← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း။ ၁၄၆

ဟန်ဝမ်သည် ပစ္စည်းကို နှမြောတောင့်တစွာဖြင့် စွန့်လွှတ်ရမည့် နာကျင်မှုကို အောင့်အီးခံစားနေရစဉ်မှာပင် သူ့ကို ဒေါသအိုးပေါက်ကွဲသွားစေမည့် စကားတစ်ခွန်းနှင့် ရင်ဆိုင်လိုက်ရတော့သည်။

"မင်း ကောင်းကင်ကြီး ပျက်မတတ်ပဲ ပြောပြော အလဟဿပဲ။ ငါ့ဆီမှာ သစ်သားလွင့်သဲ မရှိဘူး"

၎င်းကို ကြားလိုက်ရသောအခါ ဟန်ဝမ်သည် ချက်ချင်း ဝုန်းခနဲ ထရပ်လိုက်ပြီး "ဝမ်ပင်း... ငါ ကမ်းလှမ်းခဲ့တဲ့ ပစ္စည်းတွေက ငါ့ရဲ့ ရိုးသားမှုကို ပြသဖို့ လုံလောက်နေပြီ။ ဒီပါရမီရှင်ဆယ်ယောက်တံဆိပ်ပြား တစ်ခုတည်းနဲ့တင် သစ်သားလွင့်သဲရဲ့ တန်ဖိုးထက် အများကြီး သာလွန်တယ်။ ဒါက မင်းအတွက်လည်း ဘာမှသုံးစားလို့ရတာ မဟုတ်ဘူး။ မင်း ဘာဖြစ်လို့ ငါ့ကို အကျပ်ကိုင်နေရတာလဲ။ အရင်က ပြစ်မှားခဲ့တာတွေအတွက်လည်း ငါ တန်ဖိုးပေးဆပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းသာ ငါ့ကို သစ်သားလွင့်သဲ ပြန်မပေးဘူးဆိုရင် ငါ ရူးသွပ်သွားတဲ့အခါ ငါ့ကို လာအပြစ်မတင်နဲ့" ဟု အော်ဟစ်လိုက်တော့သည်။

ဟန်ဝမ်သည် စိတ်အခြေအနေကို လုံးဝ မထိန်းချုပ်နိုင်တော့မည့်အခြေအနေသို့ ရောက်နေသည်ကို မြင်သောအခါ ဝမ်ပင်းက "မင်းမယုံရင်လည်း ကိစ္စမရှိဘူး။ ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ်။ မင်းဘာသာမင်း တောင်အောက်ကို ဆင်းသွားလို့ရပြီ" ဟု ပြန်ပြောလိုက်သည်။

"ဝမ်ပင်း"

ဟန်ဝမ်က အော်ဟစ်လိုက်ရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကာ မထင်မှတ်ဘဲ ဝမ်ပင်း၏ ပခုံးကို လှမ်း၍ ဆွဲကိုင်လိုက်သည်။

သို့သော် ဝမ်ပင်းက ခေါင်းလှည့်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်သည့်အခါ ဟန်ဝမ်သည် အလွန်အမင်း ထိတ်လန့်သွားကာ နောက်သို့ နှစ်လှမ်းမျှ ဆုတ်သွားမိသည်။

ကိုယ့်ကိုကိုယ် ကြောက်ရွံ့သွားမိသည်ကို ရှက်ရွံ့သွားပုံရပြီး ဟန်ဝမ်သည် သူ၏ ကိုယ်ဟန်အနေအထားကို ပို၍ မတ်မတ် ပြင်လိုက်ပြန်သည်။

ဝမ်ပင်းက အေးစက်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာပြီး မစမ်းပါနဲ့"

"ကောင်းပြီ တကယ့်ကို ကောင်းတယ်"

ဟန်ဝမ်သည် အံကြိတ်လျက် ဤစကားလုံး သုံးလုံးကို ပြောလိုက်တော့သည်။

သူ့ဘေးတွင် ရပ်နေသည့် ဟိန်းမုက အလျင်အမြန်ပင် "သခင်လေး... ဒါက..." ဟု ဝင်ပြောရန် ပြင်သည်။

"ဘာမှ ထပ်ပြောမနေနဲ့တော့။ သစ်သားလွင့်သဲ ကိစ္စကို အစွန်းရောက်တောင်ကို ပြန်ရောက်မှပဲ ဖြေရှင်းကြတာပေါ့"

