← Chapters

အခန်း ၈၂၇

Vol. 42 Ch. 827

အခန်း ၈၂၇

Vol. 42 Ch. 827

အပိုင်း (၈၂၇) ဓာတ်စွမ်းအင်ပုလင်း

"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်"

စုန်းမ မော်လီက မော့ကြည့်လိုက်ပြီးနောက် သူမ၏ မျက်ဆန်များ ချက်ချင်း ကျုံ့ဝင်သွား၏။

ဤဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ရောက်လာသော အမျိုးသားက ဟင်းလင်းပြင် တံခါးပေါက်ကို ဖွင့်ပြီး ရောက်လာခြင်း ဖြစ်ကြောင်း သိသာထင်ရှားနေ၏။

မျက်စိရှေ့မှ ဤလူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ကြောင်း အလွန် သိသာနေသည်။

လီချင်းဟွာ ထွက်ပေါ်လာသည်နှင့်အတူ သူ၏ အနောက်မှ ထူလုံ... ဟန်ရှန်းမန်နှင့် ဝူယင်တို့ကလည်း အသီးသီး ထွက်ပေါ်လာကြသည်။

သူတို့ ထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ လေထုကပင် အနည်းငယ် လှိုင်းထနေ၏။

ဝူယောင်ပန်းကလည်း အကြည့်ရောက်သွားပြီး ချက်ချင်းပင် ရုတ်တရက် အေးစက်စက် ရယ်မောလိုက်သည်။

"သိုးအုပ်ကြီး ဘယ်လောက်ပဲ များများ ခြင်္သေ့ကို ယှဉ်နိုင်ပါ့မလား"

"မော်လီ... ဒီလူတွေက အမြင်သာလှတာ... သူတို့ဆီက ဘာအန္တရာယ်မှကို မခံစားရဘူး"

စုန်းမ မော်လီကလည်း ချက်ချင်း သတိဝင်လာပြီး ဟားတိုက် ရယ်မောလိုက်သည်။

"အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ... ကျွန်မတာဝန်ထားလိုက်"

နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်က လီချင်းဟွာတို့ အဖွဲ့ထံသို့ တိုက်ရိုက် ပျံသန်းသွားလေ၏။

လီချင်းဟွာတို့ အဖွဲ့က ဘာမှ ထပ်ပြောမနေတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံသို့ ချက်ချင်း ကူးပြောင်းလိုက်ကြသည်။

လီချင်းဟွာ တစ်ကိုယ်လုံး အစိမ်းရောင် အလင်းတန်းများ လင်းလက်သွားပြီး ခန္ဓာကိုယ်က အလျင်အမြန် ကြီးထွားလာသည်ကို တွေ့လိုက်ရ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူ့ခန္ဓာကိုယ်နှင့် ငါးအမြီး ပါရှိသော ဧရာမ သတ္တဝါကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူ၏ အရွယ်အစားမှာ ပေ (၆၅) ကျော်ခန့် ရှိပြီး အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေကာ မျက်နှာမှလွဲ၍ အခြား ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေ၏။

သတိပြုစရာ ကောင်းသည်မှာ သူ၏ နှုတ်ခမ်းမွေး ကဲ့သို့ အလွန် ရှည်လျားသော ငါးခူနှုတ်ခမ်းမွေး နှစ်ချောင်း ပါရှိနေခြင်း ဖြစ်သည်။

ဤသည်ကား သူ၏ မျိုးရိုးဗီဇ ပုံစံဖြစ်သော ဝမ်ယောင်ငါးပင် ဖြစ်၏။

လီချင်းဟွာက ဝမ်ယောင်ငါး အဖြစ်သို့ ပြောင်းလဲသွားသည့် အခိုက်အတန့်တွင် သူ့အနောက်မှ လူနှစ်ယောက်ကလည်း အလျင်အမြန် ပုံစံပြောင်းလဲသွားကြသည်။

ဟန်ရှန်းမန်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ သူမ၏ ခြေတံများက သွယ်လျပြီး အသားအရေမှာ ဖြူဖွေးနေသော်လည်း နောက်တစ်ခဏတွင်မူ ကြီးမားလှသော ရေဓာတ် စွမ်းအင်များက ပြင်းထန်စွာ တဟုန်ထိုး ထွက်ပေါ်လာ၏။

