မင်းတို့ ဝါသနာတွေက လုံးဝကို တစ်ထေရာတည်းပဲ
Vol. 31 Ch. 310
“ အစ်မကောင်း … ၊ ညီမ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော် …”
ကျိုးခဲ့ရှင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးမြန်းလိုက်၏။
ကောင်းရှင်းရန်က အသာအယာ ခေါင်းညိတ်ပြ၍ ကျိုးခဲ့ရှင်း၏ မေးခွန်းကို အတည်ပြုပေးလိုက်သည်။
နာမည်ကြီး ကြယ်ပွင့်ဟောင်း အမျိုးသမီးတစ်ဦးက နောက်ကျော ဓားနှင့် ထိုးခံခဲ့ရ၏။
သူမ၏ ခင်ပွန်းဖြစ်သူက ပိုက်ဆံများပိုက်၍ ထွက်ပြေးသွားခဲ့ပြီး သူမကိုတော့ အကြွေးတစ်ဘီလီယမ်ကျော်သာ ချန်ရစ်ထားခဲ့ပေးလေသည်။
မရေမတွက်နိုင်သည့် လူများက ကောင်းရှင်းရန်တော့ လုံးဝ အဆုံးသတ်ပြီဟု ခန့်မှန်းထားခဲ့ကြ၏။
ထို့ပြင် သူမမှာ ရူးကြောင်ကြောင်နိုင်ပြီး ချစ်ဖို့ကောင်းသည်ဟုလည်း သမုတ်ခံလိုက်ရသည်။ ရုပ်ရှင်နယ်ပယ်ထဲ ဆယ်စုနှစ်များစွာကြာ ကျင်လည်လာခဲ့ပြီးသည့်တိုင် သူမမှာ ရိုးအမြဲ ၊ ရိုးအနေခဲ့ပြီး ယောက်ျားဖြစ်သူ ပြောသမျှကို နာခံခဲ့၏။
လူတော်တော်များများမှာ ထိုမျှ နုံအလှသည့် လူတစ်ယောက်က နာမည်ကြီး ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့သည်ဆိုတာကိုပင် မယုံကြည်နိုင်ကြပေ။
မြောက်များလှသော ကုမ္ပဏီများ၏ တရားဝင်ပိုင်ရှင် အဖြစ် လက်ခံရလောက်သည်အထိ နုံအလှခြင်း။
ကုမ္ပဏီများက ဒေဝါလီခံလိုက်ရပြီး ခင်ပွန်းဖြစ်သူကလည်း ကျန်သည့် ပိုက်ဆံများကို ပိုက်၍ နိုင်ငံခြားသို့ ထွက်ပြေးသွားခဲ့ခြင်း။
ရလဒ်အနေဖြင့် ... ယောက်ျားဖြစ်သူ ယူခဲ့သည့် အကြွေးများအကုန်လုံးက ကောင်းရှင်းရန် ခေါင်းပုံသို့ ကျရောက်လာလေသည်။
ရံဖန်ရံခါတွင်လည်း အနုပညာသတင်း တင်ဆက်သူများက နိုင်ငံထဲရှိ သူဌေးကြီးတော်တော်များများမှာ ကောင်းရှင်းရန်ကို ကူညီ၍ အကြွေးများ ဆပ်ပေးလိုကြကြောင်း သတင်းများ ထုတ်လွှင့်တတ်လေ့ ရှိ၏။
အခြေအနေကတော့ ရိုးရှင်းပါသည်။ ကောင်းရှင်းရန်က သူတို့ မယားငယ် ဖြစ်ပေးရုံမျှပင်။
ကောင်းရှင်းရန်က နောက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ တစ်ခု ကျင်းပခဲ့ပြီး သူမကို နှုတ်အရသာခံ၍ စော်ကားပုတ်ခတ်သူ တစ်ယောက်ချင်းစီတိုင်းကို ဖော်ထုတ်ခဲ့သည်။
