အခန်း (၃၆)
Vol. 4 Ch. 36
အခန်း ၃၆ သေခြင်းရှင်ခြင်းတံဆိပ်တုံးဖြင့် သူတော်စင်ဘုရင်ကို ထိန်းချုပ်ခြင်း၊ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀
ချန်ကျန့်ရှန်း မတုံ့ပြန်နိုင်မီမှာပင် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရလေသည်။
"အဘိုး..."
ချင်လော့၏ လူသားဧကရာဇ်အလံ ပွင့်လာပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူက ချန်ကျန့်ရှန်းကို ကြည့်လိုက်ရာ သူ၏ နှာခေါင်းဝတွင် ကျင်ခနဲ ဖြစ်သွားသော်လည်း ကံမကောင်းစွာဖြင့် မျက်ရည်များ ကျမလာခဲ့ချေ။
တိတိကျကျ ပြောရလျှင် သူ သေဆုံးသွားပြီ ဖြစ်သည်။ လူသားဧကရာဇ်အလံကြောင့်သာ သူ၏ ဝိညာဉ်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
ရှီးဟွမ်နှင့် လူသားဧကရာဇ်အလံသာ မရှိခဲ့လျှင် ချန်မို ပျောက်ကွယ်သွားပြီ ဖြစ်ပေ၏။
ချန်ကျန့်ရှန်း တုန်ယင်သွားခဲ့သည်။ ချန်မို၏ ဝိညာဉ် ကျန်ရှိနေသေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
မှန်ပေသည်။ ကွဲအက်သွားသော အသက်ကျောက်စိမ်းက ချန်မို၏ အသက်ရှင်ရန် အခွင့်အရေးများ မရှိတော့ကြောင်းကိုသာ သက်သေပြနေခြင်း ဖြစ်လေသည်။
တကယ်တော့ သူတော်စင်အဆင့်တွင်ပင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားချိန်၌ ဝိညာဉ်ကို ထိန်းသိမ်းထားရန် အလွန် ခက်ခဲလှပေသည်။ တိကျသော အခြေအနေများအောက်တွင်နှင့် အထူးရတနာများ၏ အကူအညီဖြင့်သာ ဝိညာဉ်၏ တစ်စွန်းတစ်စကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်လေသည်။
လူသားဧကရာဇ်အလံသည် အထူး သူတော်စင်ရတနာ တစ်ခုဖြစ်ပေ၏။ လက်ရှိတွင် ၎င်းသည် သူတော်စင်အဆင့်၏ အနိမ့်ဆုံးအဆင့်၌သာ ရှိနေသေးသော်လည်း ၎င်းက ပိုမို အားကောင်းသော ဝိညာဉ်များကို စုဆောင်းမိလာသည်နှင့်အမျှ အဆင့်တက်သွားမည် ဖြစ်လေသည်။
ဤသူတော်စင်အဆင့် အနိမ့်ဆုံးအဆင့်သည် သာမန် သူတော်စင်အဆင့် အလယ်အလတ်အဆင့် သို့မဟုတ် အမြင့်ဆုံးအဆင့်တို့ထက်ပင် ပို၍ တန်ဖိုးရှိလှပေသည်။
သေချာပေါက် ၎င်းအတွင်းရှိ ဝိညာဉ်များအားလုံးမှာ ချင်လော့၏ အစေခံများ ဖြစ်ကြလေသည်။
ချန်မိုလည်း ချွင်းချက် မဟုတ်ခဲ့ချေ။
ချင်လော့က တိတ်ဆိတ်စွာ ထွက်သွားခဲ့ပြီး နေရာကို အဘိုးနှင့် မြေးအတွက် ချန်ထားပေးခဲ့၏။
ထိုနေ့က ဘာတွေဖြစ်ပျက်ခဲ့သည်ကို ချန်မိုထံမှ ချန်ကျန့်ရှန်း သိရှိလိုက်ရပြီး ချန်မိုကို ကယ်တင်ကာ ဝိညာဉ် မသေဆုံးအောင် လုပ်ဆောင်ပေးခဲ့သူမှာ ချင်လော့ဖြစ်ကြောင်းကိုပါ သူ သိရှိသွားခဲ့လေသည်။
သူတော်စင်တစ်ပါးက ဤသို့ မလုပ်ဆောင်နိုင်ခြင်းက နောက်ကွယ်ရှိသူသည် အလွန် တန်ခိုးကြီးမားကြောင်း ပြသနေပေ၏။
၎င်းက စုချန်ချန် ဖြစ်နိုင်သော်လည်း စုချန်ချန်တွင် ဝိညာဉ်နှင့် ပတ်သက်၍ အထူး ပါရမီ မရှိနိုင်ကြောင်း သူ ခံစားရလေသည်။
သူတို့၏ စကားပြောဆိုမှု ပြီးဆုံးသွားပြီးနောက် ချင်လော့က ဝင်လာခဲ့ပြီး ချန်ကျန့်ရှန်းကို အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။
"ယင်းဝူစစ်သူကြီး... ကျွန်တော်တို့ ဆက်ပြီး စကားပြောကြရင်ကော ဘယ်လိုလဲ..."
