည့်စကားများ သူ့စိတ်ထဲ ပေါ်လာကာ သူ၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။
“ အဲဒါက အိပ်နေတာ ”
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ သုံးရက်ကြာပြီးနောက် မနက်ခင်းစောစောတွင် ချီရွှဲ့ထုံဂိုဏ်းသားအားလုံး၏ ဂိုဏ်းတံဆိပ်ပြား တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး ဂိုဏ်းသားအားလုံး၏ စိတ်ထဲ သြဇာအာဏာဖြင့် ပြည့်ဝသောအသံတစ်သံ ဝင်ရောက်လာသည်။
“ ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်ဂိုဏ်းသားအားလုံး ဆယ့်ငါးမိနစ်အတွင်း အလယ်က ယဇ်ပလ္လင်မှာ စုပါ။ သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီး စတော့မယ် ”