နည်းလမ်းတစ်ခုကို ပေးပြီးပြီ
Vol. 31 Ch. 301
“ မင်းအဖေရဲ့ အခြေအနေအကြောင်းတော့ ကွန်းမန့်ထဲက တစ်စုံတစ်ယောက် ပြောစကားကြောင့် မင်းလည်း နားလည်သဘောပေါက်ထား ပြီးလောက်ပြီ … "
“ ဒီငွေတွေက တရားမဝင်လမ်းကြောင်းကနေ စီးဝင်လာတဲ့ ငွေတွေ … မင်းအဖေလည်း မပိုင်သလို မင်းလည်း မပိုင်ဘူး … မကြာခင် ပြန်သိမ်းခံရမှာပဲ ….”
“ အခု အာဏာပိုင်တွေက မင်းအိမ်ကို လာတဲ့လမ်းမှာ ရောက်နေကြပြီ ….”
“ သူတို့တွေ ဆယ်မိနစ် အတွင်း မင်းအိမ်ကို ရောက်လာကြတော့မှာ …. “ ချန်ယွီ့က ဖုန်းထဲရှိ နာရီကို တစ်ချက် စစ်ဆေးပြီးနောက် ဖြည့်စွက် ပြောလိုက်၏။
“ မင်းအဖေက ဘာမှ မပြင်ဆင်လိုက်ရဘဲ သူတို့ဆီ လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခံလိုက်ရမယ် …”
“ တစ်ခုခု မှားယွင်းသွားတာမျိုး မရှိဘူးဆိုရင် သူတော့ သေဒဏ်ပေးခံရမှာ ကျိန်းသေတယ် ….”
ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်တိုင်း [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ နှလုံးသားမှာ ပိုပြီး တင်းကြပ်လာရသည်။
သေဒဏ်ပေးခံရမည် ဆိုသည့် စကားကိုကြားတော့ သူမရဲ့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားခဲ့ပြီး သတိလစ်လုမတတ် ခံစားလိုက်ရ၏။
သို့သော် အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခြင်း မရှိပါက ဆိုတော့ …. ကြည့်ရသည်မှာ အခြေအနေကို ကယ်တင်ဖို့ရာ အခွင့်အရေးတစ်ခုတော့ ရှိနေသေးဟန်ပင်။
“ ဒေါက်တာချန် … နင် ငါ့အဖေကို ကယ်တင်ပေးပါလားဟင် ….”
“ အခွင့်အရေး တစ်ခုတော့ ရှိတယ် ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ဘယ်လိုမျိုးလဲဆိုတာကတော့ … ဥပဒေရေးရာကို ပိုပြီး ကျွမ်းကျင်တဲ့ ရှေ့နေလော့က ဒီမေးခွန်းကို ဖြေကြားပေးလိမ့်မယ် …”
ချန်ယွီ့ သူ့နာမည် ခေါ်လာသံကြားတော့ ရှေ့နေလော့က အပြုံးမျက်နှာနှင့် အီမိုဂျီတစ်ခုကို ပေးပို့လာခဲ့သည်။
ထို့နောက် သူ စတင် စာရိုက်တော့၏။
မကြာမီ အထူးကွန်းမန့် အများအပြားက စခရင်ထက်တွင် ထွက်ပေါ်လာသည်။
အကယ်၍ တရားခံ ရာဇဝတ်သားက အလွဲသုံးစားလုပ်ထားသည့် ရန်ပုံငွေများကို မိမိ၏ သဘောဆန္ဒအလျောက် ပြန်ပေးပြီး တစ်ချိန်တည်းမှာပဲ ချီးမွမ်းလောက်သည့် တစ်စုံတစ်ရာကို ပြုလုပ်ခဲ့မည်ဆိုပါက တရားရုံး၏ ပြစ်ဒဏ်ကို အတိုင်းအတာတစ်ခုလောက်အထိ လျှော့ချပေးဖို့ တောင်းဆိုနိုင်သည်။
ရှေ့နေလော့က အရင်ဦးစွာ ဥပဒေ ကိုးကားများ ပေးပို့လာပြီး ၊ ထို့နောက်တွင်တော့ ဖြည့်စွက်ချက်များ ပေးပို့လာခဲ့သည်။
