အခန်း (၃၉၂)
Vol. 40 Ch. 392
အခန်း(၃၉၂)သူ့အစ်ကိုပေါ်မှာပဲ ခံစားချက်ရှိတဲ့ ညီမလေး
“ဂျူနီယာညီလေးရှီး မိန်းမပျိုလေးက မင်းကို ဖိတ်ခေါ်နေတယ်ဆိုတော့ ငါတို့ မင်းကို မနှောင့်ယှက်တော့ဘူး”
အမွေခံတစ်ဦး အသစ်ဝင်လာသူကို မြင်သောအခါ ဦးစွာ ပြောသည်။
ရှီးရွှမ် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
အမွေခံသည် အခြားသော မင်းသားမင်းသမီးများနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ထွက်သွားတော့သည်။
သူတို့ ထွက်သွားသည်နှင့် ရှီးရွှမ်သည် ကျောက်ကျိရို့ကို အေးစက်စွာ ကြည့်လိုက်သည်။
“မင်းမှာ ဘယ်လိုအကြောင်းအရင်းရှိလို့လဲ”
ကျောက်ကျိရို့ မျက်နှာသည် သနားစဖွယ်လေး ဖြစ်သွားပြီး သူမ အသံတွင် မကျေနပ်ချက်များဖြင့် ပြည့်နေ၏။
“အစ်ကိုရွှမ် ကျွန်မက မကြာခင် အစ်ကို့ဇနီးသည်ဖြစ်တော့မှာ။ ကျွန်မကို ကြင်ကြင်နာနာလေး ဆက်ဆံပေးလို့ မရဘူးလား”
ရှီးရွှမ် နှုတ်ခမ်းများ အသာကွေးတက်သွားသည်။
“ဇနီးသည်လား။ မင်း ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိတာလား”
ထိုစကားများကြောင့် ကျောက်ကျိရို့ မျက်လုံးထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားပြီး နူးညံ့စွာ ပြောသည်။
“အစ်ကိုရွှမ် ရှင့်ညီမလေးကို ဘယ်လိုမျိုး ထင်လိုက်တာလဲ။ ကျိရို့က ရှင့်ကို အမြဲတမ်းလက်ထပ်ချင်ခဲ့တာပါ။ ကျန်တဲ့ တခြားယောက်ျားတွေနဲ့ အီစီကလီလုပ်နေတဲ့ ညီအစ်မတွေနဲ့ မတူပါဘူး”
သူမပြောပြီးသည်နှင့် ရည်ရွယ်ချက်ရှိစွာ ထောင့်သို့ လှမ်းကြည့်သည်။
ရှီးရွှမ် သူမနောက်သို့ လှမ်းကြည့်လိုက်သည့်အခါ အသက်ရွယ်အမျိုးမျိုးရှိသည့် အလှလေးသုံးဦးသည် ချောမောသည့်အမျိုးသားတစ်ဦးနားတွင် ဝိုင်း၍ ရယ်ရယ်မောမောနှင့် သောက်နေသည်ကို တွေ့ရ၏။
ကျောက်ကျိရို့ သူ့အမူအရာကို အနီးကပ်ကြည့်လိုက်သည်။ ရှီးရွှမ်တွင် ဒေါသတရားမရှိဘဲ ဖတ်ရခက်သည့် အပြုံးဖျော့ဖျော့သာရှိသည့်အတွက် သူမ အံ့ဩသွားတော့၏။
“အစ်ကိုရွှမ် တခြားသူတွေလည်း ရှိသေးတယ်”
သူမ ပွဲအခမ်းအနား၏ တခြားထောင့်ဘက်သို့ မဝံ့မရဲ ညွှန်ပြသည်။
ရှီးရွှမ် မေးလိုက်သည်။
“မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား”
ကျောက်ကျိရို့ ကြောင်အသွားသည်။ ဤရှီးရွှမ်သည် ကောလဟာလများထဲနှင့် မတူပေ။ သူက ဂုဏ်သိက္ခာကို အလေးထားပြီး စိတ်အပြောင်းအလဲမြန်ကာ ခန့်မှန်းရခက်သူ တစ်ဦးဖြစ်ရမည်မဟုတ်လော။ ယခု သူ့စေ့စပ်ထားသူများသည် အခြားယောကျ်ားများနှင့် အတူရှိနေသည်ကို မြင်သော်လည်း ဒေါသမထွက်သည့်အပြင် သူမကိုပင် တမင်သပ်သပ်လုပ်ထားခြင်းလားဟု ပြန်၍ မေးနေ၏။
