အခန်း (၂၀၄)
Vol. 21 Ch. 204
အခန်း (၂၀၄) အငြင်းပွားခြင်း၊ ကျောက်ရိုင်းတုံးကို အတင်းအဓမ္မ လုယူခြင်း
"ထွက်သွားစမ်း..."
ဟုန်တာ့ဝူသည် ထိုလူစုကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး သူယခုလေးတင် တူးဖော်တွေ့ရှိထားသော ကျောက်ရိုင်းတုံးကို လက်ဖြင့် တင်းကြပ်စွာ ကာကွယ်ထားလေသည်။ ဤအရာမှာ ထိပ်တန်းအဆင့် ကျောက်စိမ်းတစ်တုံးဖြစ်၏။
သူသည် ငွေကြေး အလွန်အမင်း လိုအပ်နေပြီး စိတ်ကူးပေါက်ကာ အပေါဆုံး ကျောက်ရိုင်းတုံးပုံထဲမှ ငွေစနှစ်သောင်းထက်မနည်း တန်ဖိုးရှိသော ကျောက်တစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို မြင်တွေ့လိုက်ရသောအခါ လူများအားလုံး ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကြပြီး ဟုန်တာ့ဝူမှာမူ လူအနည်းငယ်၏ ဝန်းရံခြင်းကို ခံလိုက်ရလေသည်။
"ကောင်လေး... မင်းဆီမှာရှိတဲ့အရာကို ငါ့ဆီရောင်းလိုက်ပါ... မဟုတ်ရင်တော့ မင်း ဒီနေ့ အသက်ရှင်လျက် အိမ်ပြန်ရမှာ မဟုတ်ဘူး..."
ထိုလူသည် မျက်လုံးစွေစွေရှိပြီး သူ၏ အကြည့်များက ဟုန်တာ့ဝူ၏ လက်ထဲရှိ ကျောက်စိမ်းရိုင်းတုံးပေါ်သို့ လောဘတကြီး ကျရောက်နေ၏။ နောက်လသည် သူ၏ ဖခင် အသက်ငါးဆယ်ပြည့် မွေးနေ့ဖြစ်ရာ ဤအရာက လုံးဝ သင့်တော်လှပေသည်။
"လိမ္မာစမ်းပါ... ငါ့ကို ငွေစသုံးထောင်နဲ့ ရောင်းလိုက်..."
“ထွီ..."
ဟုန်တာ့ဝူသည် သူ့ကို တံတွေးနှင့်ထွေးကာ ကျိန်ဆဲလိုက်လေသည်။
"ငါ့ကို အရူးများ မှတ်နေသလား… ဒါက အနည်းဆုံး ငွေစနှစ်သောင်းလောက် တန်တယ်... မင်းက ငွေစသုံးထောင်နဲ့ ရချင်နေတယ်ပေါ့လေ... အိပ်မက်မက်နေလိုက်စမ်း..."
ထိုလူသည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့် သူ၏ အင်္ကျီစွန်းမှာ ဟုန်တာ့ဝူ၏ တံတွေးကြောင့် ချက်ချင်းပင် ရွံရှာဖွယ် ဖြစ်သွားလေသည်။ သူ၏ ရင်ဘတ်ထဲမှ သတ်ဖြတ်လိုစိတ်များ ထကြွလာပြီး မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွား၏။
"မင်းက ကောင်းကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းကိုမှ လိုချင်နေတာပဲ... အစောင့်တွေ... သူ့ကို ဖမ်းလိုက်စမ်း..."