"ကောင်းပြီလေ..."
ယင်းဝူစစ်သူကြီးက ချင်လော့မှ ချန်မိုကို ပြန်လည်သိမ်းဆည်းသွားသည်ကို စောင့်ကြည့်နေခဲ့၏။
ချန်မိုသည် ချင်လော့ကို အားကိုးခြင်းဖြင့်သာ အသက်ရှင်နိုင်မည်ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
ချန်မိုက ချင်လော့၏ အစေခံ ဖြစ်လာခြင်းနှင့် ပတ်သက်၍မူ ၎င်းကို မေ့ထားရန်သာ သူ ရွေးချယ်နိုင်တော့သည်။
"ယင်းဝူစစ်သူကြီး... ခင်ဗျားကို ရွေးချယ်စရာ တစ်ခုပေးရင်ကော ဘယ်လိုလဲ..."
ချင်လော့က မေးမြန်းလိုက်၏။
"ကျေးဇူးပြုပြီး ပြောပါ နဝမမင်းသား..."
ချန်ကျန့်ရှန်း၏ လေသံက အရင်ကလောက် မပြင်းထန်တော့ချေ။
"ကျွန်တော့်လူ ဖြစ်လာပါ..."
ချင်လော့က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်လေသည်။
သူတော်စင်ဘုရင်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားပင်။ သူက ၎င်းကို အလွန်အမင်း လိုချင်နေခဲ့ပေ၏။
သူက ချန်ကျန့်ရှန်းကို သူ့ထံ လက်အောက်ခံစေချင်ရုံသာမက ချန်ကျန့်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ သေခြင်းရှင်ခြင်းတံဆိပ်ကိုပါ ထည့်သွင်းချင်နေခဲ့လေသည်။
အခြားသူတစ်ဦး၏ သေရေးရှင်ရေးကို သူ ထိန်းချုပ်ထားနိုင်မှသာ သူ လုံခြုံသည်ဟု ခံစားရမည် ဖြစ်သည်။ ကျိန်စာများအားလုံးက သူ့အတွက် အဓိပ္ပာယ်မရှိသောအရာများသာ ဖြစ်လေ၏။
ချန်ကျန့်ရှန်းက တစ်ခဏမျှ တွေးတောလိုက်သည်။ ယခုအခါ ချန်မိုကို ချင်လော့က ဓားစာခံအဖြစ် ဖမ်းဆီးထားပြီဖြစ်ရာ သူ့တွင် ရွေးချယ်စရာ အများကြီး မရှိတော့ချေ။
"နဝမမင်းသားရဲ့ ဘက်မှာ ရပ်တည်ဖို့ ကျွန်တော် ရွေးချယ်နိုင်ပါတယ်..."
ချန်ကျန့်ရှန်းက ပြောဆိုလိုက်လေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ယင်းဝူစစ်သူကြီး ပြောတာ မှားနေပြီ... ကျွန်တော် ပြောခဲ့တာက ခင်ဗျားက ကျွန်တော့်ဆီ လက်အောက်ခံရမယ်... ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ကွက်တချို့ လုပ်ခွင့်ပေးပြီး ကျွန်တော့်ကို ထာဝရ လက်အောက်ခံရမယ်လို့ ပြောတာ..."
ချင်လော့၏ စကားများက ချန်ကျန့်ရှန်း၏ မျက်နှာကို အလွန် ကြည့်ရဆိုးသွားစေခဲ့ပေသည်။
လက်အောက်ခံရမယ် ဟုတ်လား... သူက သူတော်စင်ဘုရင်အဆင့်က တန်ခိုးကြီးသူ တစ်ဦးလေ... ချင်လော့ဆီ လက်အောက်ခံရမယ်ပေါ့...
အဲဒါက ဟာသတစ်ခုပဲ...
"နဝမမင်းသားက ငါ့ကို ခြိမ်းခြောက်နေတာလား..."
