အခန်း ၈၃၆
Vol. 42 Ch. 836
အပိုင်း (၈၃၆) ကျင်းရှီရုံ
ဝူယောင်ပန်းက အံ့အားသင့်သွားသည့် မျက်နှာဖြင့် သူ့ရှေ့ရှိ ဝူမုန့်အား အထက်အောက် အကဲခတ်ကြည့်လိုက်သည်။
ရုပ်ရည်အားဖြင့် သာမန်ကာလျှံကာသာရှိသော ဤလူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀%) အဆင့်ထိ ဤမျှ လျင်မြန်စွာ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဝူမုန့် သူ၏ရှေ့တွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့စဉ်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ယခုမှ ခြေချကာစသာ ရှိသေးသည်ကို သူ မှတ်မိနေသေးသည်။
အခု အချိန်ဘယ်လောက်များ ကြာသွားလို့လဲ။
သုံးလလား... ဒါမှမဟုတ် ခြောက်လလား။
သုံးလပဲဖြစ်ဖြစ် ခြောက်လပဲဖြစ်ဖြစ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ စတင်ဝင်ရောက်ချိန်မှ (၅၀%) အထိ တိုက်ရိုက် တက်လှမ်းလာနိုင်ခြင်းက အလွန်တရာ မြန်ဆန်လွန်းလှသည်။
သူ အနည်းငယ် အံ့သြသွားသော်လည်း စပ်စုချင်စိတ်က ပိုများနေခဲ့သည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ဝူမုန့်က ပြုံးသာပြုံးနေပြီး ဘာမှ ဝင်မပြောပေ။
၎င်းက လူတစ်ဦးချင်းစီ၏ ကျင့်ကြံခြင်း လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေသဖြင့် သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆို၍ မရနိုင်သည်မှာ သဘာဝပင်။
ဝူယောင်ပန်းသည်လည်း ထိုအချက်ကို ကောင်းစွာ နားလည်ပုံရပြီး ပြုံးလိုက်ကာ "ထားလိုက်ပါတော့... ငါ ထပ်မမေးတော့ပါဘူး"
"မင်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေပြီဆိုတော့ နောက်တစ်ကြိမ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးကျရင် အမည်စာရင်း တင်သွင်းလိုက်... ငါကတော့ မင်းကို သေချာပေါက် မဲပေးမှာပါ"
ဝူမုန့်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး "ဒါရိုက်တာဝူက တကယ် ပွင့်လင်းတာပဲ... စွမ်းအင်ချိတ်ပိတ် သင်္ကေတ ရေးဆွဲတဲ့ နည်းလမ်းကို ကျွန်တော် မရှာနိုင်ပေမဲ့ အပြည့်အစုံ ရေးဆွဲထားတဲ့ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကိုတော့ ကျွန်တော် ရှာပေးနိုင်ပါတယ်"
သူကိုယ်တိုင် စွမ်းအင်ချိတ်ပိတ် သင်္ကေတကို မရေးဆွဲတတ်သော်လည်း ဤကြယ်တံခွန်ကျွန်းပေါ်တွင် ရေးဆွဲတတ်သူ ရှိနေသည် မဟုတ်ပါလော။
ဝူယောင်ပန်းက ချက်ချင်း ရယ်မောလိုက်သည်။ အပြည့်အစုံ ရေးဆွဲထားသော စွမ်းအင်ချိတ်ပိတ် သင်္ကေတသာ ရှိပါက အခြားသူကို ပုံတူကူးဆွဲခိုင်းရန် သူ၌ နည်းလမ်း ရှိပြီးသားပင်။
