← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

ယောင်လုံခြုံရေးကုမ္ပဏီ

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ စနိုက်ပါသမားသည် နောက်ဆုံး၌ မျက်လုံးများကို ဖွင့်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်လေသည်။

"မင်းတို့ ဘာတွေ ပြောနေတာလဲ...၊ သေတ္တာတော် အကြောင်းကို ကျွန်တော် ဘာမှ မသိပါဘူး...။"

ထိုစကားကို ကြားသောအခါ လုံယုသည် ထိုလူ၏ ကော်လာပေါ်ရှိ ရင်ထိုးတံဆိပ်ကို လက်ညှိုးထိုးပြ ကာ ပြောလိုက်လေသည်။

"အဲ့ဒီ ရင်ထိုးတံဆိပ်ပေါ်မှာ သေတ္တာတော် ရဲ့ အမှတ်အသားကို ထွင်းထားတာပဲ...။ မင်းကိုယ်တိုင် ဝတ် ထားပြီးတော့မှ ဘာမှ မသိဘူးလို့ ပြောနေတာလား...။"

စနိုက်ပါသမားသည် လုံယုကို မော့ကြည့်လိုက်ရာ သူသည် အလွန်ပင် တည်ကြည်လေးနက်နေသည်ကို တွေ့လိုက်ရ၏။

လုံယုသည် နောက်ပြောင်နေခြင်း မဟုတ်သည်ကို သိရှိသွားသဖြင့် စနိုက်ပါသမားက ပြောလိုက်လေ သည်။

"မင်းတို့က သန်မာပြီး ကျန်းမာတဲ့သူတွေလို့ ကျွန်တော် ထင်ခဲ့တာ...။ ဘယ်သူက သိမှာလဲ၊ မင်းတို့က တကယ့်ကို အသိစိတ်လွဲချော်နေတဲ့ စိတ်ကူးယဉ် ဝေဒနာသည်တွေ ဖြစ်နေမယ်လို့...။"

"သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေလို့ နောဧလှေကြီးက လောကကြီးကို လာကယ်မယ်လို့ ထင်နေတာလား...။ အိပ်မက်ယောင်မနေစမ်းပါနဲ့...၊ သေတ္တာတော် ဆိုတဲ့ အကြောင်းကို ကျွန်တော် တကယ်ကို ဘာမှ မသိတာပါ...။"

လုံယုသည် အခန်းထဲသို့ ဝင်လာကတည်းက စနိုက်ပါသမား၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင်မူ စနိုက်ပါသမားမှာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သူ သိရှိလိုက်လေ သည်။ ထိုလူသည် သေတ္တာတော် အကြောင်းကို အမှန်တကယ်ပင် ဘာမှ မသိရှိပေ။

သူသည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"မင်းက သေတ္တာတော် အကြောင်းကို မသိဘူးဆိုရင်...၊ မင်းတို့ အဖွဲ့အစည်းရဲ့ နာမည်က ဘာလဲ...။"

စနိုက်ပါသမားမှာ ရိက္ခာ၊ ရေနှင့် အပူငွေ့များ မရှိသော ဤနေရာတွင် ပစ်ထားခြင်း ခံရသဖြင့် အလွန်ပင် ဆာလောင်နေပြီ ဖြစ်၏။ သူ၏ ဝမ်းဗိုက်မှာ ကျောနှင့် ကပ်မတတ်ပင် ဖြစ်နေလေပြီ။

လုံယုနှင့် ယောင်ရန်တို့သည် သူသိထားသော သတင်းအချက်အလက်များကို အလိုရှိနေသဖြင့် သူသည် ၎င်းကို အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်တော် ရေငတ်တယ်၊ ဗိုက်ဆာတယ်၊ ပြီးတော့ ချမ်းလည်း ချမ်းတယ်...။ ခင်ဗျားတို့ မေးခွန်းတွေကို ဖြေဖို့ အင်အား မရှိတော့ဘူး...။"