ချန်ကျန့်ရှန်းက တင်းမာစွာ မေးမြန်းလိုက်၏။
တန်ခိုးကြီးသူတိုင်းတွင် အာဏာရှိကြပြီး သူလည်း ချွင်းချက် မဟုတ်ခဲ့ချေ။ ချင်လော့က သူ၏ မြေးဖြစ်သူ၏ အသက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားလျှင်တောင် သူ့ကို ဤသို့ ခြိမ်းခြောက်၍ မရနိုင်ပေ။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ယင်းဝူစစ်သူကြီးနဲ့ အပေးအယူ တစ်ခု လုပ်ချင်လို့ပါ..."
"တကယ်လို့ ယင်းဝူစစ်သူကြီးသာ ကျွန်တော့်ဆီ လက်အောက်ခံဖို့ လိုလားမယ်ဆိုရင် ခင်ဗျားရဲ့ မြေးကို အသက်ပြန်ရှင်လာအောင် ကျွန်တော် လုပ်ပေးနိုင်တယ်... ဘယ်လိုလဲ..."
ဤစကားက ချန်ကျန့်ရှန်း၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့၏။ သူ၏ မြေးဖြစ်သူမှာ ယခုအခါ ဝိညာဉ်ခန္ဓာကိုယ်သာ ရှိတော့ပြီး သူ သေဆုံးသွားပြီဟု ပြောလျှင် ချဲ့ကားရာ ရောက်မည် မဟုတ်ချေ။
ချင်လော့က သူ၏ မြေးကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်သည်လား။
"မင်း ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား..."
ချန်ကျန့်ရှန်းက မေးမြန်းလိုက်လေသည်။
"တကယ်လို့ ခင်ဗျား လိုအပ်တယ်ဆိုရင် ကျွန်တော် ကောင်းကင်ကျိန်စာတစ်ခု ကျိန်ဆိုနိုင်ပါတယ်..."
ချင်လော့က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
သူ့တွင် ထိုသို့လုပ်ရန် နည်းလမ်း မရှိသော်လည်း ရှီးဟွမ်တွင် ရှိပေသည်။
ယင်းက အချိန်အနည်းငယ်နှင့် ရတနာအချို့သာ လိုအပ်ခြင်း ဖြစ်လေသည်။ ဤတစ်ကြိမ်တွင် ချင်လော့က ချန်ကျန့်ရှန်း၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်၏။
အကယ်၍ မြေးဖြစ်သူသာ အသက်ပြန်ရှင်လာနိုင်မည်ဆိုပါက သူ၏ သွေးမျိုးဆက်နှင့် အမွေအနှစ်မှာ ပြတ်တောက်သွားမည် မဟုတ်တော့ချေ။
အကောင်းအဆိုးများကို သူ ချိန်ဆနေစဉ် သူ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေခဲ့လေသည်။
နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်၏။
"နဝမမင်းသား ကတိတည်မယ်လို့ ငါ မျှော်လင့်ပါတယ်..."
ချင်လော့က အနည်းငယ် ပြုံးလိုက်သည်။
"ကျွန်တော်က လူကောင်းတစ်ယောက် မဟုတ်ပေမဲ့ ကျွန်တော့်ကတိတွေကိုတော့ ကျွန်တော် တည်ပါတယ်..."
"ငါတို့ စကြမလား..."
"ကောင်းပြီလေ..."
ချန်ကျန့်ရှန်းက သူ၏ အသက်ကို ထိန်းချုပ်ရန် ချင်လော့တွင် မည်သည့် နည်းလမ်းများ ရှိနေသနည်းဆိုသည်ကို သိချင်နေခဲ့ပေ၏။
သူက သူတော်စင်အဆင့်ဖြစ်ပြီး ချင်လော့မှာ သာမန် နတ်စွမ်းအင်အဆင့်လေးသာ ဖြစ်လေသည်။
ချင်လော့၏ နည်းလမ်းများက သူ၏ အသက်ကို ထိန်းချုပ်ရန် လုံလောက်မည်မဟုတ်ကြောင်း သူ အမှန်တကယ် ယုံကြည်ထားပြီး ၎င်းမှာ သူ သဘောတူရသည့် အဓိဓက အကြောင်းရင်းပင် ဖြစ်လေသည်။
"မခုခံနဲ့..."
