← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

လုပ်ကြံသတ်ဖြတ်ခြင်း (၂)

ကျားရှန်းက အလင်းပေးဗုံးကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ လုံယုသည် လျင်မြန်စွာ လှည့်၍ ယောင်ရန်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။ ရှီရွှမ်းကမူ တစ်ဖက်သို့လှည့်၍ မျက်လုံးများကို မှိတ်ကာ နားများကို ပိတ်ထားလိုက်လေသည်။

ယောင်ရန် တုံ့ပြန်ချိန်မရခင်မှာပင် လုံယု၏ အသံကို ကြားလိုက်ရလေသည်။

"မျက်လုံးမှိတ်ပြီး နားကို ပိတ်ထားလိုက်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် လျင်မြန်စွာ မျက်လုံးမှိတ်၍ လုံယု၏ ကြွက်သားအမြောင်း မြောင်းထသော ရင်ခွင်ကျယ်ထဲတွင် မျက်နှာအပ်ကာ နားကို ပိတ်ထားလိုက်လေသည်။ နောက်တစ် စက္ကန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး သူမ စက္ကန့်အနည်းငယ်မျှ မူးဝေသွားခဲ့ရ လေသည်။

သူမ အသိပြန်မဝင်ခင်မှာပင် လုံယု၊ ကျားရှန်းနှင့် ရှီရွှမ်းတို့သည် အပေါ်ဆုံးထပ်သို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ယောင်ရန်လည်း သူတို့နောက်သို့ အမြန်လိုက်သွားရာ ညစ်ပတ်သော ကြမ်းပြင်ပေါ်၌ လူ အများအပြားမှာ နာကျင်စွာ ညည်းညူရင်း သူတို့၏ ခေါင်းကို ကိုင်ထားကြသည်ကို တွေ့လိုက်ရ၏။ သူတို့မှာ အမြင်အာရုံများ ကွယ်ပျောက်နေပြီး ကျယ်လောင်သော ပေါက်ကွဲသံကြောင့် နားထဲတွင်လည်း လေထွက်သံများ ဖြစ်ပေါ်နေကြလေသည်။

လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် အချိန်ဆွဲမနေဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေ၏။ ရန်သူများ၏ အမြင်နှင့် အကြားအာရုံများ ပြန်လည်မကောင်းမွန်မီမှာပင် သူတို့ သုံးဦးသည် သေနတ်များကို မြှောက်၍ ရန်သူများကို ပြတ်သားစွာ သတ်ဖြတ်လိုက်ကြလေတော့သည်။

"ဒိုင်း… ဒိုင်း… ဒိုင်း… "

ဆယ်စက္ကန့်အတွင်းမှာပင် စနိုက်ပါသမား တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်တော့၏။ လုံယုက သေနတ်ဖြင့် သူ၏ နဖူးကို ချိန်ရွယ်ထားစဉ် ကျားရှန်းနှင့် ရှီရွှမ်းတို့က ထိုလူ၏ လက်နက်များနှင့် အလောင်းများပေါ်ရှိ လက်နက်များကို သိမ်းဆည်းလိုက်ကြလေသည်။

စနိုက်ပါသမား အမြင်နှင့် အကြားအာရုံများ ပြန်လည်ကောင်းမွန်လာသည့်အခါ လုံယုက အေးစက်စွာ မေးလိုက်လေသည်။

"မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ...။"

စနိုက်ပါသမားက သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်ရင်း ပြောလိုက်လေသည်။

"ငါတို့ မင်းတို့ဆီက ရိက္ခာတွေကိုပဲ လိုချင်တာပါ...။"

