အခန်း (၄၀၀)
Vol. 40 Ch. 400
အခန်း (၄၀၀) မင်းတို့လို မဟာပဏ္ဍိတတွေ ငါ့ပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ဘူး
ချွင်
ချူဖုန်း သူ၏ ရတနာဓားကို ပေါ့ပေါ့ပါးပါးပင် ဆွဲထုတ်လိုက်သည်။ သူသည် နောက်ဆုတ်သွားခြင်း မရှိသည့်အပြင် ရှေ့သို့ တိုးဝင်ကာ ထိုလက်ဖဝါးကြီးထံသို့ ပိုင်းဖြတ်လိုက်လေ၏။
ထိုဓားချက်မှာ အလွန်ပင် ရိုးရှင်းပုံရပေသည်။
အဆုံးမရှိသော ဓားချီမြစ်ကြီးများလည်း ရှိမနေ၊ စူးရှတောက်ပသော အလင်းတန်းများလည်း ပွင့်ထွက်မလာခဲ့ချေ။
ရိုးရိုးရှင်းရှင်း ခုတ်ဖြတ်လိုက်ရုံမျှသာသို့သော်လည်း ၎င်းသည် စက္ကူကို ဖောက်ထွင်းလိုက်သကဲ့သို့ ထိုလက်ဝါးကြီးကို အလွယ်တကူပင် ပေါက်ထွက်သွားစေ၏။
တိုက်ကွက် ပြီးဆုံးသွားချိန်တွင် ကွင်းပြင်တစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားခဲ့သည်။
သခွားသီးကို ဝါးနေဆဲဖြစ်သော ရှီမျိုးနွယ်စုဘိုးဘေးပင် ဝါးလက်စဖြင့် အေးခဲသွားပြီး သူ့မေးရိုးများ ပြုတ်ကျမတတ် ကောင်းကင်ယံထက်မှ ချူဖုန်းကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။
ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက်တွင် သူ၏ ပါးစပ်ထဲမှ သခွားသီးများကိုထွေးထုတ်မိသွား၏။
“ဒါ ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ။ သူတော်စင် တစ်ပါးရဲ့ တိုက်ကွက်လေ”
“ဒီထဲမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ အဲဒီသူတော်စင်ဝိညာဉ် ဆိုတာကြီးက စာဖွဲ့လောက်တာ မဟုတ်ဘူး။ အရင်က ဘုန်းကြီးကတုံးလောက်တောင် အထင်ကြီးစရာ မကောင်းဘူး”
ချောင်ရို့ချန် နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးသူတော်စင်ကျို့ယွမ်ကို လုံးဝ ပစ်ပယ်ပစ်လိုက်သည်။
ယခုအချိန်အထိ တိတ်ဆိတ်နေသော ရှောင်ချန်း ပြောလိုက်၏။
“အဲဒီဘုန်းကြီးလောက် မသန်မာဘူး။ သူက သူတော်စင်အဆင့်ကို ရောက်ခဲ့ပေမဲ့ ခန္ဓာကိုယ် မရှိတော့တာကြောင့် သူ့စွမ်းအားက အကြီးအကျယ် လျော့နည်းသွားတာ။ ငါ့အမြင်အရတော့ တကယ့် ပြဿနာက အဲဒီခေါင်းတလားထဲမှာ ရှိနေတာ”
ချောင်ရို့ချန် သူ၏ လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
“ကျွန်တော်တို့ တိုက်ခိုက်ရမဲ့အလှည့်က ဘယ်တော့မှ ရောက်မှာပါလိမ့်”
“မကြာခင် ရောက်တော့မှာပါ”
ရှောင်ချန်း သူတို့ဆရာထံသို့ အကြည့်ကို ပြန်ရွှေ့ရင်း ပြန်လည်ဖြေကြားလိုက်သည်။
စောင့်ကြည့်နေကြသူများ၏ မျက်နှာထက်မှ အံ့ဩတုန်လှုပ်မှုများသည် ရှီမျိုးနွယ်စုဘိုးဘေးထက် မနည်းလှပေ။