ထိုလူမှာ သူတို့နှင့် အပေးအယူလုပ်လိုနေသည်ကို သိသဖြင့် လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ယောင်ရန်...၊ သူ့ကို သတ်ရုံပဲ ရှိတော့တာပေါ့...။ သူတို့က ငါတို့ကို သတ်ဖို့ လူသတ်သမား အုပ်စုတစ်စု စေလွှတ်ခဲ့တယ်ဆိုရင်...။ ငါတို့ မသေမချင်း သူတို့ ရပ်မှာ မဟုတ်ဘူး...၊ နောက်တစ်သုတ် လာတဲ့အခါ ကျမှ တခြား လူသတ်သမား တစ်ယောက်ယောက်ကို ထပ်ဖမ်းရတော့မှာပေါ့...။"

စနိုက်ပါသမားမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားတော့၏။ သို့သော် သူသည် လုံယု၏ စကားကြောင့် ထိတ်လန့်သွားခြင်း မဟုတ်ဘဲ၊ ယောင်ရန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"မင်းရဲ့ နာမည်က ယောင်ရန်လား...။"

လုံယုနှင့် ယောင်ရန်တို့မှာ ထိုလူ၏ တုံ့ပြန်မှုကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။ ယောင်ရန်က မျက်မှောင် ကြုတ်ကာ မေးလိုက်လေသည်။

"ရှင် သတ်ရမယ့်သူရဲ့ နာမည်ကိုတောင် မသိဘူးလား...။"

သူမသည် စနိုက်ပါသမားကို ကြည့်ကာ ဤလူမှာ အလုပ်အပေါ် ကျွမ်းကျင်မှု မရှိဟု တွေးတောနေမိ၏။

စနိုက်ပါသမားက ခေါင်းခါပြကာ ပြောလိုက်လေသည်။

"ကျွန်တော်က မနေ့ညကမှ တာဝန်ကို လက်ခံရရှိပြီး ဒီအဖွဲ့ထဲကို အလောတကြီး ဝင်ခဲ့တာပါ...။ သူတို့ က ကျွန်တော့်ကို ဘာမှ မပြောပြဘဲ အဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ကိုပဲ နာခံဖို့ ခိုင်းခဲ့တာလေ...။"

ထိုသို့ ပြောပြီးနောက် သူသည် အေးစက်သော ကြမ်းပြင်ပေါ်မှ ထရန် ကြိုးစားလိုက်သော်လည်း ထုပ်ပိုး ထားသကဲ့သို့ တုပ်နှောင်ခံထားရသဖြင့် မလှုပ်နိုင်ပေ။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူသည် လက် လျှော့လိုက်ကာ ယောင်ရန်ကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့၏။ သူ၏ မျက်ဝန်း များထဲတွင် အစောပိုင်းက ရှိနေခဲ့သော အေးစက်စိမ်းကားသည့် အမူအရာများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

၎င်းကို မြင်သောအခါ လုံယုမှာ မျက်မှောင်ကြုတ်သွားပြီး ထိုလူ၏ ခြေထောက်ကို ကန်ကာ ပြောလိုက် လေ၏။

"သူမကို အဲ့ဒီလို စိုက်မကြည့်နဲ့...၊ မဟုတ်ရင် မင်းရဲ့ မျက်လုံးတွေကို ငါ ဖောက်ထုတ်ပစ်မယ်...။"

လုံယု၏ မကျေနပ်မှုကို ခံစားမိသဖြင့် စနိုက်ပါသမားက အမြန်ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့ အစ်ကိုကြီး...၊ ကျွန်တော် သူမအပေါ် ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး...။"

ယောင်ရန်က ထိုစကားကို ကြားသောအခါ မျက်လုံးစောင်းကြည့်ကာ ပြောလိုက်၏။

"အင်း...၊ ဟုတ်တာပေါ့...။ ရှင်က ကျွန်မအပေါ် မကောင်းတဲ့ စိတ်မရှိပါဘူး...။ ကျွန်မကို သတ်ချင်ရုံ သက်သက်ပဲမလား...။"

