အခန်း (၂၀၈)
Vol. 21 Ch. 208
အခန်း (၂၀၈) ဒုက္ခသည်များ
*ငွေစက္ကူ ငါးထောင်တဲ့လား…*
ယွင်ဟွားသည် အံ့သြစွာ ရေရွတ်လိုက်၏။ ဟုန်တာ့ဝူ၏ လက်ထဲရှိ ကျောက်စိမ်းရိုင်းကို ကြည့်ကာ ပြည့်ဝသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရချိန်တွင် သူမ စိတ်မဝင်စားပါဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် ဟုန်တာ့ဝူ၏ မျက်လုံးထဲမှ တွန့်ဆုတ်နေမှုနှင့် ဆုံးဖြတ်ချက်ချထားမှုတို့ကို သူမ မြင်တွေ့နိုင်လေသည်။
ယွင်ဟွားသည် ခွန်အားကြီးမားလှသဖြင့် သူ့ကို မြေပြင်မှ ဆွဲထူလိုက်လေသည်။
ကျောက်စိမ်းရိုင်းအတွက် ကျောက်သွမ်နှင့် အပြိုင်အဆိုင်ဖြစ်ခဲ့ရသည့် သူ၏ ယခင်အခြေအနေအရ သူသည် ငွေကြေး အလွန်လိုအပ်နေပုံရသည်။
"မလိုပါဘူး... စျေးကွက်ပေါက်စျေးအတိုင်းပဲ တွက်ချက်ကြတာပေါ့..."
သူမသည် ရွှေကို သဘောကျသော်လည်း မည်သည့်အရာကို ယူသင့်၍ မည်သည့်အရာကို မယူသင့်ကြောင်း ကောင်းစွာ သိရှိထားလေသည်။
“ရှောင်ရှူးရှူး... ဒီဟုန်တာ့ဝူက ဘာတွေဖြစ်နေတာလဲဆိုတာ ကူညီပြီး တွက်ချက်ပေးနိုင်မလား..”
ဟုန်တာ့ဝူက အံ့သြသွားလေသည်။
ကြမ်းတမ်းပြီး အသားမာတက်နေသော သူ၏ လက်များက အင်္ကျီစကို ဆုပ်ကိုင်ထားရာ အနည်းငယ် စိုးရိမ်နေသည့် အရိပ်အယောင်ကို ပြသနေ၏။
သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ ကံကြမ္မာကို ကြည့်ရှုပြီးနောက် မော့ကြည့်လိုက်ရာ သူ၏အပေါ်တွင် အနည်းငယ် ပို၍ လေးစားမိသွားလေသည်။
“ပန်းကလေး... ဟုန်တာ့ဝူရဲ့ ဘယ်ဘက်ခြေထောက်မှာ မွေးကတည်းက ခြေချောင်းခြောက်ချောင်း ပါလာခဲ့တယ်... သူ့မိသားစုက သူ့ကို ကံဆိုးစေတဲ့သူလို့ သတ်မှတ်ပြီး မွေးမွေးချင်း စွန့်ပစ်ခဲ့ကြတယ်... ကံကောင်းထောက်မစွာနဲ့ သူ့ကို သူတောင်းစားတစ်ယောက်က ကောက်ယူသွားပြီး ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုဆီ ခေါ်သွားခဲ့တယ်... သူက သူတောင်းစားအုပ်စုတစ်စုရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရတယ်လို့ ပြောလို့ရတယ်..”
သူ၏ မွေးဖွားလာမှုက ကံဆိုးခဲ့သော်လည်း သူသည် ကောင်းမွန်သော ကလေးဘဝကို ပိုင်ဆိုင်ခဲ့ရသည်။ သူတောင်းစားများက သူ့ကို ကောင်းစွာ ဂရုစိုက်ခဲ့ကြပြီး တောင်းရမ်းရရှိလာသော အစားအစာများကို သူ့ကို အမြဲတမ်း အရင်ကျွေးမွေးခဲ့ကြသည်။
ယွင်ဟွားသည် ဟုန်တာ့ဝူကို တစ်ချက် ကြည့်လိုက်ပြီး သူ၌ ဤကဲ့သို့သော အတွေ့အကြုံမျိုး ရှိလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ။
“ပန်းကလေး... နင်လည်း နားလည်ပါတယ်... သူတောင်းစားတွေဆိုတာ အိမ်ခြေရာမဲ့တွေဖြစ်ပြီး အထင်သေးခံရရင်ခံ မဟုတ်ရင် နှင်ထုတ်ခံရတတ်တယ်... အဲ့အချိန်ကစပြီး ဟုန်တာ့ဝူက သူတို့အတွက် လုံခြုံတဲ့ ခိုလှုံရာတစ်ခု ဖန်တီးပေးဖို့ သစ္စာဆိုခဲ့တယ်..”