ဟန်ဝမ်သည် ထွက်ခွာသွားသော ဝမ်ပင်း၏ ကျောပြင်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူသည်လည်း လာခဲ့သည့် လမ်းအတိုင်း ပြန်လည် လှည့်ထွက်ခဲ့တော့သည်။

အမှန်အတိုင်း ပြောရလျှင် သူသည် အစွန်းရောက်တောင်၏ သခင်လေးတစ်ဦးအနေဖြင့် ဝမ်ပင်း

အပေါ် အလွန်ပင် ရိုသေလေးစားမှု ပြသခဲ့ပြီး ဖြစ်သည်။

၎င်းမှာ မသေမျိုးဂိုဏ်း၏ အင်အားက သူ၏ လေးစားမှုကို ခံယူထိုက်သောကြောင့်ပင်။ လက်ရှိအချိန်တွင် သူ့ဘေး၌ မသေမျိုးဂိုဏ်းကို ယှဉ်ပြိုင်နိုင်မည့် မည်သည့် အစောင့်အရှောက်မျှ ပါမလာခဲ့ချေ။

သို့သော် ဤအချက်က ဝမ်ပင်းအနေဖြင့် သူ့ကို တောင်ခြေ၌ တစ်နေကုန် စောင့်ဆိုင်းစေပြီးမှ မူလက သူ့ပစ္စည်းဖြစ်သောအရာကို ပြန်ပေးရန် ငြင်းဆန်ပိုင်ခွင့် ရှိသည်ဟု မဆိုလိုပေ။

ဝမ်ပင်းက သစ်သားလွင့်သဲကို လွှဲပြောင်းပေးရန် ငြင်းဆန်ပြီး ဤမျှအထိ မလေးမစား ပြုမူနေမှတော့ သူ အစွန်းရောက်တောင်သို့ ပြန်သွားပြီး သူ့အဖေကို ကြားထဲက ဝင်ရောက် ဖြေရှင်းခိုင်းရုံသာ ရှိတော့သည်။

ဘာပဲဖြစ်ဖြစ်... သူ သစ်သားလွင့်သဲကို အမိအရ ရယူရမည်သာ။

ငါ့ကို တားဆီးတဲ့သူမှန်သမျှ သေရမယ်။

...

မျက်လုံးနီ မျောက်ဝံကြီးသည် သစ်ကိုင်းအောက်တွင် လှဲလျော်လျက် ပျင်းရိငြူစူစွာဖြင့် ကိုယ်လက်ဆန့်ကာ သစ်ရွက်များကြားမှ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ အချိန်

အတော်ကြာမှသာ ၎င်းသည် လိုလိုလားလားဖြင့် ပြန်ထရပ်လိုက်သည်။

၎င်းသည် တောင်ပေါ်၌ နှစ်ရက်မျှ လှဲနေခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် သစ်ပင်စိုက်ရန် တာဝန်ပေးအပ်ခံထားရသည့် အမှန်တရားကို လက်ခံလိုက်ပြီ ဖြစ်သည်။

သို့သော် သူ့ဘေးရှိ ဂေါ်ပြားကို မြင်လိုက်ရသည့်အခါ ၎င်းကို လုံးချေပြီး ယွန်းလန်တောင်အောက်သို့ လွှင့်ပစ်လိုက်ချင်စိတ် ပေါ်လာသဖြင့် ဒေါသတကြီး စိုက်ကြည့်မနေဘဲ မနေနိုင်တော့ပေ။

နောက်ဆုံးတွင် ၎င်းသည် မတ်တပ်ရပ်လိုက်ပြီး ပေါက်တူးကို ကောက်ကိုင်ကာ အရင်ဆုံး ကျင်းတစ်ကျင်း တူးရန် ဆုံးဖြတ်လိုက်သည်။

ဒုန်း….

