← Chapters

အခန်း ၈၃၇

Vol. 42 Ch. 837

အခန်း ၈၃၇

Vol. 42 Ch. 837

အပိုင်း(၈၃၇) မော်လီနှင့် ဂျိမ်းစ်

ကျိုးထန်က မယုံကြည်နိုင်စွာဖြင့် ကျင်းရှီရုံကို ရုတ်တရက် မော့ကြည့်လိုက်သည်။

"ဥက္ကဌကြီး... ဥက္ကဌကြီး ကိုယ်တိုင် သွားမလို့လား"

ကျင်းရှီရုံ ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားသည်ကို သူ မမြင်ခဲ့ရသည်မှာ မည်မျှကြာပြီမှန်းပင် မမှတ်မိတော့ပေ။

သေးငယ်လှသော ထိုက်ယန်တောင် ခိုလှုံရေးစခန်းလေးတစ်ခုအတွက် ကျင်းရှီရုံ ကိုယ်တိုင် သွားရောက်ရန် လိုအပ်ပါမည်လား။

ကျင်းရှီရုံက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကိုယ်လက် မလှုပ်ရှားရတာ တော်တော် ကြာနေပြီ... မင်းပြောပုံအရဆိုရင် လင်းယွမ် ဆိုတဲ့လူက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတယ်"

ကျိုးထန်က အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဒီလူက နည်းနည်း အစွမ်းအစရှိတယ် ဆိုပေမဲ့ ဥက္ကဌကြီး ကိုယ်တိုင် ထွက်လာရလောက်တဲ့အထိတော့ မဟုတ်လောက်ပါဘူး"

ကျင်းရှီရုံက ရယ်မောလိုက်ပြီး "ဒီလိုပြိုင်ဘက်မျိုး... ဒီလိုအစွမ်းမျိုးဆိုတာ တွေ့ရခဲတယ်... ငါ ကိုယ်တိုင် သွားကစားကြည့်ရမှာပေါ့"

ထိုသို့ပြောပြီးနောက် သူက ရုတ်တရက် ထပ်မေးလိုက်သည်။ "ဒါနဲ့... ခိုက်ရီနည်းပညာ ဘက်ကရော ဘယ်လို တုံ့ပြန်လဲ... သူတို့က ငါတို့နဲ့ ပူးပေါင်းဖို့ လူလွှတ်လိုက်တယ် မဟုတ်ဘူးလား"

"ဥက္ကဌကြီးကျင်း... ခိုက်ရီနည်းပညာက လောလောဆယ် သတင်း မရသေးလောက်ဘူး... ဒါပေမဲ့ မကြာခင်တော့ သိရတော့မှာပါ"

"ဒီတစ်ခေါက် သူတို့လွှတ်လိုက်တဲ့သူရော လက်နက်ချသွားပြီလား" ကျင်းရှီရုံက မေးလိုက်သည်။

ကျိုးထန်က အလျင်အမြန် ခေါင်းခါလိုက်ပြီး "ခိုက်ရီနည်းပညာက လွှတ်လိုက်တဲ့သူက စုန်းမ မော်လီပါ... ပြန်လာတဲ့သူတွေ ပြောပုံအရဆိုရင် အဲဒီမိန်းမ ဖမ်းဆီးခံလိုက်ရပြီတဲ့... လက်နက်ချသလား မချဘူးလား ဆိုတာတော့ သေချာ မသိရသေးပါဘူး"

ကျင်းရှီရုံက နှုတ်ခမ်းကို သပ်လိုက်ပြီး "စုန်းမ မော်လီ ဟုတ်လား... ဟို ဂျိမ်းစ်ရဲ့ ရည်းစားဟောင်းမလား"

