အခန်း ၂၇၈၁
Vol. 219 Ch. 2781
အခန်း(၂၇၈၁)
“စီနီယာအစ်ကိုကျန်း ဒါက ဘာသဘောလဲ”
ကျန်းရှင်းဝေ၏ စကားကိုကြားလျှင် ရှကျီ၏ မျက်နှာအမူအရာက သုန်မှုန်သွားခဲ့သည်။
မူလက ရှကျီသည် ဤနေရာရှိ တလော့အမွေအနှစ် အပေါ်တွင် မျှော်လင့်ချက် များစွာ မထားရှိခဲ့ပေ။
အကယ်၍ ကျန်းချန်နှင့် မဆုံတွေ့ခဲ့လျှင် ရှကျီသည် ဤနေရာသို့ပင် ရောက်လာလိမ့်မည် မဟုတ်ချေ။
စင်စစ် ဤနေရာသို့ ရောက်လာနိုင်သည်မှာ သူစိတ်ကူးထားသည်ထက် သာလွန်နေသည့် ကျန်းချန်၏ စွမ်းရည်ကြောင့်သာ ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် သူ့ကို ဤနေရာအထိ ခေါ်ဆောင်လာပြီး တလော့ အမွေအနှစ်ကိုပါ ပေးအပ်ခဲ့သည်။
သို့ဖြစ်ရာ သူက ထိုအမွေအနှစ်အား ကျန်းရှင်းဝေထံ မည်ကဲ့သို့ စိတ်လိုလက်ရ ပေးအပ်နိုင်ပါမည်နည်း။
ကျန်းရှင်းဝေက အေးစက်စက် ပြောလိုက်သည်။
“ရှကျီ.. ရူးချင်ယောင်ဆောင်မနေနဲ့.. မင်း အခုလေးတင် ရခဲ့တဲ့အမွေအနှစ်ကို ငါ့လက်ထဲ ချက်ချင်းအပ်စမ်း.. ဒီက အမွေအနှစ်က မင်းလိုကောင်နဲ့ ထိုက်တန်တဲ့ အရာ မဟုတ်ဘူး”
“စီနီယာအစ်ကိုကျန်း.. အဲဒီလောက်အထိ ငါ့ကို အနိုင်မကျင့်သေးဘူး.. ဒီအမွေအနှစ်က ငါ့ဘာသာ ရခဲ့တာပဲ.. မင်းနဲ့ ဘာမှ မသက်ဆိုင်ဘဲ ငါက ဘာလို့ မင်းကို ပေးရမှာလဲ”
ရှကျီက မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။
အကယ်၍ သူသာ ကျန်းရှင်းဝေ နှင့် အတူ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လျှင် တလော့အမွေအနှစ် အပေါ်တွင် အနည်းငယ်မျှ စိတ်ကူးမိမည် မဟုတ်ပေ။
သို့သော် သူက ကျန်းချန်၏ အကူအညီဖြင့် တလော့အမွေအနှစ်ကို ရရှိခဲ့ခြင်း ဖြစ်ရာ ဤအခွင့်အလမ်းကို ကျန်းရှင်းဝေထံ အလွယ်တကူ မပေးအပ်ချင်ခဲ့ပေ။
“ရှကျီ.. မင်းက အပြင်လူနဲ့ ပေါင်းပြီး ဌာနခွဲ(၈)နဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းကို လုယူခဲ့တယ်.. ငါ ဒီကိစ္စကို နန်းတော်သခင်ဆီ တိုင်လိုက်ရင် နန်းတော်သခင်က မင်းကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းရှင်းဝေက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
“မင်းရထားတဲ့ အမွေအနှစ်ကို ငါ့လက်ထဲ အပ်မယ် ဆိုရင်တော့ ဒီကိစ္စတွေကို ငါ မေ့ပေးလိုက်မယ်”
“ဟားဟား.. ရှက်ကြောပြတ်တဲ့ သူတွေ အများကြီး ငါ မြင်ဖူးခဲ့ပေမဲ့ မင်းလောက် အရှက်မရှိတဲ့လူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး”
ကျန်းရှင်းဝေ၏ အရှက်မရှိသော စကားကိုကြားလျှင် ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“ဒီအမွေအနှစ်ကို ငါကိုယ်တိုင် ရယူပြီး ရှကျီဆီ ပေးလိုက်တာပဲ.. မင်းသူ့ဆီက အမွေအနှစ်ကို လိုချင်ရင် ငါသဘောတူ မတူ အရင်မေးရလိမ့်မယ်”
ထိုစကားကိုကြားလျှင် ကျန်းရှင်းဝေ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး အေးစက်စက် မေးလိုက်သည်။
“ကောင်လေး မင်းဘယ်သူလဲ”
သူသိထားသလောက် ဤနေရာရှိ တလော့ အမွေအနှစ်ကို ရှေးဦးအင်မော်တယ် အများအပြားက စောင့်ကြပ်နေပြီး သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများ ပင်လျှင် ရယူနိုင်ရန် ခဲယဥ်း၏။
ထိုအကြောင်းကြောင့်ပင် ဌာနခွဲ(၈)မှ ဤနေရာကို စတင် တွေ့ရှိသော စီနီယာသည် အဆုံးသတ်တွင် လက်လျှော့၍ ပြန်လှည့်ခဲ့ရခြင်း ဖြစ်သည်။
