အခန်း (၃၉၅)
Vol. 40 Ch. 395
အခန်း (၃၉၅) ပြဇာတ်စပြီ
တိတ်ဆိတ်သွားသည်။ လက်ထက်ပွဲသို့ တက်ရောက်လာကြသော ပရိတ်သတ်ထုကြီး တစ်ခုလုံး အသက်ရှူကြိမ် အနည်းငယ်စာမျှ ငြိမ်သက်သွားခဲ့၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရောက်ရှိနေသူ အားလုံး၏ မျက်နှာထက်တွင် အမူအရာမျိုးစုံ ကွဲပြားသွားကြသည်။ ထိုအမျိုးသမီး ရှစ်ဦးထဲမှ သုံးဦးမှာ ယခင်က လောက၌ တစ်ခါမျှ မပြဖူးသည့် အပြုံးမျိုးဖြင့် နှုတ်ခမ်းအစုံကို ကွေးညွတ်ကာ ပြုံးလိုက်ကြလေသည်။
ထိုအပြုံးတစ်ချက်တည်းနှင့်ပင် ရောက်ရှိနေသော ကျင့်ကြံသူလူငယ် အများအပြား၏ နှလုံးသားကို လှုပ်ခတ်သွားစေပြီး မိန်းမောတွေဝေသွားစေရန် လုံလောက်နေ၏။ သို့သော်လည်း မကြာမီမှာပင် အားလုံး၏ အကြည့်များမှာ ထိုအသံလာရာ လမ်းကြောင်းဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။
ရှီးရွှမ် စကားပြောလိုက်သော လူငယ်ကို လှမ်းကြည့်လိုက်၏။ သူ့နှုတ်ခမ်းထက်မှ ခပ်ဖျော့ဖျော့ ကွေးညွတ်နေမှု သူ၏ အတွေးများကို ဖော်ပြနေခဲ့၏။
‘နောက်ဆုံးတော့ ကောင်လေးက ရောက်လာပြီပဲ’
ချူဖုန်းသည်လည်း ယပ်တောင်ကို ခတ်ရင်း စကားပြောနေသည့် တင့်တယ်လှပသော လူငယ်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒီမျိုးဆက်ရဲ့ ကံကြမ္မာသားတော်တွေက တကယ့်ကို စိတ်ရှည်တာပဲ။ အခုလို အချိန်မျိုးကျမှပဲ တစ်ယောက် ပေါ်လာတော့တယ်”
သူ့ဘေးနားရှိ ချောင်ရို့ချန် မေးမြန်းလိုက်သည်။
“ဆရာ... သူက ကံကြမ္မာသားတော်ဆိုတာ ဘယ်လိုသိတာလဲ။ ကျွန်တော့်အမြင်တော့ သူက ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ကလွဲလို့ ဘာမှမဟုတ်သလိုပဲ”
ချူဖုန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူ့နောက်မှာ အဘိုးအိုတစ်ယောက် ပါလာလို့ပဲ။ သူတော်စင်အဆင့်က အဘိုးအိုတစ်ယောက်လေ”
သူ၏ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း အနီးအနားရှိ လူများမှာမူ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူတော်စင်အဆင့်ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ရှီးမျိုးနွယ်စု၏ ဘိုးဘေးမှာ တုန်လှုပ်သွားခဲ့သည်။ သူက ဂရုတစိုက်ဖြင့် မေးမြန်းလိုက်၏။
“တာအိုမိတ်ဆွေ နောက်နေတာ မဟုတ်ဘူးမလား”
“ဟဲဟဲ...”