ဟုန်တာ့ဝူက သတိထားနေဟန်ရှိသည်။ ထိုလူ၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာတို့က သူသည် အရာရှိမိသားစုမှဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။ ဆိုရိုးစကားရှိသည့်အတိုင်း သာမန်ပြည်သူများသည် ကုန်သည်များနှင့် မယှဉ်ပြိုင်သင့်သလို ကုန်သည်များသည်လည်း အရာရှိများနှင့် မယှဉ်ပြိုင်သင့်ပေ။
သူသည် အနောက်ဘက်လမ်းမှ ဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦးသာဖြစ်ပြီး အလွန်မြင့်မားသော အတိုးနှုန်းဖြင့် ငွေချေးကာ အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်သည်။ သူသည် အသက်ကို ပဓာနမထားဘဲ စွန့်စားမှသာ မြို့တော်တွင် ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် သူတစ်ယောက်တည်းသာဆိုလျှင် ထိုကဲ့သို့ ဩဇာတိက္ကမကြီးမားသော အရာရှိ၏ သားကို ကြောက်ရွံ့နေမည်မဟုတ်ဘဲ လုပ်စရာရှိသည်ကို လုပ်မည်သာဖြစ်သည်။ သို့သော် သူ၏ နောက်ကွယ်တွင်မူ သူ ကယ်တင်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသော အိုမင်းမစွမ်းသူများ၊ အားနည်းသူများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူများ အများအပြား ရှိနေပေသည်။
ဟုန်တာ့ဝူက သူ့လက်ထဲရှိ ကျောက်ရိုင်းတုံးကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုမှာ တင်းကျပ်စွာ စုကျုံ့သွားလေသည်။ အကြောင်းတစ်ခုခုကြောင့် ယနေ့တွင် မည်သည့် အဆင့်မြင့်အရာရှိများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများမှ ဤနေရာသို့ ရောက်မနေကြပေ။ ထိုသို့မဟုတ်လျှင် သူသည် အခြားသူတစ်ဦးဦးထံသို့ ရောင်းချရန် စဉ်းစားမိမည် ဖြစ်သည်။
"မင်းကို ငွေစတစ်သောင်းနဲ့ ရောင်းပေးမယ်..."
ဟုန်တာ့ဝူက ကြီးမားသော အလျှော့ပေးမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ငွေစတစ်သောင်းဆိုလျှင်ပင် သူ၏ ရင်ထဲတွင် အလွန်နာကျင်နေရပေသည်။
"ငွေစတစ်သောင်း ဟုတ်လား..."
ထိုလူက အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ အစောင့်များကလည်း လှောင်ပြောင်ရာတွင် ပါဝင်လာကြလေသည်။ ဆိုင်ရှင်ဖြစ်သူသည် ဤဘက်သို့ လှမ်းကြည့်လိုက်၏။ သူမသည် စားပွဲထိုးကို လက်ယပ်ခေါ်လိုက်ပြီး နားထဲသို့ တစ်စုံတစ်ရာ တီးတိုးပြောလိုက်ရာ စားပွဲထိုးမှာ လှည့်၍ အပေါ်ထပ်သို့ အမြန်ပြေးတက်သွားလေသည်။
"မင်းကို ငွေစတစ်ထောင်ပေးရင် လုံလောက်ပြီလို့ ချက်ချင်း ခံစားလိုက်ရတယ်..."
ထိုလူသည် ရက်စက်စွာ ပြောလိုက်ပြီး သူ၏ မျက်နှာအမူအရာတွင် စိတ်မရှည်မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။ ဟုန်တာ့ဝူမှာ အလွန်ဒေါသထွက်သွားသဖြင့် သူ၏ မျက်နှာမှာ ခရမ်းရောင် သန်းသွားပြီး ကြွက်သားများမှာလည်း ထိန်းမရအောင် တုန်ယင်နေလေသည်။
"အိပ်မက်မက်နေလိုက်စမ်း... ဒီနေရာက ဧကရာဇ်မင်းမြတ်ရဲ့ နှာခေါင်းအောက်မှာ ရှိတာလေ... မင်းတို့ အတင်းအဓမ္မ ဝယ်ယူရဲမယ်ဆိုတာကို ငါ မယုံဘူး..."
သူသည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် သူ၏ လက်သည်းများက လက်ဖဝါးများဆီမှ သွေးများ ထွက်လာစေသည်။
"အဟက်... ငါက တကယ်ပဲ အတင်းအဓမ္မ ရောင်းခိုင်းရဲတယ်..."
ထိုလူက လှောင်ပြောင်လိုက်ပြီးနောက် သူ၏ လူများကို အမိန့်ပေးလိုက်လေသည်။
"သွားစမ်း... သူ့လက်ထဲက ကျောက်စိမ်းရိုင်းတုံးကို လုယူခဲ့..."
