အခန်း ၃၉၆
Vol. 40 Ch. 396
အခန်း။ ၃၉၆
နတ်ဘုရားအပြစ်ပေးခြင်း ကောင်းကင်လျှပ်စီးထွက်ပေါ်လာမှုကြောင့် ပုပ်ရဟန်းမင်းကြီး တစ်ယောက် အင်အားချည့်နဲ့ ကုန်ခမ်းသွားခဲ့ရသော်လည်း ကျန်ရှိနေသော ယွဲ့နယ်ပယ် ကျွမ်းကျင်သူအားလုံး၏ စိတ်ထဲတွင်တော့ မျှော်လင့်ချက် အလင်းရောင်ကလေး သန်းလာခဲ့သည်။
သို့သော်လည်း မီးခိုးငွေ့များ လွင့်စင်သွားသောအခါ ဖြစ်ပေါ်လာသည့် ရလဒ်က သူတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။
မိစ္ဆာနတ်ဘုရားလေးပါးသည် သူတို့၏ကိုယ်ပေါ်တွင် ဒဏ်ရာအနာတရ အစအနမျှပင် မရှိဘဲ အောက်ရှိ လူသားများကို လှောင်ပြုံးပြုံးလျက် ငုံ့ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ပြင်းထန်စွာ ဒဏ်ရာရဖို့ နေနေသာသာ ဘာမှပင် မဖြစ်ခဲ့ကြသည်မှာ အထင်အရှားပင်။
သူတို့အားလုံး အံ့ဩမှင်သက်နေကြစဉ်မှာပင် အနောက်ဘက်ဆီမှ အသံအချို့ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီး လှည့်ကြည့်လိုက်သောအခါ ယခင်က နောဧ၏ သင်္ဘောတော်အတွင်း၌ ဝှက်ထားခဲ့သော ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီးငယ်များသည် မျက်နှာတွင် အမူအရာ ဗလာနတ္ထိဖြစ်လျက်၊ တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရသည့်အလား ကုန်းပတ်ပေါ်သို့ လျှောက်လှမ်းလာကြသည်ကို တွေ့လိုက်ရသည်။
သို့သော် ယွဲ့နယ်ပယ် ကျွမ်းကျင်သူများသည် ထိုထူးဆန်းသော အခြေအနေကို သတိမပြုမိဘဲ သူတို့ကိုသာ အော်ဟစ်ငေါက်ငမ်းလိုက်ကြသည်။
"မင်းတို့ အပြင်ကို ဘာထွက်လုပ်တာလဲ အထဲကို ချက်ချင်း ပြန်ဝင်စမ်း"
"ဒီအခြေအနေကြီးထဲ ထွက်လာတယ်ဆိုတော့ သေချာပေါက် သေချင်လို့ပဲ ဖြစ်ရမယ်"
သူတို့ စကားပြောနေဆဲမှာပင် ထိုချောမောလှပသော အမျိုးသား၊ အမျိုးသမီးငယ်များ၏ ရင်ဘတ်များ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူတို့အတွင်းမှ သတ္တဝါများ ရုန်းထွက်လာကြသည်။ သေချာစွာ ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ကြွက်ဆိုးများနှင့် မျှော့များ ဖြစ်နေပြီး သူတို့ထံသို့ အလုံးအရင်းနှင့် ပြေးဝင်လာကြတော့သည်။
"သူတို့တွေ ကပ်ပါးကောင် အကပ်ခံထားရတာပဲ"
လူအုပ်ထဲမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကြောင့် အားလုံး သဘောပေါက်သွားကြသည်။
ချက်ချင်းပင် လူတိုင်းသည် ယွဲ့နယ်ပယ်၏ အရှိန်အဝါများကို ထုတ်ဖော်ကာ ဂါထာမန္တန်များကို ရွတ်ဆိုရင်း လေ၊ မီး၊ မြေ၊ ရေ ဟူသော ဓာတ်ကြီးလေးပါး စွမ်းအားများဖြင့် ကုန်းပတ်ပေါ်ရှိ အဆုံးမရှိသော ကြွက်များနှင့် မျှော့များကို ခုခံကာကွယ်ကြတော့သည်။
ကောင်းကင်ယံတွင် လွင့်ပျံနေသော ရွေ့လျားကြွက်မိစ္ဆာနှင့် မျှော့ဧကရာဇ်တို့သည် သူတို့၏ လက်ချက်ကို ကြည့်ကာ အက်ရှရှ သရော်သံများဖြင့် ရယ်မောနေကြသည်။