တစ်ချက်တည်း ပေါက်လိုက်ရုံဖြင့် သံပေါက်တူးမှာ ကျိုးသွားတော့သည်။

မျက်လုံးနီ မျောက်ဝံကြီးသည် သူ့ရှေ့မှောက်ရှိ မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိပြီး မြေပြင်အောက်တွင် ကျောက်တုံးများ ရှိနေကြောင်း ခန့်မှန်းမိကာ "ဘယ်လို လူအူကြောင်ကြောင်က ဒီသံပေါက်တူးကို လုပ်ထားတာလဲ။ ကျောက်တုံးနဲ့ နည်းနည်းလေး ထိမိတာကို ချက်ချင်း ကျိုးသွားရတယ်လို့" ဟု ကျိန်ဆဲလိုက်တော့သည်။

ရှိသမျှ ပေါက်တူးက တစ်ခုတည်း အဲဒါကလည်း ကျိုးသွားပြီ။

ဒေါသထွက်သွားသော မျက်လုံးနီ မျောက်ဝံကြီးသည် ပေါက်တူးကို ကျိုးစေခဲ့သည့် အောက်ခြေမှ ကျောက်တုံးကို ကြေမွသွားစေရန် ရည်ရွယ်ချက်ဖြင့် မြေဆီလွှာကို လက်သီးဖြင့် အားရပါးရ ထိုးချလိုက်တော့သည်။

သို့သော် ထိုလက်သီးချက်ကြောင့် မြေပြင်ပေါ်တွင် တိမ်လှသော ကျင်းအသေးလေးတစ်ခုသာ ဖြစ်ပေါ်လာခဲ့သည်။

"ဒါက ဘာကြီးလဲ"

မျက်လုံးနီ မျောက်ဝံကြီးသည် အခြားနေရာတစ်ခုကို ပြောင်းလဲ၍ ထပ်မံ ထိုးချလိုက်ပြန်သော်လည်း မြေပြင်ပေါ်တွင် သေးငယ်သော ကျင်းတိမ်လေးတစ်ခုသာ ကျန်ရှိနေခဲ့သည်။

ယခုအခါတွင်မူ မျက်လုံးနီ မျောက်ဝံကြီးသည် တကယ့်ကို ဒေါသအိုး ပေါက်ကွဲသွားတော့သည်။

မိစ္ဆာဘုရင်တစ်ပါးအနေနဲ့ မြေပြင်ပေါ်မှာ ကျင်းအကြီးကြီးတစ်ခုတောင် မလုပ်နိုင်ဘူးလား။

ဒုန်း…

ဒုန်း….

ဆယ်ချက်မက ထိုးနှက်ပြီးနောက် မျက်လုံးနီ မျောက်ဝံကြီးသည် သူ့ရှေ့မှောက်ရှိ မသိမသာမျှသာ ချိုင့်ဝင်သွားသော မြေဆီလွှာကို ကြည့်ရင်း ချက်ချင်းပင် စိတ်ဓာတ်ကျသွားတော့သည်။

မြေပြင်၏ မာကျောမှုကို သဘောပေါက်သွားပြီးနောက် မျက်လုံးနီ မျောက်ဝံကြီးသည် ထောင်ဆင့်ဝင်္ကပါရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းရင်း တိုးတိုးလေး ညည်းတွားနေခဲ့သည်။

"ဒီလို မြေကြီးမျိုးမှာ သစ်ပင်ကို ဘယ်လို စိုက်ရမှာလဲ။ မင်းက ဒီဘုရင်ကို လာပြီး ကစားနေတာပဲ"

...

တစ်ချိန်တည်းမှာပင် ဝမ်ပင်းသည် မီးဖိုချောင်သို့ သွားရောက်ကာ ရေတွင်းရေ တစ်ဝက်စာရှိသော ရေပုံးကို အပေါ်ထပ်သို့ သယ်ဆောင်လာခဲ့သည်။

သူသည် ရေခွက်တစ်ခွက် ခပ်ယူကာ နေရောင်အောက်တွင် ဝေ့ယမ်းကြည့်လိုက်ပြီး ရေလှိုင်းလေးများ လှုပ်ခတ်သွားသည်ကို စောင့်ကြည့်ကာ ဂလုဂလုဖြင့် မော့သောက်လိုက်သည်။

"တကယ့် ရေကောင်းပဲ"

ဝမ်ပင်း မချီးမွမ်းဘဲ မနေနိုင် ပြန်ဖြစ်ရပြန်သည်။

သူ ဝန်ခံရမည်မှာ ဤရေတွင်းရေသည် သောက်လေလေ ပို၍ ရေငတ်ပြေလေလေဖြစ်ပြီး တစ်နေ့လျှင် သုံးခွက်သာ သောက်ရမည်ဟူသော စည်းမျဉ်းကြောင့် သူ့မှာ ပို၍ သောက်ချင်စိတ် တဖွားဖွား ပေါ်လာရခြင်းပင်။

