← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း။ ၁၄၂

[ဆောက်လုပ်ရေး - လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်]

ဝမ်ပင်းသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အလျင်အမြန်ပင် မေးလိုက်သည်။

"လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ဆိုတာ ကျင့်ကြံခြင်းအတွက် အထူးအဆောက်အအုံတစ်ခုလား"

စနစ်က ပြန်ဖြေသည်။

"မဟုတ်ပါဘူး။ အဆင့်မြင့်ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခရီးသွားလာတဲ့အခါ ခြေလျင်လျှောက်တာကိုပဲ အားကိုးနေလို့ မဖြစ်ဘူးလေ။ လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ဆိုတာ သခင့်အတွက် သီးသန့်ပဲ။ ထူးခြားတဲ့ သွားလာရေးယာဉ်တစ်စင်း ဖန်တီးပေးဖို့ သက်သက် ဒီဇိုင်းထုတ်ထားတာ။ ဆောက်လုပ်စရိတ်ကတော့ ရွှေဒင်္ဂါး တစ်သောင်းပဲ။ အကယ်၍ သခင့်အနေနဲ့ အခုလောလောဆယ် မလိုအပ်သေးဘူးဆိုရင် မဆောက်ဘဲ နေလို့လည်း ရပါတယ်"

"ဆောက်လိုက်မယ်"

သူ့လက်ထဲတွင် လောလောဆယ် ရွှေဒင်္ဂါး နှစ်သောင်းခန့်သာ ရှိတော့သော်လည်း ဝမ်ပင်းသည် ဆောက်လုပ်ရန် ပြတ်သားစွာ ရွေးချယ်လိုက်တော့သည်။

သူ့စကားအဆုံးတွင် သူ၏ရှေ့မှောက်၌ အကြောင်းကြားစာတစ်ခု ပေါ်လာခဲ့သည်။

[လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ကို တည်ဆောက်နေပါသည်...]

[ကျန်ရှိချိန် ၁ နာရီ]

"ဒီလောက်တောင် မြန်တာလား"

"အဆောက်အအုံအသစ်တစ်ခုကို ဆောက်လုပ်တာက အဆောက်အအုံဟောင်းတွေကို ပြုပြင်

မွမ်းမံတာထက် ပိုမိုရိုးရှင်းပြီး မြန်ဆန်တဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ ဒီစောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာ သခင့်အနေနဲ့ ကောင်းကင်နဲ့ မြေပြင် အသွင်ပြောင်းလဲခြင်းကို အရင်ဆုံး အသုံးပြုနိုင်ပါတယ်"

"ပြင်းပြင်းထန်ထန် လှုပ်ခတ်မှုတွေ ဖြစ်လာဦးမှာလား"

ထိုမျှမက ဝမ်ပင်းသည် တင်းယွီဆောင် ပထမဆုံး အသွင်ပြောင်းလဲစဉ်က သူကိုယ်တိုင် အပြင်သို့ တိုက်ရိုက် အကန်ထုတ်ခံလိုက်ရသကဲ့သို့ မသေမျိုးဂိုဏ်းတစ်ခုလုံး ယွန်းလန်တောင်ပေါ်မှ အပြင်သို့ အကန်ထုတ်ခံရမည်ကို စိုးရိမ်နေမိသည်။

ဤကောင်းကင်နှင့် မြေပြင် အသွင်ပြောင်းလဲခြင်းကြောင့် လူတိုင်း တောင်အောက်သို့ လွင့်စင်ကျသွားပြီး လမ်းမပေါ်တွင် အူကြောင်ကြောင်ဖြင့် ရပ်နေကြရမည်ဆိုလျှင် တကယ့်ကို အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

စနစ်က ပြန်ဖြေသည်။

"ဒီလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး"

ထိုအဖြေကို ကြားရမှ ဝမ်ပင်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

"ကောင်းပြီ... ဒါဆိုရင် ကောင်းကင်နဲ့ မြေပြင် အသွင်ပြောင်းလဲခြင်းကို ချက်ချင်း စတင်လိုက်တော့"

