← Chapters

အခန်း ၈၃၅

Vol. 42 Ch. 835

အခန်း ၈၃၅

Vol. 42 Ch. 835

အပိုင်း(၈၃၅) ဝူမုန့်နှင့် ဝူယောင်ပန်း

"ဆရာလင်း"

ညနေစောင်းအချိန်တွင် ဝူယင်က ခေါင်းဆောင်စံအိမ်သို့ ရောက်လာခဲ့သည်။

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "သူသွားပြီလား"

"သွားပါပြီ... စုန်းမ ထွက်သွားတာကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ သေချာစောင့်ကြည့်ခဲ့တာပါ"

"အင်း... ဒါဆိုလည်း သူ ပြန်ရောက်သွားတဲ့အခါ ခိုက်ရီနည်းပညာနဲ့ မုန်ယာကုမ္ပဏီ ကြားက တုံ့ပြန်မှုကို စောင့်ကြည့်ရုံပဲပေါ့" လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။

ဝူယင်က ဆက်ပြောသည်။ "ဆရာလင်း... ကျွန်တော် ဖူရုံတောင်ကြားမှာ ရှိနေတုန်းက သတင်းတစ်ခု ကြားခဲ့ရသေးတယ်"

"ဘာသတင်းလဲ"

"ဖူရုံတောင်ကြားရဲ့ မူလတောင်ကြားသခင် မာကောင်းရွှမ်တို့အဖွဲ့က တောင်ကြားထဲကနေ ဆုတ်ခွာသွားကြပြီတဲ့... ဖူရုံတောင်ကြား တစ်ခုလုံးလည်း ရေလွှမ်းမိုးခံလိုက်ရလို့ တစ်ဝက်ကျော်လောက် နစ်မြုပ်သွားပြီ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ "သူတို့ ဆုတ်ခွာသွားတယ် ဟုတ်လား... ဘယ်ကို သွားကြတာလဲ"

"မာကောင်းရွှမ်က သူ့လူတွေကို ခေါ်ပြီး ကျိအန်မြို့မှာရှိတဲ့ ရေပေါ်ကျွန်းတစ်ခုဆီ သွားကြတယ်တဲ့... အဲဒီကျွန်းနာမည်က ကြယ်တံခွန်ကျွန်း လို့ ခေါ်တယ်"

ကျိအန်မြို့တွင်လည်း အတော်အသင့် ကြီးမားသော ရေပေါ်ကျွန်းသုံးကျွန်း ရှိကြောင်း လင်းယွမ် သိထားသည်။

ထိုရေပေါ်ကျွန်း သုံးကျွန်းမှာ "ကြယ်တံခွန်ကျွန်း"၊ "ဆင်တောင်ကျွန်း" နှင့် "အိုအေစစ်ကျွန်း" တို့ပင် ဖြစ်သည်။

ထိုက်ယန်တောင်၏ ထောက်လှမ်းရေးအဖွဲ့က ကျိအန်မြို့၏ လက်ရှိအခြေအနေများကို စုံစမ်းသိရှိထားပြီးဖြစ်ရာ ထိုဘက်တွင် ရေပေါ်ကျွန်းမည်မျှရှိကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။

ထိုကြီးမားသော ရေပေါ်ကျွန်း သုံးကျွန်းအပြင် အခြားသော ရေပေါ်ကျွန်းငယ်လေးများလည်း နေရာအနှံ့တွင် ပြန့်ကျဲတည်ရှိနေသေးသည်။

ထိုအကြောင်းများကို ခဏဘေးဖယ်ထားလိုက်ပြီး လင်းယွမ်က မေးလိုက်သည်။ "မာကောင်းရွှမ်က ကြယ်တံခွန်ကျွန်းကို ခိုလှုံသွားတယ်ပေါ့... အခု ကြယ်တံခွန်ကျွန်းကရော ဘယ်လို အခြေအနေ ရှိနေလဲ"

