← Chapters

အခန်း ၈၂၄

Vol. 42 Ch. 824

အခန်း ၈၂၄

Vol. 42 Ch. 824

အပိုင်း (၈၂၄) တိုက်ခိုက်ခြင်း

အမှောင်ထု တဖြည်းဖြည်း ကင်းစင်သွားချိန်တွင် အဆုံးအစမရှိ ကျယ်ပြောလှသော ရေပြင်ကြီးထက်၌ ဧရာမ သင်္ဘောကြီးတစ်စင်း ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသင်္ဘောကြီး၏ အလျားက ၃ မိုင်ကျော် ရှည်လျားပြီး အမြင့်က ပေ ၁၆၀ ကျော်အထိ ရှိသည်။

ရှေ့နောက်ရှိ ဧရာမ ကုန်းပတ်ကြီးများပေါ်တွင် စည်းစနစ်ကျနစွာ ရပ်နားထားသော ယာဉ်ပျံများကို တွေ့မြင်နိုင်ပေသည်။

ယာဉ်ပျံများသာမက ဧရာမ စက်ရုပ်ဝတ်စုံများ၊ ရေငုပ်သင်္ဘောများနှင့် အခြားသော လက်နက်ကိရိယာ အမြောက်အမြားလည်း ပါရှိသေး၏။

၎င်းကို သင်္ဘောတစ်စင်းဟု ခေါ်ဆိုခြင်းထက် ဧရာမ လေယာဉ်တင်သင်္ဘောကြီး တစ်စင်းဟု ခေါ်ဆိုရမည်က ပို၍မှန်ကန်ပေလိမ့်မည်။

မဟုတ်သေး... ဤအရာက လေယာဉ်တင်သင်္ဘောထက်ပင် ပို၍ ကြီးမားနေသေးသည်။

ကပ်ဘေးဆိုးကြီး ကျရောက်ပြီးနောက် နှစ်နှစ်ကျော်ကာလလေးအတွင်း ဤမျှကြီးမားသော စက်ယန္တရားကြီးကို တီထွင်ဖန်တီးနိုင်ခဲ့သည် ဆိုခြင်းက တွေးကြည့်ရုံမျှဖြင့် ယုံကြည်နိုင်စရာ မရှိလှပေ။

ယခုအချိန်တွင် ထိုကုန်းပတ်ပေါ်၌ အစွမ်းပိုင်ရှင် ဒါဇင်ပေါင်းများစွာ စုရုံးနေကြသည်။

ထိုလူများက ပုံစံနှစ်မျိုး ကွဲပြားနေသော စစ်ဝတ်စုံများကို ကိုယ်စီ ဝတ်ဆင်ထားကြ၏။

ထိုအထဲမှ တစ်မျိုးက ငွေရောင်တောက်ပနေသော သတ္တုစစ်ဝတ်စုံ ဖြစ်သည်။

အခြားတစ်မျိုးကတော့ အမျိုးအမည်မသိသော သင်္ကေတများ ထွင်းထုထားသည့် အနက်ရောင် စစ်ဝတ်စုံ ဖြစ်ပေသည်။

သူတို့အားလုံးကို ဦးဆောင်နေသော ငွေရောင်သတ္တုဝတ်စုံနှင့် အမျိုးသားက ပျင်းရိပျင်းတွဲ မျက်နှာအမူအရာ ရှိနေသော်လည်း မျက်ဝန်းထဲတွင်တော့ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ကိန်းအောင်းနေသည်။

သူက အဝေးဆီမှ လေပေါ်ကျွန်း ခြောက်ကျွန်းကို စူးရဲစွာ စိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးမှုများ အထင်းသား ပေါ်လွင်နေ၏။

သူ၏ ဘေးတွင်တော့ အနက်ရောင် ဆံပင်များကို ဖရိုဖရဲ ချထားပြီး အနက်ရောင် သားရေဘောင်းဘီနှင့် အနက်ရောင် သတ္တုရင်အုပ်ကာကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရှိနေသည်။

