← Chapters

အခန်း (၃၉၈)

Vol. 40 Ch. 398

အခန်း (၃၉၈)

Vol. 40 Ch. 398

အခန်း (၃၉၈) ပါရမီရှင်များ အားလုံး၏ ဝှက်ဖဲများ ပေါ်ထွက်လာခြင်း

လသာဆောင် အတွင်းရှိ အကြည့်အားလုံးသည် ရှီးရွှမ် ထံသို့ ကျရောက်နေသည်။

ကောင်းကင်ယံထက်တွင် သူ မတ်တပ်ရပ်နေစဉ် သူ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းရောင်များ ပေါက်ကွဲထွက်လာပြီး နောက်ကွယ်တွင် တောက်လောင်နေသော နေမင်းသဏ္ဌာန် ပုံရိပ်ယောင်တစ်ခု တရွေ့ရွေ့ ပေါ်ထွက်လာလေ၏။

“နတ်ဘုရားခန္ဓာ”

“ဒါ... နတ်ဘုရားခန္ဓာပဲ”

ရှီးမျိုးနွယ်စုဝင်များ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသဖြင့် မတ်တပ်ထရပ်မိကြသွားသည်။

ရှီရွှမ်းအနေဖြင့် ဝမ်တောက်ကျောင်းတော်သို့ တက်ရောက်ခြင်းဖြင့် ဘာမှတိုးတက်လာမည်မဟုတ်ဟု သူတို့ တစ်ချိန်က ယုံကြည်ခဲ့ကြသော်လည်း ယခု သူ နတ်ဘုရားခန္ဓာအား နိုးထနိုင်ခဲ့သည်ကို မြင်တွေ့ရသောအခါ သူ့ကို ထိုနေရာသို့ စေလွှတ်ခဲ့ခြင်းသည် သူတို့ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သေချာသွားကြသည်။

ချူဖုန်း နှင့် အခြားသူများမှာမူ ဤအရာသည် အလွန်ရိုးရှင်းသော ကိစ္စတစ်ခုကဲ့သို့ တည်ငြိမ်နေဆဲပင်။

ဆန့်ကျင်ဘက်အနေဖြင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်နှင့် ရှီးရွှမ်၏ စေ့စပ်ထားသူ သတို့သမီးလောင်း ရှစ်ယောက်တို့၏ မျက်နှာများမှာ ဖြူလျော်သွားကြသည်။

ကံကြမ္မာသားတော် ငါးယောက်၏ အောင်ပွဲမှာ မလွဲဧကန်ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ရှီးရွှမ်က ယခုကဲ့သို့သော ခန္ဓာမျိုးကို နှိုးဆွနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

ဘေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ဦးစွာ အံ့အားသင့်သွားကြပြီး စိတ်လှုပ်ရှားတက်ကြွသွားကြ၏။

“ငါတို့က စေ့စပ်ပွဲကို လာခဲ့တာ၊ နောက်ဆုံးကျတော့ ပါရမီရှင်တစ်ယောက်ရဲ့ နတ်ဘုရားခန္ဓာ နိုးထမှုကိုပါ မြင်လိုက်ရမယ်လို့မထင်ခဲ့ဘူး။ ဒီတိုက်ပွဲက ပိုပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာပြီ”

မြင့်မားလှသော ကောင်းကင်ယံထက်တွင် ရှီးရွှမ်သည် ထိုငါးယောက်ကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“အဆင်သင့်ဖြစ်ပြီလား။”

သူက ရည်ရွယ်ချက်ရှိရှိဖြင့် ရပ်နားလိုက်ပြီးမှ ထပ်ကာ ဆိုလိုက်သည်။

“ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်း နှိမ်နင်းစမ်း”

သူ့စကားအဆုံးတွင် တံဆိပ်တော်ကြီးတစ်ခုမှာ တောက်လောင်နေသော နေမင်းတစ်စင်းကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့လေ၏။ ထိုအရာက အထက်သို့ ပျံတက်သွားပြီးနောက် ကံကြမ္မာသားတော် ငါးယောက်ထံသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။

“သောက်ခွေး..”