"ဂီး" ရေလှိုင်းကြီးများ ရစ်ပတ်လာပြီး ရေခဲလွှာများကို ထိုးဖောက်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ ရေဖီးနစ်ငှက်ကြီး တစ်ကောင် ကောင်းကင်သို့ ပျံတက်သွားလေသည်။

ဤသည်ကား သူမ၏ မျိုးရိုးဗီဇ ပုံစံဖြစ်သော နတ်ရေစင်ဖီးနစ်ငှက်ပင် ဖြစ်၏။

ထို လေဟုန်ခွဲသွားသော ရေလှိုင်းကြီးများ၏ အနောက်တွင် ပေ (၁၀၀) ကျော် မြင့်မားပြီး ခန္ဓာကိုယ် တစ်ခုလုံး တက်တူးများ ပြည့်နှက်နေသော နတ်ဆရာ တစ်ပါးကလည်း တောင်ဝှေးကို ကိုင်ဆောင်လျက် ခန့်ညားတည်ကြည်စွာ ခြေလှမ်းထွက်လာသည်။

ထိုနေရာရှိ လူအများထဲတွင် သူ၏ အရပ်အမြင့်က အမြင့်ဆုံး ဖြစ်၏။

ဤသည်က သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှု အဆင့် အမြင့်ဆုံး ဖြစ်ကြောင်းကိုလည်း သက်သေပြနေသည်။

သို့သော် ဤမြင်ကွင်းက စုန်းမအား ကြောက်ရွံ့သွားစေခြင်း မရှိဘဲ ဟားတိုက် ရယ်မောလာစေခဲ့သည်။

"ပေ (၁၃၀) တောင် မပြည့်သေးတဲ့ အသုံးမကျတဲ့ ကောင်သုံးကောင်ကများ ဒီတိုက်ပွဲကို ဝင်ပါရဲတယ်ပေါ့"

"ကြည့်ရတာ နင်တို့ ထိုက်ယန်တောင်မှာ လူမရှိတော့ဘူး ထင်တယ်"

မော်လီက လက်ချောင်းငါးချောင်းကို စုစည်းပြီး ထိုသုံးယောက်ထံသို့ လေထဲမှ ပြင်းထန်စွာ ခုတ်ချလိုက်ရင်း ပါးစပ်မှလည်း အော်ဟစ်လိုက်သည်။ "သေကြစမ်း"

"ဝီ"

မော်လီက လက်ချောင်းငါးချောင်းကို ရုတ်တရက် စုဆုပ်လိုက်ပြီး မျက်လုံးထဲတွင် ရက်စက်မှုများ ထိုးတက်လာကာ လီချင်းဟွာတို့ သုံးယောက်ဆီသို့ လေထဲမှ လက်ဝါးဖြင့် ရိုက်ချလိုက်ရင်း အော်ဟစ်လိုက်ပြန်သည်။ "သေစမ်း"

"ဝီ"

ရမ်းကားကြမ်းတမ်းသော အမှောင်ဓာတ် စွမ်းအင်များက စေးပျစ်သော မြူခိုးများ အဖြစ် ပြောင်းလဲသွားပြီး ဆည်ကျိုးပေါက်သွားသော ရေလှိုင်းကြီးများအလား သူတို့ သုံးယောက်ထံသို့ ရူးသွပ်စွာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။

ဟန်ရှန်းမန်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှသည်။ သူမက တောင်ပံနှစ်ဖက်ကို ပြင်းထန်စွာ ခတ်လိုက်ရာ ခြေဖဝါးအောက်ရှိ ရေခဲလွှာများ ပေါက်ကွဲထွက်သွားလေသည်။

ကြီးမားလှသော ရေလှိုင်းလုံးကြီးက ဒလဟော ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဆူနာမီ ရေလှိုင်းကြီးများ အဖြစ် ပြောင်းလဲကာ လေထဲရှိ အမှောင်ဓာတ် စွမ်းအင်များကို ကြမ်းတမ်းစွာ ဝင်တိုက်လိုက်၏။

ထိုအချိန်လေး အတွင်းတွင် လီချင်းဟွာနှင့် ထူလုံတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထူလုံက မသိမသာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