စနိုက်ပါသမားမှာ အလောတကြီးပင် ပြန်လည် ရှင်းပြလိုက်လေသည်။

"မဟုတ်ပါဘူး! အဲ့ဒါက မင်းရဲ့ နာမည်က ယောင်ရန်ဆိုတာကို ကျွန်တော် မသိခဲ့လို့ပါ...။"

လုံယုက မျက်မှောင် ပိုမိုကြုတ်လိုက်ပြီး မေးလိုက်၏။

"ဘာထူးမှာလဲ...၊ မင်းရဲ့ တာဝန်က သူမကို သတ်ဖို့ပဲလေ...။"

စနိုက်ပါသမားမှာ လုံယု၏ စကားကြောင့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး ပူပန်နေပုံရလေ၏။

သူသည် ယောင်ရန်ကို ကြည့်ကာ အလျင်အမြန် ရှင်းပြလိုက်လေသည်။

"မင်းက ဥက္ကဋ္ဌယောင်ရဲ့ မြေးအရင်း မဟုတ်လား...၊ ငါ မင်းရဲ့ အဘိုးကို သိတယ်...။ သူက ငါ့ရဲ့ ကျေးဇူး ရှင်ပါ...။"

ထိုစကားကို ကြားပြီးနောက် ယောင်ရန်မှာ တိတ်ဆိတ်သွားတော့၏။ အတိတ်ဘဝမှ ပြန်လည်နိုးထလာ ပြီးနောက် သူမ၏ အဘိုးကို သိသော သူစိမ်းတစ်ဦးနှင့် ဆုံတွေ့ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဘာကို ဆိုလိုတာလဲ...။ ရှင့်အနေနဲ့ ကျွန်မရဲ့ အဘိုးအကြောင်းကို ဘယ်လို သိနေတာလဲ...။"

ဤသည်မှာ ရှင်းပြရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်ဟု ယူဆကာ စနိုက်ပါသမားက ပြောလိုက်လေသည်။

"မယောင်ရန်...၊ ကျွန်တော့် နာမည်က ယောင်ယွဲ့ချွမ်ပါ...။ ကျွန်တော် ငယ်ငယ်လေးကတည်းက ဥက္ကဋ္ဌ ယောင်က ကျွန်တော့်ကို ကယ်တင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ...။ ကျွန်တော့်ကို သူဌေးကြီးရဲ့ မျိုးရိုးနာမည်တောင် ပေးထားခဲ့တာလေ...။"

"ကျွန်တော် ပညာသင်ကြားပြီး လေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့အခါ ယောင်အုပ်စုရဲ့ လက်အောက်မှာရှိတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်...။ ဒီရင်ထိုးတံဆိပ်က ယောင်လုံခြုံရေးကုမ္ပဏီရဲ့ တံဆိပ် ပါ...။ ဥက္ကဋ္ဌယောင်က မင်းရဲ့ မိခင် သေဆုံးပြီးနောက်မှာ မင်းကို ကာကွယ်ဖို့အတွက် ဒီကုမ္ပဏီကို တည် ထောင်ခဲ့တာပေါ့...။"

"အစတုန်းကတော့ လန်လီဖေးအတွက်လို့ ထင်ခဲ့ကြတာ...။ ဒါပေမဲ့ ဥက္ကဋ္ဌယောင်က အမှန်တရားကို သိသွားတဲ့အခါ မင်းကို နေရာအနှံ့မှာ လိုက်ရှာခဲ့တာလေ...။ ဥက္ကဋ္ဌယောင် လမ်းပေါ်မှာ မူးလဲသွားတုန်းက မင်းက အမှတ်မထင် ကယ်တင်ခဲ့တဲ့အချိန်မှာ မင်းရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းဖို့ တာဝန်ပေး ခံရတဲ့သူတွေက ကျွန်တော်တို့ပါပဲ...။"

သူက ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောလေသည်။

"လန်ကွမ်းဟွေ့နဲ့ လန်လီဖေးတို့က ကျွန်တော်တို့ကို နှစ်ပေါင်းများစွာ လှည့်စားခဲ့ကြပေမဲ့၊ ဥက္ကဋ္ဌယောင် က မင်းကို ရှာတွေ့သွားတဲ့အခါ မင်းကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ အထူးတာဝန်တွေ ရရှိခဲ့တယ်...။ ကျွန်တော့်ရဲ့ အဓိက တာဝန်က မင်းကို ဘေးကင်းအောင် စောင့်ရှောက်ဖို့ ဖြစ်နေတာကို မင်းကို ဘယ် လိုလုပ် သတ်နိုင်မှာလဲ...။"