"ဟုတ်ပါတယ်... ကပ်ဘေးမတိုင်ခင်တုန်းက သူတို့နှစ်ယောက် တွဲခဲ့ကြတယ်လို့ ကြားတယ်... ကပ်ဘေးကျပြီးနောက်မှာ ဂျိမ်းစ်က ခိုက်ရီနည်းပညာရဲ့ ခေါင်းဆောင် ဖြစ်လာတော့ သူ့ဘေးမှာ မိန်းမတွေ ဝိုင်းဝိုင်းလည်လာတယ်လေ... စုန်းမ မော်လီက အဲဒီလို အပြောင်းအလဲကို လက်မခံနိုင်လို့ ဂျိမ်းစ်နဲ့ လမ်းခွဲခဲ့တာပါ"

ကျိုးထန်သည် ခိုက်ရီနည်းပညာကုမ္ပဏီ၏ သတင်းအချက်အလက်များကို အလွန် ကျွမ်းကျင်စွာ သိရှိထားပုံရပြီး အသေးစိတ် ရှင်းပြနေလေသည်။

ကျင်းရှီရုံက ချက်ချင်း ရယ်မောလိုက်ပြီး "အချစ်ရူးမလေး ဖြစ်နေတာပေါ့လေ... အခု ဘယ်အချိန်ရောက်နေပြီလဲ... အစွမ်းထက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘေးမှာ မိန်းမလှလေးတွေ မရှိဘဲ နေပါ့မလား"

ကျိုးထန်ကလည်း ရယ်မောလျက် "မိန်းမတချို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး လက်တွေ့အခြေအနေကို သဘောမပေါက်ကြဘူးလေ... အခုချိန်ထိ ကပ်ဘေးမတိုင်ခင်ကလို အမျိုးသမီးတွေက ပထမဆိုပြီး ထင်နေကြတုန်းပဲ"

ကျင်းရှီရုံကလည်း ဟားတိုက် ရယ်မောလိုက်ပြီးနောက် "ယာဉ်ပျံ ပြင်ထားလိုက်... ငါ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို သွားကြည့်ချင်တယ်"

"ဟုတ်ကဲ့ပါ"

ကျိုးထန်က ခန်းမကြီးထဲမှ လျင်မြန်စွာ ထွက်ခွာသွားပြီး ယာဉ်ပျံ သွားပြင်ဆင်လေသည်။

ကျင်းရှီရုံ၏ အကြည့်များက မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားသည်။ သူ့နန်းတော်ကြီးမှာ အလွန် မြင့်မားကျယ်ဝန်းလှပြီး မြင်ကွင်းမှာလည်း အလွန် ရှင်းလင်းကျယ်ပြန့်လှ၏။

ဤခန်းမကြီးထဲတွင် ရပ်နေရုံမျှဖြင့် ကျွန်းတစ်ကျွန်းလုံးနှင့် အဝေးမှ တိမ်မည်းများဖုံးလွှမ်းနေသော တိမ်ပင်လယ်ကြီးကို အပေါ်စီးမှ စီးမိုးမြင်တွေ့နိုင်ပေသည်။

အရာအားလုံးကို အပေါ်စီးမှ လွှမ်းမိုးထားနိုင်သော ဤရှုထောင့်က သူ့ကို လူ့လောကတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

"လင်းယွမ်... အစွမ်းပေါင်းစုံ ပိုင်ဆိုင်ထားတယ်... စိတ်ဝင်စားစရာပဲ"

...

"ဝှစ်"

ဟောင်းနွမ်းနေသော ယာဉ်ပျံတစ်စင်းသည် တိမ်ပင်လယ်ကြီးကို အလွန်လျင်မြန်သော အလျင်ဖြင့် ဖြတ်သန်းသွားပြီး မကြာမီ ပြာလဲ့နေသော ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

စူးရှသော အလင်းရောင်များက ဖြူဖွေးနေသော တိမ်တိုက်တချို့ကို ဖောက်ထွင်းကာ ယာဉ်ပျံမှူးခန်းထဲသို့ ဖြာကျလာသည်။

