အခန်း ၈၂၂
Vol. 42 Ch. 822
အပိုင်း(၈၂၂) သားအဖနှစ်ယောက် ပြန်လည်ဆုံတွေ့ခြင်း
စကားပြောနေစဉ်မှာပင် လုတရုံ လျှောက်လာသည်ကို မြင်လိုက်ရသည်။
"ဆရာလင်း... အပြင်ဘက်က အခြေအနေ ဘယ်လိုရှိလဲ... ခိုက်ရီနည်းပညာက လူတွေလား"
တွေ့တွေ့ချင်းပင် လုတရုံက စိုးရိမ်တကြီး မေးလိုက်သည်။
သူနှင့်အတူ လျန်မင်ရှုကလည်း ပါလာခဲ့သည်။
လင်းယွမ်က လျန်မင်ရှုကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုတရုံဘက်သို့ အကြည့်ရွှေ့ကာ ပြောလိုက်သည်။ "အပြင်ဘက်က ကိစ္စအတွက် စိတ်ပူစရာမလိုတော့ဘူး... အားလုံး ရှင်းလင်းပြီးသွားပြီ"
"ဒီတစ်ခေါက် အောက်ဘက်ကနေ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လုတရုံမှာ အစပိုင်းတွင် ကြောင်အမ်းသွားခဲ့သော်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။
အသက်ကို ခပ်ပြင်းပြင်း ဆက်တိုက်ရှူသွင်းလိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ "ဆရာလင်း... ယွီယန်... ယွီယန်များလား"
လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်သည်။
လုတရုံသည် ဘယ်ညာသို့ ကမန်းကတန်း လှည့်ပတ်ကြည့်ရှုရင်း မေးလိုက်သည်။ "ဘယ်မှာလဲ... သူ ဘယ်မှာလဲ"
"ကျွန်တော် အပေါ်တက်လာတဲ့အချိန် မုန်ယာကုမ္ပဏီက လေဟုန်စီး ငါးလိပ်စွန် ရေပေါ်ကျွန်းကို တိုက်ခိုက်နေတာနဲ့ ဆုံတာနဲ့... သူ့ကို သုမာရု ဟင်းလင်းပြင်ထဲမှာ ထည့်ထားတယ်... ခင်ဗျားကို မေးချင်တာက... ခင်ဗျားရော အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ဖြစ်ပြီဆိုရင် သူ့ကို ခေါ်ထုတ်ပေးမယ်"
လုတရုံက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "အဆင်သင့်ဖြစ်ပါပြီ... ကျွန်တော်... ကျွန်တော် သမီးလေးကို အရမ်း ပြန်တွေ့ချင်နေတာပါ"
လင်းယွမ်က လျန်မင်ရှုကို ထပ်မံကြည့်လိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားတို့ သားအဖနှစ်ယောက် သီးသန့်တွေ့ဖို့ နေရာတစ်ခုခု စီစဉ်ပေးရမလား"
လုတရုံလည်း ချက်ချင်း သဘောပေါက်သွားပြီး လျန်မင်ရှုကို အရင်ဆုံး လှမ်းကြည့်လိုက်သည်။
လျန်မင်ရှုကလည်း လုတရုံ၏ အခက်အခဲကို နားလည်သဖြင့် အလျင်အမြန် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး အစ်ကိုလု... အစ်ကိုသာ ဆရာလင်းနဲ့ လိုက်သွားလိုက်ပါ... ကျွန်မ ဟိုဘက် အစည်းအဝေးခန်းထဲကနေပဲ စောင့်နေပါ့မယ်"
ထိုသို့ပြောပြီးနောက် သူမက မလှမ်းမကမ်းရှိ အစည်းအဝေးခန်းဆီသို့ အသိစိတ်ဖြင့် လျှောက်သွားလေသည်။
လုတရုံက ပါးစပ်ဟလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူမကို မတားခဲ့ပေ။
သမီးဖြစ်သူ၏ သဘောထားကို သေချာမသိသေးသဖြင့် လျန်မင်ရှုကို သမီးဖြစ်သူနှင့် မိတ်ဆက်ပေးရန် သူ မရဲတဝံ့ ဖြစ်နေသေးသည်။
ထိုအချက်ကို တွေးမိသွားပြီး လင်းယွမ်ဘက်သို့ လှည့်ကာ တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။ "ဆရာလင်း... သမီးလေးက... ကျွန်တော့်အခြေအနေတွေကို သိပြီးပြီလား"
