အခန်း (၂၁၀)
Vol. 21 Ch. 210
အခန်း (၂၁၀) မွေးနေ့
နေ့ရက်များသည် ကုန်လွန်သွားခဲ့ပြီး မကြာမီမှာပင် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာလေသည်။
"ကြည့်ပါဦး... နှင်းတွေရပ်သွားပြီ..."
"အားလုံး မြန်မြန်လုပ်ပြီး နှင်းတွေကို ရှင်းလင်းလိုက်ကြစမ်း..."
တစ်ညလုံး နှင်းများ ကျဆင်းနေခဲ့ပြီးနောက် ခြံဝင်းထဲမှ အောင်ပွဲခံ သြဘာပေးသံများ ထွက်ပေါ်လာလေသည်။
မြို့ပြင်ရှိ ဒုက္ခသည်များကို စနစ်တကျ နေရာချထားပေးနိုင်ခဲ့ပြီး အအေးဒဏ်ကြောင့် သေဆုံးသူ မရှိသလောက်ပင်ဖြစ်သည်။ ယွင်ဟွားသည်လည်း ကုသိုလ်စွမ်းအားများစွာကို စုဆောင်းနိုင်ခဲ့လေသည်။
ဤအရာက သေခြင်းရှင်ခြင်းစာအုပ်ကို အလွန် ပျော်ရွှင်စေခဲ့သော်လည်း ယင်စွမ်းအင်ကို လုံးဝ မစုပ်ယူရသော ငရဲလကျောက်မှာမူ သွေးအန်လုမတတ် ဖြစ်နေရလေသည်။
ပြင်ပလောက၏ အနှောင့်အယှက်ကင်းစွာဖြင့် ယွင်ဟွားသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေရာ ယွင်ယာကို အလွန် ထိတ်လန့်စေခဲ့သည်။ ယခင်အကြိမ်က သူမ ဟင်းချက်စဉ် အိမ်တစ်လုံးလုံးကို မီးရှို့ပစ်ခဲ့သည်ကို သူမ မမေ့သေးပေ။
"ညီမလေး... ငါတို့တွေ…အစေခံတစ်ယောက်ကို လုပ်ခိုင်းလိုက်ရင်ရော..."
ယနေ့သည် နှစ်သစ်ကူးအကြိုညဖြစ်ပြီး ညီမလေး၏ မွေးနေ့လည်း ဖြစ်ပေသည်။
ယခင်နှစ်များက မိခင်ဖြစ်သူသည် ညီမလေးအတွက် အသက်ရှည်ခေါက်ဆွဲ တစ်ပန်းကန်ကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးလေ့ရှိသည်။ သို့သော် ဤနှစ်တွင်မူ ညီမလေးသည် ပြောင်းပြန်လုပ်ဆောင်ကာ သူမ၏ ဟင်းချက်စွမ်းရည်ကို အားလုံးမြည်းစမ်းနိုင်ရန်အတွက် ကိုယ်တိုင်ချက်ပြုတ်မည်ဟု တင်းခံနေခဲ့လေသည်။
သူမသည် အသက်ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း သူမက ဆယ့်လေးနှစ်အရွယ်၏ အစားအစာများကို စားသုံးနေသည်ဟုဆိုကာ ဆယ့်ငါးနှစ်အဖြစ် အကြမ်းဖျင်း သတ်မှတ်ထားပြီး သူမ၏ လျင်မြန်စွာ ကြီးထွားလာသော အရပ်အမောင်းမှာလည်း သူမနှင့် နီးပါး တူညီနေပြီ ဖြစ်သည်။
ယခင်က မိခင်ဖြစ်သူသည် ညီမလေး အရပ်ပုမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် သူမ အလွန်လျင်မြန်စွာ ကြီးထွားလာမည်ကို စိုးရိမ်နေရလေသည်။
ယွင်ဟွားက ခေါင်းလှည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
"ဒုတိယအစ်မ... ညီမလေးကို နည်းနည်းလောက် ယုံကြည်မှုထားပေးပါလား..."
