အခန်း (၁၅၅)
Vol. 16 Ch. 155
အခန်း (၁၅၅)
သူတို့က တစ်မျိုးတည်းပဲ
ချွမ်ယွမ်ဝေ့သည် အခြားသူများကို ကြည့်ကာ ဆက်လက်ပြောလိုက်လေသည်။
"ဆုလာဘ်ကတော့ စားနပ်ရိက္ခာပဲလေ...။ သိပ္ပံနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက တစ်လကို ရိက္ခာ ကီလို (၃၀) ခန့် ရနိုင်တယ်လို့ ကြားတယ်...။ သာမန် အလုပ်သမားတွေကတော့ တစ်လကို (၅) ကီလိုပဲ ရမယ်...။ ဒါပေမဲ့ သူတို့က တစ်နေ့ကို အခမဲ့ ထမင်းတစ်နပ် ကျွေးလိမ့်မယ်...။"
သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ရှင်ရော အဲ့ဒီမှာ အလုပ်သွားလျှောက်မလို့လား...။"
ချွမ်ယွမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်လေ၏။
"ငါလည်း သွားပြီး အလုပ်ရမလားလို့ ကြည့်ချင်တာပေါ့...။ ဒါပေမဲ့ ငါ့ရဲ့ အဘိုးနဲ့ အဘွားက အသက်ကြီး နေပြီလေ...၊ ငါက ဒီမှာနေပြီး သူတို့ကို ပြုစုရမှာ...။ အခုက အရင်လို မဟုတ်တော့ဘူး...၊ ငါသာ ထွက် သွားရင် သူတို့ကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်မှာလဲ...၊ ငါ သွားလို့ မဖြစ်ဘူးလေ...။"
စီမာယွမ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ငါကတော့ အလုပ်ရှာဖို့အတွက် ငါ့အစ်ကိုနဲ့အတူ သွားမယ်...။ ငါ့ရဲ့ ကိုယ်ခံပညာနဲ့ဆိုရင် လုံခြုံရေး ဝန်ထမ်းအဖြစ် လျှောက်လို့ရမယ် ထင်တာပဲ...။ ငါ့အစ်ကိုကလည်း အင်ဂျင်နီယာ တစ်ယောက်ဆိုတော့ အလုပ်ရမှာပါ...။"
သူက စကားကို ခဏရပ်ကာ ချွမ်ယွမ်ဝေ့ကို ကြည့်၍ ပြောလိုက်လေ၏။
"အစ်ကိုချွမ်... အစ်ကို့ရဲ့ အဘိုးနဲ့ အဘွားကို ငါ့မိသားစုနဲ့ အတူတူ နေခိုင်းလိုက်ရင် ဘယ်လိုလဲ...၊ ငါ့ရဲ့ မိဘတွေ၊ အစ်မနဲ့ တူလေးတို့က ဒီမှာပဲ ရှိနေမှာဆိုတော့ သူတို့ အချင်းချင်း ပြုစုစောင့်ရှောက်လို့ ရတာ ပေါ့...။"
အခြားသူများနှင့် အတူနေထိုင်ခြင်းထက် မိမိတို့၏ ကိုယ်ပိုင်အိမ်တွင်သာ နေထိုင်ခြင်းက ပိုမို ကောင်းမွန် လှပေသည်။ ချွမ်ယွမ်ဝေ့က သဘောတူလျှင်ပင် သူ၏ အဘိုးနှင့် အဘွားတို့က သဘောတူမည်လား ဆို သည်မှာ မသေချာပေ။
ထိုအကြောင်းကို တွေးတောပြီးနောက် ချွမ်ယွမ်ဝေ့က ပြောလိုက်လေ၏။
"ကျေးဇူးပါ အာယွမ်ရယ်...၊ ငါ အဘိုးတို့နဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်လေ...။"
စီမာယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး လုံယုနှင့် အခြားသူများကို ကြည့်ကာ မေးလိုက်လေသည်။
"မင်းတို့ကော...၊ မင်းတို့ထဲက တစ်ယောက်ယောက် အလုပ်သွားရှာချင်ကြသေးလား...။"
