← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

သေတ္တာတော်၏ အမှန်တရား (၁)

ယောင်ရန်သည် လုံယုကို အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးလိုသော်လည်း သူက သူမကို တားမြစ် လိုက်ကာ ပြောလိုက်၏။

"မင်း ဒီမှာပဲ နေခဲ့ပါ...။ အပြင်ဘက်မှာ အရမ်းအေးတယ်...။"

သူမက လိမ္မာစွာ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ လုံယုသည် မနေနိုင်ဘဲ လက်ကိုဆန့်ထုတ်ကာ သူမ ၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်လေသည်။ သူက ပြုံး၍ တိုးညှင်းစွာ ပြောလိုက်၏။

"နောက်မှ တွေ့မယ်နော် ရန်ရန်...။"

ယောင်ရန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး လုံယု တံခါးပိတ်၍ ထွက်သွားသည်ကိုသာ ငေးကြည့်နေမိ တော့သည်။ အပြင်ဘက်မှ သံတံခါး ပိတ်သွားသံကို ကြားရသည့်အခါမှ သူမသည် နီရဲနေသော ပါးပြင် ကို အသာပွတ်ကာ ရေရွတ်လိုက်လေ၏။

"သူက တကယ့်ကို အန္တရာယ်ရှိတဲ့ လူပဲ...။"

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ယောင်ရန်သည် ဟိုင်ချန်ဘဏ်ရှိ သူမအဘိုး၏ လုံခြုံရေးအခန်းထဲတွင် တွေ့ရှိခဲ့သော လုံခြုံရေးသေတ္တာလေးကို ထုတ်ယူလိုက်လေသည်။

လန်ကွမ်းဟွေ့က သူမအဘိုးကို မသတ်ဖြတ်မီ တစ်ရက်အလို၌ သူမ အဘိုးထံသို့ သွားရောက်တွေ့ဆုံစဉ် က အဘိုးဖြစ်သူ ပြောပြခဲ့သော ဂဏန်းခြောက်လုံးကို သူမ သတိရလိုက်၏။

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လျှို့ဝှက်နံပါတ် ခြောက်လုံးကို ရိုက်နှိပ်လိုက်လေသည်။

"ဂျောက်"

နောက်တစ်စက္ကန့်တွင် သေတ္တာမှာ ပွင့်သွားခဲ့ပြီး ယောင်ရန်သည် အတွင်း၌ရှိသော စာရွက်စာတမ်း ​အထပ် လိုက်ကို ထုတ်ယူကာ ဂရုတစိုက် ဖတ်ရှုနေလိုက်လေသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်မူ ယောင်ရန်သည် နောက်ဆုံးစာရွက်ကို ဖတ်ပြီးသွားခဲ့လေပြီ။ သူမ သည် ထိုစာရွက်စာတမ်းများကို သေတ္တာထဲသို့ ပြန်မထည့်တော့ဘဲ အင်္ကျီအထူကြီးကို ဝတ်ဆင်ကာ သေတ္တာကိုမူ နေရာလွတ် အတွင်းရှိ သိုလှောင်ရုံထဲသို့ ပြန်လည် သိမ်းဆည်းထားလိုက်၏။

ထို့နောက် အပူပေးစက်များကို ပိတ်ကာ ထိုစာရွက်စာတမ်းများနှင့်အတူ တိုက်ခန်းအတွင်းမှ ထွက် လာခဲ့လေသည်။

သူမသည် အခန်းအမှတ် (၂၀၀၂) ရှေ့၌ ရပ်၍ သံတံခါးကို ခေါက်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီး နောက် လုံယုက တံခါးဖွင့်ပေးလေသည်။

ယောင်ရန်က သူ့ကို ကြည့်ကာ ပြောလိုက်၏။

"ကျွန်မ ရှင့်ကို ပြစရာတစ်ခု ရှိတယ်...။"

လုံယုသည် သူမ၏ ရင်ခွင်ထဲရှိ စာရွက်စာတမ်းများကို မြင်လိုက်ရသဖြင့် ဘေးသို့ ဖယ်ပေးကာ ပြော လိုက်လေသည်။

"အထဲဝင်ပြီး စကားပြောရအောင်...။"