စုန်းမ မော်လီ၏ မျက်ဝန်းအိမ်တွင် အမုန်းတရားများ တောက်လောင်နေပြီး ရေဒါပြကွက်ကို ကြည့်ကာ မိမိ လက်ရှိရောက်ရှိနေသော တည်နေရာကို ခန့်မှန်းတွက်ချက်နေလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် အရှေ့ဘက်တွင် လေထဲ၌ ပေါလောပေါ်နေသော ကျောက်စရစ်ခဲ အမြောက်အမြား ပေါ်လာသည်။

ထိုကျောက်စရစ်ခဲများသည် ဥက္ကာခဲ ပိုးသားဖဲကြိုးတစ်ကွင်းအလား လေထဲတွင် တဝီဝီ မြည်ဟည်းလျက် လွင့်မျောနေကြ၏။

"သံလိုက်တောင်"

သူမ၏ အကြည့်များ လှုပ်ရှားသွားပြီး ဥက္ကာခဲများနှင့် တူသော လေပေါ်လွင့် ကျောက်စရစ်ခဲများကို ကြည့်လိုက်သည်။ ထို့နောက် ကျောက်ခဲများကို လျင်မြန်စွာ ကွေ့ရှောင်သွားလိုက်ရာ မကြာမီမှာပင် အရှေ့ဘက်၌ မည်းနက်နေသော ဧရာမကျွန်းကြီး တစ်ကျွန်းကို မြင်တွေ့လိုက်ရလေသည်။

ထိုကျွန်းကြီးသည် တစ်ကျွန်းလုံး မည်းနက်နေပြီး ဧရာမ သံလိုက်တုံး အမည်းရောင်ကြီး တစ်ခုနှင့် ဆင်တူလှသည်။

ကျောက်စရစ်ခဲများဖြင့် ဖွဲ့စည်းထားသော ဖဲကြိုးတန်းကြီးသည် ထိုကျွန်းကြီးကို ဗဟိုပြုကာ လေထဲတွင် လည်ပတ်နေခြင်း ဖြစ်သည်။

သူမသည် ထိုတောင်ကြီးကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။

ဤအနက်ရောင် သံလိုက်တောင်ကြီးကို မြင်ရခြင်းက ကျိုးတောက်တောင် နယ်နိမိတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေပေသည်။

ကျိုးတောက်တောင်သည် ယွီကျိုးပြည်နယ်၏ ဗဟိုချက်တွင် တည်ရှိပြီး ချီတောင်နှင့် သိပ်မဝေးလှပေ။ တိုက်ရိုက်အကွာအဝေးမှာ မိုင်(၃၀၀) ထက် မပိုပေ။

မိုင်(၃၀၀) ခရီးဆိုသည်မှာ ကပ်ဘေးမတိုင်ခင်ကဆိုလျှင် အလွန်ဝေးသည်ဟု ထင်ရပေမည်။

သို့သော် သန္ဓေပြောင်းစွမ်းအင် ခေတ်သစ်၏ ယာဉ်ပျံများ၊ စစ်သင်္ဘောများ တီထွင်ထုတ်လုပ်လာနိုင်ပြီးနောက် မိုင်(၃၀၀) ဆိုသည်မှာ တကယ်တမ်း ဝေးကွာလှသည်တော့ မဟုတ်ပေ။

အမြင့်ဆုံးအလျင်ဖြင့် သွားမည်ဆိုလျှင် တစ်နာရီအတွင်းပင် ရောက်ရှိနိုင်လေသည်။

ကျိုးတောက်တောင်သည် ခိုက်ရီနည်းပညာကုမ္ပဏီ၏ ပင်မစခန်းကြီး ဖြစ်သည်။

ကျိုးတောက်တောင် ဆိုသည်မှာ တောင်ကိုးလုံးကို ဆိုလိုခြင်း မဟုတ်ဘဲ ဧရာမ တောင်ကြီးတစ်လုံးတည်းကိုသာ ခေါ်ဆိုခြင်း ဖြစ်သည်။

(ကျိုး = ၉)