ရွှီအောက်ထျန်းက ကျိန်ဆဲလိုက်ပြီး သူ၏ နတ်ဘုရားအာရုံပင်လယ်အတွင်းသို့ အော်ဟစ်လိုက်သည်။

“ဘိုးဘေး ကျွန်တော့်ကို ကူညီပေးပါဦး”

“မစိုးရိမ်နဲ့။ ဒါက စာမဖွဲ့လောက်တဲ့ လှည့်ကွက်တစ်ခုသာသာပဲ”

နက်ရှိုင်းသော အသံတစ်ခုမှာ သူ့အတွင်းမှ ပဲ့တင်ထပ်သွားပြီး ကြီးမားလှသော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာလေတော့၏။

ရွှီအောက်ထျန်းသည် ဘိုးဘေးက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုတွင် သူသည် မဟာပဏ္ဍိတ များကိုပင် ရိုက်ချနိုင်ပြီဖြစ်ရာ ရှီးရွှမ်ကို ကြောက်လန့်နေစရာ မဟုတ်တော့ပေ။

တစ်ချိန်တည်းမှာပင် ချူချန်းဟန်သည် အံကြိတ်ကာ ရွှေခေါင်းတလားကို တွန်းဖွင့်လိုက်၏။

ချက်ချင်းဆိုသလိုပင် အလောင်းချီ များနှင့် မကောင်းသော စိတ်ဆန္ဒများက သူ့ကို လွှမ်းမိုးသွားပြီး သူ့နောက်ကွယ်တွင် သူတော်စင်အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

လုံကျိုက်ယွမ် တုံ့ဆိုင်းမနေဘဲ နတ်ဆိုးဓားဝိညာဉ်နှင့် တိုက်ရိုက်ပေါင်းစပ်လိုက်၏။ သူက ဤနေရာတွင် မျက်နှာမပျက်စေရဟု ဆုံးဖြတ်ထား၏။

ရှုဝမ်ထျန်း၏ နောက်ကွယ်တွင်မူ ဟင်းလင်းပြင်ဂိတ်တံခါးတစ်ခု ပွင့်ဟလာပြီး ထိုနေရာမှ ကြီးမားလှသော နဂါးလက်သည်းတစ်ခု ဆန့်ထွက်လာခဲ့သည်။

ကျောက်ဝူကျိ တစ်ယောက်သာ ငြိမ်သက်စွာ ရှိနေသည်။ ဤနေရာသို့ မလာရောက်မီကပင် သူသည် အခြားလေးယောက်ကို စုံစမ်းစစ်ဆေးပြီးသားဖြစ်၏။

ယခုကဲ့သို့ သေးငယ်သော ပြိုင်ပွဲတစ်ခုမှာ သူ ဝင်ရောက်စွက်ဖက်ရန် မထိုက်တန်ပေ။ အကယ်၍ ရှီးရွှမ်တွင် ဤမျှလောက်သော ခွန်အားသာရှိပါက ကံကြမ္မာအခွင့်အလမ်းများကို သူ အလွယ်တကူ လုယူနိုင်ပေလိမ့်မည်။

“ဒုန်း”

ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းမှာ နားကွဲလုမတတ် အသံကြီးဖြင့် ပြင်းထန်စွာ ကျဆင်းလာပြီး တုန်ခါလှိုင်းများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

စောင့်ကြည့်နေသူများသည် မည်သူက မတ်တပ်ရပ်နေပြီး မည်သူက လဲကျသွားသည်ကို မမြင်နိုင်တော့ပေ။

ညင်သာသော လေပြေတစ်ခုက တိုက်ခတ်သွားပြီး ကျန်ရှိနေသော စွမ်းအားများကို လွှင့်ပါးသွား၏။

ကံကြမ္မာသားတော် ငါးယောက်ကို တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရချိန်တွင် လူအုပ်ကြီးထံမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာခဲ့သည်။

သူတို့သည် ဒဏ်ရာမရရုံမျှမက အငွေ့အသက်များမှာလည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာနေ၏။

