နာမည်ကြီး အမျိုးသမီး ကြယ်ပွင့်ဟောင်း
Vol. 31 Ch. 309
“ မကျန်တော့ဘူး … ဘာမှကို မကျန်တော့ဘူး ….”
“ အီးဟီးဟီး အဟင့် ရွှတ်ရွှတ် … ဘာဆိုဘာမှကို မကျန်တော့ဘူး ….”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် ကြမ်းပြင်တွင် ထိုင်နေရင်း ရယ်လိုက်ငိုလိုက် ဖြစ်နေသည်။
“ ဟာ … သူ ရူးများသွားပြီလား မသိဘူးနော် ဒေါက်တာချန်ရေ …”
“ ငါကတော့ သူ လူသနားတာ ခံချင်လို့ ရူးချင်ယောင်ဆောင်နေတယ် ထင်တာပဲ ….”
“ ရှေ့မျိုးဆက်တွေရဲ့ ပြဿနာက သူနဲ့ ဘာမှမဆိုင်ဘူးဆိုပေမယ့် သူ အရင်တုန်းက လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ပြန်တွေးမိတော့ နည်းတောင်နည်းသေးတယ်လို့ပဲ ပြောချင်တယ် ….”
“ သူ့ကို သနားတဲ့ကောင်ကတော့ ဒုက္ခရောက်ရတာကို သာယာတဲ့ကောင်စားမျိုးဆိုတာ သေချာတယ် …”
“ အခုလက်ရှိ သူ့ပုံစံကို ကြည့်ပြီး မသနားကြနဲ့ … သူ လူတွေကို အနိုင်ကျင့်တုန်းက မောက်မာတဲ့ သူ့မျက်နှာကို သတိရကြ ….”
ကြမ်းပြင်တွင် ငိုလိုက်ရယ်လိုက်နှင့် ရူးသွပ်သွားဟန်တူသော [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကို ကြည့်ရင်း အင်မတန် နည်းပါးသည့် ကြည့်ရှုသူ တစ်ချို့မျှလောက်သာ သူမအပေါ် သနားမိကြပြီး ၉၀ ရာခိုင်နှုန်းကျော်ကတော့ ယင်းသည် မိမိလုပ်ရပ်၏ အကျိုးဆက်သာဖြစ်ကြောင်း ပြောဆိုနေကြ၏။ သနားဖို့ မလိုချေ။
အကယ်၍ သူမမိသားစု၏ ပံ့ပိုးပေးမှုကြောင့်သာ မဟုတ်ပါက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် သူမ၏ အတန်းဖော်များကို အနိုင်ကျင့်ရဲခဲ့မှာ မဟုတ်သလို အင်တာနက်ပေါ်တွင်လည်း သက်သေအထောက်အထား မရှိပါဘဲနဲ့ မည်သို့ သောင်းကြမ်းနိုင်လိမ့်မည်နည်း။
သူမက အမျိုးသားနဲ့ အမျိုးသမီးကြားတွင် သွေးထိုးလှုံ့ဆော်သည့် စကားများကို ပြောဆိုခဲ့ပြီး အခြားသူများကို စိတ်ရှိအတိုင်း စွပ်စွဲခဲ့၏။
အရာအားလုံးက သူမလုပ်ရပ်၏ အကျိုးဆက်များသာ။
ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ … ကြည့်ရှုသူများက အချိန်ကုန်ခံပြီး အာရုံစိုက်မနေကြတော့ချေ။
လက်ရှိမျှနှင့်ကို အတော်လေး ကျေနပ်နေလေပြီ။
မကောင်းသူများက မကောင်းမှုနဲ့ တန်သည့် အကျိုးဆက်ကို ခံစားလိုက်ရတာမြင်တော့ သူတို့တွေ ယနေ့ညတော့ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်သွားခဲ့လေပြီ။
“ ဘဝရဲ့ ပျော်ရွှင်ဝမ်းနည်းမှုမျိုးစုံကို တွေ့ကြုံခံစားပြီးတဲ့နောက်မှာ မင်းရဲ့ စိတ်ကစဉ့်ကလျား ရောဂါကလည်း သက်သာသလောက် ရှိပြီ …” ချန်ယွီ့က အမှုမထားသည့် လေသံဖြင့် ဆိုလိုက်ပြီး “ နောင်ကျ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ….”