ထိုသို့ပြောပြီးနောက် သူမသည် ကျက်နေသော ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ထည့်ကာ ကြက်ဥကြော်ရန် ပြင်ဆင်လိုက်လေသည်။
ယွင်ယာသည် သူမ၏ နောက်ကွယ်ရှိ အစေခံများကို တစ်ချက်ကြည့်လိုက်ရာ သူတို့တစ်ဦးစီသည် ရေတစ်ဇလုံစီ ကိုင်ဆောင်ထားကြလေသည်။ သူမ၏ အစ်ကိုကြီးက ခြေတစ်လှမ်းလှမ်းတိုင်း ရှေ့ဆယ်လှမ်းအတွက် စဉ်းစားတွေးတောရမည်ဟု မကြာခဏ ပြောလေ့ရှိရာ ဖြစ်လာနိုင်သော အန္တရာယ်များကို ကြိုတင်မှန်းဆပြီး ပြင်ဆင်ထားရန် ဆိုလိုခြင်းဖြစ်သည်။
ဤသည်မှာ အမှန်ပင် ဖြစ်သည်။ အားကိုးမရသော ညီမလေးက ပင်မမီးဖိုချောင်ကို မီးရှို့ပစ်လိုက်မည်ဆိုလျှင် သူတို့မိသားစုက ငတ်မွတ်ခေါင်းပါးနေရပေလိမ့်မည်။
သူမ နက်နက်နဲနဲ တွေးတောနေစဉ် တူးတူးခါးခါး အနံ့တစ်ခုကို ရလိုက်လေသည်။
"ငါ့ကြက်ဥလေးတွေ... နင်တို့ ဘယ်လိုလုပ် တူးသွားရတာလဲ..."
ယွင်ဟွားသည် အလွန်ကောင်းမွန်သော သဘောထားရှိပြီး ကျရှုံးပြီးသည့်တိုင် ဆက်လက် ကြိုးစားနေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် မီးဖိုဘေးရှိ ပန်းကန်ပြားထဲတွင် မည်းနက်နေသော ကြက်ဥအလောင်းကောင််များ တောင်လိုပုံနေလေသည်။ ယွင်ယာက ဘေးနားရှိ ချက်ပြုတ်ထားသော ခေါက်ဆွဲများကို တစ်ချက်ကြည့်လိုက်၏။
သူမ၏ နှလုံးသားမှာ တစ်ချက် ခုန်သွားလေသည်။
ခေါက်ဆွဲများသည် ကြက်ဥကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသဖြင့် အခဲလိုက်ကြီး ဖြစ်သွားလေပြီ။
သူမက ဤသည်မှာ အသက်ရှည်ခေါက်ဆွဲဖြစ်ပြီး နောက်ဆုံးနှုတ်ဆက်ခေါက်ဆွဲ မဟုတ်ကြောင်း တကယ်ပင် ပြောချင်နေခဲ့သည်။
ဖြစ်နိုင်တာကတော့... စားလို့ရသေးတယ်မလား...။
ပင်မခန်းမဆောင်အတွင်း၌။
လူတိုင်းက ယွင်ဟွား၏ ဟင်းချက်စွမ်းရည်ကို မျှော်လင့်နေကြသော်လည်း ယွင်ရှောင်ထျန်းမှာမူ ယခုအချိန်တွင် အလွန် မပျော်မရွှင် ဖြစ်နေလေသည်။
"မင်းသားစု... မင်းသားနန်ကုန်း... ဒီနေ့က နှစ်သစ်ကူးအကြိုညလေ... ဘာလို့ နန်းတော်ကို စောစောမသွားကြတာလဲ...ဒီနေရာမှာ ဘာလာလုပ်နေကြတာလဲ..."
ယွင်ရှောင်ထျန်းက မကျေမနပ် ဖြစ်နေ၏။ သူသည် သူတို့အနီးသို့ တိုးကပ်သွားပြီး သွားများကို ကြိတ်ကာ ပြောလိုက်လေသည်။
"ငါက ငါ့မိန်းမစကားကို နားထောင်တာလေ..."
"ကျွန်တော်က အမေစကားကို နားထောင်တာလေ..."
ယွင်ရှောင်ထျန်းမှာ ဆွံ့အသွားလေသည်။
မိန်းကလေးငယ်က မယ်တော်ကြီးနှင့် အခြားသူများနှင့် ပူးပေါင်းထားသော အတင်းအဖျင်းစာစောင်သည် မနေ့က တရားဝင် စတင်ရောင်းချခဲ့ပြီး ဤမနက်တွင် တော်ဝင်ကြင်ယာတော်စုက မိတ္တူအချို့ကို သူတို့အိမ်တံခါးဝသို့ ယူဆောင်လာခဲ့သည်။
တိုက်ဆိုင်စွာပင် သူ့ကိုလည်း တစ်အုပ် ပေးအပ်ခြင်း ခံခဲ့ရသည်။
မင်းသားစုသည် ရင်းနှီးဟန်ဆောင်ကာ ယွင်ရှောင်ထျန်း၏ လက်မောင်းကို တွတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက မကြာခင် နန်းတော်ကို သွားကြမှာပဲလေ... လူများရင် ပိုပြီး စည်ကားတာပေါ့..."