ချူဖုန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ကျွန်တော်က အဲဒီလို အရာမျိုးကို နောက်စရာလား။ မစိုးရိမ်ပါနဲ့။ ဒါက သူတော်စင်ဝိညာဉ်သာသာပဲ။ သူတော်စင်အစစ်အမှန် မဟုတ်ပါဘူး။ လောလောဆယ်တော့ ရှောင်ရွှမ်ရဲ့ စွမ်းဆောင်ရည်ကိုပဲ စောင့်ကြည့်ကြရအောင်”
ရှီးမျိုးနွယ်စုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
စင်မြင့်ထက်တွင်မူ ဘုရင်ကျန့်နန်မှာ အောက်ရှိ ရုပ်ချောလှသော လူငယ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေ၏။
သူ ဖိအားကို ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လွှတ်ခြင်း မရှိသော်လည်း ဘုရင့်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သဘာဝအရှိန်အဝါမှာ ထွက်ပေါ်နေပြီးသားဖြစ်ရာ လူတို့၏ ကျောရိုးကို စိမ့်တက်သွားစေရန် လုံလောက်လှသည်။
ထိုရုပ်ချောသော လူငယ်၏ အနီးအနားတွင် ရပ်နေသော ကျင့်ကြံသူများမှာ ပတ်သက်မိ၍ ဘေးသင့်မည်ကို စိုးရိမ်သဖြင့် နောက်သို့ ဆုတ်ခွာသွားကြ၏။
“မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ”
ဘုရင်ကျန့်နန်၏ လေသံမှာ တည်ငြိမ်လှသည်။
ထိုရုပ်ချောချောလူငယ်က လှောင်ပြုံး ပြုံးလိုက်၏။
“ဘာမှမရှိပါဘူး။ ကျွန်တော်က ဒီစေ့စပ်ပွဲကို သဘောမတူရုံသက်သက်ပါပဲ”
ခန်းမတစ်ခုလုံးတွင် အံ့အားသင့်သွားသော အသံများ ဝုန်းခနဲ ထွက်ပေါ်လာသည်။
ရှီးရွှမ်၏ စေ့စပ်ထားသူများမှာ အခြားအမျိုးသားတို့နှင့် ပတ်သက်မှုရှိနေသည်ဟူသော ကောလာဟလများကို လူအများ ကြားဖူးထားကြသော်လည်း ဤမျှချောမောသော လူငယ်က ပွဲကို လူပုံအလယ်တွင် ဗြောင်ကျကျ စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ထို့အပြင် အခြားနေရာ မဟုတ်ဘဲ ရှီးမျိုးနွယ်စု၏ ဘိုးဘေး တာအိုဉာဏ်အလင်းပွင့်ခဲ့သည့် မြေပေါ်၌ပင်။
ဤနေရာတွင် သတို့သမီးကို လုယူရန် ကြိုးစားခြင်းသည် ရှီးမျိုးနွယ်စု၏ မျက်နှာကို လက်ဝါးနှင့် ဖြတ်ရိုက်လိုက်ခြင်းနှင့်မခြင်းပေ။
သာမန် စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ဦးက ဤမျှအထိ ရဲတင်းရလောက်အောင် မည်သည့်နေရာမှ သတ္တိများ ရလာခဲ့သနည်း။
“မင်းက ရှီးမျိုးနွယ်စုကို ရန်စရဲတယ်ပေါ့လေ”
ဘုရင်ကျန့်နန်၏ အသံမှာ အေးစက်သွားပြီး ဖိအားလှိုင်းတစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။
သို့သော်လည်း ထိုလူငယ်မှာ မည်သည့်သက်ရောက်မှုမျှ မရှိသည့်အလား ပြင်းထန်လှသော ဖိအားကြီး တည်ရှိမနေသည့်အတိုင်း မတ်မတ်ရပ်နေဆဲပင်။