"ကြယ်တံခွန်ကျွန်းရဲ့ ကျွန်းသခင်က ဘယ်သူလဲဆိုတာ ဆရာ သေချာပေါက် တွေးမိမှာ မဟုတ်ဘူး" ဟု ဝူယင်က ပြောသည်။

လင်းယွမ်က အံ့ဩသွားပြီး "ဘာလဲ... ငါ သိတဲ့သူများလား"

"ဟုတ်ပါတယ်... ဝူမုန့်ကို ဆရာ မှတ်မိသေးလား"

ထိုအမည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်သွားပြီး "သူလား"

"ဟုတ်တယ် ဆရာလင်း... ဖူရုံတောင်ကြားရဲ့ မှောင်ခိုဈေးကနေ ကျွန်တော် လူတော်တော်များများကို ဖမ်းလာခဲ့တယ်... သူတို့ပြောစကားတွေအရ အခု ကြယ်တံခွန်ကျွန်းရဲ့ ကျွန်းသခင်က အရင်တုန်းက ထိုက်ယန်တောင် သိုင်းဘုရင်ဂေဟာရဲ့ ခေါင်းဆောင် ဝူမုန့်ပဲ ဖြစ်နေတယ်"

"အဲဒီလူက ထိုက်ယန်တောင်ကနေ ထွက်သွားပြီးတဲ့နောက် စစ်တပ်ထဲဝင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး... နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်းကြီး သုံးခုဆီ သွားရောက်ခိုလှုံခဲ့တာပဲ"

"ဒါပေမဲ့ ကျွန်တော်တို့နဲ့ ဘာသာရေးဂိုဏ်းကြီးတွေ စတင်တိုက်ခိုက်ကြတဲ့အချိန်ကစပြီး သူ့သတင်းလည်း အစအန ပျောက်သွားခဲ့တာ... ကျွန်တော်ကတော့ သူ သေသွားပြီလို့တောင် ထင်နေခဲ့တာ... ကျိအန်မြို့ကို ထွက်ပြေးပြီး အင်အားစုအသစ်တစ်ခုကို ထူထောင်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

"အခုဆို ရေပေါ်ကျွန်းတစ်ကျွန်းရဲ့ ကျွန်းသခင်တောင် ဖြစ်နေပြီဆိုတော့ သူ့အစွမ်းကလည်း သာမန်တော့ မဟုတ်လောက်ဘူး"

ဝူယင်က ကြယ်တံခွန်ကျွန်း၏ အခြေအနေများကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

လင်းယွမ်က အံ့ဩသွားပြီး ရယ်မောကာ ခေါင်းခါယမ်းလိုက်မိသည်။ "သူ တကယ်ပဲ ကိုယ်ပိုင်လမ်းတစ်ကြောင်း ဖောက်ထွက်နိုင်ခဲ့လိမ့်မယ်လို့ ထင်မထားဘူး"

သူ ဝူမုန့် ဆိုသူကို ပြန်လည်အမှတ်ရသွားသည်။

အရင်တုန်းက ထိုက်ယန်တောင်တွင် သူနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က ဝါးတောထဲတွင် ဝူမုန့်၏ လှုပ်ရှားမှုတိုင်းသည် အစွမ်းထက်သူတစ်ဦး၏ စိတ်နေသဘောထားနှင့် ဟန်ပန်အပြည့် ပါဝင်နေခဲ့သည်။

သွေးသားကြီးထွားခြင်းအစွမ်း ဟူသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အစွမ်းတစ်မျိုးတည်းကို အားကိုးပြီး ထိုက်ယန်တောင်၏ အင်အားကြီးအဖွဲ့လေးဖွဲ့ထဲမှ တစ်ဖွဲ့၏ ခေါင်းဆောင်နေရာအထိ မရမက ကြိုးစားရောက်ရှိလာခဲ့သူ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးအသိ၊ အစွမ်းအပေါ် နားလည်သဘောပေါက်မှုနှင့် အသုံးချနိုင်စွမ်းတို့က သူသည် အမှန်တကယ်ပင် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ထိုကဲ့သို့သော လူမျိုးက ဘယ်နေရာကိုပဲ ရောက်ရောက် လျင်မြန်စွာ ကြီးထွားလာနိုင်စွမ်း ရှိပေသည်။

