အခန်း ၂၇၈၂
Vol. 219 Ch. 2782
အခန်း(၂၇၈၂)
“ရှကျီ.. မင်းက တခြားဌာနခွဲက လူနဲ့ ပေါင်းပြီး ငါ့ကို တိုက်ခိုက်ရဲတယ်.. ငါဒီကိစ္စတွေ အကုန်လုံးကို နန်းတော်သခင်ဆီ တိုင်ကြားမှာဖြစ်လို့ ပြစ်ဒဏ် ခံယူဖို့သာ ပြင်ထားလိုက်တော့”
ကျန်းရှင်းဝေက ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏အဖော်နှင့်အတူ ချက်ချင်းဆိုသလို လှည့်ထွက်သွားခဲ့သည်။
သူက ဤအမွေအနှစ်ကို ရယူရန်အတွက် လျှို့ဝှက်နယ်မြေထဲကို ဝင်လာချိန်တွင် ဝိညာဥ်ဖျက်ဆီးခြင်း ပုတီးစေ့ စုစုပေါင်းသုံးစေ့ပင် ယူဆောင်လာခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ ခွန်အားက အလွန်ပင် သန်မာလွန်းနေခဲ့ပြီး သူ့အနေဖြင့် ဝိညာဥ်ဖျက်ဆီးခြင်း ပုတီးစေ့ တစ်စေ့ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်ကို ဘာမျှ မတတ်နိုင်ခဲ့ပေ။
ကျန်ရှိသည့် ဝိညာဥ်ဖျက်ဆီးခြင်း ပုတီးစေ့ နှစ်စေ့ကို ထပ်သုံးလျှင်ပင် ဘာမှ မထူးလောက်ဟု သူတွေးမိခဲ့သည်။
ထိုအချက်ကြောင့်ပင် ကျန်းရှင်းဝေသည် ဘာမှ တုံ့ဆိုင်းမနေဘဲ ထွက်သွားရန် ရွေးချယ်ခဲ့ခြင်းပင်။
အဆုံးသတ်တွင် သူက အမွေအနှစ် ကိစ္စရပ် တစ်ခုတည်းတင် မဟုတ်ဘဲ ရှေးဦးအင်မော်တယ်များကို အမဲလိုက်ကာ အမြုတေများကို စုဆောင်းရန်နှင့် ဌာနခွဲ(၈)၏ အဆင့်ကို အမည်မဲ့အင်မော်တယ် နန်းတော်တွင် မြင့်တက်လာစေရန်အတွက် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ စောစောစီးစီး အထုတ်ခံရမည် ဆိုလျှင် ဌာနခွဲ(၈)၏ အဆင့်ကို နိမ့်ကျသွားစေမည် မဟုတ်ပါလော။
ကျန်းရှင်းဝေ လှည့်ထွက်သွားသည်ကိုမြင်လျှင် ကျန်းချန်က ကျန်းရှင်းဝေကို လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားအောင် ဖိအားပေးရန် ရည်ရွယ်ခဲ့သော်လည်း ရှကျီက တားမြစ်လိုက်သည်။
“ညီနောင်ကျန်း သူ့ကို လွှတ်ပေးဖို့ ငါတောင်းဆိုပါရစေ”
ကျန်းချန်က မျက်မှောင်ကြုတ်၍ ရှကျီကို ကြည့်လိုက်သည်။
“မင်းက သူ့ကို လွှတ်ပေးစေချင်ပေမဲ့ သူကတော့ လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားရင် မင်းကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်းမမေ့နဲ့ဦး”
“ငါသိပါတယ်”
ရှကျီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါက ဌာနခွဲ(၈)ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေဆဲပါပဲ.. ဌာနခွဲ(၈)က ငါ့အပေါ်မှာ ကျေးဇူးရှိတယ်.. တကယ်လို့ ကျန်းရှင်းဝေသာ ဒီနေရာကနေ ထွက်သွားရမယ် ဆိုရင် ဌာနခွဲ(၈)ရဲ့ အဆင့်အတန်းက ထိခိုက်သွားလိမ့်မယ်”
ရှကျီသည် ကျန်းရှင်းဝေ အပေါ် အမြင်မကြည်သော်လည်း ဌာနခွဲ(၈) အပေါ်တွင်မူ သံယောဇဥ်ရှိနေဆဲ ဖြစ်သည်။
သူက ဌာနခွဲ(၈)၏ အဆင့်အတန်း ကျဆင်းသွားမည်ကို မလိုလားခဲ့ပေ။
“ကဲပါ ငါတို့ ဆက်သွားရအောင်”
ကျန်းချန်က စကားများစွာ ပြောမနေတော့ဘဲ ချိုင့်ဝှမ်းအတွင်းပိုင်းကို ဆက်လက်သွားရန် ပြင်လိုက်သည်။
ကျောင်းဆောင်ထဲမှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် မှတ်တမ်းအရ ဆိုလျှင် ဤနေရာသည် ကောင်းကင်ဧကရာဇ်နန်းတော် လက်အောက်ရှိ ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် ထျန်းရွမ်ခန်းမ ဖြစ်သည်။
ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမ သုံးဆယ့်ခြောက်ခုတွင် ခန်းမ တစ်ခုချင်းစီ၏ ခန်းမသခင်များသည် အင်မော်တယ်ဘုရင်များ ဖြစ်ကြသည်။
သူတို့ ယခုလေးတင် ဝင်ရောက်ခဲ့သည့် ကျောင်းဆောင်သည် တလော့ အင်မော်တယ် အရှင်တစ်ပါး ချန်ထားရစ်ခဲ့သည့် အမွေအနှစ်မျှသာ ဖြစ်သည်။
ထို့ကြောင့် ဤချိုင့်ဝှမ်း၏ အနက်ရှိင်းဆုံး နေရာတွင် တလော့အမွေအနှစ်များ ထပ်မံ ရှိနေနိုင်သလို အင်မော်တယ်ဘုရင်၏ အမွေအနှစ်များပင် ရှိနေနိုင်သည် မဟုတ်ပါလား။
“ဝုန်း..”