ထိုသို့ ပြောဆိုပြီးနောက် ချန်ယွီ့က စခရင်သို့ ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။
“ နောက်ကျနေပြီ … အခုကြည့်နေတဲ့လူတွေလည်း စောစောနားကြတော့ … ဘိုင့်ဘိုင် …”
ချန်ယွီ့ လိုင်းဆင်းသွားသည့်နောက်မှာပင် စကားပြောခန်းထဲရှိ ဆူပွက်နေသည့် လေထုအခြေအနေက အဆုံးမသတ်သွားသေးပေ။
သန်းနှင့်ချီသည့် ကြည့်ရှုသူများအနက် သေးငယ်သည့် တစ်စိတ်တစ်ပိုင်းလောက်က ကျန်ရစ်ခဲ့ကြပြီး အများစုက စကားပြောခန်းထဲတွင် ကွန်းမန့်များ ဆက်လက်ရေးပို့နေကြလေသည်။
“ ညီကိုတို့ … အဲ့ဒီ သံလက်သီးမနဲ့အတူ ပါလာတဲ့ အမျိုးသမီးဝါဒီသမားတွေ ပျောက်သွားကြတာကို သတိထားမိလား ….”
ဤကွန်းမန့်ကို မြင်တော့ များပြားလှသည့် ကြည့်ရှုသူများမှာ ရှော့ခ်ရသွားခဲ့ကြသည်။
တကယ်လည်း ထိုသို့ ဖြစ်ဟန်ပင်။
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ပြဿနာ ရှာရန်အတွက် လက်ပါးစေတစ်သိုက်ကို ခေါ်လာခဲ့သည်။
ယခု ၎င်းတို့အားလုံး လေထဲ၌ ပျောက်ချင်းမလှ ပျောက်ဆုံးနေကြ၏။
“ အဲ့ဟာမတစ်သိုက်က လေယူရာယိမ်းတဲ့ ဝါးပင်တွေဆိုတဲ့ စကားအဓိပ္ပာယ်ကို အပြည့်အဝ ဖော်ဆောင်နေတော့တာပဲ ….”
“ မပြောနဲ့ … ဟျောင့်တွေ မပြောကြနဲ့ … သူတို့ပြောသမျှ အကုန်မှန်တယ် ….”
“ ဟက် …. ဝီးမန်းတွေ …”
“ ဒေါက်တာချန်နဲ့ ဖိုက်ဖို့ လာခဲ့တာ တကယ်လို့ အရက်ဖြူ တစ်လီတာလောက်မှ သောက်မထားရင် တော်ရုံသတ္တိနဲ့တော့ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ဘူး ….”
ယခုမတိုင်မီက … သံလက်သီးမ မည်သူ့ကို စွပ်စွဲယိုးစွပ်စေကာမူ၊ သူမ၏ ပရိသတ်များက ကျိန်းသေပေါက်ကို သံယောင်လိုက်ပေးလိုက်ကြလိမ့်မည်။
ယခုအချိန်တွင်တော့ ချန်ယွီ့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့် ကြည့်ရှုသူများက များပြားလှသည့် စော်ကားရန်စသည့် ကွန်းမန့်များကို အပြိုင်အဆိုင် ပေးပို့နေကြသည်။
သို့တိုင် မည်သူကမျှ ရှေ့ထွက်ပြီး ငြင်းဆန်လာခြင်း မပြုကြပေ။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သာယာသည့် နောက်တစ်နေ့ နံနက်ခင်းက ရောက်ရှိလို့ လာခဲ့၏။
ချန်ယွီ့ အိပ်ရာနိုးလာတော့ ထုံးစံအတိုင်း မျက်နှာသစ်၊ သွားတိုက်သည်။
ရေချိုးနေစဉ်မှာပဲ ချန်ယွီ့၏ နှလုံးသားတစ်ခုလုံး တုန်ခါလာပြီး သူ့လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်၏။
ဆန်းကြယ်သည့် အပြုံးတစ်ခုက ချန်ယွီ့၏ ခန့်ညားလှသည့် မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
ရေမိုးချိုးပြီးနောက် ချန်ယွီ့ အောက်ထပ်သို့ ဆင်းလာခဲ့ကာ ဖုန်းထုတ်လိုက်သည်။ ပြီးနောက် လီချန်ကျွင်း၏ နံပါတ်ကို နှိပ်လိုက်၏။
“ ဒေါက်တာချန် … မင်း ငါ့ကို လာနောက်နေတာလား … မင်း မင်း … ဘယ်လိုဖြစ်ပြီး အဲ့လို ကိစ္စမျိုးနဲ့ ကြုံတွေ့ရတာလဲ …”
ဖုန်းတစ်ဖက်တွင်တော့ လီချန်ကျွင်းမှာ အံ့အားသင့်လွန်း၍ လက်ထဲရှိ စီးကရက်တိုပင် ဘောင်းဘီထက်သို့ ပြုတ်ကျသွားခဲ့သည်။
“ ကျွန်တော်ကရော ဘာကိစ္စ မကြုံနိုင်ရမှာ ….”