ဘာသာရေးဂိုဏ်းကြီးများတွင် ရှိနေစဉ်ကလည်း ဝူမုန့်က အတော်လေး နေရာရခဲ့ပုံပေါ်ကြောင်း လင်းယွမ် မှတ်မိနေသည်။ နောက်ပိုင်းတွင် မည်သို့ဖြစ်သွားသည် မသိရဘဲ သတင်းအစအန ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ယခု ကြည့်ရသည်မှာ သူ ကျိအန်မြို့သို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပေမည်။

"ကျိအန်မြို့ရဲ့ အခြေအနေကို လူလွှတ်ပြီး သွားစုံစမ်းခိုင်းလိုက်ဦး... နောက်တစ်ဆင့်အနေနဲ့ ငါတို့ မုန်ယာကုမ္ပဏီကို တိုက်ခိုက်တော့မှာဆိုတော့ ကျိအန်မြို့ကို ဘယ်လိုမှ ကွင်းရှောင်သွားလို့ မရဘူး"

လင်းယွမ်က ဝူယင်အား ပြောလိုက်သည်။

ဝူယင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် ထိုက်ယန်တောင်က ပြန်လည်တည်ငြိမ်သွားခဲ့ပြီး လင်းယွမ်က လေထဲတွင် ပျံသန်းကာ လေပေါ်ကျွန်းဆီသို့ သွားရောက်ခဲ့သည်။

ကျိုးဟောင်ရန်၊ ယွီဝမ်ထောင်နှင့် ဝမ်ထျန်အန်း တို့က အသီးသီး လာရောက်နှုတ်ဆက်ကြသည်။

လင်းယွမ်က ရောက်ရောက်ချင်းပင် တိုက်ရိုက် မေးလိုက်သည်။ "မြွေခရုကျွန်းကို ရှင်းလင်းရေးလုပ်တာ ဘယ်လိုအခြေအနေ ရှိပြီလဲ"

ယွီဝမ်ထောင်က ချက်ချင်း ပြန်ဖြေသည်။ "တစ်ဝက်ကျော်လောက်ကို ရှင်းလင်းပြီးပါပြီ... အခု ကျွန်းပေါ်မှာ အဆိပ်မြွေတွေ မရှိတော့ပါဘူး... သွေးကြောလမ်းကြောင်းတွေလိုမျိုး လျှို့ဝှက်နေရာတွေထဲမှာ နည်းနည်းပါးပါး ပုန်းအောင်းနေသေးတာမို့ ကျွန်တော်တို့ရဲ့ စက်ရုပ်တပ်သားတွေ ရှင်းလင်းဖို့ နည်းနည်း အခက်အခဲ ရှိနေပါတယ်"

ကျိုးဟောင်ရန်ကလည်း ဝင်ပြောသည်။ "လက်ရှိမှာတော့ ကျွန်တော်တို့ လူအင်အားစုဖွဲ့ပြီး မြေအောက် သွေးကြောလမ်းကြောင်းတွေကို စတင်ရှင်းလင်းနေပါပြီ... ကျန်နေတဲ့ အဆိပ်မြွေတွေကို မကြာခင်မှာ အကုန်ရှင်းလင်းနိုင်မယ်လို့ ခန့်မှန်းရပါတယ်"

ဝမ်ထျန်အန်းကလည်း ဆက်ပြောသည်။ "ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ မြွေခရုကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သန့်စင်စုပ်ယူထားတဲ့ မိစ္ဆာကောင်က မြေအောက်ထဲမှာ ပုန်းနေလောက်တယ်... မြေအောက် သွေးကြောလမ်းကြောင်းတွေကို ဆက်ပြီး ရှင်းလင်းဝင်ရောက်သွားရင် သူလည်း သည်းခံနိုင်တော့မှာမဟုတ်ဘဲ ထွက်လာမှာ သေချာပါတယ်"

