← Chapters

အခန်း (၃၉၄)

Vol. 40 Ch. 394

အခန်း (၃၉၄)

Vol. 40 Ch. 394

အခန်း(၃၉၄) ခြောက်ခြားဖွယ်ရာ လက်ထက်ပွဲ

ရှီးရွှမ်သည် ဝင့်ကြွားလှသော နဂါးမြင်းတစ်ကောင်ကို စီးနင်းကာ စီတန်းလှည့်လည်မှု၏ ရှေ့ဆုံးမှ ဦးဆောင်လာပြီး လူအများ၏ အာရုံစိုက်မှုကို တစ်ဝကြီး ခံယူနေ၏။

စီတန်းလှည့်လည်မှု၏ နောက်ဆုံးတွင် ချူဖုန်း၊ ပင်းယန်နှင့် ရှီးမျိုးနွယ်စုမှ ဘိုးဘေးတို့မှာ ရထားလုံးတစ်စီးတည်းကို အတူတူ မျှဝေစီးနင်းလာကြသည်။

ချူဖုန်းက လိုက်ကာကို ဘေးသို့ ဖယ်လိုက်ပြီး လမ်းတစ်လျှောက်ရှိ လှိုင်းလုံးကြီးပမာ တိုးဝှေ့နေသော လူအုပ်ကြီးကို ကြည့်လိုက်ရာ တစ်ယောက်မကျန် အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြပြီး သာမန်လူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို တွေ့မြင်လိုက်ရ၏။

မည်သူမျှ သတိမထားမိလိုက်ခင် စီတန်းလှည့်လည်မှုသည် မင်းနေပြည်တော်မှ ထွက်ခွာလာကာ မြို့ရိုးအပြင်ဘက်ရှိ မြင့်မားသော တောင်တန်းတစ်ခုဆီသို့ ဦးတည်က သွားနေတော့သည်။

တောင်ထိပ်နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ ဘေးမှကြည့်ရှုသူတို့၏ ကျင့်ကြံဆင့်များမှာ ပို၍ မြင့်မားလာပြီး တာအိုတည်ဆောက်ခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများကိုပင် မြင်တွေ့ရသည်မှာ ရှားသွား၏။

ရထားလုံးအတွင်း၌ ချူဖုန်းမှာ တောင်ထိပ်ပေါ်ရှိ နန်းတော်ဆီသို့ မျှော်ကြည့်ရင်း ရုတ်တရက် မေးမြန်းလိုက်သည်။

“တာအိုမိတ်ဆွေရှီး... ရှီးရွှမ်းရဲ့ လက်ထက်ပွဲကို ဘာလို့ ဒီနေရာမှာ ကျင်းပရတာလဲ”

ရှီးမျိုးနွယ်စု ဘိုးဘေးက ရယ်မောလိုက်သည်။

“ဒီလသာဆောင်က ကျုပ်တို့ရှီးမျိုးနွယ်စုရဲ့ တည်ထောင်သူ တာအိုအလင်းပွင့်ခဲ့တဲ့ နေရာပဲ။ တည်ထောင်သူ ကွယ်လွန်ပြီးတဲ့နောက် သူ့ကို အောက်မေ့သတိရတဲ့အနေနဲ့ မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ အခမ်းအနားမှန်သမျှကို ဒီနေရာမှာပဲ ကျင်းပခဲ့ကြတာ”

“ရှီးရွှမ်ရဲ့ လက်ထက်ပွဲကို ဒီမှာ စီစဉ်ရတာက ငါတို့သူ့အပေါ် ဘယ်လောက်အလေးထားလဲဆိုတာ လောကကြီးကို ပြသချင်လို့ရော၊ တည်ထောင်သူ သူကိုယ်တိုင်က ဒီလက်ထက်ပွဲကို သက်သေအဖြစ် ကြည့်ရှုနေတယ်လို့ ဆိုလိုချင်လို့ပါပဲ။ ဒါပေမဲ့...”