ထိုအမျိုးသမီး၏ အသားအရေက နှင်းပွင့်များအလား ဖြူဖွေးနေပြီး နေရောင်ခြည်နှင့် ကာလရှည်ကြာ ကင်းကွာနေခဲ့သည့်အလား အလွန်အမင်း ဖြူလျော်နေသည်။

သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက အလွန်လှပပြီး စစ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ထွားကြိုင်းသော ရင်သားအလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်များကို အထူကြီး လိမ်းခြယ်ထားပြီး အနက်ရောင် မျက်ခွံခြယ်ဆေးများနှင့် ခရမ်းရောင် နှုတ်ခမ်းနီတို့ကြောင့် မကောင်းဆိုးဝါးဆန်ဆန် ညှို့ဓာတ်တစ်မျိုးကို ပိုင်ဆိုင်ထားလေသည်။

"မယုံနိုင်စရာပဲ... လအနည်းငယ်အတွင်းမှာကို လင်းယွမ်က ဒီထိုက်ယန်တောင်ကို ဒီလောက်အထိ တိုးတက်အောင် လုပ်နိုင်ခဲ့တာပဲ... တကယ်ကို အထင်ကြီးစရာကောင်းတယ်"

စုန်းမ မော်လီက ဘေးရှိ အမျိုးသားကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ရှင် ဒီနေရာကို အရင်က ရောက်ဖူးလို့လား"

အမျိုးသားက ပြုံးလိုက်ပြီး "ဟားဟား... ငါက ဒီနေရာကနေ ထွက်လာခဲ့တာလေ"

"ဟိုအလယ်က ရေပေါ်ကျွန်းက အရင်တုန်းက ငါ့ဟာဖြစ်သင့်တာ"

ဝူယောင်ပန်း၏ မျက်နှာက တည်ငြိမ်နေပြီး အတိတ်က ကိစ္စများနှင့် ပတ်သက်၍ မကျေနပ်ချက်များ သိပ်မရှိတော့သည့်ပုံ ပေါ်သည်။

သူ့အတွက်တော့ ဒီတစ်ကြိမ် ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဖျက်ဆီးပြီး လင်းယွမ်ကို သတ်ပစ်လိုက်နိုင်လျှင် အတိတ်က ရန်ကြွေးအားလုံး ကျေသွားပြီ ဖြစ်သည်။

မော်လီက ထူးဆန်းစွာ ရယ်မောလိုက်သည်။ "ဟီးဟီးဟီး... မုန်ယာကုမ္ပဏီက ကိုယ်ပွားဘုရင်ကြီးက ဒီလို နေရာသေးသေးလေးကနေ ထွက်လာခဲ့လိမ့်မယ်လို့ မထင်ထားဘူး"

ဝူယောင်ပန်းက သူမကို တစ်ချက် စွေကြည့်လိုက်ပြီး "နေရာသေးသေးလေး... စုန်းမ... ကပ်ဘေးမတိုင်ခင်က လင်ကျောင်းမြို့ရဲ့ ဝင်ငွေက ပြည်နယ်တစ်ခုလုံးမှာ ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းဝင်တယ်ဆိုတာ မင်း မသိဘူးလား... မင်းတို့ ပြည်နယ်ကရော ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲ ဝင်တဲ့ မြို့ဘယ်နှမြို့ ရှိလို့လဲ"

မော်လီက ချက်ချင်း လှောင်ပြုံး ပြုံးလိုက်သည်။ "ရှင်ပဲ ကပ်ဘေးမတိုင်ခင်ကလို့ ပြောနေတာလေ... အခုက ကပ်ဘေးဆိုက်ပြီးသွားပြီ... မြေမျက်နှာပြင် အမြင့်ဆုံးနေရာတွေကမှ အခွင့်အရေး အများဆုံး ရနိုင်တာပေါ့"