ထိုအချိန်တွင် ချင်ရှန်းသည် မီးဖိုချောင်သို့ ဝင်လာခဲ့ရာ ဝမ်ပင်းကို မြင်လျှင် "ဂိုဏ်းချုပ်... ကျွန်တော် စောစောက အစွန်းရောက်တောင်ရဲ့ သခင်လေးကို မြင်လိုက်ရသလိုပဲ။ သူ မသေမျိုးဂိုဏ်းကို ဘာကိစ္စနဲ့ လာတာလဲဟင်" ဟု မေးလိုက်သည်။

ဝမ်ပင်းသည် ချင်ရှန်းက ဟန်ဝမ်၏ ရောက်ရှိလာမှုကို စိတ်ဝင်စားနေခြင်းမှာ တမင်သက်သက် စုံစမ်းလိုခြင်းကြောင့်ဖြစ်ကြောင်း သိသာလှသဖြင့် လာရောက်မေးမြန်းခြင်းကို ရိပ်မိလိုက်သည်။

သို့သော် ဤကိစ္စကို ထုတ်ဖော်ပြောပြရန် ပြဿနာမရှိသဖြင့် ဝမ်ပင်းက တိုက်ရိုက်ပင် "အင်း... သူ တောင်ပေါ်ကို ငါ့ဆီ လာတွေ့တာ" ဟု ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ချင်ရှန်းက ချက်ချင်းပင် "ဂိုဏ်းချုပ်... ကျွန်တော် မိတ်ဆွေတစ်

ယောက်အနေနဲ့ သတိပေးပါရစေ။ အစွန်းရောက်တောင်က လူတွေက ကျားတွေလိုပဲ။ သူတို့ပြောသမျှကို လုံးဝ မယုံကြည်တာ အကောင်းဆုံးပဲ။ ကျားတွေနဲ့ လက်တွဲတာက ကောင်းတဲ့အဆုံးသတ် ရခဲတယ်။ သူတို့နဲ့ ပူးပေါင်းခဲ့တဲ့ ကြယ်တစ်ပွင့်အဆင့်ရှိ ဂိုဏ်းအများအပြားလည်း တဖြည်းဖြည်းနဲ့ သွေးစုပ်ခြောက်လှန့်ခံလိုက်ရတာချည်းပဲ" ဟု ထပ်ပြောလိုက်သည်။

ဝမ်ပင်းက ပြုံးလိုက်ပြီး နောက်ထပ် ရေတစ်ခွက်ကို ခပ်ယူကာ လက်ဖက်ရည်ကြမ်း သောက်

သကဲ့သို့ အရသာခံရင်း "သူက ဝဲဂယက်မြေပုံကို လုပ်ဖို့အတွက် နောက်ဆုံး ပစ္စည်းတစ်ခုပဲ လိုတော့တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီနောက်ဆုံး ပစ္စည်းက ငါ့ဆီမှာ ရှိနေတယ်။ သူက ပြန်တောင်းပေမဲ့ ငါက မပေးလိုက်ဘူး" ဟု ပြောလိုက်သည်။

"ဝဲဂယက်မြေပုံ ဟုတ်လား ဂိုဏ်းချုပ်... မင်း သေချာလို့လား"

"မသေချာစရာ ဘာရှိလို့လဲ"

ဝမ်ပင်း၏ အတည်ပြုချက်ကြောင့် ချင်ရှန်းသည် အတွေးနက်သွားခဲ့ပြီး စိတ်ထဲတွင် စိုးရိမ်မကင်းဖြစ်မှုများ တဖွားဖွား ပေါ်ပေါက်လာကာ ပျံလွှားငါးကျွန်းသို့ ချက်ချင်း ပြန်ရန် စဉ်းစားမိလိုက်သည်။

ပျံလွှားငါးကျွန်းသည် လက်ရှိတွင် အစွန်းရောက်တောင်ကို အနည်းငယ်မျှသာ ဖိနှိပ်ထားနိုင်ဆဲဖြစ်ပြီး အင်အားချင်း မတိမ်းမယိမ်း ရှိနေသောကြောင့်သာ ထိုအင်အားစုနှစ်ခုကြားတွင် ပွင့်လင်းစွာရော တိတ်တဆိတ်ပါ ပြိုင်ဆိုင်မှုများ မပြတ်ရှိနေခြင်းပင်။