ကပ်ဘေးမတိုင်ခင်က ဤတောင်ပေါ်တွင် 'ကျိုးတောက်' ဟုခေါ်သော ဘာသာရေးကျောင်းဆောင် တစ်ခုရှိခဲ့ပြီး ထိုအမည်ကို အစွဲပြုကာ တောင်၏အမည်ကို မှည့်ခေါ်ထားခြင်း ဖြစ်သည်။

ခိုက်ရီနည်းပညာသည် မူလက ကျိုးတောက်တောင်အောက်ရှိ မြို့တွင်း စက်မှုဇုန်တွင် တည်ရှိခဲ့သော်လည်း ရေကြီးမှုကြီး စတင်လာချိန်တွင် ဂျိမ်းစ်က ကုမ္ပဏီဝန်ထမ်းများကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ ချက်ချင်း ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ခိုက်ရီနည်းပညာကုမ္ပဏီသည် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ကျိုးတောက်တောင်တွင် အခြေခိုင်လာကာ ဤဒေသ၏ အကြီးဆုံး ခိုလှုံရေးစခန်း ဖြစ်လာခဲ့လေသည်။

ခိုက်ရီနည်းပညာကုမ္ပဏီ အလျင်အမြန် တိုးတက်လာသည်နှင့်အမျှ ယာဉ်ပျံကဲ့သို့သော သန္ဓေပြောင်းစွမ်းအင်သုံး နည်းပညာထုတ်ကုန်များကို တီထွင်နိုင်ခဲ့ပြီး မိုးကြိုးတိမ်တိုက်များကို ဖောက်ထွက်ကာ ရေကြီးမှု၏ ဇာစ်မြကို စူးစမ်းလေ့လာရန်မှာလည်း သူတို့၏ အဓိက ရည်မှန်းချက် ဖြစ်လာခဲ့သည်။

သို့သော် အဆုံးအစမရှိသော မိုးကြိုးတိမ်တိုက်များကို ဖောက်ထွက်ပြီးနောက် ကောင်းကင်ယံအထက် အာကာသအပြင်ဘက်တွင် တည်ရှိနေသော ကြောက်မက်ဖွယ် မြကြောင်းကြီးကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း မှင်သက်သွားခဲ့ကြရသည်။

လူသားတို့၏ နားလည်နိုင်စွမ်းနှင့် လုံးဝ ကင်းကွာနေသော ထိုမြကြောင်းကြီးကို မြင်လိုက်ရချိန်တွင် ကမ္ဘာဖျက် ရေဘေးဆိုးကြီးသည် လုံးဝ ရပ်တန့်သွားမည် မဟုတ်ကြောင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ကြသည်။

ထို့ကြောင့် ခိုက်ရီနည်းပညာကုမ္ပဏီ၏ အထက်တန်းအရာရှိများသည် အလျင်အမြန် အစည်းအဝေးခေါ်ယူကာ မဟာဗျူဟာအသစ် တစ်ရပ်ကို ချမှတ်ခဲ့ကြသည်။

ထိုဗျူဟာမှာ ရေလွှမ်းမိုးမှုခေတ်တွင် ရှင်သန်နိုင်မည့် တစ်ခုတည်းသော မြေနေရာများကို လုယူရန်ပင် ဖြစ်သည်။

ရေပေါ်ကျွန်းများနှင့် လေပေါ်ကျွန်းများကိုတည်း။

ဤကဲ့သို့သော အတွေးအခေါ်မျိုးက ခိုက်ရီနည်းပညာ တစ်ခုတည်းတွင်သာ ရှိနေခြင်းတော့ မဟုတ်ပေ။

ကောင်းကင်ယံအထက်မှ ကြောက်မက်ဖွယ် မြကြောင်းကြီးကို မြင်တွေ့ခဲ့ရသော ခိုလှုံရေးစခန်းတိုင်းလိုလို တစ်ချိန်တည်းမှာပင် ထိုသို့သော အသိစိတ်မျိုး ဝင်လာခဲ့ကြခြင်း ဖြစ်သည်။

လေပေါ်ကျွန်းများနှင့် ရေပေါ်ကျွန်းများကို များနိုင်သမျှ များများ သိမ်းပိုက်ထားနိုင်မှသာလျှင် ခိုလှုံရေးစခန်းများကို ဆက်လက် ရှင်သန်နိုင်အောင် ဦးဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။