ထိုအချိန်ရောက်ပါက စွမ်းအင်ချိတ်ပိတ် သင်္ကေတသည် ထိုက်ယန်တောင် တစ်ခုတည်း၏ လျှို့ဝှက်ချက် ဖြစ်နေတော့မည် မဟုတ်ပေ။
"ဒါရိုက်တာဝူ ခဏလောက် ထိုင်စောင့်ပါဦး... ကျွန်တော် သွားလိုက်ဦးမယ်"
ဝူမုန့်က အလျင်အမြန် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ထွက်သွားလေသည်။
ခဏအကြာတွင် လူကောင်ထွားကျိုင်းသော အမျိုးသားတစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် အပြေးအလွှား ရောက်ရှိလာသည်။
သူက ဝူမုန့်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး "ကျွန်းသခင် ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"
"အစ်ကိုရှီ... ခင်ဗျားတို့ မြေမိခင်ဂိုဏ်းမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ဖန်တီးတဲ့ နည်းလမ်း ရှိတယ်လို့ ကျွန်တော် မှတ်မိတယ်... ခင်ဗျားဆီမှာ အဆင်သင့် သုံးလို့ရတဲ့ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျောက်တုံးများ ရှိလား"
ရှီလျန်ဟိုင်က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး "ရှိတော့ ရှိတယ်... ဒါပေမဲ့ ဒီ စွမ်းအင်ချိတ်ပိတ် သင်္ကေတက ကျွန်တော်တို့ရဲ့ အဓိက လက်နက်လို့ ပြောလို့ရတယ်... အနာဂတ် စစ်ပွဲတွေမှာ အများကြီး အသုံးဝင်လာနိုင်တယ်... ကျွန်းသခင်က စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ဘာလုပ်ဖို့လဲ"
"ကျွန်တော့်မှာ သုံးစရာရှိလို့ပါ... အရင်ဆုံး တစ်တုံးလောက် ပေးပါဦး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှီလျန်ဟိုင်၏ စိတ်ထဲ၌ ဝူမုန့်၏ ဆက်ဆံပုံကို မကျေနပ်သော်လည်း အခြား ရွေးချယ်စရာ နည်းလမ်း မရှိပေ။
အရင်တုန်းက သူသည် မြေမိခင်ဂိုဏ်းမှ လက်ကျန်လူများကို ခေါ်ဆောင်ကာ ကြယ်တံခွန်ကျွန်းသို့ လာရောက်ပြီး ကျွန်းကို သိမ်းပိုက်ကာ အခြေချရန် ပြင်ဆင်ခဲ့သည်။
သို့သော် ကျင့်ကြံမှု အောင်မြင်နေသော ဝူမုန့်နှင့် ဆုံတွေ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ထိုအချိန်က ဝူမုန့်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်ပိုင် ကျင့်စဉ်တစ်ရပ်ကိုပါ ပိုင်ဆိုင်ထားသဖြင့် ရှီလျန်ဟိုင်တို့ကို အလဲအကွဲ ထိုးကြိတ်နိုင်ခဲ့သည်။
ဝူမုန့်ဘက်တွင်လည်း လူအင်အား လိုအပ်နေချိန် ဖြစ်သဖြင့် ထိုလူများကို ကြယ်တံခွန်ကျွန်းသို့ ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့လေသည်။
နှစ်ဖက်စလုံး စစ်ပြေငြိမ်းကာ စကားစမြည် ပြောဆိုကြည့်ရာမှ ဤလူစုသည် တစ်ချိန်က မြေမိခင်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း ဝူမုန့် သိရှိသွားခဲ့သည်။