ယခု တစ်ကြိမ်တွင် တလော့ အမွေအနှစ်ကို ရယူရန် ကျန်းရှင်းဝေသည် အဖက်ဖက်မှ ပြင်ဆင်လာခဲ့သော်လည်း တခြား လူတစ်ယောက်က သူ့ထက် အရင်ဦးအောင် ရယူသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုလူငယ်သည် ဤနေရာရှိ ရှေးဦးအင်မော်တယ်များကို ရှင်းလင်းပြီး ရှကျီကို တလော့ အမွေအနှစ် ရရှိအောင် ကူညီပေးနိုင်ပုံ ထောက်လျှင် သာမန် မဟုတ်သည်မှာ သေချာသလောက်ပင်။
“ဌာနခွဲ(၁၈)က ကျန်းချန်”
ကျန်းချန်က ကျန်းရှင်းဝေကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ဒီနေရာက မင်းလာရမဲ့ နေရာ မဟုတ်ဘူး.. မင်းဘာသာမင်း ထွက်သွားမလား ဒါမှမဟုတ် ငါကိုယ်တိုင် မောင်းထုတ်ပေးရမလား”
“ဒီကောင်က ဌာနခွဲ(၁၈)က ကျန်းချန် ဆိုတဲ့ ကောင်လား”
ကျန်းရှင်းဝေ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ဌာနခွဲ(၁၈)မှ ဖြတ်မြင်းတစ်ကောင် ဖြစ်သည့် ကျန်းချန်သည် ဌာနခွဲ(၃)မှ ရန်လီကိုပင် နောက်ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကျန်းရှင်းဝေ ကြားသိထားပြီးပြီ ဖြစ်သည်။
သို့ရာတွင် ကျန်းရှင်းဝေသည် ထိုသတင်းကို ချဲ့ကားပြောဆိုမှုဟုသာ အမြဲတစေ ထင်မှတ်ထားခဲ့၏။
သို့သော် ယခု ကြည့်ရသည်မှာ ဤလူငယ်သည် ရန်လီထက် မနိမ့်သော ခွန်အား ရှိပုံရ၏။
ကျန်းရှင်းဝေက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။
“ကျန်းချန်.. ငါနဲ့ ရှကျီတို့ကြားက ကိစ္စက ငါတို့ ဌာနခွဲ(၈)ရဲ့ အတွင်းရေးကိစ္စပါ.. မင်းဝင်မပါဖို့ မျှော်လင့်ပါတယ်”
ကျန်းရှင်းဝေသည် ဌာနခွဲ(၁၈)၏ ထိပ်သီး ပါရမီရှင်ကို အလွယ်တကူ ရန်မစလိုခဲ့ပေ။
“ရှကျီက အခု ငါ့ရဲ့မိတ်ဆွေ ဖြစ်နေခဲ့ပြီ.. သူကိုယ်တိုင်က မင်းကို တလော့အမွေအနှစ် ပေးဖို့ ဆန္ဒမရှိရင် မင်းကို သူ့ဆီက လုယူခွင့် မပြုနိုင်ဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ မင်းနဲ့ စကားအများကြီး မပြောချင်ဘူး.. အခု မင်းရဲ့ လူတွေနဲ့ အတူ ငါ့ရဲ့ မျက်စိရှေ့က ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်”
ကျန်းရှင်းဝေ၏ မျက်နှာက သုန်မှုန်သွားခဲ့သည်။
“မင်းတကယ်ပဲ ဝင်ပါတော့မှာလား”
“မင်းက စကား အရမ်းများလွန်းတာပဲ”
စကားဆုံးသည်နှင့် ကျန်းချန်သည် လက်ညှိုးမှ ဓားစွမ်းအားဖြင့် ကျန်းရှင်းဝေကို တိုက်ခိုက်လိုက်သည်။
ကျန်းချန် စတင် တိုက်ခိုက်လာသည်ကိုမြင်လျှင် ကျန်းရှင်းဝေသည် မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်၏ ဓားစွမ်းအားကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျန်းရှင်းဝေ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။
သူ၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူက ဌာနခွဲ(၈)၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေသော်လည်း တစ်ဖက်လူ၏ လက်ညှိုးတိုက်ကွက် တစ်ကွက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
ဌာနခွဲ(၁၈)မှ ကျန်းချန်သည် အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားမျိုး ရှိနေရပါသနည်း။
“ထွက်သွားစမ်း.. မင်း ငါ့မျက်စိရှေ့ကနေ အခုနေ ထွက်မသွားဘူးဆိုရင် မင်းကို ဒီလျှို့ဝှက်နယ်မြေထဲကနေ စောစောစီးစီး မောင်းထုတ်ပစ်ဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူး”
ကျန်းရှင်းဝေကို လက်ညှိုး တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့ပြီးနောက်တွင် ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ဌာနခွဲ(၈)မှ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ပါရမီရှင် ကျန်းရှင်းဝေ၏ ခွန်အားသည် မဆိုးသော်လည်း အလွန်ဆုံး ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်နှင့်သာ ယှဥ်နိုင်၏။