နှစ်အနည်းငယ် ကြာပြီးနောက်တွင် ကောင်းရှင်းရန်က သတင်းများထဲ တစ်ဖန်ပြန်ပေါ်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အနုပညာ သတင်းကဏ္ဍထဲ မဟုတ်တော့ဘဲ စီးပွားရေး သတင်းကဏ္ဍထဲတွင် ဖြစ်၏။
ကောင်းရှင်းရန်က သူမ၏ အကြွေးရှင်များနှင့် သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့သည်။
သူမဘက်က တင်ကျန်နေသည့် အကြွေးများကို အရစ်ကျ ပေးချေမည်။
ထို့နောက် ရင်းနှီးမြုပ်နှံသူများကို ရှာဖွေ၍ ကုမ္ပဏီများ၏ ထုတ်လုပ်ရေးနှင့် အော်ပရေးရှင်းမျာကို ပေါင်းစည်းလိုက်သည်။
အကြွေးငွေ ယွမ်တစ်ဘီလီယမ်ကို ပေးဆပ်နိုင်ဖို့ရာအတွက် လေးနှစ်ကျော်မျှ အချိန်ယူခဲ့ရ၏။
သူမ၏ ကုမ္ပဏီများကိုလည်း ပို၍ အလားအလာကောင်းပြီး ကြီးပွားတိုးတက်အောင် စီမံနိုင်ခဲ့ရာ ဘီလီယမ်ချီသည့် ကြွယ်ဝမှုများနှင့် လူချမ်းသာ အမျိုးသမီး တစ်ဦး ဖြစ်လာလေသည်။
ကောင်းရှင်းရန်၏ နှစ်လေးဆယ်ကျော်ကြာ ဘဝသက်တမ်းတစ်လျှောက်တွင် အတက်အကျ ၊ အနိမ့်အမြင့်များနှင့် ဇာတ်လမ်းတို့က မရေမတွက်နိုင်အောင် ရှိခဲ့သည်။
ပထမဦးစွာ သူမက ရုပ်ရှင်နဲ့ ဇာတ်လမ်းနယ်ပယ်တွင် နာမည်ကြီး ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။
ထို့နောက် ယွမ်တစ်ဘီလီယမ်ကျော် အကြွေးတင်နေသည့် အမျိုးသမီး ဖြစ်လာပြန်သည်။
သို့တိုင် အလျှော့မပေးဘဲ စီးပွားရေးကို ဆယ်နှစ်ကျော်မျှ ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် အကြွေးကြေ၍ ချမ်းသာသည့် ဘဝသို့ ရောက်ရှိလာခဲ့သည်။
“ ဟားဟား …”
ကောင်းရှင်းရန်၏ ဘဝသမိုင်းကို ပြန်ရွတ်ပြနေသည့် ကျိုးခဲ့ရှင်း၏ စကားကို နားထောင်ပြီးနောက် ဝမ်တဲ့ချွမ်က အရွှန်းဖောက်လိုက်၏။ “ ငါ့ညီမရာ … ငါမင်းကို ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ ရေးပါ ရေးပါလို့ အကြိမ်ကြိမ်တိုက်တွန်းရဲ့သားနဲ့ … မင်းသာ ရေးလိုက်ရင် မရောင်းကောင်းမှာ ပူစရာမလိုဘူး …”
“ ဒီက ဒေါက်တာချန်တောင် မင်းရဲ့ ပရိသတ် ဖြစ်နေရင် ရောင်းအားက ကျိန်းသေပေါက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ငါ လောင်းရဲတယ် ….”
ကောင်းရှင်းရန်က အမှုမထားသည့် အမူအရာဖြင့် “ အစ်ကိုဝမ်က ညီမကို ရယ်စရာပြောနေပါပြီ … ကျွန်မက အခု အတော်ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတာကို ဘယ်နားက ဘယ်လို အထ္တုပ္ပတ္တိရေးဖို့ စိတ်ကူးရှိနိုင်မှာလဲ ….”