ထိုစကားကို ကြားသောအခါ ကျားရှန်းက ရှေ့သို့တက်၍ သူ၏ ဝမ်းဗိုက်ကို ကန်လိုက်လေသည်။

သူမက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။

"မင်းတို့ဆီမှာ လက်နက်တွေရော ကျည်ကာအင်္ကျီတွေရော ပါတာပဲ...။ သာမန်ဓားပြတွေမှာ ဒီလောက် အဆင့်မြင့်တဲ့ ပစ္စည်းတွေ ရှိမယ်လို့ မင်းထင်နေတာလား...။ စစ်တပ်နဲ့ မှောင်ခိုဂိုဏ်းကြီးတွေကလွဲရင် သာမန်လူတွေက ဒါတွေကို ရဖို့ နည်းလမ်းမရှိဘူး...။ မင်းတို့ရဲ့ သေနတ်တွေနဲ့ ပစ္စည်းတွေက ဘယ်က လာတာလဲ...။"

စနိုက်ပါသမားသည် မော့ကြည့်လိုက်ရာ သူရရှိထားသော သတင်းအချက်အလက်များမှာ အမှန်တရား နှင့် များစွာကွာခြားနေသည်ကို သတိပြုမိသွား၏။ ပစ်မှတ်နှင့် ပတ်သက်သော သတင်းမှလွဲ၍ ဤလူသုံး ဦးနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ လုံးဝမရှိခဲ့ပေ။ သို့သော်လည်း ဤလူသုံးဦးမှာ လေ့ကျင့်ထားသော စစ်သားများ ဖြစ်ရမည်ဟု စနိုက်ပါသမားက တစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်လေ သည်။

သူ၏ အလုပ်အပ်နှံသူက ဈေးလျှော့ရန်အတွက် သတင်းအမှားများ ပေးခဲ့သည်ကို တွေးမိကာ သူ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

သာမန်အမျိုးသမီးတစ်ဦးကို သတ်ရန်မှာ ဈေးပေါလှသော်လည်း၊ ကောင်းမွန်စွာ လေ့ကျင့်ထားသော စစ်သားသုံးဦး ကာကွယ်ပေးထားသည့် အမျိုးသမီးကို သတ်ရန်မှာမူ ဈေးနှုန်းမှာ အဆပေါင်းများစွာ မြင့်တက်သွားနိုင်ပေသည်။ ထို့အပြင် ဤပစ်မှတ်မှာ သာမန်အမျိုးသမီးတစ်ဦး မဟုတ်ဘဲ တိုက်ခိုက်နိုင် စွမ်းရှိသူ တစ်ဦးလည်း ဖြစ်နေပေ၏။

စနိုက်ပါသမားက အံကြိတ်ရင်း တွေးလိုက်လေသည်။

*တောက်…၊ သူ ငါတို့ကို လိမ်ရဲတယ်ပေါ့...။ ဒီအကြောင်းကို ဌာနချုပ်ကို သတင်းပို့ပြီး ဌာနချုပ်ကနေပဲ သူ့ကို ကိုင်တွယ်ခိုင်းရမယ်...။*

ထိုလူမှာ အချိန်အတော်ကြာအောင် စကားမပြောဘဲ နေသည်ကို မြင်သောအခါ ကျားရှန်းက သူ၏ မေးစေ့ကို ကန်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ငါ့မေးခွန်းကို ဖြေစမ်း...။"

စနိုက်ပါသမားမှာ မူးဝေသွားပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်ကာ ကျားရှန်းကို ပြန်ကြည့်လိုက်လေ သည်။ သူက ခပ်ပြုံးပြုံးဖြင့် နောက်ပြောင်သလို ပြောလိုက်လေသည်။

"မင်းလို အစပ်ကြိုက်တဲ့ မိန်းမမျိုးကို ငါ သဘောကျတယ်...။ ငါ့ကို ကူညီမယ်ဆိုရင် မင်းကို လောကကြီး ရဲ့ အပြင်ဘက်ကို ခေါ်သွားပေးမယ်လေ ဘယ်လိုလဲ...။"

ကျားရှန်းသည် ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ လုံယုကို ကြည့်လိုက်လေ သည်။