တစ်ချိန်က သူကိုယ်တိုင်လည်း မြေမိခင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလော။
ယခုမူ ဤရှီလျန်ဟိုင်တို့ လူစုက မြေမိခင်ဂိုဏ်း၏ အဓိက အရေးပါသူများ ဖြစ်နေသည်။
သူ့ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားမိသည်။ တစ်ချိန်က အထက်စီးမှ နေခဲ့သူများက ယခုအခါ သူ၏ ပြိုင်ဘက်ပင် မဟုတ်တော့ဘဲ သူ့လက်အောက်တွင် ခိုကပ်စားသောက်နေရပြီ ဖြစ်သည်။
ဝူမုန့်ပင်လျှင် ဂုဏ်ယူဝင့်ကြွားချင်စိတ်များကို မထိန်းချုပ်နိုင်တော့ပေ။
သို့သော် ရှီလျန်ဟိုင်တို့ကတော့ ဝူမုန့်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိမည် မဟုတ်ပေ။
အစောပိုင်းက ဝူမုန့် မြေမိခင်ဂိုဏ်းသို့ ဝင်ရောက်စဉ်က သူ၏ ခန္ဓာကိုယ်အမျိုးအစား သန္ဓေပြောင်းအစွမ်းမှာ ဂိုဏ်းထဲတွင် ထူးခြားပေါ်လွင်ခြင်း မရှိခဲ့ပေ။
တိုက်ပွဲဝင်ရာတွင် သေရမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော်လည်း အဖွဲ့ခေါင်းဆောင် နေရာတစ်ခုသာ ရရှိခဲ့သည်။
ဤကဲ့သို့သော အဆင့်နိမ့်သူ တစ်ယောက်ကို ရှီလျန်ဟိုင်တို့ကဲ့သို့ လူများက အာရုံစိုက်မည် မဟုတ်သလို သူ မည်သူဆိုတာကိုလည်း သိမည် မဟုတ်ပေ။
ဝူမုန့်အနေဖြင့်လည်း သူတို့နှင့် အသိအမှတ်ပြုရန် မလိုအပ်သလို တစ်ချိန်က သူတို့လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးကြောင်းကို ဖွင့်ပြောပြစရာ အကြောင်းမရှိပေ။
ယခုအချိန်တွင် ရှီလျန်ဟိုင်က သင်္ကေတကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ဝူမုန့်ထံ ကမ်းပေးလိုက်သည်။
ဝူမုန့်က သင်္ကေတကျောက်တုံးကို ကိုင်ထားရင်း "ဒီရက်ပိုင်း လင်ကျောင်းမြို့ဘက်က လှုပ်ရှားမှုတွေကို တပည့်တွေ သေချာစောင့်ကြည့်ခိုင်းထား"
ရှီလျန်ဟိုင်က ကြားလိုက်သည်နှင့် "ဟိုဘက်မှာ အနိုင်အရှုံး ပေါ်သွားပြီလား"
ဝူမုန့်က ပြုံးလိုက်ပြီး "မကြာတော့ပါဘူး... မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာတို့ ပူးပေါင်းလိုက်ပြီဆိုတော့ ထိုက်ယန်တောင်က ဘယ်လောက်ပဲ စွမ်းစွမ်း ဒီအဆင့်ရှိတဲ့ ကုမ္ပဏီကြီး နှစ်ခုကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
ရှီလျန်ဟိုင်က ချက်ချင်း ဟားတိုက်ရယ်မောလိုက်ပြီး "လင်း ဆိုတဲ့ကောင် လူတွေရဲ့ ဝိုင်းရိုက်တာခံရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့အချိန် ကျရင် ဘယ်လိုရုပ်ထွက်လာမလဲ ဆိုတာ ငါ တကယ်ကြည့်ချင်နေပြီ"
ထိုစကားကို ကြားလိုက်ရသော ဝူမုန့်က အရှေ့တောင်ဘက်ရှိ လင်ကျောင်းမြို့ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုအမျိုးသား၏ မျက်နှာက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