နှစ်သစ်ကူးအကြိုညတွင် နန်းတွင်းအရာရှိများသည် မိသားစုများကို နန်းတွင်းစားသောက်ပွဲသို့ ခေါ်ဆောင်လာရန် လိုအပ်ပေသည်။
ယွင်ရှောင်ထျန်းက အေးစက်စွာ နှာမှုတ်လိုက်၏။
"ငါ့ရထားလုံးကို စီးဖို့တော့ တွေးမနေနဲ့..."
တော်ဝင်ကြင်ယာတော်စုသည် ယနေ့က သူမ၏ အချစ်ဆုံးသူငယ်ချင်း၏ မွေးနေ့ဖြစ်ကြောင်း သိရှိထားပြီး သူမအား လက်ဆောင်ကို ပထမဆုံးပေးအပ်သူ ဖြစ်ချင်ခဲ့သော်လည်း သူမအတွက် ကိုယ်တိုင် ချက်ပြုတ်ပေးနေသော အချစ်ဆုံးသူငယ်ချင်းနှင့် ဆုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။
"စောစောရောက်တာထက် အချိန်ကိုက်ရောက်လာတာက ပိုကောင်းပါတယ်... ဒီနေ့တော့ ငါ စားကောင်းသောက်ဖွယ်တွေ စားရတော့မှာပဲ..."
တော်ဝင်ကြင်ယာတော်စုနှင့် ချွေ့ဝမ်ရှင်းတို့သည် အလွန်သင့်မြတ်ကြပြီး လက်ချင်းချိတ်ကာ ဖော်ရွေစွာ စကားပြောဆိုနေကြလေသည်။
"အိုး... ဒီကလေးက နင့်ရဲ့ သားအငယ်ဆုံးလေးလား... ပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ..."
တော်ဝင်ကြင်ယာတော်စုက ကလေးငယ်ကို သူမ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားပြီး သူ၏ မျက်နှာလေးကို ညှစ်လိုက်လေသည်။ ယွင်မိသားစု၏ ကလေးများအားလုံးထဲတွင် ဤကလေးငယ်သည် ညီမလေးနှင့် အတူဆုံး ဖြစ်၏။
ဤကလေး ကြီးလာသည့်အခါ မိန်းကလေးမည်မျှကို ဆွဲဆောင်နိုင်မည်ကို သူမ စိတ်ကူးကြည့်နိုင်လေသည်။
"စကားမစပ်... ချန်မိသားစုရဲ့ သမီးအငယ်ဆုံးက ဘယ်တော့ စေ့စပ်မှာလဲ... အမတ်ချန်က သူ့သမီးကို သူ့အိမ်ပေါက်ဝဆီလွှတ်ဖို့ အရမ်း စိတ်အားထက်သန်နေတယ်လို့ ငါ ကြားတယ်..."
ချွေ့ဝမ်ရှင်းက ပြုံးကာ ပြောလိုက်လေသည်။
"ငါက အရာအားလုံးကို အမြန်ဆုံး အတည်ပြုချင်ပေမယ့် ငါ့ယောက်ျားက အမတ်ချန်ကို ထိန်းချုပ်ဖို့ အမြဲတမ်း ကြိုးစားနေတယ်... ချန်မိသားစုရဲ့ သမီးအငယ်ဆုံးက နောင်ကျရင် သူ့သားနောက်ကို ဘယ်လိုလိုက်မလဲဆိုတာကို သူက ကြည့်ချင်တယ်တဲ့... ပြီးတော့ အမတ်ချန် ဒေါသထွက်လာမှာကိုလည်း သူက ကြည့်ချင်သေးတယ်လေ..."
တော်ဝင်ကြင်ယာတော်စု : … အမတ်ကြီးယွင်မှာ တကယ်ပဲ အဲ့လောက်ကောက်ကျစ်တဲ့ ဟာသဉာဏ်မျိုး ရှိနေတာလား…
အခြားတစ်ဖက်တွင် ယွင်ဟွားသည် သူမ၏ အသက်ရှည်ခေါက်ဆွဲကို ချက်ပြုတ်ခြင်း အပြီးသတ်သွားခဲ့ပြီး အစေခံများကို ပင်မခန်းမဆောင်သို့ လျှောက်သွားရန် စိတ်လှုပ်ရှားစွာဖြင့် ခေါ်ဆောင်လိုက်လေသည်။
ခန်းမဆောင်အတွင်း ရယ်မောသံများနှင့် စကားပြောသံများ ပြည့်နှက်နေလေသည်။ အစေခံများသည် မီးဖိုထဲသို့ မီးသွေးခဲအသစ်တစ်ခုကို ထည့်လိုက်ရာ မီးပွားများ အဆက်မပြတ် လွင့်ပျံလာပြီး မီးရောင်က လူတိုင်း၏ ခန္ဓာကိုယ်ကို နွေးထွေးစေသည်။
"ရှောင်ယွမ်ယွမ်..."
