အခန်း (၂၀၉)
Vol. 21 Ch. 209
အခန်း (၂၀၉) ယွင်ဟွားသည် ကုသိုလ်စွမ်းအား စုဆောင်းရာတွင် ငွေအနည်းငယ် သုံးစွဲရန် လိုအပ်သည်
သေခြင်းရှင်ခြင်းစာအုပ်က တခစ်ခစ် ရယ်မောလိုက်လေ၏။
“ငါ့ရဲ့ ပန်းကလေးက ကြင်နာတတ်တယ်... ချစ်စရာကောင်းတယ်... ရက်ရောတယ်... ပြီးတော့ သဘောမနောလည်း ကောင်းတယ်... သူမက သူမရဲ့စကားကို သေချာပေါက် ရုပ်သိမ်းမှာ မဟုတ်ပါဘူး... ကောင်းမှုကုသိုလ်တွေလုပ်ဖို့ ငွေလှူမယ်လို့ နင် ကတိပေးထားခဲ့တယ်လေ... အခုက ကတိတည်ရမယ့် အချိန်ရောက်နေပြီ…”
၎င်းသည် ပန်းကလေး၏ ကုသိုလ်စွမ်းအားများအတွက် အားထုတ်မှုများစွာ ပြုလုပ်ပေးခဲ့ရလေသည်။
ယွင်ဟွား၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။
“နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်... ငါ မပြောခဲ့ပါဘူး…”
ယွင်ဟွားက ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။
“ရှောင်ရှူးရှူး... ငါ့ကိုယ်ငါ ကောင်းကောင်းသိပါတယ်... ငါက အရမ်းကပ်စေးနဲတာကို ငါ့အိတ်ကပ်ထဲမှာရှိတဲ့ ပိုက်ဆံအနည်းငယ်ကို ဘယ်လိုလုပ်ပြီး ထုတ်ပေးနိုင်မှာလဲ... ဒါကြောင့် ငါ အဲ့လိုစကားမျိုးကို ဘယ်တော့မှ ပြောခဲ့မှာ မဟုတ်ဘူး..”
ယွင်ဟွားက မှန်ကန်သော ဒေါသများဖြင့် ပြောဆိုလိုက်လေသည်။ သူမသည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ ထိုကဲ့သို့သော စကားမျိုးကို လုံးဝ ပြောဆိုခဲ့ခြင်း မရှိကြောင်း အပြည့်အဝ သေချာနေလေသည်။
နန်ကုန်းယွမ်က မိန်းကလေးငယ်က သူမကိုယ်သူမ အတော်လေး နားလည်သဘောပေါက်သည်ဟုတွေးကာ အနည်းငယ် ပြုံးလိုက်လေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေး၏ မှတ်ဉာဏ်သိပ်မကောင်းကြောင်းကို ကြာမြင့်စွာကတည်းက သိရှိထားပြီးဖြစ်ရာ ၎င်းက ကြိုတင်ပြင်ဆင်ထားခဲ့ပေသည်။
၎င်းသည် ဖန်သလင်းဘောလုံးကို ထုတ်ယူလိုက်ရာ တရားသူကြီး၏စုတ်တံ မြင်သည်နှင့်တစ်ပြိုင်နက် ဟွားဟွား၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကာ ပုန်းအောင်းနေလေတော့သည်။
“ပန်းကလေး... နင့်ဘာသာနင် ကြည့်လိုက်စမ်း..”
ယွင်ဟွားသည် ဤအရာကို ရိုက်ခွဲပစ်ချင်စိတ်မှလွဲ၍ အခြားဆန္ဒမရှိတော့ပေ။
ထိုမြင်ကွင်းတွင် သူမသည် ရှောင်ယွမ်ယွမ်ကို ကယ်တင်ပြီးနောက် ရွာထဲ၌ ရှောင်ရှူးရှူးနှင့် စကားပြောနေခြင်း ဖြစ်လေသည်။ သူမက ကပ်စေးမနဲကြောင်းနှင့် ရှောင်ကျင်းဇီမှလွဲ၍ အခြားရတနာများအားလုံးကို ထုတ်ပေးနိုင်ကြောင်း ယုံကြည်မှုရှိစွာဖြင့် ပြောဆိုနေလေသည်။
သူမမှာ အလွန်နှလုံးကွဲကြေရလေပြီ။
*ငါက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကြိုးစားရုံသက်သက်ပါ... ဒါပေမယ့် ဒီစာအုပ်လေးက မှတ်တမ်းတင်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့မိဘူး…*
အခြားသူများသည် ဖန်သလင်းဘောလုံးပေါ်ရှိ မြင်ကွင်းကို မမြင်နိုင်ကြပေ။ သူတို့က ယွင်ဟွား၏ မျက်နှာ ဖြူရော်သွားပြီးနောက် နီရဲလာကာ လုံးဝ အရေးနိမ့်သွားသည့်ပုံစံကိုသာ မြင်တွေ့နေကြရလေသည်။
“နင် စာအုပ်အစုတ်လေး... နင် ငါ့ကို အကွက်ဆင်တယ်ပေါ့... ငါ နင်နဲ့ အဆက်အသွယ် ဖြတ်ပြီ…”
“ဝါး…”
သူမမှာ တကယ်ကို ခက်ခဲသောအချိန်ကို ဖြတ်သန်းနေရလေသည်။
ဘာပဲဖြစ်ဖြစ် သူမ ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။
“ပေပေ့က ဟွားဟွားကို ထောက်ခံတယ်... ငါတို့ လမ်းခွဲကြပြီ..”