ဤမြင်ကွင်းကို ကျင့်ကြံသူများ သတိပြုမိသွား၏။ အချို့က အချင်းချင်း တိုးတိုးတိတ်တိတ် မပြောဘဲ မနေနိုင်ကြတော့။
“ဒီကောင်လေးက ဘယ်သူလဲ။ ဘုရင်အဆင့်တစ်ယောက်ရဲ့ ဖိအားကတောင် သူ့ကို မလှုပ်ခတ်နိုင်ဘူး။ သူက သာမန်တော့ ဖြစ်မနေဘူး”
ဘုရင်ကျန့်နန်သည်လည်း ဤအခြေအနေကို မျှော်လင့်မထားခဲ့ချေ။ သူကဒေါသကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရှီးရွှမ်က အရင်ဆုံး စကားပြောလိုက်သည်။
“မင်းကို လုံရှဲ့လို့ ခေါ်ရမလား။ ဒါမှမဟုတ် ရွှီအောက်ထျန်းလို့ ခေါ်ရမလား”
ရွှီအောက်ထျန်း ဟူသော အမည်သည် လူအုပ်ကြီးကြားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေ၏။
အံ့ဩတုန်လှုပ်မှုများ အပြင်ဘက်သို့ ကူးစက်သွားတော့သည်။
“ဒီလူက မြောက်ပိုင်းချောက်နက်မှာ ထွက်ပေါ်လာတဲ့ ကံကြမ္မာသားတော် ရွှီအောက်ထျန်းပဲ။ ကောလာဟလတွေအရဆိုရင် သူ့ရဲ့ သက်တူရွယ်တူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူးတဲ့။ မြောက်ပိုင်းချောက်နက်ရဲ့ မြင့်မြတ်ဂိုဏ်းအချို့က ပါရမီရှင်တွေတောင် သူ့ကို မမှီကြဘူး။ အချို့ဆိုရင် သူက မဟာပဏ္ဍိတ တစ်ဦးရဲ့ တရားမဝင်သားလို့တောင် တိုးတိုးတိတ်တိတ် ပြောနေကြတာ”
“ဘာကောလာဟလလဲ၊ အဲဒါ အမှန်တရားကွ။ မဟုတ်ရင် သူက တော်ဝင်နန်းတော်ထဲကနေ အသက်ရှင်လျက် ဘယ်လိုထွက်လာနိုင်မှာလဲ”
“ငါကြားတာကတော့ သူ့အဖေက ကာမဂုဏ် လိုက်စားတဲ့ မဟာပဏ္ဍိတရေခဲနဂါးတဲ့။ အဲဒါကြောင့်ပဲ သူ့ကို လုံရှဲ့လို့ နာမည်ပြောင် ပေးထားကြတာ”
“…”
ရွှီအောက်ထျန်းသည် ရှီးရွှမ် သူ့ကို မှတ်မိသည့်တိုင်အောင် ယခုကဲ့သို့ တည်ငြိမ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“မင်း ငါ့ရဲ့ ဘယ်သူလဲဖြစ်တယ်ဆိုတာကို သိနေမှတော့... ဒီစေ့စပ်ပွဲ အခမ်းအနားကို ဆက်ပြီး ကျင်းပနေဖို့ လိုအပ်ပါဦးမလား”
ဘေးမှ ကြည့်ရှုသူများသည် ပြဇာတ်ကို စိတ်အားထက်သန်စွာ ကြည့်ရှုရန်အတွက် အသက်ကိုပင် အောင့်ထားကြရလေ၏။
“ဒီလူငယ်က တကယ့်ကို မာနထောင်လွှားတာပဲ။ သူက ရှီးမျိုးနွယ်စုရဲ့ ဒေါသကို မကြောက်ဘူးလား”
“ဖြစ်နိုင်တာကတော့ သူက မဟာပဏ္ဍိတရေခဲနဂါးရဲ့ ကျောထောက်နောက်ခံကို ရထားပြီးသား ဖြစ်မှာပေါ့။ အဲဒါကြောင့် သူက ဘာကိုမှ ဂရုမစိုက်တာ”
“…”
ရှီးရွှမ်က ပြုံးလိုက်သည်။
“ဆက်သွားရမှာပေါ့။ မဟုတ်ရင် ဒီနေ့ ရောက်လာတဲ့ ဧည့်သည်တော်တွေအားလုံးကို ငါတို့ ဘယ်လိုမျက်နှာပြရမလဲ။ မိန်းမတစ်ယောက်ကို လုဖို့အတွက် လူတစ်ယောက်တည်းနဲ့တင် လုံလောက်ပါ့မလား”
“မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့”