ဟန်ဝမ်သည် ဝဲဂယက်မြေပုံကို ဖန်တီးရန် ကြိုးပမ်းနေသည့် သတင်းကို ပျံလွှားငါးကျွန်းဘက်က လုံးဝ မသိရှိထားချေ။

ဟန်ဝမ်သည် နောက်ဆုံး ကောင်းကင်ဘုံရတနာတစ်ခုသာ လိုအပ်တော့သဖြင့် ဝဲဂယက်မြေပုံက မကြာမီ အသက်ဝင်လာတော့မည်ကို ပျံလွှားငါးကျွန်းက မရိပ်မိခဲ့ပေ။

ထိုအချိန်ကျလျှင် အစွန်းရောက်တောင်တွင် ထူးခြားဆန်းပြားသော သွေးကြောရှိသည့် တပည့်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဖြစ်ရာ အစွန်းရောက်တောင်နှင့် ပျံလွှားငါးကျွန်းကြားက မျှခြေကို ပျက်ပြားသွားစေပြီး သူတို့က ပျံလွှားငါးကျွန်းကို လွှမ်းမိုးသွားနိုင်သည်။

ချင်ရှန်းက ထပ်မံ၍ "ဂိုဏ်းချုပ်... အဲဒီနောက်ဆုံး ကောင်းကင်ဘုံရတနာက တကယ်ပဲ မင်းရဲ့ လက်ထဲမှာ ရှိနေတာလား" ဟု မေးလိုက်သည်။

"အင်း"

ဝမ်ပင်း ပြန်လည်ဖြေကြားလိုက်စဉ်မှာပင် နောက်တစ်စက္ကန့်၌ သူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူ့လက်ထဲမှ ရေခွက်ကို ရေပုံးထဲသို့ ပစ်ချလိုက်ပြီး အထပ်တစ်ထောင်ဝင်္ကပါရှိရာဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

သို့သော် နှမြောစရာကောင်းသည်မှာ သူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကွင်းပြင်ကျယ်၏ အစွန်းနားတွင် ဟန်ဝမ်နောက်သို့ လိုက်ပါလာသော နက်နဲသောအဆင့်ရှိ ကျင့်ကြံသူမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေခဲ့ပြီး အသက်မရှိတော့ချေ။

ဟန်ဝမ်မှာမူ ယခုအခါတွင် မျက်လုံးနီ မျောက်ဝံကြီး၏ ဖမ်းဆီးခြင်းကို ခံထားရပြီး သူ၏ခေါင်းကို လေထဲသို့ မြှောက်၍ ဆွဲမထားခြင်း ခံနေရသည်။ သူ့မှာ ပြန်လည်ခုခံရန် သတ္တိမရှိတော့သည့်အပြင် ရုန်းကန်ရန်ပင် မစွမ်းသာတော့ပေ။

မျက်လုံးနီ မျောက်ဝံကြီးသည် ဟန်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။

"မင်း ကောင်စုတ်... ငါ့ရဲ့ ရွှေရောင်လွန်းပျံရွက်ကို ခိုးသွားပြီးတော့ ပြေးချင်သေးတယ်ပေါ့။ ပြေးစမ်းပါဦး ဆက်ပြီး ပြေးကြည့်စမ်းပါဦး"

မျက်လုံးနီ မိစ္ဆာဘုရင်ကြီး၏ ပြင်းထန်လှသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ဟန်ဝမ်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

"ကျွန်တော် ရွှေရောင်လွန်းပျံရွက်ကို ပြန်ပေးပါ့မယ်။ မင်း လိုချင်တာမှန်သမျှကိုသာ ပြောပါ။ ကျွန်တော် အစွမ်းကုန် လုပ်ပေးပါ့မယ်။ ကျွန်တော့်အဖေက အစွန်းရောက်တောင်ရဲ့ ဂိုဏ်းချုပ် ဖြစ်လို့ မင်း လိုချင်တာမှန်သမျှကို သူ ရှာပေးနိုင်ပါတယ်"

ဟန်ဝမ်သည် ယခုအခါတွင် အသက်ဝိညာဉ်ပင် လွင့်မတတ် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။