လင်းယွမ်က ခေါင်းအသာညိတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "စိတ်ချပါ... ယွီယန်က အရမ်း လိမ္မာပြီး ခင်ဗျားကိုလည်း နားလည်ပေးနိုင်ပါတယ်... လာ... ကျွန်တော်နဲ့ လိုက်ခဲ့"
လင်းယွမ်က လုတရုံကို ခေါ်ဆောင်ကာ အခြား အစည်းအဝေးခန်း တစ်ခုဆီသို့ သွားခဲ့သည်။
ထို့နောက် ပြောလိုက်သည်။ "ခဏလောက် စောင့်နေ"
ထိုသို့ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားရာ လုတရုံတစ်ယောက်တည်းသာ စိုးရိမ်တကြီးဖြင့် ကျန်ရစ်ကာ စောင့်ဆိုင်းနေတော့သည်။
သုမာရု ဟင်းလင်းပြင်ထဲတွင်မူ လုယွီယန်သည် ဤဧရာမ နေရာကြီးကို စပ်စုချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။
လင်းယွမ်၏ စိတ်စွမ်းအင်များ တိုးတက်လာသည်နှင့်အမျှ သုမာရု ဟင်းလင်းပြင်၏ အကျယ်အဝန်းမှာလည်း ဆက်တိုက် ကြီးမားကျယ်ပြန့်လာခဲ့သည်။
ထိုနေရာတွင် ထားရှိသော ပစ္စည်းများမှာလည်း ထူးဆန်းအံ့သြဖွယ်ကောင်းလှပြီး လူစက်ရုပ် သံချပ်ကာများ... ကင်းစောင့်စက်ရုပ်များမှစ၍ အထူးထုတ်လုပ်ထားသော လေယာဉ်ပျံများ... ရေငုပ်သင်္ဘောများနှင့် သံချပ်ကာကားများ ပါဝင်သည့်အပြင် ရိက္ခာပစ္စည်းများပင် အမြောက်အမြား ရှိနေသေးရာ စူပါကုန်လှောင်ရုံကြီး တစ်ခုနှင့်ပင် တူနေတော့သည်။
ဤနေရာရှိ ပစ္စည်းအများစုမှာ လင်းယွမ်၏ လျှို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းနှင့် သက်ဆိုင်နေသည်။
သူ အထူးယုံကြည်ရသော လူများကိုသာ ဤနေရာသို့ ခေါ်ဆောင်လာလေ့ရှိသည်။
လုတရုံဆိုလျှင်တောင် လင်းယွမ်က သူ့ကို ဤနေရာသို့ ခေါ်လာရန် အစီအစဉ် မရှိပေ။
လုယွီယန်တစ်ယောက် ထိုပစ္စည်းများကို စပ်စုချင်စိတ်ဖြင့် ကြည့်ရှုနေစဉ် ရုတ်တရက် ဟင်းလင်းပြင် လှိုင်းထသွားပြီး လင်းယွမ် ပေါ်လာသည်။
လုယွီယန်မှာ လန့်ဖျပ်သွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ အားနာနာဖြင့် ပြောလိုက်သည်။ "အစ်ကိုလင်း... ညီမ... ညီမ ဒီတိုင်း လျှောက်ကြည့်နေတာပါ"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... အေးဆေး ကြည့်ပါ... ဒီနေရာက နည်းနည်း ကိုယ်ပိုင်သီးသန့်ဆန်တဲ့ နေရာဆိုပေမဲ့ သူများကို ပေးမသိနိုင်တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး... ယုံကြည်ရတဲ့သူတွေဆိုရင် အေးဆေး ကြည့်လို့ရတယ်"
လုယွီယန်က ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် ချက်ချင်းပင် ကြည်နူးသွားတော့သည်။
သူမသည် အစ်ကိုလင်း ယုံကြည်ရသော လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
ထိုအချိန်တွင် လင်းယွမ်က ပြောလိုက်သည်။ "ဒါနဲ့... ညီမရဲ့အဖေကို ခေါ်လာခဲ့တယ်... သူ အပြင်မှာ ရောက်နေပြီ... လာ... လိုက်ခဲ့"
လုယွီယန်မှာ ထိုစကားကြောင့် ချက်ချင်းပင် အံ့သြဝမ်းသာသွားပြီး လင်းယွမ်အနားသို့ အလျင်အမြန် ပြေးသွားလိုက်ရာ သူမ၏ အင်္ကျီအောက်မှ ကြီးမားလှသော ရင်သားအစုံမှာ ပြင်းထန်စွာ တုန်ခါသွားသည်ကိုပင် သတိမထားမိလိုက်ချေ။
လင်းယွမ်က သူမ၏ လက်လေးကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ "သွားရအောင်"
"ဟုတ်ကဲ့"
"ဝှစ်"