ယောင်ရန်မှာမူ အစိုးရနှင့် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် သေတ္တာတော် (The Ark) အဖွဲ့အစည်းနှင့် ပတ်သက်မှု ရှိမရှိ သူမ မသေချာသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူမက ခေါင်းခါလိုက်ကာ "ကျွန်မ မသွားဘူး..." ဟု ပြောလိုက်လေသည်။
လုံယုသည် ထိုစကားကို ကြားသောအခါ "ငါလည်း မသွားဘူး..." ဟု ဆိုလိုက်၏။
သူတို့၏ ခေါင်းဆောင်နှင့် ယောင်ရန်တို့ မသွားသည့်အတွက် ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည်လည်း သဘာဝကျစွာပင် ကျန်ရစ်ခဲ့ကြလေသည်။ သူတို့ သုံးဦးသည် တစ်ဦးကိုတစ်ဦး စက္ကန့်ပိုင်းမျှ ကြည့်လိုက် ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေ၏။
"ငါတို့လည်း မသွားဘူး...။"
သူမ၏ အစ်ကိုဖြစ်သူ မသွားသည်ကို မြင်သောအခါ ဟွမ်ကျိဟွေးက၊
"ငါလည်း အစ်ကို့နောက်မှာပဲ နေမယ်...။" ဟု ပြောလိုက်လေသည်။
တန်ချီချီကလည်း ခဏမျှ စဉ်းစားပြီးနောက်၊
"ငါလည်း ကျန်ခဲ့မယ်...၊ တစ်ယောက်တည်း မသွားချင်ဘူးလေ...။"
သူတို့ ခုနစ်ဦးစလုံးတွင် နှစ်ပေါင်းများစွာ စားသုံးနိုင်သော ရိက္ခာများ အလုံအလောက် ရှိနေသဖြင့် လစာ နည်းသော အလုပ်များအတွက် အခြားသူများနှင့် လုယက်နေရန် မလိုအပ်ပေ။
ထို့အပြင် သဘာဝဘေးအန္တရာယ်များမှာ ခန့်မှန်းရခက်ခဲလှပြီး နောက်ထပ် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။ ရိက္ခာ ရရှိလျှင်ပင် ၎င်းကို စားသုံးနိုင်ရန် အသက်ရှင်နေဖို့ လိုအပ်လှပေသည်။ သူတို့ သီးခြားစီ ဖြစ်နေစဉ် ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာပါက ပြဿနာ ဖြစ်နိုင်ပေသည်။
ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့က ခေါင်းငြိမ့်ပြကြ၏။ ထို့နောက် သူတို့သည် ရိက္ခာများ သွားထုတ်သည့် အခါ ယူဆောင်သွားရမည့် ပစ္စည်းများအကြောင်းကို အခြားသူများနှင့် ခဏမျှ ဆွေးနွေးပြီးနောက် ထွက်ခွာသွားခဲ့ကြလေသည်။
လုံယုသည် ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေ၏။
"ယောင်ရန်...၊ ငါ အဲ့ဒီလူကို သွားပြီး စစ်မေးဦးမယ်...။"
ယောင်ရန်သည်လည်း စနိုက်ပါသမားကို စစ်မေးလိုသော်လည်း သူမ မေးလိုသော မေးခွန်းများကို အခြားသူများကို မသိစေလိုပေ။ သို့မဟုတ်ပါက သေတ္တာတော် အကြောင်းကို သူမ မည်သို့ သိရှိနေ သနည်း ဆိုသည်ကို ရှင်းပြရန် ခက်ခဲလိမ့်မည် ဖြစ်၏။
သူမ၏ တုံ့ဆိုင်းနေမှုကို သတိပြုမိသဖြင့် လုံယုက ပြောလိုက်လေသည်။