“သူ့ရဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်နဲ့ အနောက်ဘက်လမ်းမှာ သူ့အတွက် နေရာတစ်နေရာကို နောက်ဆုံးမှာ ဖန်တီးနိုင်ခဲ့ပြီး ရလာတဲ့ ဝင်ငွေတွေနဲ့ မြို့ပြင်မှာ ခြံဝင်းငယ်တစ်ခု တည်ဆောက်ကာ သူ့မိသားစုကို ထောက်ပံ့ခဲ့တဲ့အပြင် သူတောင်းစားတွေ ဒါမှမဟုတ် စွန့်ပစ်ခံရတဲ့ ကလေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ခဲ့တယ်..”
“သူတို့က ကလေးတွေကို စာဖတ်စာရေး သင်ပေးဖို့ ဆရာတွေကိုလည်း ငှားရမ်းပေးခဲ့ပြီး သက်ကြီးရွယ်အိုတွေကလည်း မိသားစုဝင်ငွေအတွက် အထောက်အကူဖြစ်အောင် လက်မှုပညာလေးတွေလုပ်ပြီး ငွေရှာကြတယ်..”
ယွင်ဟွားက အံ့သြသွားလေ၏။
လူကြမ်းတစ်ဦးနှင့်တူသော ဤလူတွင် တကယ်တော့ နူးညံ့သော အခြမ်းတစ်ခု ရှိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ခဲ့ပေ။
ဟုန်တာ့ဝူ၏ အတိတ်က ဖော်ထုတ်ခံလိုက်ရသဖြင့် လူတိုင်း၏ အကြည့်များ သူ၏ အပေါ်သို့ ကျရောက်နေသည်ကို သူ ခံစားလိုက်ရသည်။ သဘာဝမကျသော နီမြန်းမှုတစ်ခုက သူ၏ မည်းနက်သော ပါးပြင်များပေါ်တွင် ထွက်ပေါ်လာလေသည်။
ဤကမ္ဘာလောကတွင် အသက်ရှင်ရပ်တည်ရမည့် နည်းလမ်းကို သူ ကောင်းစွာ နားလည်ထားသည်။ သန်မာပြီး ရက်စက်သူတစ်ဦးဖြစ်လာမှသာ သူ ကာကွယ်လိုသူများကို ကာကွယ်နိုင်မည် ဖြစ်၏။
“ဒါ့ကြောင့် ကျောက်သွမ်ကို စော်ကားမိသည်ဖြစ်စေ ဟုန်တာ့ဝူက အဲ့ကျောက်စိမ်းရိုင်းကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်... ဘာလို့လဲဆိုတော့ သူက သူ့လူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးချင်လို့ပဲ..”
ယခင်က သူ အံကိုကြိတ်ကာ ငွေစက္ကူ ငါးထောင်ဟု ပြောလိုက်ချိန်တွင် သူ၏ မျက်လုံးထဲမှ တွန့်ဆုတ်နေမှုက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုကြောင်း ယွင်ဟွား ခန့်မှန်းမိသွားလေသည်။
“အတော်လေး မှန်ပါတယ်... ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ နှင်းမုန်တိုင်းကပ်ဘေးကြောင့်ပါပဲ..”
ဟုန်တာ့ဝူ၏ လုပ်ရပ်များကို ဖတ်ရှုပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း လျစ်လျူရှုမိခဲ့သော အရာကို သတိပြုမိသွားလေသည်။
“ပန်းကလေး... ဒုက္ခသည်တွေ မြို့တော်ကို ရောက်လာကြပြီ..”
ယွင်ဟွား၏ မျက်လုံးများမှာ သိသိသာသာ ကျဉ်းမြောင်းသွားပြီး သူမ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
“ဘာသဘောလဲ... ဒီကိစ္စကို ဧကရာဇ်မင်းမြတ်ဆီ ပြောပြခဲ့တာကို ငါ မှတ်မိသေးတယ်... သူက အဲ့ကိစ္စကို လုံးဝ အလေးအနက် မထားခဲ့တာများလား..”