အထူးသဖြင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တော်ဝင်မိသားစုဝင်များနှင့် ရှီးရွှမ် ၏ စေ့စပ်ထားသူ သတို့သမီးလောင်း ရှစ်ယောက်တို့မှာ လုံးဝ မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
သို့သော် နတ်ဆိုးသူတော်စင်ကျို့ယွမ်ထက် ပို၍ မှင်တက်သွားသူ မရှိချေ။ သူ၏ တိုက်ကွက်ကို မဟာပဏ္ဍိတ လူငယ်လေးတစ်ဦး တားဆီးနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သူ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“မင်းတို့အားလုံး ဘာကို စောင့်နေကြတာလဲ။ ငါတို့ကြားမှာ အတိတ်က ရန်ငြိုးတွေ ရှိခဲ့ရင်တောင် အခု ငါတို့ရဲ့ ရည်မှန်းချက်က အတူတူပဲ။ ဒီကောင်လေးက မင်းတို့မျိုးဆက်တွေကို ချန်ထားခဲ့လိမ့်မယ်လို့ တကယ် ထင်နေတာလား”
ထိုစကားများကြောင့် ကံကြမ္မာသားတော် ငါးယောက်စလုံး၏ မျက်နှာများ ခက်ထန်သွားကြသည်။ ရှီးရွှမ်၏ ကံကြမ္မာကို လုယူခြင်းက လွယ်ကူလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။
သူ့ဝှက်ဖဲများသည် သူတော်စင်ဝိညာဉ်တစ်ခုကိုပင် ထိတ်လန့်စေလိမ့်မည်ဟု သူတို့မတွေးမိခဲ့ကြပေ။
ချူဖုန်း၏ နှုတ်ခမ်းအစုံက အထက်သို့ ကွေးညွတ်သွားသည်။
“အဘိုးကြီး ခင်ဗျား မတုံးဘူးပဲ။ ကျွန်တော် ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ခန့်မှန်းမိတယ်”
“အခြေအနေက ဒီလိုဖြစ်လာမှတော့ ကျွန်တော်လည်း ဟန်ဆောင်မနေတော့ဘူး။ ကျွန်တော် ဒီကိုလာတာ ရှောင်ရွှမ် ကို ကူညီပြီး ကံကြမ္မာသားတော်တွေကို နှိမ်နင်းဖို့ပဲ”
ထိုနေရာရှိ လူတိုင်း နှာခေါင်းရှုံ့လျက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြသည်။
“သူတော်စင်တစ်ပိုင်းချူက တကယ်ကို ဒီခေတ်ရဲ့ နံပါတ်တစ် မဟာပဏ္ဍိတတစ်ဦးပဲ။ တော်တော် သတ္တိရှိတာပဲ”
“ရန်သူတွေအများကြီးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ရုံတင်မကဘူး။ အဲဒီထဲမှာ သူတော်စင်တွေတောင် ပါနေသေးတယ်။ သူတော်စင်တစ်ပိုင်းချူကလွဲလို့ ဘယ်သူက လုပ်ရဲမှာလဲ”
“ဒီနေ့ သူတော်စင်တစ်ပိုင်းချူရဲ့ အရှိန်အဝါကို မြင်တွေ့လိုက်ရတာနဲ့တင် ငါတို့ ဒီခရီးကို လာရတာ တန်နေပြီ”
လူအုပ်ကြားထဲတွင် တီးတိုးပြောဆိုသံများ ထွက်ပေါ်နေပြီး စီနီယာအစ်ကိုကျောက်၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုအသံတိတ် ရောက်လာသူမှာ ထူးဆန်းသော အနက်ရောင်မျက်နှာဖုံးနှင့် အနက်ရောင်တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီ သူ့နောက်ကွယ်တွင် အနက်ရောင် ဝတ်ရုံရှည်ကြီးတစ်ခုက တွဲကျနေခဲ့သည်။