ဝူယောင်ပန်းက ဟားတိုက်ရယ်မောလိုက်ပြီး ခေါင်းခါယမ်းကာ "အဲဒီလိုလည်း မဟုတ်သေးဘူးလေ... မြစ်အနောက်ဘက်က နေရာတွေဆို မြေမျက်နှာပြင် တော်တော်မြင့်တယ် မဟုတ်လား... ဟားဟား... အဲဒီဘက်မှာ တောင်တန်းတွေချည်းပဲလေ... ကပ်ဘေးမတိုင်ခင်က ဘယ်သူမှ သွားပြီး စီးပွားရေး မလုပ်ခဲ့ကြဘူး"

"သူတို့တွေ ကပ်ဘေးဆိုက်ပြီးမှ မြေမျက်နှာပြင် အနေအထားကို အားကိုးပြီး တိုးတက်လာနိုင်မယ်လို့ မင်း ထင်နေတာလား"

"စိတ်မရှိပါနဲ့... မင်းတို့ ခိုက်ရီနည်းပညာ နဲ့ ငါတို့ မုန်ယာကုမ္ပဏီက ဘယ်လိုနည်းနဲ့ ကြီးထွားလာလဲဆိုတာ မင်း နည်းနည်းလေးမှ မလေ့လာဖူးဘူးလား"

"ငါတို့ ကုမ္ပဏီနှစ်ခုလုံးက လွင်ပြင်ဒေသတွေမှာ အခြေစိုက်ထားတာ... ဒီမှာက အဆင့်မြင့် နည်းပညာသုံး ဓာတ်ခွဲခန်းတွေ... ခေတ်မီ ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ စနစ်ကျတဲ့ စက်ရုံတွေ အများကြီး ရှိတယ်"

"မြေမျက်နှာပြင်ကလည်း နည်းနည်း မြင့်တဲ့အတွက် ရေလွှမ်းမိုးခံရတဲ့ အချိန်က နည်းနည်း နောက်ကျတယ်... ဒါကြောင့် ငါတို့က ဒီစက်ပစ္စည်းတွေကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့တာ... ဒီပစ္စည်းတွေနဲ့ သုတေသနတွေကြောင့်ပဲ ငါတို့က ဒီကပ်ဘေးကြီးထဲမှာ မြန်မြန်ဆန်ဆန် ခြေကုပ်ယူနိုင်ခဲ့တာပေါ့"

"မင်းကတော့ ဒါတွေအကုန်လုံးကို ပြည်နယ်ရဲ့ မြေမျက်နှာပြင် အားသာချက်လို့ပဲ ထင်နေတယ်... ဟားဟား"

ဝူယောင်ပန်းက ခပ်ဟဟ ရယ်မောလိုက်ပြီး ဆက်မပြောတော့ပေ။

စုန်းမက ဝူယောင်ပန်း၏ အထင်သေးမှုကို ခံလိုက်ရသဖြင့် ချက်ချင်း ဒေါသထွက်သွားသည်။

သူမက လက်ချောင်းလေးများကို အနည်းငယ် လှုပ်ရှားလိုက်ရာ အရိပ်မည်းတစ်ခုက ဝူယောင်ပန်း၏ ခန္ဓာကိုယ်ပေါ်သို့ အသံတိတ် တွားသွားတက်ရောက်သွား၏။

သို့သော် ဝူယောင်ပန်းကတော့ ဘာမှ မသိလိုက်သည့်အလား ပုံမှန်အတိုင်းပင်။

သူက တည်ငြိမ်စွာဖြင့် "ဒီခန္ဓာကိုယ်ကို သတ်ပစ်လိုက်ရင်တောင် ငါ့ရဲ့ ပင်မကိုယ်က သေသွားမှာ မဟုတ်မှန်း မင်းသိသင့်တယ်"

"ငါ့ကို သတ်လိုက်လို့ မင်းအတွက် ဘာအကျိုးမှ မရှိတဲ့အပြင်... ငါသေသွားရင် မင်းတစ်ယောက်တည်း ဒီထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ရင်ဆိုင်ရလိမ့်မယ်"