"ဒီအသွင်ပြောင်းလဲခြင်းက အခြေခံပြောင်းလဲခြင်းမျိုး ဖြစ်ပြီး မြေဆီလွှာ၊ ရာသီဥတုနဲ့ ရေအရည်အသွေးတို့ကို ပြောင်းလဲပေးမှာပါ။ ပြီးမြောက်သွားတဲ့အခါ မြေဆီလွှာတွေကို အသက်ပင်စိုက်ပျိုးဖို့ သင့်တော်တဲ့ ဖုန်ကင်းစင်မြေဆီလွှာတွေအဖြစ် အစားထိုးပေးမှာဖြစ်ပြီး ရာသီဥတုကတော့ ဆောင်းရာသီမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြစေမှာပါ။ ရေအရည်အသွေးကိုတော့ မောပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး အသက်ရှည်စေတဲ့ ဝိညာဉ်ရေစင်အဖြစ် ပြောင်းလဲပေးပါ့မယ်။ သခင့်အနေနဲ့ နောင်အနာဂတ်မှာ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး နောက်ထပ် အသွင်ပြောင်းလဲခြင်း ဆုလာဘ်တွေကို ရယူနိုင်ပါတယ်"

[အသွင်ပြောင်းလဲခြင်း လုပ်ဆောင်နေပါသည်...]

[ကျန်ရှိချိန် ၂၄ နာရီ]

ပေါ်လာသော အကြောင်းကြားစာထဲမှ ရှည်လျားလှသည့် အချိန်ကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ပင်းသည် အံ့ဩမနေတော့ဘဲ ချူးရောက်တောင်ရှိရာဘက်သို့ လျှောက်လှမ်းခဲ့တော့သည်။

ချူးရောက်တောင်သို့ ရောက်ရှိသောအခါ သူသည် တိုက်ပွဲနယ်ပယ်ထဲတွင် ခေတ္တမျှ ကျင့်ကြံနေလိုက်ပြီး လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင် ပြီးမြောက်သွားချိန်မှသာ အပြင်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။

လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်သည် ရက်စက်သော သားရဲများ စမ်းသပ်ကွင်း၏ အနောက်ဘက်တွင် တည်ရှိပြီး ၎င်း၏ရှေ့တွင် ညီညာလှသော တောအုပ်တစ်ခု ရှိနေသဖြင့် မိုင်ပေါင်းထောင်ချီအထိ မိုးကုတ်စက်ဝိုင်းကို လှမ်းမြင်ရသည်။

သို့သော် ဤလေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်သည် မြေပြင်ပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ မြေအောက်တွင် တည်ရှိနေခြင်းပင်။

ဝမ်ပင်းသည် ဝင်ပေါက်မှတစ်ဆင့် မီတာရာချီခန့် ကျယ်ဝန်းလှသော ဆောက်လုပ်ရေးဆောင်ကြီးထဲသို့ လှမ်းဝင်လိုက်၏။

အလယ်ဗဟိုတွင်မူ ကြီးမားလှသော သံဘောင်ကြီးတစ်ခု ရှိနေပြီး ၎င်းဘောင်၏ အလယ်တွင် သင်္ဘောတစ်စင်း၏ သစ်သားကိုယ်ထည် မဏ္ဍိုင်ရိုးကြီးကို ထိန်းညှိထားသည်။

ဝမ်ပင်းသည် အနားသို့ လျှောက်သွားပြီး ထိုမဏ္ဍိုင်ရိုးကို လက်ဖြင့် ပုတ်ကြည့်လိုက်သည်။ သူ၏လက်နှင့် ထိမိသွားသည့် ခဏ၌ သစ်သားကို ပုတ်လိုက်ရသကဲ့သို့ မဟုတ်ဘဲ သံမဏိတုံးကြီးကို ပုတ်လိုက်ရသကဲ့သို့ မာကျောလှသဖြင့် သစ်သားနှင့်ပင် လုံးဝ မတူတော့ပေ။

"သခင်... လျှောက်ပြီး ပုတ်မနေပါနဲ့တော့။ ဒီလေပျံသင်္ဘောရဲ့ သစ်သားပစ္စည်းတွေက ကောင်းကင်နဲ့မြေပြင်ရဲ့ ရတနာတွေနဲ့ ပြုလုပ်ထားတာ။ သခင့်ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် သူရဲ့ မျက်နှာပြင်ပေါ်မှာ အစင်းရာအသေးလေးတစ်ခုတောင် ထင်ကျန်အောင်လုပ်ဖို့ အရမ်းခက်ခဲပါတယ်"

"ဒီလောက်တောင် မာတာလား"

ဝမ်ပင်းသည် ကျေနပ်အားရသော အပြုံးဖြင့် ထိုမဏ္ဍိုင်ရိုးကြီးကို ကိုင်တွယ်ရင်း အလွန်ပင် ပီတိဖြစ်နေမိသည်။ ထို့နောက် မေးလိုက်သည်။

"စနစ်... ဒီလေပျံသင်္ဘောက ဘယ်တော့ ပြီးမှာလဲ"

