← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း။ ၁၄၁

ရှူး

နဂါးသက်ပြင်းချလိုက်သံက လေထုထဲတွင် ပျံ့လွင့်သွားသည်။

မျက်လုံးနီ မျောက်ဝံကြီးသည် တံတွေးတစ်ချက် မျိုချလိုက်မိပြီး သူ၏မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

"ဒီလိုနေရာမှာ နဂါးတစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ"

အကယ်၍ တစ်စုံတစ်ယောက်က အရှေ့အိုင်ထဲတွင် နဂါးတစ်ကောင် ရှိနေသည်ဟု ပြောပါက ထိုအိုင်ကြီးက မည်မျှပင် ကျယ်ပြောသည်ဖြစ်စေ သူ ယုံကြည်ချင်မှ ယုံကြည်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အရှေ့အိုင်ထဲတွင် နဂါးမရှိကြောင်း သူကောင်းစွာ သိသောကြောင့်ပင်။ သူ၏ တော်ဝင်သွေးမျိုးနွယ်ကို ကြည့်မည်ဆိုလျှင် ၎င်းက စစ်မှန်သော နဂါးတစ်ကောင်၏ အဆင့်အတန်းထက် နိမ့်သော်လည်း ယခုမြင်နေရသည့် နဂါးအဆင့်နှင့်တော့ အတူတူပင်။

စစ်မှန်သော တော်ဝင်သွေးမျိုးနွယ်ဝင် သတ္တဝါတစ်ကောင်သည် အရှေ့အိုင်ကဲ့သို့ အရိုင်းအစိုင်းဒေသတွင် ပေါ်လာမည်မဟုတ်သကဲ့သို့ နဂါးတစ်ကောင်သည်လည်း ပေါ်လာလိမ့်မည်မဟုတ်ပေ။

သူတို့သည် ပိုမိုကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင်သာ တည်ရှိကြပြီး သူတို့အတွက်မူ အရှေ့အိုင်ဆိုသည်မှာ ခြေလက်များ ဆန့်တန်းလှုပ်ရှားရန်ပင် စိတ်မဝင်စားလောက်သည့် ကန်ငယ်လေးတစ်ခုမျှသာ ဖြစ်သည်။

သို့သော် မည်မျှပင် မယုံကြည်နိုင်စရာ ဖြစ်နေပါစေ စစ်မှန်သော နဂါးတစ်ကောင်မှာမူ သူ၏ရှေ့တည့်တည့်တွင် ရှိနေခဲ့သည်။

ထိုအချိန်တွင် ဝမ်ပင်း၏ အသံက သူ၏နားထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာသည်။

"သေမလား ဒါမှမဟုတ် မသေမျိုးဂိုဏ်းမှာ တံခါးစောင့်အဖြစ် နေမလား။ ဒီလမ်းနှစ်လမ်းထဲက တစ်လမ်းကို ရွေးလိုက်စမ်း"

"ငါ... ဒီဘုရင်က..."

"ငါ ဘယ်လိုရွေးချယ်ရမလဲ။

ငါက တစ်တောလုံးရဲ့ ဘုရင်ပဲလေ... လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ပြီး သားရဲတွေအကုန်လုံးက ငါ့ကို ဝိုင်းပြီး ကိုးကွယ်နေကြတဲ့ ခံစားချက်ကို သဘောကျတဲ့သူ။ အဲဒီလိုကောင်က... ဘယ်လိုလုပ်ပြီး ဂိုဏ်းတစ်ခုရဲ့ တောင်စောင့်သတ္တဝါအဖြစ် ပြောင်းလဲပြီး တခြားလူတွေကို ပြန်ပြီး ခေါင်းငုံ့ဦးညွှတ်ရမယ့် အခြေအနေမျိုးကို လက်ခံနိုင်မှာလဲ။

ဒါပေမဲ့လည်း... ငါသာ အခုချက်ချင်း မရွေးချယ်ခဲ့ရင်တော့ ဒီနဂါးကြီးက ငါ့ကို ဘယ်အချိန်မဆို အစိမ်းလိုက် ဝါးမြိုပစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာ။

သိက္ခာနဲ့ အသက်... ဘယ်အရာက ပိုအရေးကြီးလဲ..."

