← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁) နောက်ထပ် ကျောထောက်နောက်ခံ ကြီးကြီးမားမား ရှာတွေ့သွားသူတစ်ဦး

“တိတ်တဆိတ်နဲ့ သူတို့နှစ်ဦးစလုံးက အရှုံးမပေးလိုကြဘဲ ပြိုင်ပွဲကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြတယ်... ရှန်ကွမ်းဝမ်သော်က ပြဿနာကောင် သုံးရဲ့ လက်အောက်က အကျွမ်းကျင်ဆုံး ကျောက်စိမ်းဆရာနှစ်ဦးကို ဝမ်းလျှောစေဖို့ ဒါမှမဟုတ် အိပ်ဆေးတွေတိုက်ပြီး ဘယ်နည်းနဲ့မဆို ပြိုင်ပွဲသို့ မပါဝင်နိုင်အောင် ဆေးခတ်ခဲ့တယ်…”

“အဲ့အခါ ပြဿနာကောင်သုံးကလည်း ရှန်ကွမ်းဝမ်သော်ရဲ့ ကျောက်စိမ်းဆရာကို ပြန်ပေးဆွဲပြီး ဖွက်ထားခဲ့တယ်... ဒါပေမယ့်လည်း ရှန်ကွမ်းဝမ်သော်က သတိကြီးစွာနဲ့ သူတို့အထဲက တစ်ဦးကို ကာကွယ်ထားနိုင်ခဲ့တယ်…”

“ဒါ့ကြောင့် ပြဿနာကောင်သုံးအနေနဲ့ နင့်ကို အကူအညီတောင်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့တာပဲ…”

“သူက ဉာဏ်ကောင်းသားပဲ... ဟွားဟွားလေးကို ချဉ်းကပ်ရမယ်ဆိုတာ သိနေတယ်... အမြင်တော့ မဆိုးလှဘူး…”

တရားသူကြီး၏စုတ်တံက သူ့အား လှမ်းကြည့်လိုက်ပြီး သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်လေ၏။

ယွင်ဟွား : ......

သူမ၏ အငွေ့အသက်များက ချက်ချင်း ပြောင်းလဲသွားပြီး နှုတ်ခမ်းထက်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်ပေါက်လာကာ သူမ၏ လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။

"သွားကြစို့... အစ်မကြီးက နင့်အတွက် လက်စားချေပေးမယ်..."

ဤမောင်လေးသည် အနည်းငယ် အားကိုးမရဖြစ်နေသော်လည်း ယခုအခါ သူမ၏ အကာအကွယ်အောက်တွင် ရှိနေပြီဖြစ်ရာ အခြားသူများ၏ အနိုင်ကျင့်မှုကို ခံရမည် မဟုတ်ပေ။

ထို့အပြင်…

သူမ မောင်လေး၏ ပိုက်ဆံများသည် သူမ၏ ပိုက်ဆံများပင် ဖြစ်သည်။ သူမ၏ ပိုက်ဆံအိတ်ထဲမှ ရွှေလေးများကို သူက မည်သို့များ ခိုးယူဝံ့ရသနည်း။

သို့ဆိုလျှင် သူမ ရိုင်းစိုင်းသည်ဟု အပြစ်မတင်နှင့်တော့လေ။

"အစ်မကြီး... ကျွန်တော် တစ်ခုလောက် ပြောပြရစေ... အဲ့ရှန်ကွမ်းဝမ်သော်ကလေ..."

ယွင်ဟွားသည် အဝတ်အစား လဲလှယ်လိုက်ပြီး တတိယမင်းသားကလည်း သူမနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ စိတ်ဝင်စားစရာ ကြည့်ရှုစရာရှိနေသည်ကို မြင်လိုက်ရသဖြင့် ယွင်ဝေကလည်း နောက်မှ လိုက်လာခဲ့၏။

ရှန်ကွမ်းဝမ်သော်၏ မိခင်မှာ ဧကရာဇ်ဝမ်ရွှမ်း၏ ဖအေတူမအေကွဲ ညီမတော်ဖြစ်သော မင်းသမီးတန်ရှားဖြစ်ပြီး တရားစီရင်ရေးရုံးတော်ဝန်ကြီး ရှန်ကွမ်းယန်နှင့် လက်ထပ်ထားသူဖြစ်သည်။

ဆိုရလျှင်...

တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့မှာ ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြပေသည်။

ယွင်ဟွားသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရာ နန်ကုန်းယွမ်သည်လည်း သတင်းကို ချက်ချင်းရရှိခဲ့ပြီး အဝတ်အစားလဲကာ နန်းတော်မှ ထွက်ခွာလာခဲ့လေသည်။

ကံမကောင်းစွာဖြင့် သူတို့သည် လမ်းပေါ်တွင် ဆုံမိကြလေ၏။

"ယုံအန်းမင်းသမီး... တိုက်ဆိုင်လှချည်လား..."

နန်ကုန်းယွမ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ယွင်ဟွားက ပြုံးဖြဲဖြဲဖြင့်

"ရှောင်ယွမ်ယွမ်က ငါ့ကို အစ်မကြီးလို့ ခေါ်လေ... မင်းသမီးလို့ ခေါ်တာက အရမ်းတရားဝင်ဆန်လွန်းနေတယ်..."

ဤမောင်လေးသည် အရာရာတိုင်းတွင် ကောင်းမွန်သော်လည်း သူမကို အစ်မကြီးဟု ခေါ်ရန် ငြင်းဆန်နေခြင်းသာ ချို့ယွင်းချက် ဖြစ်သည်။

နန်ကုန်းယွမ်သည် ထိုစကားလုံးနှစ်လုံးကို လျစ်လျူရှုထားဆဲပင် ဖြစ်ပြီး "ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ..." ဟု မေးလိုက်၏။

တတိယမင်းသားက မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မထိန်းနိုင်ဘဲ စတင် ပွစိပွစိ ပြောတော့သည်။

"ဟွန့်..."

"ဝမ်းကွဲညီလေး... ငါ တို့ ဘယ်သွားမယ်ဆိုတာကို မင်း မသိဘူးဆိုတာ ငါ မယုံဘူး..."

“မင်း ဟန်ဆောင်နေတာ အရမ်းလွန်နေပြီ... မင်း ဟန်ဆောင်နေတာကို မသိရလောက်အောင် ငါက တုံးအတယ်လို့ မင်း တကယ် ထင်နေတာလား..."

သူ၏ ဝမ်းကွဲအစ်ကိုက အခြားသူများထက် သတင်းပို၍ မြန်ဆန်ပါလျက်နှင့် ဟန်ဆောင်နေဆဲဖြစ်ရာ အလွန်ပင် ဟန်ဆောင်ကောင်းလွန်းလှသည်။

နန်ကုန်းယွမ်သည် သူ့အား နက်နဲသော အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေလေသည်။

"အဟွတ် အဟွတ် အဟွတ်... တတိယအစ်ကိုတော်က ငါ့အပေါ် အဲ့လောက်တောင် အငြိုးကြီးနေလိမ့်မည်လို့ မထင်ထားခဲ့ဘူး... သူ စိတ်ဆိုးနေတုန်းပဲ ထင်တယ်... ငါ ပြန်တော့မယ်..."

ရှောင်ယွမ်ယွမ်၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်လိုက်ရသောအခါ ယွင်ဟွားမှာ နှလုံးသားထဲမှ နာကျင်သွားရပြီး တတိယမင်းသား၏ ပခုံးကို ရိုက်ချလိုက်တော့သည်။

“နင် ဘာတွေပြောနေတာလဲ... ဟန်ဆောင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ခုလို အေးခဲနေတဲ့ ရာသီဥတုကြီးမှာ အပြင်ထွက်ပြီး ဘယ်သူက လူစောင့်နေမှာလဲ..."

"ဒါ့အပြင် ရှောင်ယွမ်ယွမ်နဲ့ ငါက မကြာသေးခင်ကမှ ညီလာခံကနေ ပြန်လာတာလေ... သူက ငါတို့ ဘယ်သွားမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ..."

ထိုသို့ပြောပြီးနောက် သူမက တတိယမင်းသား၏ ဘီးတပ်ကုလားထိုင်ကို ဘေးသို့ ဖယ်လိုက်ပြီး နန်ကုန်းယွမ်၏ ဘီးတပ်ကုလားထိုင်ကို တိုက်ရိုက် တွန်းပေးလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... သူ့ကို ဂရုစိုက်မနေနဲ့... သူက ပျင်းပြီး တစ်ကိုယ်လုံး ယားယံနေတာ..."

တတိယမင်းသား ….

"အစ်မကြီး..."