"ငါ သတိမပေးဘူးလို့ မပြောနဲ့... ဒီ လင်းယွမ် ဆိုတဲ့ကောင်က သာမန်မဟုတ်ဘူး"

မော်လီ၏ လက်ချောင်းများ ချက်ချင်း ရပ်တန့်သွားပြီးနောက် နှာခေါင်းရှုံ့ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ အရိပ်မည်းများလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

သူမက အေးစက်သောအသံဖြင့် "ခေါင်းဝှက်ထားတဲ့ လိပ်သတ္တဝါ... ရှင်ရဲ့ ပင်မကိုယ်က ဘယ်မှာလဲဆိုတာ တစ်ကမ္ဘာလုံးမှာ ဘယ်သူမှ မသိဘူးမလား"

ဝူယောင်ပန်းက အသံတိတ် ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ မကြာခင် ရှုံးနိမ့်တော့မည့် လင်းယွမ်၏ နာကျင်နေသော မျက်နှာကို မြင်ယောင်နေမိသည်။

"လိပ်ဖြစ်တော့ကော ဘာဖြစ်လဲ... အသက်ရှင်နေဖို့ပဲ လိုတာမဟုတ်ဘူးလား"

"ဒါနဲ့... ငါက လိပ်ဆိုရင် မင်းကရော ဘာလဲ... အရိပ်ထဲမှာ ပုန်းနေတဲ့ ကြွက်လား"

"ဟားဟား... ငါတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြစ်မတင်သင့်ဘူး မဟုတ်လား"

"ဖြန်း"

မော်လီက အလွန်ဒေါသထွက်သွားပြီး ဝူယောင်ပန်း၏ ပါးကို ရိုက်ချလိုက်သည်။

ဝူယောင်ပန်း၏ နောက်ကျောရှိ ငွေရောင်သတ္တုဝတ်စုံ ဝတ်ဆင်ထားသော အစွမ်းပိုင်ရှင်များက လက်နက်များကို အသီးသီး ဆုပ်ကိုင်လိုက်ကြ၏။

"ဒါရိုက်တာဝူ"

ဝူယောင်ပန်းက လက်ကိုမြှောက်ကာ နောက်ကွယ်မှ ဒေါသထွက်နေသော တပည့်များကို တားဆီးလိုက်သည်။

သူ လက်ကို မြှောက်လိုက်သည်နှင့် တပည့်များလည်း ချက်ချင်း ငြိမ်ကျသွားကြသည်။

ဝူယောင်ပန်းက အပြုံးမပျက်ဘဲ မော်လီကို ကြည့်ကာ "စုန်းမ... ရိုက်ချင်သလောက် ရိုက်ပြီးပြီဆိုရင် လုပ်ငန်းစကြရအောင်"

ထိုသို့ပြောပြီးနောက် လက်ကို ဝှေ့ယမ်းကာ လေးနက်သောအသံဖြင့် "အမိန့်ထုတ်ပြန်လိုက်... တပ်ဖွဲ့တစ်ခုလုံး တိုက်ခိုက်ဖို့ ပြင်"

"ဟုတ်ကဲ့ပါ ဒါရိုက်တာဝူ"

"ပေါ်"

"ပေါ်... ပေါ်"

ဥဩဆွဲသံများနှင့်အတူ ဧရာမ လေယာဉ်တင်သင်္ဘောကြီးထက်မှ ကျယ်လောင်သော မြည်ဟည်းသံကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။

ယာဉ်ပျံများ တစ်စင်းပြီးတစ်စင်း လေထဲသို့ ထိုးတက်သွားကြပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြ၏။

တစ်ချိန်တည်းမှာပင် ရေငုပ်သင်္ဘော အမြောက်အမြားကိုလည်း ရေအောက်သို့ အလျင်အမြန် ချထားလိုက်ပြီး ရေအောက်တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြလေသည်။

မော်လီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဝူယောင်ပန်းနှင့် ဆက်လက်ရန်မဖြစ်တော့ဘဲ လက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ "စုန်းမတပ်ဖွဲ့... အကုန်လုံး တိုက်ခိုက်ကြ"