စနစ်က ပြန်ဖြေသည်။

"နောက်ထပ် ၄၈ နာရီအတွင်းမှာ ဖြစ်ပါတယ်"

"သူ့အကြောင်းကို ဆက်ပြီး ရှင်းပြစမ်းပါ မရပ်နဲ့ဦး"

"ဒီလေပျံသင်္ဘောရဲ့ ပျံသန်းနှုန်းက အဆင့်မြင့်နက်နဲသောအဆင့်မှာ ရှိတဲ့ အတောင်ပံမျိုးနွယ်စုရဲ့ မိစ္ဆာကြီးတွေရဲ့ ပျံသန်းနှုန်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး တစ်နာရီကို မိုင်တစ်ထောင်အထိ ပျံသန်းနိုင်ပါတယ်။ သခင့်အနေနဲ့ ဒါကို အသုံးပြုပြီး ဘယ်နေရာကိုမဆို သွားလာနိုင်ပါတယ်။ ဒုတိယအကြိမ် ထပ်မံအဆင့်မြှင့်တင်ပြီးရင်တော့ ပိုပြီးတော့တောင် မြန်ဆန်လာဦးမှာ ဒီလေပျံသင်္ဘောက အခုထိ နာမည်မရှိသေးတဲ့အတွက် သခင့်အနေနဲ့ နာမည်တစ်ခု ပေးနိုင်ပြီး ဆောက်လုပ်နေစဉ်အတွင်းမှာ သူ့ရဲ့နာမည်ကို တစ်ပါတည်း ထွင်းထုပေးသွားမှာ"

စနစ်၏ စကားကို ကြားရသောအခါ ဝမ်ပင်းသည် အလွန်ပင် သဘောကျကာ ပြုံးမိသွားသည်။ ကောင်းကင်ယံထက်တွင် ပျံသန်းနိုင်မည့်အပြင် အဆင့်မြင့်နက်နဲသောအဆင့်ရှိ မိစ္ဆာကြီးများထက်ပင် မြန်ဆန်ဦးမည်ဆိုလျှင် ဤမျှမြန်လှသော အရှိန်ဖြင့်ဆိုပါက အရှေ့အိုင်တစ်ခုလုံးကို ခရီးသွားရန် နေ့တစ်ဝက်မျှသာ အချိန်ပေးရတော့မည်။

အရှေ့အိုင်သည် မိုင်ပေါင်းသောင်းချီ ကျယ်ပြောလှသဖြင့် သာမန်မြင်းရထားဖြင့်သာ သွားမည်ဆိုပါက တစ်သက်လုံး အချိန်ပေးရပေလိမ့်မည်။

ဤလေပျံသင်္ဘောကမူ ကျယ်ပြောလှသော ကမ္ဘာကြီးကို လှည့်လည်ကြည့်ရှုပြီး အမြင်ကျယ်လိုသည့် သူ၏ ကာလရှည်အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်တော့မည်ပင်။

သူ၏ အတွေးကမ္ဘာထဲမှ ပြန်လည်ရုန်းထွက်လာပြီးနောက် ဝမ်ပင်းသည် ခေတ္တမျှ စဉ်းစားကာ ရေရွတ်လိုက်သည်။

"သူ့ကို မိုးတိမ်ရိပ်လို့ နာမည်ပေးရအောင်"

“နာမည်ပေးခြင်း အောင်မြင်ပါတယ်။ အိမ်ရှင်အနေနဲ့ သူ့ကို အထူးစွမ်းရည်တွေလည်း တပ်ဆင်ပေးနိုင်ပါတယ်။ လောလောဆယ် လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ကနေ ပေးနိုင်တဲ့ စွမ်းရည်ကတော့ ကိုယ်ပျောက်ဒိုင်းပါ။

ရွှေဒင်္ဂါး တစ်သောင်း သုံးပြီး မိုးတိမ်ရိပ်ကို ကိုယ်ပျောက်နိုင်တဲ့ စွမ်းရည် ရရှိမှာဖြစ်ပြီး... တစ်ကြိမ် သုံးရင် ၂၄ နာရီ ကြာမြင့်မှာပါ။ ဒါက အိမ်ရှင်အတွက် မလိုအပ်တဲ့ ပြဿနာတွေကို အများကြီး ကျော်လွှားနိုင်စေမှာပါ"

"ငါ အဲဒါကို ယူမယ်"

"ကံကောင်းလို့ပေါ့ ငါ့လက်ထဲမှာ နောက်ထပ် ရွှေဒင်္ဂါး တစ်သောင်း တိတိ ကျန်နေသေးလို့ပဲ တော်တော့တယ်။ မဟုတ်ရင်တော့ စုံလင်မှုမရှိတဲ့ လေပျံသင်္ဘောတစ်စင်း ဖြစ်သွားတော့မှာ။