ယောင်ရန် အထဲသို့ ဝင်လာပြီးနောက် လုံယုသည် တံခါးကို ပိတ်ကာ သူမကို သူ၏ အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့၏။ သူက သူမအတွက် ရေနွေးတစ်ခွက် သွားရောက် ခပ်ပေးနေစဉ် သူမသည် နူးညံ့ ထူထဲသော ကော်ဇောများ ခင်းထားသည့် ကြမ်းပြင်ပေါ်၌ ဝင်ထိုင်လိုက်လေသည်။

လုံယုသည် သူမ၏ ရှေ့တွင် ဝင်ထိုင်လိုက်ကာ ရေနွေးခွက်ကို ကော်ဇောပေါ်၌ တင်ပေးလိုက်သည့်အခါ ယောင်ရန်က စာရွက်စာတမ်းများကို သူတို့ရှေ့တွင် ချထားလိုက်ပြီး ပြောလိုက်လေ၏။

"ဒါကို ရှင့်အနေနဲ့ ကြည့်သင့်တယ်လို့ ကျွန်မ ထင်တယ်...။"

လုံယုက မျက်ခုံးအနည်းငယ် မြင့်တက်သွားကာ အပေါ်ဆုံးမှ စာရွက်ကို ယူ၍ ဖတ်ကြည့်လိုက်လေ သည်။

လုံယု စာရွက်စာတမ်းများကို ဖတ်နေစဉ်အတွင်း ယောင်ရန်သည် သူမ၏ ကိုယ်ခန္ဓာ နွေးထွေးသွားစေရန် ရေနွေးကို သောက်နေလိုက်၏။ သူသည် အချက်အလက်အားလုံးကို အလွန်လျင်မြန်စွာ ဖတ်ရှုပြီး နောက် ခဏချင်းမှာပင် ပြီးဆုံးသွားခဲ့လေသည်။

သူသည် နောက်ဆုံးစာရွက်ကို ပြန်ချလိုက်ပြီး ယောင်ရန်ကို ကြည့်ကာ မေးလိုက်၏။

"အခု မင်း ဘာလုပ်ဖို့ စိတ်ကူးထားသလဲ...။"

ယောင်ရန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"သေတ္တာတော် ဟာ အရင်က ယောင်လုံခြုံရေးကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့မယ်လို့ ကျွန်မ မထင် ထားခဲ့ဘူး...။ သူတို့ ဘာကြောင့် လမ်းခွဲသွားကြသလဲဆိုတာကို ကျွန်မ သိချင်တယ်...။ တကယ်လို့များ ဒီပြဿနာကို ဖန်တီးခဲ့တဲ့သူတွေကို ကျွန်မတို့ ရှာတွေ့နိုင်မယ်ဆိုရင်...၊ သူတို့ သေတ္တာတော် ကို မတည် ထောင်နိုင်ခင်မှာတင် တားဆီးနိုင်လိမ့်မယ်...။"

သူမ၏ စကားကို ကြားရသည့်အခါ လုံယုသည် အတွေးနက်သွားလေသည်။ သူနှင့် သူ၏ ရဲဘော်များ သည် အတိတ်ဘဝ၏ နောက်ဆုံးတာဝန်တွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။

ထိုစဉ်က အခြေစိုက်စခန်းမှ ပေးအပ်သော သတင်းအချက်အလက်များမှာ သံသယဖြစ်ဖွယ် ကောင်း လှသည်ဟု ရှီရွှမ်းက သူ့ကို ပြောပြခဲ့ဖူး၏။ သို့သော်လည်း ခိုင်လုံသော သက်သေအထောက်အထား မရှိသဖြင့် သူတို့မှာ ထိုတာဝန်ကို မဖြစ်မနေ လက်ခံခဲ့ကြရခြင်း ဖြစ်လေသည်။

ကံဆိုးစွာပင် ထိုတာဝန်မှာ သူတို့၏ နောက်ဆုံးတာဝန် ဖြစ်ခဲ့ပြီး ဓာတ်ခွဲခန်းတွင် ဘာတွေ ဖြစ်ပျက်ခဲ့ သလဲ ဆိုသည်ကို စုံစမ်းရန် အခွင့်အရေး မရရှိခဲ့ပေ။ သေတ္တာတော် အတွက် အလုပ်လုပ်ပေးနေသူများ ကိုပင် သူတို့ ရှာမတွေ့ခဲ့ကြချေ။