သူသည် အနက်ရောင် လှံရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံးမှ လူသတ်ငွေ့အသက်များ ထွက်ပေါ်နေသည်မှာ အလောင်းပင်လယ်ထဲမှ တက်လာသည့်အတိုင်းပင်။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မဟာပဏ္ဍိတတစ်ဦး၏ ပြင်းထန်လှသော စွမ်းအင်အငွေ့အသက်များ ပေါက်ကွဲထွက်လာလေ၏။
ရှီးမျိုးနွယ်စုဘိုးဘေး တီးတိုးရေရွတ်လိုက်မိသည်။
“ဒါ မြောက်ပိုင်းချောက်နက်အမှောင်အစောင့်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် မဟာပဏ္ဍိတအရိပ်ပဲ။ တော်ဝင်မိသားစုရဲ့ နံပါတ်တစ် လူသတ်သမားလေ။ ဒါဆို သူက အခု မင်းသမီးကြီးရဲ့ လက်အောက်မှာ အမှုထမ်းနေတာပေါ့”
ဘေးမှ ကျင့်ကြံသူများသည် မဟာပဏ္ဍိတအရိပ် ဟူသော အမည်ကို ကြားလိုက်ရုံနှင့်ပင် တုန်လှုပ်သွားကြသည်။
မြောက်ပိုင်းချောက်နက်တွင် သူ၏ ကျော်စောမှုမှာ မဟာပဏ္ဍိတအများစုထက်ပင် သာလွန်နေသေး၏။ သူက အသန်မာဆုံးဖြစ်နေ၍ မဟုတ် လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာကို အထွတ်အထိပ်ထိ တတ်မြောက်ထားသောကြောင့်ပင်။
သူ သားကောင်တစ်ခုကို ပစ်မှတ်ထားလိုက်ပြီဆိုလျှင် မဟာပဏ္ဍိတများပင် လွတ်မြောက်ဖို့ခဲယဉ်းသည်။
သူ၏ စစ်မှန်သော မျက်နှာကို မည်သူမျှ မမြင်ဖူးကြချေ။ သူ့ဆရာက မည်သူဖြစ်သည်ကိုလည်း မည်သူမျှ မသိကြပေ။
သူသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသူဖြစ်သည်။ မဟာပဏ္ဍိတအရိပ် အေးစက်စွာ ပြောလိုက်သည်။
“တာအိုမိတ်ဆွေချူ မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာကတော့ လေကြီးလွန်းရာ ရောက်နေပြီ”
ချူဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ငါ တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ။ ဒါတင်မကသေးဘူး။ မင်းတို့လို မဟာပဏ္ဍိတဆိုတာတွေက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့တောင် မထိုက်တန်ဘူး။ အမှောင်ထဲမှာ ပုန်းနေတဲ့ကောင်တွေ အကုန်ထွက်ခဲ့ကြ။ မင်းတို့လို လမ်းဘေးက ခွေးလေခွေးလွင့် တွေကို ငါ့ကိုယ်စား တခြားလူတွေက ကိုင်တွယ်ပေးလိမ့်မယ်”
ဤစကားအနည်းငယ်သည် လူအုပ်ကြီး၏ စိတ်ဝင်စားမှုကို မီးမွှေလိုက်သည့်အလားပင်။ မဟာပဏ္ဍိတမိုးမြေသည် ဤတစ်ခါတွင် အစွမ်းထက်သော မဟာမိတ် မည်မျှကို ခေါ်ဆောင်လာခဲ့သနည်း။
“ဝုန်း”
ရှုဝမ်ထျန်း၏ နောက်ကွယ်မှ ပြင်းထန်လှသော ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲထွက်လာသည်။
သွေးရောင်လွှမ်းနေသော နဂါးတစ်ကောင် လူအုပ်ကြီး၏ ရှေ့မှောက်တွင် ပေါ်ထွက်လာ၏။