တရားသူကြီး၏စုတ်တံသည် ခဏတာ ထွက်ပေါ်လာပြီးနောက် အလျင်အမြန် ပြန်ဝင်သွားလေသည်။ ရှူးရှူးကို ၎င်းအား ထပ်မံရိုက်နှက်ရန် မည်သူက ပြောခဲ့သနည်း။ ၎င်းသည် မီးလောင်ရာ လေပင့်ရုံသက်သက်သာ လုပ်ဆောင်ချင်ခြင်း ဖြစ်၏။
သေခြင်းရှင်ခြင်းစာအုပ်သည် စုတ်တံစုတ်ကို ဂရုစိုက်ရန် အချိန်မရှိသဖြင့် ယွင်ဟွားအနီးသို့ တိုးကပ်ကာ ချစ်စရာကောင်းဟန် ဆောင်နေလေတော့သည်။
“ပန်းကလေး... ငါက နင့်ရဲ့ အချစ်ရဆုံး စာအုပ်လေးပါ... နင် ငါနဲ့ လမ်းခွဲမှာ မဟုတ်ဘူးမလား..”
“မှားတယ်... ဟွားဟွားက ငါ့ကို အနှစ်သက်ဆုံးပဲ…”
ထိုသို့ပြောပြီးနောက် တရားသူကြီးပေပေ့သည် ချက်ချင်းပင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
“ပန်းကလေး... စဉ်းစားကြည့်ပါဦး... အဲဒါက ကုသိုလ်စွမ်းအားရဲ့ အစွမ်းပဲ... အဲဒါက ယင်စွမ်းအင်ကို စုပ်ယူတာထက် ပိုမြန်ပြီးတော့ အကျိုးကျေးဇူးတွေကလည်း အများကြီး ပိုကြီးမားတယ်..”
“ပြီးတော့ ပန်းကလေး... နင့်မောင်လေးကို ကယ်တင်ချင်တာ မဟုတ်ဘူးလား... သူ့ကို အမြန်ဆုံး အဆိပ်ပြေစေပြီး လမ်းပြန်လျှောက်နိုင်အောင် လုပ်ပေးချင်တယ်မလား..”
၎င်း၏ သခင်ကို ကယ်တင်ခဲ့သူမှာ ၎င်းသာဖြစ်ကြောင်း အငြင်းပွားကာ ငရဲလကျောက်က ချက်ချင်း ကန့်ကွက်လေသည်။
သို့သော် ၎င်းသည် ပန်းကလေးနှင့် အခြားသူများကို အမှန်တရား ပြောပြရန် မရဲတဝံ့သေးဘဲ မိမိဘာသာသာ စိတ်ကောက်နေရလေသည်။
ထို့နောက် အပြစ်ရှာတတ်သော ဝေဖန်သူတစ်ဦး ထွက်ပေါ်လာလေသည်။
“ယင်စွမ်းအင်ကသာ ငါတို့ရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ... ကုသိုလ်စွမ်းအားဆိုတာ အသုံးမကျဘူး... အဲဒါကို အများကြီး ရှူရှိုက်မိရင် ပန်းကလေး ဝမ်းလျှောရုံပဲ ရှိလိမ့်မယ်..”