“ ကဲ ငါ့ညီမ … မင်းရောက်လာပြီးမှတော့ ပြောစရာရှိတာ ပြောလိုက် … မင်း ဘာ ပြဿနာတွေ တက်နေလဲ … ဒေါက်တာချန် မင်းကို ကူညီဖြေရှင်းပေးလိမ့်မယ် …”
ဝမ်တဲ့ချွမ်က တစ်ဖန်ထပ်ပြီး ကောင်းရှင်းရန်ကို အားပေးစကားပြောဆိုလိုက်သည်။
သူနှင့် ကောင်းရှင်းရန်တို့ဆိုသည်မှာ နှစ်ပေါင်းများစွာ ရင်းနှီးလာသည့် လူရင်းများ ဖြစ်ပြီး ဝမ်တဲ့ချွမ်ကလည်း သူမ၏ စိတ်ဓာတ်ကို လေးစားမိ၏။
သူမက ဘာစီးပွားရေးမှ မလုပ်တတ်ဘဲ အိမ်မှာပဲနေပြီး အိမ်ထောင်ရှင်မ တာဝန်ကိုသာ သိသည့် အမျိုးသမီးတစ်ဦးမှ အကြွေးတစ်ဘီလီယမ်ကို ဆပ်ပြီး စီးပွားရေးလောက၌ အမျိုးသမီး တိုင်ကွန်းတစ်ဦး ဖြစ်လာသည်အထိ ပြောင်းလဲနိုင်ခဲ့သည်။
ဖြူစင်သည့် လေးစားမှုအပြင် ၊ ဝမ်တဲ့ချွမ်သည် ရံဖန်ရံခါ ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းတစ်ချို့ကို ကောင်းရှင်းရန်ထံ မိတ်ဆက်ပေးလေ့ရှိ၏။
လတ်တလောတွင်၊ သူ ကောင်းရှင်းရန်ထံ ဖုန်းဆက်လိုက်သည့်အချိန်တိုင်း သူမက နေထိုင်မကောင်းဘူး ၊ ဒါမှမဟုတ် လုပ်စရာတစ်ခုခု ရှိသည်ဟုပဲ ပြောဆိုနေတတ်၏။
ဝမ်တဲ့ချွမ် မိတ်ဆက်ပေးသည့် ကလိုင်းရန့်များနှင့်လည်း တွေ့ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့၏။
ဝမ်တဲ့ချွမ် တွေးကြည့်လေလေ၊ စိတ်ထဲ ပို၍ ထူးဆန်းလာလေလေ ဖြစ်ပြီး ကောင်းရှင်းရန် ပြဿနာတစ်ခုခု တက်နေမှာကို သူ စိုးရိမ်မိသွားခဲ့၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝမ်တဲ့ချွမ်သည် သူမ၏ အိမ်သို့ သွားရောက်ခဲ့ရာ ထူးဆန်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရ၏။
သူမ၏ ကိုယ်ပိုင်အိမ်ထဲ၌ပင် ကောင်းရှင်းရန်သည် နေကာမျက်မှန်နှင့် မာ့စ်တပ်ပြီး ရှိနေလေသည်။
အကြောင်းအရင်းကို မေးကြည့်လိုက်တော့ ကောင်းရှင်းရန်က အရေပြားဓာတ်မတည့်မှုကြောင့်ဟု ပြောပြ၏။
စကားအသွားအလာကတစ်ဆင့် ကောင်းရှင်းရန်၏ စိတ်အခြေအနေမှာ ကောင်းမွန်မနေကြောင်းကို ဝမ်တဲ့ချွမ် ကောင်းကောင်းကြီး ရိပ်ဖမ်းမိသည်။
သူမ၏ အဖြေက အနည်းငယ် ရိုးသားမှု မရှိလှပေ။
စိတ်ရောဂါ တစ်ခုခု ၊ ဒါမှမဟုတ် မသန့်ရှင်းသည့် အရာရာတစ်ခုခုကြောင့် ထိခိုက်နေမှာကို စိုးရိမ်သည့်အတွက် ချန်ယွီ့နှင့် တွေ့ဆုံဖို့ ချက်ချင်း ခေါ်သွားဖို့လုပ်သည်။
ရက်အနည်းငယ်ကြာ ဖျောင်းဖြပြီးနောက် နောက်ဆုံးတွင် ကောင်းရှင်းရန်ကို သူနှင့်အတူ လိုက်ပြီး ချန်ယွီ့နှင့် တွေ့ဆုံဖို့ရာ ဖျောင်းဖြနိုင်လိုက်လေသည်။
“ အစ်ကိုဝမ် ၊ ဒေါက်တာချန် … ကျွန်မ ခဏနေကျရင် မာ့စ်နဲ့ နေကာမျက်မှန်ကို ချွတ်လိုက်မယ် … ကျေးဇူးပြုပြီး စိတ်ကို ပြင်ဆင်ထားကြပါ …”
“ ကျွန်မရဲ့ ပုံစံကို မြင်ပြီး မလန့်သွားကြပါနဲ့ ….”