"ခေါင်းဆောင်...၊ သူ့ကို ပုံမှန်အတိုင်းပဲ ရှင်းပစ်လိုက်ရမလား...။"

လုံယုသည် ယောင်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"မလိုဘူး...၊ သူက အမှန်အတိုင်း မပြောချင်ဘူးဆိုမှတော့ သတ်ရုံပဲပေါ့...။"

လုံယု မောင်းခလုတ်ကို မဆွဲခင်မှာပင် ယောင်ရန်သည် ထိုလူ၏ အင်္ကျီပေါ်ရှိ ရင်ထိုးတံဆိပ်ကို သတိပြု မိသွားကာ သူ၏ လက်မောင်းကို အမြန်ဆွဲကိုင်လိုက်လေသည်။

"နေဦး..."

လုံယု ခဏရပ်သွားပြီး သူမကို ကြည့်ကာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ...။"

ယောင်ရန်က သူ့ကို ပြန်မဖြေဘဲ စနိုက်ပါသမား၏ ကော်လာကို ဆွဲကိုင်ကာ သူ၏ ကော်လာပေါ်ရှိ ရင်ထိုးတံဆိပ်ကို သေချာစွာ ကြည့်လိုက်လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားတော့၏။ သူမသည် စနိုက်ပါသမား၏ ကော်လာကို တင်းတင်းကြပ်ကြပ် ဆွဲညှစ်ထားရာ ထိုလူမှာ အသက်ရှူကျပ်၍ သေလုနီးပါး ဖြစ်သွားရပေသည်။

"နင်တို့ရဲ့ ဌာနချုပ်က ဘယ်မှာလဲ...၊ မင်းတို့ အဖွဲ့အစည်းကို တည်ထောင်သူက ဘယ်သူလဲ...။"

သူမ ထိုမေးခွန်းကို မေးလိုက်သည့်အခါ စနိုက်ပါသမား၏ နောက်ပြောင်နေသော အပြုံးများ ပျောက် ကွယ်သွားလေတော့သည်။ သူသည် ယောင်ရန်၏ မျက်လုံးများကို ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် အသက်ရှူမဝသလို မေးလိုက်လေသည်။

"မင်း ငါတို့အကြောင်းကို သိနေတာလား...။"

သူက ထိုသို့ မေးလိုက်သည်နှင့် ယောင်ရန်သည် သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သိရှိလိုက်လေ၏။ သူမသည် လုံယုကို လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"ဒီလူကို ကျွန်မ လိုချင်တယ်...။"

လုံယုသည် ခဏမျှ တိတ်ဆိတ်နေခဲ့၏။ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဉ်းစားရင်း ရုတ်တရက် သူသည် စနိုက်ပါသမား၏ ကော်လာပေါ်ရှိ ရင်ထိုးတံဆိပ်ကို ကြည့်လိုက်လေသည်။ ရင်ထိုးတံဆိပ်ကို အနီးကပ် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။

သူသည် ယောင်ရန်ကို အံ့အားသင့်စွာ ကြည့်ရင်း တွေးနေမိလေသည်။

*သူမလည်းပဲ ဖြစ်နိုင်ပါ့မလား...*

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက အသံဩဩဖြင့် ပြောလိုက်လေသည်။

"ရှီရွှမ်း...၊ သူ့ကို ကြိုးချည်ထားလိုက်...။"

ယောင်ရန်က ဤလူကို အဘယ်ကြောင့် အလိုရှိရသည်ကို မသိသဖြင့် ကျားရှန်းက ဖျောင်းဖျရန် ကြိုးစားလိုက်လေသည်။

"ယောင်ရန်...၊ ဒီလူက အရမ်းအန္တရာယ်များတယ်...။ နောက်နောင် ပြဿနာမတက်အောင် သူ့ကို အခုပဲ သတ်ပစ်သင့်တယ်...။"