*သေတ္တာတော် က လူသားတွေကို တိတ်တဆိတ် စမ်းသပ်မှုတွေ လုပ်ပြီး ဘာကို လိုချင်နေတာလဲ...။*

ယခု စာရင်းကို ကြည့်လိုက်သည့်အခါတွင်မူ လုံယုသည် ထိုစာရင်းထဲရှိ လူအများစုမှာ အစိုးရနှင့် စစ်တပ်အတွင်း၌ အလုပ်လုပ်နေကြသူများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။ အချို့မှာ အစိုးရနှင့် ပုဂ္ဂလိက အခြေစိုက်စခန်းများတွင် အရေးကြီးသော ရာထူးများကို ရယူထားကြလေသည်။

ဤလူစာရင်းတစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် သေတ္တာတော် သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မည်မျှအထိ ဩဇာအာဏာ ကြီးမားလှသည်ကို သူ ခန့်မှန်းနိုင်လေသည်။

အကယ်၍ သူတို့သည် သေတ္တာတော် ကို ဖျက်ဆီးလိုပါက၊ အနည်းဆုံး သေတ္တာတော် ကဲ့သို့ သို့မဟုတ် ၎င်းထက် ပိုမိုကြီးမားသော အာဏာနှင့် ဩဇာ ရှိရန် လိုအပ်လှပေသည်။

သူ အတွေးနက်နေသည်ကို မြင်သောအခါ ယောင်ရန်က သူ့ကို အနှောင့်အယှက် မပြုဘဲ ငြိမ်သက်နေခဲ့ လေ၏။

လုံယုသည် အတွေးထဲမှ ရုန်းထွက်လာပြီး စာရွက်စာတမ်းများထဲမှ လူစာရင်းကို ထုတ်ယူကာ ပြောလိုက်လေသည်။

"ဒီစာရင်းထဲက လူအများစုကို ငါ သိတယ်...။"

၎င်းကို ကြားရသောအခါ ယောင်ရန်မှာ အံ့အားသင့်သွားရ၏။ သူမက မျက်မှောင်ကြုတ်ကာ မေးလိုက် လေသည်။

"ရှင် အရင်က ဘာအလုပ် လုပ်ခဲ့တာလဲ...၊ ဒီလူတွေကို ဘယ်လို သိနေတာလဲ...။"

လုံယုက သူမကို ကြည့်ကာ ပြန်လည် ဖြေလိုက်၏။

"ငါက ကျွင်းချန် ပထမစစ်အခြေစိုက်စခန်းရဲ့ အထူးတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ပါ...။ ရှီရွှမ်း၊ ကျားရှန်း နဲ့ ဟွမ်ချန်တို့က ငါ့ရဲ့ လက်အောက်ငယ်သားတွေပေါ့...။"

ယောင်ရန်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"စစ်တပ်ထဲက လူအချို့က သေတ္တာတော် နဲ့ ပတ်သက်နေတာကို သိလို့ ရှင် အလုပ်ထွက်ခဲ့တာလား...။"

လုံယုက ခေါင်းခါပြကာ ပြောလိုက်လေသည်။

"အဲ့ဒီကိစ္စ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး...။ ငါ မင်းရဲ့ သေဆုံးမှုနဲ့ သေတ္တာတော် အကြောင်းကို စုံစမ်းနေတုန်းမှာ...၊ ငါ့အဖွဲ့က ဖန်းချန်မြို့မှာရှိတဲ့ အဆင့် (S) တာဝန်တစ်ခုကို ရုတ်တရက် စေလွှတ်ခြင်း ခံခဲ့ရတယ်...။ မြေအောက်ဓာတ်ခွဲခန်းနဲ့ သေတ္တာတော် နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါ စုံစမ်းနေတာကို တစ်စုံတစ်ယောက်က မလိုလားလို့ ဖြစ်ရမယ်လို့ ငါ သံသယဝင်မိတယ်...။"