သုမာရု ဟင်းလင်းပြင် ပွင့်သွားပြီး လင်းယွမ်က လုယွီယန်ကို ဆွဲကာ သုမာရု ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။
အပြင်သို့ ရောက်သည်နှင့် လုယွီယန်က နေ့စဉ်နှင့်အမျှ သတိရလွမ်းဆွတ်နေခဲ့ရသော ခိုင်မာတောင့်တင်းသည့် ကျောပြင်ကြီးကို မြင်လိုက်ရသည်။
"အဖေ"
လုယွီယန်က ဝမ်းသာတကြီး အော်ခေါ်လိုက်ပြီး လုတရုံ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
လုတရုံမှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ကြက်သေ သေသွားပြီး နေရာတွင်ပင် မှင်သက်စွာ ရပ်နေမိသည်။
သူ၏ ခေါင်းထဲတွင် အုန်းခနဲ မြည်ဟည်းသွားပြီး မျက်ရည်များမှာ တားဆီး၍မရနိုင်အောင် စီးကျလာကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့သည်။
မိမိ၏ သမီး... ငယ်စဉ်ကတည်းက နတ်သမီးလေးတစ်ပါးလို ချစ်စရာကောင်းခဲ့သည့် သမီးလေး... သူမ... သူမ၏ အသံက တကယ်ပဲ ဒီလိုလေးပါလား။
အံ့သြဝမ်းသာမှု၊ စိတ်လှုပ်ရှားမှု စသည့် ခံစားချက်မျိုးစုံက သူ၏ ရင်ထဲတွင် ပြည့်နှက်နေပြီး ဤဖခင်အိုကြီးကို မျက်ရည်များ ရွှဲနစ်သွားစေတော့သည်။
သားအဖနှစ်ယောက် ဖက်ထားမိကြပြီး တစ်ယောက်က ရှိုက်ငိုနေကာ ကျန်တစ်ယောက်ကမူ စိတ်လှုပ်ရှားနေသည်။
အတော်ကြာမှသာ လုတရုံက လက်ကို ဖြေလျှော့လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ယွီယန်... သမီး... သမီး စကားပြောတတ်နေပြီလား... အဖေ့အသံကို သမီး ကြားရပြီလား"
လုယွီယန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "အဖေ... သမီး ကြားရတယ်... အကုန်လုံးကို ကြားရတယ်"
"အခုဆို သမီး ငှက်အော်သံတွေ... လေတိုက်သံတွေ... မိုးရွာသံတွေနဲ့ တခြားအသံတွေ အများကြီးကို ကြားနေရပြီ"
"ဒီကမ္ဘာကြီးရဲ့ အသံတွေက တကယ်ပဲ သမီး စိတ်ကူးယဉ်ထားခဲ့သလို စုံလင်လှပလွန်းတယ်"
"အရာအားလုံးက အရင်လို တိတ်ဆိတ်မနေတော့ဘူး"
"သူတို့အားလုံးက ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုနေကြပြီး လေပြေနဲ့အတူ ကခုန်နေကြတယ်"
လုယွီယန်သည် အသက်ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်လို သူမ၏ ဝမ်းသာပျော်ရွှင်မှုများကို ကြည်နူးစွာ မျှဝေနေသည်။
လုတရုံမှာမူ တဟားဟား ရယ်မောနေရင်းမှ တဖြည်းဖြည်းနှင့် ငိုချလာပြန်သည်။
၎င်းမှာ ဝမ်းသာလွန်း၍ ငိုခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရသော သမီးဖြစ်သူ၏ ဒုက္ခများ ကင်းဝေးသွားသည့်အတွက် ဝမ်းသာနေခြင်းဖြစ်သည်။
ဝမ်းသာလွန်း၍ မျက်ရည်ကျရသည် ဆိုသည်မှာ ဤအဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးသွားပြီး ထိုသားအဖနှစ်ယောက် ပြန်လည်ဆုံတွေ့ချိန်လေးကို လွတ်လပ်ခွင့်ပေးရန်အတွက် အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
အစည်းအဝေးခန်းထဲမှ ထွက်လာသည်နှင့် မျက်နှာချင်းဆိုင် အစည်းအဝေးခန်း တံခါးဝတွင် လျန်မင်ရှုက စိတ်မသက်မသာဖြစ်နေသော မျက်နှာဖြင့် ဤဘက်သို့ လှမ်းကြည့်နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