ရွှီအောက်ထျန်းသည် စစ်မှန်ကံကြမ္မာအဆင့်တွင် ရှိနေသေးသည်မှာ ထင်ရှားသော်လည်း ယခုမူ ချဉ်းကပ်၍မရသော အထွတ်အထိပ်တည်ရှိမှုတစ်ခု၏ စွမ်းအားများကို ထုတ်လွှတ်နေလေ၏။

ချူချန်းဟန်မှာ အလောင်းချီများနှင့် မကောင်းသောစိတ်ဆန္ဒများ ရစ်ပတ်လျက် ငရဲပြည်မှ တက်လာသော မဟာပဏ္ဍိတတစ်ပါးနှင့် တူညီနေသည်။

လုံကျိုက်ယွမ်သည် လွှမ်းမိုးချုပ်ကိုင်ထားသော နတ်ဆိုးအငွေ့အသက်များကို ထုတ်လွှတ်နေပြီး အစစ်အမှန် နတ်ဆိုးတစ်ကောင် လူဝင်စားသကဲ့သို့ ဖြစ်နေသည်။

ကျောက်ဝူကျိနှင့် ရှုဝမ်ထျန်းတို့သာ အနည်းငယ် ပုံမှန်အတိုင်း ရှိနေပုံရသော်လည်း ရှုဝမ်ထျန်း၏ နောက်ကွယ်တွင် ပေါ်လာသော နဂါးလက်သည်းမှာ လျှို့ဝှက်ကာ စောင့်ကြည့်နေကြသော မဟာပဏ္ဍိတများကိုပင် ထိတ်လန့်သွားစေ၏။

“ရှီးရွှမ် မင်းက ထူးထူးခြားခြား မဟုတ်ပါဘူး”

ရွှီအောက်ထျန်းက လှောင်ပြောင်လိုက်သည်။

“ရှီးရွှမ် ဒူးထောက်ပြီး အသေခံစမ်း”

ချူချန်းဟန်၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ့ပုံစံကို ကြည့်ရသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှ၏။

ကျောက်ဝူကျိနှင့် အခြားသူများမှာ ဘာမှမပြောဘဲ ရှီးရွှမ်၏ တုံ့ပြန်မှုကို အကဲခတ်ရန် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

သူတို့၏ မြင့်တက်လာသော စွမ်းအားများကို ခံစားမိသောအခါ ရှီးရွှမ်က ခပ်ဖွဖွ ပြုံးလိုက်လေ၏။

“နောက်ဆုံးတော့ မင်းတို့ရဲ့ ခွန်အားအစစ်ကို ထုတ်သုံးကြပြီပေါ့”

“ဟမ်..”

ပထမဆုံးအကြိမ်အဖြစ် ကျောက်ဝူကျိ၏ တည်ငြိမ်သော မျက်ဝန်းများတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ရှီးရွှမ်၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသည်နှင့် လွဲချော်လို့နေ၏။

ရှီးရွှမ်သည် ထိုသိမ်မွေ့သော အပြောင်းအလဲကို ရိပ်မိပြီး ပြုံးလိုက်သည်။

“စီနီယာအစ်ကိုကျောက် မင်းက နိုင်ပွဲက သေချာနေတုန်းပဲလို့ ထင်နေတုန်းပဲလား”

“မင်းက ငါ့ကို ဒေါသထွက်အောင် ဆွနေတာမလား”

ကျောက်ဝူကျိ၏ အသံတွင် ဒေါသအရိပ်အယောင်တစ်ခု ပါဝင်လာသည်။

“ဒီလို လှည့်ကွက်တွေက ငါ့အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး”

ရှီးရွှမ်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာ၏။ သူ့အသံမှာ တည်ငြိမ်နေသော်လည်း စိတ်မသက်မသာဖြစ်စရာ ကောင်းသောလေးလံမှုက ပါဝင်နေသည်။