ထိုအရာ၏ တည်ရှိမှုသည် နဂါးအရှိန်အဝါများ ထုတ်လွှတ်နေပြီး သေခြင်းတရား၏ အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေသည်။ ငရဲကိုးထပ် တက်လာသည့်အတိုင်းပင်။
၎င်းကို မြင်တွေ့လိုက်ရသော အသက်ကြီးကြီး ကျင့်ကြံသူများ ရိုသေလေးစားသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။
“ဒါ သွေးငရဲနဂါးပဲ။ သွေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လက်အောက်မှာရှိတဲ့ သားရဲဆယ့်နှစ်ကောင်ထဲက တစ်ကောင်ပေါ့။ သူ ရှုဝမ်ထျန်းရဲ့ အစောင့်အရှောက်အဖြစ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ သွေးနတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်က သူ့ကို အလေးအနက်ထားပုံရတယ်”
လူအုပ်ကြီးထံမှ ထိတ်လန့်သံမဆုံးခင် လုံကျိုက်ယွမ်၏ လက်ထဲရှိ နတ်ဆိုးဓားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာသည်။ ဓားဝိညာဉ်တစ်ခု သူတို့မျက်စိရှေ့မှောက်တွင် ပုံသဏ္ဌာန် ပေါ်လာ၏။
၎င်းသည် မဟာပဏ္ဍိတတစ်ဦး၏ ဝိညာဉ်ပင်။
၎င်းက ဘာမှမပြောသော်လည်း ပေါ်ထွက်လာမှုသက်သက်ဖြင့်ပင် ရပ်တည်ချက်ကို ကြေညာလိုက်၏။
တစ်ချိန်တည်းမှာပင် ရှီးမျိုးနွယ်စုဝင်များကြားတွင် ထိုင်နေကြသော ပင်းယန်နှင့် မဟာပဏ္ဍိတရွှေတောင်ပံတို့သည် ရှေ့သို့ တက်လာကြသည်။
နောက်တစ်စက္ကန့်တွင် သူတို့နှစ်ဦးစလုံး ချူဖုန်း၏ ဘေးတွင် ပေါ်လာကြပြီး မဟာပဏ္ဍိတအရှိန်အဝါများကို အပြည့်အဝ ထုတ်လွှတ်လိုက်ကြသည်။
ထိုနေရာရှိ ကျင့်ကြံသူများသည် အံ့ဩခြင်း မရှိကြပေ။ မဟာပဏ္ဍိတမိုးမြေ၏ တာအိုလက်တွဲဖော်နှင့် စီးတော်ယာဉ် သားရဲနှစ်ကောင်စလုံးသည် မဟာပဏ္ဍိတများ ဖြစ်ကြကြောင်း လူတိုင်း သိထားကြ၏။
ယခုအခါ သူတို့ အသိချင်ဆုံးအရာမှာ ထပ်မံ၍ အစွမ်းထက်ပုဂ္ဂိုလ်များ ပေါ်လာဦးမလားဆိုသည်ပင်။ သူတို့မျက်ဝန်းများသည် ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေနေကြလေ၏။
“စီနီယာ ကျွန်မလည်း တိုက်ခိုက်ချင်တယ်”
ထိုမောက်မာလှသောအသံ ထွက်ပေါ်လာသည်နှင့် တောက်လောင်နေသော နေမင်းတစ်စင်းအလား ပုံရိပ်တစ်ခု ချူဖုန်း၏ ဘေးတွင် ပေါ်လာသည်။
ချူဖုန်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အဲဒီ မဟာပဏ္ဍိတသုံးယောက်ကို မင်းတို့ဆီပဲ လွှဲပေးလိုက်မယ်။ ဒါက ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်မှာပါ”
“ဟုတ်ကဲ့”
ထိုသုံးယောက်စလုံး တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။ မဟာပဏ္ဍိတများကြား တိုက်ပွဲများမှာ ရှားပါးလှသဖြင့် သူတို့ထဲက မည်သူမျှ လေ့ကျင့်ရန် ဤအခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။