“မဟုတ်တာ။ သေချာပေါက်မဟုတ်ဘူးပေါ့။ ဒီညီမလေးက သူ့အစ်ကိုပေါ်မှာပဲ စိတ်ရှိတာပါ”
ရှီးရွှမ် ရယ်မောသည်။
“မင်းက အတော်လေးလိမ္မာတဲ့ ကောင်မလေးပဲ။ ဒါပေမဲ့ ဒီမင်းသားက မိန်းမတိုင်းကို မြင်ဖူးတယ်ကွ။ မင်းရဲ့ လှည့်ကွက်ပိစိလေးတွေကို ဖွက်ထား။ ငါ့ကို ပြဿနာ လာမရှာနဲ့”
“ကျိရို့က မင်းသားကိုပဲ လက်ထပ်ချင်တာပါ။ သူက ရှင့်ကို ဘယ်တော့မှ ပြဿနာ ပေးမှာ မဟုတ်ပါဘူး”
သူမသည် ငတုံးမဟုတ်ပေ။ သူ့စကားနောက်တွင် ပါဝင်သည့် အဓိပ္ပာယ်ကို သူမကောင်းစွာ နားလည်လေသည်။
“အိုး တကယ်လား။ ငါတို့ လက်ထပ်တဲ့နေ့ကြရင် မင်းအရင်စေ့စပ်ထားသူက ပြဿနာ လာမရှာဘူးဆိုတာ သေချာလို့လား”
ရှီးရွှမ် ရယ်ချင်ပက်ကျိမေးလိုက်သည်။
ဘုတ်
ကျောက်ကျိရို့ ဒူးထောက်လိုက်ပြီး အလျင်အမြန် ရှင်းပြသည်။
“အရှင်မင်းသား ကျိရို့က အဲ့လူနဲ့ ဘာမှ လုပ်စရာ အကြောင်းမရှိပါဘူး။ ကျွန်မ သူနဲ့ ကတိကဝတ်ဖျက်သိမ်းပြီးပါပြီ”
ရှီးရွှမ် သူမကို ထရပ်ရန် ကူညီပေး၏။
“ရပြီ။ ငါ ဒီကိစ္စတွေကို တူးဆွဖို့ မရည်ရွယ်ပါဘူး။ အရာအားလုံးကို စေ့စပ်ပွဲနေ့ကြရင် ဆုံးဖြတ်ပေးလိမ့်မယ်။ မင်း အခုတော့ ပြန်လို့ရပြီ”
“ဟုတ်ကဲ့”
ထိုသည်ကိုကြားမှ ကျောက်ကျိရို့ စိတ်သက်သာရာရသွားတော့သည်။ သူမ စေ့စပ်ပွဲမတိုင်ခင် အမြင်ကောင်းလေးတစ်ခု ချန်ရစ်ချင်ခဲ့၍ လာခြင်းဖြစ်၏။ ကောလဟာလများလို့ ဝမ်တောက်ကျောင်းတော်သည် မင်းသားကို ငြင်းပယ်ခဲ့လျှင်ပင် သူမ ကျန်းချွမ်တိုင်းပြည်ထက်တော့ ပို၍ ကောင်းသေးသည်။
သူမ ထွက်သွားပြီးနောက် ရှီးရွှမ် ကျန်သည့်စေ့စပ်ထားသူများကို ကြည့်လိုက်၏။
သူတို့က သူ့ကို စိတ်မပျက်စေပေ။ သူ့မျက်စိအောက်၌ပင် အခြားအမျိုးသားများဖြင့် အီစီကလီရိုက်နေသည်။
‘မင်းတို့တွေ နောက်ထပ်ဘာလုပ်မှာလဲ’
‘စေ့စပ်ပွဲကနေ ထွက်ပြေးမှာလား’
‘သတို့သမီးကို ဝင်လုမှာလား’
ရှီးရွှမ်၏ အပြုအမူကို မြောက်ပိုင်းချောက်နက်မင်းဆက်မှ လူများ စောင့်ကြည့်နေကြသည်။
“ချန်းဂျီ ရှီးရွှမ်က ကန်းနေတာလား။ သူ့စေ့စပ်ထားတဲ့သူတွေ တခြားအမျိုးသားနဲ့ ပလူးနေတာ မမြင်ဖူးလား”
ရှုချန်းဂျီသည် ဤတစ်ကြိမ်တွင် သူတို့ အုပ်စုကို ဦးဆောင်လာသူဖြစ်ပြီး ယခင်ကလည်း ရှီးရွှမ်နှင့် အကြိမ်ပေါင်းများစွာ ပြဿနာ ဖြစ်ဖူးပေသည်။ ရှီးရွှမ်သည် မောက်မာ ဒေါသထွက်လွယ်ပြီး သေးသေးတင်ပင် ခံသည့်သူ မဟုတ်ကြောင်း ကောင်းကောင်းသိထား၏။