လီချင်းဟွာက လေထဲတွင် လက်ချောင်းများဖြင့် ဖွဖွလေး ခြစ်ဆွဲလိုက်၏။

"ရွှပ်"

ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုက သူ၏ ရှေ့တွင် ပွင့်ဟသွားလေသည်။

တစ်ချိန်တည်းမှာပင် စုန်းမ မော်လီ၏ ဘေးဘက်ရှိ ဟင်းလင်းပြင်ကလည်း ထူးဆန်းစွာ တွန့်လိမ်လာပြီး အခြား အက်ကွဲကြောင်း တစ်ခုက မှောင်မည်းနေသော မျက်လုံး တစ်လုံးအလား ရုတ်တရက် ပွင့်အာလာ၏။

ထူလုံက လက်နှစ်ဖက်ကို ပြင်းထန်စွာ ဆန့်တန်းလိုက်သည်။

သူ၏ ကျောဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော အရိုးခေါင်း တက်တူးဝိညာဉ်က အသက်ဝင်လာသကဲ့သို့ တွန့်လိမ်ကာ ခန္ဓာကိုယ်မှ ခွာထွက်သွားပြီး လျှပ်စီးတန်းအလား ဘေးနားရှိ ဟင်းလင်းပြင် အက်ကွဲကြောင်း ထဲသို့ ပစ်ဝင်သွားလေသည်။

နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသော အရိုးစုကြီးက စုန်းမ၏ ဘေးဘက်ရှိ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။

"ဝှစ်"

အရိုးခေါင်း၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များက ပစ်မှတ်ကို အသေမှတ်လိုက်ပြီး ပါးစပ်ကို ဟကာ တောက်ပသော အဖြူရောင် ဖန်ရည်ပူကဲ့သို့ မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

မီးတောက်များက လေထုကို ဆုတ်ဖြဲကာ မြည်ဟည်းလျက် စုန်းမ၏ ကျောပြင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေ၏။

"ဟမ့်" စုန်းမက လှောင်ပြောင် ရယ်မောလိုက်ပြီး နောက်လှည့်ကြည့်ရန်ပင် စိတ်မကူးဘဲ လက်ချောင်းလေး တစ်ချောင်းဖြင့် ခပ်ပေါ့ပေါ့သာ ခေါက်ထုတ်လိုက်သည်။ "ထွက်သွားစမ်း"

"ဘုန်း"

များပြားလှသော အမှောင်ဓာတ် စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ထိုမီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုမီးတောက်များက ထူးဆန်းစွာ တွန့်လိမ်သွားပြီး အမှောင်ဓာတ် စွမ်းအင်များကို တိုက်ရိုက် ထိုးဖောက်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် စုန်းမ၏ ရှေ့သို့ ရောက်ရှိသွားလေသည်။

စုန်းမ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။

"စိတ်စွမ်းအင်တိုက်ကွက်လား"

ဤမီးတောက်များက စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းပင် ဖြစ်နေသည်။

သို့သော် သူမက အမှောင်ဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေလျှင်တောင် စိတ်စွမ်းအင်မှာ အနည်းငယ်မျှ ညံ့ဖျင်းနေခြင်း မရှိပေ။

သူမ၏ ဆိတ်မျက်နှာရှိ မျက်လုံးအိမ်များထဲတွင် အနက်ရောင် အလင်းတန်းများ လင်းလက်သွားသည်ကို တွေ့လိုက်ရ၏။

အမှောင်ဓာတ် စွမ်းအင်များက အလျင်အမြန် စုစည်းလာပြီး ခဏချင်းမှာပင် အမှောင်ထုများ စုပေါင်းကာ သင်္ကေတ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒိုင်း"

သင်္ကေတက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး အရိုးခေါင်း မှုတ်ထုတ်လိုက်သော မီးတောက်များနှင့် ဝင်တိုက်ကာ ပေါက်ကွဲသွားလေ၏။

မော်လီ အာရုံလွဲသွားသည့် ထိုအချိန်လေးအတွင်း ဟန်ရှန်းမန် ဘက်မှ ရေလှိုင်းကြီးများက ရစ်ပတ်လာပြီး ဆူနာမီအလား ရေနံရံကြီးက ချက်ချင်း လှိမ့်ဝင်လာကာ ထိုအမှောင်ဓာတ် စွမ်းအင်များကို တွန်းလှဲပစ်လိုက်သည်။

