အခန်း (၁၅၄)
Vol. 16 Ch. 154
အခန်း (၁၅၄)
သတင်းကောင်း
စနိုက်ပါသမားမှာ သူ၏အရေပြားများ ထုံကျဉ်သွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရပြီး ထိတ်လန့် တကြား ပြောလိုက်လေသည်။
"အစ်ကိုကြီး...၊ အစ်ကိုကြီး...။ ကျွန်တော့်ကို သတ်ချင်ရင်လည်း အခုပဲ သတ်လိုက်ပါတော့...။ ဘာလို့ ဒီလို ညှဉ်းပန်းနှိပ်စက်နေတာလဲ...။"
သူ၏ အေးခဲနေသော လက်ကောက်ဝတ်ကို ကြည့်ရင်း စနိုက်ပါသမားသည် နှင်းကိုက်နာကြောင့် ဖြစ် ပေါ်လာသော နာကျင်မှုနှင့် ယားယံမှုကို အံကြိတ်၍ တောင့်ခံနေရလေသည်။
သူသည် အသက်ရှည်ရှည် ရှင်သန်လိုသေးပြီး နှင်းကိုက်မိ၍ သေဆုံးရန်မှာမူ သူ၏ အစီအစဉ်တွင် မပါ ရှိပေ။ ထို့အပြင် သူသည် လူပျိုကြီးဖြစ်ပြီး ချစ်သူပင် မရှိသေးချေ။ အကယ်၍ သူသာ ဤကဲ့သို့ သေဆုံးသွားရပါက မျက်စိမှိတ်နိုင်မည် မဟုတ်ပေ...။
ယောင်ရန်သည် သူ့ကို ခဏမျှ စောင့်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။
"အစ်မကျား...၊ သူ့ကို အခန်း (၁၉၀၃) ဆီ ခေါ်သွားပေးလို့ ရမလား...။"
ကျားရှန်းက ခေါင်းငြိမ့်ပြပြီး ထိုလူကို အောက်ထပ်သို့ ဆွဲခေါ်သွားတော့၏။ ထိုအတောအတွင်း အခြားသူများမှာမူ သစ်လုံးကြီး ငါးလုံးကို အပိုင်းပိုင်း ခုတ်ထစ်ကာ ခုနစ်ပုံ အညီအမျှ ခွဲဝေလိုက်ကြ လေသည်။ သူတို့တစ်ဦးစီသည် ထင်းတစ်ပုံစီ ရရှိကြမည် ဖြစ်၏။
သူမ၏ တိုက်ခန်းသို့ ထင်းများကို သယ်ဆောင်လာပြီးနောက် ယောင်ရန်သည် တံခါးကို ပိတ်၍ နေရာ လွတ် အတွင်းသို့ ဝင်ရောက်ကာ ထင်းများကို သိုလှောင်ရုံအတွင်း၌ ထည့်ထားလိုက်လေသည်။ ထို့ နောက် သူမသည် ရေချိုးကာ စောစောစီးစီး နေ့လယ်စာ သုံးဆောင်ပြီးနောက် နေရာလွတ်ထဲမှ ထွက် လာခဲ့လိုက်၏။
ကြမ်းပြင်အပူပေးစနစ်နှင့် အပူပေးစက်များကို ဖွင့်ပြီးနောက် သူမသည် ကုတင်ပေါ်သို့ တက်ကာ လျှပ်စစ်စောင်နှင့် ထူထဲသော စောင်နှစ်ထည်ကို ခြုံ၍ အိပ်စက်လိုက်လေသည်။ ယောင်ရန်သည် မျက်လုံးမှိတ်လိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့၏။
နောက်တစ်နေ့ နံနက်စောစောတွင် သူမ နိုးလာခဲ့ပြီး အပြင်ဘက်မှ အခြေအနေကို စစ်ဆေးရန် လိုက်ကာများကို ဖွင့်ကြည့်လိုက်လေသည်။ အပြင်ဘက်တွင် လူအများအပြား စုရုံးနေသည်ကို မြင်သောအခါ သူမ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာလေ၏။ ဘာများ ဖြစ်ပျက်နေသနည်းဟု သူမ စဉ်းစား မရခင်မှာပင် တံခါးခေါက်သံ ကြားလိုက်ရလေသည်။