ရွှီအောက်ထျန်း၏ မျက်နှာ ညိုမည်းသွားသည်။ ယနေ့တွင် သူတစ်ယောက်တည်း လှုပ်ရှားနေခြင်း မဟုတ်သည်ကို သိသော်လည်း ငယ်စဉ်ကတည်းက သိမ်ငယ်မှုများ ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသဖြင့် သူ၏ မိခင်အရင်းကိုယ်တိုင်ပင် သူ့ကို လုံရှဲ့ဟူသောအမည်ကို ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် ရေတွက်မရနိုင်သော မထီမဲ့မြင်ပြုသည့် အကြည့်များကို အံတုဖြတ်သန်းခဲ့ရ၏။
ကံကြမ္မာသားတော်တစ်ဦး ဖြစ်လာပြီးနောက်တွင် သူ၏ မာနမှာ အဆုံးစွန်ထိ မြင့်မားသွားခဲ့သည်။ အကယ်၍ မည်သူမဆို သူ့ကို အရှက်ခွဲလာလျှင် သူ ထိုသူကို အစိမ်းလိုက် ဝါးမြိုပစ်ပေလိမ့်မည်။
“အခုကတည်းက စိတ်မရှည်ဖြစ်နေပြီလား”
ရှီးရွှမ်၏ လေသံမှာ အေးဆေးလှသော်လည်း သူတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ ချက်ချင်းပင် ထင်ရှားသွားခဲ့သည်။
“မင်း ငါနဲ့ တိုက်ရဲလား။ ဘယ်သူနိုင်နိုင်... နိုင်တဲ့သူက သူ့ကို ခေါ်သွားကြေးပဲ”
ရွှီအောက်ထျန်းက ရန်စမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် လှောင်ပြောင်လိုက်၏။
“မင်းက အဲဒီလို ယှဉ်ဖို့ ထိုက်တန်လို့လား”
ရှီးရွှမ် ပေါ့ပေါ့ပါးပါးပင် ပြန်လည် ဖြေကြားလိုက်သည်။
ထိုစကားလုံးများသည် အသက်အန္တရာယ်ကို မပေးနိုင်သော်လည်း စော်ကားမှုက နက်ရှိုင်းလှသည်။
သူက ရွှီအောက်ထျန်း၏ ဒေါသတကြီး ဖြစ်နေမှုကို လျစ်လျူရှုကာ လူအုပ်ကြီးကြားထဲရှိ အမျိုးသမီး သုံးဦးထံသို့ အကြည့်ကို လှည့်လိုက်သည်။
“ပိုင်စုချင်း၊ ယန်ရုဟွာ၊ မူရုန်ယန်... မင်းတို့ရဲ့ အကြိုက်ကလည်း ညံ့လိုက်တာ”
ချက်ချင်းပင် ထိုအမျိုးသမီး သုံးဦးစလုံး ဒေါသတကြီး ပေါက်ကွဲသွားကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ရှီးရွှမ်... နင် ငါတို့ရဲ့ ကိုကိုအောက်ထျန်းကို မစော်ကားနဲ့”
ရှီးရွှမ်မှာ သူတို့၏ ဒေါသကို ကြည့်ကာ ရယ်ပင် ရယ်ချင်သွား၏။
“အလောမကြီးကြပါနဲ့။ တကယ့် ပြဇာတ်ကောင်းက အခုမှ စတာပါ။ လောလောဆယ် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းတို့ရဲ့ ဒီနဂါးလေး ငါ့လက်ထဲမှာ ဘယ်လို ရှုံးနိမ့်သွားလဲဆိုတာကို မမြင်လိုက်ပဲ လွတ်သွားလိမ့်မယ်”
“မင်း သေချင်နေတာပဲ”
ရွှီအောက်ထျန်းသည် မျက်လုံးများ နီရဲသွားကာ ဟိန်းဟောက်လိုက်သည်။
ရှီးရွှမ်က သူ့ကို ထပ်မံ လျစ်လျူရှုလိုက်ပြန်၏။ သူ လူအုပ်ကြီးဆီသို့ ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလိုက်သည်။