အရိုးခေါင်းကလည်း ထပ်မံ အားထုတ်လိုက်ပြီး ဟင်းလင်းပြင် အတွင်းမှနေ၍ များပြားလှသော စိတ်စွမ်းအင် မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေ၏။

လီချင်းဟွာ ကလည်း ဆက်တိုက် အားထုတ်နေပြီး နောက်ထပ် ဟင်းလင်းပြင် တံခါးပေါက်များကို ထပ်မံ ဖွင့်လှစ်လိုက်သည်။

ဧရာမ ကင်းစောင့်စက်ရုပ်များက မြည်ဟည်းလျက် ရောက်ရှိလာပြီး တံခါးပေါက်များ အတွင်းမှ ပျံသန်းထွက်ပေါ်လာကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာကြ၏။

ဤသို့ဖြင့် လူနည်းစုကို လူအများစုဖြင့် ရင်ဆိုင်ရသော အခြေအနေမျိုး ဖြစ်ပေါ်လာပြီး စုန်းမကိုပင် ပြန်လည် ဖိနှိပ်ထားနိုင်သည့် အနေအထားသို့ ရောက်ရှိသွားလေသည်။

အခြား တစ်ဖက်တွင်မူ စုန်းမ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် လင်ယွီရုံ နှင့် ဝူယောင်ပန်း တို့မှာ အပြင်းအထန် တိုက်ခိုက်နေကြပြီး နှစ်ယောက်သားမှာ အပြန်အလှန် ထိုးနှက်နေကြကာ အရှုံးအနိုင် မပေါ်သေးပေ။

ဝူယောင်ပန်း ၏ ခွန်အားက အံ့မခန်း ဖြစ်နေသော်လည်း လင်ယွီရုံ ကမူ ရေခဲဓာတ် တိုက်ခိုက်မှုများကို အားထားနေ၏။

စစ်မှန်သော ခွန်အား သက်သက်ဖြင့် ဓာတ်စွမ်းအင် တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ဓာတ်စွမ်းအင် တိုက်ခိုက်မှုများ၏ လျင်မြန် ထက်မြက်မှု၊ ထူးဆန်းစွာ ပြောင်းလဲနိုင်မှုတို့ကို မယှဉ်နိုင်သည်မှာ သဘာဝပင် ဖြစ်သည်။

သို့သော် ဝူယောင်ပန်း ၏ ခွန်အားက ကြီးမားလွန်းပြီး အလျင် ကလည်း မြန်ဆန်လှ၏။

ရေခဲဓာတ် ဖြင့် အကြိမ်ကြိမ် အေးခဲခံရလျှင်ပင် သူက ရေခဲလွှာများကို အရှင်လတ်လတ် ရိုက်ခွဲကာ လွတ်မြောက်လာနိုင်ပြီး လင်ယွီရုံ ကို ထပ်မံ အမီလိုက်နိုင်သေးသည်။

သူတို့ နှစ်ယောက်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှု အဆင့်က ကွာဟမှု သိပ်မရှိလှသဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် တစ်ယောက်၏ တိုက်ခိုက်မှု ပုံစံနှင့် အားနည်းချက်များကို တစ်ယောက်က နားလည်နေကြပြီ ဖြစ်သည်။

ပြင်းထန်သော ဝင်တိုက်မှု တစ်ခု ဖြစ်ပေါ်ပြီးနောက် လင်ယွီရုံ ၏ ရေခဲဒိုင်းကာက ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားပြီး ဝူယောင်ပန်း က ပေါက်ကွဲမှု ဂယက်ကို အတင်းအဓမ္မ ခံယူကာ လင်ယွီရုံ ၏ ငါးအမြီးကို လှမ်းဖမ်းလိုက်၏။

သူက ချက်ချင်း ကြောက်မက်ဖွယ် ကောင်းအောင် ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။ "မိပြီ... ဒီတစ်ခါတော့ မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် သူ၏ ဧရာမ မြွေနဂါး လက်သည်းကြီးများက အားကုန် သုံး၍ ပြင်းထန်စွာ ဆွဲဖြဲလိုက်လေသည်။