သူသည် အေးစက်စွာ နှာမှုတ်လိုက်၏။ သူလိုချင်သောအရာကို မရခဲ့ဘူးသည်ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ပေ။
ဟုန်တာ့ဝူက တင်းမာသွားလေသည်။ သူသည် လူမိုက်တစ်ဦးဖြစ်သော်လည်း သူ မည်သည့်နေရာတွင် ရောက်နေသည်ကို သိရှိထားသဖြင့် သတိပေးလိုက်၏။
"ဒီနေရာက တတိယမင်းသားရဲ့ ဆိုင်ဆိုတာကို ငါ မှတ်မိတယ်... မင်းတို့က ဒီနေရာမှာ ပြဿနာရှာရဲလို့လား..."
ဟုန်တာ့ဝူသည် ဤနေရာမှ ဆိုင်ရှင် ဝင်ရောက်စွက်ဖက်ကာ တားဆီးပေးမည်ကို လောင်းကြေးထပ်ထားခြင်း ဖြစ်သည်။ ဤစကားများက ထိုလူကို လန့်ဖြတ်သွားစေသည်။ ချက်ချင်းပင် သူ၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရောင်အဝါတစ်ခု ပေါ်လာလေသည်။
တတိယမင်းသား။ သူ မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင် ထိုအရူး တတိယမင်းသားမှာ ဒဏ်ရာများမှ သက်သာလာရန် ကုသနေရဆဲဖြစ်ပြီး သူ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိသေးပေ။
"တတိယမင်းသားရဲ့ဆိုင် ဟုတ်လား..."
သူသည် တည်ငြိမ်နေသော ဆိုင်ရှင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်၏။
"ဒီသခင်လေးက သဘာဝကျကျပဲ... ပြဿနာရှာမှာ မဟုတ်ပါဘူး..."
ထိုသို့ပြောပြီးနောက် သူက ခွေးခြေခုံတစ်ခုကို ယူကာ ဆိုင်ပေါက်ဝတွင် ထိုင်လိုက်ပြီး အတော်လေး အေးအေးဆေးဆေး ရှိနေဟန် ပေါ်လေသည်။
"ဒါဆို ငါ တံခါးဝမှာ စောင့်နေမယ်... မင်း ဒီနေ့ ထွက်မလာဘဲ နေနိုင်မလားဆိုတာ ငါ မယုံဘူး..."
"အိုး... စကားမစပ် ဒီနေ့ ဒီဆိုင်ထဲမှာရှိတဲ့ ဘယ်သူကမှ မင်းလက်ထဲက ကျောက်စိမ်းကို မဝယ်ရဲဘူး... ပြီးတော့ တတိယမင်းသား ဝယ်လိမ့်မယ်လို့လည်း မမျှော်လင့်နဲ့..."
"ငါ သိသလောက်တော့ သူက ဒဏ်ရာကနေ သက်သာလာဖို့ ကုသနေရတယ်ထင်တယ်... ဆိုင်ရှင်က သွားသတင်းပို့ရင်တောင် သူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။
ဆိုင်ရှင်သည် မသိစိတ်က အထက်သို့ မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းခါလိုက်လေသည်။ စားပွဲထိုးလေးက တတိယမင်းသားသည် ထိုလူကို အတန်ကြာ ဟန်ရေးပြခွင့်ပြုထားရန် ပြောလိုက်ကြောင်း သတင်းပို့ထားခဲ့ခြင်း ဖြစ်သည်။ ဤလူနှစ်ဦးသည် ဆိုင်ထဲသို့ နောက်ကျမှ ဝင်လာခဲ့ခြင်းဖြစ်ပြီး အပေါ်ထပ်တွင် အရေးပါသော ပုဂ္ဂိုလ်ကြီးများ ရှိနေကြောင်းကို လုံးဝ မသိရှိကြပေ။
"မင်း..."
ဟုန်တာ့ဝူသည် သူ့ကို အံကြိတ်ကာ စိုက်ကြည့်နေပြီး တစ်ခဏမျှ မည်သို့ လုပ်ရမည်ကို မသိတော့ပေ။
ယွင်ဟွားသည် မေးစေ့ကို ပွတ်သပ်ရင်း အောက်ထပ်မှ ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်ရှုနေလေသည်။
“ဟမ့်... တကယ်ပဲ ငါ့ထက် ပိုရက်စက်တဲ့သူ ရှိနေသေးတာပဲ..."