ကောင်းကင်ထက်တွင် မဟာပဏ္ဍိတရီရှန်း သည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိသည်။ သူ ခြေတစ်လှမ်း နောက်ကျသွားပြီး ယခုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ် ဆုံးရှုံးလိုက်ရ၏
ယခုအခါ သူသည် လေ့ကျင့်ရန်အတွက် ပိုက်ကွန်ထဲမှ လွတ်မြောက်သွားမည့် ငါးများ ရှိမလားဆိုသည်ကိုသာ စောင့်ကြည့်နေရတော့မည် ဖြစ်သည်။
ပင်းယန်၏ မျက်ဝန်းများသည် ဓားဝိညာဉ်ထံသို့ ကျရောက်သွားသည်။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ရတနာဓားက ဓားဝိညာဉ်တစ်ခု လိုအပ်နေသေးတာ။ မင်းကို သုံးပြီးတော့ပဲ ဓားဝိညာဉ်တစ်ခု သွန်းလုပ်ရတော့မယ်”
“မောက်မာလှချည်လား။ မိန်းကလေး နတ်ဘုရားဓားရဲ့ စွမ်းအားကို စော်ကားလို့မရဘူးဆိုတာ မင်းကို သိအောင် လုပ်ပေးရတာပေါ့”
ဓားဝိညာဉ်က ဟိန်းဟောက်လိုက်သည်။ လုံကျိုက်ယွမ်၏ လက်ထဲရှိ ဓားမှာ သူ့ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး ဓားဝိညာဉ်ထံသို့ ပျံသန်းသွားသည်။
ပင်းယန် အေးစက်စွာ ပြောလိုက်သည်။
“ဒီနေရာက တိုက်ခိုက်ရမဲ့ နေရာမဟုတ်ဘူး။ ကောင်းကင်မှာ တိုက်ခိုက်ရဲလား”
“ဘာလို့ မတိုက်ရမှာလဲ”
ထိုစကားနှင့်အတူ ဓားဝိညာဉ်သည် အထက်သို့ ပျံတက်သွားပြီး ပင်းယန်သည်လည်း နောက်မှ ကပ်လျက် လိုက်ပါသွားလေ၏။
မဟာပဏ္ဍိတရွှေတောင်ပံသည် သူ့အကြည့်ကို သွေးငရဲနဂါးထံသို့ ပို့ထားပြီး သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
“ငါ နဂါးသား မစားရတာ တော်တော်ကြာပြီ။ မင်းရှိနေတော့ အဆင်သင့်ပဲ”
သွေးငရဲနဂါးသည် သူ့ကို ကြည့်နေ၏။ အဘယ်ကြောင့်ဆိုသော် မဟာပဏ္ဍိတရွှေတောင်ပံ၏ သွေးမျိုးဆက်သည် သူတို့ ဘိုးဘေးများ၏ ရန်ငြိုးကို နှိုးဆွပေးလိုက်သောကြောင့်ပင်။
“ဟမ့် ဘယ်သူက ဘယ်သူ့ကို ဝါးမြိုမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“သွားကြစို့”
မဟာပဏ္ဍိတရွှေတောင်ပံသည် အရှေ့ဘက်သို့ ဦးတည် ပျံသန်းသွားပြီး သွေးငရဲနဂါးသည်လည်း တုံ့ဆိုင်းမနေဘဲ နောက်မှ လိုက်ပါသွား၏။
မဟာပဏ္ဍိတကျန်းယန်သည် မဟာပဏ္ဍိတအရိပ်ကို မောက်မာစွာ ငုံ့ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“မျက်နှာကို ဖုံးထားတဲ့ကောင်။ ကောင်းကောင်း မှတ်ထားလိုက်ပါ။ နင့်ကို သတ်မဲ့သူက ဝမ်တောက်ကျောင်းတော် ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ မဟာပဏ္ဍိတကျန်းယန်ပဲ”