"ယောင်ရန်...၊ နိုးပြီလား...။"
လုံယု၏ အသံဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမသည် တံခါးမဖွင့်မီ သူမကိုယ်သူမ တင်းကြပ်စွာ ထုပ်ပိုးလိုက်လေသည်။ သူမက သူ့ကို ကြည့်ကာ ပြောလိုက်၏။
"ကျွန်မ ခုလေးတင် နိုးတာ...၊ တစ်ခုခု လိုလို့လား...။"
လုံယုက ပြန်လည်ဖြေလိုက်လေသည်။
"ခုနလေးတင် စီမာယွမ်နဲ့ ချွမ်ယွမ်ဝေ့တို့ ရောက်လာကြတယ်...။ သူတို့ အခန်း (၂၀၀၁) မှာ စောင့်နေကြ တယ်...။"
စီမာယွမ်နှင့် ချွမ်ယွမ်ဝေ့တို့ ရောက်ရှိနေသည်ကို ကြားလိုက်ရသည့်အခါ ယောင်ရန်သည် မျက်ခုံးအ နည်းငယ် မြင့်တက်သွားခဲ့၏။ သူတို့သည် အထပ် (၂၀) သို့ လာရောက်ခဲလှပေသည်။
သူမက ခေါင်းငြိမ့်ပြကာ ၊
"ခဏစောင့်ဦးနော်...။"
ထိုသို့ ပြောပြီးနောက် သူမသည် အိပ်ခန်းအတွင်းသို့ ပြန်ဝင်ကာ အပူပေးစက်ကို ပိတ်၍ လုံယုနှင့်အတူ ထွက်လာခဲ့လေသည်။ သူတို့ ရောက်ရှိလာသည်ကို မြင်သောအခါ စီမာယွမ်နှင့် ချွမ်ယွမ်ဝေ့တို့က ခေါင်း ငြိမ့်ပြကြလေ၏။
လုံယုနှင့် ယောင်ရန်တို့ ထိုင်လိုက်ပြီးနောက် စီမာယွမ်က လက်ကမ်းစာစောင်တစ်ခုကို ထုတ်ယူကာ ပြောလိုက်လေသည်။
"ကျွန်တော်နဲ့ အစ်ကိုချွမ်တို့ ရိက္ခာသွားရှာတုန်းက စစ်သားတွေ လက်ကမ်းစာစောင်တွေ ဝေနေတာ တွေ့ခဲ့တယ်...။ အရင်ဆုံး ဖတ်ကြည့်ကြပါဦး...။"
လုံယုသည် လက်ကမ်းစာစောင်ကို ယူ၍ ဖတ်ကြည့်လိုက်၏။ ဖတ်ပြီးနောက် သူသည် ယောင်ရန်ကို ကမ်းပေးလိုက်ရာ သူမက ဖတ်ပြီး အခြားသူများထံ ဆက်လက် ပေးအပ်လိုက်လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ရှီရွှမ်းသည် လက်ကမ်းစာစောင်ကို စားပွဲပုလေးပေါ်သို့ တင်လိုက်ပြီး ပြောလိုက်လေသည်။
"ဒါက ငါတို့အတွက် သတင်းကောင်းပဲ...။ အစိုးရက ကယ်ဆယ်ရေးရိက္ခာတွေ ဝေတော့မှာဆိုတော့ သူတို့မှာ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိမှာပဲ...။"
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ကာ ပြောလိုက်၏။
"အစိုးရက သဘက်ခါကစပြီး ကယ်ဆယ်ရေးရိက္ခာတွေကို တစ်ပတ်တစ်ကြိမ် တစ်ကီလိုနှုန်းနဲ့ ဝေပေး လိမ့်မယ်...။ ပြဿနာကတော့ ငါတို့က နိုင်ငံသားကဒ်တွေယူပြီး ရပ်ကွက်ကော်မတီမှာ သွားထုတ် ရမှာပဲ...။"