တစ်မိနစ်မျှ ကုန်ဆုံးသွားသောအခါ ယွဲ့နယ်ပယ် ကျွမ်းကျင်သူအားလုံး၏ ဝိညာဉ်ချီစွမ်းအင်များ ခေါင်းပါးကုန်ခမ်းသွားခဲ့ရသည်။ သို့သော်လည်း ထိုကြွက်များနှင့် မျှော့များမှာမူ လုံးဝ လျော့ပါးသွားခြင်းမရှိဘဲ အကုန်အစင် သတ်ဖြတ်ပစ်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။
ယခုအခါ ကုန်းပတ်ပေါ်တွင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည့် လင်းယုန်ဖြူမှလွဲ၍ ကျန်ရှိသောသူအားလုံးမှာ အင်အားကုန်ခမ်းသွားကြပြီ ဖြစ်သည်။ သူတို့ စွမ်းဆောင်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း မိစ္ဆာနတ်ဘုရားတို့၏ အရေးမပါသော လှည့်ကွက်ကလေးတစ်ခုကိုပင် မကျော်လွှားနိုင်ခဲ့ကြချေ။
"ပြီးပြီ... ဒီတစ်ခေါက်တော့ တကယ်ပဲ အားလုံး ပြီးသွားပြီ"
"ဒီလောက်အထိ အသက်ရှည်ရှည် နေလာခဲ့ရတာကို... အခုလိုမျိုး သေရမယ်ဆိုတော့ ငါ တကယ်ပဲ မကျေနပ်နိုင်ဘူး"
"ဟွာရှနိုင်ငံကို ရောက်ဖို့ တစ်မိနစ်ပဲ လိုတော့တာကို... ဒီတစ်မိနစ်က နှစ်ပေါင်းသန်းချီနေသလိုပဲ"
"တော်သေးတာပေါ့... ပုပ်ရဟန်းမင်းကြီးနဲ့ လင်းယုန်ဖြူတို့လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးနှစ်ယောက်ပါ ငါတို့နဲ့အတူ သေပေးမှာဆိုတော့ သေရတာ တန်ပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် အမြဲတစေ ခေါင်းငုံ့ထားခဲ့သော လင်းယုန်ဖြူသည် သူ၏ ဦးခေါင်းကို မော့လိုက်ရာ သူ၏ နဖူးထက်တွင် သွေးချင်းချင်းနီနေသော သွေးအဆောင်စာရွက်တစ်ခု ကပ်နေသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
"မင်းတို့နဲ့အတူ ဘယ်သူက သေမယ်လို့ ပြောလဲ"
သူ ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်းက သူ၏နဖူးပေါ်မှ သွေးအဆောင်ကို သတိပြုမိသွားကြပြီး အင်အားချည့်နဲ့နေသော ပုပ်ရဟန်းမင်းကြီးမှာလည်း မော့ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
"လင်းယုန်ဖြူ... မင်း ငါတို့ကို ယဇ်ပူဇော်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြံစည်နေတာလား"
ထိုစကားကြောင့် လူတိုင်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်။
"မင်းတို့အားလုံးက အခုဆိုရင် အသုံးမဝင်တဲ့ အမှိုက်တွေ ဖြစ်နေပြီပဲဥစ္စာ။ အဲဒီတော့ ငါ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဟွာရှနယ်စပ်ကို ရောက်ရှိဖို့အတွက် အသုံးတော်ခံပေးလိုက်ကြစမ်းပါ"
ပြောပြီးသည်နှင့် လင်းယုန်ဖြူ၏ နဖူးပေါ်မှ သွေးအဆောင်သည် ကြောက်မက်
ဖွယ်ကောင်းသော စုပ်ယူမှုအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
မည်သည့် ခုခံမှုမျှ မလုပ်နိုင်တော့သော ကုန်းပတ်ပေါ်ရှိ ယွဲ့နယ်ပယ် ကျွမ်းကျင်သူတို့၏ အသက်ဓာတ်နှင့် ချီစွမ်းအင်အားလုံးသည် ထိုသွေးအဆောင်အတွင်းသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရပြီး ပုပ်ရဟန်းမင်းကြီးမှလွဲ၍ ကျန်ရှိသော ကျွမ်းကျင်သူအားလုံးမှာ ခဏချင်းအတွင်းမှာတင် ပြာအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားကြတော့သည်။