ဤအဆင့်ရှိ ပါရမီရှင်သည် ကျန်းချန်၏ မျက်လုံးထဲတွင် ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားပေ။
“ကျန်းချန် မင်းအနိုင်ကျင့်တာ လွန်သွားပြီ.. ငါ့ကို အပြစ်မတင်နဲ့တော့.. ဒါက မင်းငါ့ကို ဖိအားပေးလို့ ဖြစ်ရတာပဲ”
ကျန်းရှင်းဝေက လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး မျက်နှာထက်တွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်လိုသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးထဲတွင် တလော့ အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင်ပုတီးစေ့ တစ်စေ့ ပေါ်လာခဲ့သည်။
ကျန်းရှင်းဝေက ထိုပုတီးစေ့ကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင် လက်ဝါးရိပ်တစ်ခုသည် ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
ထိုအနက်ရောင် လက်ဝါးရိပ် ပေါ်မှ ခွန်အားသည် အလွန်ဆန်းကြယ်ပြီး စိတ်ဝိညာဥ်ကိုပင် တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း ရှိပုံရသည်။
သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ဆန်းကြယ်သော အနက်ရောင် လက်ဝါးရိပ်ကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်၏ ပထမတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမတိုက်ကွက် ဖြစ်သော အင်မော်တယ်ဝိညာဥ် ဖျက်ဆီးခြင်း စည်းတံဆိပ်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ဆင်တူပြီး ဝိညာဥ် စွမ်းအားများကို ချေမှုန်းနိုင်သည့် စွမ်းအား ရှိသည်။
ကျန်းချန်က ထိုစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် လက်ဝါးရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချေမှုန်းခံလိုက်ရ၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းရှင်းဝေသည် မှင်တက်နေခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဝိညာဥ်ဖျက်ဆီးခြင်း ပုတီးစေ့သည် ဌာနခွဲ(၈)မှ တလော့အင်မော်တယ် တစ်ပါး သူ့အတွက် ဖန်တီးထားသည့် ဝှက်ဖဲတစ်ခု ဖြစ်သည်။
သူ၏ ခွန်အားဖြင့် ဝိညာဥ်ဖျက်ဆီးခြင်း ပုတီးစေ့ကို အသုံးပြုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုပင် ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်၏။
သို့သော် ဌာနခွဲ(၁၈)မှ ကျန်းချန်သည် ဝိညာဥ်ဖျက်ဆီးခြင်းပုတီးစေ့၏ စွမ်းအားကို အလွယ်တကူ ချေမှုန်းခဲ့ပြီး သူ့ကိုပင် ဒဏ်ရာ ရရှိစေခဲ့သည်။
ထိုအချက်ကပင် ကျန်းချန်သည် အနည်းဆုံး ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထားမှန်း သက်သေပြနေခဲ့၏။
အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုတွင် ဌာနခွဲ(၁)မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် လော့ကျင်းလင်က လွဲလျှင် ဤကဲ့သို့ ခွန်အား ရှိသည့် ဒုတိယမြောက်လူ ရှိမည် မဟုတ်ပေ။
ဤလူ၏ ခွန်အားသည် လောကျင်းလင်နှင့် ယှဥ်လျှင်ပင် မနိမ့်ကျပေ။
ဌာနခွဲ(၁၈)သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ အနိမ့်ဆုံးဌာနခွဲ ဖြစ်ပြီး ဤနှစ်ပိုင်းအတွင်း မည်သည့် ပါရမီရှင်မှ ထွက်ပေါ်မလာခဲ့ပေ။
ထို့ကြောင့် ကျန်းရှင်းဝေသည် ဌာနခွဲ(၁၈)တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင်မျိုး မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
အခန်း(၂၇၈၁)ပြီး၏။