သေချာသည်ကတော့ ဒါက ခိုလှုံရေးစခန်းများအတွက်သာ ဖြစ်သည်။

လူသားများ ကိုယ်တိုင်အတွက်မူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းထားကို ၁၀၀% အထိ အမြန်ဆုံး မြှင့်တင်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာပြီး အာကာသထဲသို့ ဝင်ရောက်နိုင်မှသာ ရေဘေးအန္တရာယ် ခြိမ်းခြောက်နေသော ဤကမ္ဘာဂြိုဟ်မှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။

ယာဉ်ပျံက အနက်ရောင် သံလိုက်တောင်ကြီးကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီးနောက် စုန်းမ မော်လီသည် ခိုက်ရီနည်းပညာကုမ္ပဏီပိုင် ရေပေါ်ကျွန်းအချို့ကို မကြာမီ မြင်တွေ့လိုက်ရသည်။

ထိုရေပေါ်ကျွန်းများထက်တွင် ခိုက်ရီနည်းပညာ၏ ဧရာမ အမှတ်တံဆိပ်ကြီးများ ရှိနေပြီး အကာအကွယ် အလွှာ၏ အလင်းပြန်မှုအောက်တွင် အလွန် ထင်ရှားပေါ်လွင်နေလေသည်။

ထိုအချိန်ရောက်မှသာ သူမ အမှန်တကယ် သက်ပြင်းချနိုင်သွားတော့သည်။

ထို့နောက် ယာဉ်ပျံကို လျင်မြန်စွာ မောင်းနှင်ကာ ဧရာမ လေပေါ်ကျွန်းကြီး တစ်ကျွန်းအနီးသို့ ချဉ်းကပ်သွားလိုက်သည်။

အနီးသို့ မရောက်မီမှာပင် ကင်းလှည့်ယာဉ်ပျံတစ်စင်းက လာရောက် တားဆီးလေသည်။

"သင် ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ လေပိုင်နက်ထဲသို့ ဝင်ရောက်လာပါတယ်... သင့်ကိုယ်သင် မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း အတည်ပြုပြီး စစ်ဆေးမှုခံယူရန် ရပ်တန့်ပေးပါ"

စုန်းမ မော်လီသည် ထိုကင်းလှည့်ယာဉ်ပျံများကို အခက်မတွေ့စေဘဲ သူမ၏ ယာဉ်ပျံကို တိုက်ရိုက် ရပ်တန့်ပေးလိုက်သည်။

ထို့နောက် သူမက ယာဉ်ပျံတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

သူမကို မြင်လိုက်ရသောအခါ ကင်းလှည့်အဖွဲ့ဝင်များ ချက်ချင်း အံ့သြသွားကြသည်။

ဤစုန်းမသည် ခိုလှုံရေးစခန်းအတွင်း၌ နာမည်ကျော်ကြားလှသူ တစ်ဦးဖြစ်ရာ သူတို့ မသိဘဲ နေပါမည်လား။

ချက်ချင်းပင် ကင်းလှည့်ယာဉ်ပျံ၏ တံခါး ပွင့်သွားပြီး အဖွဲ့ခေါင်းဆောင်ပုံပေါက်သော လူတစ်ယောက် အလျင်အမြန် ထွက်လာလေသည်။

"မမော်လီ... ဘယ်လိုဖြစ်လို့ ခင်ဗျား ဖြစ်နေတာလဲ... ခင်ဗျားက လင်ကျောင်းမြို့က ပုန်ကန်မှုကို သွားဖြေရှင်းဖို့ လူတွေခေါ်သွားတာ မဟုတ်ဘူးလား"

မော်လီက မျက်နှာကို ခပ်တည်တည်ထားလိုက်ပြီး "ငါ ဂျိမ်းစ်နဲ့ တွေ့ချင်တယ်"