ချန်ယွီ့ ပြန်မေးလိုက်၏။
“ သူတို့ကို သတင်းပေးဖို့ ဒုက္ခပေးရတော့မယ် … ပြဿနာမရှိဘူး ဟုတ် …”
“ မရှိဘူး … အိုကေတယ် … ပြဿနာ လုံးဝ မရှိဘူး ….”
ချန်ယွီ့၏ ထူးဆန်းသည့် လုပ်ပုံကိုင်ပုံများအကြောင်း စဉ်းစားမိတော့ လီချန်ကျွင်းလည်း ရင်ထဲရှိ ရှုပ်ထွေးမှုများကို ဖိနှိပ်ထားရုံသာ တတ်နိုင်သည်။
အကယ်၍ ချန်ယွီ့ကသာ ပြောပြလိုပါက စကတည်းကရင် သဘာဝအလျောက် ပြောပြလာပြီး ဖြစ်၏။
ချန်ယွီ့ မပြောလိုသည်မှာ သိသာသည်။
အကယ်၍ သူ့ဘက်က ဆက်မေးနေမည်ဆိုလျှင်လည်း ဘာရလဒ်မျှ သိရမှာ မဟုတ်လောက်ချေ။
“ ကောင်းသောနံနက်ခင်းပါ ဒေါက်တာချန် ….”
မနက် ရှစ်နာရီထိုးတော့ ကျိုးခဲ့ရှင်းက သီချင်းတစ်ပုဒ်ကို နှုတ်ခမ်းကညည်းရင်း စိတ်ကျန်းမာရေးဆေးခန်းထဲသို့ ရောက်ရှိလာခဲ့သည်။
“ ကြိုဆိုပါတယ်ရှင့် ….”
ခေတ္တကြာပြီးနောက် ကျိုးခဲ့ရှင်း၏ နှုတ်ဆက်သည့်အသံက တံခါးဝမှ ထွက်ပေါ်လာသည်။
ချန်ယွီ့ ခေါင်းမော့ကြည့်လိုက်ရာ ညင်သာသည့် အပြုံးတစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။
ဝင်လာသည့် ဧည့်သည်တော်များက အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်၏။
အမျိုးသားက ချန်ယွီ့၏ ဖောက်သည်ဟောင်းကြီး ၊ ဟန်ကျိုးမြို့၏ အကြီးမားဆုံး တိုင်ရင်းဆေးဖက်ဝင် အပင်များ လက်ကားရောင်းပေးသူ ဝမ်တဲ့ချွမ်။
သူ့ဘေးတွင် လက်ဇရီ ပစ္စည်းအမျိုးမျိုးကို ဆင်မြန်းထားသည့် ခန္ဓာကိုယ် သွယ်လျကျစ်လျစ်သည့် အမျိုးသမီး တစ်ဦးက မတ်တပ်ရပ်နေသည်။
မသိနိုင်သည့် အကြောင်းအရင်းတစ်ချို့ကြောင့်၊ အမျိုးသမီး ဖြစ်သူက သူမကိုယ်သူမ တင်းကြပ်စွာ ဖုံးကွယ်နေသည်ဟု ခံစားနေရ၏။
သူမက ရှည်လျားသည့် ဘရန်းဒတ်ထရန့်ကုတ်ရှည်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်အကြီးစားနှင့် မာ့စ်လည်းတပ်ထားသေး၏။
ဝမ်တဲ့ချွမ်ကို ကြည့်ရင်း ချန်ယွီ့ ပြုံးလျက် “ မတွေ့ဖြစ်တာတောင် အတော်ကြာပြီ … ဘယ်လိုနေလဲ … အစစအရာရာ အဆင်ပြေရဲ့လား ….”
“ မေးပေးတဲ့အတွက် ကျေးဇူးပါပဲ ဒေါက်တာချန် … အကုန်လုံးကတော့ အဆင်ပြေပြေပါပဲ ….”