‘အခုမှ မျက်လုံးကန်းသွားတာလား။ ရှီးရွှမ် ဘာတွေကြံနေတာလဲ’
ရှုချန်းဂျီ ခေါင်းခါသည်။
“ငါလည်း ရှီးရွှမ် ဘာကြံနေလဲဆိုတာ မသိဘူး”
“ဒါမှမဟုတ် ငါတို့ မီးထဲ လောင်စာ ထပ်ထည့်လိုက်ရမလား”
မင်းသမီးတစ်ပါးက မရိုးမဖြောင့် ပြုံးလိုက်သည်။
သူတို့သည် ရှီးရွှမ်စေ့စပ်ပွဲသို့ လက်ဆောင်လာပေးရုံမဟုတ်ပေ။ သူတို့ ရှီးမိသားစု၏ ပုန်းကွယ်နဂါးတစ်ကောင် သူ့ကံကြမ္မာ ဆုံးရှုံးသွားခြင်းကို လာကြည့်ကြခြင်းပင်။ အသတ်ခံလိုက်ရလျှင်တော့ ပို၍ ကောင်းသည်။
ရှီးမိသာစုသည် သူတော်စင်တစ်ပါးကို မွေးထုတ်ထားနိုင်၏။ မြောက်ပိုင်းချောက်နက်မင်းဆက်သည် ဒုတိယတစ်ယောက် ထွက်ပေါ်ခွင့် မပြုနိုင်ချေ။ ရှီးမိသာစုတွင် နောက်ထပ်သူတော်စင်တစ်ပါး ထွက်ပေါ်လာနိုင်သည့် မည်သည့်အရိပ်အယောင်ကိုမဆို မြောက်ပိုင်းချောက်နက်မင်းဆက်က မြေစမ်းခရမ်းပျိုးအဆင့်မှာတင် ဖျက်ဆီးပစ်ရပေမည်။
ရှုချန်းဂျီ ပြုံးသည်။
“ဝမ်ရွှမ် မင်းတို့ကောင်မလေးတွေက အကြံတွေ ပြည့်နေတာပဲ။ မင်းတို့ပြောသလိုပဲ လုပ်ကြတာပေါ့။ ရှီးမိသားစုရဲ့ ပုန်းကွယ်နဂါး ဘယ်လောက်ထိစိတ်ရှည်မလဲ ကြည့်ကြတာပေါ့”
အနားက တစ်ယောက်က ပြောသည်။
“ရှီးရွှမ်မှာ အခုထိ ထုတ်မပြရသေးတဲ့ ဝှက်ဖဲဘာညာ ရှိနိုင်လား”
“ဟမ့်”
ရှုဝမ်ရွှမ် နှာခေါင်းရှုံ့သည်။
“သူ့မှာ ဘာရှိမှာမလို့လဲ။ မင်းတို့ ဝမ်တောက်ကျောင်းတော်က ဝင်ပါမယ်ထင်နေလား။ သုံးနှစ်လုံး ကျင့်ကြံတာတောင် အောင်မြင်မှုမရှိတဲ့ တပည့်တစ်ယောက်ကိုလေ။ ကျောင်းတော်က သူ့ကို စွန့်ပစ်လိုက်တာမှ ဟုတ်ဦးမယ်”
“အစ်မဝမ်ရွှမ် အငြိုးကြီးလှချည်လား။ ရှီးရွှမ်က အစ်မတို့ လက်ထပ်ပွဲကမ်းလှမ်းတာကို ငြင်းလိုက်လို့ အရှက်ကွဲတာကို အခုထိ မကြေသေးဘူးလား”
လှပသည့် မိန်းကလေးတစ်ဦးက လှောင်ပြောင်လိုက်သည်။
“ဝမ်လင်း နင်စကားကို ကြည့်ကြပ်ပြော။ နင်ကိုယ်တိုင်လည်း တစ်ချိန်က ရှီးရွှမ်ကို သဘောကျခဲ့တာ ငါမသိဘူးမထင်နဲ့။ အခု သူ့စေ့စပ်ထားသူတွေထဲ နင်မပါတော့ နင် မနာလိုဖြစ်နေတာ ငါမသိဘူးမထင်နဲ့”
ရှုဝမ်ရွှမ် ပြန်ပတ်လိုက်သည့်အတွက် တော်ဝင်မိသားစုအကြား ပေါ့ပေါ့ပါးပါးဖြစ်နေသည့် အခြေအနေသည် ရုတ်ချည်း တင်းမာလာတော့၏။
ရှုချန်းဂျီသည် ထိုကောင်မလေးနှစ်ယောက် ရန်ဖြစ်မည်ဟု မထင်ထားချေ။ သူ ဆူပူလိုက်ချင်သော်လည်း အဆုံးတွင် သူ့စကားလုံးများကို ပြန်မျိုချလိုက်ရ၏။ သူသည် ယခုတစ်ကြိမ် လာရောက်လည်ပတ်ခြင်း၏ ခေါင်းဆောင်ဖြစ်သော်လည်း ရှီးမိသားစုတွင် ရှီးရွှမ်ရသည့် ဩဇာအာဏာမျိုး သူ့တွင် မရှိချေ။ သူ ဆူပူလိုက်ရင်တောင် ထူးခြားလာမည်မဟုတ်ပေ။
