အခန်း (၃၉၉)
Vol. 40 Ch. 399
အခန်း (၃၉၉) ချောက်နက်ကိုးပါး နတ်ဆိုးသူတော်စင်
“ဟွန်း”
ရွှီအောက်ထျန်း၏ ခန္ဓာကိုယ်ထဲမှ သူ့အသံမဟုတ်သော အေးစက်လှသော နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ရင်ဘတ်ထဲမှ ကြီးမားလှသော လက်ကြီးတစ်ဖက် ရုတ်တရက် ပေါက်ထွက်လာပြီး ကျဆင်းလာသော ဓားချီကို တားဆီးလိုက်လေ၏။
ထိုနေရာတွင် ရှိနေကြသူအားလုံး ထိတ်လန့်တုန်လှုပ်လျက် တောင့်တင်းသွားကြသည်။
တွက်ချက်မှုတိုင်းတွင် အမြဲတမ်း တိကျလှသော ကျောက်ဝူကျိပင် မှင်တက်သွားရ၏။
ရွှီအောက်ထျန်းတွင် ထူးခြားဆန်းပြားသော အမွေအနှစ်တစ်ခု ရှိနေသည်ကို သူ သိထားသော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
မဟာပဏ္ဍိတ တစ်ဦး၏ တိုက်ကွက်ကို ဤမျှလောက် လွယ်ကူစွာ တားဆီးနိုင်သော ဝိညာဉ်ဆိုသည်မှာ တစ်ခုတည်းသော အဓိပ္ပာယ်သာ ရှိသည်။ ထိုအရာမှာ သူတော်စင်ဝိညာဉ်ပင်။
“ရွှီအောက်ထျန်းရဲ့ ခန္ဓာကိုယ်ထဲမှာ သူတော်စင်ဝိညာဉ်တစ်ခု ကိန်းအောင်းနေတာလား။ ဘာတွေ ဖြစ်ကုန်တာလဲ”
“ဒါဆို သူက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ နောက်ထပ် သူတော်စင် ဖြစ်လာဖို့ ကံပါလာတာများလား”
လူအုပ်ကြီး ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစဉ် အခမ်းအနားစင်မြင့်ထက်တွင် ထိုင်နေကြသော အမျိုးသမီး သုံးဦးသည် ရွှီအောက်ထျန်းကို ပိုမို၍ ကိုးကွယ်အားကျသော အကြည့်များဖြင့် ကြည့်လိုက်ကြလေ၏။
သူတို့ သူ့ကို ရွေးချယ်ခဲ့ကြသည်မှာ မဆန်းတော့ပေ။ သူ့တွင် သူတော်စင်တစ်ပါးက အစောင့်အရှောက်အဖြစ် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့မှာ မိမိတို့ကိုယ်ကိုယ် အနာဂတ်တွင် သူတော်စင်၏ ကြင်ယာတော်များအဖြစ်ပင် စိတ်ကူးယဉ်နေကြသည်။
ရွှီအောက်ထျန်းတွင် အမျိုးသမီး မည်မျှပင် ရှိနေပါစေ သူတို့အတွက် အရေးမကြီးပေ။ ယခုကဲ့သို့ ပြိုင်ဘက်ကင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအတွက် အမျိုးသမီးများစွာ ရှိနေခြင်းက မမှားယွင်းပေ။ ရွှီအောက်ထျန်း အစွမ်းထက်နေသရွေ့ သူတို့မိသားစုများသည်လည်း သူ၏ အရိပ်ကို ခံစားရမည်ဖြစ်ပြီး သူတော်စင်တစ်ပိုင်းအဆင့်ရှိသော အင်အားစုတစ်ခုအဖြစ်ပင် မြင့်တက်သွားနိုင်ပေသည်။
ရှီးမျိုးနွယ်စုဘိုးဘေးမှာ ချူဖုန်း ထံသို့ လှည့်ကြည့်လိုက်ပြီး သူ၏ တုံ့ပြန်မှုကို သိချင်နေခဲ့သည်။
သူ့ကို အံ့အားသင့်သွားစေသည်မှာ ချူဖုန်းသည် ပြုံးနေပြီး သူ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခြင်းပင်။ ဤအခြေအနေသည် သူ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသော အခိုက်အတန့်အတိုင်းပင်ဖြစ်နေသကဲ့သို့။