တစ်ဖက်လူ ပေါ်လာသည့် အကြိမ်တိုင်း ဝူမုန့်၏ အသိအမြင်များကို အမြဲတမ်း အသစ်ဖြစ်စေခဲ့သည်။
"ဒီတစ်ခေါက်တော့ မင်း အသက်ရှင်နိုင်ပါ့မလား မသိဘူး... သေတော့မသွားနဲ့ဦး... မင်းနဲ့ ငါ ထပ်ပြီး ယှဉ်ချင်သေးတယ်"
သူက နှုတ်ခမ်းတစ်ဖက် တွန့်ကာ အသံမထွက်ဘဲ ပြုံးလိုက်လေသည်။
ထို့နောက် ရှီလျန်ဟိုင်ကို လွှတ်လိုက်ပြီး ခေါင်းဆောင်စံအိမ်သို့ ပြန်လာကာ ဝူယောင်ပန်းနှင့် အရောင်းအဝယ် လုပ်လိုက်သည်။
ဝူယောင်ပန်းက စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျောက်တုံးကို ထုတ်ယူကာ စမ်းသပ်ကြည့်လိုက်သည်။
"တကယ်ကြီး သန္ဓေပြောင်းအစွမ်းကို ချိတ်ပိတ်ထားနိုင်တာပဲ"
ခိုက်ရီနည်းပညာမှ ဂျိမ်းစ်ကို သူ အလိုအလျောက် သတိရသွားမိသည်။
ထိုသူသည် သူ၏ သန္ဓေပြောင်းအစွမ်းကို ချိတ်ပိတ်နိုင်စွမ်းကြောင့် ကြီးကျယ်ခမ်းနားသော မုန်ယာကုမ္ပဏီ၏ ဥက္ကဋ္ဌ ကျင်းရှီရုံနှင့်ပင် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဤအစွမ်းကို ပိုင်ဆိုင်ခဲ့မည်ဆိုပါက ကျင်းရှီရုံနှင့်...
သူ၏ တွေးတောမှုက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး ထိုသင်္ကေတကျောက်တုံးကို အိတ်ထဲသို့ သိမ်းလိုက်လေသည်။
ဝူမုန့်အား စကားအနည်းငယ် ပြောဆိုပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဝူမုန့်က ထွက်ခွာသွားသော သူ၏ ကျောပြင်ကို နက်ရှိုင်းသော အကြည့်များဖြင့် ကြည့်ကာ နှုတ်ခမ်းတစ်ဖက် တွန့်၍ အသံမထွက်ဘဲ ပြုံးလိုက်ပြန်သည်။
...
ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် ဤတိုက်ပွဲအပြီးတွင် များများစားစား ဆုံးရှုံးမှု မရှိခဲ့သည့်အပြင် အကျိုးအမြတ်များစွာပင် ရရှိလိုက်သေးသည်။
လင်းယွမ်ကမူ လက်ပိုက်ကြည့်နေသူ တစ်ယောက်အဖြစ်သာ ဆက်လက်နေထိုင်ပြီး ခိုလှုံရေးစခန်း ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို လက်အောက်ငယ်သားများထံ ခွဲဝေပေးပြီးနောက် သူကမူ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေတော့သည်။
ကျင်းရှီရုံနှင့် ဂျိမ်းစ်တို့ ပေါ်လာမှုက သူ့ကို အမှန်တရား တစ်ခု နားလည်သွားစေခဲ့သည်။
အစွမ်းထက်သူတိုင်း၏ အထက်တွင် ပိုမိုအစွမ်းထက်သူများ ရှိနေပြီး ကောင်းကင်အထက်တွင် နောက်ထပ် ကောင်းကင်တစ်ခု ရှိနေသေးသည် ဆိုသည့် အချက်ပင်။
စနစ် ကို ပိုင်ဆိုင်ထားသော်လည်း သူ ပေါ့ဆနေ၍ မရနိုင်ပေ။
အချို့သူများ၏ သန္ဓေပြောင်းအစွမ်းများက မွေးရာပါ ထူးခြားစွမ်းရည်များ ဖြစ်နေပြီး ယုတ္တိမတန်လောက်အောင်ပင် စွမ်းအားကြီးမားလှသည်။