ချူဖုန်းမှာ ဘိုးဘေး၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို အလွယ်တကူပင် ရိပ်မိသွားပြီး ပြုံးလိုက်သည်။

“ရှီးမျိုးနွယ်စုရဲ့ တည်ထောင်သူ ရှေ့မှာပဲ ရှီးရွှမ်က တခြား ကံကြမ္မာသားတော် လူငယ်တွေကို နင်းခြေပြီး အထွတ်အထိပ်လမ်းစဉ်ကို တက်လှမ်းပြတာဟာ သမိုင်းတွင်မယ့် ပုံပြင်ကောင်းတစ်ပုဒ် ဖြစ်လာမှာ မဟုတ်ဘူးလား”

ရှီးမျိုးနွယ်စုဘိုးဘေးက အားရပါးရ ရယ်မောကာ လက်သီးဆုပ်၍ ဆိုလိုက်သည်။

“တာအိုမိတ်ဆွေ ပြောတာ အကျိုးအကြောင်းရှိပါတယ်။ ကျုပ်လည်းပဲ ရှီးရွှမ်ရဲ့ မကြာခင် ပြသမဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေမိတယ်”

သူတို့ စကားပြောနေစဉ်အတွင်းမှာပင် ရှီးမျိုးနွယ်စု၏ စီတန်းလှည့်လည်ခြင်းမှာ အလှဆင်မွမ်းမံမှုများ၊ မီးအိမ်များဖြင့် အောင်ပွဲကို ကြေညာနေသော လသာဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။

ကျယ်ဝန်းလှသော ရင်ပြင်ထက်တွင် ဧည့်သည်တော်များစွာ ရောက်ရှိနေပြီး ကျင့်ကြံသူများ၏ မျက်နှာထက်ရှိ အမူအရာများမှာလည်း အမျိုးမျိုး ကွဲပြားနေကြသည်။

အချို့က မျှော်လင့်ချက်များဖြင့်၊ အချို့က လှောင်ပြောင်သရော်မှုများဖြင့်၊ အချို့ကမူ နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြုနေကြလေ၏။

ရထားလုံးပေါ်မှ ဆင်းပြီးနောက် ချူဖုန်းနှင့် ရှီးမျိုးနွယ်စုဘိုးဘေးမှာ လူအုပ်ကြီးနှင့် ရောနှောခြင်းမရှိဘဲ အတူတကွ ရပ်နေရင်း အေးအေးလူလူ လက်ဖက်ရည် သောက်နေကြသည်။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားပြီး ရင်ပြင်အတွင်းသို့ ကျင့်ကြံသူများ ပိုမို ပြည့်နှက်လာခဲ့၏။ ပွဲ၏ အဓိကဇာတ်လိုက်ဖြစ်သော ရှီးရွှမ်မှာမူ ယခုထက်ထိ ပေါ်မလာသေးဘဲ လသာဆောင်၏ ခန်းမကြီးတစ်ခုအတွင်း၌ သူ့မိသားစုနှင့် စကားစမြည် ပြောဆိုနေဆဲပင်။

အခြားခန်းမတစ်ခုတွင်မူ ပြီးပြည့်စုံသော အလှနတ်ဘုရားမ ကိုးဦးတို့သည် အုပ်စုငယ်လေးများခွဲကာ စကားပြောနေကြပြီး ကျောက်ကျိရို့ တစ်ယောက်သာ ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်း ထိုင်နေခဲ့၏။

သူမက သူတို့ကို ကြည့်ကာ ခါးခါးသီးသီး တွေးနေမိလေ၏။

ဤလူအများမှာ ရှီးအိမ်တော်၏ အနာဂတ်ကို ပစ်ပယ်ပြီး ချောမောသော ယောကျာ်းပျိုလေးများကိုသာ မျက်စိမှိတ်၍ အလိုလိုက်နေကြသည်။ မကြာခင် သူတို့ နောင်တရကြရတော့ပေမည်။

“အချိန်ကျပါပြီ။ ဂုဏ်သရေရှိ ဧည့်သည်တော်များ စေ့စပ်ပွဲ အခမ်းအနား ကျင်းပမဲ့နေရာကို ကြွရောက်ပေးကြပါရန်”

ကျယ်လောင်သော အသံတစ်ခု ကြေညာလိုက်သဖြင့် အမျိုးသမီးကျင့်ကြံသူများ ထရပ်ကာ အပြင်ဘက်သို့ ထွက်ခွာလာကြလေ၏။