ရှီးမျိုးနွယ်စုဘိုးဘေးမှာ အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။
‘တာအိုမိတ်ဆွေကြီးရေ... သတိလေး ဘာလေးလည်း ထားပါဦး။ မင်းက မဟာပဏ္ဍိတပဲ ရှိသေးတာ၊ သူတော်စင် မဟုတ်သေးဘူးဟ’
မြင့်မားလှသော ကောင်းကင်ယံထက်တွင် ရွှီအောက်ထျန်းသည် ရှီးရွှမ် ကို ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။
“ရှီးရွှမ်... မင်း ငါ့ကို ဒီအဆင့်အထိ ဖိအားပေးနိုင်တာက မင်းရဲ့ အစွမ်းကို သက်သေပြလိုက်တာပဲ။ ဒါပေမဲ့ ဒါက ငါ့ရဲ့ ခေတ်ပဲ။ မင်းက ငါ့အတွက် ခြေနင်းကျောက်တစ်ခုထက် ဘာမှမပိုဘူး”
ရှီးရွှမ်က ရယ်မောလိုက်သည်။
“အဲလိုလား။ ငါတော့ မယုံဘူး။ မင်းရဲ့ သူတော်စင်ဘိုးဘေးကို ထွက်လာခိုင်းလိုက်စမ်းပါ။ ငါတို့အားလုံးလည်း တစ်ချက်လောက် ကြည့်ရအောင်”
“ရိုင်းစိုင်းလှချည်လား”
ဒေါသတကြီး အော်ဟစ်သံတစ်ခုသည် ရွှီအောက်ထျန်း၏ အတွင်းမှ ပဲ့တင်ထပ်လာပြီးနောက် ပြင်းထန်သော ဖိအားတစ်ခုသည် ရှီးရွှမ်ထံသို့ လွှမ်းမိုးကျဆင်းလာခဲ့သည်။
ထို ဖိနှိပ်ချုပ်ချယ်မှုကြီး ကျဆင်းလာချိန်တွင်ပင် တိတ်ဆိတ်မှုကို ဖြတ်သန်း၍ ကျောက်ပြားပေါ်သို့ ကျောက်ခဲတစ်လုံး ချလိုက်သည့် အသံတစ်ခု ထွက်ပေါ်လာလေ၏။
‘တောက်’
ထိုအသံနှင့်အတူ ဓားချီတစ်ချက် ကောင်းကင်ယံထက်မှ ဝုန်းကနဲ ကျဆင်းလာပြီး ရွှီအောက်ထျန်း၏ ဦးခေါင်းထံသို့ ဦးတည်သွားလေ၏။
“ဟွန်း”
အသက်ကြီးသော အသံကြီးက ထပ်မံ၍ ဟိန်းဟောက်လိုက်သည်။
ရွှီအောက်ထျန်း၏ ဦးခေါင်းခွံထဲမှ ကြီးမားလှသော လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ထိုတိုက်ကွက်ကို တားဆီးလိုက်၏။
“ဘယ်က အရှက်မရှိတဲ့ မျိုးဆက်သစ်က ဒီသူတော်စင်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တာလဲ။ ထွက်ခဲ့စမ်း”
ထိုစကားအဆုံးတွင် သူတော်စင်ဝိညာဉ်တစ်ခုမှာ ရွှီအောက်ထျန်း၏ ခန္ဓာကိုယ်ထဲမှ တရွေ့ရွေ့ထွက်ပေါ်လာခဲ့သည်။
ထိုဖြစ်စဉ်သည် အလွန်အမင်း နှေးကွေးပြီး နာကျင်ဖွယ်ကောင်းလှရာ ရွှီအောက်ထျန်း၏ မျက်နှာသည် ပြာနှမ်းသွားပြီး သွေးမရှိသကဲ့သို့ ဖြူလျော်သွားခဲ့သည်။
သူတော်စင်ဝိညာဉ်ကို အတင်းအကျပ် ထုတ်လွှတ်လိုက်ခြင်းသည် သူ့အတွက် အလွန် ကြီးမားသော ပေးဆပ်မှုကို ဖြစ်စေသည်မှာ ထင်ရှားနေ၏။
ထိုဝိညာဉ် နောက်ဆုံးတွင် အပြည့်အဝ ထွက်ပေါ်လာချိန်၌၊ ကွင်းတစ်ခုလုံးသည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။