"ဖြန်း"

လင်ယွီရုံ ၏ အမြီးပေါ်မှ အကြေးခွံ အမြောက်အမြား ကွာကျသွား၏။

ပြင်းထန်သော နာကျင်မှုကြောင့် ရေခဲပွင့်အလား အေးစက်နေသော သူမ၏ မျက်နှာလေးက အနည်းငယ် ရှုံ့တွသွားသည်။

သူမက ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး ရူးသွပ်စွာ ခုတ်ပိုင်းချလိုက်၏။

ဤမျှ နီးကပ်နေသော အကွာအဝေးတွင် ဝူယောင်ပန်း က လုံးဝ ရှောင်တိမ်းခြင်း မရှိဘဲ ကြောက်မက်ဖွယ် ရယ်မောလိုက်သည်။ "ငါနဲ့ အနီးကပ် ယှဉ်မလို့လား... မင်းက သေချင်နေတာပဲ"

"ဘုန်း"

သူက သွေးသံရဲရဲ ဧရာမ ပါးစပ်ပေါက်ကြီးကို ပြင်းထန်စွာ ဟလိုက်ပြီး လင်ယွီရုံ ၏ ဧရာမ ရေခဲဓားကြီးကို တစ်ကိုက်တည်း လှမ်းကိုက်လိုက်လေသည်။

"ဖုန်း"

သတ္တုချင်း ရိုက်ခတ်သည့် ကျယ်လောင်သော အသံကြီး ပေါက်ကွဲထွက်လာပြီး ဧရာမ ရေခဲဓားကြီးက တိုက်ရိုက် ပေါက်ကွဲထွက်သွားကာ အတွင်းရှိ သတ္တုဓားသွား ပေါ်ထွက်လာ၏။

ဝူယောင်ပန်း ၏ ဧရာမ မြွေနဂါး ပါးစပ်ကြီးက ကိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။

"ဖြောင်း" သတ္တုဓားသွားက မျက်စိတစ်မှိတ် အတွင်းမှာပင် တွန့်လိမ်သွားပြီး သူ့အကိုက်ခံရကာ အရှင်လတ်လတ် ကျိုးပဲ့ထွက်သွားလေ၏။

"ထွီး"

သူက ခေါင်းကို အားကုန် ရမ်းလိုက်ပြီး ထိုဓားကို တိုက်ရိုက် လုယူကာ ထွီးခနဲ အသံနှင့်အတူ ပြန်ထွေးထုတ်လိုက်သည်။

လင်ယွီရုံ ၏ ခွန်အားက တစ်ဖက်လူကို မယှဉ်နိုင်သဖြင့် မျက်စိတစ်မှိတ် အတွင်း လက်ထဲမှ လက်နက်ကို ဆုံးရှုံးလိုက်ရပြီး သူမ၏ မျက်နှာက အလွန် ကြည့်ရဆိုးသွား၏။

ဘာမှ ထပ်ပြောမနေတော့ဘဲ "ရွှပ်" ခနဲ အသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်က ရေခဲဓာတ် အသွင်ပြောင်းခြင်း အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

သူမ တစ်ကိုယ်လုံးက ရေခဲပန်းပုရုပ် တစ်ခုအလား ပြောင်းလဲသွား၏။

ဤကဲ့သို့သော ပုံစံအောက်တွင် သူမ၏ အကာအကွယ် စွမ်းရည်က သဘာဝကျစွာပင် အလွန်တရာ မြင့်တက်သွားသည်။

သို့သော် အကာအကွယ် စွမ်းရည် မြင့်တက်သွားခြင်းက သူမ၏ ခွန်အား မြင့်တက်လာခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။

သူတို့ နှစ်ယောက် လက်သီးချင်း ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ လင်ယွီရုံ က ချက်ချင်း ညည်းတွားလိုက်ပြီး ရေခဲများဖြင့် ဖွဲ့စည်းထားသော လက်မောင်းက ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားလေသည်။

ဝူယောင်ပန်း က အမြီးကို ရမ်းလိုက်ရာ လင်ယွီရုံ ၏ ခေါင်းကို ချက်ချင်း တိုက်ရိုက် ရစ်ပတ်သွားပြီး အားကုန် ဆွဲလိုက်၏။