"ငါ မေးစရာရှိတာတွေ မေးပြီးရင်...၊ ငါ ထွက်သွားတဲ့အခါ မင်း သိချင်တာတွေကို သူ့ကို မေးလို့ရ ပါတယ်...။"
သူက ထိုသို့ ပြောလာသည့်အတွက် ယောင်ရန် ငြင်းဆန်ရန် အကြောင်းမရှိတော့ပေ။ သူမကခေါင်းငြိမ့် ပြလိုက်ပြီး သူတို့နှစ်ဦးမှာ စနိုက်ပါသမားရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။
အခန်း (၁၉၀၃) သို့ ရောက်ရှိသည့်အခါ တံခါးကို ဖွင့်လိုက်ကြ၏။ ထိုအခန်းမှာ နေထိုင်သူ မိသားစု သေဆုံးသွားပြီးကတည်းက တစ်ခါမျှ တံခါးဖွင့်ခြင်း မရှိခဲ့ပေ။
ယောင်ရန်နှင့် လုံယုတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်း၏ ညစ်ပတ်အေးစက်သော ကြမ်းပြင်ပေါ် ၌ တုပ်နှောင်ခံထားရသော စနိုက်ပါသမားကို တွေ့လိုက်ရ၏။ ထိုလူမှာ အသက်ရှူနေသေးသည်ကို မြင် သောအခါ ယောင်ရန်က သူရှိရာသို့ လျှောက်သွားလိုက်လေသည်။
သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အရာအားလုံးမှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်ကို တွေ့ရသဖြင့် ထိုနေရာတွင်ပင် ရပ်၍ စနိုက်ပါသမား နိုးလာစေရန် သူ၏ ခြေထောက်ကို ကန်လိုက်လေ၏။
"ဟေ့...၊ ထတော့...။"
ခြေထောက်ကို အကန်ခံလိုက်ရသော စနိုက်ပါသမားမှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက် လေသည်။ သူ၏ ကိုယ်ခန္ဓာမှာ အေးစက်တောင့်တင်းနေပြီး လှုပ်ရှား၍ မရတော့ပေ။ ရောက်လာသူများ မှာ ယောင်ရန်နှင့် လုံယုတို့ ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ စနိုက်ပါသမားသည် မျက်လုံးများကို ပြန် မှိတ်လိုက်ပြီး သူတို့ကို လျစ်လျူရှုထားလိုက်၏။
ယောင်ရန်ကမူ ထိုလူ မျက်လုံးဖွင့်သည်ဖြစ်စေ၊ မှိတ်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူမသည် ထိုနေရာတွင် ပင် ရပ်၍ လုံယုက စနိုက်ပါသမားကို စစ်မေးသည်ကို စောင့်ဆိုင်းနေလိုက်လေသည်။ သူမ စောင့်နေစဉ် အတွင်း လုံယုက သူမကို တိတ်တဆိတ် အကဲခတ်နေခဲ့လေ၏။
စနိုက်ပါသမား၏ ကော်လာပေါ်ရှိ ရင်ထိုးတံဆိပ်ကို မြင်ခဲ့စဉ်က ယောင်ရန်၏ တုံ့ပြန်မှုကို လုံယု ပြန် လည် စဉ်းစားနေမိသည်။ သူမသည် ထိုလျှို့ဝှက် အဖွဲ့အစည်းအကြောင်းကို သိရှိနေသည်မှာ သိသာလှ ပေသည်။ သို့သော်လည်း သူ သိထားသရွေ့မူ သေတ္တာတော် ဟု ခေါ်သော ဤအဖွဲ့အစည်းမှာ ကမ္ဘာလုံး ဆိုင်ရာ မျိုးရိုးဗီဇပြောင်းလဲမှု စတင်ပြီး စတုတ္ထမြောက်နှစ်သို့ ရောက်မှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