ကျန်းချန်တို့ ချိုင့်ဝှမ်း အတွင်းပိုင်းကို သွားရန် ပြင်လိုက်သည့်အချိန်မှာပင် ချိုင့်ဝှမ်း အတွင်းပိုင်းထဲကနေ ရုတ်တရက် ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲတွင် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ရှေးဦးအင်မော်တယ် နှစ်ပါး ပေါ်လာခဲ့သည်။
ထိုရှေးဦးအင်မော်တယ် နှစ်ပါးထဲမှ တစ်ပါးသည် ကျန်းချန်နှင့် ရင်းနှီးပြီးသား ဖြစ်သည့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ရှေးဦးအင်မော်တယ် ဖြစ်သည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ရှေးဦးအင်မော်တယ်၏ နံဘေးတွင် ပို၍ နက်ရှိုင်းသော အရှိန်အဝါ ရှိသည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦး အင်မော်တယ် တစ်ယောက် ရှိနေခဲ့သည်။
ထိုလူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်နေခဲ့၏။
သူ၏ အကြည့်ထဲတွင် မကြည်မလင် ဖြစ်နေခြင်းမျိုး မဟုတ်ဘဲ ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။
“မင်းက ကောင်းကင် ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားတယ်လို့ ငါကြားတယ်.. ငါ့ကို တစ်ချက်လောက် ပြပေးနိုင်မလား”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အပိုစကားများ ပြောမနေဘဲ သူ၏ စွမ်းအားများကို စုစည်းကာ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ ပထမတိုက်ကွက်ဖြစ်သော အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း တိုက်ကွက်ကို ထုတ်ဖော်၍ ထိုလူကို တိုက်ခိုက်လိုက်သည်။
ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦးအင်မော်တယ်က လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ရုံဖြင့် ကျန်းချန်၏ စည်းတံဆိပ် စွမ်းအားကို ချက်ချင်းဆိုသလို ရပ်တန့်သွားစေခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် လက်တစ်ဖက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ ကျန်းချန်၏ ဝိညာဥ်ဖျက်ဆီးခြင်း စည်းတံဆိပ်စွမ်းအားများသည် ဟင်းလင်းပြင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“တကယ်ပဲ ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ် ဖြစ်နေပါလား”
ခန့်ညားသော လူလတ်ပိုင်း အရွယ် ရှေးဦးအင်မော်တယ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားပြီလဲမသိဘူး.. နောက်ဆုံးတော့ ဧကရာဇ် ပေါ်လာခဲ့ပြီ”
ထိုစကားကို ကြားလျှင် ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။
“ဧကရာဇ်.. ဟုတ်လား”
ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦးအင်မော်တယ်က ပြုံး၍ ရှင်းပြလိုက်သည်။
“မင်းက ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားမှတော့ မင်းက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ဧကရာဇ်ပဲပေါ့”
“ကျွန်တော် မေးစရာတစ်ခုရှိတယ်.. ဒီနေရာက ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ထျန်းရွမ်ခန်းမလို့ သိရတယ်.. ကောင်းကင်ဧကရာဇ်နန်းတော်မှာ ဘာကိစ္စတွေ ဖြစ်ခဲ့တာလဲ”
ကျန်းချန်က သူ၏ စိတ်ထဲမှ သံသယများကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“မင်းရဲ့ လက်ရှိစွမ်းရည်နဲ့တော့ ဒီကိစ္စကို မသိသေးတာ အကောင်းဆုံးပဲ”
ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦးအင်မော်တယ်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ငါ ဒီကိုလာခဲ့တာက မင်းကို သတိပေးဖို့ပဲ.. လောလောဆယ်တော့ ချိုင့်ဝှမ်းရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို မသွားနဲ့ဦး.. မင်း တလော့ အင်မော်တယ် အဆင့်ကို ရောက်မှပဲ ဒီနေရာကို တစ်ခေါက် ပြန်လာခဲ့ပါ”
“ကောင်းပါပြီ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ပေ။
ဤခန့်ညားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ့ကို ရန်လိုစိတ် မရှိမှန်း သိသာနေခဲ့သည်။