ဝမ်ပင်းက ဆက်ပြောသည်။

"မင်း မရွေးချယ်နိုင်ရင် ငါပဲ ရွေးပေးလိုက်မယ်။ ငါ့အတွက် အနှစ်သုံးရာ အလုပ်အကျွေးပြုရမယ်။ အဲဒီအချိန်ကာလ ကုန်ဆုံးသွားရင်တော့ မင်း လွတ်လပ်စွာ ထွက်သွားနိုင်တယ်"

"တကယ်ပဲ အနှစ်သုံးရာပဲလား"

"ဒါပေါ့"

"ငါ သဘောတူတယ်"

သူ၏ သက်တမ်းမှာ အနှစ်ရှစ်ရာကျော် ရှိသဖြင့် အသက်ရှင်သန်ခွင့် ရရှိရန်အတွက် မသေမျိုးဂိုဏ်းတွင် အနှစ်သုံးရာမျှ အချိန်ဖြုန်းရခြင်းမှာ ထိုက်တန်သည်။

သို့သော် သူ၏စိတ်ထဲတွင်မူ အလွန်ပင် စိတ်မကောင်းဖြစ်နေရဆဲပင်။

ရွှေရောင်လွန်းပျံရွက်ကို အခိုးခံရပြီး ပြန်မရသေးသည့်အပြင် ယခုအခါ မသေမျိုးဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံရကာ အိမ်စောင့်ခွေးအဖြစ် လုပ်ဆောင်ရန် အတင်းအကြပ် စေခိုင်းခြင်း ခံလိုက်ရပြန်သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သူသည် မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဝမ်ယန်၏ လှည့်ဖြားမှုကို ခံရကာ သွေးကတိကဝတ်စာချုပ်ကို ချုပ်ဆိုခဲ့ရသည်။

နှစ်ပေါင်းသုံးဆယ်အကြာတွင် မသေမျိုးဂိုဏ်းသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာချိန်၌မူ ဖမ်းဆီးခြင်းကိုပါ ထပ်မံခံလိုက်ရပြန်သည်။

သူ့စိတ်ထဲတွင် မြိုသိပ်မရအောင် ခံစားနေရစဉ် ဝမ်ပင်းက သူ၏ခေါင်းပေါ်ထက်ရှိ နဂါးကြီးကို လက်ညှိုးထိုးပြကာ အေးစက်စွာ ပြောလိုက်သည်။

"မှတ်ထားစမ်း... မင်းရဲ့စိတ်ထဲမှာ သစ္စာဖောက်ဖို့ စိတ်ကူးတစ်ခုခု ပေါ်လာတာနဲ့တစ်ပြိုင်နက် ဒီနဂါးကြီးက မင်းကို မနက်စာအဖြစ် ဝါးမြိုပစ်လိမ့်မယ်"

"ငါ မလုပ်ရဲပါဘူး"

မျက်လုံးနီ မျောက်ဝံကြီးက အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။

ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မျက်လုံးနီ မျောက်ဝံကြီး၏ အနောက်ဘက်ရှိ မိစ္ဆာများကို အေးစက်စွာ လှမ်းပြောလိုက်သည်။

"မင်းတို့အားလုံး ဘာလို့ ဒီမှာ ဒူးထောက်နေသေးတာလဲ။ တောအုပ်ထဲကို ပြန်ကြမလား ဒါမှမဟုတ် မင်းတို့ရဲ့ ဘုရင်နဲ့အတူ ငါ့ရဲ့ တံခါးစောင့်တွေအဖြစ် ပူးပေါင်းချင်ကြလို့လား"

"မ... မလုပ်ပါဘူး..."