“မဟုတ်ပါဘူး။ ငါ ပြောနေတာက ငါလည်း ငါ့ရဲ့ ဝှက်ဖဲကို ထုတ်ပြရမယ့် အချိန်ရောက်ပြီလို့ ပြောတာပါ။ အခုထိတော့ ငါလည်း ဒီအရာရဲ့ စွမ်းအားအစစ်မှန်ကို မစမ်းသပ်ရသေးဘူး။ အဲဒီ့အတွက် မင်းတို့ကို ကျေးဇူးတင်ရမယ်”

ကျောက်ဝူကျိနှင့် အခြားသူများမှာ ယင်ကောင်များကို မျိုချမိလိုက်သကဲ့သို့ မျက်နှာများမှာ ညိုမည်းကာ ပျက်သွားကြသည်။

“မင်း သေသင့်တယ်”

ချူချန်းဟန်သည် စိတ်လွတ်သွားကာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အလောင်းချီများနှင့် မကောင်းသောစိတ်ဆန္ဒများက ပေါက်ကွဲထွက်လာလေ၏။

“ငရဲသူတော်စင် ဝါးမြိုခြင်းလက်ဝါး”

သူ၏ လက်ဝါး ရှီရွှမ်းထံသို့ ရိုက်ခတ်သွားချိန်၌ နောက်ကွယ်တွင် ပေတစ်ထောင်ခန့် မြင့်သော ကြီးမားလှသည့် အရိပ်ကြီးတစ်ခု ပေါ်လာပြီး လက်ကို တစ်ပြိုင်နက်တည်း မြှောက်လိုက်လေ၏။

အရိပ်တစ်ခုသာ ဖြစ်သော်လည်း လူတိုင်းမှာ ၎င်းထံမှ ထွက်ပေါ်လာသော သူတော်စင်တစ်ပါး၏ စွမ်းအင်အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ပြီးသွားပြီ။ ရှီးရွှမ်တော့ ဒီတစ်ခါ တကယ် သွားပြီ။”

ကျင့်ကြံသူအိုကြီးတစ်ယောက်မှာ ကြည့်ရှုရင်း တီးတိုးရေရွတ်မိလိုက်သည်။

ရှီးရွှမ်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူ ဓားကျောက်စိမ်းတစ်ခုကို ထုတ်ယူကာ အော်ဟစ်လိုက်၏။

“ဆရာ ကျွန်တော့်ကို ကူပြီး ဒီတိုက်ကွက်ကို ဖျက်ဆီးပေးပါ”

သူ့စကားအဆုံးတွင် ဓားကျောက်စိမ်းမှ ဓားချီများက ပေါက်ကွဲထွက်လာလေတော့သည်။

‘ချွင်’

ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ကြီးမားမြင့်မားလှသော လူရိပ်တစ်ခု ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး သူ၏ ဓားသွားကို ပေါ့ပေါ့ပါးပါးပင် ခုတ်ဖြတ်လိုက်သည်။

ချူချန်းဟန်၏ နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး သူ့ကို လွှမ်းခြုံထားသော အလောင်းချီများမှာလည်း လွင့်စင်သွား၏။

ဤအရာအားလုံးသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် စောင့်ကြည့်နေသူများမှာ ကိစ္စများ မပြီးဆုံးမီအထိ ဘာဖြစ်သွားသည်ကိုပင် သတိမပြုမိလိုက်ကြပေ။

လူတိုင်းမှာ ကျောက်ရုပ်များကဲ့သို့ တောင့်တင်းသွားကြပြီး ယခုလေးတင် မြင်တွေ့လိုက်ရသည့် အရာကြောင့် ဆွံ့အသွားကြ၏။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ မြို့စားအဆင့်တစ်ဦးက တီးတိုးပြောလိုက်သည်။

“သူတို့က တကယ်ပဲ စစ်မှန်ကံကြမ္မာအဆင့်က ကျင့်ကြံသူတွေပဲလား။ တကယ်လို့ သူတို့သာ ဒီလို ဝှက်ဖဲမျိုးတွေကို ခဏခဏထုတ်သုံးနိုင်ရင် ငါတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူးဟ”