ယွင်ဟွားမှာ ဒေါသထွက်လွန်းသဖြင့် လက်ချောင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ အရိုးအဆစ်မြည်သံများပင် ထွက်ပေါ်လာလေသည်။
"ဒီညမှာ ငါ့အဖေနဲ့ အဘိုးကို မနက်ဖြန် သူ့ကို ပုန်ကန်ဖို့ သွေးထိုးပေးလိုက်မယ်... ပြီးရင် ငါ တုံလင်နိုင်ငံရဲ့ ဧကရီ ဖြစ်လာစေရမယ်..."
အားလုံး : …...
“ဟွားဟွား... နောက်ဆုံးတော့ နင် အလုပ်စလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... မနက်ဖြန်ကျရင် ပေပေ့က ကိုယ်ပိုင်ခန္ဓာကို ထိန်းချုပ်လိုက်မယ်. ညီလာခံမှာ ကန့်ကွက်ရဲတဲ့သူ မည်သူ့ကိုမဆို တစ်ယောက်ပြီးတစ်ယောက် ယမမင်းဆီကို ငါ ပို့ပေးလိုက်မယ်..”
နန်ကုန်းယွမ်၏ နှုတ်ခမ်းများက တွန့်လိမ်သွားပြီး သူ၏ နားထင်ကို ဖိလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ဦးလေး ဤနေရာတွင် မရှိနေပေ။ သို့မဟုတ်ပါက သူသည် သေချာပေါက် သွေးအန်ပြီး ဒေါသတကြီး ခုန်ပေါက်နေမည်မှာ အသေအချာပင် ဖြစ်သည်။
“ပန်းကလေး... အဲဒီလောက်လည်း မဆိုးရွားပါဘူး... အဲဒီလောက်လည်း မဆိုးရွားပါဘူး..”
သေခြင်းရှင်ခြင်းစာအုပ်က ဟွားဟွားအား သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းနေသော်လည်း ၎င်းမှာ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးရုံသက်သက်သာ ဖြစ်သည်။
စောင့်ကြည့်ရပေမည်။
၎င်းသည် ၎င်း၏ ကိုယ်ပိုင်ပန်းကလေးကို နားမလည်သေးပေ။ သူမသည် ထိုကဲ့သို့ ရက်စက်သော အလုပ်မျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။
“ပန်းကလေး... ဧကရာဇ်မင်းမြတ်က ခရိုင်အားလုံးကို ကြိုတင်ပြင်ဆင်ထားဖို့ အကြောင်းကြားထားပြီး ကယ်ဆယ်ရေးရန်ပုံငွေတွေလည်း ချထားပေးပြီးပြီ... သူက ယုံကြည်ရဆုံး ဝန်ကြီးတွေကိုလည်း လုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်... ဒါပေမယ့် လျစ်လျူရှုမိတဲ့ နေရာတွေတော့ အမြဲတမ်း ရှိနေတတ်တာပဲလေ..”
ထို့ကြောင့် လူအနည်းငယ်က မြို့တော်ဆီသို့ တဖြည်းဖြည်း ထွက်ပြေးလာခဲ့ကြသည်။ ဧကရာဇ်မင်းမြတ်၏ မျက်စိအောက်တွင် မည်သို့မျှ မလုပ်ဘဲ လက်ပိုက်ကြည့်နေရန် မဖြစ်နိုင်ပေ။
မြို့တော်တွင် ဆွေမျိုးများရှိသူများ သို့မဟုတ် ငွေကြေးအနည်းငယ် ရှိသူများအတွက်မူ ပို၍ ကောင်းမွန်သော်လည်း ငွေကြေးမရှိသူများမှာ မြို့ထဲသို့ ဝင်ရောက်ရန် မဝံ့ရဲကြဘဲ ပျက်စီးနေသော ဘုရားကျောင်းများတွင်သာ ယာယီ ခိုအောင်းနေကြရလေသည်။
“အစပိုင်းမှာ မြို့တော်ကို ထွက်ပြေးလာတဲ့ လူသိပ်မများသေးတော့ မြို့စောင့်စစ်သားတွေကလည်း အခြေအနေ ပိုဆိုးလာတော့မယ်ဆိုတာကို သတိမထားမိခဲ့ကြဘူး..”