သူ့ကို အထဲမဝင်ဖို့ ဟန့်တားပုံ ထောက်လျှင် အထဲတွင် အန္တရာယ် ရှိနိုင်၍သာ ဖြစ်ရမည် မဟုတ်ပါလော။
ထို့အပြင် ဤလူ၏ ခွန်အားသည် အလွန်ပင် ကြီးမားပြီး အကယ်၍ သူက ပေးမဝင်ချင်လျှင် ကျန်းချန် အနေဖြင့် ဝှက်ဖဲအကုန် ထုတ်သုံးသည့်တိုင် ဝင်နိုင်မည် မဟုတ်ပေ။
“ဧကရာဇ်.. ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို လွယ်လွယ်နဲ့မသုံးမိဖို့ သတိထားပါ.. မဟုတ်ရင် ဧကရာဇ် အတွက် ပြဿနာ အများအပြား ရှိလာနိုင်တယ်”
ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦးအင်မော်တယ်က ထိုစကားကို ပြောပြီးနောက်တွင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ထူးဆန်းသော သင်္ကေတများ ပါဝင်သည့် တံဆိပ်ပြား တစ်ခုသည် ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့သည်။
“တကယ်လို့ အန္တရာယ်နဲ့ ကြုံလာခဲ့ရင် ဒီတံဆိပ်ပြားကို အသုံးပြုပြီး ဒီနေရာကို တိုက်ရိုက် ပြန်လာနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ကျန်းချန်က တံဆိပ်ပြားကို လက်ခံလိုက်ပြီးနောက်တွင် ခန့်ညားသော လူလတ်ပိုင်းအရွယ် ရှေးဦးအင်မော်တယ်ကို ဂါဝရပြု နှုတ်ဆက်ကာ ရှကျီနှင့် အတူ ချိုင့်ဝှမ်း အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။
ကျန်းချန်တို့ ချိုင့်ဝှမ်းကနေ ထွက်လာသည့် အချိန်တွင် ဌာနခွဲ(၃)မှ ရန်လီသည် ဌာနခွဲ(၃)မှ တပည့် တစ်ယောက်နှင့် အတူ ချိုင့်ဝှမ်း အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
“စီနီယာအစ်ကိုရန်လီ.. ဒီချိုင့်ဝှမ်းက တစ်ခုခု ထူးခြားနေသလိုပဲ.. ဒီမှာ အခွင့်အလမ်းတွေ ရှိနိုင်တယ်”
ရန်လီ၏ နံဘေးမှ ကျင့်ကြံသူက သူ့ရှေ့မှ ချိုင့်ဝှမ်းကို ကြည့်ကာ မျက်လုံးများ တောက်ပလာခဲ့သည်။
ရန်လီက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဒီနေရာရဲ့ အရှိန်အဝါက ငါတို့ အရင်က စူးစမ်းခဲ့ဖူးတဲ့ ရှေးဟောင်း ဂိုဏ်းရဲ့ နေရာနဲ့ ဆင်တူတယ်.. ဒါပေမဲ့ ဒီနေရာက ပိုပြီး အစွမ်းထက်ပုံရတယ်.. ငါတို့ သတိထားမှ ဖြစ်မယ်”
ထိုစကားကို ပြောပြီးသည်နှင့် ရန်လီသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။
သို့သော် ယင်းအချိန်မှာပင် ချိုင့်ဝှမ်းထဲကနေ လေပြင်းများတိုက်ခတ်လာခဲ့ပြီး လူရိပ်နှစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
ရန်လီက အံ့ဩ ထိတ်လန့်သွားခဲ့ပြီး လူရိပ်နှစ်ခုကို ချက်ချင်းဆိုသလို စိုက်ကြည့်လိုက်သည်။
ထိုနှစ်ယောက်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလျှင် ရန်လီ၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။
“ကျန်းချန်.. လက်စသတ်တော့ မင်းပါလား”
ကျန်းချန်က ရန်လီကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ရန်လီ မင်းကိုး.. မတွေ့ရတာတောင် ကြာပြီ.. အဆင်ပြေတယ် မဟုတ်လား”
“ကျန်းချန်.. ငါ မင်းကို ရှာမတွေ့မှာ စိုးရိမ်နေတာနဲ့ အတော်ပဲ.. မင်းကိုယ်တိုင် ငါ့ဆီ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ရန်လီက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လူသတ်ငွေ့များဖြင့် လွှမ်းခြုံသွားခဲ့သည်။
“ဒီလျှို့ဝှက်နယ်မြေထဲမှာ မင်းကို ဘယ်သူကယ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ရန်လီ၏ အရှေ့တွင် ကျန်းချန် တည်ငြိမ်စွာ ရှိနေခဲ့သည်။
သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရန်လီကို အထက်စီးဆန်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ရန်လီ.. အဲဒီနေ့က အမည်မဲ့အင်မော်တယ်မြို့ရဲ့ အပြင်ဘက်မှာ ငါ မင်းကို လက်သီး တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်.. အခုလည်း ငါ မင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တယ်.. တကယ်တမ်း ကိုယ့်သေတွင်း ကိုယ်ရှာနေတာက မင်းပဲ”
အခန်း(၂၇၈၂)ပြီး၏။