လင်းယုန်ဖြူက ပုပ်ရဟန်းမင်းကြီးကို ကြည့်ကာ "ရုန်းကန်ဖို့ ကြိုးစားမနေပါနဲ့တော့။ မင်းရဲ့ နတ်ဘုရားအပြစ်ပေးခြင်း ကောင်းကင်လျှပ်စီးက သန်မာလှတယ်ဆိုပေမဲ့ တစ်ရက်ကို တစ်ကြိမ်ပဲ သုံးနိုင်တာ မဟုတ်လား။ တစ်ကြိမ်သုံးပြီးတိုင်းလည်း မင်း အင်အားကုန်ခမ်းသွားရတာပဲ။ ဒါကြောင့် မင်းက ငါ နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့အတွက် နောက်ဆုံး ခြေနင်းတုံး သက်သက်ပဲ ဖြစ်ရမယ်"
ပုပ်ရဟန်းမင်းကြီး၏ မျက်နှာတွင် မိစ္ဆာနတ်ဘုရားလေးပါးနှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် ပိုမိုနက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ချက်ချင်းပင် ပုပ်ရဟန်းမင်းကြီးသည် သူ၏ နောက်ဆုံးကျန်ရှိသော အင်အားကို စုစည်းကာ သူ၏ ရင်ဘတ်ကို လက်ဖြင့် အတင်းဆွဲဖျက်ရင်း အားနည်းလှသော လေသံဖြင့် ပြောလိုက်သည်။
"လင်းယုန်ဖြူ... ငါ့ရဲ့ မုန်းတီးမှုအားလုံးကို သုံးပြီး မင်းကို ငရဲပြည်အထိ ကျရောက်ပါစေလို့ ကျိန်စာတိုက်တယ်"
ပုပ်ရဟန်းမင်းကြီး၏ အရှိန်အဝါများ သွေးအဆောင်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီးနောက်တွင်တော့ သွေးယဇ်ပူဇော်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံး ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် လင်းယုန်ဖြူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အရှိန်အဝါများသည် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခဲ့ပြီး အသက်တစ်ရှူစာအတွင်းမှာတင် သူ၏ အရှိန်အဝါသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားတော့သည်။
ထိုအတိုင်းအဆမရှိ ကြီးမားလှသော စွမ်းအားကို ခံစားမိလိုက်ချိန်တွင် လင်းယုန်ဖြူသည် ကိုယ့်ကိုကိုယ် အံ့ဩကျေနပ်လျက် မရေရွတ်ဘဲ မနေနိုင်တော့ချေ။
"ဒါ... ဒါက နတ်ဘုရားအဆင့်ရဲ့ စွမ်းအားပေါ့လေ"
"ငါ အာရုံခံမိနေတယ်... ဒီကမ္ဘာမြေပေါ်မှာ ဘယ်ကျင့်ကြံသူမှ နတ်ဘုရားအဆင့်ကို မရောက်သေးဘူး။ အခုဆိုရင် ငါက ကမ္ဘာမြေရဲ့ အသန်မာဆုံးပုဂ္ဂိုလ်ပဲ"
သူ၏ ရယ်မောသံများက ကောင်းကင်ယံထက်တွင် ဟိန်းထွက်သွားခဲ့သည်။
မယ်ဒူဆာက လင်းယုန်ဖြူကို ကြည့်ကာ သရော်လိုက်သည်။
"မင်းက ဒါကို နတ်ဘုရားအဆင့်လို့ ခေါ်တာလား ငါတို့ရဲ့ ဂြိုလ်ပြင်ပမှာဆိုရင် သွေးစွမ်းအင် တစ်သန်းရှိတဲ့ သတ္တဝါတိုင်းက နတ်ဘုရားအဆင့်ပဲ"
လင်းယုန်ဖြူကမူ မယ်ဒူဆာ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ချေ။
"ဒါဆိုရင်ကော ဘာဖြစ်လဲ အခု ငါကလည်း နတ်ဘုရားအဆင့်ပဲလေ။ အားနည်းဆုံး နတ်ဘုရားဖြစ်နေရင်တောင် ကမ္ဘာမြေပေါ်မှာတော့ ငါတစ်ယောက်တည်း ရှိတာ"
"မင်းတို့အားလုံးက နတ်ဘုရားအဆင့်တွေ ဖြစ်နေပေမဲ့ တစ်မိနစ်အတွင်းတော့ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ငါသာ ဟွာရှနယ်စပ်ကို ရောက်သွားရင် မင်းတို့ ငါ့ကို ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး"