“အားလုံးပဲ... မင်းတို့ ကြည့်နေတာ တော်တော် ကြာလှပြီ။ အခုချိန်ဆို ထွက်လာသင့်ပြီ မဟုတ်ဘူးလား။ မဟုတ်ရင် ငါ ရွှီအောက်ထျန်းကို အနိုင်ယူပြီးတာနဲ့ ပထမဆုံး လုပ်မယ့်အရာက မင်းတို့ရဲ့ ချစ်သူသက်ထားတွေကို ခေါ်သွားပြီး လူကြီးတွေပဲ လုပ်နိုင်တဲ့ အရာတွေကို ပြသပေးမှာ ဖြစ်တယ်။ မင်းတို့တွေကတော့ အပြင်ဘက်မှာ ဘာမှမတတ်နိုင်ဘဲ စောင့်နေရုံပဲ ရှိလိမ့်မယ်”
ထိုစကားများကို ကြားလိုက်ရသောအခါ ရှီးရွှမ်အပေါ် ကြည့်နေသည့် အကြည့်တိုင်း ပြောင်းလဲသွားကြသည်။
ရှီးမျိုးနွယ်စု၏ ပါရမီရှင်ဟု ခေါ်တွင်သောသူသည် ယခုထက်ထိ အောင့်အီးသည်းခံနိုင်စွမ်း ရှိနေသဖြင့် သူတို့ ထင်ထားသည်ထက် ပို၍ပင် အန္တရာယ်ကြီးမားလှလေ၏။
ပင်းယန် ပြောလိုက်သည်။။ “ရှောင်ရွှမ်က... နောက်ဆုံးတော့ တာချန်းငယ်ငယ်က ပုံစံမျိုးနဲ့ နည်းနည်း တူလာပြီပဲ”
ချူဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“မလုံလောက်သေးဘူး။ သူ ဒီထက်မက ပိုပြီး ကြီးမားတဲ့ ပြဿာနာတွေကို ဖန်တီးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
ချောင်ရို့ချန် သူ့ခေါင်းကို ကုတ်လိုက်သည်။
“ဆရာ့ကတော်... ကျွန်တော့်ကို အဲဒီလို မချီးမွမ်းပါနဲ့.. ရှက်စရာကြီး”
ရှီးမျိုးနွယ်စုမှလူများ “...”
‘လူဆိုးတစ်ယောက်လို့ အခေါ်ခံရတာကို မင်းက ချီးမွမ်းတယ်လို့ ထင်နေတာလား။ မင်း စိတ်ကော နှံ့သေးရဲ့လား’
ဖြောင်း။ ဖြောင်း။ ဖြောင်း။
ရုတ်တရက် လူအုပ်ကြီးကြားထဲမှ အချိန်အခါ မဟုတ်ဘဲ လက်ခုပ်တီးသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို လက်တွေ့ဘဝထဲသို့ ပြန်လည် ဆွဲခေါ်သွားသည်။
သူတို့သည် ဗီဇအရ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည့်အခါ မြင့်မြတ်သောအရှိန်အဝါများ ဖြာထွက်နေသည့် အမျိုးသားတစ်ဦး နောက်လိုက်များစွာ ခြံရံလျက် လျှောက်လှမ်းထွက်ခွာလာသည်ကိုမြင်လိုက်ရလေ၏။
ဘေးမှ ကြည့်ရှုသူများမှာ သဘာဝအတိုင်းပင် လမ်းဖယ်ပေးလိုက်ကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြသည်။
“ဘာလို့ သူ ဖြစ်နေရတာလဲ”
“စီနီယာ... အဲဒါ ဘယ်သူလဲ”
“အဲဒါ မင်းသမီးကြီးရဲ့ သားတော် ကျောက်ဝူကျိပဲ။ အဲဒီလို အဆင့်အတန်းမျိုး ရှိတဲ့သူက ဘာလို့ ဒီနေရာမှာ ပေါ်လာပြီး ပါဝင်ပတ်သက်နေရတာလဲ”
ရှီးရွှမ်၏ မျက်လုံးများထဲတွင်ပင် အံ့ဩမှုများ ဖြတ်ပြေးသွားခဲ့သည်။
“စီနီယာအစ်ကိုကျောက်... မင်းသမီးကြီးရဲ့ စံအိမ်တော်က စစ်ဗျူဟာမှူးဖြစ်တဲ့ မင်းက ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ အဲဒါကြောင့်ပဲ ငါက လက်သည် ဘယ်သူလဲဆိုတာ စုံစမ်းလို့မရခဲ့တာ။ မင်း ဖြစ်နေလို့ကို”