"အဲ့ချိန်က ဖန်းချန်မြို့ဟာ မျိုးရိုးဗီဇပြောင်း သတ္တဝါတွေရဲ့၏ ပရဒိသုဘုံအလား ဖြစ်နေခဲ့ပြီး အဲ့နေရာကို သွားသမျှသူတိုင်း ဘယ်သူမှ ပြန်လည်မလာနိုင်ကြဘူး။ တာဝန်ကို လက်ခံရရှိပြီးတဲ့နောက်မှာ ရှီရွှမ်းက တာဝန် သတင်းအချက်အလက်တွေက သံသယဖြစ်စရာ ကောင်းတယ်လို့ ငါ့ကို ပြောခဲ့တယ်...။ ဒါပေမဲ့ ငါတို့မှာ သက်သေ မရှိခဲ့တဲ့အတွက် တာဝန်ကို လက်ခံပြီး ဖန်းချန်မြို့ကို သွားခဲ့ကြရတာပေါ့...။"

"ငါတို့ ဟိုကို ရောက်တဲ့အခါ ဟိုင်ချန်မြို့နဲ့ ယွီချန်မြို့က နောက်ထပ် အဖွဲ့နှစ်ဖွဲ့နဲ့ ဆုံတွေ့ရမှာ ဖြစ်ပေမဲ့...၊ သုံးရက်ကြာအောင် စောင့်ပြီးတဲ့နောက် ငါတို့ဆီကို ရောက်လာတာက အကူအညီပေးမယ့် အဖွဲ့တွေ မဟုတ်ဘဲ...၊ စွမ်းအားရှင် အုပ်စုတစ်စု ဖြစ်နေခဲ့တယ်...။"

"ငါတို့ တစ်နေ့လုံး တိုက်ပွဲဝင်ခဲ့ကြပေမဲ့ လူအင်အား မမျှခဲ့ဘူးလေ...။ ငါ မသေခင်မှာ သူတို့ ပြောနေတာ ကို ကြားခဲ့ရတယ်...။ အဲ့ဒါက ရှို့တူးမြို့က အထက်လူကြီးတွေက ငါတို့ကို အသေလိုချင်နေကြတာပဲ...။ ဒါကြောင့် သူတို့က အဲ့ဒီစွမ်းအားရှင်တွေကို ငှားပြီး ငါတို့ကို သတ်ခိုင်းခဲ့တာ၊ ပြီးတော့ တာဝန် မအောင် မြင်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ အကြောင်းပြပြီး ဖုံးကွယ်ခဲ့ကြတာပေါ့...။"

ယောင်ရန်သည် သူ့ကို ဝမ်းနည်းသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်သောအခါ လုံယုသည် လက်ကို ဆန့်ထုတ်၍ သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

"အဲ့ဒါက မင်း သေဆုံးပြီး နှစ်နှစ်အကြာမှာ ဖြစ်ခဲ့တာပါ...။ ငါသာ မင်းအတွက် ကလဲ့စားချေချင်တဲ့စိတ် မရှိခဲ့ရင်...၊ မင်း သေဆုံးသွားတာကို သိလိုက်ရကတည်းက ငါ မင်းနဲ့အတူ လိုက်သေခဲ့မိမှာ...။"

သူသည် မျက်လွှာချလိုက်ကာ ယောင်ရန်၏ လက်ကလေးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တိုးညှင်းစွာ ပြောလိုက်လေ၏။

"ရန်ရန်...၊ ဒီတစ်ခါတော့ မင်း အသက်ရှင်အောင် နေပါ...။ တကယ်လို့ မင်း သေရမယ်ဆိုရင်တောင် ငါ့နောက်မှ သေပါ...။ မင်းမရှိတဲ့ လောကကြီးထဲမှာ ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး...။"

ယောင်ရန်မှာ သူ၏ ရုတ်တရက် ရင်ဖွင့်လာမှုကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ သူမ သတိပြန်ဝင်လာသည့် အခါတွင်မူ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ကျွန်မတို့ အတူတူ ရှင်သန်ကြမယ်...။ ပြီးတော့ အိုမင်းတဲ့ အခါကျမှပဲ အတူတူ သေဆုံးကြတာပေါ့...။"

All Chapters