ချီးမွမ်းလောက်သည့် တစ်စုံတစ်ရာ ဆိုသည်က သူနှင့် အတူ ပါဝင်သည့် အပေါင်းအပါများအား ဖော်ထုတ်ခြင်းကို ဆိုလိုသည်။
မဟုတ်လည်း အာဏာပိုင်များ ရှာတွေ့ခြင်း မရှိသေးသည့် ရာဇဝတ်မှုများကို သတင်းပေး၍လည်းရသည်။
သတင်းပေးသည့် ရာဇဝတ်မှုက ကြီးမားလေလေ၊ ပို၍ သက်ညှာခံရလေ ဖြစ်၏။
ရှေ့နေလော့က ကွန်းမန့်ထဲတွင် ဝက်ဘ်ဆိုဒ်တစ်ချို့ကိုပါ တွဲထားပေးလိုက်သေးသည်။
၎င်းတို့ အကုန်လုံးက ယခင် တရားစီရင်မှု မှတ်တမ်းဟောင်းများ ဖြစ်၏။
ထိုသူများက ငွေကို တက်တက်ကြွကြွနှင့် ပြန်လည်ပေးအပ်ခဲ့ပြီး ချီးမွမ်းလောက်စရာ အမှုကို ပြုခဲ့သည့်အတွက် ထောင်ဒဏ်တစ်ကျွန်းပဲ ကျခြင်း ၊ ဒါမှမဟုတ် သေဒဏ်ပေးခံရခြင်းကို အချိန် အတိုင်းအတာ တစ်ခုအထိ ရွှေ့ဆိုင်းခြင်းတို့ ခံခဲ့ရ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ အသက်များကိုတော့ ကယ်တင်နိုင်ခဲ့ကြလေသည်။
“ လူနာ … မင်းအခု မြင်ပြီမလား … တကယ်လို့ မင်းအဖေကို အသက်ရှင်စေချင်တယ်ဆိုရင် သူ့ဘက်က ငွေတွေ အကုန်လုံးကို စိတ်လိုလက်ရ ပြန်ပေးဖို့ လိုတယ် …”
“ မင်းအဖေ ဒီနှစ်တွေ တစ်လျှောက် အလွဲသုံးစားလုပ်ခဲ့တဲ့ ရန်ပုံငွေ ပမာဏက သန်းခြောက်ရာကျော်တယ် …”
“ တကယ်လို့ စစ်ဆေးတဲ့ အဆင့်မှာပဲ ငွေတွေကို ပြန်အပ်ခဲ့မယ်ဆိုရင် သေဒဏ်ဆိုင်းငံခံထားရဖို့ အခွင့်အရေး တော်တော်များတယ် ….”
ရှေ့နေလော့၏ ကွန်းမန့်များအပြင် ချန်ယွီ့ကလည်း ထပ်ပေါင်း ဖြည့်စွက် ပြောလိုက်၏။
“ သန်း ၆၀၀ ဟုတ်လား ….”
“ ငါတို့အိမ်နဲ့ ပိုင်ဆိုင်သမျှ အကုန်ထုတ်ရောင်းရင်တောင် အဲ့လောက် ငွေတွေ အများကြီး ပြန်ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ …”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]မှာ ထိုင်ခုံသို့ ပုံလျက်သား လဲကျသွားခဲ့ပြီး တစ်ကိုယ်လုံး အားအင်ချိနဲ့သွားခဲ့သည်။
သန်း ၆၀၀ ဆိုသည်မှာ သူမတို့ မိသားစု တစ်သက်လုံးရှာ၍ မရနိုင်သည့် ပမာဏ ဖြစ်၏။
သန်း ၆၀၀ မပြောနှင့်။ သန်း ၆၀ ပင်လျှင် ရအောင် ရှာနိုင်မှာ မဟုတ်ချေ။
“ ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ … သူ့ရဲ့ မကောင်းသူပယ်ပြီး ကောင်းသူကယ်တဲ့ နည်းလမ်းကတောင် သူများတွေနဲ့ကို ခြားတယ် ….”
“ နည်းလမ်းတစ်ခုတော့ ပေးပါရဲ့ … ဒါပေမယ့် မဖြစ်နိုင်တဲ့ နည်းလမ်းပဲ …”
“ ဒေါက်တာချန်က သူမကို ကူညီမယ်ပြောတုန်းက ငါ unfollow လုပ်ချင်စိတ်တောင် ပေါက်သွားသေးတယ် … ကံကောင်းတာ ငါ မလုပ်ခဲ့မိလို့ပေါ့ ဟူး …..”