ဝမ်တဲ့ချွမ်က ခေါင်းညိတ်လိုက်ပြီး ချန်ယွီ့အနားသို့ လျှောက်လှမ်းလာခဲ့ကာ လက်ဆန့်တန်း၍ နှုတ်ဆက်လိုက်သည်။
“ ဒေါက်တာချန် … ငါမင်းကို မိတ်ဆက်ပေးရဦးမယ် … ငါ့ဘေးက အမျိုးသမီးက ငါ့ရဲ့ သူငယ်ချင်းကောင်း … ငါ့ရဲ့ စီးပွားဘက်ပါတနာ ….”
ထိုအချိန်၌ ကျိုးခဲ့ရှင်းသည် မိမိကိုယ်ကို တင်းကြပ်စွာ ဖုံးကွယ်ထားသည့် အမျိုးသမီးကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် “ ဒီကအစ်မ .. အရင်က ကျွန်မတို့တွေ တစ်နေရာရာမှာ တွေ့ဖူးကြသေးလား …”
“ ညီမစိတ်ထဲ ရင်းနှီးနေသလားလို့လေ …”
နေကာမျက်မှန်နှင့် အမျိုးသမီးက ခါးသက်စွာ ရယ်မောလိုက်၏။
သူမ၏ အသံထဲတွင် ခါးသီးမှုတို့ ပြည့်နှက်နေကြောင်း လူတိုင်း ခံစားမိနိုင်သည်။
“ မိန်းကလေးကျိုး … မင်း မီးဖိုချောင်ထဲသွားပြီး လက်ဖက်ရည် သုံးခွက်လောက် ဖျော်ခဲ့ … ပြီးတော့ ဆိုင် ယာယီပိတ်ထားသည်ဆိုတဲ့ ဆိုင်းဘုတ်လည်း တပ်လိုက် …”
ချန်ယွီ့ ညွှန်ကြားလိုက်သည်။
ကျိုးခဲ့ရှင်းမှာ ရှည်ရှည်ဝေးဝေး မေးမြန်းမနေဘဲ ဆေးခန်းအပြင်ဘက်တွင် ယာယီဆိုင်ပိတ်ထားကြောင်း ဆိုင်းဘုတ် ချိတ်ဆွဲလိုက်၏။
“ ဒီကဧည့်သည် …” ချန်ယွီ့ လက်ပိုက်လျက် ညင်သာသည့် လေသ့ဖြင့် “ ခင်များက ကျုပ်ဆီ အကူအညီတောင်းဖို့ ဆုံးဖြတ်ထားပြီးမှတော့ ကျုပ်ရဲ့ ဆေးပညာ အရည်အချင်းနဲ့ အကျင့်စရိုက်ကို အတိုင်းအတာတစ်ခုအထိ ယုံကြည်နေတယ်ဆိုတာ သေချာတယ် …”
“ ခင်များတို့နှစ်ယောက်အပြင် ဒီမှာ ကျုပ်နဲ့ နာ့စ်ဖြစ်တဲ့ ကျိုးခဲ့ရှင်းပဲ ရှိတယ် ….”
“ ကျုပ်တို့နှစ်ယောက်က ခင်များရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မပေါက်ကြားစေဘူးဆိုတာ အာမခံပါတယ် … ခင်များ စိတ်ပူဖို့ မလိုပါဘူး ….”
“ ငါ့ညီမ … မင်း ဒေါက်တာချန်ကို လုံးဝ ယုံကြည်လို့ရတယ် … သူ့ကို သတိထားဖို့ မလိုဘူး ….”
ဝမ်တဲ့ချွမ်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
“ ဒေါက်တာချန် … အားတော့နာတယ် … ခွင့်လွှတ်နော် … ကျွန်မက ရှင့်ကို သံသယဝင်နေတာ မဟုတ်ပါဘူး … ဒီတိုင်း ……”
“ ကျွန်မ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်ကနေ ဘယ်လို ပြောပြရမှန်း မသိလို့ပါ …”
အမျိုးသမီး၏ အသံက ကြည်လင်သာယာသည်။ သို့သော် သူမ၏ လေသံထဲတွင် ဝမ်းနည်းကြေကွဲမှုတို့ ပြည့်နှက်နေလျက် ရှိ၏။
“ ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်များ ကျုပ်ဆီ ရောက်လာတာက ခင်များရဲ့ မျက်နှာနဲ့ အသားအရေကြောင့်မလား ….”