ကောင်းကင်စိတ်ဝိညာဉ်ဌာနဟူသော စကားလုံးကြောင့် မဟာပဏ္ဍိတအရိပ်၏ မျက်နှာဖုံးနောက်ကွယ်မှ မျက်ဝန်းများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သို့သော်လည်း ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းပင် ပျောက်ကွယ်သွားပြီး အေးစက်သော လှောင်ပြောင်မှုတစ်ခုဖြင့် အစားထိုးဝင်ရောက်လာ၏။
“အဲလိုဆိုလည်း လာခဲ့လေ။ ဒီနေ့တော့ ငါ နတ်ဘုရားကျောင်းတော်ရဲ့ ပါရမီရှင်ဆိုသူရဲ့ စွမ်းရည်ကို စမ်းသပ်ရမယ်”
သူ့ပုံသဏ္ဌာန်သည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။
“သေးနုပ်တဲ့ လှည့်ကွက်တွေ”
မဟာပဏ္ဍိတကျန်းယန်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ပုံသဏ္ဌာန်သည်လည်း ဝေဝါးသွားကာ ပျောက်ကွယ်သွားသည်။
ကျင့်ကြံသူများသည် သူတို့၏ နတ်ဘုရားအာရုံများကို စေလွှတ်ကာ ထိုနှစ်ယောက်နောက်သို့ လိုက်ကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားကျောင်းတော်မှ ပါရမီရှင်တစ်ဦး၏ တိုက်ပွဲကို မြင်တွေ့ရမည့် အခွင့်အရေးမှာ အလွန်တရာမှ ရှားပါးလှသောကြောင့်ပင်။
ချူဖုန်းက နတ်ဆိုးသူတော်စင်ကျို့ယွမ်ကို စနောက်ကျီစယ်သော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
“အဖိုးကြီး... ခင်ဗျားရဲ့ ကူညီမဲ့သူတွေတော့ မရှိတော့ပုံပဲ။ ကျွန်တော်တို့ ယောက်ျားစစ်စစ်တွေလို တစ်ယောက်ချင်းပဲ တိုက်ခိုက်ကြမလား”
နတ်ဆိုးသူတော်စင်ကျို့ယွမ် ချူဖုန်းက ယခုကဲ့သို့သော စစ်ကူများကို ခေါ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူ၏ မျက်နှာ မည်းသည်းသွားပြီး ချူချန်းဟန် ထံသို့ လှည့်ကာ အော်ဟစ်လိုက်သည်။
“ကောင်လေး... မင်း ဘာကို စောင့်နေတာလဲ။ ရှီးရွှမ်ကို အမြဲတမ်း သတ်ချင်နေတာ မဟုတ်ဘူးလား။ မင်းရဲ့ ဘိုးဘေးက သူ့ကို ဖိနှိပ်မပေးထားရင် မင်း ဘယ်တော့မှ အဲဒီအခွင့်အရေးကို ရမှာမဟုတ်ဘူး”
ချူချန်းဟန်က ခေါင်းညိတ်လိုက်သည်။
“စီနီယာ ဘာမှ ထပ်မပြောပါနဲ့တော့။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
သူ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ညာဘက်လက်ကောက်ဝတ်မှ သွေးကြောကို ဖြတ်တောက်ကာ ရှေးဟောင်း မန္တန်များကို ထုံထိုင်းစွာ ရွတ်ဆိုလိုက်တော့၏။
ချူဖုန်း သူ့ကို မတားဆီးဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေသည်။ မင်း ပြကွက်ကို ဆက် ကစမ်းပါဟူ၍ ပြောနေသည့်အတိုင်းပင်။
မန္တန်ရွတ်ဆိုသံ ပဲ့တင်ထပ်လာသည်နှင့် ချူချန်းဟန်၏ လက်ဝါးထဲမှ သွေးများသည် ရွှေခေါင်းတလားပေါ်သို့ စီးဆင်းသွား၏။
ကြိတ်ချေလိုက်သည့် အသံကြီးနှင့်အတူ တစ်ဝက်မျှ ပွင့်နေသော ခေါင်းတလားအဖုံးသည် တကျိကျိမြည်ကာ မြောက်တက်လာပြီး နောက်ဆုံးတွင် အပြည့်အဝ ပွင့်သွားလေတော့သည်။