"ဝုန်း" ဟူသော ကျယ်လောင်သော အသံကြီးနှင့်အတူ ပေ (၂၀၀) နီးပါး မြင့်မားလှသော လင်ယွီရုံ ၏ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။

သူ၏ ခြေဝါးကြီးက လင်ယွီရုံ ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်၏။

သို့သော် နောက်တစ်ခဏတွင် လင်ယွီရုံ ၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားသော ရေခဲစများ အဖြစ်သို့ ပြောင်းလဲသွားပြီး မလှမ်းမကမ်းရှိ ရေခဲပြင်ပေါ်တွင်မူ ခန္ဓာကိုယ် အသစ် တစ်ခုက အလျင်အမြန် ပြန်လည် ဖွဲ့စည်းလာသည်။

ဝူယောင်ပန်း က ခေါင်းလှည့်ကာ ဤမြင်ကွင်းကို ကြည့်ပြီးနောက် ချက်ချင်း ရယ်မောလိုက်၏။

"ဓာတ်စွမ်းအင် အသွင်ပြောင်းတာလား... ဒီဒါကိုပဲ စောင့်နေတာ"

သူက ထိုဖောက်ထွင်းမြင်နိုင်သော ဖန်ပြွန် ပုလင်းလေးကို ထပ်မံ ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရပြီး အပေါ်တွင် ချက်ချင်း အလင်းရောင်များ ထပ်မံ လင်းလက်လာသည်။

ထူးဆန်းသော ဆွဲငင်အား တစ်ခုက ဓာတ်စွမ်းအင် အသွင်ပြောင်းထားသော လင်ယွီရုံ ထံသို့ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆွဲယူလိုက်၏။

လင်ယွီရုံ ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ "ဒါ... ဒါက ဘာပစ္စည်းလဲ"

သူမ၏ ခန္ဓာကိုယ်က လုံးဝ ထိန်းချုပ်၍ မရတော့သကဲ့သို့ ထိုဆွဲငင်အား၏ အလျင်အမြန် ဆွဲယူခြင်းကို ခံရကာ လုံးဝ ခုခံ၍ မရတော့ပေ။

ဝူယောင်ပန်း က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါက ဓာတ်စွမ်းအင်ပုလင်းလို့ ခေါ်တယ်... ငါတို့ မုန်ယာကုမ္ပဏီ ရဲ့ နောက်ဆုံးပေါ် သုတေသန ထုတ်ကုန်ပဲ... မင်းရဲ့ ရုပ်လေးကလည်း သိပ်ဆိုးလှတာ မဟုတ်တော့ ဥက္ကဌကျင်း က မင်းကို အသက်ချမ်းသာပေးပြီး သူ့ရဲ့ အိပ်ရာပေါ်က ကစားစရာလေး အဖြစ် သိမ်းထားချင် သိမ်းထားမှာပေါ့... ဟားဟားဟား"

လင်ယွီရုံ က ဒေါသတကြီး အော်ဟစ်လိုက်၏။ "အိပ်မက် မက်မနေနဲ့"

သူမက အစွမ်း စွမ်းအင်များကို အဆက်မပြတ် လှုံ့ဆော်ကာ ဤဆွဲငင်အား ချည်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော် ဝူယောင်ပန်း က လှောင်ပြောင် ရယ်မောလိုက်ရုံသာ ပြုပြီး ပုလင်းကို လှုံ့ဆော်လိုက်ရာ ချက်ချင်းပင် ပုလင်းပေါ်ရှိ သင်္ကေတ အလင်းရောင်များက ပိုမို စူးရှလာလေ၏။

အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဆွဲငင်အားက ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်လာသည်။

"သေခါနီး အချည်းနှီး မရုန်းကန်ပါနဲ့တော့... ဓာတ်စွမ်းအင်ပုလင်း ထဲမှာ သင်္ကေတ သုံးထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အစီအရင်ကို ထွင်းထုထားတာ... ငါကိုယ်တိုင် ထိန်းချုပ်နေတာကို မင်းက လွတ်ချင်သေးတာလား"

ဝူယောင်ပန်း က ဟားတိုက် ရယ်မောနေပြီး သူ၏ လက်ထဲရှိ ပုလင်းမှ အလင်းရောင်များက ပို၍ ပို၍ ပြင်းထန်လာလေ၏။