ဓားသွားသွားကျားတစ်ကောင်က ပထမဆုံး မတ်တပ်ရပ်လိုက်ပြီးနောက် တောင်ပေါ်မှနေ၍ အလျင်အမြန်ပင် လှည့်ပြေးသွားတော့သည်။

ပထမဆုံး တစ်ကောင် ပြေးသည်နှင့် ကျန်သတ္တဝါများလည်း သဘာဝအတိုင်းပင် ဒုတိယမြောက်၊ တတိယမြောက် လိုက်ပြေးကြတော့သည်။

မကြာမီအချိန်အတွင်းမှာပင် တောင်ထိပ်ပေါ်ရှိ မိစ္ဆာများအားလုံး အောက်သို့ ဆင်းသွားကြတော့သည်။ အခြေအနေများ ပြေလည်သွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးနီ မျောက်ဝံကြီးသည်လည်း သူ၏လက်အောက်ခံများကို ပြန်လည်ဆုတ်ခွာရန် လက်ဝေ့ယမ်းပြလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

...

ဆန်းဝူမြို့အတွင်း၌။

သားရဲအုပ်ကြီးမှာ ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားကြရာ ၎င်းကို မြင်လိုက်ရသောအခါ စစ်သည်များသည် ဝမ်းသာအားရဖြင့် ခုန်ပေါက်ကြပြီး ဝမ်းသာမျက်ရည်များ ကျဆင်းလျက် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်ကြတော့သည်။

"သူတို့ ဆုတ်ခွာသွားကြပြီဟေ့"

ထိုစကားသံကို ကြားလိုက်ရသည်နှင့် ဤသတင်းကောင်းမှာ ဆန်းဝူမြို့တစ်ခုလုံးသို့ တောမီးအလား ပျံ့နှံ့သွားတော့သည်။

ကျား၊ မ၊ အရွယ်သုံးပါးမရွေး အားလုံးပင် လမ်းမများပေါ်သို့ ထွက်လာကြပြီး အချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကောင်းကင်ကြီးနှင့် သူတို့စဉ်းစားမိသမျှ အရာအားလုံးကို ကျေးဇူးတင် စကားဆိုနေကြတော့သည်။

နောက်ဆုံးတွင်မူ လူတိုင်းသည် ယွန်းလန်တောင်ရှိရာဘက်သို့ ဦးတည်၍ ဒူးထောက်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ကယ်တင်ခဲ့သည်မှာ မသေမျိုးဂိုဏ်းဖြစ်ကြောင်း သိရှိသွားကြသောကြောင့်ပင်။

မသေမျိုးဂိုဏ်းသာမရှိလျှင် ဆန်းဝူမြို့ကြီးမှာ ဧကန်မုချ ပျက်စီးဆုံးရှုံးသွားပေလိမ့်မည်။

မြို့ရိုးပေါ်တွင်မူ ဟွမ်းချိန်သည် သားရဲများ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း မြို့ထဲရှိ လူတိုင်းက မသေမျိုးဂိုဏ်းဟူသော စကားလုံးကို ရွတ်ဆိုကာ စိတ်သက်သာရာရနေကြသည်ကို ကြားလိုက်ရသဖြင့် သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး "ဝမ်ပင်း... အဲဒီကောင်လေးကတော့ လူကြီးတွေကိုတောင် ကျော်သွားပြီပဲ။ မျက်လုံးနီ မျောက်ဝံကြီးကို ဖြေရှင်းနိုင်ခဲ့ပြီး ဆန်းဝူမြို့တစ်ခုလုံးကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ကယ်တင်ပေးခဲ့တယ်။ ဒီကောင်လေးကတော့ တကယ့်ကို သူရဲကောင်းလို့ ခေါ်ထိုက်ပါတယ်" ဟု ပြောလိုက်သည်။

ဟွမ်းချိန်၏ ဘေးတွင်ရပ်နေသော လက်အောက်ခံတစ်ဦးကလည်း အလေးအမြတ်ပြုသည့် သက်ပြင်းကိုချကာ ရယ်မောရင်း ပြောလိုက်သည်။

"အလယ်အလတ် နက်နဲသောအဆင့်မှာ ရှိတဲ့ မျက်လုံးနီ မျောက်ဝံကြီးက ဒီလိုမျိုးပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။ အဲဒီသတ္တဝါက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီးတောင်မှ မရန်စရဲတဲ့ တည်ရှိမှုမျိုးလေ။ မိစ္ဆာဘုရင်ကြီး ဒီမှာတင် ပျက်စီးသွားပြီဆိုတော့ နောက်နောင် ဆန်းဝူမြို့ထဲကို ဘယ်မိစ္ဆာ၊ ဘယ်သားရဲမျိုးနွယ်စုမှ လာရဲတော့မှာ မဟုတ်ဘူး"

"သူတို့ နောက်တစ်ကြိမ် လာရဲတော့မှာ မဟုတ်ပါဘူး"

ဟွမ်းချိန်က ပြုံးလျက် ရေရွတ်လိုက်သည်။

...