“ မင်းက ကြည့်ရှုသူ အသစ်ဆိုတာ သေချာတယ် ရောင်းရင်း … ဒေါက်တာချန်ရဲ့ အကျင့်စရိုက်ကို မင်း သေချာ နားမလည်သေးဘူးပဲ …”
“ ဒေါက်တာချန်က ရာဇဝတ်မှု ဆန့်ကျင်တဲ့ နေရာမှာ နာမည်ကြီးပဲလေ … ရာဇဝတ်သားတွေကို ကူညီလိုက်ရင် ရာဇဝင်ရိုင်းသွားမှာပေါ့ ….”
“ မင်းမှာ မွေးစားအဖေ ရှိတယ်မဟုတ်ဘူးလား … မြန်မြန်သူ့ဆီကို ဆက်သွယ်လိုက်တော့ …”
“ သူ့အဖေက တကယ့် မွေးစားအဖေပါဆိုနေ သကြားဖေဖေမှ မဟုတ်ဘဲကို …”
အနှီ အစွန်းရောက် အမျိုးသမီးဝါဒီများကြောင့် ဒုက္ခတွေ့ခဲ့ကြရသည့် ကြည့်ရှုသူများက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကို ထေ့ငေါ့လှောင်ပြောင်နေကြသည်။
သူမ မိသားစု၏ ရာဇဝတ်မှုက အင်တာနက်ပေါ်တွင် သာမန်လျှံကာ တောင်းပန်ရုံမျှနှင့် ပြီးသွားမည့် အမှု မဟုတ်ပေ။
တောင်းပန်သည့် ဆောင်းပါးတစ်ခု ရေးရုံမျှနှင့်လည်း ပြီးသွားမည့် ကိစ္စတစ်ခု မဟုတ်ပေ။
သူတို့ ပြုလုပ်ခဲ့သည်က တရားမဝင်သည့် အမှု။ ပြီးတော့ အပြင်းထန်ဆုံး ပြစ်မှု။ ကျိန်းသေပေါက်ကို သေဒဏ်ပေးခံရမည့် ရာဇဝတ်မှုပင်။
စုံစမ်းစစ်ဆေးနေစရာ အကြောင်းမရှိတော့ပေ။ ဆယ်နှစ်တာ မသင်မနေရ ပညာရေးကို သင်ယူခဲ့သည့်လူတိုင်း [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ မိသားစု နောက်ခံက အင်အားကြီးမားကြောင်း ခန့်မှန်း၍ရသည်။
မဟုတ်ပါက သတိမပြုမိပါဘဲ ရန်ပုံငွေများကို အလွဲသုံးစားလုပ်နိုင်မှာ မဟုတ်ချေ။
ချန်ယွီ့က သူမ၏ အဖေကို အကြီးစား ကော်ပိုရေးရှင်း တစ်ခု၏ ခေါင်းဆောင် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့၏။
ယင်းက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ဘဝသည် သူမအဖေ အဆင့်ကျသွားပြီးနောက် သူမက နိုင်ငံခြား၌ ပုန်းအောင်းနေလျှင်ပင် သက်သာလိမ့်မည် မဟုတ်ကြောင်းကို လူတိုင်းထံသို့ ဖြေပေးလိုက်သည်နှင့် ညီသည်။
အဆိုပါ နိုင်ငံခြား တိုင်းပြည်များက ပရဟိတ လုပ်နေသူများ မဟုတ်ကြပေ။ အထူးသဖြင့် အသုံးမဝင်သည့် လူသားအရင်းအမြစ်များကို ဖြစ်၏။
မွဲနေသည့် လူတစ်ယောက်ကို နိုင်ငံထဲ လက်ခံပေးမှာ မဟုတ်ကြချေ။
ယခင်တုန်းကတော့ သူမက မိသားစု၏ ကာကွယ်ပေးမှုအောက်တွင် နိုင်ငံခြားသို့ ထွက်ပြေးပြီး အများမြင်ကွင်းထဲက ရှောင်တိမ်းနိုင်ခဲ့၏။
အကယ်၍ သူမ မိသားစုက ပြိုလဲပျက်စီးသွားခဲ့လျှင် နိုင်ငံခြား၌ ရေရှည် နေထိုင်နိုင်မှာ မဟုတ်ချေ။
နိုင်ငံပြင်ပသို့ မောင်းထုတ်ခံလိုက်ရခြင်း ၊ ဒါမှမဟုတ် မိမိ၏ အမြီးကို ကုပ်၍ ပြန်ထွက်ပြေးလာရုံသာ ရှိ၏။
“ ဒေါက်တာချန် … ငါ့ကို ကယ်ပါဦး … ငါ့ကို နည်းလမ်းတစ်ခုလောက် စဉ်းစားပေးစမ်းပါဦး … ငါတောင်းပန်ပါတယ် ….”