ချင်လော့က ပြောဆိုလိုက်ပြီးနောက် သေခြင်းရှင်ခြင်းတံဆိပ်ကို စတင် အသုံးပြုလိုက်ပေသည်။
သေခြင်းရှင်ခြင်းတံဆိပ်သည် သူတော်စင်အဆင့်အတွင်းရှိ မည်သူ့ကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိသော သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
အကြိုလိုအပ်ချက်မှာ တစ်ဖက်လူ၏ ဝိညာဉ်အတွင်းသို့ သေခြင်းရှင်ခြင်းတံဆိပ်ကို ထည့်သွင်းထားရန် ဖြစ်ပေ၏။
ချင်လော့က သူ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ချိန်၌ ချန်ကျန့်ရှန်း အံ့အားသင့်သွားခဲ့လေသည်။
နည်းလမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုသက်သက်က သူ့ကို မကောင်းသော ကြိုတင်နိမိတ် တစ်ခုဖြင့် ပြည့်နှက်သွားစေခဲ့၏။
ချင်လော့က သူ၏ အသက်ကို တကယ်ပဲ ထိန်းချုပ်နိုင်တာများလား။
သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို ခံစားမိပြီးနောက် မဝေးလှသော နေရာတွင် ရပ်နေသည့် စုချန်ချန်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"မလှုပ်နဲ့..."
အားကောင်းသော အငွေ့အသက်က ချန်ကျန့်ရှန်းကို ပစ်မှတ်ထားလိုက်လေသည်။ အကယ်၍ သူက ချင်လော့ကို ထိခိုက်အောင် လုပ်ရဲပါက သူသည် စုချန်ချန်ထံမှ ပြင်းထန်သော တိုက်ခိုက်မှုကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ပေ၏။
စုချန်ချန်မှာ ဤမြေးဖြစ်သူနှင့် ပတ်သက်၍ ပိုမို လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားလိုက်ရလေသည်။
"ရှောင်လော့က ကောင်းကင်ကိုဆန့်ကျင်တဲ့ အမွေအနှစ် တစ်ခုခုကို ရရှိခဲ့တာ သေချာတယ်... ဖြစ်နိုင်တာက ဧကရာဇ်ရဲ့ အမွေအနှစ်တောင် ဖြစ်နိုင်တယ်..."
စုချန်ချန်က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
"ဒါဆိုရင် အနာဂတ်မှာ မဟာချင်အင်ပါယာက ရှောင်လော့ရဲ့ လက်ထဲကို တကယ် ရောက်သွားနိုင်တယ်..."
ကံမကောင်းစွာဖြင့် သူ၏ သမီးဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့၏။ မဟုတ်လျှင် ချင်လော့၏ ယနေ့ အောင်မြင်မှုကို မြင်တွေ့ရချိန်၌ သူမ အလွန်အမင်း ဝမ်းသာနေမည် ဖြစ်လေသည်။
သေခြင်းရှင်ခြင်းတံဆိပ်ကို ထည့်သွင်းပြီးသွားချေပြီ။ ချင်လော့က ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသော်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကိုလည်း ခံစားလိုက်ရပေသည်။
သူတော်စင်ဘုရင်... သူက သူ့ရဲ့ အစေခံ ဖြစ်လာခဲ့ပြီလေ...တကယ်လို့ ဒီသတင်းသာ ပျံ့သွားရင် တကယ်ကို အထင်ကြီးစရာပဲ....
ချန်ကျန့်ရှန်း၏ အမူအရာက အလွန်အမင်း ရှုပ်ထွေးနေခဲ့၏။ ချင်လော့ ချန်ရစ်ခဲ့သော သူ၏ ဝိညာဉ်အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းရှိ အမှတ်အသားတစ်ခုကို သူ ခံစားလိုက်ရလေသည်။
၎င်းကို သူ ဖျက်ပစ်၍ မရနိုင်တော့ချေ။ အမှတ်အသားက သူ၏ ဝိညာဉ်အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်၏။ အကယ်၍ ချင်လော့က အနည်းငယ်မျှ တွေးလိုက်ရုံဖြင့်ပင် သူ သေဆုံးသွားနိုင်ပေသည်။
"နောက်တစ်ဆင့်အနေနဲ့ ယင်းဝူစစ်သူကြီး... ခင်ဗျားက ကျွန်တော့်ကို ချက်ချင်း တရားစွဲပြီး မြို့တော်ကနေ နှင်ထုတ်ခံရအောင် လုပ်ရမယ်..."
ချင်လော့နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ချန်ကျန့်ရှန်းက ချင်လော့၏ အတွေးများကို နားလည်သွားခဲ့လေသည်။ သူက တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ပြောဆိုလိုက်၏။
"အရှင်မင်းသား... မဟာချင်အင်ပါယာမှာ ရေးသားမထားတဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်..."