အဖွဲ့ခေါင်းဆောင်က အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဥက္ကဌ ဂျိမ်းစ်က အခု ကြယ်စင်နတ်ဘုရားကျွန်းပေါ်မှာ ရှိနေပါတယ်... ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးပါ့မယ်"

မော်လီက ခေါင်းညိတ်လိုက်ပြီး ယာဉ်ပျံပေါ်သို့ တက်သွားသည်။

မကြာမီမှာပင် သူမသည် ခိုက်ရီနည်းပညာ၏ အကြီးမားဆုံး ရေပေါ်ကျွန်း ဖြစ်သော ကြယ်စင်နတ်ဘုရားကျွန်းပေါ်သို့ ရောက်ရှိသွားလေသည်။

ဂျိမ်းစ်မှာ ယခုနှစ်တွင် အသက် ၄၂ နှစ် ရှိပြီဖြစ်ပြီး အမျိုးသားတစ်ယောက်အတွက် အထွတ်အထိပ်သို့ ရောက်ရှိနေသော အရွယ်ပင် ဖြစ်သည်။

သူ့တွင် အနောက်တိုင်းသားတို့၏ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများ ရှိကာ အရပ်ရှည်ပြီး တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ ထိုင်နေသည်တိုင် အရပ် ၅ ပေခွဲခန့် မြင့်မားနေလေသည်။

ကြွက်သားများ ပြည့်နှက်နေသော ကိုယ်လုံးအပြင်ဘက်တွင် သံချပ်ကာဝတ်စုံ တစ်စုံကို ဝတ်ဆင်ထားသည်။

သန္ဓေပြောင်းစွမ်းအင်များ ပေါ်ပေါက်လာမှုကြောင့် အသက် ၄၀ အရွယ်ရှိပြီဖြစ်သော သူ၏ လက်ရှိ ခန္ဓာကိုယ်လုပ်ဆောင်ချက်များမှာ အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ယောက်အလား ဖြစ်နေပေသည်။

အနည်းဆုံးတော့ အပြင်ပန်းသဏ္ဍာန်အရ လူလတ်ပိုင်းအရွယ်၏ လက္ခဏာ တစ်ခုမျှ မတွေ့ရတော့ဘဲ ကပ်ဘေးမတိုင်ခင်က ရှိခဲ့သော မျက်မှောင်ကြုတ်အရေးအကြောင်းများပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မော်လီသည် သူမ တစ်ချိန်က မြတ်နိုးခဲ့ဖူးသော ဤအမျိုးသားကို ကြည့်ကာ လေးနက်သော လေသံဖြင့် ခေါ်လိုက်သည်။ "ဂျိမ်းစ်..."

ဂျိမ်းစ်က မော်လီကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် နူးညံ့မှု အငွေ့အသက်များ ပါဝင်နေပြီး ကျွမ်းကျင်ပိုင်နိုင်သော တရုတ်ဘာသာစကားဖြင့် "မော်လီ... ဘာကိစ္စတွေ ဖြစ်လာလို့လဲ" ဟု မေးလိုက်သည်။

မော်လီက စကားလုံးများကို အစီအစဉ်တကျ စုစည်းလိုက်ပြီး "ကျွန်မ မအောင်မြင်ခဲ့ဘူး... ငရဲကျွန်းကို ကူညီဖို့ ကျွန်မ ခေါ်သွားတဲ့လူတွေ အကုန်လုံး သေကုန်ပြီ"

ဂျိမ်းစ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း အကြောင်းရင်းကို ထပ်မမေးတော့ဘဲ "မင်းရော အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။

မော်လီသည် ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲ နွေးထွေးသွားသော်လည်း သူနှင့် ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေသော မိန်းမများကို ချက်ချင်း ပြန်တွေးမိသွားပြီး မျက်နှာထား ပြန်တင်းမာသွားတော့သည်။

သူမက အသံကို နှိမ့်ကာ "ကျွန်မ ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာကို ရှင် မမေးတော့ဘူးလား"