သူ၏ စကားအဆုံးတွင် လူတိုင်း တိတ်ဆိတ်သွားကြလေသည်။ လက်ရှိ ရပ်ကွက်ကော်မတီကို လူဟုန် နှင့် အခြားအဆောက်အအုံ မန်နေဂျာများက ထိန်းချုပ်ထားခြင်း ဖြစ်၏။ လူဟုန်နှင့် သူတို့၏ ဆက်ဆံ ရေးအရ သူတို့ သွားခဲ့လျှင်ပင် မည်သည့်အရာမျှ ရရှိနိုင်မည် မဟုတ်ပေ။
ယခင်က ရေကြီးမှုကြောင့် လူများ သွားလာရန် ခက်ခဲခဲ့ပြီး မြို့တစ်ခုလုံး ရပ်တန့်နေခဲ့ခြင်း ဖြစ်၏။ ယခု အခါတွင်မူ ရေများမှာ ခဲနေပြီဖြစ်ပြီး အပူချိန်မှာ အနုတ် (၅၅) ဒီဂရီ ဆဲလ်စီးယပ်စ်တွင် တည်ငြိမ်နေလေ သည်။
ယခုအခါတွင်မူ လူများ အပြင်မထွက်နိုင်သော ယခင်အခြေအနေနှင့် ကွဲပြားသွားပြီ ဖြစ်၏။ ရာသီဥတု အလွန်အေးသော်လည်း ကိုယ်ခန္ဓာကို လုံခြုံအောင် ဖုံးအုပ်၍ ထူထဲသော အဝတ်အစားများ ဝတ်ဆင် ထားသရွေ့ လူများ သွားလာနိုင်သေးပေသည်။
ကျွင်းချန်မြို့သည် ဒုတိယတန်းစား မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံအတွင်း အကြီးဆုံး စစ်အခြေစိုက်စခန်း တည်ရှိရာ နေရာလည်း ဖြစ်၏။ သဘာဝဘေးအန္တရာယ် မကျရောက်မီက ဤမြို့၏ လူဦးရေမှာ (၁၆) သန်းခန့် ရှိခဲ့လေသည်။ သို့သော်လည်း တိုင်ဖွန်းမုန်တိုင်း၊ သည်းထန်စွာ ရွာသွန်းသော မိုး၊ ရေကြီးမှု၊ ဆည်ကျိုးမှု၊ အဆိပ်ရှိသော ပိုးဖလံများနှင့် အလွန်အမင်း အေးစက်သော ရာသီဥတုတို့ကြောင့် လူ့အ သက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်၏။
ဤမျှလောက် ဖြစ်ပျက်ခဲ့ပြီးသည့်တိုင် ကျွင်းချန်မြို့၏ လူဦးရေမှာ ငါးသန်း သို့မဟုတ် ခြောက်သန်းခန့် ရှိနေဦးမည်ဟု ခန့်မှန်းရလေသည်။ အစိုးရအနေဖြင့် ပြည်သူများထံ ရိက္ခာများ ဖြန့်ဝေပေးရန်မှာ အမှန် တကယ်ပင် မလွယ်ကူလှပေ။
"ကယ်ဆယ်ရေးရိက္ခာတွေကို ဘယ်အချိန်ကစပြီး ထုတ်လို့ရမလဲ...။" ဟု ရှီရွှမ်းက မေးလိုက်၏။
စီမာယွမ်က ပြန်လည်ဖြေလိုက်လေသည်။
"နံနက် ခုနစ်နာရီကနေ ညရှစ်နာရီအထိ ဝေပေးမှာတဲ့...။"
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"နောက်နှစ်ရက်နေရင် နံနက် ခြောက်နာရီမှာ ငါတို့အားလုံး အတူတူ သွားကြတာပေါ့...။"
အခြားသူများကလည်း သဘောတူလိုက်ကြလေသည်။ ထို့နောက် ချွမ်ယွမ်ဝေ့က ဆက်လက် ပြော လိုက်လေ၏။
"နောက်ထပ် သတင်းတစ်ခုလည်း ရှိသေးတယ်...၊ အစိုးရက အခုကစပြီး ငွေစက္ကူတွေကို တရားမဝင် တော့ဘူးလို့ ကြေညာလိုက်ပြီ...။ နောင်မှာ ငွေကြေးအသစ်တွေကို မိတ်ဆက်ပေးလိမ့်မယ်...၊ လော လောဆယ်မှာတော့ အချင်းချင်း ဖလှယ်တဲ့ စနစ်ကိုပဲ သုံးရမယ်...။"