ကျောက်ဝူကျိက ပြုံးလိုက်သည်။ “ဂျူနီယာညီလေးရှီး ကျင့်ကြံသူတွေဆိုတာ ကိုယ်အလိုရှိတဲ့ အရာအတွက် တိုက်ခိုက်ရမယ်ဆိုတာ မင်း နားလည်ထားမှာပါ”
ရှီးရွှမ်သည် ချက်ချင်းပင် မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“နတ်ဘုရားမြို့တော်မှာတုန်းက မင်းနဲ့ ပညာပြိုင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့တော့ ငါ နောက်ဆုံးမှာ ပြိုင်ခွင့်ရပြီ တကယ့်ကို အခွင့်အရေးကောင်းပဲ။ အခြားလူတွေကိုလည်း တစ်ခါတည်း ထွက်လာခိုင်းလိုက်ပါတော့လား၊ စီနီယာအစ်ကိုကျောက်”
ကျောက်ဝူကျိ၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဝေ့သီသွားသည်။ သူသည် ရှီးရွှမ် သူ့ကို မြင်သောအခါ ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုများစွာကို စိတ်ကူးထားခဲ့သော်လည်း ယခုကဲ့သို့ တုံ့ပြန်မှုကိုမူ မျှော်လင့်မထားခဲ့ချေ။
“ရှီးရွှမ်.. မင်း ဝမ်တောက်ကျောင်းတော်မှာ ကုန်ဆုံးခဲ့တဲ့ သုံးနှစ်တာ အချိန်တွေက အလဟဿ မဖြစ်ခဲ့ဘူးပဲ”
ရှီးရွှမ်က ခေါင်းညိတ်လိုက်သည်။
“မကြာခင်... ငါ သောင်းပြောင်းပညာရပ်ဌာနမှာ ဘာတွေ သင်ယူခဲ့လဲဆိုတာ မင်းကိုယ်တိုင် မြင်တွေ့ရတော့မှာပါ”
ကျောက်ဝူကျိက ခပ်ဖွဖွ ပြုံးလိုက်သည်။
“မင်း ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ငါကလည်း ဖြည့်ဆည်းပေးရုံပေါ့။ မင်းတို့ သုံးယောက် ထွက်လာခဲ့ကြတော့”
သူတို့စကားလုံးများသည် တည်ငြိမ်လှသော်လည်း စာသားတိုင်းတွင် ကွယ်ဝှက်ထားသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပါဝင်နေသဖြင့် လူအုပ်ကြီးကို လာမည့် တိုက်ပွဲအတွက် စိတ်အားထက်သန်သွားစေ၏။
အကြီးမားဆုံး သိလိုစိတ်မှာ နောက်ထပ် မည်သူများ ပေါ်ထွက်လာဦးမည်နည်းဆိုသည့်မေးခွန်းပင်။
ချူဖုန်း မျက်မှောင်ကြုတ်ကာ ကျောက်ဝူကျိကို စိုက်ကြည့်လိုက်သည်။
“စိတ်ဝင်စားဖို့ကောင်းတယ်။ မြောက်ပိုင်းချောက်နက်က မြင့်မြတ်မျိုးနွယ်စုတွေအားလုံး ဒီလို ကစားပွဲမျိုးကို ဆော့ရတာကို သဘောကျကြတာလား”
ချောင်ရို့ချန်က စိတ်လှုပ်ရှားစွာ နားစွင့်လိုက်သည်။
“ဆရာ ကျောက်ဝူကျိမှာ တစ်ခုခု ရှိနေတာလား”
ချူဖုန်းက လှောင်ပြုံး ပြုံးလိုက်သည်။
“ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးအိုကြီးတစ်ကောင်ရဲ့ ဝိညာဉ် ကိန်းအောင်းနေတယ်”
ယဲ့ပေ့ရွှမ်၏ မျက်လုံးများ တောက်ပသွားပြီး မျှော်လင့်ချက် ရောင်ခြည်များဖြင့် ကျောက်ဝူကျိကို စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်မှာပင် ကျောက်ဝူကျိ၏ ဘေးနားတွင် လူရိပ် သုံးခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။