အမျိုးသမီးတစ်ဦးစီတိုင်းမှာ အနုစိတ် ပြင်ဆင်ဝတ်ဆင်ထားကြပြီး ယနေ့တွင် မိမိကိုယ်ကိုယ် အလှဆုံးဟု ကြေညာနေသည့်အလား အဆုံးစွန်သော ယုံကြည်ချက်များ ဝေဖြာနေကြသည်။

သူတို့ အပြင်သို့ ထွက်လာသောအခါ ရှီးရွှမ်နှင့် တွေ့ကြလေတော့၏။

ကျောက်ကျိရို၏ ချိုသာသော အပြုံးမှအပ ကျန်ရှိသော အမျိုးသမီး ရှစ်ဦးစလုံး၏ မျက်နှာများမှာမူ ရှုံ့မဲ့နေကြပြီး ငါတို့ ဒီလိုပြင်ဆင်လာတာ နင့်အတွက် မဟုတ်ဘူး အခြားတစ်ယောက်အတွက်ဟု ဆိုနေသည့်အလားပင်။

ရှီးရွှမ်မှာ ငတုံးမဟုတ်ပေ။ သူ သူတို့၏ မျက်နှာများကို မြင်သောအခါ စိတ်ထဲမှ တွေးလိုက်၏။

‘မင်းတို့ ခဏလောက် ထပ်ပြီး ပျော်ပါးထားကြဦးပေါ့။ မကြာခင်မှာ မင်းတို့နဲ့ မင်းတို့ရဲ့ မိသားစုတွေကို ရှီးမျိုးနွယ်စုက ရှင်းပစ်တော့မှာ’

သူတို့ ဆယ်ဦးစလုံးမှာ တစ်ယောက်ချင်းစီ၌ ကွယ်ဝှက်ထားသော အကြံအစည်များဖြင့် သူစိမ်းများကဲ့သို့ ရင်ပြင်ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။

အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များသည်လည်း ရင်ပြင်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ချူဖုန်းနှင့် ရှီးမျိုးနွယ်စုမှ ကျင့်ကြံသူများသာ ထောင့်တစ်နေရာတွင် ထိုင်လျှက် အလောတကြီးမဖြစ်ဘဲ လက်ဖက်ရည်ကို ဇိမ်ဖြင့် သောက်နေကြသည်။

“ လာပါပြီ”

စူးရှပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး လူအပေါင်း၏ အကြည့်များမှာ အသံလာရာဆီသို့ တစ်ပြိုင်နက်တည်း လှည့်သွားကြလေ၏။

ရှီးရွှမ်နှင့် ကျောက်ကျိရို့တို့မှာ ရှေ့ဆုံးမှ လျှောက်လှမ်းလာကြသည်။ ကျောက်ကျိရို့၏ မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများ ပွင့်လန်းနေပြီး ရှီးရွှမ်မှာမူ တစ်ချိန်က ရှီးမျိုးနွယ်စု၏ အထက်မြက်ဆုံး သူတစ်ဦး၏ အရှိန်အဝါကို ပြန်လည် ဆောင်ကြဉ်းထားကာ လှုပ်ရှားမှုတိုင်းတွင် မာနထောင်လွှားမှုများ အထင်အရှား ရှိနေခဲ့သည်။

သူတို့ပေါ်ထွက်လာမှုသည် လူတိုင်း၏ အကြည့်ကို ဖမ်းစားသွားပြီး လူအုပ်ကြီးကြားမှ တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာလေတော့၏။

“ဝမ်တောက် ကျောင်းတော်မှာ သုံးနှစ်လောက် အချိန်ဖြုန်းပြီးတဲ့နောက် ရှီးမျိုးနွယ်စုရဲ့ ပါရမီရှင်ဟာ သူ့ရဲ့ အရင်လို ထက်မြက်မှုတွေ ပျောက်ဆုံးသွားပြီလို့ ပြောကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေ့မှာ အရင်အတိုင်း ပြန်ဖြစ်နေရတာလဲ”

“ဟန်ပြသက်သက် ဖြစ်မှာပါ။ ဒါက သူ့ရဲ့ စေ့စပ်ပွဲပဲ။ လူပုံအလယ်မှာ မျက်နှာအပျက်ခံမှာ မဟုတ်ဘူး”

မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်အဖွဲ့ဝင်များမှာ အကျွမ်းတဝင်ရှိသော်လည်း ဆန်းပြားနေသော ရှီးရွှမ်ကို ကြည့်ကာ သူတို့မျက်လုံးများထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားကြလေ၏။

ရှုဝမ်ရွှမ်က တိုးတိုးပြောလိုက်သည်။

“ဝမ်းကွဲအကို ဒီနေ့ ရှီးရွှမ် ပြုမူနေတာ တော်တော် ထူးဆန်းတယ်။ အဲဒီနေ့က တော်ဝင်နန်းတော်ထဲမှာ ရှိနေခဲ့တဲ့ ပုံစံနဲ့ လုံးဝကို ကွဲပြားနေတာပဲ”

ရှုချန်းဂျီ ရယ်မောလိုက်သည်။

“သူ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ... ဒီနေ့တော့ သူ အရှက်ကွဲဖို့ ကံပါတာပဲ။ မယုံရင် သူ့နောက်မှာ ရပ်နေတဲ့ စေ့စပ်ထားသူ ရှစ်ယောက်ကိုပဲ ကြည့်လိုက်”

သူ့စကားကြောင့် လူတိုင်းမှာ ရှီးရွှမ်၏ နောက်ဘက် ခြေတစ်လှမ်းအကွာတွင် ရပ်နေသော အမျိုးသမီး ရှစ်ဦးကို လှမ်းကြည့်လိုက်ကြ၏။

တစ်ဦးချင်းစီ၏ မျက်နှာများမှာ ရှုံ့မဲ့နေကြပြီး ရှီးရွှမ်နှင့် လက်ထပ်ရခြင်းမှာ မထိုက်တန်သော ကပ်ဆိုးတစ်ခုအလားပင်။

ရှီးမျိုးနွယ်စုဘိုးဘေးမှာ သူတို့ မျက်နှာများကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေ၏။

“ကျေးဇူးကန်းတဲ့ အုပ်စု”

သူ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

“သူတို့က ရှီးနွယ်စုရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ယူသုံးထားကြပြီးတော့ အခုလို အချိန်မျိုးမှာ ဒီလို အမူအရာမျိုး ပြရဲတယ်ပေါ့။ သူတို့နောက်ကွယ်က အင်အားစုတွေကို ငါ ဒီအတိုင်း အလွတ်ပေးမှာ မဟုတ်ဘူး”

ချူဖုန်းက စနောက်လိုက်သည်။ “တာအိုမိတ်ဆွေ... တစ်ခုပြောဖို့ မေ့နေတယ်။ ဒီမိန်းမတွေက ခင်ဗျားတို့ရှီးမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို သုံးပြီး သူတို့ရဲ့ ရည်းစားငယ်လေးတွေကို ကျွေးမွေးနေကြတာလေ”

“…”

ရှီးမျိုးနွယ်စုဘိုးဘေးသည် စိတ်ထဲမှ ခါးသီးစွာ တွေးလိုက်မိသည်။

‘မင်း ကောင်းကောင်းမွန်မွန် မပြောနိုင်ရင်လည်း နည်းနည်းပဲ ပြောစမ်းပါ။ ငါလည်း အခုတင် အမောဆို့နေရတဲ့ကြားထဲ မင်း ဘာလို့ နောက်ထပ် ဓားတစ်ချက် ထပ်စိုက်ရတာလဲ”

ထိုအချိန်တွင် လူအုပ်ကြီးထဲမှ ကျင့်ကြံသူများသည် အမျိုးသမီးများ၏ မထီမဲ့မြင် ပြုနေသော မျက်နှာများကို ဂရုမထားဘဲ အသံထွက်၍ ဝေဖန် အကဲဖြတ်နေကြ၏။

“ကျောက်စိမ်းဓားဂိုဏ်းက ပိုင်စုချင်းနဲ့ ကျင်းမိသားစုက ကျင်းရှီတို့ကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပါပဲ။ ကျန်းချွမ်နိုင်ငံက ကျောက်ကျိရို့ကလည်း သူတို့ထက် မလျော့ပါဘူး။ ရှီးမျိုးနွယ်စုရဲ့ ပါရမီရှင်အတွက်တော့ တကယ့်ကို အားကျစရာပဲ”