ဂျိမ်းစ်က သူမ၏ ခံစားချက်ကို ရိပ်မိသွားပြီး "ဘာတွေ ဖြစ်ခဲ့လို့လဲ" ဟု မေးလိုက်သည်။

"ထိုက်ယန်တောင် လို့ခေါ်တဲ့ ခိုလှုံရေးစခန်းရဲ့ အင်အားက မုန်ယာကုမ္ပဏီက လူတွေ ပြောသလောက် မရိုးရှင်းဘူး"

"သူတို့ဆီမှာ အစွမ်းထက်တဲ့သူတွေ အများကြီး ရှိတယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းပိုင်ရှင်တွေလည်း အများကြီးပဲ... ပြီးတော့ သူတို့ရဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှုကလည်း မုန်ယာကုမ္ပဏီက ဖော်ပြထားသလို ခေတ်နောက်ကျမနေဘူး"

ဂျိမ်းစ်က ထိုစကားကို ကြားသောအခါ "ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အဲဒီလောက်တောင် အစွမ်းအစ ရှိတာလား... ဒါဆို ဘာလို့ လင်ကျောင်းမြို့က လေပေါ်ကျွန်းကို အစောကြီးကတည်းက မသိမ်းပိုက်ခဲ့တာလဲ" ဟု မေးလိုက်သည်။

မော်လီက ခေါင်းခါလိုက်ပြီး "သူတို့ အချိန်မမီလိုက်လို့ ဖြစ်မယ်... နောက်ပြီး ကျွန်မ ပြောရမယ့် ကိစ္စတစ်ခု ကျန်သေးတယ်"

"ဘာကိစ္စလဲ"

"မုန်ယာကုမ္ပဏီနဲ့ ပူးပေါင်းနေတာကို ရပ်လိုက်တော့... ဒီတစ်ခေါက် ကျွန်မ အဲဒီမှာ သေတော့မလို့... ကျွန်မအသက်ကို နှုတ်ယူဖို့ လုပ်ခဲ့တာ ဘယ်သူလဲ ရှင် သိလား"

ဂျိမ်းစ်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး မှောင်မိုက်သွားကာ "မင်း ဒဏ်ရာရလာတာလား... ဘယ်သူ လုပ်တာလဲ" ဟု ချက်ချင်း ထပ်မေးလိုက်သည်။

သူက ရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူမ၏ ဒဏ်ရာကို စစ်ဆေးရန် ကြိုးစားလိုက်သည်။

မော်လီ၏ ရင်ထဲ နွေးထွေးသွားပြီး မျက်ဝန်းများထဲတွင် နူးညံ့မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

သို့သော် သူမက သူ့လက်ကို ချက်ချင်း ရုန်းထွက်လိုက်ပြီး "မုန်ယာကုမ္ပဏီက ဝူယောင်ပန်း... သူနဲ့ ထိုက်ယန်တောင် ခေါင်းဆောင်တို့ ဘာတွေ သဘောတူညီမှု ရသွားလဲဆိုတာ ငါ မသိဘူး... သူက ကျွန်မကို ဓားနဲ့ တစ်ချက် ထိုးခဲ့တယ်"

ထိုသို့ ပြောနေစဉ်မှာပင် မော်လီက သူမ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

သူမက ဝမ်းနည်းစွာဖြင့် "တကယ်ပြောတာ... ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေမင်းနဲ့ အဲဒီလောက် နီးစပ်သွားတယ်လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရတာပဲ"

"သူတို့သာ ကျွန်မ သေပြီထင်ပြီး ပေါ့ပေါ့ဆဆနဲ့ ရေထဲ မပစ်ချလိုက်ဘူးဆိုရင် ကျွန်မ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး"

ဂျိမ်းစ်၏ အကြည့်များက အေးစက်စူးရှလာပြီး "ဝူယောင်ပန်း ဟုတ်လား... မုန်ယာကုမ္ပဏီရဲ့ ဒါရိုက်တာကြီး ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဝူယောင်ပန်းကို ပြောတာလား"