ဤစကားကြားတော့ အမျိုးသမီးမှာ ကြက်သေသေသွားခဲ့သည်။
နေကာမျက်မှန်နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် မျက်ဝန်းထဲ၌ အံ့အားသင့်မှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။
ဝမ်တဲ့ချွမ်က ချန်ယွီ့၏ အစွမ်းအစကို အင်မော်တယ်နှင့်မခြား ဖော်ကျူးညွှန်းဆိုထားခဲ့သော်လည်း သူ့တွင် သက်သေပြစရာ အထောက်အထား မရှိပေ။
သူမက ချန်ယွီ့၏ လိုက်စထွင်းများကို ကြည့်ခဲ့ဖူးသော်လည်း လူတစ်ဦး၏ အစွမ်းအစကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရခြင်း မရှိပါဘဲနှင့် အပြည့်အဝ မယုံကြည်နိုင်ပေ။
ချန်ယွီ့က သူမရင်ထဲ မသက်မသာ ဖြစ်နေဆုံးအရာကို စကားလုံးလေး အနည်းငယ်မျှ ပြောဆို၍ ဖွင့်ထုတ်ပြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ လက်ဖက်ရည် ရပါပြီ ….”
ကျိုးခဲ့ရှင်းက ဖျော်ထားသည့် လက်ဖက်ရည်ကို ယူလာခဲ့ပေးပြီး တစ်ခွက်စီ လိုက်ချပေးလိုက်သည်။
“ မိန်းကလေး … နင် ငါတို့နှစ်ယောက် အရင်က တွေ့ဖူးလားဆိုပြီး မေးခဲ့တယ်နော်… အခု ငါ နင့်ကို ဖြေပေးမယ် ….”
“ တို့တွေ တစ်ခါမှ တွေ့တော့ မတွေ့ဖူးဘူး … ဒါပေမယ့် နင်ငါ့ကို သိတာတော့ သေချာတယ် ….”
“ ငါ့နာမည်က ကောင်းရှင်းရန် ….” အမျိုးသမီးက ကုတ်အရှည်ကို ချွတ်ပြီး ပြောလိုက်၏။
“ ကောင်းရှင်းရန် … နာမည်ကြီး ကြယ်ပွင့် အမျိုးသမီး ကောင်းရှင်းရန် ….”
ကျိုးခဲ့ရှင်းက သူမ၏ နှုတ်ခမ်းလေးကို ရှော့ခ်ရစွာ အုပ်ထားမိလိုက်ပြီး ခြေနှစ်လှမ်းခန့် နောက်ဆုတ်မိသွားခဲ့သည်။
ကောင်းရှန်းရန်မှာ ယခင်က နိုင်ငံထဲ နာမည်ကြီးသည့် A-list စူပါစတား အမျိုးသမီး တစ်ဦးဖြစ်၏။ ရုပ်ရှင်၊ တီဗွီရှိုးများနှင့် သီချင်းများစွာကို ဖန်တီးရိုက်ကူးခဲ့သည့် နာမည်ကြီး ကြယ်ပွင့် တစ်ဦးပင်။
အလယ်တန်းကျောင်းသူ ဘဝတုန်းက ကျိုးခဲ့ရှင်းမှာ ကောင်းရှင်းရန်၏ ပရိသတ်အကြီးစား ဖြစ်၏။
သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်က အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပဲ သူမက လက်ထပ်ပြီး အနားယူပြီဟု ရုတ်တရက် ကြေညာလာခဲ့သည်။
သူမက ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမား တစ်ဦးနှင့် အိမ်ထောင်ပြုသွားခဲ့၏။
၂ နှစ်ကြာပြီးနောက်တွင် ဧရာမ အတင်းအဖျင်း သတင်းကြီး တစ်ပုဒ်က အင်တာနက်ပေါ် ပေါက်ကွဲထွက်လာသည်။
ကောင်းရှင်းရန်၏ အမျိုးသားက ပိုက်ဆံများကို ယူပြီး ထွက်ပြေးသွားခဲ့သည်။
သူမကိုတော့ များပြားလှသည့် ကုမ္ပဏီများ၏ တရားဝင် ပိုင်ရှင် အထောက်အထားနှင့် အကြွေးတစ်ဘီလီယမ်ကျော် ချန်ရစ်ထားခဲ့လေသည် ….