နန်ကုန်းယွမ်သည် ထိုလူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး ဩရှသောအသံဖြင့် ပြောလိုက်လေသည်။
"သူက ကျောက်ထျန်းတယ်ရဲ့ အငယ်ဆုံးသားပဲ... နာမည်က ကျောက်..."
“သူ့နာမည်က ကျောက်သွမ်လေ... သူက မြို့တော်က အနိုင်ကျင့်ဗိုလ်ကျတဲ့သူပဲ... သူ့အဖေရဲ့ အရှိန်အဝါကို အားကိုးပြီး မကောင်းမှုမျိုးစုံ လုပ်တယ်... ရိုးသားတဲ့ အမျိုးသမီးတွေကို နှောင့်ယှက်ရုံမကဘဲ စားပြီးရင်တောင် ပိုက်ဆံမရှင်းဘဲ ထွက်ပြေးတတ်တယ်…”
သူသည် ခါးထောက်လျက် နန်ကုန်းယွမ်ကို စိုက်ကြည့်လိုက်လေသည်။
“ဟွန့်... သူက ငါ့အလုပ်ကို လုရဲတယ်ပေါ့လေ..”
နန်ကုန်းယွမ်က သူ့ဘာသာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။ ထိုစာအုပ်၏ စရိုက်လက္ခဏာမှာ ကောင်မလေးနှင့် လုံးဝ တူညီနေပေသည်။
ကျောက်ထျန်းတယ်။ ယွင်ဟွားက မျက်မှောင်ကြုတ်လိုက်၏။ ၎င်းမှာ ယနေ့နံနက်က သူမ ရာထူးမှ ဖြုတ်ချခဲ့သောသူ မဟုတ်ပါလား။
"မဖြစ်နိုင်ဘူး... ကျောက်မိသားစုက အကျဉ်းချမခံရဘဲ သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံး ကွပ်မျက်ခံလိုက်ရတယ်လို့ ငါ မှတ်မိတယ်... ဒီနေရာမှာ သူက ဘယ်လိုလုပ်ပြီး ပစ္စည်းတွေကို လုယူဖို့ အချိန်အားနေရတာလဲ..."
နန်ကုန်းယွမ်က အောက်ထပ်သို့ လှမ်းကြည့်လိုက်လေသည်။
"ကျောက်သွမ်က အမြဲတမ်း အပြင်ထွက်လည်ပတ်နေပြီး အိမ်ပြန်ခဲတယ်... သူက ဆိုးရွားတဲ့ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရတော့မယ်ဆိုတာကို သတိမထားမိသေးတာ ဖြစ်မယ်..."
သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးများ စူးရှသွားလေသည်။
“နင် ငါ့အလုပ်ကို ထပ်လုနေပြန်ပြီပဲ... ဒီစာအုပ်နဲ့ နင့်ကို ဖိခြေပစ်မယ်..”
ထိုသို့ပြောပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်သည် နန်ကုန်းယွမ်၏ ခေါင်းဆီသို့ ဒေါသတကြီး ပျံသန်းသွားရာ ငရဲလကျောက်က ချက်ချင်းပင် ခုန်ထွက်လာလေသည်။ မကြာမီတွင် အကောင်ပေါက်လေး နှစ်ကောင်မှာ စတင် နပန်းလုံးကြလေတော့သည်။
“အား…”
“ကျောက်ခဲစုတ်လေး... မင်းက ငါ့လမ်းကို ပိတ်ပြီး ဘာလုပ်နေတာလဲ... ငါ့လမ်းကနေ ဖယ်စမ်း..”
ငရဲလကျောက်က တိတ်ဆိတ်နေပြီး စာအုပ်လေးက ၎င်း၏သခင်ထံသို့ ချဉ်းကပ်လာခြင်းကိုသာ တားဆီးနေလေသည်။
“သွားစမ်း ရှောင်ရှူးရှူး... ကျောက်ခဲလေးကို သေအောင် ရိုက်လိုက်... သူ့ကို အော်ဟစ်သွားအောင် လုပ်ပစ်..”