“ရှောင်ယိုယိုပြောတာ မှန်တယ်…”
တရားသူကြီး၏စုတ်တံက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ ယခင်က ၎င်းသည် ရှူးရှူး၏ အနိုင်ကျင့်မှုကို အမြဲခံခဲ့ရသော်လည်း ယခုအခါတွင် ၎င်းဘက်မှ ရပ်တည်ပေးမည့် မဟာမိတ်များရှိနေပြီဖြစ်၏။
၎င်းသည် ရှူးရှူးကို အနိုင်ယူချင်နေလေသည်။ လေးယောက်ပါဝင်သော အုပ်စုတွင် ၎င်းသည် ဒုတိယနေရာ၌ ရှိနေချင်၏။
သေခြင်းရှင်ခြင်းစာအုပ်…
“ပန်းကလေး... ငါ့ကို ခဏလောက်စောင့်ဦး... ကိုယ်ရေးကိုယ်တာကိစ္စလေး ဖြေရှင်းစရာ ရှိလို့..”
ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သေခြင်းရှင်ခြင်းစာအုပ်က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကာ ယခုလေးတင် ထွက်ပေါ်လာသော တရားသူကြီး၏စုတ်တံနှင့် ငရဲလကျောက်တို့ကို ဆွဲယူသွားလေတော့သည်။
“ပန်း... ပန်း…”
တရားသူကြီး၏စုတ်တံသည် အံ့သြတကြီး အော်ဟစ်လိုက်သော်လည်း စကားများမှာ မဆုံးလိုက်ပေ။
ယွင်ဟွား...
သူမသည် အနည်းငယ် စိုးရိမ်မကင်းဖြစ်နေပုံရသော ဟုန်တာ့ဝူကို မော့ကြည့်လိုက်လေသည်။
ရိုးရိုးသားသားပြောရလျှင် ဒုက္ခသည်များစွာကို မိမိဘာသာ ကူညီပေးနိုင်သော သူ၏ စွမ်းရည်ကို သူမ တကယ်ပင် လေးစားမိလေသည်။
သူ၏ စရိုက်လက္ခဏာကိုလည်း သူမ ယုံကြည်သည်။
"ဟုန်တာ့ဝူ... ရှင်က ကြင်နာတတ်ပြီး ဖြောင့်မတ်တယ်... အခု ရှင် ဘာတွေလုပ်နေလဲဆိုတာကို ငါ ကြိုတင်သိမြင်ပြီးပြီ..."
"ငါက အနည်းငယ် ပျင်းရိပြီး အလုပ်ရှုပ်တဲ့ ဘာကိုမှမလုပ်ချင်ဘူး..."
"ဒါကြောင့် ဒီကောင်တီမင်းသမီးက ရှင့်ရဲ့ ကျောက်စိမ်းရိုင်းတွေကို မူလစျေးနဲ့ ဝယ်ယူရုံသာမကဘဲ ဝါဂွမ်းအင်္ကျီတွေ၊ စောင်တွေနဲ့ အစားအစာတွေ ဝယ်ဖို့အတွက် ငွေအမြောက်အမြားကိုပါ ပေးအပ်သွားမယ်. ဒုက္ခသည်တွေကို နေရာချထားဖို့အတွက် ကူညီပေးမယ့် လူတွေကိုလည်း စီစဉ်ပေးယ်... ရှင် အဲဒါကို လုပ်နိုင်မလား..."
ဟုန်တာ့ဝူသည် ယွင်ဟွားကို ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ နားများကိုပင် မယုံနိုင်အောင် ဖြစ်သွားလေသည်။
"မင်းသမီး... မင်းသမီး... ပြောခဲ့တာတွေ အားလုံးက တကယ်ပဲလား..."
သူသည် အလွန် စိတ်လှုပ်ရှားနေသဖြင့် အားလုံးက အိပ်မက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်ကာ စကားများပင် ထစ်ငေါ့နေလေသည်။
ယွင်ဟွားက ခေါင်းညိတ်လိုက်၏။ သူမက အနည်းငယ် နာကျင်မှုကို ခံစားရသော်လည်း သူတို့သည် တုံလင်နိုင်ငံ၏ ပြည်သူများဖြစ်ပြီး သူမ၏ အနာဂတ် ခေါင်းကိုင်သားနှင့် သမီးတို့၏ ကမ္ဘာကြီးလည်း ဖြစ်ပေသည်။
ပြီးတော့ ရှောင်ရှူးရှူး ပြောတာလည်း မှန်ပေသည်။ သူမသည် ကုသိုလ်စွမ်းအားနှင့် ကောင်းချီးများကို စုဆောင်းရခြင်းမှာ အခြားအကြောင်းရင်းကြောင့် မဟုတ်ဘဲ နောင်တစ်ချိန်တွင် သူမ တန်ဖိုးထားရသော မိသားစုဝင်များအတွက် အကျိုးကျေးဇူးများ ရရှိစေရန် မျှော်လင့်သောကြောင့်ပင် ဖြစ်သည်။
ဟုန်တာ့ဝူက ချက်ချင်းပင် ဒူးထောက်လိုက်လေသည်။ သူသည် ဘဝအလွှာပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီး လူ့သဘာဝကို နားလည်သဘောပေါက်ထားသူ ဖြစ်၏။
ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများသည် လူ့အသက်ကို တန်ဖိုးမရှိဟု သတ်မှတ်ကာ ငွေတစ်ပြားတစ်ချပ်မျှ ထည့်ဝင်ကြမည် မဟုတ်ပေ။
ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ဟု ကောလာဟလ ထွက်နေသော ဤမင်းသမီးသာလျှင် သာမန်ပြည်သူများဖြစ်သည့် သူတို့ကို အမှန်တကယ် ကူညီရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။
"ကျွန်တော်မျိုး... မင်းသမီးကို ကျေးဇူးတင်ပါတယ်..."