"ကျွန်တော့်ကို ယုံပါ... သူက တကယ့်ကို ကောက်ကျစ်တာ... အစ်ကိုတော်တို့ကိုတောင် သူက လှည့်စားခဲ့တာ..."

"ကျွန်တော့် မျက်လုံးတွေကို သေချာ ပြန်ကြည့်ပါဦး... တကယ့်ကို ရိုးသားမနေဘူးလား..."

သူသည် အလွန် ဒေါသထွက်နေခဲ့သည်။ သူ၏ ဝမ်းကွဲညီနှင့် ဆုံမိတိုင်း ပြင်းပြင်းထန်ထန် မတရားခံရသည်ဟု ခံစားရလေသည်။

သူသည် မတ်တတ်ရပ်ကာ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ပြန်လည်ကျုံ့ဝင်သွားတော့၏။

နန်ကုန်းယွမ်သည် သူ့အား ကြည့်ရန်ပင် စိတ်မဝင်စားသော်လည်း တတိယမင်းသား၏ ယခုလေးတင် ပြုလုပ်ခဲ့သော သိမ်မွေ့သည့် လှုပ်ရှားမှုများက သူ့အား စဉ်းစားခန်း ဝင်စေခဲ့သည်။

ယွင်ဝေသည် သူတို့အား ဟိုဘက်သည်ဘက် အကဲခတ်လိုက်သည်။ ညီမလေးမှာမူ သိမ်မွေ့သော အခြေအနေများကို သတိမပြုမိသော်လည်း သူမကမူ အခြေအနေကို ကောင်းစွာ နားလည်ထားလေသည်။

မင်းသားနန်ကုန်းသည် သူမ၏ ညီမလေး အာရုံစိုက်မှုကို ရရှိစေရန် ဆုတ်ခွာခြင်းကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုကာ အားနည်းဟန်ဆောင်နေခဲ့သည်။ အထူးသဖြင့် သူ၏ မျက်နှာက သူမ ညီမလေး၏ အလှအပစံနှုန်းများနှင့် ကွက်တိကျနေသောကြောင့်ပင် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် တတိယမင်းသားမှာမူ ဦးနှောက်မရှိဘဲ အလွယ်တကူ ဒေါသထွက်တတ်ကာ ပွင့်ပွင့်လင်းလင်းဆိုရလျှင် မယုံနိုင်လောက်အောင် တုံးအလွန်းလှသည်။

"အစ်မကြီး... ကျွန်တော် ပြောတာကို နားထောင်ပါဦး..."

"ပါးစပ်ပိတ်ထားစမ်း..."

ယွင်ဝေက တတိယမင်းသားကို တွန်းလိုက်ပြီး ထပ်မံ၍ ရိုက်ချလိုက်ပြန်သည်။

"ရှင့်ရဲ့ ကန့်သတ်ချက်ရှိနေတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုရင် မင်းသားနန်ကုန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

ယွင်ဝေက တိုက်ရိုက် ထောက်ပြလိုက်လေသည်။

ဆိုရလျှင် တတိယမင်းသားသည် ယခင်ကတည်းက သူမ၏ ညီမလေးအပေါ် ဆိုးရွားသော အထင်အမြင်များ ချန်ထားခဲ့ဖူးသည် မဟုတ်ပါလား။

သူမကိုယ်တိုင်ဆိုလျှင်ပင် သူ၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်မည် မဟုတ်ပေ။

တတိယမင်းသားသည် အလွန်အမင်း စိတ်ပျက်သွားပြီး ချက်ချင်းပင် ခွေကျသွားကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“ငါ့ဘဝက အရမ်း သနားစရာကောင်းတာပဲ... ငါက ဘာလို့ ခမည်းတော်ရဲ့ ဦးနှောက်ကို အမွေရခဲ့ရတာလဲ... ငါသာ ခမည်းတော်နဲ့ မယ်တော်ကို ကျော်ဖြတ်ပြီး ညီတော်လိုမျိုး မယ်တော်ကြီးရဲ့ ဉာဏ်ရည်ကို အမွေရခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲ..."