"အဲဒီအချိန်ကျရင် ကျွန်တော်တို့ သူတို့ကို တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်ပါလိမ့်မယ်"

လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး "ကောင်းတယ်... သားရဲကျွန်းဘက်က အခြေအနေကရော ဘယ်လိုလဲ"

"အဲဒီဘက်လည်း တော်တော်လေး ခရီးရောက်နေပါပြီ... ကျွန်းပေါ်က သန္ဓေပြောင်းသားရဲတွေကို ဖမ်းလို့ရတာ အကုန်ဖမ်းထားပြီး အင်အားကြီးတဲ့ သန္ဓေပြောင်းသားရဲတွေကိုတော့ ကျွန်တော်တို့ မောင်းထုတ်ပစ်လိုက်ပါပြီ"

"စွမ်းအင်ချိတ်ပိတ် သင်္ကေတအစီအရင် ရှိနေတော့ ဘယ်လောက်ပဲ အင်အားကြီးတဲ့ သန္ဓေပြောင်းသားရဲဖြစ်ပါစေ အသက်ရှင်နေတဲ့ ပစ်မှတ်သက်သက်ပဲ ဖြစ်သွားတာပါ" ဝမ်ထျန်အန်းက ရယ်မောရင်း ပြောလိုက်သည်။

စွမ်းအင်ချိတ်ပိတ် သင်္ကေတအစီအရင်က လူသားများ၏ အစွမ်းများကို ချိတ်ပိတ်နိုင်ရုံသာမက သန္ဓေပြောင်းသားရဲများ၏ အစွမ်းများကိုပါ အလားတူ ချိတ်ပိတ်ထားနိုင်စွမ်း ရှိသည်။

ထို့ကြောင့် စွမ်းအင်ချိတ်ပိတ် သင်္ကေတသည် ထိုက်ယန်တောင်၏ အကြီးမားဆုံးသော သတ်ဖြတ်ရေးလက်နက်ကြီးတစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။

ဤတိုက်ပွဲတွင် လင်းယွမ်က အစမှအဆုံးအထိ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း ထိုက်ယန်တောင်မှ လူများက စုန်းမ မော်လီနှင့် ဝူယောင်ပန်းတို့ကို ပြန်လည်ချေမှုန်းနိုင်ခဲ့ခြင်းမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတအစီအရင်၏ အစွမ်းကြောင့်ပင် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ် ပြီးသွားပြီးနောက်တွင် ဝူယောင်ပန်းနှင့် စုန်းမတို့က စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ ထူးခြားမှုကို သေချာပေါက် သတိထားမိသွားကြပေလိမ့်မည်။

အကယ်၍ သူတို့ ထပ်ပြီး တိုက်ခိုက်ချင်သေးလျှင် စွမ်းအင်ချိတ်ပိတ် သင်္ကေတကို အရင်ဆုံး ရအောင်ယူပြီး ချေဖျက်နိုင်မည့် နည်းလမ်းကို သေချာပေါက် ရှာဖွေကြပေမည်။

ထို့ကြောင့် လင်းယွမ်က စွမ်းအင်ချိတ်ပိတ် သင်္ကေတ ပြုလုပ်နည်းကို အထူးလျှို့ဝှက်ထားရန် အစောကြီးကတည်းက အမိန့်ပေးထားခဲ့ပြီး ဖြစ်သည်။

သို့သော် ဤအချက်တစ်ခုတည်းနှင့် မလုံလောက်သေးဘဲ စွမ်းအင်ချိတ်ပိတ် သင်္ကေတများ အပြင်ဘက်သို့ ပေါက်ကြားသွားခြင်းမှလည်း တင်းကျပ်စွာ တားဆီးကာကွယ်ထားရဦးမည် ဖြစ်သည်။

သို့တိုင်အောင် အချို့သော ကိစ္စရပ်များမှာ ကာကွယ်ရုံသက်သက်ဖြင့် တားဆီးနိုင်မည်တော့ မဟုတ်ပေ။

...