ဤသတင်းအချက်အလက်ကို လက်ရှိတွင် လူထုထံ ထုတ်ပြန်ခြင်း မရှိသေးပေ။
ယခုအခါ သွားလာရ ပိုမိုလွယ်ကူလာသဖြင့် သူသည် အလုပ်ပြန်ဆင်းရန်နှင့် ငွေရှာရန် ဖြစ်နိုင်မလားဟု ဆုံးဖြတ်လိုက်စဉ် လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ဤသတင်းကို ရရှိခဲ့ခြင်း ဖြစ်လေသည်။
ယောင်ရန်သည် ဤအကြောင်းကို ဟိုးအရင်ကတည်းက သိရှိထားသဖြင့် အခွင့်အရေး ရသမျှ သူမ၏ ငွေအားလုံးကို သုံးစွဲခဲ့ခြင်း ဖြစ်၏။ အတိတ်ဘဝတွင် အစိုးရက တရားဝင် အခြေစိုက်စခန်းများ တည် ဆောက်ပြီးသည့်အခါမှသာ ငွေကြေးအသစ်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အထိ အရာ အားလုံးကို အချင်းချင်း ဖလှယ်သည့် စနစ်ဖြင့်သာ လုပ်ဆောင်ကြရမည် ဖြစ်ပေသည်။
ချွမ်ယွမ်ဝေ့က ထပ်လောင်းပြောလိုက်လေသည်။
"ဒါ့အပြင် အစိုးရက ဈေးကွက်ကို ကုန်သွယ်မှု အဆောက်အအုံတစ်ခုဆီ ရွှေ့လိုက်ပြီး အဲ့ဒီမှာ အရောင်း အဝယ်ဈေးကွက် တစ်ခုကို တည်ထောင်လိုက်ပြီ...။ အဲ့ဒီဈေးကွက်မှာ အစားအသောက် ဇုန်၊ အဝတ် အထည် ဇုန်၊ ဆေးဝါး ဇုန်၊ လောင်စာဆီ ဇုန်နဲ့ တခြား အထွေထွေ ဇုန်တွေ ပါတယ်လေ...။"
"ငွေစက္ကူတွေ တရားမဝင်ခင် နှစ်ရက်လောက်အထိ အဲ့ဒီမှာ ငွေသားနဲ့ သုံးလို့ရမယ်လို့ ကြားတယ်...။ ကျွင်းချန်မြို့ ပတ်ပတ်လည်မှာ အရောင်းအဝယ်ဈေးကွက် အများအပြား ရှိနေပြီး ငါတို့နဲ့ အနီးဆုံးက တော့ နှစ်ကီလိုမီတာ အကွာမှာရှိတဲ့ အထပ်သုံးဆယ်မြင့်တဲ့ ရုံးအဆောက်အအုံပဲ...။"
"ငွေကြေး တရားမဝင်တော့ရင်လည်း ဈေးကွက်ကို ပိတ်မှာ မဟုတ်ဘူး...။ လူတိုင်းက ကိုယ့်ဆီမှာရှိတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲ ယူလာပြီး ကိုယ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်လို့ ရတယ်...။ ဘယ်လို ပစ္စည်းမျိုးမဆို ရတယ်လေ...။"
"ဒါနဲ့... အစိုးရက အလုပ်ခေါ်ယူမှု သတင်းတွေကိုလည်း ထုတ်ပြန်ထားတယ်...။ နေရာပေါင်း ထောင်ချီ ရှိနေတာပဲ...။ နည်းပညာ ကျွမ်းကျင်သူတွေ၊ သုတေသီတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆရာ၊ ဆရာမ တွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ စသဖြင့်ပေါ့...၊ ကိုယ့်မှာ ကျွမ်းကျင်မှု တစ်ခုခု ရှိနေသရွေ့ အလုပ်လျှောက်လို့ ရတယ်လေ...။"