“ငါ့အမြင်ကတော့ အဲဒီသုံးယောက်က ကိုးယောက်ထဲမှာ ပျမ်းမျှလောက်ပဲ ရှိပါသေးတယ်။ ရေခဲနှလုံးသားနန်းတော်က ရှုကျန်း၊ မြောက်ပိုင်းတောရိုင်းနိုင်ငံမှ ဟန်လဲ့နဲ့ လကြည့်ဂိုဏ်းက ယန်ရှုဟွာတို့ကမှ တကယ့် အလှပဆုံးတွေ”

“မင်းတို့နှစ်ယောက်က ရုပ်ရည်အကြောင်းပဲ ပြောနေတာ။ ငါ့အမြင်အရဆိုရင် ကျောက်စိမ်းမီးဖိုဂိုဏ်းက ထောင်ယောင်ယောင်၊ လင်းဂျီဂိုဏ်းက ထူဂျီယီနဲ့ မဟာနှင်းမှုန်တောင်တန်းက မူရုန်တို့ကမှ တကယ့် ရတနာအစစ်တွေ။ သူတို့ကို ကြည့်ရုံနဲ့တင်...”

ဤမှတ်ချက်များကို တိုးတိုးတိတ်တိတ်သာ ပြောဆိုကြခြင်းဖြစ်၍ ယနေ့၏ အဓိကပုဂ္ဂိုလ်ဖြစ်သော ရှီးရွှမ်၏ နားထဲသို့ သဘာဝအတိုင်း ရောက်ရှိမသွားချေ။

သူက ဧည့်သည်တော်များကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အကျွမ်းတဝင်ရှိသော မျက်နှာများကို ရှာဖွေလိုက်၏။

မကြာမီပင် ရှေ့ဆုံးတန်းများထဲ၌ တော်ဝင်နန်းတော်တွင် သူ မြင်တွေ့ခဲ့ဖူးသော တစ်စုံတစ်ဦးကို သူ တွေ့ရှိသွားသည်။

ထိုသူသည်လည်း ရှီးရွှမ်၏ စိုက်ကြည့်မှုကို သိရှိသွားသည့်အလား ချက်ချင်းပင် ရန်စလိုသော အကြည့်ဖြင့် ပြန်လည် ကြည့်လိုက်လေ၏။

ရှီးရွှမ်ကမူ မည်သည့်တုံ့ပြန်မှုမျှ မပြုဘဲ လူအုပ်ကြီးကို ဆက်လက် လေ့လာနေခဲ့သည်။ အကယ်၍ ကံကြမ္မာသားတော် တစ်ယောက်တည်းသာ လာခဲ့မည်ဆိုလျှင် ဤပြဇာတ်သည် လုံလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည် မဟုတ်ချေ။

ထိုအခိုက်အတန့်တွင်ပင် ဟိန်းထွက်လာသော အသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။

“ရှီးရွှမ်ရဲ့ လက်ထက်ပွဲပွဲ အခမ်းအနားအတွက် ရှီမျိုးနွယ်စုရဲ့ လသာဆောင်ကို ကြွရောက်လာကြတဲ့ သူအားလုံးကို ကြိုဆိုပါတယ်။ ဒီအဘိုးကြီး ရှီးကျန့်နန်က ခရီးဦးကြိုပြုပါတယ်”

ထိုအသံ ဆုံးသွားသည်နှင့် ခန့်ညားထည်ဝါသော အကြီးအကဲတစ်ဦးက ပေါ်ထွက်လာသည်။

စုဝေးနေသော ဧည့်သည်တော်များအားလုံး လက်နှစ်ဖက်ကို ဆုပ်ကာ ဂါရဝပြုလိုက်ကြ၏။

“ဘုရင်ကျန့်နန်က အမြင်ရှိလှပါပေတယ်၊ ရှီမျိုးနွယ်စု ကံကြမ္မာသားတော်ရဲ့လက်ထက်ပွဲကို တက်ရောက်ခွင့်ရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ”

ဘုရင်ကျန့်နန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျာ... မင်္ဂလာရှိတဲ့ အချိန်ကျရောက်လို့ လာပါပြီ။ တည်ခင်းဧည့်ခံခြင်းကို တရားဝင် စတင်ကြောင်း ကြေညာလိုက်ပါတယ်”