လင်ယွီရုံ ၏ ခန္ဓာကိုယ်က ပုလင်း၏ ဆွဲငင်မှုကြောင့် အဆက်မပြတ် ဝင်ရောက်သွားပြီး သူမ၏ ဓာတ်စွမ်းအင် အသွင်ပြောင်းထားသော ခန္ဓာကိုယ်က ပုလင်းထဲသို့ အဆက်မပြတ် စုပ်ယူခံနေရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော လီချင်းဟွာ တို့ အဖွဲ့မှာလည်း မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားကြ၏။

"မကောင်းတော့ဘူး... လင်ယွီရုံ ဘက်က တောင့်မခံနိုင်တော့ဘူး" ထူလုံ က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။

လီချင်းဟွာ က ဘာမှ ထပ်ပြောမနေတော့ဘဲ ချက်ချင်း ပြောလိုက်၏။ "ငါ လုပ်မယ်"

သူက ဝူယောင်ပန်း တို့ နှစ်ယောက် ရှိရာဘက်သို့ လက်ဆန့်တန်းကာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ ခြစ်ဆွဲလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝူယောင်ပန်း ၏ ဓာတ်စွမ်းအင်ပုလင်း နှင့် လင်ယွီရုံ ကြားတွင် ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ရုတ်တရက် ထွက်ပေါ်လာသော ဤဟင်းလင်းပြင် အက်ကွဲကြောင်းက ဓာတ်စွမ်းအင်ပုလင်း ၏ အလင်းရောင်ကို ချက်ချင်း ဆုတ်ဖြဲလိုက်ပြီး ၎င်း၏ အစီအရင် ဖွဲ့စည်းပုံကို ဖျက်ဆီးပစ်လိုက်သည်။

သူမကို ချုပ်နှောင် ဆွဲယူနေသော ထိုအင်အား ရုတ်တရက် ရပ်တန့်သွားသည်ကို လင်ယွီရုံ ချက်ချင်း ခံစားလိုက်ရ၏။

သူမက ဤအခွင့်အရေးကို အသုံးချကာ ထိုဟင်းလင်းပြင် အက်ကွဲကြောင်း ထဲသို့ ခေါင်းထိုး ဝင်ရောက်သွားလေသည်။

နောက်တစ်ခဏတွင် ခန္ဓာကိုယ် ပြန်လည် ထွက်ပေါ်လာသောအခါ ဤဟင်းလင်းပြင် အက်ကွဲကြောင်း မှတစ်ဆင့် လီချင်းဟွာ တို့ အဖွဲ့ ဘေးသို့ ရောက်ရှိသွားပြီ ဖြစ်၏။

သူမ၏ မျက်နှာက ဖြူရော်နေပြီး အဝေးမှ ဝူယောင်ပန်း ကို အသေအလဲ စိုက်ကြည့်နေသည်။

ဝူယောင်ပန်း ကလည်း ယခုအခါ လီချင်းဟွာ တို့ ရှိရာဘက်သို့ ခေါင်းလှည့် ကြည့်လာ၏။

သူ၏ မျက်နှာပေါ်မှ အပြုံးများလည်း ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။

"ဟိုခုန်ဒီခုန် လုပ်နေတဲ့ လူရွှင်တော်လေးတွေ... တကယ်ကို မသတ်လို့ မရတော့ဘူးပဲ"

သူ၏ ဧရာမ မြွေနဂါး ခန္ဓာကိုယ်ကြီးက ဟင်းလင်းပြင်ထဲတွင် ခြေလှမ်းကျဲကြီးများဖြင့် ပျံသန်းလာ၏။

ထိုပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကြောင့် လီချင်းဟွာ တို့ အဖွဲ့၏ အသက်ရှူသံများပင် ရပ်တန့်သွားသည်။

ထူလုံ ပင်လျှင် လွှမ်းမိုးခံလိုက်ရပြီး သတိလွတ်သွားကာ ဟိုဘက်မှ အရိုးခေါင်းကို စုန်းမက လက်တစ်ချောင်းဖြင့် ထိုးခွဲလိုက်သဖြင့် အမှောင်ဓာတ် စွမ်းအင်များက အရိုးခေါင်းကို မျက်စိတစ်မှိတ် အတွင်း မျိုချသွားကာ အရိုးခေါင်းက အမှောင်ရိပ်များ အဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး သူနှင့် အဆက်အသွယ် ချက်ချင်း ပြတ်တောက်သွားလေ၏။