"သတ်"

ကုန်းပတ်ပေါ်ရှိ အနက်ရောင် စစ်ဝတ်စုံနှင့် အစွမ်းပိုင်ရှင်များက ဟစ်ကြွေးလိုက်ကြပြီး ယာဉ်ပျံများပေါ်သို့ အသီးသီး တက်ရောက်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။

ကောင်းကင်ယံတွင် ရာနှင့်ချီသော ယာဉ်ပျံများက လေပေါ်ကျွန်း ခြောက်ကျွန်းရှိရာသို့ ဆက်တိုက် ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရ၏။

"ဝုန်း... ဝုန်း... ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများက လေထုထဲတွင် ပဲ့တင်ထပ်သွား၏။

များပြားလှသော စွမ်းအင်အမြောက်ဆန်များက လေပေါ်ကျွန်းများ၏ စွမ်းအင် အကာအကွယ်များကို အရူးအမူး ဗုံးကြဲတိုက်ခိုက်နေကြသည်။

ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် စွမ်းအင် အကာအကွယ်များပေါ်တွင် လှိုင်းဂယက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

လေပေါ်ကျွန်း အသီးသီး၏ ဆိပ်ကမ်းများတွင်လည်း သင်္ဘောအမြောက်အမြားက အသင့်အနေအထားဖြင့် ရှိနေကြပေသည်။

တင်းယန်၊ ကျောက်ခိုင်၊ လီချင်းဟွာနှင့် အခြားသူများက အပြင်ဘက်ရှိ ပင်လယ်ပြင်ကြီးအလား ဖုံးလွှမ်းနေသော ရန်သူများကို ကြည့်နေကြသည်။

သူတို့က ကြောက်လန့်တကြား မဖြစ်သည့်အပြင် အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများပင် ထွက်ပေါ်နေကြ၏။

"နောက်ဆုံးတော့ ငါးမျှားချိတ်ကို ဟပ်ပြီပေါ့"

"မြွေတွေ တွင်းထဲက ထွက်လာပြီ"

"တပ်ဖွဲ့အားလုံး အသင့်ပြင်ထားကြ"

"ပစ်"

"ဝုန်း"

အရှေ့ဆုံးရှိ တိမ်မြူကျွန်းပေါ်မှ တင်းယန်၏ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

တိမ်မြူကျွန်းပေါ်ရှိ လေယာဉ်ပစ် စွမ်းအင်အမြောက်များက ပြင်းထန်စွာ ပစ်ခတ်လိုက်ကြ၏။

ဤအမြောက်သံက ပြင်းထန်သော တိုက်ပွဲကြီး၏ အစပြုခြင်းကို တရားဝင် ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

အခြားသော လေပေါ်ကျွန်းများကလည်း လေယာဉ်ပစ်အမြောက်များကို အသီးသီး စတင် ပစ်ခတ်လိုက်ကြသည်။

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အဆုံးအစမရှိ ထူထပ်သော တိမ်မည်းကြီးများကြားတွင်...

ယာဉ်ပျံ တစ်စင်းပေါ်တွင် စီးနင်းလိုက်ပါလာသော လင်းယွမ်က အောက်ဘက်ရှိ အခြေအနေများကို စိုက်ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"အမှောင်ဓာတ် အစွမ်းကို သုံးပြီး အရိပ်ထဲမှာ ပုန်းနေကြတာကိုး... ဒါကြောင့် ရှာမတွေ့တာ မဆန်းဘူး"

"ဆရာလင်း... ကျွန်တော်တို့ စကြတော့မလား" ဘေးတွင်ရှိနေသော ချန်ကျန့်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

လင်းယွမ်က ခပ်ဟဟ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ... "စကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ချန်ကျန့်ဖုန်းက တက်ကြွစွာဖြင့် ချက်ချင်း လှည့်ကာ အမိန့်ပေးလိုက်သည်။ "ယာဉ်ပျံ အားလုံး အမိန့်နာခံ... ပြန်တိုက်ခိုက်ကြ"