ကြယ်တံခွန်ကျွန်း၊ သိုင်းဘုရင်မြို့တော်။

ဤကျွန်းပေါ်တွင် ဧရာမ မြို့ရိုးကြီးတစ်ခုကို တည်ဆောက်ထားသည်။ ယခင်က ဤမြို့ကို ကြယ်တံခွန်မြို့တော်ဟု ခေါ်ဆိုခဲ့သော်လည်း ခေါင်းဆောင်အသစ် ပြောင်းလဲပြီးနောက်တွင်တော့ သိုင်းဘုရင်မြို့တော်ဟူ၍ အမည်ပြောင်းလဲသွားခဲ့သည်။

ယခုအချိန်တွင် ဝူမုန့်က မြို့စားအိမ်တော်တွင် ရပ်နေပြီး သူ့ရှေ့ရှိ မုန်ယာကုမ္ပဏီမှ အဆင့်မြင့် ဒါရိုက်တာကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩနေမိသည်။

"မုန်ယာကုမ္ပဏီက ဒီလိုအချိန်ကြီးမှာ ငါ့ဆီကို ဒါရိုက်တာတစ်ယောက် ထပ်လွှတ်လိုက်တာလား... သူတို့ ထိုက်ယန်တောင်ကို သွားတိုက်နေတာ မဟုတ်ဘူးလား... ငါ့ဆီကို လာပြီး ဘာလုပ်မလို့ပါလိမ့်"

ဝူမုန့်က စိတ်ထဲမှ ခန့်မှန်းတွေးတောနေသော်လည်း အပြင်ဘက်တွင်မူ ပြုံးလျက် "ဒါရိုက်တာဝူ... ခင်ဗျားနဲ့ ဒါရိုက်တာလျှိုတို့က လင်ကျန်းမြို့မှာ ရှိနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကျုပ်ဆီကို လာဖို့ အချိန်ရသွားတာလဲ"

ဝူယောင်ပန်းက မျက်နှာတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သရော်သလို ပြုံးကာ ပြောလိုက်သည်။ "ဝူမုန့်... ငါ့အစွမ်းက ဘာလဲဆိုတာ မင်း တကယ်ပဲ မသိတာလား"

"ငါ့မှာ ပုံတူကိုယ်ပွားတွေ အများကြီး ရှိတယ်လေ... လင်ကျန်းမြို့မှာလည်း ငါ့ကိုယ်ပွားတွေက စီမံခန့်ခွဲပေးနေတာဆိုတော့ အဲဒီဘက် အခြေအနေအတွက် ငါ ပူစရာမလိုဘူး"

ဝူမုန့်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူ မုန်ယာကုမ္ပဏီသို့ ဝင်ရောက်ပြီးကတည်းက မုန်ယာ၏ အထက်ပိုင်း အခြေအနေများကို လက်ခုပ်ထဲက ရေလို အကုန်သိထားပြီးဖြစ်သည်။

သူ့ရှေ့တွင် ရပ်နေသော ဒါရိုက်တာဝူ၏ အစွမ်းကိုလည်း သူ သေချာပေါက် သိထားပေသည်။

သူ၏ ကိုယ်ပွားဖန်တီးနိုင်စွမ်းသည် မုန်ယာကုမ္ပဏီ တစ်ခုလုံးတွင် မိုးခြိမ်းသံအလား ကျော်ကြားလှသည်။ ဝူမုန့်က နောက်မှ ဝင်ရောက်လာသူ ဖြစ်သော်လည်း ဤဒါရိုက်တာ၏ တိုက်ပွဲဝင် မှတ်တမ်းများကို အများအပြား ကြားသိခဲ့ရသည်။

မှန်ပါသည်။ ယခုအခါ ဝူမုန့်သည် တစ်ကိုယ်တည်း တိုက်ခိုက်နေခြင်း မဟုတ်တော့ပေ။ သူသည် အချိန်အတော်ကြာကတည်းက မုန်ယာကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