ထူလုံ က ချက်ချင်း ညည်းတွားလိုက်ပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။

တက်တူးဝိညာဉ် သေဆုံးသွားပြီ ဆိုတာကို သူ သိလိုက်၏။

တစ်ချိန်တည်းမှာပင် ဟန်ရှန်းမန် ၏ ရေလှိုင်းကြီးများကလည်း ထူထပ်သော အမှောင်ဓာတ် စွမ်းအင် စက်ကွင်း၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို မျက်စိတစ်မှိတ် အတွင်း ခံလိုက်ရပြီး သူမက အမြင့်သို့ အတင်းအဓမ္မ ပျံတက်သွားရကာ လေထဲတွင် တစ်ပတ် လှည့်ပတ်ပြီးနောက် လေပေါ်တွင် ရပ်နေရ၏။

မော်လီ ၏ မျက်နှာက ကြည့်ရဆိုးနေပြီး ပြောလိုက်သည်။ "သူတို့နဲ့ ဘာလို့လေရှည်နေတာလဲ... သတ်မှာဖြင့် သတ်လိုက်"

ဝူယောင်ပန်း က ဟားတိုက် ရယ်မောလိုက်သည်။ မော်လီ ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေသည်ကို ထင်ရှားစွာ မြင်လိုက်ရခြင်းပင်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၄၀) ရာခိုင်နှုန်းပင် မပြည့်သေးသည့် လူတစ်စု၏ တားဆီးခြင်းကို ဤမျှ ကြာရှည် ခံနေရသဖြင့် သူမ၏ စုန်းမ ဆိုသော နာမည်က တကယ်ကို မြေကြီးပေါ် ပြုတ်ကျတော့မည် ဖြစ်၏။

အထူးသဖြင့် မုန်ယာကုမ္ပဏီ မှ ဝူယောင်ပန်း က ဘေးတွင် ရှိနေစဉ် သူမက ခိုက်ရီနည်းပညာ ဘက်မှ လူတစ်ယောက် ဖြစ်နေသဖြင့် ဤမျက်နှာပျက်စရာက အလွန် ကြီးမားလှသည်။

ထို့ကြောင့် ယခုအချိန်တွင် သူမသည် တကယ်ကို ဒေါသများ တစ်ကိုယ်လုံး လွှမ်းခြုံနေပြီး ရှေ့မှ ဤထိုက်ယန်တောင် ခိုလှုံရေးစခန်း မှ အမှိုက်ကောင်များကို တစ်ကွက်တည်းဖြင့် တိုက်ရိုက် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ချင်စိတ်များ ပေါက်နေလေ၏။

ဝူယောင်ပန်း က ပြောလိုက်သည်။ "ကောင်းပြီ... ဟိုမိန်းမကိုတော့ ငါ့ကိုပဲ လွှဲထားလိုက်... ဒီအမှိုက်ကောင်လေးတွေကိုတော့ ငါက အရင်ဆုံး နှစ်ကောင်လောက် ဖမ်းပေးရဦးမလား"

စုန်းမ က ထိုစကားကို ကြားသောအခါ ချက်ချင်း အေးစက်စွာ ရယ်မောလိုက်၏။ "အသုံးမကျတဲ့ ကောင်လေးတွေပါ... ရှင် ဝင်ပါစရာ မလိုပါဘူး... ကျွန်မပဲ လုပ်လိုက်မယ်"

စကားဆုံးသည်နှင့် မြွေခန္ဓာကိုယ်နှင့် ဆိတ်ခေါင်း ပါသော စုန်းမ က လေထဲသို့ ပြင်းထန်စွာ ပျံတက်သွားပြီး မျက်လုံး အစုံထဲမှ သွေးရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ ထူထပ်လှသော အမှောင်ဓာတ် စွမ်းအင်များက ပြင်းထန်စွာ တဟုန်ထိုး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

"အမှောင် မိစ္ဆာ သန္ဓေသား"

ဆက်ရန်...

All Chapters