သူ၏ စွမ်းရည်များကို အဆက်မပြတ် မြှင့်တင်နေမှသာ ယခု လက်ရှိနယ်မြေကို ခိုင်မာအောင် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
"ငါ့ရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် ကျင်းရှီရုံ ဒါမှမဟုတ် ဂျိမ်းစ်နဲ့ တွေ့ရင်တောင် မယှဉ်နိုင်စရာ အကြောင်းမရှိဘူး"
"ဒီလူနှစ်ယောက်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ဘယ်လောက်ရောက်နေပြီလဲ ဆိုတာ အခုထိ မသိရသေးဘူး"
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သတိထားတာကတော့ အကောင်းဆုံးပဲ"
"အခု ချက်ချင်း လုပ်ရမှာက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို အမြန်ဆုံး ဆက်တင်ပြီး (၁၀၀%) ကို စောစော ရောက်ဖို့ပဲ"
လင်းယွမ်က သူ၏ အရည်အသွေး မှတ်တမ်းကို ကြည့်လိုက်ရာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က (၇၄%) တွင် ရှိနေသည်။
ဤကဲ့သို့သော တိုးတက်နှုန်းကို သူ သဘောမကျပေ။
ထို့နောက် သူက အမှတ်များကို ထပ်ကြည့်လိုက်သည်။
ရက်အနည်းငယ်အတွင်းမှာပင် စနစ် အမှတ်များက နောက်ထပ် တစ်သန်းကျော်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူ၏ နယ်မြေများ ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ လက်အောက်ငယ်သားများလည်း ပိုမို များပြားလာသည်။
နေ့စဉ် ရရှိသော အမှတ်များကလည်း ပို၍ ပို၍ များပြားလာခဲ့သည်။
အထူးသဖြင့် ဤတိုက်ပွဲတွင် သူ ကိုယ်တိုင် ဝင်မပါခဲ့သော်လည်း လက်အောက်ငယ်သားများ သုံးစွဲခဲ့သော လက်နက်များအားလုံးက လက်နက်စက်ရုံမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
လက်နက်တိုင်းတွင် အကြောင်းအကျိုး လွှဲပြောင်းခြင်း အာနိသင်များ ပါဝင်နေသည်။
သူ၏ အမှတ်များ ဤမျှ လျင်မြန်စွာ တက်လာရခြင်းမှာ ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်သည်။
လင်းယွမ်က မဆိုင်းမတွဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို မြှင့်တင်ပေးနိုင်သည့် မျိုးရိုးဗီဇ ဆေးရည်များကို တိုက်ရိုက် လဲလှယ်လိုက်သည်။
သူက စကားများများ ပြောမနေတော့ဘဲ ကျင့်ကြံခြင်း အခြေအနေသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။
...
တစ်ချိန်တည်းမှာပင် ယွီကျိုးပြည်နယ်၊ ချီတောင်၏ အထက်ကောင်းကင်ယံ၌ မိုးတိမ်များ ဖုံးလွှမ်းကာ မိုးကြိုးလျှပ်စီးများ လက်နေသည်။
မိုးတိမ်များ၏ အထက်တွင် ရေကြာပန်းပုံစံ ဧရာမ လေပေါ်ကျွန်းကြီး တစ်ကျွန်း ရှိနေသည်။
ကျွန်းပေါ်တွင် ရွှေရောင်များ ဝင်းလက်နေပြီး ဧရာမ ခေတ်မီ မိုးမျှော်တိုက်ကြီးများက အစီအရီ ရပ်တည်နေကြသည်။