အခြား ကျင့်ကြံသူတစ်ဦးက သက်ပြင်းချလိုက်သည်။ “မျိုးဆက်သစ်တွေက တကယ်ပဲ ကြောက်စရာကောင်းတယ်။ ငါတို့ အိုမင်းသွားပြီဆိုတာကို ဝန်ခံရမယ်”

ရှီးမျိုးနွယ်စုဘိုးဘေးမှာ ကောင်းကင်ယံသို့ လှည့်ကြည့်လိုက်ပြီးနောက် ချူဖုန်းထံသို့ ကြည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“တာအိုမိတ်ဆွေချူ မင်းက တကယ်ပဲ ဒီခေတ်ရဲ့ ထိပ်တန်း မဟာပဏ္ဍိတဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ မင်းရဲ့ ဓားချီတစ်ချက်တည်းနဲ့ သူတော်စင်အရိပ်တစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်”

“ရှူး”

ချူဖုန်း နှုတ်ခမ်းထက်တွင် လက်ညှိုးတစ်ချောင်း တင်လိုက်သည်။

“တကယ့်ပွဲကြီးပွဲကောင်းက အခုမှ စတာ။ ကျွန်တော်တို့ ဖြည်းဖြည်းချင်းပဲ စောင့်ကြည့်ကြရအောင်”

“ဟုတ်ကဲ့... ဟုတ်ကဲ့”

ရှီမျိုးနွယ်စုဘိုးဘေးမှာ နောက်ဆုံးတွင် မိမိနှင့် ရှေ့ရှိ လူသားကြားရှိ ကွာဟချက်ကို နားလည်သွားသည်။ သူ ကာလရှည်ကြာ စိုးရိမ်ပူပန်နေခဲ့ရမှုများသည် နောက်ဆုံးတွင် ပြေပျောက်သွားပြီ ဖြစ်၏။

သို့သော်လည်း အဓိကတုန်လှုပ်သွားရသူမှာ ကျောက်ဝူကျိပင်။ ယခုအချိန်မတိုင်ခင်အထိ အရာအားလုံးမှာ သူ၏ တွက်ချက်မှုအတွင်းတွင်သာ ရှိနေခဲ့သည်။

ရှီးရွှမ်က ဝှက်ဖဲများကို တစ်ခုပြီးတစ်ခု ထုတ်ပြလာပြီး သူ၏ ယုံကြည်မှုကိုပင် လှုပ်ခတ်စေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ ထိုဓားချက်မှာ သူ၏ အစွမ်းကုန် ခွန်အားဖြင့်ပင် တောင့်ခံနိုင်ပါ့မလားဆိုသည်ကိုပင် မသေချာတော့။

ကံကောင်းသည်မှာ ဤနေရာ၌ ရှိသောသူများထဲတွင် သူကိုယ်တိုင်ပင် ကြောက်လန့်ရသော ဝှက်ဖဲများ ရှိကြသည့် အခြားသူများ ကျန်နေသေးခြင်းပင်။

ရှီးရွှမ်သည် ထပ်မံ တိုက်ခိုက်ခြင်းမပြုဘဲ သူ၏ ရန်သူများကို ဝေ့ကြည့်လိုက်၏။

“မိတ်ဆွေတို့... ငါ့ရဲ့ ဝှက်ဖဲကို သဘောကျရဲ့လား”

‘မင်း ရူးနေတာလား’

တူညီသော အတွေးတစ်ခု ထိုငါးယောက်စလုံး၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ အကယ်၍ သူတို့သာ ပါရမီရှင် ပုံရိပ်ကို ထိန်းသိမ်းရန် မလိုအပ်ပါက တံတွေးများစင်သည်အထိ ဆဲဆိုမိကြပေလိမ့်မည်။

ရှီးရွှမ်၏ အပြုံးမှာ လှောင်ပြောင်နေသော ပုံစံသို့ ပြောင်းလဲသွားလေ၏။

“မင်းတို့ ဘာမှမပြောတော့တာမို့ သဘောတူတယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်။ ကောင်းပြီ။ အားလုံးက သူတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြပြီးပြီဆိုတော့ ဒီကိစ္စကို ဒီနေရာမှာတင် ရှင်းကြစို့။ မင်းတို့ထဲက ဘယ်သူက အရင်ဆုံး ရှေ့ထွက်လာပြီး အသေခံမလဲ”