ဤစကားကြားတော့ ဝမ်တဲ့ချွမ်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။
“ အမယ်လေး ….”
ဆေးခန်းထဲကနေ အမျိုးသားနှင့် အမျိုးသမီး တစ်ဦး၏ ထိတ်လန့်တကြား အော်မြည့်သံက ထွက်ပေါ်လာသည်။
ကျိုးခဲ့ရှင်းနှင့် ဝမ်တဲ့ချွမ်တို့ အသက်ရှူမှားသွားခဲ့ကြ၏။
ကောင်းရှင်းရန်က နေကာမျက်မှန်နှင့် မာ့စ်ကို ချွတ်လိုက်သောအခါ သူမ၏ ရုပ်ရည်က အင်မတန် အကျည်းတန် ရုပ်ဆိုးလွန်းလှ၏။
သူမ မျက်နှာထက်ရှိ အရေပြားက ခြောက်ကပ်ပြီး ရှုံ့တွနေသည်။
မျက်နှာသွင်ပြင်ကလည်း အသက်ကိုးဆယ်ကျော်အရွယ် အဘွားကြီး တစ်ခုကဲ့သို့ ပုံစံပျက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
သူမ၏ လက်ရှိပုံစံက ကျေးလက်ရိုးရာ တစ္ဆေပုံပြင်ထဲရှိ ကြောင်မျက်နှာနှင့် အမျိုးသမီးပုံစံကဲ့သို့ ဖြစ်ပျက်နေသည်။
ကောင်းရှင်းရန်က အသက်လေးဆယ်အစောပိုင်းတွင် ရှိသော်လည်း နှစ်ဆယ်ကျော်အရွယ် အပျိုဖြန်းလေးအလား လှပခဲ့ဖူးသည်။
လက်ရှိတွင်တော့ သူမက သေခါနီး သက်တမ်းရင့်သက်ပင်အိုကြီး တစ်ခုကဲ့သို့ အိုမင်းရွတ်တွနေလျက် ရှိ၏။
ဝမ်တဲ့ချွမ် သူ အမြင်မှောက်လေသလားဟု သူ့မျက်လုံးများကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပြီး ပြန်ကြည့်လိုက်သည်။ လွန်ခဲ့သော တစ်လခန့်က ကောင်းရှင်းရန်၏ သွင်ပြင်မှာ ယခုလို မဟုတ်ခဲ့ဘူးဆိုတာကို သူ လုံးဝ ကျိန်ဆိုရဲသည်။
တစ်ချိန်က အနုပညာကြယ်ပွင့် တစ်ဦး ဖြစ်ခဲ့ဖူးသည့် ကောင်းရှင်းရန်က သူမ၏ အသားအရည်နှင့် ပတ်သက်၍ အထူးတလှယ်ကို အလေးပေး ထိန်းသိမ်းထားခဲ့သည်။
စိန်ခေါ်မှုအများဆုံး နေ့ရက်များ၌ပင် သူမ၏ သွင်ပြင်က များများစားစား ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
ကျိုးခဲ့ရှင်းသည်လည်း ရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။ သူမဖုန်းထုတ်၍ ကောင်းရှင်းရန်၏ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဓာတ်ပုံများကို အွန်လိုင်းပေါ်က ယူကြည့်လိုက်သည်။
ရှေ့ရှိ အမျိုးသမီးနှင့် ဖုန်းဓာတ်ပုံထဲရှိ အမျိုးသမီးကိုကြည့်ရင်း …
ဤအမျိုးသမီးနှစ်ယောက်က တစ်ယောက်တည်း ဖြစ်ပါသည်ဟူသော အချက်ကို မည်သူကမျှ လက်သင့်ခံနိုင်ကြမှာ မဟုတ်ချေ။
နှစ်ဦးက မတူကွဲပြားသည့် လူနှစ်ယောက် ဖြစ်၏။
“ ဒေါက်တာချန် … ဒါကြောင့်မို့ ကျွန်မ ဒီရောက်လာခဲ့တာပဲ …” ကောင်းရှင်းရန်က ခါးသက်စွာ ပြုံးလျက် “ ကျွန်မရဲ့ မျက်နှာက ဆိုးဆိုးရွားရွား အကျည်းတန်လာရုံတင် မကဘူး .. အသားအရေကလည်း သေခါနီး သစ်ခေါက်ပင်စည်လိုမျိုး ရွတ်တွလာတယ် …”
“ ကျွန်မရဲ့ အခု ပုံစံက လူသေ အလောင်းခြောက်အတိုင်းပဲ ….”