အပြင်ဘက်တွင် ယာဉ်ပျံများစွာ ဖြတ်သန်းသွားလာနေပြီး ကျွန်း၏ အစွန်းဘက်တွင် ဧရာမ စွမ်းအင်အကာအရံကြီး ရှိနေသည်။
ယခုအချိန်တွင် အာကာသယာဉ်တစ်စင်းက ကျွန်းထဲသို့ အလျင်အမြန် ပျံသန်းဝင်ရောက်လာကာ အကာအရံကို ဖြတ်သန်း၍ အမြင့်ဆုံးဖြစ်သော ရွှေရောင် အဆောက်အအုံကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ထိုရွှေရောင် အဆောက်အအုံအတွင်း၌ ရွှေရောင်များ လင်းထိန်နေပြီး လှပသော အမျိုးသမီးငယ် အများစု ရှိနေကြသည်။
လူနည်းစုဖြစ်သော အမျိုးသားအချို့မှာ ကိုယ်ရံတော် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ယခု ဧည့်ခန်းမဆောင်အတွင်း၌ လူကောင်တုတ်တုတ်ခိုင်ခိုင် အမျိုးသားတစ်ဦးက လှပသော အမျိုးသမီးတစ်ဦးအား ဖိထားကာ ကျီစယ်နေသည်။
သူက ရင်ခွင်ထဲရှိ အလှလေးအား မောဟိုက်သွားသည်အထိ ကျီစယ်နေစဉ် အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။
သို့သော် ခြေသံရှင် ဝင်လာပြီးနောက် အထဲရှိ အခြေအနေကို တစ်ချက်ကြည့်ကာ ချက်ချင်း ရပ်တန့်သွားပြီး အသာတကြည် ပြန်ဆုတ်ထွက်သွားလေသည်။
အထဲမှ လက်ခုပ်တီးသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး အတန်ကြာပြီးနောက် အမျိုးသမီးတစ်ဦး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ အဆုံးသတ်သွားချိန်မှသာ လူတစ်ယောက်က ပြောလိုက်သည်။ "မန်နေဂျာကျိုး... ဥက္ကဋ္ဌက ဝင်လာခဲ့ဖို့ ခေါ်နေတယ်"
ကျိုးထန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ "ဥက္ကဋ္ဌ စိတ်အခြေအနေ ဘယ်လိုနေလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
သတင်းလာပို့သော မိန်းကလေးက "မဆိုးပါဘူး" ဟု လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။
ကျိုးထန် ထပ်မံ၍ သက်ပြင်းချနိုင်သွားပြီး တစ်ဖက်လူ၏ နောက်မှနေ၍ ဧည့်ခန်းမဆောင်ထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။
ဧည့်ခန်းမဆောင်အတွင်း၌ ကျင်းရှီရုံက အထက်ရှိ ဧရာမ ကုတင်ကြီးပေါ်တွင် လှဲလျောင်းနေပြီ ဖြစ်သည်။ ကုတင်တွင် ကုလားကာ ချထားပြီး ကိုယ်လုံးကိုယ်ပေါက် လှပသော မိန်းကလေး အနည်းငယ်က သူ၏ဘေးတွင် ထိုင်နေကြသည်။
အချို့က သူ့ကို ယပ်ခတ်ပေးနေပြီး အချို့က အစားအစာများ ခွံ့ကျွေးနေကြကာ အချို့က ပခုံးနှင့် လည်ပင်းတို့ကို နှိပ်နယ်ပေးနေကြသည်။
ကုလားကာက အမြင်အာရုံကို ကွယ်ထားသဖြင့် ကျိုးထန်သည် အတွင်းရှိ အခြေအနေကို သေချာ မမြင်နိုင်ပေ။
သို့သော် သူကလည်း အပေါ်ဘက်ရှိ အခြေအနေကို မော့ကြည့်ရန် တကယ် မရဲဝံ့ပေ။
ထို့ကြောင့် ခေါင်းငုံ့ထားရင်း "ဥက္ကဋ္ဌ... ကျွန်တော့်မှာ တင်ပြစရာ အရေးပေါ် စစ်ရေးသတင်း ရှိလို့ပါ"