လင်းယွမ်ကို မြင်လိုက်ရသောအခါ သူမက စိတ်မသက်မသာဖြစ်နေသော အမူအရာကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် လောကဓမ္မတာကို ကောင်းကောင်းနားလည်ပြီး သူမ၏ အတွင်းစိတ်ခံစားချက်များကိုလည်း အလွန် ကျွမ်းကျင်စွာ ဖုံးကွယ်တတ်ပေသည်။
လင်းယွမ် လျှောက်သွားလိုက်ရာ လျန်မင်ရှုက အလျင်အမြန် မေးလိုက်သည်။ "ဆရာလင်း... သူတို့ သားအဖနှစ်ယောက်... အဆင်ပြေကြရဲ့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "အရမ်း အဆင်ပြေပါတယ်... သားအဖ ပြန်တွေ့ကြတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေကြတာ... ခဏနေရင် အဆင်ပြေသွားမှာပါ"
လျန်မင်ရှုက ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ "ဆရာလင်း... ယွီယန်က... ကျွန်မအပေါ် ဘယ်လို သဘောထားမျိုး ရှိမလဲ ဆိုတာကိုများ သိရမလား"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။ "ခင်ဗျားကရော သူမအပေါ် ဘယ်လို သဘောထားလဲ"
"ရှင်"
လျန်မင်ရှုမှာ ကြောင်အမ်းသွားပြီး အလျင်အမြန် ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။ "သူများရဲ့ မိထွေး လုပ်ရမယ့်သူက ဘယ်လို သဘောထားမျိုး ထားရဲမှာလဲ... သူက ကျွန်မကို လက်ခံပေးရင်ပဲ ကျေးဇူးတင်လှပါပြီ"
လင်းယွမ်က သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ... ယွီယန်က အရမ်း လိမ္မာပြီး သဘောထားလည်း ကောင်းတဲ့ ကလေးပါ... ခင်ဗျားကို အခက်တွေ့အောင် လုပ်မှာ မဟုတ်သလို အစ်ကိုလုနဲ့ ခင်ဗျားအတွက်ပါ ဆုတောင်းပေးမှာပါ"
ထိုနေရာသို့ ရောက်သောအခါ သူ၏ လေသံက အနည်းငယ် ရပ်တန့်သွားပြီး ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ဒီကလေးက သဘောကောင်းလွန်းတော့ အနိုင်ကျင့်ခံရဖို့ ပိုလွယ်တယ်... မိထွေးဖြစ်တဲ့ ခင်ဗျားအနေနဲ့ နောက်ပိုင်းမှာ သူမကို ပိုပြီး ဂရုစိုက်ပေးပါ... အခက်အခဲ တစ်ခုခုရှိရင် ကျွန်တော့်ဆီ လာရှာလို့ ရတယ်"
လျန်မင်ရှုမှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် တစ်ခုခုကို သဘောပေါက်သွားကာ လင်းယွမ်ကို မနေနိုင်ဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် အစည်းအဝေးခန်းထဲမှ မထွက်လာသေးသော သားအဖနှစ်ယောက်ကိုလည်း လှမ်းကြည့်လိုက်မိသည်။
သူမ၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ လင်းယွမ်လို အဆင့်အတန်းမျိုး ရှိသည့်သူက ဘာကြောင့် လုယွီယန်အပေါ် ဒီလောက်အထိ ဂရုစိုက်နေရသနည်း။
သူမကလည်း မိန်းမတစ်ယောက် ဖြစ်သဖြင့် ဤကိစ္စရပ်များအပေါ် ပို၍ အကဲဆတ်ပေသည်။
ယောက်ျားတစ်ယောက်က အကြောင်းပြချက်မရှိဘဲ မိန်းမတစ်ယောက်အပေါ် ဒီလောက် ကောင်းနေရတာ ဘာအကြောင်းများ ရှိနိုင်မလဲ။
သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာသော်လည်း ဤခန့်မှန်းချက်မှာ အခြေအနေနှင့် အနည်းငယ် လွဲချော်နေသလို ဖြစ်နေသည်။
ထို့ပြင် သူမ၏ အတွေးများ ပြောင်းလဲသွားပြီး ရုတ်တရက် ကိစ္စတစ်ခုကို တွေးမိသွားသည်။
အကယ်၍ ဆရာလင်းကသာ လုယွီယန်အပေါ် တကယ်ပဲ သဘောကျနေပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက် တကယ် ပေါင်းဖက်သွားခဲ့မယ်ဆိုရင်...