“ ပြီးတော့ ဒါတွေ အကုန်လုံးက အချိန်တိုလေး အတွင်းမှာ ဖြစ်လာခဲ့တာ ….”
“ ကျွန်မမှာ ထူးဆန်းတဲ့ရောဂါ ရှိနေတာလား … ဒါမှမဟုတ် တစ်ခြား တစ်ခုခု ဖြစ်နေတာလား ဆိုတာတောင် မသိတော့ဘူး ….”
“ တစ်ခြားသူတွေ လှောင်ရယ်ကြမှာကို ကာကွယ်ဖို့အတွက် ကျွန်မရဲ့ မျက်နှာကို နေကာမျက်မှန်နှင့် မာ့စ်တပ်ပြီး ဖုံးကွယ်ထားဖို့ပဲ တတ်နိုင်တယ် …”
“ ကျွန်မရဲ့ အသံကလွဲရင် မျက်နှာနဲ့ အသားအရေက ကျွန်မကိုယ်တိုင်တောင် မမှတ်မိနိုင်တော့လောက်တဲ့အထိ ပြောင်းလဲသွားခဲ့တာပဲ ….”
ကောင်းရှင်းရန်က သူမ၏ အခြေအနေကို ရှင်းပြပြီးသည့်တိုင် ချန်ယွီ့၏ အမူအရာမှာ အနည်းငယ်မျှပင် အံ့အားသင့်သွားခြင်း မရှိပါဘဲ နဂိုအတိုင်း တည်ငြိမ်နေသည်။
“ ဒီလိုမျိုး ဖြစ်ပြီးတော့ ကျွန်မ အထောက်အထားအတုနဲ့ ဆေးရုံတော်တော်များများကို သွားပြီး စစ်ဆေးကြည့်ခဲ့သေးတယ် …”
“ ရလဒ်တွေ အကုန်လုံးက အတူတူတွေချည်းပဲ … ဘာရလဒ်မှ မရှိဘူး …” ကောင်းရှင်းရန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်ပြီး “ ဆရာဝန်ပြောတာတော့ ကျွန်မက ကုဖို့ ခက်ခဲတဲ့ ရောဂါ တစ်ခုခု ကူးစက်ခံခဲ့ရတယ်ဆိုပဲ …”
“ ဘယ်လိုရှုပ်ထွေးတဲ့ရောဂါဆိုတာလဲတော့ သူတို့ကိုယ်တိုင်တောင် သေချာ မပြောပြနိုင်ကြဘူး ….”
“ ဆေးရုံတိုင်းကတော့ ကျွန်မကို ပိုပြီး နက်နက်ရှိုင်းရှိုင်း စစ်ဆေးနိုင်ဖို့အတွက် ဆေးရုံတက်စေချင်ကြတယ် ….”
“ နိုင်ငံခြားက နာမည်ကြီး ဒေါက်တာတစ်ချို့ကို ဈေးကြီးကြီးပေးပြီး ငှားခဲ့တာတောင် ကျွန်မရဲ့ အခြေအနေကို အဖြေမရှာနိုင်ကြဘူး ….”
“ ဒေါက်တာချန် …” ကောင်းရှင်းရန်က စိတ်ဓာတ်ကျနေသည့် အသံဖြင့် “ ရှင်က ကျွန်မ မာ့စ်မချွတ်ခင်ကတည်းကရင် ကျွန်မရဲ့ မျက်နှာနဲ့ အသားအရည်မှာ ပြဿနာတစ်ချို့ ရှိနေတယ်ဆိုပြီး ပြောနိုင်ခဲ့တယ် …”
“ ဒီပြဿနာ ဘယ်ကရောက်လာလဲဆိုတာ ရှင်သိမှာ ကျိန်းသေတယ် မှန်တယ်မလား ….”