သူတို့နှစ်ဦး စကားပြောနေကြစဉ် အဝေးတစ်နေရာ ယွန်းလန်တောင်ပေါ်၌ ဝမ်ပင်းသည် တာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားချက်ကို လက်ခံရရှိလိုက်သည်။

"သခင့်အနေနဲ့ အဓိကတာဝန်ဖြစ်တဲ့ ကျော်ကြားမှု မြင့်မားလာခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ရရှိမယ့်ဆုလာဘ်ကတော့ အဆောက်အအုံ တည်ဆောက်ခြင်း စွမ်းဆောင်ချက်ကို ဖွင့်လှစ်ပေးခြင်းနဲ့ မသေမျိုးဂိုဏ်းအတွက် ကောင်းကင်နဲ့ မြေပြင် အသွင်ပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်"

စနစ်၏ အသံကို ကြားလိုက်ရသည်နှင့် ဝမ်ပင်းသည် အလွန်ပင် ဝမ်းမြောက်သွားခဲ့သည်။ သို့သော် သူသည် တာဝန်၏ ဆုလာဘ်များကို ချက်ချင်း စစ်ဆေးခြင်းမပြုသေးဘဲ အနက်ရောင် နဂါးကြီးကို မော့ကြည့်ကာ လက်ဝေ့ယမ်းပြလိုက်ရာ နဂါးကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဂိုဏ်းချုပ်အိမ်မှ ဝေးရာသို့ ပျံသန်းသွားတော့သည်။

၎င်းထွက်ခွာသွားသည်နှင့် ချင်ရှန်းနှင့် အခြားသူများမှာ ဝမ်ပင်း၏အနားသို့ စုရုံးလာကြပြီး နဂါးကြီး ပျောက်ကွယ်သွားသည့် နေရာကို မင်သက်စွာ ငေးကြည့်နေကြတော့သည်။

ဟွမ်ယီက ချက်ချင်းပင် "ဂိုဏ်းချုပ်... အဲဒီနေရာက အိပ်ဆောင်ဧရိယာရဲ့ အောက်တည့်တည့်မှာ မဟုတ်ဘူးလားဟင်..." ဟု မေးလိုက်သည်။

"ဟုတ်တယ်"

ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။

အားလုံးက အသက်ရှူပင် မှားလုမတတ် ဖြစ်သွားကြပြီးနောက် ယွီမိုရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။

ရန်လီလီက ဝင်ပြောသည်။

"စီနီယာယွီ... ခင်ဗျားတော့ သွားပြီပဲ။ ခင်ဗျားက အမြဲတမ်း စားကြွင်းစားကျန်တွေကို အဲဒီရေကန်ထဲ ပစ်ချနေကျဆိုတော့ အဲဒီသတ္တဝါကြီးက ခင်ဗျားကို ရန်ငြိုးဖွဲ့ထားမှာ အသေအချာပဲ"

"အဲဒါတွေက စားကြွင်းစားကျန်တွေ မဟုတ်ဘူးကွ ငါးစာတွေ... ငါးစာတွေပါဆို"

ယွီမိုက ရင်ဘတ်ကို လေသွင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ယွမ်လျောင်သည် ဝမ်ပင်း၏ အနားသို့ လျှောက်လာပြီး မျက်လုံးနီ မျောက်ဝံကြီးကို တစ်ချက်လှမ်းကြည့်ကာ မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီမိစ္ဆာဘုရင်ကို မသေမျိုးဂိုဏ်းထဲမှာ ထားရှိတာက ကျားကို မွေးပြီး ဘေးခေါ်သလို ဖြစ်မနေဘူးလား ခင်ဗျာ"