ဇနီးမောင်နှံလောင်းများ၏ အကြီးအကဲများအဖြစ် နေရာယူရန်အတွက် လက်ထက်ပွဲကို လူရိပ် ဆယ်ခု ဆင်းသက်လာခဲ့ကြသည်။ ရှီးမျိုးနွယ်စုမှ အစေခံများသည် ကုလားထိုင်များနှင့် စားပွဲများကို အဆင်သင့် ပြင်ဆင်ထား၏။

ရှီးရွှမ်နှင့် ခုနစ်ပုံတစ်ပုံခန့် တူညီသော အမျိုးသားတစ်ဦးသည် ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပင်မနေရာတွင်နေရာယူလိုက်ကာ ကျန်ရှိသော ကိုးဦးမှာမူ ကျန်နေရာများတွင် ဝင်ရောက် ထိုင်လိုက်ကြသည်။

ထူးဆန်းသည်မှာ ပျော်ရွှင်စရာ ကောင်းလှသော မင်္ဂလာနေ့ရက်တစ်ခု ဖြစ်သင့်သော်လည်း ထိုတစ်ဆယ်ဦးစလုံးတွင် မည်သူမျှ ပြုံးရွှင်မနေကြချေ။

သူတို့မှာ မင်္ဂလာပွဲတစ်ခုသို့ လာရောက်ခြင်းနှင့် မတူဘဲ မေးခွန်းထုတ်ရန် လာရောက်ကြသည့်အလားပင်။

ထိုမြင်ကွင်းသည် ထူးဆန်းသော ဖိအားတစ်ခုကို ဆောင်ကြဉ်းနေ၏။

သို့သော်လည်း ဘုရင်ကျန့်နန်မှာ မည်သည်ကိုမျှ သတိမထားမိသည့်အလား ရှုပ်ထွေးလှသော လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဆောင်ရွက်နေခဲ့သည်။ စင်မြင့်ထက်တွင် သူ၏ အသံတစ်ခုတည်းသာ ဖုံးလွှမ်းနေတော့၏။

လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် ပြီးလာသည်နှင့် တစ်ပွဲလုံး၏ အငွေ့အသက်မှာ ပို၍ပို၍ ထူးဆန်း ဆန်းပြားလာလေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ဘုရင်ကျန့်နန် နောက်ဆုံးတွင် ပြောလိုက်၏။

“နောက်တစ်ခုကတော့ စေ့စပ်ပွဲ အခမ်းအနားရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အထိမ်းအမှတ် အဆောင်အယောင်များ လဲလှယ်ခြင်းပဲ ဖြစ်ပါတယ်”

သူက ရည်ရွယ်ချက်ရှိရှိဖြင့် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သတို့သမီးလောင်း ဆယ်ဦးထံသို့ လှည့်လိုက်သည်။

“မင်းတို့ အထိမ်းအမှတ် အဆောင်အယောင်တွေ လဲလှယ်ပြီးတာနဲ့ မိသားစုတစ်ခုတည်း ဖြစ်သွားကြပြီ။ ဒီနေ့ကစပြီး မင်းတို့တွေ သဟဇာတဖြစ်ဖြစ် အတူနေထိုင်ကြရမယ်။ ကဲ... လဲလှယ်ခြင်းကို စတင်ကြတော့”

ကျောက်ကျိရို့မှလွဲ၍ ကျန်ရှိသော အမျိုးသမီး ရှစ်ဦးစလုံးမှာ မျက်မှောင်ကြုတ်လိုက်ကြ၏။ ကျောက်ကျိရိုမှာမူ ပျော်ရွှင်မြူးထူးစွာ သူမ၏ သိုလှောင်လက်စွပ် ထဲမှ အထိမ်းအမှတ်အဆောင်အယောင်ကို ထုတ်ယူလိုက်၏။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျန်ရှိသော ရှစ်ဦးမှာလည်း ဆက်လက်၍ အချိန်ဆွဲမနေနိုင်တော့ချေ။

သူတို့သည်လည်း အထိမ်းအမှတ်အဆောင်အယောင်များကို ထုတ်ယူကာ လဲလှယ်ရန် ပြင်ဆင်လိုက်ကြစဉ် ရုတ်တရက် အနှောင့်အယှက်ပေးလိုသော အသံတစ်သံ ထွက်လာသည်။

“နေဦး”

All Chapters