လင်ကျန်းမြို့မှ ထွက်ခွာလာပြီးနောက် သူ ကျိအန်မြို့သို့ ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင် ဘာသာရေးဂိုဏ်းကြီးသုံးခု ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်မြောက်မြားစွာကို သယ်ဆောင်သွားခဲ့ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထို့နောက် ကျိအန်မြို့တွင် အခြေကျသွားသောအခါ မုန်ယာအဖွဲ့အစည်းနှင့် အမြန်ချိတ်ဆက်မိခဲ့သည်။ မုန်ယာ၏ ထောက်ပံ့မှုဖြင့် ကျိအန်မြို့တွင် တဖြည်းဖြည်း နာမည်ထွက်လာခဲ့ပြီး ကြယ်တံခွန်ကျွန်းသို့ သူလျှိုအဖြစ် ဝင်ရောက်ကာ နောက်ဆုံးတွင် ကျွန်းတစ်ခုလုံးကို တစ်စတစ်စ ဝါးမျိုပြီး ဤရေပေါ်ကျွန်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူသည် အရင်တုန်းကလို သိုင်းပညာကိုသာ ရူးသွပ်သော ဝူမုန့် မဟုတ်တော့ပေ။

ယခင်က သူသည် အပြင်လောက၏ ကိစ္စရပ်များကို လျစ်လျူရှုထားခဲ့ပြီး အရာအားလုံးကို ကျွမ်းရှုယွမ်ထံသို့သာ လွှဲအပ်ထားခဲ့သည်။

ထိုအချိန်က သူသာ လုံလောက်အောင် အစွမ်းထက်နေမည်ဆိုလျှင် စည်းမျဉ်းအားလုံးကို သူကိုယ်တိုင် သတ်မှတ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

လိမ်လည်လှည့်စားမှုများ၊ ပရိယာယ်များ မည်မျှပင်ရှိပါစေ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အားလုံးကို ဖြိုခွဲနိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် စစ်တပ်၏ လူသားစမ်းသပ်မှုများ၊ ဘာသာရေးဂိုဏ်းကြီးသုံးခု၏ အစွန်းရောက်သော တရားဟောမှုများ စသည်တို့ကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီးနောက်တွင် သူသည် လူအများပြောသလို ပါရမီရှင်တစ်ယောက် မဟုတ်ကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။

အရာရာကို ခွန်အားတစ်ရပ်တည်းဖြင့် ဖြိုခွဲနိုင်ရန်ဆိုသည်မှာ တကယ်တမ်း၌ မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

ဤလောကကြီးတွင် သူ့ထက် ပို၍ အစွမ်းထက်ပြီး သူ့ထက် ပါရမီပါသော အစွမ်းပိုင်ရှင်များ အလွန်များပြားလှသည်။

ထို့ကြောင့် လိုအပ်လာပါက အချင်းချင်း လိမ်လည်လှည့်စားခြင်း၊ အကောက်ကြံခြင်းများကိုလည်း ပြုလုပ်ရမည်ပင် ဖြစ်သည်။

ဤကဲ့သို့ တွေးမိတိုင်း ကျွမ်းရှုယွမ်ဟုခေါ်သော ထိုအမျိုးသမီးကို သူ အမှတ်ရမိသည်။

သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အရင်တုန်းက ထိုအမျိုးသမီးသာ သူ့ဘေးတွင် ရှိနေခဲ့လျှင် သူ ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ သူမကိုသာ အားလုံး စီစဉ်ခိုင်းထားနိုင်သည်။

ယခု ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ရသောအခါမှသာ ဤအလုပ်များအတွင်း၌ ရှုပ်ထွေးလှည့်စားမှုများ အလွန်များပြားကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ရသည်။