မိုးတိမ်ရိပ်ဆိုတဲ့ နာမည်နဲ့အညီ ကိုယ်ပျောက်ဒိုင်းသာ မရှိခဲ့ရင် တိမ်ရိပ်ကြားထဲမှာ ဘယ်လိုလုပ်ပြီး ပုန်းကွယ်နိုင်မှာလဲ"

ချက်ချင်းပင် ဝမ်ပင်းသည် လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ကြီးထဲတွင် လျှောက်လှမ်းကြည့်ရှုရင်း မီတာသုံးဆယ်ခန့်ရှိသော မဏ္ဍိုင်ရိုးကြီးကို ကြည့်ကာ အတွေးကမ္ဘာထဲသို့ နစ်မြောနေမိသည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက် ရုတ်တရက် ဝမ်ပင်း တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အမြန် ပြောလိုက်သည်။

"ဒါနဲ့... လေပျံသင်္ဘော ဆောက်လုပ်ရေးဆောင်ရဲ့ ဆိုင်ခွဲကို ဖွင့်ပေးစမ်းပါဦး"

ထိုဆိုင်ခွဲအတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ ဝမ်ပင်းမှာ ကြောင်အမ်းသွားရသည်။

သူ၏ မျှော်လင့်ချက်များအားလုံး ပျောက်ကွယ်သွားခဲ့ရ၏။

ထို့အပြင် စိတ်ပျက်စရာ ခံစားချက်တစ်ခုပင် ဝင်ရောက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းဆိုင်အတွင်း၌ ရှိနေသော ပစ္စည်းများမှာ ပေါက်တူးများနှင့် ဂေါ်ပြားများကဲ့သို့သော အရာများသာ ဖြစ်နေသောကြောင့်ပင်။

ဝမ်ပင်းက ပြောလိုက်သည်။

"စနစ်... ဆိုင်ခွဲက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေကို အဓိကရောင်းချပေးတာ မှန်ပေမဲ့ လုပ်ငန်းခွင်သုံး ကိရိယာတွေကိုတော့ အသစ်ပြန်မလဲပေးသင့်ဘူးလား"

စနစ်က ပြန်ဖြေသည်။

“အိမ်ရှင်အနေနဲ့ အဲဒါတွေကို လိုအပ်လာပါလိမ့်မယ်။ ဖုန်ကင်းစင်မြေဆီလွှာဆိုတာက ဖျက်ဆီးလို့မရအောင် မာကျောတာကြောင့် ဒီကိရိယာတွေနဲ့မှသာ သူ့ကို ရွှေ့ပြောင်းနိုင်မှာပါ”

"ပေါက်တူးတစ်လက်ကို ရွှေဒင်္ဂါး တစ်ထောင်တောင် ပေးရတာပဲ ထားလိုက်ပါတော့... ငါ မဝယ်တော့ဘူး"

သူ့အိတ်ကပ်ထဲတွင် ငွေကြေးပြတ်တောက်သွားသည်ကို ခံစားလိုက်ရသဖြင့် ဝမ်ပင်းသည် ဘာမှမတတ်နိုင်ဘဲ လာခဲ့သည့် လမ်းအတိုင်း ပြန်လှည့်လာခဲ့တော့သည်။

ယွန်းလန်တောင်သို့ ပြန်ရောက်သောအခါ သူ့ထံသို့ ဦးတည်လျှောက်လှမ်းလာသည့် ရန်လီလီနှင့် ဆုံတွေ့ခဲ့သည်။

"ဂိုဏ်းချုပ်... ဟွမ်ယီက ဂိုဏ်းချုပ်ကို ထမင်းစားဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ပါဗျ"

"ကောင်းပြီ... သွားကြစို့"

ပြောရမည်ဆိုလျှင် သူသည်လည်း တကယ့်ကို ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။ သူ၏ဝမ်းဗိုက်ထဲရှိ အရာအားလုံးကို ငရဲမီးက ပြာအဖြစ် လောင်ကျွမ်းပစ်လိုက်သောကြောင့် ဖြစ်ပေလိမ့်မည်။

မီးဖိုချောင်သို့ ရောက်ရှိလာသောအခါ ကျောက်ယီ ဝယ်ပေးထားသော ပေါက်တူးကို ကိုင်လျက် လှုပ်ရှားမှုမရှိဘဲ ရပ်နေသည့် မျက်လုံးနီ မျောက်ဝံကြီးကို လှမ်းမြင်လိုက်ရသည်။