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ရှင် တကယ်ပဲ ကျွန်မ အဘိုးအတွက် အလုပ်လုပ်ပေးတာဆိုရင်...၊ ကျွန်မ ယောင်အုပ်စုကို လွှဲပြောင်း ယူတုန်းက ဒီလုံခြုံရေးကုမ္ပဏီ ရှိနေတာကို ဘာလို့ မသိခဲ့တာလဲ...။"

ယောင်ယွဲ့ချွမ်က ပြန်လည်ဖြေလိုက်လေသည်။

"မင်း ယောင်လုံခြုံရေးကုမ္ပဏီအကြောင်း မသိတာက သဘာဝကျပါတယ်...၊ ဘာလို့လဲဆိုတော့ ကျွန် တော်တို့က မင်းရဲ့ ရှေ့မှောက်မှာ ဘယ်တော့မှ ပေါ်မလာသင့်တဲ့သူတွေမို့လို့ပဲ...။ ကျွန်တော်တို့က မင်းကို အရိပ်ထဲကနေ ကာကွယ်ပေးပြီး မင်းရဲ့ ဘဝလမ်းခရီးမှာ ရှိနေတဲ့ အဟန့်အတား အားလုံးကို ဖယ်ရှား ပေးဖို့ပါ...။"

"ကျွန်တော်တို့ ရှိနေတာကို သိတဲ့သူဆိုလို့ ဥက္ကဋ္ဌယောင်နဲ့ လက်ထောက်ဟယ်ပဲ ရှိတာပါ...။ ကံမကောင်း စွာနဲ့ပဲ မင်းက ယောင်အုပ်စုကို ရောင်းလိုက်ပြီးတဲ့နောက်မှာ လက်ထောက်ဟယ်က အလုပ်ထွက်သွား ခဲ့ပြီး ကျွန်တော်တို့လည်း သူနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်...။"

ယောင်ရန်မှာ ထိုစကားကို ကြားသည့်အခါ ရယ်ချင်သွားတော့၏။ သူမ၏ အတိတ်ဘဝတွင် ခံစားခဲ့ရ သော အနာကျင်ဆုံး အတွေ့အကြုံမှာ ဓာတ်ခွဲခန်းထဲတွင် နှစ်နှစ်တိုင်တိုင် ပိတ်လှောင်ခံခဲ့ရခြင်း ဖြစ်လေ သည်။

သူမကို အနာကျင်ဆုံးဖြစ်အောင် လုပ်ခဲ့သူများက ယခုအခါတွင်မူ သူမကို ကာကွယ်ရန် ကြိုးစားခဲ့သည် ဟု ယောင်ယွဲ့ချွမ်က မည်သို့ ပြောဝံ့ရသနည်း။

သူမ၏ အေးစက်သော မျက်နှာအမူအရာကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသည်ဟု ယောင်ယွဲ့ချွမ် ခံစားလိုက်ရ၏။ သူသည် ယောင်ရန်ကို ကြည့်ကာ တွန့်စုတ်စွာ မေးလိုက်လေသည်။

"မယောင်ရန်...၊ မင်း ကျွန်တော့်ကို သံသယဝင်နေတာလား...။"

ယောင်ရန်က ပြုံး၍ ပြန်မေးလိုက်၏။

"ရှင့်ကို ကျွန်မက ယုံကြည်သင့်လို့လား...။"

ယောင်ယွဲ့ချွမ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ကျွန်တော် အရာအားလုံးကို အမှန်အတိုင်း ပြောပြမယ်ဆိုရင် မင်း ယုံကြည်မှာလား...။ ကျွန်တော်က တကယ်ကို မင်းရဲ့ ရန်သူ မဟုတ်ပါဘူး...။"

All Chapters