ယွင်ဝေ : ……

သူသည် မတုံးအလွန်းသော်လည်း ဉာဏ်ရည် အနည်းငယ် နိမ့်ပါးနေခြင်းသာဖြစ်ကြောင်း သူမ ခံစားလိုက်ရလေသည်။

"အော်ငိုမနေနဲ့တော့... သူက အားနည်းဟန်ဆောင်နေတာလေ... ရှင်ကရော ဘာလို့ သနားစရာကောင်းအောင် ဟန်မဆောင်ရမှာလဲ... အကယ်၍ ရှင်က သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ရှင့်ကိုယ်ရှင် နာကျင်အောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်."

တတိယမင်းသား၏ မျက်လုံးများက အရောင်လက်သွားလေသည်။

"ဆရာကြီးယွင်ဝေ... တပည့်ကို လျှို့ဝှက်ချက်လေးတွေ သင်ကြားပေးပါဦး..."

အခြားတစ်ဖက်တွင်မူ…

"ဖွတ်..."

ရှန်ကွမ်းဝမ်သော်သည် လက်ဖက်ရည်တစ်ငုံကို အစေခံ၏ မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်ပြီး သူ၏ အမူအရာမှာ အလွန်တရာ အံ့အားသင့်နေဟန် ပေါ်နေ၏။

"မင်း ဘာပြောလိုက်တာလဲ... နောက်တစ်ခေါက် ပြန်ပြောစမ်း..."

ရှန်ကွမ်းဝမ်သော်သည် တတိယမင်းသား၏ ဆိုင်တွင် ထိုင်ကာ သူလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ဤသေရေးရှင်ရေး သတင်းကို ကြားလိုက်ရခြင်း ဖြစ်သည်။

သူသည် ထိုင်ခုံပင် မနွေးသေးမီ ခုန်ထလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်လေသည်။

"ခွေးကောင်... အဲ့ခွေးကောင်က တကယ်ကြီး လိမ်လည်ဖို့အတွက် ယွင်မိသားစုက နတ်ဆိုးလေးကို ဖိတ်ခေါ်လိုက်တာပဲ..."

သည်လိုဆိုမှတော့ သူ လောင်းကစားလုပ်နေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။

ဤအလောင်းအစားတွင် သူ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်ပြီး အတွင်းခံဘောင်းဘီအပါအဝင် ရှိသမျှအားလုံး ဆုံးရှုံးသွားနိုင်ပေသည်။

ပြီးခဲ့သော နန်းတွင်းစားသောက်ပွဲမှ မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်ဖြစ်သည်။ သူသည် သူမ၏ အတွေးများကို ကြားနိုင်ရုံသာမက သူမ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိရှိထားလေသည်။ နေ့စဉ်နေ့တိုင်း သူ၏ ဖခင် ညီလာခံမှ ပြန်လာပြီးနောက် သူနှင့် သူ၏မိခင်တို့သည် နန်းတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းများကို နားထောင်ရန် စာကြည့်ဆောင်သို့ ပြေးသွားလေ့ရှိကြသည်။

"ဆုတ်ခွာ... မြန်မြန် ဆုတ်ခွာကြ..."

ရှန်ကွမ်းဝမ်သော်သည် ထိတ်လန့်နေပုံပေါ်သည်။ တတိယမင်းသားက သူ့ကို သရော်လှောင်ပြောင်မည်ဆိုလျှင်တောင်မှ သူသည် အသက်နှင့် ရင်းရမည်ဆိုလျှင်ပင် သည်နေရာမှ ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်ထားလေသည်။

"နန်ကုန်းယွီ... ငါ အိမ်ရောက်ရင် အဲ့လူယုတ်မာကို ခြေဖဝါးနဲ့ နင်းခြေပြီး သေတဲ့အထိ ကျိန်ဆဲပစ်မယ်..."

ရှန်ကွမ်းဝမ်သော်သည် အဝတ်စတစ်စကို ဆွဲယူကာ သူ၏ မျက်နှာကို ဖုံးအုပ်လိုက်ပြီးနောက် အောက်ထပ်သို့ အထိတ်တလန့် ပြေးဆင်းသွားတော့သည်။

ယွင်ဟွားနှင့် အခြားသူများက ခန်းမထဲသို့ ဝင်ရောက်လာချိန်တွင် တတိယမင်းသားက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် ထင်ရှားစွာ မြင်နေရသော ကြီးမားလှသည့် မျက်လုံးကြီးနှစ်လုံးကို သတိပြုမိသွားလေသည်။

"ဟေး... ရှန်ကွမ်းဝမ်သော်... မင်း ဘယ်ကို ပြေးမလို့လဲ..."