ဘုရင်များနှင့် မဟာပဏ္ဍိတများပင် မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားကြသည်။ အဆင့်နိမ့် ကျင့်ကြံသူများမှာမူ ထိုအရာကို မကြည့်ဝံ့ကြတော့ဘဲ ဒူးထောက်လဲကျကုန်ကြ၏။
မကြာမီတွင် သူတော်စင်ဝိညာဉ်၏ ပုံသဏ္ဌာန်အပြည့်အစုံကို မြင်တွေ့လိုက်ရသည်။ သူသည် လေပြေတစ်ခု တိုက်ခိုက်ရုံမျှနှင့်ပင် လဲကျသွားနိုင်လောက်အောင် နုနယ်အားနည်းပုံရသော အဘိုးအိုတစ်ဦးပင်။
သို့သော်လည်း ဤအရာသည် ပျက်စီးနေသော ဝိညာဉ်အပိုင်းအစတစ်ခု မဟုတ် စစ်မှန်ပြီး ပြည့်စုံသော သူတော်စင်ဝိညာဉ်တစ်ခု ဖြစ်ကြောင်း လူတိုင်း သိကြသည်။
သူ့တွင် ခန္ဓာကိုယ် မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း သာမန် မဟာပဏ္ဍိတများ လှမ်းမမီနိုင်သော အဆင့်တွင် ရှိနေဆဲပင်။
ထိုအဘိုးအို၏ အကြည့်သည် လသာဆောင် တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။ သူ့အကြည့် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ကျင့်ကြံသူများမှာ အညံ့ခံသည့်အနေဖြင့် ဒူးထောက်ချလိုက်ကြသည်။
“ဟီးဟီး”
တိုးညင်းပြီး လှောင်ပြောင်သရော်သော ရယ်မောသံတစ်ခုသည် တင်းမာနေသော အခြေအနေကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့လေ၏။
ထိုအသံကြောင့် ကျင့်ကြံသူတိုင်း တုန်လှုပ်သွားကြသည်။
ယခုကဲ့သို့သော အခိုက်အတန့်တွင် သူတော်စင်ဝိညာဉ်တစ်ခုကို မည်သူက ရန်စဝံ့သနည်း။
“ဟင်”
ထိုအဘိုးအိုသည် မျက်မှောင်ကြုတ်လျက် ထိုအသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် လူငယ်တစ်ဦးမှာ သူတော်စင်ကို ဘာမှမဟုတ်သကဲ့သို့ သဘောထားကာ ပေါ့ပေါ့ပါးပါးပင် ယပ်တောင်ခတ်ရင်း လက်ဖက်ရည်ကို သောက်နေခဲ့၏။
အဘိုးအိုက သူ၏ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ထိုလူငယ်၏ အမူအရာကြောင့် မဟုတ်ဘဲ နုပျိုမှုကြောင့်ပင်။ အလွန် နုပျိုလွန်းပြီး ကြွယ်ဝလှသော သက်တမ်းအငွေ့အသက်များ ရှိနေလေ၏။ ဤလူငယ်သည် ရုပ်ဖျက်ထားသော ရှေးဟောင်းနတ်ဆိုးအိုကြီးတစ်ကောင် မဟုတ်သည်မှာ သေချာလှသည်။
“လူငယ်လေး... ဒီသူတော်စင်ကို လှောင်ပြောင်ခဲ့တာ မင်းလား”
လူအုပ်ကြီးမှာ သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။
သေမျိုးလောကမှ ဖယ်ထုတ်ခံထားရသော နတ်မိစ္ဆာတစ်ပါးကဲ့သို့ ခန့်ညားလှသော လူငယ်တစ်ဦးမှာ ယပ်တောင်ကို ကိုင်ဆောင်ကာ တရွေ့ရွေ့ မတ်တပ်ထရပ်လိုက်သည်ကို မြင်တွေ့ရသောအခါ လူတိုင်း ဆွံ့အသွားကြသည်။
မကြာမီတွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
“ဒါ...မဟာပဏ္ဍိတမိုးမြေပဲ၊ ကမ္ဘာပေါ်မှာ နံပါတ်တစ် မဟာပဏ္ဍိတ”
“သူက ဘာလို့ ဒီကို ရောက်နေတာလဲ။ ဒါဆို ရှီးရွှမ်က သူ့တပည့်များလား”
“ဒါပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် ရှီးမျိုးနွယ်စုရဲ့ နောက်ခံအင်အားနဲ့ဆို သူတော်စင်တစ်ပါးကို ဖိတ်ခေါ်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ချူဖုန်း ခပ်ဖွဖွ ပြုံးလိုက်သည်။ “စီနီယာ... ခင်ဗျားက လူငယ်တွေကို အနိုင်ကျင့်နေတာပဲ။ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော့တပည့် အပြစ်ပေးခံနေရတာကို ကျွန်တော့ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။ သူ အမှားတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ၊ သူ့ကို ဆုံးမရမှာက ဒီချူဖုန်းရဲ့ တာဝန်ပဲ”
သူ့စကားအဆုံးတွင် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်လှသော ဖိအားကြီးသည် လသာဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
၎င်းသည် ထို့ထက်မက ပိုမို ပြန့်နှံ့သွားပြီး မြောက်ပိုင်းချောက်နက်မင်းဆက်၏ မြို့တော် တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားခဲ့သည်။
ထိုစွမ်းအားအတွင်းရှိ သက်ရှိသတ္တဝါအားလုံး ကြောက်လန့်တုန်လှုပ်သွားကြ၏။
အဘိုးအိုမှာ ချူဖုန်း၏ စွမ်းအင်အငွေ့အသက်ကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဤလူငယ်ကို နှိမ်နင်းနိုင်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလိမ့်မည်။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကိုပင် ထိခိုက်စေနိုင်၏။
တံဆိပ်ခတ်ခြင်းခံထားရမှုမှ ခက်ခက်ခဲခဲ နိုးထလာခဲ့ပြီးနောက်တွင် သူ နောက်တစ်ကြိမ် ပြန်လည် အိပ်စက်ခြင်းသို့ ရောက်ရှိသွားမည့် အန္တရာယ်ကို မစွန့်စားလိုပေ။
သို့သော်လည်း သူတော်စင်တစ်ပါးအနေဖြင့် သူသည် မဟာပဏ္ဍိတတစ်ဦး၏ ရှေ့မှောက်တွင် မည်သည့်အခါမျှ အားနည်းချက်ကို ပြသမည်မဟုတ်ပေ။
သူ အေးစက်စွာ ပြောလိုက်သည်။
“မျိုးဆက်သစ်လေး မင်း ငါနဲ့ တိုက်ခိုက်ချင်တာလား”
“ဟုတ်တယ်”
ချူဖုန်း၏ အသံမှာ တည်ငြိမ်နေဆဲပင်။ သို့သော်လည်း လူတိုင်း၏ နားထဲတွင်မူ ၎င်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး သူတို့ကို တုန်လှုပ်သွားစေ၏။
ရှီးမျိုးနွယ်စုဘိုးဘေးက တီးတိုးပြောလိုက်သည်။
“တာအိုမိတ်ဆွေချူ... ငါတို့ သူတို့နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်လိုက်ရင် ပိုကောင်းမလား”
ချူဖုန်းက သူ့ကို ပြုံးလျက် လှည့်ကြည့်လိုက်သည်။
“တာအိုမိတ်ဆွေကြီး... ခင်ဗျား ဒီအတိုင်း ထိုင်ပြီး ပွဲကောင်းကိုပဲ ကြည့်နေလိုက်ပါ။ တာ့ချန် ရှီးမျိုးနွယ်စုဘိုးဘေး စကားတွေ အများကြီး မပြောမိအောင် သူ့ကို စိတ်ဝိညာဉ်သခွားသီး တစ်လုံး ပေးလိုက်”