မင်းသားစု၏ မိသားစုကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားသဖြင့် ယွင်ဟွားမှာ ခဏတာ ဆွံ့အသွားလေသည်။
နန်ကုန်းယွမ်သည် အနည်းငယ် ပြုံးလိုက်ပြီး ပြင်ဆင်ထားသော လက်ဆောင်ကို ထုတ်ယူလိုက်၏။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ..."
မိန်းကလေးက ရွှေကို နှစ်သက်သဖြင့် သူမ၏ ပုံတူကို ရွှေဖြင့် ထုဆစ်ထားခဲ့ခြင်းဖြစ်သည်။
ယွင်ဟွားသည် သူမ၏ အမူအရာနှင့် လှုပ်ရှားမှုတိုင်းကို ပြီးပြည့်စုံစွာ ပုံတူကူးယူထားသော သူမ၏ ပုံတူအသေးစားလေးကို မြတ်နိုးသွားပြီး ထိုအရာကို ဖန်တီးရာတွင် သူ၏ စေ့စပ်သေချာသော ဂရုစိုက်မှုကို ဖော်ပြနေလေသည်။
"ရှောင်ယွမ်ယွမ်…ဒါကို ငါ အရမ်း သဘောကျတာပဲ..."
သူမ၏ လက်ဆောင်များသည် လက်ဝတ်ရတနာများ သို့မဟုတ် လှပသော အဝတ်အစားများသာ ဖြစ်သော်လည်း သူမ၏ မိခင်ဘက်မှ အဘိုးမှာမူ အနည်းငယ် ကွဲပြားလေသည်။ သူက သူမအား စာကြည့်ဆောင်၏ ရတနာလေးပါးအပြင် လက်ရေးလေ့ကျင့်ရန် စာအုပ်သေတ္တာကြီး နှစ်လုံးကိုပါ ပေးအပ်ခဲ့လေသည်။
ဒေါသထွက်သွားသဖြင့် သူမသည် မနေ့က နှင်းထူထပ်စွာ ကျဆင်းနေသည့်ကြားမှ ချွေ့မိသားစု၏ ဘိုးဘေးခန်းမသို့ အပြေးအလွှားသွားကာ တရားဝင် တိုင်ကြားခဲ့ပြီး သူမ၏ မိခင်ဘက်မှ ဘိုးဘွားများသည် အဘိုးဖြစ်သူကို ရိုက်နှက်ကာ လက်ရေးလေ့ကျင့်ခိုင်းရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက သူ၏ နင်းအန်းနယ်စားဘွဲ့ကို ရုပ်သိမ်းပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့လေသည်။
သူမ၏ လက်ရေးသည် တော်ဝင်ဆရာကြီးနင်းနှင့် စတုတ္ထမောင်လေးတို့ထံမှ ချီးကျူးမှုများ ရရှိခဲ့ပြီးဖြစ်သော်လည်း သူမ၏ လက်ရေးကို အခြားသူများ မြင်တွေ့ရမည်ကို သူ ရှက်ရွံ့နေဆဲပင် ဖြစ်သည်။
ယွင်ရှောင်ထျန်းက နန်ကုန်းယွမ် ပေးအပ်ထားသော လက်ဆောင်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။ သူသည် သူ၏ အိတ်ကပ်ထဲတွင် ပြင်ဆင်ထားသော လက်ဆောင်ကို အမှတ်တမဲ့ စမ်းသပ်လိုက်ပြီး အနည်းငယ် နှာမှုတ်ကာ အေးစက်စွာဖြင့် စကားတစ်ခွန်းကို ဆိုလိုက်၏။
"အမြင်ရိုင်းလိုက်တာ..."
သူ၏ သမီးတွင် ရွှေမပြတ်လပ်ဘဲ အဘယ်ကြောင့် ရွှေကို ပေးရသနည်း။ ထို့အပြင် ရွှေရုပ်တုကို ပေးရသလော။
သူ အလွန် ဒေါသထွက်နေလေပြီ။
"အမြင်ရိုင်းပေမယ့်လည်း ဤအရာက ညီမလေးအတွက်တော့ အကြိုက်တွေ့စေတာ အမှန်ပဲလေ..."