တကယ်တမ်းတွင် သူသည် ထိုအမျိုးသမီးလောက်ပင် အလုပ်မလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း ပြဿနာမရှိပါ။ လှည့်စားမှုများကို ကျွမ်းကျင်သူများ အလွန်များပြားလှရာ သူ ကြယ်တံခွန်ကျွန်း၏ ကျွန်းသခင် ဖြစ်လာပြီးနောက်တွင် ထိုကဲ့သို့သော ပါရမီရှင်တစ်စုသည်လည်း သူ့လက်အောက်သို့ အလိုအလျောက် စုရုံးရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ့အတွေးများကို ရုပ်သိမ်းလိုက်ပြီး ရှေ့တွင်ရှိသော ဒါရိုက်တာဝူကို ကြည့်ကာ တစ်ဖက်လူက သူ့ကို လာရှာခြင်းမှာ အတိအကျ မည်သည့်ကိစ္စကြောင့်ဖြစ်မည်ကို စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

"အော်... ဒါဆို ဒါရိုက်တာဝူ ကိုယ်တိုင် အခုလို ကြွလာတာ ဘာများ ခိုင်းစရာရှိလို့ပါလဲ"

ဝူယောင်ပန်းက ပြုံးလျက် "လင်ကျန်းမြို့မှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတလို့ခေါ်တဲ့ သင်္ကေတတစ်မျိုး ပေါ်ထွက်လာတယ်လို့ ငါ ကြားတယ်... မင်း အဲဒါကို သိလား"

ထိုစကားကို ကြားသောအခါ ဝူမုန့်၏ ရင်ထဲတွင် ရုတ်တရက် ခုန်ပေါက်သွားသည်။

သူက တစ်ဖက်လူကို မော့ကြည့်လိုက်ပြီး ပြုံးကာ "ကျုပ် ကြားတော့ ကြားဖူးပါတယ်... ဒါရိုက်တာဝူက ဘယ်ကနေများ ကြားလာတာလဲ"

"ဟားဟား... လင်ကျန်းမြို့ကနေ စုံစမ်းသိရှိလာတာပေါ့... မင်း အရင်က လင်ကျန်းမြို့က လာတယ်ဆိုတာ ငါ သိတယ်... ငါ မင်းကို မေးမယ်... ဒီသင်္ကေတအကြောင်း မင်း ဘယ်လောက် သိလဲ... ရေးဆွဲတတ်လား"

ဝူမုန့်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းကာ ခါးသီးစွာ ပြုံးလျက် "ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပြီ... သင်္ကေတ ရေးဆွဲဖို့ဆိုတာ အစွမ်းထက်တဲ့ စိတ်စွမ်းအင် လိုအပ်တယ်... ပုံမှန်အားဖြင့် သင်္ကေတကျောက်တုံးတွေကို ပြုလုပ်တဲ့သူတွေက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေပဲ ဖြစ်ကြတာပါ"

"ကျုပ်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်လေ... သင်္ကေတကျောက်တုံးတွေကို မလုပ်တတ်ပါဘူး"

"အင်း... ဒါဆို ဒီလိုသင်္ကေတကျောက်တုံးမျိုး လုပ်တတ်တဲ့သူကို မင်း သိလား"

ဝူယောင်ပန်းက ကြိုတင်မျှော်လင့်ထားပုံရကာ ချက်ချင်းပင် မေးမြန်းလိုက်သည်။

ဝူမုန့်၏ မျက်လုံးများ တစ်ချက် လက်သွားပြီးနောက် "ကျုပ် သိရသလောက်ဆိုရင် ဒီသင်္ကေတက အစွမ်းတွေကို ချိတ်ပိတ်နိုင်တယ်ဆိုပေမဲ့ ရန်သူရော ကိုယ့်လူပါ မခွဲခြားဘူးလေ... အဲဒီလောက်ကြီးတော့ အစွမ်းမထက်လောက်ပါဘူး"

ဝူမုန့် သိထားသလောက်ဆိုလျှင် ဤသင်္ကေတကို အသုံးပြုရာတွင် အဝေးမှနေ၍ တိုက်ခိုက်ခြင်းမျိုး မဟုတ်ပါက ရန်သူကို တစ်ထောင် ထိခိုက်စေပြီး မိမိကိုယ်ကို ရှစ်ရာ ပြန်ထိခိုက်စေမည့် နည်းဗျူဟာမျိုးသာ ဖြစ်သည်။