ယခုလို အခြေအနေ၌ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် အခြား ရွေးချယ်စရာ မရှိတော့ပါဘဲ သူမ၏ မာန်ကို နိမ့်ချလိုက်ရတော့သည်။
ထိုင်ခုံပေါ်က ထပြီး ဒူးထောက်လျက် မျက်ရည်လည်ရွဲနှင့် ချန်ယွီ့ကို ခခယယ တောင်းပန်နေတော့၏။
ချန်ယွီ့က တကယ်လည်း သူမကို ဖြေရှင်းနည်းလမ်း တစ်ခု ပေးခဲ့၏။
သို့ပေမယ့်လည်း သူမတို့ ပိုင်ဆိုင်သမျှ အရာအားလုံး ထုတ်ရောင်းလျှင်ပင် ထိုမျှ ငွေအမြောက်အများ ရရှိနိုင်မှာ မဟုတ်ချေ။
သူမတို့၏ အိမ်၊ သူမအဖေ စုဆောင်းထားသည့် ရှေးဟောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ ၊ လက်ဇရီ အသုံးအဆောင်များ … စသည့် အရာအားလုံး စုပေါင်းလိုက်လျှင်ပင် ၁၀ သန်း ပမာဏကို ရောက်ရှိနိုင်မှာ မဟုတ်ချေ။
“ လူနာ … မင်း အခု အဲ့တာ ဘာတွေ လုပ်နေတာလဲ …” ချန်ယွီ့ ပြုံးလိုက်ပြီး “ အမြန်ထပါ ….”
“ ကြည့်ရှုသူတွေက မင်းကို နည်းလမ်းပေးထားပြီးပြီ …”
“ သူတို့ ဘာများ ပေးနေကြလို့ ….”
“ လှောင်ပြောင် ထေ့ငေါ့နေကြတဲ့ ကွန်းမန့်တွေကလွဲရင် တစ်ခြား အသုံးဝင်တဲ့ ကွန်းမန့်တွေလည်း မမြင်မိပါဘူး …”
“ မဟုတ်တာ … အသုံးဝင်တဲ့ အကြံဉာဏ်ကြီး အများကြီး ရှိပါတယ် ….”
ချန်ယွီ့က လက်ညှိုးကို ဘယ်ညာယမ်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ကွေးတက်သွားခဲ့၏။ “ ကြည့်ရှုသူတွေက မင်းရဲ့ မွေးစားအဖေဆီ ဆက်သွယ်ပြီး နည်းလမ်းရှာဖို့ အကြံပေးတယ်လေ …”
“ သူက မင်းမိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ် … ပြီးတော့ စီးပွားရေးသမား တစ်ယောက် ….”
“ သန်း ၆၀၀ ဆိုတာ ရေပုံးထဲက ရေစက်သာသာတော့ မဟုတ်ပေမယ့် သူ့မှာ အဲ့လောက် ပိုက်ဆံ ပမာဏတော့ ရှိပါတယ် …”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ခေါင်းကို ဆက်တိုက် ခါယမ်း၍ ငြင်းဆန်လိုက်သည်။
သူမ အန်ကယ်ကျောက်ကို လုံးဝ လုံးဝ သွားရှာ၍ မဖြစ်ပေ။ အကယ်၍ သူမကသာ အန်ကယ်ကျောက်ကို အကူအညီတောင်းလိုက်မည်ဆိုပါက သူမအဖေ ကမူးကရှူး ဒေါသထွက်သွားနိုင်သည်။
“ မင်း အဲ့အတိုင်း ဆက်လုပ်နေမယ်ဆိုရင်တော့ …” ချန်ယွီ့ ကူကယ်ရာမဲ့ဟန်ဖြင့် လက်ကို ဖြန့်ကားပြလိုက်ပြီး “ ငါလည်း တခြား မတတ်နိုင်တော့ဘူး ….”