"သူ မဟုတ်လို့ ဘယ်သူ ရှိဦးမှာလဲ... ဒီတစ်ခေါက် သူက မုန်ယာကုမ္ပဏီကနေ မဟာမိတ်ဖွဲ့ဖို့ လွှတ်လိုက်တဲ့ အဓိက ပုဂ္ဂိုလ်ပဲလေ" မော်လီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဂျိမ်းစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ငါ မှတ်မိသလောက် သူ့ရဲ့ အစွမ်းက ကိုယ်ပွားဖန်တီးတာလေ... ဒီတစ်ခေါက် သွားတာက သူ့ရဲ့ ပင်မခန္ဓာကိုယ် ဖြစ်နေလို့လား... ဒါမှမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်တာကို ခံရမှာလဲ"

မော်လီက ခေါင်းခါလိုက်ပြီး "ခြိမ်းခြောက်ခံရတာ မဟုတ်ဘဲ တခြားပူးပေါင်းမှုတွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ"

ဂျိမ်းစ် ချက်ချင်း တိတ်ဆိတ်သွားပြီး စဉ်းစားခန်း ဝင်ပြီးနောက် လေးနက်သောအသံဖြင့် "ဒီကိစ္စအတွက် ငါ မုန်ယာကုမ္ပဏီကို တာဝန်ယူ ဖြေရှင်းခိုင်းမယ်"

မော်လီက ခေါင်းညိတ်လိုက်သည်။

ဂျိမ်းစ်သည် သနားစရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေသော မော်လီကို ကြည့်ရင်း ကပ်ဘေးမတိုင်ခင်က သူတို့နှစ်ယောက်၏ ချစ်ခင်ကြင်နာခဲ့ကြသော အချိန်များကို ပြန်လည်တွေးမိကာ သူ့ရင်ထဲ အနည်းငယ် ထိခိုက်သွားရသည်။

"မော်လီ... ပြန်လာခဲ့ပါ... ကြယ်စင်နတ်ဘုရားကျွန်းကို ပြန်လာခဲ့ပါ... မင်းလည်း သိပါတယ်... ငါ့ဆီမှာ မင်းအတွက် အခန်းက အမြဲတမ်း ရှိနေတယ် ဆိုတာကို"

သို့သော် မော်လီက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ဂျိမ်းစ်ကို မော့ကြည့်ကာ "အခန်းက ကျွန်မအတွက်ပဲ ရှိတာလား" ဟု မေးလိုက်သည်။

ဂျိမ်းစ်၏ အသက်ရှူသံ ရပ်တန့်သွားပြီး ဘာမှ ပြန်မပြောတော့ပေ။

မော်လီက ချက်ချင်း ခပ်ဟဟ ရယ်မောလိုက်ပြီး "ကျွန်မ ပြောဖူးတယ်နော်... ကျွန်မချစ်သူကို တခြားလူတွေနဲ့ မဝေမျှနိုင်ဘူးလို့"

ထိုသို့ပြောရင်း သူမက ဂျိမ်းစ်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး တံခါးပေါက်ဆီသို့ လှည့်ထွက်သွားလေသည်။

သူမကို နေခဲ့ဖို့ တားဆီးပေးပါ... နှစ်သိမ့်ပေးပါ... ချော့မြှူပေးပါ... အနည်းဆုံးတော့ လိမ်ညာပြီးပဲဖြစ်ဖြစ် ပြောပေးပါဟု သူမ၏ ရင်ထဲတွင် ဆုတောင်းနေမိသည်။

သို့သော် မရှိခဲ့ပေ။ ဂျိမ်းစ်က ဘာတစ်ခုမှ မလုပ်ခဲ့ပေ။

သူမ ကြားလိုက်ရသည်မှာ သူ၏ သက်ပြင်းချသံ တစ်ချက်သာ ဖြစ်သည်။

မော်လီ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ ထိန်းမရသိမ်းမရ စီးကျလာပြီး ဤနန်းတော်ကြီးထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ဆက်ရန်...

All Chapters