အတိအလင်း ရန်စခြင်းပင်။

သို့သော် မည်သူမျှ မလှုပ်ရှားကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ဝူကျိနှင့် အခြားသူများမှာ ချူချန်းဟန်နှင့် ရွှီအောက်ထျန်းတို့နှစ်ဦး ထံသို့ အကြည့်များကို ပို့ထားကြသည်။

ထိုလူနှစ်ယောက်စလုံး၏ အကြည့်များတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ ယခုလေးတင် ထုတ်လွှတ်လိုက်သော ဓားချက်မှာ သာမန် မဟာပဏ္ဍိတတစ်ဦး၏ တိုက်ကွက်မဟုတ်ပေ။

အသက်နှင့်လဲရမည့် တိုက်ပွဲတစ်ခုသို့ ရောက်မသွားမချင်း သူတို့နှစ်ဦးစလုံး သူတို့ကိုယ်တိုင်ပင် မနည်းထိန်းချုပ်ရသည့် အလွန် အန္တရာယ်များသော နောက်ဆုံးဝှက်ဖဲများကို မထုတ်ပြလိုကြပေ။

လသာဆောင်ရှိ စောင့်ကြည့်နေသူများသည်လည်း ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသော အခြေအနေကြောင့် အံ့အားသင့်သွားကြ၏။ လွန်ခဲ့သော မိနစ်ပိုင်းကတင် ထိုငါးယောက်၏ ဖိနှိပ်ခြင်းကို ခံနေရသော ရှီးရွှမ်မှာ ယခုတွင် ထိုငါးယောက်စလုံးကို တစ်ယောက်တည်းဖြင့် ပြန်လည် ဖိနှိပ်ထားလေပြီ။

ချောင်ရို့ချန်က ဤမြင်ကွင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။

“ညီငယ်လေး... အခုမှပဲ မင်းရဲ့ စကားပြောသံက သဘာဝကျတော့တယ်။ ငါ သိချင်တာက အဲဒီကောင်တွေ အသက်လုတိုက်ပွဲဝင်ဖို့ အတင်းအကျပ် ဖိအားပေးခံရမလားဆိုတာပဲ”

ချူဖုန်းက ရယ်မောလိုက်သည်။

“အဲဒါက ရှောင်ရွှမ် ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”

ကောင်းကင်ယံတွင်

ရှီးရွှမ် ပြုံးစိစိဖြင့် ပြောလိုက်သည်။

“မင်းတို့ရဲ့ စောစောက မာနတွေ ဘယ်ပျောက်ကုန်ပြီလဲ”

ထိုစကားကြောင့် ရွှီအောက်ထျန်း စိတ်ပေါက်ကွဲသွားသည်။ သူက စကားပြောရန် ရှေ့သို့ တစ်လှမ်း တက်လိုက်သော်လည်း ရှီးရွှမ်က သူ့စကားကို ဖြတ်ပစ်လိုက်၏။

“ရွှီအောက်ထျန်း မင်းက မဆိုးပါဘူး။ တော်တော် သတ္တိရှိတာပဲ။ ကဲ သေစမ်း”

“ငါ….”

ရွှီအောက်ထျန်းအနေဖြင့် စကားဆုံးအောင် ပြောခွင့်မရလိုက်ဘဲ ဓားချီတစ်ခု သူ့ထံသို့ ပိုင်းဖြတ်ကျဆင်းလာခဲ့သည်။ သူ စိတ်ထဲတွင် အော်ဟစ်လိုက်မိ၏။

“ဘိုးဘေး... ကျွန်တော့်ကို ကယ်ပါဦး”

ကျန်လေးယောက်မှာ ဆွံ့အသွားကြသည်။ ရှီးရွှမ်က မည်သည့် သတိပေးချက်မျှမရှိဘဲ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူတို့ထဲက မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

“ရွှီအောက်ထျန်းတော့ သွားပြီ”

All Chapters