"တကယ်လို့ မင်းသားတစ်ပါး ဒါမှမဟုတ် အဆင့်မြင့် အရာရှိတစ်ဦးဦးက အပြစ်ရှိပေမဲ့ သေဒဏ်ပေးလောက်တဲ့ အပြစ် မဟုတ်ဘူးဆိုရင် သူတို့ရဲ့ ပြစ်မှုတွေအတွက် စွမ်းဆောင်ရည်တွေ ပြသပြီး အပြစ်ကို ချေဖျက်ရပါမယ်..."
"အရှင်မင်းသားက နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ ထဲကို ဝင်ရောက်နိုင်ပါတယ်..."
"တပ်ဖွဲ့ ၁၀ ဟုတ်လား... နတ်ဆိုးနှိမ်နင်းရေးဌာနမှာ တပ်ဖွဲ့ ကိုးဖွဲ့ပဲ ရှိတာ မဟုတ်ဘူးလား..."
နတ်ဆိုးနှိမ်နင်းရေးဌာနတွင် တပ်ဖွဲ့ ကိုးဖွဲ့ ပါဝင်ပေ၏။ တပ်ဖွဲ့တစ်ခုစီ၏ တပ်မှူးမှာ တပ်မှူးချုပ်ဖြစ်ပြီး တပ်မှူးချုပ်၏ အထက်တွင် ဒုတိယတပ်မှူးချုပ်များ ရှိကြလေသည်။ ဒုတိယတပ်မှူးချုပ် တစ်ဦးစီက တပ်ဖွဲ့ သုံးဖွဲ့ကို တာဝန်ယူရပေသည်။
"နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ က နတ်ဆိုးနှိမ်နင်းရေးဌာနအတွင်းမှာ အထူးခြားဆုံး ဌာနတစ်ခုပါ... အဲဒီအဖွဲ့ဝင်တွေက စုံလင်လှပြီး အင်ပါယာက သစ္စာဖောက်တွေ၊ ခိုလှုံလာသူတွေနဲ့ သူတို့ရဲ့ မျိုးဆက်တွေ ပါဝင်ပါတယ်..."
"သူတို့ လုပ်ဆောင်ရတဲ့ တာဝန်တွေက အန္တရာယ်အများဆုံး ဖြစ်ပေမဲ့ သူတို့ ရရှိတဲ့ ဆက်ဆံရေးကတော့ နတ်ဆိုးနှိမ်နင်းရေးဌာန အဖွဲ့ဝင်တွေ အားလုံးထဲမှာ အဆိုးရွားဆုံးပါပဲ... ဒါပေမဲ့ သူတို့မှာ စည်းမျဉ်းစည်းကမ်း အနည်းဆုံးလည်း ဖြစ်ပါတယ်..."
"တကယ်လို့ အရှင်မင်းသားက မြို့တော်ကနေ ထွက်သွားချင်တယ်ဆိုရင် တစ်ခုတည်းသော ရွေးချယ်စရာတွေက နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ ဒါမှမဟုတ် နယ်စပ်တပ်ဖွဲ့ထဲကို ဝင်ရောက်ဖို့ပါပဲ..."
"နယ်စပ်တပ်ဖွဲ့အစား နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ ထဲကို ဝင်ရောက်ဖို့ အရှင်မင်းသားကို ကျွန်တော် အကြံပြုချင်ပါတယ်... စစ်တပ်အာဏာကို အခြား မင်းသားတွေက သိမ်းပိုက်ထားပြီးသားပါ... တကယ်လို့ အရှင်မင်းသားက အလောတကြီး ဝင်စွက်ဖက်မယ်ဆိုရင် အရှင်မင်းသားက ပိုများပြားတဲ့ ရန်သူတွေကို ရင်ဆိုင်ရနိုင်ပါတယ်..."
"ဥပမာအနေနဲ့ အဋ္ဌမမင်းသားကလွဲရင် ကျန်တဲ့ မင်းသားတွေပေါ့..."
"ပြီးတော့..."
ချန်ကျန့်ရှန်း၏ အမူအရာက မှုန်ကုပ်သွားခဲ့၏။
"ကျွန်တော့်ရဲ့ မြေးကို မင်းသားတွေထဲက တစ်ပါးပါးရဲ့ လူက သတ်သွားတာ ဖြစ်နိုင်တယ်... သူတို့ထဲက တချို့က မြောက်ပိုင်းမန်အင်ပါယာနဲ့ ပူးပေါင်းကြံစည်နေကြတာ ဖြစ်နိုင်တယ်..."
"မြောက်ပိုင်းမန်အင်ပါယာက ကျွန်တော့်ကို ရှာခဲ့ပြီး အရှင်မင်းသားကို သတ်ဖို့ ကျွန်တော့်ကို အလိုရှိနေကြတယ်..."