ဝမ်ပင်းက "သစ်ပင်တွေ အများကြီး အနင်းခံလိုက်ရတာဆိုတော့ အဲဒါတွေကို ပြန်စိုက်ရမယ် မဟုတ်ဘူးလား" ဟု ပြန်ဖြေလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

ယွမ်လျောင်က ဘာမှမတတ်နိုင်သည့် အပြုံးတစ်ခုကို ဖန်တီးလိုက်သော်လည်း ဘာမျှထပ်မပြောတော့ပေ။ မိစ္ဆာဘုရင်တစ်ပါးကို သစ်ပင်စိုက်ခိုင်းရန် စဉ်းစားမိသည်မှာ သူ၏ ဂိုဏ်းချုပ်တစ်ယောက်သာ လျှင် လုပ်နိုင်မည့် အရာ ဖြစ်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ်... ဒါက မသေမျိုးဂိုဏ်းပဲဟာ။

မိစ္ဆာဘုရင်ဆိုတာကလည်း သိပ်ပြီး တန်ဖိုးရှိတာမျိုး မဟုတ်ပါဘူး။

၎င်းကို ကြားလိုက်ရသောအခါ မျက်လုံးနီ မျောက်ဝံကြီးမှာ အလွန်ပင် စိတ်ပျက်အားလျော့သွားတော့သည်။

သူသည် မျက်လုံးအစုံကို ပြူးကာ ဝမ်ပင်းကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"ငါက မိစ္ဆာကြီးပေါင်းများစွာကို အမိန့်ပေးနေတဲ့ မိစ္ဆာဘုရင်တစ်ပါးပါနော်။ အဲဒါကို မင်းက ငါ့ကို သစ်ပင်စိုက်ခိုင်းမလို့လား"

ဝမ်ပင်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ငါ့မှာ တံခါးစောင့်ပေးမယ့်သူ ရှိတယ်။ ကြမ်းပြင်လှည်းပေးမယ့်သူ ရှိတယ်။ ငါ့အတွက်တော့ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက သစ်ပင်စိုက်ဖို့ပဲ။ မင်းမှာ အချိန်တစ်လရှိတယ်။ ဒီတောင်ရဲ့ တစ်ဝက်လုံးမှာ သစ်ပင်အသစ်တွေ ပြန်စိုက်ရမယ်။ ကျောက်ယီ... ခဏနေရင် တောင်အောက်ကိုဆင်းပြီး သူ့အတွက် ပေါက်တူးနဲ့ ပျိုးပင်တွေ သွားဝယ်ပေးလိုက်ပါ။ အကယ်၍ သူသာ ပျင်းရိနေရင် ငါ့ကို ချက်ချင်း လာပြောစမ်း"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် တင်းယွီဆောင်ရှိရာဘက်သို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။

မျက်လုံးနီ မျောက်ဝံကြီးသည် ဝမ်ပင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လုမတတ် ခံစားနေရသည်။

ဂိုဏ်းတစ်ခု၏ အစောင့်အရှောက် ဖြစ်ရသည်ကပင် သိက္ခာကျလှပြီ ဖြစ်သော်လည်း ယခုမူ သစ်ပင်ပါ စိုက်ခိုင်းနေသေးသည်။

ဒါက မိစ္ဆာဘုရင်တစ်ပါး လုပ်ရမဲ့ အရာမျိုးမှ မဟုတ်တာ။

သို့သော်လည်း ထိုနဂါးကြီးကို တွေးမိလိုက်သောအခါ မျက်လုံးနီ မျောက်ဝံကြီးသည် အောင့်အည်းသည်းခံရန်သာ ရွေးချယ်လိုက်တော့သည်။

အနှစ်သုံးရာဆိုတာ မျက်စိတစ်မှိတ်အတွင်းပဲ ကလဲ့စားချေဖို့က နောက်မှ စောင့်လို့ရတယ်။

ထိုအချိန်တွင် ချင်ရှန်းနှင့် အခြားသူများသည်လည်း အိပ်ဆောင်ဧရိယာရှိ နဂါးကြီးကို သွားရောက်ကြည့်ရှုရန် စိတ်အားထက်သန်စွာဖြင့် လူစုခွဲသွားကြတော့သည်။