“ မင်းရဲ့ မွေးစားအဖေက မင်းတို့ ပတ်ဝန်းကျင်မှာ စီးပွားရေး လုပ်ငန်းရှင် အကြီးစား … သန်း ၆၀၀ ဆိုတာ သူ့အတွက်တော့ သိပ်ကြီးမားလွန်းတဲ့ ပမာဏ မဟုတ်ဘူး …”
“ မင်း အကူအညီ တောင်းနိုင်မယ့်လူက သူ တစ်ယောက်တည်း ရှိတယ် ….”
“ သူကလွဲရင် ကျန်တဲ့ မင်းရဲ့ သူငယ်ချင်းတွေ ၊ ဆွေမျိုးတွေဆိုတာ ချမ်းသာကြလို့လား …. ဟုတ်တယ်ဟုတ် ….”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် နှုတ်ခမ်းကို ဖိကိုက်လိုက်၏။
သူမ အဖေ အဘယ်ကြောင့် ဒေါသထွက်သွားရလဲဆိုသည့် မြင်ကွင်းကို သူမ ယခုတိုင် မြင်ယောင်နေမိသေး၏။
အန်ကယ်ကျောက်က ထိုသို့သော လူစားမျိုး ဖြစ်မှာကို စိုးရိမ်သဖြင့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် အန်ကယ်ကျောက်နှင့် ထိတွေ့ဆက်ဆံရမှာကို တဖြည်းဖြည်းချင်း ရှောင်ကြဉ်လာသည်။
စကားပြောခန်းထဲတွင်တော့ မေးခွန်း သင်္ကေတ အများအပြား ပေါ်ထွက်လာခဲ့သည်။
ဒီ အခြေအနေအထိ ရောက်နေပြီကို ဒင်းက ဘာတွေ တုံ့ဆိုင်းနေသေးတာ …
ကြည့်ရှုသူများ များပြားလှသည့် မေးခွန်းသင်္ကေတ အမြောက်အများ ပို့ပေးလာသည်က [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကို စာနာသနားကြ၍ မဟုတ်။
သူမလို လူစားမျိုးကို သူတို့တွေ စာနာ သနားမိစရာ အကြောင်းလည်း မရှိချေ။
သူမက ဘာကြောင့်မလို့ ချန်ယွီ့ အကြံပြုနေသည်ကို ငြင်းဆန်နေရသလဲ ဆိုတာကိုပဲ နားမလည်နိုင် ဖြစ်နေကြရခြင်း ဖြစ်၏။
အထူးသဖြင့် သူမမှာ စောနတုန်းက စိုးရိမ်လွန်ပြီး ငိုယို၍ ချန်ယွီ့ကိုပင် ခခယယ တောင်းပန်နေခဲ့သေးသည်။
“ ဆရာဝန်တွေက လူနာရဲ့ အခြေအနေကို လိုက်ပြီး ကိုက်ညီမယ့် ဆေးနည်းကိုပဲ ပေးနိုင်တယ် …”
“ လူနာက ဆရာဝန်ပြောတဲ့ စကားကို လိုက်နာမလား ၊ မလိုက်နာဘူးလားဆိုတာကတော့ ….. လူနာရဲ့ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်တယ် ….”
“ တကယ်လို့ မင်းက ငါနဲ့ ကြည့်ရှုသူတွေ ပေးတဲ့ အကြံဉာဏ်က လက်ခံနိုင်စရာ မရှိဘူးဆိုရင် လူတိုင်းကလည်း မင်းရဲ့ ရွေးချယ်မှုကို လေးစားပေးကြမယ်လို့ ယုံကြည်တယ် …”
“ ကဲ … နောက်လည်း ကျနေပြီ … ဆိုတော့ နောက်မှ တွေ့ကြတာပေါ့ …”
ချန်ယွီ့က ခေါ်ဆိုမှုကို အဆုံးသတ်တော့မှာ မြင်တော့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် ကမန်းကတမ်း လှမ်းပြောလာခဲ့၏။
“ မလုပ်နဲ့ … မချလိုက်နဲ့ဦး … ငါ … ငါ အန်ကယ်ကျောက်ဆီ ဖုန်းဆက်ကြည့်လိုက်မယ် …”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် သူမ၏ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူ၍ သတ္တိမွေးလိုက်၏။
ပြီးနောက် … ခေါ်ဆိုမည်ဆိုသည့် ခလုတ်ကို ဖိနှိပ်လိုက်လေသည်။