မျက်လုံးနီ မျောက်ဝံကြီးသည် ထိုနေရာတွင် ရပ်နေသည်မှာ ကြာပြီဖြစ်ပြီး အစားအစာများ၏ မွှေးပျံ့လှသော အနံ့ကို ရရှိနေခဲ့သည်။

ဝမ်ပင်း ရောက်ရှိလာသည်ကို မြင်သောအခါ သူသည် ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားချင်စိတ် ပေါ်လာခဲ့သည်။ အစားအသောက်အနံ့က မည်မျှပင် ဆွဲဆောင်နေပါစေ သူ၏ သိက္ခာကိုတော့ အကျခံ၍မဖြစ်ပေ အထူးသဖြင့် ဝမ်ပင်း၏ ရှေ့မှောက်တွင် ဖြစ်သည်။

သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက လှမ်းခေါ်လိုက်သည်။

"မျက်လုံးနီ... မင်းကို ငါ မေးစရာရှိတယ် ငါ့နောက်ကို လိုက်ခဲ့စမ်း"

မျက်လုံးနီ မျောက်ဝံကြီးက တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်သည်။

"မင်း ဘာပဲမေးမေး... ငါကတော့ မင်းကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး"

ဝမ်ပင်းသည် သူ၏ ဟန်ဆောင်ကြုံးဝါးမှုကို ဂရုမစိုက်ဘဲ ကွင်းပြင်တစ်ခုသို့ လျှောက်သွားပြီးမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် လူမိုက်တစ်ယောက်ကဲ့သို့ ခေါင်းနှင့်ခြေထောက်ကို လှုပ်ယမ်းနေသည့် မျက်လုံးနီ မျောက်ဝံကြီးကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းက လူသားတွေဆီက ကောင်းတဲ့အရာတွေကို မသင်ယူဘဲ အကျင့်ဆိုးတွေကိုပဲ သင်ယူထားတာပဲ။ မင်းအတွက် အနှစ်သုံးရာက နည်းလွန်းနေလို့လား ဒါမှမဟုတ် နောက်ထပ် အနှစ်ရာချီလောက် ထပ်တိုးချင်လို့လား"

၎င်းကို ကြားသောအခါ မျောက်ဝံကြီးသည် အံကြိတ်လျက် မတ်မတ်ရပ်လိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်ပင် မကျေမနပ် ဖြစ်နေရှာသည်။

သူ၏ နီမြန်းသော မျက်ဝန်းကြီးများဖြင့် ဝမ်ပင်းကို စိုက်ကြည့်နေသည်မှာ မီးတောက်များပင် ထွက်လာတော့မည့်အလားပင်။

ဝမ်ပင်းက စတင်၍ မေးခွန်းထုတ်လိုက်သည်။

"မင်းက အခု မသေမျိုးဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဆိုတော့ ငါ့ကို အမှန်အတိုင်း ပြောစမ်း။ မင်း ဘာဖြစ်လို့ သားရဲစစ်တပ်ကြီးကို ဦးဆောင်ပြီး ဆန်းဝူမြို့ကို လာတိုက်ခိုက်ရတာလဲ"

"ငါ့စိတ်ထဲ ပေါ်လာလို့"

မျက်လုံးနီ မျောက်ဝံကြီးက ပေါ့ပျက်ပျက်ပင် ပြန်ဖြေသည်။

"မင်း အမှန်အတိုင်း မပြောဘူးဆိုရင်တော့ မသေမျိုးဂိုဏ်းမှာ အနှစ်သုံးရာလုံးလုံး သစ်ပင်ပဲ ထိုင်စိုက်နေလိုက်တော့။ မနက်ဖြန်ကျရင် မသေမျိုးဂိုဏ်း ပတ်ပတ်လည်မှာ ရှိသမျှ သစ်ပင်တွေအကုန်လုံးကို ငါ ခုတ်လှဲပစ်ခိုင်းပြီး အသစ်ပြန်စိုက်ခိုင်းမယ်"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် လှည့်ထွက်၍ သွားရန် ပြင်လိုက်တော့သည်။

ဝမ်ပင်း၏ စကားကို ကြားလိုက်ရပြီး သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးနီ မျောက်ဝံကြီးသည် ဘာမှမတတ်နိုင်တော့ဘဲ ဝန်ခံလိုက်ရရှာတော့သည်။

"မလုပ်ပါနဲ့... တကယ်တော့... ဒါပေါ့ အကြောင်းပြချက် ရှိတာပေါ့ ငါ့ရဲ့ ပစ္စည်းတစ်ခု ခိုးယူခံလိုက်ရလို့ပါ"

All Chapters