ထို့နောက် ကျောက်ယီက အနားသို့ လျှောက်လာခဲ့သည်။ သူသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း သူ၏အနောက်တွင် ဝမ်ပင်း ရှိနေသဖြင့် သတ္တိမွေးကာ ပြောလိုက်သည်။

"စီနီယာမိစ္ဆာဘုရင်... သစ်ပင်စိုက်တဲ့အလုပ်ကိုပဲ အာရုံစိုက်လုပ်ပါဗျာ။ အနှစ်သုံးရာဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပါ။ ကျွန်တော်ကတော့ ကြမ်းပြင်လှည်းတဲ့သူပါ။ အကယ်၍ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အကူအညီတောင်းလို့ ရပါတယ်"

မျက်လုံးနီ မျောက်ဝံကြီးသည် ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအဆင့်မျှသာ ရှိသေးသည့် သူ၏ရှေ့မှ လူသားကို ကြည့်ကာ အရှက်ရမှုများ ပေါ်ပေါက်လာသဖြင့် ကျောက်ယီကို စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။

...

တင်းယွီဆောင်သို့ ပြန်ရောက်သောအခါ ဝမ်ပင်းသည် မသေမျိုးဂိုဏ်း၏ မြေပုံကို နောက်ဆုံးတွင် ဖွင့်လှစ်လိုက်တော့သည်။

အမှန်ပင် ယခင်မြေပုံနှင့် နှိုင်းယှဉ်ပါက ယခု မသေမျိုးဂိုဏ်း၏ မြေပုံပေါ်ရှိ မြေကွက်ငယ်တိုင်းတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းသင်္ကေတလေးများ ပေါ်နေသည်ကို တွေ့ရသည်။

သို့သော် အဆောက်အအုံ သင်္ကေတ အများစုမှာမူ မီးခိုးရောင်ဖြစ်နေပြီး ပိတ်ထားဆဲပင် ရှိသေးသည်။

"စနစ်... ဒါက ဘာဖြစ်တာလဲ"

"ဆောက်လုပ်ရေး ဧရိယာတွေကို ဖွင့်လှစ်ဖို့အတွက် တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်"

"ဒါဆိုရင် ငါ့အတွက် ဒီဆောက်လုပ်ရေး စွမ်းဆောင်ချက်ကို ဖွင့်ပေးလိုက်တာက ဘာထူးခြားလို့လဲ"

"ဆောက်လုပ်ရေး စွမ်းဆောင်ချက်ကတော့ ကိုယ်ပိုင် အဆောက်အအုံတွေကို လွတ်လပ်စွာ တည်ဆောက်ခွင့် ရရှိစေမှာ ဖြစ်ပြီး သခင့်အနေနဲ့ သူစိတ်ကြိုက် အထူးဆောက်လုပ်ရေး ပုံစံတွေကို ရွေးချယ်နိုင်မှာ ဖြစ်တဲ့အတွက် ကျပန်း အသွင်ပြောင်းလဲခြင်းတွေထက် ပိုမိုကောင်းမွန်ပါတယ်"

"လွတ်လပ်စွာ ဆောက်လုပ်ခွင့်ရတာက ကောင်းပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ငါ ဆောက်လို့ရတဲ့နေရာက တစ်ခုတည်းပဲ ရှိသေးတာဆိုတော့ နည်းနည်း မနည်းလွန်းဘူးလား" ဝမ်ပင်းက ပြောရင်းဖြင့် ချူးရောက်တောင်ရှိ ရက်စက်သော သားရဲများ စမ်းသပ်ကွင်း၏ အနောက်ဘက်ရှိ တစ်ခုတည်းသော ဖွင့်လှစ်ထားသည့် ဆောက်လုပ်ရေး ဧရိယာကို ဖွင့်လှစ်၍ ကြည့်လိုက်တော့သည်။

All Chapters