အားလုံးမှာ တုန်လှုပ်သွားကြလေသည်။ နန်ကုန်းယွမ်သည် လက်မပေါ်ရှိ လက်စွပ်ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် အနည်းငယ် အေးစက်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာ၏။
မြို့တော်သည် မြောက်နှင့် တောင် ဆုံမှတ်တွင် တည်ရှိပြီး ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင်ထားပြီးဖြစ်သည်။ နှင်းမုန်တိုင်းကပ်ဘေး ကျရောက်လာမည်ဆိုလျှင်ပင် မြို့တော်သည် ကြီးမားသော သက်ရောက်မှုကို ခံရမည် မဟုတ်ပေ။ အရှေ့မြောက်ဘက် အစွန်အဖျား ဒေသများသာလျှင် ပို၍ ပြင်းထန်သော သက်ရောက်မှုကို ခံရနိုင်ချေ ရှိသည်။
ထို့အပြင် နန်းတွင်းသည် မိန်းကလေးထံမှ သတင်းစကားကို ရရှိချိန်တွင် အိမ်ရာများဆောက်လုပ်ရန် ပစ္စည်းများ၊ နွေးထွေးသော အသုံးအဆောင်များနှင့် အစားအစာများကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း မထင်မှတ်ဘဲ လစ်ဟင်းမှုများ ရှိနေသေးသည်ကို တွေ့ရလေသည်။
ယွင်ဟွားသည် မျက်မှောင်ကြုတ်လိုက်၏။ သေခြင်းရှင်ခြင်းစာအုပ်၏ စကားများက သူမအား ပို၍ပင် စိုးရိမ်ပူပန်လာစေသည်။
“ပန်းကလေး... ဟုန်တာ့ဝူက မြို့ပြင်က ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုမှာ လူတစ်စု စုဝေးနေတာကို မတော်တဆ တွေ့ရှိခဲ့တယ်... စုံစမ်းမေးမြန်းကြည့်ပြီးနောက်မှာ သူ အကြောင်းရင်းကို သိခဲ့ရတယ်... သူက မည်သူ့ကိုမဆို ကူညီတတ်သူ မဟုတ်ဘူး... ဒါကြောင့် စဉ်းစားပြီးနောက်မှာတော့ ခွန်အားနည်းပါးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုပဲ သူ့ရဲ့ ခြံဝင်းလေးဆီ ခေါ်သွားခဲ့တယ်..”
“ဟုန်တာ့ဝူက အနည်းငယ် ပါးနပ်တယ်... သူက ကျန်တဲ့ ဒုက္ခသည်တွေကို စုစည်းပြီး ပျက်စီးနေတဲ့ ဘုရားကျောင်းကို ပြုပြင်ဖို့နဲ့ အစားအစာဝယ်ဖို့ သူတို့ရဲ့ ငွေတွေကို စုပေါင်းစေခဲ့တယ်... သူကိုယ်တိုင်မှာလည်း ငွေသိပ်မရှိတဲ့အပြင် အခြားတစ်ဖက်ကိုလည်း ဂရုစိုက်ရဦးမှာဆိုတော့ ဒီဆောင်းရာသီကို ဖြတ်သန်းဖို့ ငွေလေးအနည်းငယ်ရအောင် သူတို့အတွက် အလုပ်ကြမ်းလေးတွေ ရှာပေးဖို့လောက်ပဲ ကြိုးစားနိုင်ခဲ့တယ်..”
ယွင်ဟွားသည် သန်မာထွားကျိုင်းသော ဤအမျိုးသားကြီးကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်ပြီး လူတစ်ယောက်ကို အပြင်ပန်းအသွင်အပြင်ဖြင့် မဆုံးဖြတ်သင့်ကြောင်း နားလည်သွားလေသည်။
ထို့ကြောင့် သူက ငွေကြေးကို အလွန်အမင်း လိုအပ်နေခဲ့ခြင်း ဖြစ်၏။
သို့သော် ရောက်ရှိလာတော့မည့် ဒုက္ခသည် အမြောက်အမြားကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားနေလေသည်။
“ပန်းကလေး... ငါတို့တွေ ကုသိုလ်စွမ်းအား စုဆောင်းမယ့်လမ်းစဉ်ကို လျှောက်လှမ်းရမှာ မဟုတ်ဘူးလား... အခုက အကောင်းဆုံး အချိန်ပဲ..”
ဤဒုက္ခသည်များက အကောင်းဆုံးအချိန်တွင် ရောက်ရှိလာသည်ဟု သေခြင်းရှင်ခြင်းစာအုပ်က ရုတ်တရက် ခံစားလိုက်ရသည်။
ယွင်ဟွား၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားပြီး သူမ၏ မျက်လုံးများက ဂနာမငြိမ်စွာဖြင့် ဟိုဟိုဒီဒီ လှုပ်ရှားလာလေသည်။
“ငါ… အဲ့လို ပြောခဲ့မိလို့လား…”
“ရှောင်ရှူးရှူး... ငါက ငရဲပြည်က လာတာလေ... ငါက သဘာဝတရားရဲ့ စည်းမျဉ်းကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ... ငါက ယင်နဲ့ ယန် နှစ်မျိုးစလုံးကို စုပ်ယူပြီး အစာမကြေဖြစ်သွားမှာကို နင် မကြောက်ဘူးလား... ငါ ပြောတာ မှန်တယ်မလား... ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ပေပေ့လေး..”