"ဝှီး"

"ဝှီး... ဝှီး"

မြောက်မြားစွာသော ယာဉ်ပျံများ၏ အင်ဂျင်များ ချက်ချင်း စက်နှိုးသွားကြသည်။

နောက်တစ်ခဏတွင် တိမ်တိုက်များကြားမှ ထိုက်ယန်တောင်၏ ယာဉ်ပျံ အမြောက်အမြားက မိုးသီးများအလား ဆင်းသက်လာကြ၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးသက်မုန်တိုင်းကြားတွင် ရေတွက်၍ မရနိုင်သော ယာဉ်ပျံများက ရန်သူ့ယာဉ်များကို အရူးအမူး ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။

နှစ်ဖက် ယာဉ်ပျံများ ထိပ်တိုက်တွေ့ဆုံသွားပြီး ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု စနစ်ကို ချက်ချင်း ဖွင့်လှစ်လိုက်ကြပေသည်။

နှစ်ဖက်စလုံးတွင် စွမ်းအင် အကာအကွယ်များ အသီးသီး ရှိနေကြသော်လည်း ထိုက်ယန်တောင်ဘက်တွင် လျှို့ဝှက်လက်နက် တစ်ခု ရှိနေသည်။

ထိုက်ယန်တောင်၏ ယာဉ်ပျံများပေါ်တွင် ပစ်ခတ်မှုစနစ် နှစ်ခု ပါရှိသည်။

ပထမ စနစ်ထဲတွင် တပ်ဆင်ထားသည်က သာမန် အမြောက်ဆန်များ မဟုတ်ဘဲ စွမ်းအင်ကို ချိတ်ပိတ်နိုင်သော အမြောက်ဆန်များ ဖြစ်၏။

စွမ်းအင် ချိတ်ပိတ် အမြောက်များက လမ်းဖောက်ပေးလိုက်သဖြင့် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ရန်သူ့ယာဉ်များ၏ စွမ်းအင် အကာအကွယ်များမှာ ချက်ချင်းပင် အပေါက်ကြီးများ ဖြစ်သွားလေသည်။

ထို့နောက် ထိုက်ယန်တောင် ယာဉ်များက ဒုတိယ ပစ်ခတ်မှုစနစ်ကို ဖွင့်လှစ်ကာ စွမ်းအင် အမြောက်များဖြင့် ဆက်တိုက် ဗုံးကြဲလိုက်ကြသည်။

ထိုသို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် တစ်ချက်တည်းနှင့်ပင် ရန်သူ့ ယာဉ်ပျံ ဒါဇင်ပေါင်းများစွာ ပျက်ကျသွားတော့သည်။

တိုက်ပွဲကို စောင့်ကြည့်နေသော စုန်းမ မော်လီနှင့် ဝူယောင်ပန်းတို့ မျက်နှာများ ချက်ချင်း ပျက်သွားကြ၏။

ဝူယောင်ပန်း၏ မျက်နှာပေါ်တွင် ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်သွားသည်။ "မကောင်းတော့ဘူး... ထောင်ချောက်ထဲ မိသွားပြီ"

"သူတို့က ထွက်မသွားကြဘူး... တိမ်တွေထဲမှာ ပုန်းနေပြီး ငါတို့ကို ထွက်လာအောင် မျှားခေါ်လိုက်တာ"

စုန်းမ မော်လီက ဒေါသတကြီးဖြင့် "အရေးမပါလိုက်တာ... ရှင်တို့ရဲ့ ဒါရိုက်တာ လျှို က ဘာတွေ လုပ်နေတာလဲ... သူက မတိုက်ခိုက်ရသေးဘူးလား"

ဝူယောင်ပန်းက သူမကို ပြန်ဖြေရန် အချိန်မရလိုက်ပေ။ သူက လေထဲရှိ တိုက်ပွဲကို အကဲခတ်လိုက်ပြီး မျက်နှာက ပို၍ ပျက်ယွင်းလာသည်။ "သူတို့ရဲ့ ယာဉ်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေတာလဲ"