ယောင်ရန်က ပြန်မဖြေမီ လုံယုက ပြောလိုက်လေသည်။

"မဟုတ်ဘူး...။ ငါ သူ့ကို စစ်မေးချင်တယ်...။"

သူတို့၏ ခေါင်းဆောင်က ထိုသို့ ပြောလာသည့်အတွက် ကျားရှန်းနှင့် ရှီရွှမ်းတို့သည် အမိန့်ကို နာခံကာ စနိုက်ပါသမားကို တုပ်နှောင်လိုက်ကြရတော့သည်။

ကျားရှန်းက ထိုလူကို အဆောက်အအုံအပြင်သို့ ဆွဲထုတ်လာခဲ့ပြီးနောက် ရှီရွှမ်း၊ လုံယုနှင့် ယောင်ရန်တို့ က နောက်မှ လိုက်လာခဲ့ကြ၏။ ယောင်ရန် တစ်ခုခုကို အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ လုံယုလည်း အတွေးထဲတွင် နစ်ဝင်သွားခဲ့လေသည်။

သူတို့သည် သူစိမ်းတစ်ဦးကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ ဟွမ်ချန်က ရှီရွှမ်းကို စူးစမ်းစွာ ကြည့်လိုက်သော်လည်း ရှီရွှမ်းကမူ သူလည်း မသိကြောင်း ခေါင်းခါပြလိုက်လေ၏။

ကျားရှန်းသည် စနိုက်ပါသမားကို ဆွဲခေါ်ကာ အခြားသူများနှင့်အတူ ထင်းများကို လင်းယွမ်တိုက်ခန်း အဆောက်အအုံဆီသို့ ပြန်လည် သယ်ဆောင်လာခဲ့ကြလေသည်။

အိမ်အပြန်လမ်း တစ်ဝက်တွင် ယောင်ရန်သည် ရုံးအဆောက်အအုံတစ်ခုအတွင်းမှ ထွက်လာသော အမျိုးသမီး လေးဦးကို တွေ့ရှိခဲ့လေသည်။ သူတို့မှာ အအေးဒဏ်ကို ကာကွယ်ရန် ကောင်းမွန်စွာ ဝတ် ဆင်ထားကြသော်လည်း လမ်းလျှောက်သည့်အခါတွင်မူ တုန်တုန်ရင်ရင်ဖြင့် ထော့နင်းထော့နင်း ဖြစ် နေကြလေသည်။

ယောင်ရန်သည် သူတို့၏ ဖောင်းကြွနေသော အဝတ်အစားများကို ကြည့်လိုက်ကာ သူတို့ ဘာလုပ်နေ ကြသည်ကို သိရှိလိုက်၏။ အတိတ်ဘဝတွင် အမျိုးသမီး အများအပြားမှာ ရိက္ခာနှင့် ပစ္စည်းများအတွက် သူတို့၏ ခန္ဓာကိုယ်ကို ရောင်းချခဲ့ကြဖူးသဖြင့် ယောင်ရန်သည် ထိုအမျိုးသမီး လေးဦးအပေါ် မည်သည့် အမြင်မျှ မရှိပေ။

သူတို့ ရုံးအဆောက်အအုံဘေးမှ ဖြတ်သွားစဉ် အမျိုးသမီးတစ်ဦးမှာ သူတို့ကို မြင်သွားခဲ့လေသည်။ သူမ သည် သူမ၏ သူငယ်ချင်းများကို စကားအနည်းငယ် ပြောလိုက်ပြီးနောက် ထိုလေးဦးမှာ ယောင်ရန်နှင့် အခြားသူများ၏ နောက်သို့ အမြန်လိုက်ပါလာခဲ့ကြလေသည်။

၎င်းကို မြင်သောအခါ ဟွမ်ကျိဟွေးက နှာခေါင်းရှုံ့ကာ မေးလိုက်၏။

"အစ်ကိုကြီး...၊ သူတို့ကို မောင်းထုတ်လိုက်ရမလား...။"

All Chapters