မျှော်လင့်ထားသည့်အတိုင်းပင် အစ်မကြီး၏ ဂုဏ်သတင်းက ထိရောက်လှပေသည်။ ဤကောင်လေး မည်မျှအထိ ကြောက်လန့်တကြား လှည့်ပြေးသွားသည်ကို ကြည့်လိုက်စမ်းပါ... သူ့ကို ဘယ်လိုလုပ် ထွက်ပြေးခွင့်ပြုနိုင်မည်နည်း။

တတိယမင်းသားသည် သူ၏ ဘီးတပ်ကုလားထိုင်ကို အမြန်လှည့်လိုက်ပြီး ရှန်ကွမ်းဝမ်သော်အား ဖမ်းဆွဲကာ နောက်သို့ ဆွဲခေါ်လိုက်လေသည်။

"လွှတ်စမ်း... မင်းလို ခွေးကောင်နဲ့ ငါ ဆက်ပြီး အလောင်းအစား မလုပ်တော့ဘူး..."

သူနှင့် တတိယမင်းသားတို့သည် မြို့တော်ရှိ ကျောက်စိမ်းလောင်းကစား လုပ်ငန်းတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားကြသည်။ သူတို့နှစ်ဦးသည် မည်သည့်အခါမျှ အဆင်မပြေကြဘဲ ကိုယ့်ဟာကိုယ် နေလေ့ရှိကာ ဆုံမိသည့်အခါတိုင်း တစ်ခါတစ်ရံ ခနဲ့တဲ့တဲ့ စကားများ အပြန်အလှန် ပြောဆိုလေ့ရှိကြသည်။

သို့သော် ဤခွေးကောင်က ဆရာကြီးတစ်ဦးကို အသိအမှတ်ပြုပြီးနောက်ပိုင်းတွင် သူသည် ပိုပို၍ မောက်မာလာခဲ့လေသည်။

ပြီးခဲ့သည့်အကြိမ်က သူတို့ ရန်ပင်ဖြစ်ခဲ့ကြပြီး မည်သို့မည်ပုံ အလောင်းအစားတစ်ခု လုပ်ဖြစ်သွားသည်ကို မသိတော့ပေ။

"မင်းက ဘာလို့ သူမကို ငါတို့ရဲ့ စီးပွားရေးတိုက်ပွဲထဲ ဆွဲသွင်းရတာလဲ... မင်းက အရှုံးမခံနိုင်တဲ့သူမို့လား..."

ရှန်ကွမ်းဝမ်သော်က သူ၏ နားထဲသို့ အံကြိတ်ကာ တီးတိုး ပြောလိုက်သည်။

တတိယမင်းသားက မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပင့်တင်လိုက်ပြီး

"ဒီမင်းသားက လောင်းကစားကို အရှုံးမခံနိုင်ဘူးလေ... အဲ့တော့ ဘာဖြစ်လဲ... မင်းက အဲ့လောက်တောင် အရည်အချင်းရှိနေရင်လည်း ကျောထောက်နောက်ခံပြုပေးမယ့် အင်အားကြီးတဲ့သူကို သွားရှာလိုက်လေ..."

“ဟွန့်…”

ရှန်ကွမ်းဝမ်သော်က ဆရာကြီးတစ်ဦးကို ရှာတွေ့သွားလျှင်ရော ဘာဖြစ်သနည်း။ သူက ငရဲပြည်၏ ဆရာကြီးကို အနိုင်ယူနိုင်ပါမည်လား။

ကျောထောက်နောက်ခံပြုပေးမည့် အင်အားကြီးသူတစ်ဦး ရှိနေခြင်းက တကယ့်ကို ကွဲပြားခြားနားသော ခံစားချက်ပင် ဖြစ်သည်။

ရှန်ကွမ်းဝမ်သော်သည် သူ၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာကို ကြည့်လိုက်ပြီး သူ၏ နောက်ဆုံးအံသွားကို လျှာဖျားဖြင့် ထိလိုက်လေသည်။

သူသည် တတိယမင်းသားကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ယွင်ဟွားထံသို့ လျင်မြန်စွာ ပြေးသွားတော့၏။

"အစ်မကြီး... ကျွန်တော်က အစ်မကြီးရဲ့ ကာလကြာရှည် ပျောက်ဆုံးနေတဲ့ စတုတ္ထမောင်လေးပါ..."

All Chapters