ကုလားကာနောက်ကွယ်မှ သာမန်ကာလျှံကာ လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ကျိုးထန်... မင်းတို့ ဈေးကွက်ရှာဖွေရေး ဌာနမှာ ဘာကိစ္စရှိလို့လဲ"
"ဥက္ကဋ္ဌ... ဈေးကွက်ရှာဖွေရေး ဌာနက ကိစ္စတော့ မဟုတ်ပါဘူး... အမ်း... အဲဒီလို ပြောလို့လည်း မရဘူးဗျ"
သူက စကားလုံးများကို အလျင်အမြန် စီစဉ်လိုက်ပြီး "ဥက္ကဋ္ဌ... ဒီတစ်ခေါက် ကျွန်တော် အရင်းအမြစ်နဲ့ အခွန်ငွေတွေ သွားကောက်တုန်း လင်ကျောင်းမြို့ဘက်ကို ဖြတ်သွားမိတယ်... အဲဒီဘက်မှာ အခု တော်တော်လေး ရှုပ်ထွေးနေတယ်"
"လင်ကျောင်းမြို့ ဟုတ်လား... ဘာလို့ ဒီနေရာပဲ ထပ်ဖြစ်ရတာလဲ... လျှိုချင့်ဟုန်နဲ့ ဝူယောင်ပန်းတို့ အဲဒီကို သွားရှင်းနေကြတာ မဟုတ်ဘူးလား"
"ဥက္ကဋ္ဌကို တင်ပြရရင် လင်ကျောင်းမြို့ ရှေ့တန်းကနေ တိုက်ပွဲသတင်း ရောက်လာတယ်... လျှိုချင့်ဟုန်နဲ့ ဝူယောင်ပန်းတို့ ရှုံးနိမ့်သွားပြီတဲ့"
"ဒါ့အပြင် လျှိုချင့်ဟုန်က ရန်သူ့ဘက်ကို ကူးပြောင်းသွားပုံရပြီး ဝူယောင်ပန်းရဲ့ ပုံတူကိုယ်ပွားကလည်း တိုက်ပွဲမှာ ကျဆုံးသွားပါပြီ"
"လင်ကျောင်းမြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လေပေါ်ကျွန်း အနည်းငယ်ကိုလည်း ရန်သူတွေ လုယူသွားကြပြီ"
ကျင်းရှီရုံ ချက်ချင်း အံ့သြသွားပြီး "မင်း ဘာပြောလိုက်တယ်"
သူ အနည်းငယ် အံ့သြသွားသော်လည်း စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့ရှိသွားပုံရကာ ဘေးနားရှိ အမျိုးသမီး၏ အစာခွံ့ကျွေးနေမှုကို ရပ်တန့်စေလိုက်သည်။
ကျိုးထန်က အလျင်အမြန် ဆက်ပြောသည်။ "ဥက္ကဋ္ဌ... လင်ကျောင်းမြို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လင်ကျောင်းမြို့ကို ပေါင်းစည်းလိုက်ရုံတင် မကဘူး... ဒီတစ်ခေါက် လင်ကျောင်းမြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လေပေါ်ကျွန်းတွေကိုပါ လုယူသွားပြီး ဒါရိုက်တာ လျှိုချင့်ဟုန်ကို အရှင်ဖမ်းမိသွားတယ်... ဒါရိုက်တာ ဝူယောင်ပန်းရဲ့ ပုံတူကိုယ်ပွားကိုလည်း သတ်ပစ်လိုက်တယ်"
"အခု ရှေ့တန်းက အကုန်လုံး ပြိုကွဲသွားပြီ... ကျွန်တော်တို့ လူတွေ... အားလုံး ကျဆုံးသွားပါပြီ"
ကျင်းရှီရုံက ထိုစကားကို ကြားသောအခါ ဒေါသထွက်မသွားဘဲ အံ့သြစွာဖြင့် "ဝူယောင်ပန်းရဲ့ ကိုယ်ပွားတောင် သေသွားတာလား... လျှိုချင့်ဟုန်ကရော ဘယ်လိုလုပ်ပြီး အလွယ်တကူ သစ္စာဖောက်သွားရတာလဲ... ဒီမိန်းမက ငါ စာရင်းရှင်းမှာကို မကြောက်ဘူးလား"