“ ဒါပေါ့ … “ ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ ခင်များရဲ့ အခြေအနေက ရိုးရှင်းတယ် … ဒါပေမယ့်လည်း မရိုးရှင်းပြန်ဘူး …”
“ တကယ်လို့ ဇစ်မြစ်ကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျုပ်ခင်များကို ကုသပေးလိုက်ရင်တောင် လအနည်းငယ်လောက်ပဲ အကျိုးသက်ရောက်မှု ရှိလိမ့်မယ် …”
“ မဟုတ်လည်း အဲ့ထက်တောင် တိုရင် တိုလိမ့်ဦးမယ် ….”
“ မျက်နှာနဲ့ အသားအရေကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးလိုက်တာက လက္ခာဏာကို ကုသပေးနိုင်ပေမယ့် ဇစ်မြစ်ကိုတော့ မဖြေရှင်းပေးနိုင်ဘူး … အဲ့တာဆိုရင် အချိန်ဘယ်လောက်မှ မကြာဘဲ ဒါမျိုး နောက်တစ်ကြိမ် ပြန်ထပ်ဖြစ်မှာပဲ …..”
ချန်ယွီ့၏ ကုသမှုက ရောဂါလက္ခဏာကိုပဲ ကုသပေးနိုင်သည် ဆိုသည့် စကားကြားတော့ ချန်ယွီ့အပေါ် ဥဿုံ ယုံကြည်ထားသည့် ဝမ်တဲ့ချွမ်မှာ အံ့အားတကြီး ဖြစ်သွားခဲ့၏။
“ ဒေါက်တာချန် … ရှင်းရန်ရဲ့ မျက်နှာနဲ့ အသားအရေက ဘယ်လိုဖြစ်ရတာလဲတဲ့ ….”
“ မင်းလည်း ဘာမှ မလုပ်ပေးနိုင်ဘူးလား ….”
ဝမ်တဲ့ချွမ်က နားမလည်နိုင်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“ ဧကန္တ … ထူးခြားတဲ့ အရေပြား ရောဂါ တစ်ခုခုလား … ဒါမှမဟုတ် မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပြဿနာများလား …”
တိုင်းရင်းဆေးဖက်ဝင်နယ်ပယ်တွင် ကျင်လည်နေသည့် ဝမ်တဲ့ချွမ်က ဆရာဝန်တစ်ဦး မဟုတ်သော်လည်း အခြေခံ ဆေးပညာ အရည်အချင်းလောက်တော့ တတ်ကျွမ်းထားသည်။
“ ဒီဧည့်သည်ရဲ့ အခြေအနေက သူ့မျိုးရိုးဗီဇနဲ့ ဘာမှမဆိုင်ဘူး …” ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်ပြီး “ အဲ့တာနဲ့ ဆန့်ကျင်ဘက် သူ့အခြေအနေက ခင်များနဲ့တောင် တစ်မျိုးတစ်ဖုံ ဆင်တူနေသေးတယ် ….”
“ ငါနဲ့တူတယ် ဟုတ်လား ….”
“ ဒေါက်တာချန် .. ငါ ပိုပြီးတောင် နားရှုပ်သွားပြီ ….” ဝမ်တဲ့ချွမ်က သူ့ကိုယ်သူ ညွှန်ပြရင်း အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။
“ ကျုပ် စကားလုံး ပြောင်းပြီး ပြောလိုက်ရင် ခင်များ နားမရှုပ်လောက်တော့ဘူး ….”
ချန်ယွီ့က ကိုယ်နေဟန်ထားကို ပြောင်းရင်း လက်ဖက်ရည်တစ်ကျိုက် မော့လိုက်၏။
“ ခင်များတို့နှစ်ယောက်ရဲ့ ဝါသနာတွေက တစ်ထေရာတည်းပဲ ….”
“ ဝါသနာတွေ …..”
ဝမ်တဲ့ချွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။ သူ့မျက်ဝန်းထဲရှိ ရှော့ခ်ရနေမှုကို မည်သို့မျှ ကွယ်ဝှက် မရနိုင်ခဲ့ပေ။
“ မဟုတ်မှလွဲရော ရှင်းရန်ကလည်း အဲ့လို ပစ္စည်းတွေ စုဆောင်းရတာကြိုက်တဲ့ အကျင့်ရှိနေတာတော့ မဟုတ်ဘူးမလား ….”
စာစဉ် (၃၁) ပြီး၏။
( 17 May 2026, 2:07 PM )