သူသည် မျက်လုံးနီ မျောက်ဝံကြီး မသေဆုံးသေးဘဲ ဤမသေမျိုးဂိုဏ်းအတွင်းမှာပင် နေထိုင်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ သူ ပြန်တော့မည့် အချိန်ကျမှ ၎င်းနှင့် ကွက်တိ တိုးမိသွားခဲ့ခြင်းပင်။

သူ့အဖေတောင်မှ ထိုမိစ္ဆာ၏လက်မှ ထွက်ပြေးခဲ့ရုံသာ တတ်နိုင်ခဲ့ပြီး အဆင့်မြင့်နက်နဲသောအဆင့်တွင် ရှိနေသော သူ့ဘိုးဘေးကြီးသာလျှင် ၎င်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။

သို့သော် ယခုမူ ၎င်းက သူ့ခေါင်းကို ဆုပ်ကိုင်ထားခြင်းပင်။

ဟန်ဝမ်၏ အော်ဟစ်သံများနှင့် ကြောက်ရွံ့မှုများကို မျက်လုံးနီ မျောက်ဝံကြီးက လုံးဝ လျစ်လျူရှုထားခဲ့ပြီး ဝမ်ပင်း ကြားထဲက ဝင်ရောက် တားဆီးရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးနီ မျောက်ဝံကြီးက သူ့လက်ကို တင်းကျပ်လိုက်တော့သည်။

ဂျွတ်….

ဟန်ဝမ်၏ ဦးခေါင်းမှာ ကွဲအက်သွားတော့သည်။

ဟန်ဝမ်ကို သတ်ပြီးနောက် မျက်လုံးနီ မျောက်ဝံကြီးသည် သစ်ပင်စိုက်ရသဖြင့် ဖြစ်ပေါ်နေသော စိတ်ပျက်မှုများကို ဟန်ဝမ်၏ အလောင်းပေါ်တွင် ပုံချကာ ၎င်းကို ပြင်းထန်စွာ နှစ်ချက်မျှ ထပ်မံ ကန်ကျောက်လိုက်သေးသည်။

ချင်ရှန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရတော့သည်။

သူသည် စောစောကတင် ဟန်ဝမ်က ဝဲဂယက်မြေပုံကို ဖန်တီးပြီး အစွန်းရောက်တောင်တွင် ပါရမီရှင်တပည့်တစ်ဦး ပေါ်ထွက်လာကာ ပျံလွှားငါးကျွန်းနှင့် အစွန်းရောက်တောင်ကြားက မျှခြေကို ပျက်ပြားသွားစေမည်ကို စိုးရိမ်နေခဲ့မိခြင်းပင်။

မထင်မှတ်ဘဲ နောက်တစ်စက္ကန့်မှာပင် ဟန်ဝမ်သည် မသေမျိုးဂိုဏ်းအတွင်း၌ သေဆုံးသွားခဲ့ရသည်။

ထိုအချိန်တွင် ဝမ်ပင်းသည်လည်း ဟန်ဝမ်၏ အနားသို့ လျှောက်လှမ်းလာခဲ့ပြီး ထိုရက်စက်လှသော မြင်ကွင်းမှ မျက်လုံးကို လွှဲလိုက်ပြီးနောက် ခေါင်းကိုမော့ကာ မျက်လုံးနီ မျောက်ဝံကြီးကို တင်းမာစွာ စိုက်ကြည့်လျက် "မျက်လုံးနီ... မင်း ဘာလုပ်လိုက်တာလဲ" ဟု ပြတ်သားစွာ မေးလိုက်သည်။

"လူဆိုးတစ်ယောက်ကို သတ်လိုက်တာလေ"

မျက်လုံးနီက အစွန်းရောက်တောင်၏ သခင်လေး သေဆုံးသွားခြင်းကို ခြင်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ သာမန်ကာလျှံကာ အမူအရာမျိုးဖြင့် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

ဝမ်ပင်းမှာ ဘာမှပြန်မပြောနိုင်တော့ချေ။

သို့သော်လည်း သူ၏ အကြည့်သည် မကြာမီမှာပင် ဟန်ဝမ်၏ လက်ညှိုးပေါ်တွင် စွပ်ထားသော အပြာနုရောင် သိုလှောင်လက်စွပ်ပေါ်သို့ ကျရောက်သွားတော့သည်။

All Chapters