"ငါတို့ယာဉ်တွေရဲ့ အကာအကွယ်တွေက မိုးကြိုးတိမ်တိုက်ထဲက မိုးကြိုးပစ်ခတ်မှုတွေကိုတောင် ခံနိုင်ရည်ရှိတာကို... ဘယ်လိုလုပ်ပြီး သူတို့ရဲ့ အမြောက်ဆန် တစ်ချက်ကိုတောင် မခံနိုင်ရတာလဲ"

မော်လီလည်း ထိုအချက်ကို သတိထားမိသွားပြီး မျက်နှာက ချက်ချင်း ညိုမည်းသွား၏။

သူမက ဘာမှဆက်မပြောတော့ဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။ "ပြန်ဆုတ်ကြ"

ဝူယောင်ပန်းက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး... "မဖြစ်ဘူး... တိုက်ပွဲစနေပြီပဲကို... ဘာလို့ ဆုတ်ခွာရမှာလဲ"

"ပြန်ဆုတ်မယ့်အစား သူသေကိုယ်သေ တိုက်တာက ပိုကောင်းတယ်"

မော်လီက ဒေါသထွက်လွန်း၍ ရယ်မောလိုက်ပြီး ဆဲရေးလိုက်သည်။ "ခွေးစကားတွေ ပြောမနေနဲ့... ဒီလေယာဉ်တင်သင်္ဘောပေါ်မှာ ကျွန်မရဲ့ စုန်းမတပ်ဖွဲ့က လူတွေ တစ်ဝက်ပါနေတာ... သူတို့သာ သေကုန်ရင် ကျွန်မက ခိုက်ရီနည်းပညာ ကုမ္ပဏီကို လူမပါဘဲ ပြန်သွားရမှာလား"

"စကားများမနေနဲ့... ပြန်ဆုတ်ကြ"

သူမ၏ အမိန့်ပေးသံနှင့်အတူ ဆုတ်ခွာရန် ညွှန်ကြားချက်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။

အနက်ရောင် ယာဉ်ပျံ အမြောက်အမြားက အလျင်အမြန် ဆုတ်ခွာကာ အဝေးသို့ ထွက်ပြေးသွားကြ၏။

သို့သော် ထိုက်ယန်တောင်၏ ယာဉ်များကတော့ သူတို့ကို ထိုအတိုင်း လွယ်လွယ်ကူကူ ထွက်ပြေးခွင့် မပေးခဲ့ပေ။

လေပေါ်ကျွန်း ခြောက်ကျွန်း၏ အကာအကွယ်များ ပွင့်သွားပြီး စစ်သင်္ဘော အမြောက်အမြားက လှိုင်းလုံးများကို ခွဲကာ ရန်သူ့ယာဉ်များကို အရူးအမူး လိုက်လံ တိုက်ခိုက်ကြသည်ကို တွေ့မြင်လိုက်ရသည်။

ထိုစစ်သင်္ဘောများပေါ်တွင်လည်း စွမ်းအင် ချိတ်ပိတ် ဒုံးကျည်များကို အမြောက်အမြား တပ်ဆင်ထားလေသည်။

ဟိန်းဟောက်နေသော အမြောက်ဆန်များက ရန်သူ့ယာဉ်များဆီသို့ ဆက်တိုက် ပစ်ခတ်နေပြီး ယာဉ်အမြောက်အမြား ထိမှန်သွားကာ အကာအကွယ်များ ချက်ချင်း ပျက်စီးသွားသည်။ ထို့နောက် ရေတပ်သင်္ဘောများ၏ ဗုံးကြဲမှုကြောင့် အစအနများအဖြစ် ပျက်စီးသွားကာ ရေထဲသို့ ပြုတ်ကျသွားတော့သည်။