“ဟုတ်ကဲ့”
ချောင်ရို့ချန်သည် စားလက်စ စိတ်ဝိညာဉ်သခွားသီးတစ်လုံးကို ထုတ်ယူကာ ထက်ဝက်ခြမ်းပြီး ထိုအထဲမှ တစ်ဝက်ကို ရှီမျိုးနွယ်စုဘိုးဘေးထံသို့ ကမ်းပေးလိုက်၏။
“စီနီယာ ခင်ဗျား ဒီသခွားသီးကိုပဲ စားနေလိုက်ပါ။ ကျန်တဲ့ကိစ္စတွေကို စိတ်မပူနဲ့။ ဒါက ဒီနေ့မှာတင် ပြီးသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြောင်တောင်က သူများကိုပဲ အနိုင်ကျင့်ဖူးတာ။ ဘယ်တုန်းက သူများရဲ့ အနိုင်ကျင့်တာကို ခံဖူးလို့လဲ”
မောက်မာလှ၏။ ထိုလူငယ်ကို ဖော်ပြရန် ဤတစ်လုံးတည်းသော စကားသာ ရှိသည်။
သို့သော်လည်း လူအုပ်ကြီးသည် သူ၏ မြင့်မားသော အရိပ်နှင့် ဂရုမစိုက်သော မျက်နှာထားကို ကြည့်လိုက်ချိန်တွင် သူ၏ အမည်ကို ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။ ၎င်းမှာ ချောင်ရို့ချန်ပင်။
ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်တစ်ဦး။
အကယ်၍ ချူဖုန်းနှင့် ချောင်ရို့ချန်တို့ ဤနေရာတွင် ရှိနေပါက အခြား မြင့်မြတ်သားတော်တစ်ဦးမှာလည်း ရောက်ရှိနေပြီမှာ သေချာသည်။
ကောင်းကင်ယံထက်တွင် အဘိုးအိုသည် အခြေအနေကို မြင်တွေ့လိုက်ရပြီး ယနေ့ကိစ္စသည် ငြိမ်းချမ်းစွာ ပြီးဆုံးလိမ့်မည်မဟုတ်ကြောင်း သိလိုက်၏။
သူ ခက်ထန်စွာ ပြောလိုက်သည်။
“ကောင်းပြီ။ ငါ သူတော်စင်ကျို့ယွမ်က နှစ်ပေါင်း တစ်သန်းလောက် အိပ်စက်ခဲ့ပြီး အခု နိုးလာတော့ မျိုးဆက်သစ်တွေက ပိုပြီးတော့ ရိုင်းစိုင်းလာကြတာကို တွေ့ရတယ်။ ဒီနေ့တော့ မင်းရဲ့ စွမ်းရည်ကို ကြည့်ရသေးတာပေါ့”
ထိုအခိုက်အတန့်တွင် မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်ရှိလူများထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“နတ်ဆိုးသူတော်စင်ကျို့ယွမ် သူက ကောင်းကင်ချောက်နက်ကြီးမှာ ချိတ်ပိတ်ခတ်ခံထားရတာ မဟုတ်ဘူးလား။ သူ ဘာလို့ ဒီကို ရောက်နေတာလဲ”
ထိုအမည်ကို ကြားလိုက်ရသော ကျင့်ကြံသူအိုကြီးများ၏ မျက်နှာများမှာ ဖြူလျော်သွားကြသည်။
“ဘာလဲ။ သူက မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်ရဲ့ ရှေးဟောင်းရန်သူတော်ကြီး ဖြစ်တဲ့ နတ်ဆိုးသူတော်စင်ကျို့ယွမ်လား။ တော်ဝင်မိသားစုရဲ့ တရားမဝင်သားဖြစ်တဲ့ ရွှီအောက်ထျန်းက ဒီနတ်ဆိုးအိုကြီးကို ဘယ်လိုလုပ်ပြီး လွှတ်ပေးလိုက်နိုင်ရတာလဲ”
ရွှီအောက်ထျန်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး နီမြန်းနေသော မျက်ဝန်းများဖြင့် ရှီးရွှမ်ကို စိုက်ကြည့်လိုက်သည်။