သူသည် တစ်ညလုံး ထိုအကြောင်းကို တွေးတောနေခဲ့ပြီးနောက် ယောင်ရန်နှင့် စတင်တွေ့ဆုံချိန်မှစ၍ သူမ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ရှင်းပြနိုင်မည့် အဖြေတစ်ခုတည်းသာ ရှိလေသည်။ သူမ၏ တိုက်ခန်းကို ခံတပ်တစ်ခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းမှစ၍ သေတ္တာတော် ၏ အမှတ်အသားကို မြင်သော အခါ ပြသခဲ့သော သူမ၏ တုံ့ပြန်မှုများအထိပင် ဖြစ်၏။
တစ်ညလုံး စဉ်းစားပြီးနောက် လုံယုသည် ယောင်ရန်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်လေသည်။ အကယ် ၍ သူမသည်လည်း သူကဲ့သို့ပင် အတိတ်ဘဝမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက၊ သူ စနိုက်ပါသမား ကို ပထမဆုံး မေးခွန်း မေးလိုက်သည်နှင့် သူမ သိရှိသွားပေလိမ့်မည်။
ထိုသို့ တွေးပြီးနောက် လုံယုသည် စနိုက်ပါသမားကို ကြည့်ကာ မေးလိုက်လေသည်။
"သေတ္တာတော် အဖွဲ့အစည်းရဲ့ ဌာနချုပ်က ဘယ်မှာလဲ...။"
သူ မေးခွန်း မေးပြီးသည်နှင့် ယောင်ရန်သည် သူ့ကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများမှာ အထင်အရှားပင် ဖြစ်နေလေသည်။
၎င်းကို မြင်သောအခါ လုံယုသည် ယောင်ရန်မှာလည်း သူကဲ့သို့ပင် အတိတ်ဘဝမှ ပြန်လည်မွေးဖွားလာ သူ ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်သွားတော့သည်။
သို့သော်လည်း သူနှင့် တူညီသော အတွေ့အကြုံမျိုး ရှိနေသည့်အတွက် ဝမ်းသာမည့်အစား သူမအတွက် စိတ်မကောင်းဖြစ်ကာ ကြေကွဲမိလေသည်။ အတိတ်ဘဝတွင် သူ သိခဲ့သော ယောင်ရန်မှာ ဆင်းရဲဒုက္ခ များစွာဖြင့် ရှင်သန်ခဲ့ရသူ ဖြစ်၏။
သူမအတွက် သူ တစ်ခုခု မလုပ်ပေးနိုင်ခင်မှာပင်၊ သူမကို သူ ရှာတွေ့ခဲ့ချိန်၌ သူမမှာ သေဆုံးနေပြီ ဖြစ်သည်။ အတိတ်ဘဝတွင် သူ သေဆုံးချိန်၌ ခံစားခဲ့ရသော နောင်တများမှာ အံ့သြစရာကောင်း လောက်အောင်ပင် သူ့ကို အတိတ်ကာလဆီသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက သူ့အပေါ် ကြင်နာခဲ့သဖြင့် ဤဘဝတွင် သူတို့ စောစော စီးစီး ဆုံတွေ့ခဲ့ကြရခြင်းဖြစ်ပေသည်။
လုံယုသည် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် လက်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။ လက် ရှိတွင် သူ၏ ပထမဆုံး တာဝန်မှာ ယောင်ရန်နှင့် သူတို့၏ အတိတ်ဘဝများအကြောင်း ဆွေးနွေး ရန် မဟုတ်ဘဲ၊ စနိုက်ပါသမားထံမှ သေတ္တာတော် အကြောင်း သတင်းအချက်အလက်များကို ရယူရန်သာ ဖြစ်ပေသည်။ အကယ်၍ သေတ္တာတော် သာ မရှိခဲ့ပါက သူတို့ နှစ်ဦးစလုံး သေဆုံးရလိမ့်မည် မဟုတ် ပေ...။