ကျိုးထန်က အလျင်အမြန် ရှင်းပြသည်။ "အဲဒီ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အရှင်သခင် လင်းယွမ်ဆိုတဲ့ လူရဲ့ စွမ်းရည်က သာမန် မဟုတ်ဘူး... ဒါရိုက်တာ လျှိုချင့်ဟုန်လည်း အသက်ရှင်ဖို့အတွက် မဖြစ်မနေ လက်နက်ချခဲ့ရတာ ဖြစ်မယ်"
"ဒါရိုက်တာဝူ ကတော့ လောလောဆယ် သူ့ရဲ့ ကိုယ်ပွားအသစ်က အစီရင်ခံဖို့ ပြန်မရောက်လာသေးပါဘူး"
ကျင်းရှီရုံက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြုံးကာ "နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ"
"ဒီ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်က ဘယ်ကရောက်လာတာလဲ... အသေးစိတ် အချက်အလက်တွေ ရှိလား"
ကျိုးထန်က အမြန် ပြန်ဖြေသည်။ "ကျွန်တော် အချက်အလက် တချို့တော့ စုဆောင်းထားပြီးပါပြီ"
"ဒီ လင်းယွမ်ဆိုတဲ့ လူက ကပ်ဘေးမတိုင်ခင်ကတည်းက လင်ကျောင်းမြို့မှာ နေထိုင်ခဲ့သူပါ... သူ အစောဆုံး အခြေချခဲ့တာက ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာပဲ... သူ့ရဲ့ သန္ဓေပြောင်းအစွမ်းနဲ့ ပတ်သက်ပြီးတော့ အပြင်လောကမှာ ပြောစရာတွေ အမျိုးမျိုး ထွက်နေတယ်"
"လူတချို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာကတော့ သူက မတူညီတဲ့ သန္ဓေပြောင်းအစွမ်း ငါးမျိုး ခြောက်မျိုးထက်မနည်း သုံးစွဲနိုင်တယ်လို့ ဆိုတယ်"
"လောလောဆယ် သိရသလောက်တော့ ရွှေ၊ ရေ၊ မီး၊ မြေ၊ အမှောင်၊ ရေခဲ စတဲ့ ဓာတ်စွမ်းအင်တွေ ပါဝင်ပါတယ်"
"ဒါပေမဲ့ သူ့ရဲ့ အဓိက ဓာတ်စွမ်းအင်က ဘာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး"
"သူ့မှာလည်း သန္ဓေပြောင်းအစွမ်း မျိုးစုံ ရှိနေနိုင်တယ်လို့ ကျွန်တော် သံသယဖြစ်မိတယ်"
ထိုစကားတစ်ခွန်းတည်းကပင် ကျင်းရှီရုံကို ချက်ချင်း မတ်တတ်ရပ်သွားစေခဲ့သည်။ သူ၏ မူလ သာမန်ကာလျှံကာ သဘောထားက ချက်ချင်းဆိုသလို လေးနက်သွားလေသည်။
"မင်း ဆိုလိုတာက သူ့မှာလည်း သန္ဓေပြောင်းအစွမ်း မျိုးစုံ ရှိနေတယ်ပေါ့... တခြားသူတွေရဲ့ သန္ဓေပြောင်းအစွမ်းကိုတောင် ပုံတူကူးချနိုင်တဲ့ အလားအလာ ရှိနေတယ် ဆိုပါတော့"
ကျိုးထန်က အလျင်အမြန် ဝင်ပြောသည်။ "သူ့မှာ သန္ဓေပြောင်းအစွမ်း မျိုးစုံ ရှိနေတာက အသေအချာပါပဲ... ဒါပေမဲ့ တခြားလူတွေရဲ့ သန္ဓေပြောင်းအစွမ်းကို ပုံတူကူးချနိုင်စွမ်း ရှိမရှိ ဆိုတာကတော့ မလုပ်နိုင်လောက်ဘူး ထင်ပါတယ်"
ကျင်းရှီရုံ၏ မျက်လုံးများ အေးစက်သွားသည်။ "စိတ်ဝင်စားစရာပဲ... ဒီလောကမှာ ငါနဲ့ တူတဲ့ သန္ဓေပြောင်းအစွမ်းကို ပိုင်ဆိုင်ထားသူ ရှိနေသေးတာပေါ့လေ"
သူက ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး "ယာဉ်ပျံ ပြင်ဆင်ထား... လင်ကျောင်းမြို့ကို ငါကိုယ်တိုင် သွားရမယ်"
ဆက်ရန်...