အားလုံးမှာ အစွမ်းတွေ မရှိတော့ဘူးဆိုရင် ဘယ်သူ့ အရေပြားက ပိုထူလဲဆိုတာကို ယှဉ်ရုံပဲ မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် ကြယ်တံခွန်ကျွန်း၌ ယာဉ်ပျံများ မရှိသောကြောင့် ဤစွမ်းအင်ချိတ်ပိတ် သင်္ကေတကို အဝေးပစ် အမြောက်ဆံများအဖြစ် ပြုလုပ်ပြီး အဝေးမှနေ၍ ပစ်ခတ်ချိတ်ပိတ်နိုင်မည်ကို သူ မတွေးမိခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ဝူယောင်ပန်းတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်းမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ အမြောက်ဆံများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် အများဆုံး ဖြစ်သည်။

ဝူယောင်ပန်းက သူနှင့် စကားအပိုများ မပြောတော့ဘဲ "ငါ မင်းကို မေးနေတာက... မင်း ဒါကို ရအောင် ယူနိုင်မယ့် နည်းလမ်း ရှိလား မရှိဘူးလား ဆိုတာပဲ"

ဝူမုန့်က သူ၏ မျက်နှာထား တင်းမာနေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် တွေဝေသွားမိသည်။

သူသည် မုန်ယာသို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးပေ။ အောင်မြင်မှုအချို့ကို ရရှိထားသော်လည်း ယခုအချိန်အထိ မုန်ယာ၏ အထက်ပိုင်းသို့ မရောက်ရှိသေးပေ။

သူ၏ အစွမ်းအစမှာ မုန်ယာ၏ အထက်ပိုင်းသို့ ဝင်ရောက်ရန် လုံလောက်သော်လည်း ဝင်ခွင့်ရရန် လမ်းစတစ်ခု လိုအပ်နေသေးသည်။

သူ တစ်ချက် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ဒါရိုက်တာဝူ... ကျုပ်သာ ဒီစွမ်းအင်ချိတ်ပိတ် သင်္ကေတကို ရအောင် ယူပေးနိုင်ခဲ့ရင် ကျုပ်အတွက် ဘာအကျိုးအမြတ် ရှိမလဲ"

ထိုစကားကို ကြားသောအခါ ဝူယောင်ပန်းက မျက်မှောင်တစ်ချက် ပင့်သွားပြီး ဝူမုန့်ကို ကြည့်ကာ ချက်ချင်း ရယ်မောလိုက်သည်။ "မင်းက ဘာအကျိုးအမြတ် လိုချင်လို့လဲ"

"မုန်ယာကုမ္ပဏီရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်နဲ့ဆိုင်တဲ့ အရင်းအမြစ်တွေကို ကျုပ် အသုံးပြုချင်တယ်"

"တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင်... ဒါရိုက်တာအဖွဲ့ထဲကို ကျုပ် ဝင်ချင်တယ်"

ဝူယောင်ပန်း၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ "မင်းက ဒါရိုက်တာအဖွဲ့ထဲ ဝင်ချင်တာလား"

ဝူမုန့်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဒါရိုက်တာအဖွဲ့ထဲ ဝင်ဖို့ သတ်မှတ်ချက်က ဘာလဲဆိုတာ မင်း သိလား"

ဝူမုန့်က ခေါင်းညိတ်ပြီး ပြုံးကာ "ကျုပ် ရှင်းရှင်းလင်းလင်း သိပါတယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀%) အထက် ရှိရမယ်လေ"

ထိုစကားကို ကြားလိုက်ရသောအခါ ဝူယောင်ပန်း ချက်ချင်းပင် တစ်ခုခုကို သဘောပေါက်သွားပြီး သူ့ကို အံ့ဩစွာ လှမ်းကြည့်လိုက်သည်။

"မင်း အဲဒီအဆင့်ကို ရောက်သွားပြီလား"

ဝူမုန့်က သွားဖြဲကာ ပြုံးလိုက်သည်။ "အမှန်ပဲ"

ဆက်ရန်...

All Chapters