ဟုန်တာ့ဝူက လေးလံစွာ ဦးညွှတ်လိုက်ပြီး ချက်ချင်းပင် သူ၏ ကတိစကားကို ဆိုလိုက်လေသည်။
"ကျွန်တော် ဟုန်တာ့ဝူက ဒီနေ့မှစပြီး မင်းသမီးရဲ့ နောက်ကို လိုက်ကာ သူမအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိကြောင်း ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... ကျွန်တော် ငွေတစ်ပြားတစ်ချပ်ကိုမှ တပ်မက်မှာ မဟုတ်ဘဲ အမှန်တကယ် လိုအပ်နေတဲ့သူတွေကို ကူညီဖို့အတွက်သာ အဲ့ငွေကို အသုံးပြုပါ့မယ်... မဟုတ်ရင် ကျွန်တော် အသေဆိုးနဲ့ သေပါစေ..."
ဟုန်တာ့ဝူ သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
အခြားသူများ မမြင်တွေ့ရသော်လည်း ဟုန်တာ့ဝူသည် သူ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခုကိုသာ ခံစားလိုက်ရပြီး ၎င်းကို သိပ်ဂရုမစိုက်ခဲ့ပေ။
“ဘုရားရေ..”
ယွင်ဟွားသည် အသက်ရှူမှားသွားပြီး လုံးဝ ဆွံ့အသွားလေတော့သည်။
“ဒါက.. ဒီလူက ရုတ်တရက် ဘယ်လိုလုပ်ပြီး သစ္စာဆိုလိုက်တာလဲ... ပြီးတော့ ကောင်းကင်တာအိုကတောင် အသိအမှတ်ပြုလိုက်သေးတယ်... အကယ်၍ သူသာ ကတိဖျက်ရင် အကျိုးဆက်တွေက ဆိုးရွားလိမ့်မယ်..”
“ဟီးဟီး..”
ရွှေရောင်အလင်းတန်း ကျဆင်းလာသည်ကို ယခုလေးတင် မြင်တွေ့လိုက်ရသဖြင့် ယွင်ဟွား၏ နှုတ်ခမ်းထောင့်များမှာ အဆက်မပြတ် တွန့်လိမ်နေလေသည်။
အားလုံးမှာ တုန်လှုပ်သွားကြလေသည်။
ဟုန်တာ့ဝူသည် အစပိုင်းတွင် အံ့သြသွားသော်လည်း သတိပြန်ဝင်လာပြီးနောက် သူသည် ကြောက်လန့်မသွားသည့်အပြင် မိုက်မဲစွာပင် ပြုံးဖြီးဖြီး လုပ်နေလေသည်။
အခြားတစ်နည်းအားဖြင့်ဆိုရလျှင် ယခုမှစ၍ သူသည် မင်းသမီးနှင့်အတူ လိုက်ပါခွင့် ရရှိတော့မည် မဟုတ်ပါလား။
ယွင်ဟွားသည် ငိုရမည်လား ရယ်ရမည်လားကိုပင် မသိတော့ပေ။
ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုကို ခံရကြောင်း၊ သူမရှေ့တွင် လိမ်ညာပြီး ကျိန်ဆိုလျှင် အသိအမှတ်ပြုခံရမည်ဖြစ်ကြောင်းနှင့် မိုးကြိုးပစ်ခံရမည်ဖြစ်ကြောင်း သူမ၏ ယခင်ပြောဆိုချက်များမှာ ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏ အရာရှိများကို လှည့်စားရန် ကြိုးစားမှုများသာ ဖြစ်ပေသည်။
*ဘယ်လိုလုပ်ပြီး…*
*ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံက သူမရဲ့ စကားတွေကို တကယ်အလေးအနက်ထားပြီး တကယ်ဖြစ်လာရတာလဲ…*
"ဟုန်တာ့ဝူ... အရင်ထပါဦး..."
ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကိုခံရပြီး သူမအတွက် အလုပ်လုပ်ပေးရမည်ဖြစ်ရာ သူတို့သည် အကြောင်းအကျိုးဆက်စပ်မှု ကြိုးတစ်ချောင်းဖြင့် တစ်နည်းနည်းဖြင့် ချိတ်ဆက်သွားခဲ့လေပြီ။
သူမက လူတွေကို ဤအတိုင်း လှည့်စားနေလို့ မရတော့ဘူး ထင်တယ်။
ယွင်ဟွား၏ ကိုယ်ထဲတွင် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူမဘေးရှိ နန်ကုန်းယွမ်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။
သူ၏ မျက်လုံးများက သူ့ကို လှည့်စားနေခြင်း မဟုတ်ကြောင်း သူ အပြည့်အဝ သေချာနေလေသည်။
ဟုန်တာ့ဝူ သစ္စာဆိုပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ ငရဲလကျောက်သာ ဤနေရာတွင် ရှိနေပါက ဘာတွေဖြစ်နေသည်ကို ၎င်း နားလည်ပေလိမ့်မည်။
၎င်းသည် နန်ကုန်းယွမ်နှင့် စာချုပ်ချုပ်ဆိုထားသော ဆက်ဆံရေးရှိပြီး သူတို့သည် တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းပေးကြသည်။ ၎င်း၏ ကုသမှုလုပ်ရပ်နှစ်ခုသည် ငရဲလကျောက်၏ ယင်စွမ်းအင်မှတစ်ဆင့် နန်ကုန်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တဖြည်းဖြည်း နိုးကြားလာစေခဲ့သည်။
နန်ကုန်းယွမ်သည် အချိန်အတော်ကြာ တွေးတောနေခဲ့သော်လည်း ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်သေးသဖြင့် ရိုးရိုးရှင်းရှင်းပင် ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
သူက ဘီးတပ်ကုလားထိုင်ကို ယွင်ဟွားအနီးသို့ တွန်းသွားကာ ပြောလိုက်၏။
"ရှောင်လီဟွာက အားကိုးမရပုံပေါ်ပေမယ့် အချို့ကိစ္စတွေမှာတော့ ယုံကြည်စိတ်ချရပါတယ်... ဒီတာဝန်ကို သူ့ကို ပေးလိုက်ကြစို့..."
"ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ ဒုက္ခသည် အရေအတွက် အများကြီး ရှိလာဦးမှာပဲ... အကယ်၍ ငါတို့ ကြိုတင်စီစဉ်ထားမယ်ဆိုရင် ပြည်သူတွေ ထိတ်လန့်ကြမှာ မဟုတ်ဘူး..."
ဒါပေမယ့်...
ဒုက္ခသည်များကို နေရာချထားရန် လိုအပ်သော ငွေကြေးအားလုံးကို မိန်းကလေးကချည်း သီးသန့်ပေးဆောင်ရမည် မဟုတ်ပေ။
ဤမြို့တော်ကြီးသည် ရာထူးကြီးအရာရှိများ၊ ချမ်းသာသော ကုန်သည်များနှင့် အာဏာရှိသူများဖြင့် ပြည့်နှက်နေလေသည်။
နန်ကုန်းယွမ်၏ ပါးနပ်သော လှည့်ကွက်များစွာကြောင့် ဧကရာဇ်ဝမ်ရွှမ်းက ပူးပေါင်းပါဝင်လာပြီး အမြတ်အစွန်းများစွာ ရရှိခဲ့သည်။ ထိုညတွင် ရှောင်လီဟွာသည် ယွင်မိသားစုကို မျက်ရည်များဖြင့် နှုတ်ဆက်ကာ ဟုန်တာ့ဝူကို ရှာဖွေရန် ခြေဆွဲလျက် ထွက်ခွာသွားလေတော့သည်။
မူလသခင်က ဤသည်မှာ သူ၏ အပြစ်များကို ပေးဆပ်ခြင်းဟု ခေါ်ဆိုကြောင်း၊ မဟုတ်ပါက သူ့ကို စောင့်ကြိုနေမည်မှာ ရွှမ်ကျားတပ်စခန်းပင်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။