သူမကိုယ်တိုင်က လုယွီယန်၏ မိထွေး ဖြစ်နေသဖြင့်... ဆရာလင်းအတွက်လည်း...
သူမ ချက်ချင်းပင် လန့်ဖျပ်သွားပြီး ဆက်လက်၍ ဝေဝေဝါးဝါး မတွေးရဲတော့ပေ။
သူမ အသက်မှာ ယခုနှစ်မှ သုံးဆယ့်နှစ်နှစ်သာ ရှိသေးပြီး လုတရုံက လေးဆယ့်ငါးနှစ် ဖြစ်ကာ လုယွီယန်က ယခုမှ ဆယ့်ရှစ်နှစ်သာ ရှိသေးသည် မဟုတ်ပါလား။
လင်းယွမ်ကရော အသက်ဘယ်လောက် ရှိပြီလဲ... သုံးဆယ် ပြည့်ပြီလား... မပြည့်လောက်သေးဘူး။
သို့သော် အစွမ်းပိုင်ရှင်များက ငယ်ရွယ်နုပျိုပုံ ပေါက်တတ်သဖြင့် လင်းယွမ်၏ အသက်ကိုလည်း သူမ အတိအကျ မသိပေ။
ဘာပဲဖြစ်ဖြစ် သူမထက် အများကြီးတော့ မငယ်လောက်ဘူး မဟုတ်လား။
နောက်ပိုင်းကျရင် သူက ကိုယ့်ကို ယောက္ခမလို့ ခေါ်ရနိုင်ခြေ ရှိနေတာလား။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် လျန်မင်ရှုမှာ ချက်ချင်းပင် ခေါင်းနပန်းကြီးသွားပြီး ဘယ်လို ဖြေရှင်းရမှန်း မသိဖြစ်သွားတော့သည်။
ဤခဏလေးအတွင်းမှာပင် ကိစ္စပေါင်းများစွာကို တွေးတောနိုင်ခဲ့သဖြင့် သူမသည် အမှန်တကယ်ကို ဉာဏ်ကောင်းသော အမျိုးသမီးတစ်ယောက် ဖြစ်သည်ဟုသာ ဆိုရပေမည်။
လင်းယွမ်ကတော့ သူမ၏ ထူးထူးဆန်းဆန်း အတွေးများကို မသိနိုင်ဘဲ ပြောလိုက်သည်။ "ဒီမှာပဲ စောင့်နေလိုက်... သူတို့ ထွက်လာရင် သေချာ စကားပြောကြပေါ့... ကျွန်တော့်ဘက်မှာ ကိစ္စရှိသေးလို့ အရင် သွားနှင့်မယ်"
လျန်မင်ရှုက အလျင်အမြန် မေးလိုက်သည်။ "ရှင်... အခုပဲ သွားတော့မလို့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာက ရေပေါ်ကျွန်းနားမှာ ရစ်သီရစ်သီ လုပ်နေသေးတယ်... ကျွန်တော် အောက်ဆင်းပြီး ဖြေရှင်းရဦးမယ်... အစ်ကိုလုနဲ့ ယွီယန်ကို ကျွန်တော့်ကိုယ်စား အသိပေးလိုက်ပါဦး"
ထိုသို့ပြောပြီးနောက် လင်းယွမ်က ဆက်မပြောတော့ဘဲ မတ်တတ်ရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားလေသည်။
အပြင်သို့ရောက်သောအခါ အပြင်ဘက်တွင် အမြဲစောင့်နေသော ဝမ်ထျန်အန်းနှင့် စကားအနည်းငယ် ပြောလိုက်ပြီး နတ်သစ်ပင်ကျွန်းကို သေချာစောင့်ကြပ်ရန် မှာကြားလိုက်ကာ လင်းယွမ်က နတ်သစ်ပင်ကျွန်းမှ ပျံသန်းထွက်ခွာလာပြီး တိမ်ပင်လယ် မိုးကြိုးမုန်တိုင်းထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားတော့သည်။
ယခုအချိန်တွင် လင်းယွမ်သည် ရွှေမွေးခြင်္သေ့မိစ္ဆာ မျိုးရိုးဗီဇ ပုံစံကို အားကိုး၍ တိမ်ပင်လယ် မိုးကြိုးမုန်တိုင်းထဲတွင် လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်နေပြီ ဖြစ်သည်။
လေယာဉ်ပျံ စီးသည်နှင့် ယှဉ်လျှင် သူကိုယ်တိုင် ပျံသန်းခြင်းက အလျင် ပိုမြန်သည်မှာ သေချာလှပေသည်။
"ဝှစ်"