“မှန်တယ်..”
တရားသူကြီးပေပေ့က သူ၏ လက်သီးသေးသေးလေးကို ဆုပ်ကိုင်ကာ ဟောက်လိုက်ပြီး ဟွားဟွားကို ထာဝရ ထောက်ခံသွားမည်ဟု သစ္စာဆိုလေသည်။
“ငါတို့က အဲ့နတ်ဆရာတွေလို မဟုတ်ပါဘူး... ဘာလို့ ကုသိုလ်စွမ်းအား စုဆောင်းနေဖို့ လိုမှာလဲ... ငါတို့က ကပ်ဘေးဒုက္ခတွေ ဖြစ်လာဖို့ ဆုံးဖြတ်ထားပြီးသားပဲ... တစ္ဆေတွေကို ဖောက်ခွဲပစ်မယ်... ယင်စွမ်းအင်တွေကို စုပ်ယူမယါ... ငါတို့က အဲ့လမ်းစဉ်အတိုင်းပဲ အဆုံးထိ လျှောက်လှမ်းသွားမယ်…”
ငရဲလကျောက်ကလည်း စုတ်တံစုတ်လေး၏ စကားကို အပြည့်အဝ ထောက်ခံသဖြင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် စာလုံးကြီးအချို့ ချက်ချင်း ထွက်ပေါ်လာလေသည်။
“ငါ သဘောတူတယ်... ယင်စွမ်းအင် သက်တော်ရာကျော် ရှည်ပါစေ..”
မည်သို့ပင်ဆိုစေကာမူ သူက ယင်စွမ်းအင်ကိုသာ စုပ်ယူလေသည်။
သေခြင်းရှင်ခြင်းစာအုပ်က ၎င်းတို့နှစ်ခုကြောင့် အလွန် ဒေါသထွက်သွားပြီး ရမ်းကားတော့လေသည်။
“အစ်မရှူးက နင်တို့ကို အမှောင်လမ်းစဉ်ဆီ သွားအောင် လုပ်ပေးမယ်..”
သေခြင်းရှင်ခြင်းစာအုပ်က တရားသူကြီးပေပေ့ကို ဖမ်းဆွဲကာ ငရဲလကျောက်နှင့်အတူ စတင်ရိုက်နှက်လေတော့သည်။ တစ်ကောင်တည်းဖြင့် နှစ်ကောင်ကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူသော အောင်ပွဲတစ်ခုပင် ဖြစ်၏။
ရိုက်နှက်ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်က သူတို့ကို ကြောက်မက်ဖွယ်ကောင်းအောင် သတိပေးလိုက်လေသည်။
“နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း... နင်တို့နှစ်ကောင်လုံးကို အိမ်သာထဲပစ်ချပြီး ဦးနှောက်ဆေးပစ်လိုက်မယ်..”
ရှောင်ဟွားဟွား လူသားအဖြစ် ပြန်လည်ဝင်စားရန်အတွက် အကောင်းဆုံး လမ်းစဉ်မှာ ကုသိုလ်စွမ်းအားနှင့် ကံကောင်းမှုများကို စုဆောင်းရန်ပင် ဖြစ်သည်။
ဤကောင်စုတ်နှစ်ကောင်က ၎င်းကို တကယ်ပင် ဒေါသထွက်စေခဲ့ရာ ၎င်းသည် ယွင်ဟွား၏ ခေါင်းပေါ်သို့ ပြန်လည်ပျံသန်းသွားပြီး အထူးကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ရယ်မောလိုက်လေသည်။
“ပန်းကလေး... နင် ဘာပြောခဲ့လဲဆိုတာ နင် မှတ်မိသေးရဲ့လား..”
ယွင်ဟွား၏ နှလုံးသားမှာ တစ်ချက် ခုန်သွားလေသည်။ သူမသည် နန်းတော်သို့ သွားကာ ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံပြီး ဒုက္ခသည်များကို နေရာချထားပေးရန် ငွေကြေးထောက်ပံ့ပေးဖို့ တောင်းဆိုရန် စီစဉ်ထားခဲ့သော်လည်း သေခြင်းရှင်ခြင်းစာအုပ်၏ ထူးဆန်းသော လေသံကြောင့် မကောင်းသော ခံစားချက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာလေသည်။
“ဘာ... နင် ဘာပြောလိုက်တာလဲ..”