"ငါ့ရဲ့ နတ်ဘုရားအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ဟွာရှဘက်က ငါ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာပဲ။ အဲဒီကျရင် ငါ အထဲကိုဝင်ပြီး အဆုံးမရှိတဲ့ ဝိညာဉ်ချီစွမ်းအင်တွေရဲ့ အာဟာရကို စိတ်ကြိုက် ခံစားတော့မှာ"
လင်းယုန်ဖြူ စကားပြောနေဆဲမှာပင် မယ်ဒူဆာသည် သူ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ခဏတွင် လင်းယုန်ဖြူ၏ အရှေ့တည့်တည့်သို့ ဘုန်းခနဲ ပေါ်ထွက်လာသည်။
တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လင်းယုန်ဖြူ အာရုံခံမိလိုက်သဖြင့် ရှေ့သို့ ကြည့်
လိုက်ရာ ဆွဲဆောင်မှုရှိပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်။
ထိုမျက်ဝန်းများထံမှ ထွက်ပေါ်လာသော မှေးမှိန်သည့် အစိမ်းရောင်အလင်းတန်းသည် သူ့ကို လုံးဝ တုပ်နှောင်ထားလိုက်တော့သည်။
"မင်း ယဇ်ပူဇော်လိုက်တဲ့ ယွဲ့နယ်ပယ် ကျွမ်းကျင်သူတွေရဲ့ ဝိညာဉ်တွေက ငါ့ရဲ့ နတ်ဘုရားရုပ်တုအတွက် ကြီးမားတဲ့ ချီစွမ်းအင်တွေကို ပေးစွမ်းနိုင်မှာ သေချာတယ်"
မယ်ဒူဆာက ပြောလိုက်သည်နှင့်အမျှ လင်းယုန်ဖြူ၏ ခန္ဓာကိုယ်မှာ စတင်ကာ ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားတော့သည်။ ကောင်းကင်တွင် လွင့်ပျံနေသော သူ၏ ခန္ဓာကိုယ်ကြီးသည် ခဏချင်းအတွင်း ကျောက်တုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့သည်။
"ဘုန်း"
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နတ်ဘုရားအဆင့်သို့ အသစ်စက်စက် တက်လှမ်းနိုင်ခဲ့သော လင်းယုန်ဖြူသည် မြေပြင်နှင့် ရိုက်မိကာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
မိုက်ကယ်သည် သူ၏ မရေမတွက်နိုင်သော မျက်လုံးအိမ်ကြီးများဖြင့် မယ်ဒူဆာကို ကြည့်ကာ မနာလိုဖြစ်မိသကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။
"မင်း လက်သွက်လှချေလား။ ယွဲ့နယ်ပယ် ကျွမ်းကျင်သူအားလုံးရဲ့ နာကျည်းမှုတွေ ပြည့်နှက်နေတဲ့ ဝိညာဉ်တွေကို မင်းကပဲ အကုန်သိမ်းကျုံးပြီး စုပ်ယူလိုက်ပြီပေါ့"
မိစ္ဆာနတ်ဘုရားလေးပါးစလုံးသည် လူသားတို့၏ ကိလေသာရမ္မက်များနှင့် ကိုယ်ပိုင်ယုံကြည်မှု ဆုတောင်းသံများကို စုပ်ယူစားသုံးခြင်းဖြင့် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ကြခြင်းပင်။ ကမ္ဘာမြေပေါ်တွင် လူသားဦးရေမှာ များပြားလှသည်မဟုတ်ဘဲ အဆင့်မြင့်ကျင့်ကြံသူများမှာမူ ပို၍ပင် ရှားပါးလှသည်။
အဖွဲ့အစည်းကြီးနှစ်ခုလုံးတွင် ယွဲ့နယ်ပယ် ကျွမ်းကျင်သူဟူ၍ အယောက်တစ်ရာမျှသာ ရှိခဲ့ခြင်းပင်။
ယခုအခါ မသေဆုံးမီ အတိုင်းအဆမရှိသော မုန်းတီးနာကျည်းမှုများ ပြည့်နှက်နေသည့် ကိုးဆယ့်ကိုးယောက်သော ယွဲ့နယ်ပယ် ကျွမ်းကျင်သူတို့၏ ဝိညာဉ်များနှင့် ပုပ်ရဟန်းမင်းကြီး၏ ဝိညာဉ်တို့ ပေါင်းစပ်သွားသည့်အတွက် ထိုအရာမှ ရရှိသော နာကျည်းမှုချီစွမ်းအင်မှာ သာမန်လူသား သန်းပေါင်းတစ်သောင်းထံမှ ရရှိသော ချီစွမ်းအင်ထက်ပင် များစွာ သာလွန်နေတော့သည်။