"ဝုန်း"
မရေမတွက်နိုင်သော မိုးကြိုးများက လင်းယွမ်၏ ရွှေမွေးခြင်္သေ့မိစ္ဆာ ပုံစံပေါ်သို့ ကျဆင်းလာရာ ရွှေရောင် အကြေးခွံများက မိုးကြိုးများကို စတင် ဝါးမျိုစုပ်ယူပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည်။
မိမိ၏ ခွန်အားနှင့် သွေးသားအင်အားများ မြင့်တက်လာနေသည်ကို လင်းယွမ် ခံစားမိနေသည်။
၎င်းမှာ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ ပင်ကိုယ်အစွမ်း ဖြစ်သော ရွှေကြေးခွံ လျှပ်စီးမျို ၏ အာနိသင်ပင် ဖြစ်သည်။
"နှမြောစရာပဲ... အချိန်က ကန့်သတ်ချက် ရှိနေတယ်... ဒါမှမဟုတ်ရင် ဒီမိုးကြိုးတိမ်တိုက်ထဲမှာ အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်လို့ ရနိုင်တယ်... ငါ့ရဲ့ ခန္ဓာကိုယ် ခွန်အားတွေလည်း သိသိသာသာ တိုးတက်လာမှာ အသေအချာပဲ"
လင်းယွမ်က ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုးမုန်တိုင်းဇုန်ကို လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။
ဤကဲ့သို့ မိုးကြိုးများ၏ အချခံကာ မိုးကြိုးကို စုပ်ယူ၍ ခန္ဓာကိုယ်ကို သန့်စင်သည့် နည်းလမ်းသည် ခန္ဓာကိုယ်၏ ခွန်အားကို အတိုင်းအတာ တစ်ခုအထိ ကြီးမားစွာ တိုးမြှင့်ပေးနိုင်သည်။
ထိုအရာနှင့် ကိုက်ညီစွာပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အား အဓိက အရည်အသွေးများမှာလည်း သေချာပေါက် တိုးလာပေလိမ့်မည်။
ထို့ပြင် ဤနည်းလမ်းဖြင့် တိုးမြှင့်ခြင်းသည် နည်းပညာကို အသုံးပြု၍ တိုးမြှင့်သည့် နည်းလမ်းများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိမည်မဟုတ်ပေ။
၎င်းမှာ သန့်စင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းလမ်းစစ်စစ်ပင် ဖြစ်သည်။
ဤနည်းလမ်းဖြင့် လေ့ကျင့်ထားသော ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် စွမ်းအင် ချိတ်ပိတ်ထားသော နယ်မြေများတွင် အလွန်ကြီးမားသော အားသာချက်ကို ရယူနိုင်မည် ဖြစ်သည်။
မကြာမီမှာပင် လင်းယွမ်၏ ဧရာမ ခန္ဓာကိုယ်ကြီးက တိမ်လွှာများကြားမှ လေခွင်းသံများပေးကာ အောက်သို့ တရှိန်ထိုး ဆင်းသက်လာခဲ့သည်။
ပေ ၂၃၀ ကျော် မြင့်မားသော ဧရာမ ခန္ဓာကိုယ်ကြီးသည် ဤအဆုံးအစမရှိ ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးအောက်တွင် အလွန် သေးငယ်သွားသကဲ့သို့ ထင်ရသည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ ရပ်တန့်မသွားဘဲ အနည်းငယ် လှုပ်ရှားသွားကာ ခန္ဓာကိုယ်မှာ ကျုံ့သွားပြီး သာမန်လူအရွယ်အစားသို့ ပြန်လည် ပြောင်းလဲသွားသည်။