တရားသူကြီးစုတ်တံက အားပေးလိုက်ပြီး သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။ နောက်ဆုံးတွင်မူ ရှောင်ရှူးရှူးသည် ကျောက်ခဲလေးကို တစ်ကောင်တည်း ထုရိုက်နေခြင်း မဟုတ်တော့ပေ။
လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။ ရုတ်တရက် အကြောင်းပြချက် မရှိဘဲ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။ ဆရာကြီး၏ ဘေးတွင် နောက်ထပ် ကျောက်ခဲလေးတစ်တုံးက ဘယ်အချိန်က ပေါ်လာခဲ့တာပါလိမ့်။
တကယ်ပါပဲ...
သူတို့သည် နောက်ဆုံးတွင် စုတ်တံတစ်ချောင်းကို လက်ခံနိုင်ခဲ့ကြပြီး ယခုအခါတွင် ၎င်းနှင့် စတင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရတော့မည် ဖြစ်သည်။
“စကားမစပ် ရှောင်ရှူးရှူး... အဲ့လူက ရင်းနှီးနေသလို မခံစားရဘူးလား... ငါတို့ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရတယ်..”
သေခြင်းရှင်ခြင်းစာအုပ်က ငရဲလကျောက်ကို ၎င်း၏ နေရာလွတ်ထဲသို့ ပြန်ရောက်သွားအောင် ကန်ထုတ်လိုက်လေသည်။ ၎င်းသည် ရန်ပွဲတွင် ဘယ်သောအခါမှ မရှုံးဖူးသဖြင့် ဟုန်တာ့ဝူကို တစ်ချက် ကြည့်လိုက်၏။
“ပန်းကလေး... ပြီးခဲ့တဲ့အကြိမ်က နင် လမ်းပေါ်မှာ ဗေဒင်ဟောနေတုန်းက အနောက်ဘက်လမ်းက အဲ့အနိုင်ကျင့်တဲ့သူနဲ့ ဆုံခဲ့တယ်လေ..”
ယွင်ဟွားမှာ ချက်ချင်း နားလည်သွားလေသည်။
“သူပဲ... ရုပ်ဆိုးပေမယ့် သဘောကောင်းတဲ့သူလေ…”
အောက်ထပ်ရှိ လေထုမှာ အလွန်အမင်း တင်းမာနေလေပြီ။ ဟုန်တာ့ဝူသည် သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။ သူ၏ ညာဘက်လက်သီးကို ဆုပ်ထားကာ ထိုးကြိတ်ရန် ပြင်ဆင်နေစဉ် သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်အဝါတစ်ခု လက်ဖြာသွားလေသည်။
နောက်တစ်စက္ကန့်တွင်။ သူ၏ လက်မောင်းကို ဖြူဖွေးနုနယ်သော လက်သေးသေးလေးတစ်ဖက်က တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ သူ့ကို လှုပ်ရှား၍မရအောင် ဖြစ်သွားစေသည်။ ဟုန်တာ့ဝူသည် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားလေတော့သည်။
"မင်း... မင်းက... ယွင်မိသားစုရဲ့ စတုတ္ထသခင်မလေးလေ... ခေါင်းခွဲတတ်တဲ့... တစ်ယောက်..."
ယွင်ဟွားသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်လေသည်။
"သေချာပြောစမ်းပါ... ဒီမင်းသမီးက အနိုင်ကျင့်သူဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုသဘောကျတယ်..."
အကြောင်းတစ်ခုခုကြောင့် ဟုန်တာ့ဝူ၏ မျက်ခုံးများမှာ ယွင်ဟွားကို မြင်လိုက်ရသောအခါ မသိစိတ်ကပင် ပြေလျော့သွားပြီး သူသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။ သူ့အတွက်တော့ အနိုင်ကျင့်သူဆိုသည့် ဂုဏ်ပုဒ်မှာ အကာအကွယ်ပေးသော ဒိုင်းတစ်ခုမျှသာဖြစ်ပြီး သူမသည်လည်း စိတ်နှလုံး အလွန်ကောင်းမွန်သူ ဖြစ်ရပေမည်။ သူ့လိုမျိုးပေါ့။
ယွင်ဟွားသည် ဟုန်တာ့ဝူကို သူမ၏ နောက်သို့ ဆွဲယူကာ ကာကွယ်ပေးလိုက်ပြီး ကျောက်သွမ်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်လေသည်။
"မင်းသမီးဖြစ်တဲ့ ငါက သူကိုင်ထားတဲ့ ကျောက်စိမ်းရိုင်းတုံးကို ဝယ်မယ်..."