သူသည် ဘိုးဘေးကျို့ယွမ် မည်သူဖြစ်ကြောင်း ကောင်းစွာ သိထား၏။ အထွတ်အထိပ် အမွေအနှစ်ကို ရရှိရန်အတွက် သူသည် တစ်ချိန်က ထိုနတ်ဆိုးအိုကြီးကို လှည့်စားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ရရှိစေရန် ရတနာများကို ရှာဖွေပေးမည်ဟု ကတိပေးထားသည်။ သို့သော်လည်း ထိုကတိကို ဖြည့်ဆည်းပေးရန် သူ့တွင် ရည်ရွယ်ချက်လုံးဝမရှိပေ။
ယခုအခါ ကျို့ယွမ်မှာ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပြီဖြစ်ရာ သူသည် မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်တွင် ဆက်လက် ရှိနေနိုင်တော့မည် မဟုတ်ပေ။
သူတို့သည် ကျို့ယွမ်၏ သက်ဆိုင်သောသူများ အမြဲတမ်း လိုက်လံနှိမ်နင်းခဲ့ကြသောကြောင့်ပင်။
“နေဦး”
ချူဖုန်းသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီးရွှမ်၏ ဘေးသို့ ရောက်ရှိသွားခဲ့သည်။
နတ်ဆိုးသူတော်စင်ကျို့ယွမ်မှာ ချူဖုန်း ကြောက်လန့်သွားသည်ဟု ထင်မှတ်ကာ လှောင်ပြောင်လိုက်လေ၏။
“အခုမှ ညှာတာပေးဖို့ တောင်းပန်ရင်လည်း နောက်ကျသွားပြီ”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ အထင်မလွဲပါနဲ့”
ချူဖုန်း ခေတ္တရပ်နားလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကျွန်တော်ဆိုလိုတာက ခင်ဗျား ဒီကောင်တွေရဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့ တခြား ဘိုးဘေးတွေကိုပါ တစ်ခါတည်း ခေါ်ထုတ်လိုက်ရင် မကောင်းဘူးလားလို့။ ဒါမှမဟုတ်ရင် လူတွေက မဟာပဏ္ဍိတမိုးမြေဟာ အဘိုးကြီးတစ်ယောက်ကို အနိုင်ကျင့်ပြီး နာမည်ကြီးလာတာလို့ ပြောနေကြဦးမယ်”
ထိုစကားများသည် နတ်ဆိုးသူတော်စင်ကျို့ယွမ်ကို အလွန်အမင်း ဒေါသထွက်သွားစေ၏။ သူ ဟိန်းဟောက်လိုက်သည်။
“မောက်မာတဲ့ ကောင်လေး... မင်း သေချင်နေတာပဲ…ချောက်နက် ဝါးမြိုခြင်းလက်ဝါး”
သူ၏ လက်ဖဝါး ရိုက်ခတ်သွားချိန်တွင် ကြီးမားလှသော အရိပ်လက်ကြီးတစ်ခု ပေါ်ထွက်လာတော့၏။
၎င်းသည် စောစောက ချူချန်းဟန်၏ အလောင်းချီဖြင့် ဖန်တီးထားသော ဝိညာဉ်လက်ဝါးနှင့်မတူဘဲ ဤအရာသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို မှောင်မိုက်သွားစေသည်။
ထိုမြင်ကွင်းကို ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံးသည် စိတ်ပျက်အားငယ်မှုကိုသာ ခံစားလိုက်ရပြီး ပြန်လည်ခုခံလိုစိတ်ပင် ပျောက်ဆုံးသွားကြ၏။
၎င်းသည် သူတော်စင်တစ်ပါး၏ စစ်မှန်သော စွမ်းအားပင်။
သို့သော်လည်း ချူဖုန်းကမူ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
“သူတော်စင်ဝိညာဉ်ဆိုတာ နောက်ဆုံးတော့ ဒီလောက်ပါပဲလား”