သူ အတင်းအကြပ် ပြုံးလိုက်သည်။
“ဝမ်းကွဲတို့ အခုကိစ္စကိုပဲ အာရုံစိုက်ရအောင်”
“ဟမ့်”
ရှုဝမ်ရွှမ်သည် ရှုဝမ်လင်းကို အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဝမ်းကွဲချန်းဂျီကြောင့် ငါ့အဆင့်ကို နိမ့်ပြီး နင်နဲ့ ရန်မဖြစ်တော့ဘူး”
ရှုဝမ်လင်း ဘာမှမပြောတော့ဘဲ ပြုံးပြလိုက်သည်။
ပွဲအခမ်းအနားက ညသန်းခေါ်အထိ ကျင်းပခဲ့ပြီးနောက်မှသာ လူစုခွဲသွားတော့သည်။
ရှီးရွှမ် အချိန်ဆွဲမနေတော့ဘဲ အစောင့်ခေါင်းဆောင်နှင့်အတူ တော်ဝင်ဥယျာဉ်ထဲမှ ထွက်လာလိုက်သည်။ ခဏအကြာ သူရထားလုံးပေါ် တက်လိုက်ချိန်တွင် အေးခဲသွားပြီး ဒူးထောက်ချလုနီးပါးဖြစ်သွား၏။
အထဲတွင် ထိုင်နေသည့် လူတစ်ယောက်က ခေါင်းခါပြီး ရှီးရွှမ်ကို ထိုင်ဖို့ အချက်ပြသည်။ ရှီးရွှမ် ခေါင်းညိတ်ပြီး ထိုသူဘေးတွင် လေးစားစွာ ထိုင်သည်။
“မြေးက ဘိုးဘေးကို ဂါဝရပြုပါတယ်။ ဘိုးဘေး ဘာလို့ ဒီနေ့ရောက်လာတာလဲ”
ထိုသူက ရှီးမိသားစု၏ ဘိုးဘေးခန်းမ၌ နေထိုင်သည့် မဟာပဏ္ဍိတများထဲမှ တစ်ပါးပင်။
သူ ပေါ်လာခြင်းက ရှီးရွှမ်ကို အံ့အားသင့်သွားစေသည်။
“တော်ဝင်မိသားစုနောက်ကနေ မဟာပဏ္ဍိတတစ်ပါး ပါလာတယ်။ ငါလှုပ်ရှားမှုတွေ သူ သတိမထားမိအောင် ဒီကနေ စောင့်နေတာ”
ဘိုးဘေးရှီး တည်ငြိမ်စွာ ပြောသည်။
ရှီးရွှမ်သည် ငတုံးမဟုတ်ပေ။ ထိုသည်ကို ကြားသော် သူတစ်ခုခု လွတ်သွားကြောင်း သိလိုက်၏။ သူ မျက်လုံးများကို မှေးကျဉ်းရင်း ပြောလိုက်သည်။
“ဘိုးဘေး အခု ကျွန်တော်တို့ အခြေအနေက မြောက်ပိုင်းချောက်နက်မင်းဆက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ပြောချင်တာလား။ သူတို့ နောက်ကွယ်မှာ အကွက်ချနေတာလား”
“ဟုတ်တယ်”
ဘိုးဘေး၏အသံက လေးလံနေသည်။
“ငါတို့မျက်စိအောက်မှာတင် လှည့်ကွက်တွေသုံးပြီး ကစားရဲတာ သူတို့ကလွဲပြီး ဘယ်သူရှိသေးလို့လဲ”
ရှီးရွှမ် တိတ်ဆိတ်နေပြီး သူ့မျက်နှာက အတွေးနက်နေတော့သည်။
မြောက်ပိုင်းချောက်နက်မင်းဆက် ပါဝင်လာသည်ဆိုပါက သူ့ဆရာပါ ပါဝင်ပတ်သက်ရပေတော့မည်လော။
နှစ်ယောက်သား ချန်ဆန်းအိမ်တော်ရောက်သည်အထိ မြင်းလှည်းထဲတွင် တိတ်ဆိတ်နေတော့၏။
ဘိုးဘေးမဆင်းခင်း ခြံဝင်းထဲမှ အသံဗလံများ ကြားလိုက်ရသည်။
သူ ရှီးရွှမ်ကို လှည့်ကာ မေးလိုက်သည်။
“ရွှမ်အာ ဒါဘာတွေလဲ”