ယွင်ဝေ၏ မှတ်ချက်က ယွင်ရှောင်ထျန်း၏ နှလုံးသားကို နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။ သူသည် နန်ကုန်းယွမ်ကို ကြည့်ကာ သေသည်အထိ ကုတ်ဆွဲပစ်ချင်စိတ် ပေါက်လာလေသည်။
ချွေ့ဝမ်ရှင်းသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ နှုတ်ခမ်းကို စေ့ထားလိုက်လေသည်။ လွန်ခဲ့သော နှစ်ပတ်ခန့်က ခင်ပွန်းဖြစ်သူသည် မိန်းကလေးငယ်အတွက် သစ်သားရုပ်တုတစ်ခု ပြုလုပ်ရန် ညတိုင်း မီးရောင်အောက်တွင် အလုပ်လုပ်နေခဲ့သည်။ ၎င်းမှာ အလွန် ကြမ်းတမ်းနေသော်လည်း မိန်းကလေးငယ် စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူ အလွန် ယုံကြည်မှုရှိခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မင်းသားနန်ကုန်း၏ ထုဆစ်မှုက များစွာ ပို၍ သေသပ်လှပနေပေသည်။
ယခုအခါတွင် ဂုဏ်ယူဝင့်ကြွားနေသော ဖခင်ဖြစ်သူသည် ဤအချိန်၌ ၎င်းကို သေချာပေါက် ထုတ်ယူပြသချင်မည် မဟုတ်တော့ပေ။
သို့သော်... မိန်းကလေးငယ်က စိတ်အနှောင့်အယှက်ဖြစ်မည် မဟုတ်ကြောင်း သူမ ယုံကြည်ထားလေသည်။
ချွေ့ဝမ်ရှင်း စိတ်ကူးထားသည့်အတိုင်းပင် ရက်အနည်းငယ်အကြာတွင် ထိုသစ်သားရုပ်တုလေးမှာ ယွင်ဟွား၏ ကုတင်ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့လေသည်။ သူမသည်လည်း ထိုအရာကို အလွန် မြတ်နိုးခဲ့ပြီး တစ်သက်တာလုံး တန်ဖိုးထား သိမ်းဆည်းခဲ့လေသည်။
"အဖေ... အမေ... အားလုံးပဲ ငါ့ရဲ့ ဟင်းလျာကို မြည်းစမ်းကြည့်ကြပါဦး..."
ယွင်ယာမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်လေသည်။ အကယ်၍ သူတို့သာ ဤထက်ပို၍ အချိန်ဆွဲနေမည်ဆိုလျှင် ခေါက်ဆွဲများကို စား၍ရနိုင်ပါဦးမည်လော။
ယွင်ဟွားသည် ခေါက်ဆွဲများကို ကိုယ်တိုင် ဝေငှပေးလိုက်ရာ လူတစ်ဦးစီ၏ ရှေ့တွင် အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲတစ်ပန်းကန်စီ ရောက်ရှိသွားပြီး အပေါ်မှ ကြက်ဥတစ်လုံး တင်ထားသဖြင့် အလွန် စားချင်စဖွယ် ကောင်းနေလေသည်။
လူတိုင်းက အမှန်တကယ်ပင် မျှော်လင့်နေခဲ့ကြသော်လည်း ယွင်မိသားစုက ယွင်ဟွားအကြောင်းကို ကောင်းစွာ နားလည်ထားသဖြင့် ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ရန် တုံ့ဆိုင်းနေခဲ့ကြသည်။
နန်ကုန်းယွမ်ကမူ များစွာ တွေးတောမနေခဲ့ပေ။ သူသည် သူ၏ တူများကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် အံ့သြသွားသည့် အမူအရာကို ပြသကာ နောက်ထပ် နှစ်လုတ်ခန့် ထပ်စားလိုက်လေသည်။
"အရသာရှိတယ်..."
နန်ကုန်းယွမ်၏ အဖြေသည် ယွင်ဟွားအတွက် အမှန်တကယ်ပင် အရိုးသားဆုံး အတည်ပြုချက်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိရာ သူမအား အလွန် ဝမ်းသာရွှင်မြူးသွားစေခဲ့သည်။
ယွင်ယာသည် အနည်းငယ် သံသယဝင်သွားသော်လည်း သူမ၏ တူများကို ကောက်ယူလိုက်လေသည်။