ကောင်းကင်ယံတွင် မီးတောက်များ လင်းထိန်နေပြီး ရေပြင်ပေါ်တွင်လည်း မီးများ လောင်ကျွမ်းနေကာ ပတ်ဝန်းကျင် တစ်ခုလုံးက မီးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွား၏။

မော်လီက ထိုမြင်ကွင်းကို ကြည့်ရင်း ဒေါသကြောင့် မျက်လုံးများ ရဲရဲနီလာသည်။

"အား... နင်တို့ သေချင်နေတာပဲ... သေချင်နေတာပဲ"

သူမက ဆက်လက် သည်းမခံနိုင်တော့ဘဲ ရုတ်တရက် ခုန်ထွက်လိုက်ရာ သူမ၏ ခန္ဓာကိုယ်က အလျင်အမြန် ပြောင်းလဲ ကြီးထွားလာသည်ကို တွေ့မြင်လိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေ ၂၀၀ ခန့် မြင့်မားသော ဧရာမ သတ္တဝါကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုသတ္တဝါကြီး၏ တစ်ကိုယ်လုံးတွင် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး ခေါင်းပေါ်တွင် ဆိတ်ခေါင်းနှင့် ချွန်ထက်သော ဂျိုများ ပေါက်နေ၏။

သို့သော် ခန္ဓာကိုယ်ကမူ ရစ်ခွေနေသော ဧရာမ မြွေကြီးတစ်ကောင်နှင့် တူနေပြီး အကြေးခွံများက တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားကာ ကောင်းကင်အထိ ရောက်နိုင်သော အနက်ရောင် စွမ်းအင်များကို ထုတ်လွှတ်နေသည်။

ဆိတ်ခေါင်း မြွေကိုယ်လုံးနှင့် စုန်းမက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါ ပြင်းထန်သော အနက်ရောင် အလင်းတန်းများက ချက်ချင်း ပျံ့နှံ့ထွက်ပေါ်သွားလေသည်။

"ဝှီး... ဝှီး"

အနက်ရောင် ယာဉ်ပျံ အားလုံး၏ မျက်နှာပြင်ပေါ်တွင် သင်္ကေတ အလင်းတန်းများ ချက်ချင်း လင်းလက်လာကြသည်။

ထိုအနက်ရောင် အလင်းတန်းများနှင့် သင်္ကေတ အလင်းတန်းများကြားတွင် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေသည့်အလားပင်။

ချက်ချင်းဆိုသလိုပင် ထိုအနက်ရောင် ယာဉ်များက လေထုထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားကြတော့သည်။

သို့သော် ဆက်တိုက် ဗုံးကြဲသံများကတော့ လေထဲတွင် ထွက်ပေါ်နေဆဲ ဖြစ်၏။

ထိုက်ယန်တောင်၏ ယာဉ်များက ဘာမှမရှိသော လေဟာနယ်ထဲမှ ပစ်ခတ်လိုက်သည့် အမြောက်ဆန်များ၏ ထိမှန်ခြင်းကို ခံနေရသည်။

လေထဲရှိ ယာဉ်တစ်စင်းပေါ်တွင် ရှိနေသော လင်းယွမ်က ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး မျက်ဝန်းများ အရောင်လက်သွားသည်။

"အမှောင်ဓာတ် ကိုယ်ပျောက်အစွမ်းလား"

"ဆရာလင်း... ကျွန်တော် သွားပြီး သူနဲ့ ရင်ဆိုင်လိုက်မယ်" ချန်ကျန့်ဖုန်းက ချက်ချင်း သတ္တိရှိစွာဖြင့် ခွင့်တောင်းလိုက်သည်။

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "သူမက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ပဲ... ပြီးတော့ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရတာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၆၀% ကို ကျော်နေပြီ... မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"မင်းက ဟိုမိခင်သင်္ဘောကြီးပေါ်က ဝူယောင်ပန်းကို သွားရင်ဆိုင်လိုက်... ဒီဘက်ကိုတော့... အင်း"

ဆက်ရန်...

All Chapters