ထို့နောက် သူက လေဟာပြင်တွင် ပျံသန်းကာ အလွန် လျင်မြန်သော အလျင်ဖြင့် ထိုက်ယန်တောင် ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
မကြာမီမှာပင် သူသည် ရေပေါ်ကျွန်း ခြောက်ကျွန်း ဝန်းရံထားသော ထိုက်ယန်တောင် စခန်းအသစ်သို့ ရောက်ရှိသွားတော့သည်။
အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရာ လင်းယွမ်က မည်သည့် တိုက်ခိုက်မှု မြင်ကွင်းကိုမျှ မတွေ့ရသဖြင့် ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားတော့သည်။
ရေပေါ်ကျွန်းများအနက် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သည် ကာကွယ်ရေးစနစ်ကို ဖွင့်လှစ်ထားပြီး ဝင်ထွက်သွားလာမှုများအတွက် ကိုယ်ရေးအချက်အလက်များကို တင်းကျပ်စွာ စစ်ဆေးနေသည်။
အခြား ရေပေါ်ကျွန်းများတွင်လည်း အလားတူ လုပ်ငန်းစဉ်များ ရှိနေပြီး အပြင်ပန်းကြည့်လျှင် ယခင်ကနှင့် သိပ်ကွာခြားမှု မရှိပုံပေါ်သည်။
သို့သော် လက်တွေ့တွင်မူ ထိုက်ယန်တောင်က အပြင်ပန်းတွင် လျော့ရဲသလိုဟန်ဆောင်ကာ အတွင်းဘက်တွင် တင်းကျပ်ထားသော ဗျူဟာကို ကျင့်သုံးထားခြင်း ဖြစ်သည်။
၎င်းမှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူများကို သတိလွတ်သွားစေရန်နှင့် လာရောက် တိုက်ခိုက်ရန် ကြိုးစားလာစေရန်အတွက် ဖြစ်သည်။
တစ်ဖက်ရန်သူက စတင် လှုပ်ရှားလာသည်နှင့်တပြိုင်နက် ထိုက်ယန်တောင်ဘက်မှ မိုးကြိုးပစ်ချသည့်အလား အရှိန်အဟုန်ဖြင့် ရန်သူကို သေချာပေါက် တန်ပြန်တိုက်ခိုက်သွားမည် ဖြစ်သည်။
၎င်းမှာ တင်းယန်တို့ လူစု တိုင်ပင်ဆွေးနွေးထားသော စစ်ဗျူဟာပင် ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး မကြာမီ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ ရောက်ရှိသွားကာ တိုက်ခိုက်ရေးတပ်ဖွဲ့အားလုံး၏ ခေါင်းဆောင်ပိုင်းများကို ခေါ်ယူတွေ့ဆုံလိုက်သည်။
စစ်ဦးစီးချုပ်ရုံး ဗဟိုဌာန... ၎င်းမှာ ထိုက်ယန်တောင်က အသစ်ဖွဲ့စည်းလိုက်သော ဌာနတစ်ခုဖြစ်ပြီး အဓိက တာဝန်မှာ တိုက်ပွဲများကို ကွပ်ကဲရန်နှင့် စစ်ပွဲတစ်ခုလုံးကို ခြုံငုံစီမံရန် ဖြစ်သည်။
ယခု စစ်ဦးစီးချုပ်ရုံး၏ အကြီးအကဲအဖြစ် တာဝန်ယူထားသူမှာ လင်းယွမ် ကိုယ်တိုင်ပင် ဖြစ်သည်။
၎င်းမှာ ထိုက်ယန်တောင်၏ စစ်ရေးအာဏာ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်သဖြင့် လင်းယွမ် ကိုယ်တိုင် တာဝန်ယူထားခြင်းက အလွန် သင့်လျော်လှပေသည်။
ယခုအချိန်တွင် ကျောက်ခိုင်... ဟန်ရှန်းမန်... လီရှန်ယန်... လီချင်းဟွာ... တင်းယန်... ရှီဟိုင်ကျူး... ဖုန်းကျန့်ကုန်း နှင့် ကျန်းယွီကျန်း တို့ အားလုံး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဆက်ရန်...