အခန်း ၂၇၈၃
Vol. 219 Ch. 2783
အခန်း(၂၇၈၃)
“အမည်မဲ့အင်မော်တယ်မြို့တော်ရဲ့ အပြင်ဘက်မှာတုန်းက ငါ့ရဲ့ ပေါ့ဆမှုသာ မပါခဲ့ရင် လက်သီးတစ်ချက်တည်းနဲ့ ငါ့ကို နောက်ဆုတ်အောင် လုပ်နိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
ရန်လီက မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။
စကားဆုံးသည်နှင့် ရန်လီ၏ ပုံရိပ်သည် လေထဲတွင် လွင့်ပါသွားသကဲ့သို့ တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီး နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။
“ရန်လီ.. ငါမင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်.. အခုနေ မင်းထွက်သွားမယ် ဆိုရင် အချိန်မီသေးတယ်”
ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ အေးစက်စက် ကြုံးဝါးသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ငါ့ကို အခွင့်အရေးပေးရအောင် မင်းက ဘာကောင်မို့လို့လဲ.. ဒီနေ့ ငါရန်လီ မင်းကို အနိုင်ယူပြီး အဲဒီနေ့က အရှက်တရားကို ဆေးကြောပစ်မယ်”
ရန်လီ၏ ရယ်မောသံက အရပ်မျက်နှာ အနှံ့ကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှာပင် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ဟင်းလင်းပြင် ဝဲဂယက် တချို့ ထွက်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအနှံ့ကနေ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
ကျန်းချန် တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အရပ်မျက်နှာအနှံ့ကနေ သူထံသို့ ဦးတည်လာသည့် ဟင်းလင်းပြင် ဝဲဂယက်များသည် အစအနပင် မကျန်ရှိသည် အထိ ပျောက်ကွယ်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ် နန်းတော်တွင် ဌာနခွဲနန်းတော် ဆယ့်ရှစ်ခု ရှိပြီး နန်းတော်တစ်ခုစီတွင် မတူကွဲပြားသည့် တလော့ အမွေအနှစ်များ ရှိကြသည်။
ဌာနခွဲ(၃)က ပိုင်ဆိုင်ထားသော တလော့ အမွေအနှစ်မှာ လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ် ဖြစ်သည်။
ထို့ကြောင့်ပင် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုထဲတွင် ဌာနခွဲ(၃)သည် အင်အားအကြီးဆုံး မဟုတ်သော်လည်း ရင်ဆိုင်ရ အခက်ခဲဆုံး ဌာနခွဲ ဖြစ်၏။
ရန်လီက ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်နှင့် တစ်သားတည်း နီးပါး ဖြစ်နေခဲ့သည်။
သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ပင်လျှင် သူ့ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် မလွယ်ပေ။
ရန်လီက ကျန်းချန်ကို တိတ်တဆိတ် အကဲခတ်နေခဲ့ပြီး ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ချေ။
အချိန်အတော်ကြာမှသာ ရန်လီက လှုပ်ရှားခဲ့သည်။
သူ၏ လက်ထဲတွင် ရွှေရောင်ဓားမြှောင်တစ်လက် ပေါ်လာခဲ့ပြီး လူနှင့်ဓားတစ်သားတည်း ဖြစ်သွားခဲ့ကာ ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ကျောပြင်ကို ဓားမြှောင်ဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော် သူ၏ ဓားချက်က ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည့် တစ်ခဏဝယ် ရန်လီသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို သတိပြုမိသွားခဲ့ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“လခွမ်း.. ဒါက ခန္ဓာကိုယ်အစစ် မဟုတ်ဘူးဟ”
ရန်လီက အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်အလွှာ ဖန်တီးလိုက်သည်။
ထိုအချိန်တွင် ရန်လီ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ကျန်းချန်၏ ပုံရိပ်က ရုတ်တရက် ပေါ်လာခဲ့သည်။
ကျန်းချန်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် စွမ်းအားကို ထုတ်ဖော်ကာ ထျန်းယွမ် အင်မော်တယ်ဓားဖြင့် ရန်လီကို ခုတ်ချလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် ဓားအလင်းက လေထုထဲကနေ ဆင်းသက်လာခဲ့ပြီး ရန်လီ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အကာအကွယ်ကို ထိုးဖောက်ကာ ရန်လီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ချက်ချင်းဆိုသလို ရန်လီသည် ကျန်းချန်၏ ဓားချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။
သူ၏ ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရ၏။
“မဖြစ်နိုင်ဘူး”
ရန်လီက သူ၏ ခန္ဓာကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို ပြန်လည် တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင်တစ်ဦး အနေဖြင့် ရန်လီသည် အမြဲတစေ မောက်မာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခဲ့သည်။
ဌာနခွဲ ဆယ့်ရှစ်ခု စလုံးတွင် ရန်လီ အလေးထားသည့် တစ်ဦးတည်းသောသူမှာ ဌာနခွဲ(၁)မှ လော့ကျင်းလင်သာ ဖြစ်သည်။
လော့ကျင်းလင် ပင်လျှင် သူ့ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်သည့် စွမ်းရည်မျိုး မရှိလောက်ပေ။
ရန်လီက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ဖြစ်မှန်း သိသော်လည်း ကျန်းချန်ကို အထင်မကြီးခဲ့ပေ။
ထိုစဥ်က အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ကျန်းချန်နှင့် ရင်ဆိုင်ခဲ့စဥ်တွင် သူက ကျန်းချန်ကို အထင်သေးမိခဲ့သောကြောင့်သာ အရေးနိမ့်ခဲ့ရသည်ဟု သတ်မှတ်ထားခဲ့သည်။
ထို့ကြောင့် ယခု လျှို့ဝှက်နယ်မြေထဲတွင် ကျန်းချန်နှင့် ထပ်မံ ရင်ဆိုင်ရသောအခါ သူ၏ စွမ်းအားများကို အစွမ်းကုန် အသုံးပြုခဲ့၏။
သို့သော်လည်း ကျန်းချန်သည် သူ၏ အစွမ်းကုန် တိုက်ခိုက်မှုကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရုံသာမက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိအောင်ပါ လုပ်ဆောင်နိုင်ခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကျန်းချန် ငါ မင်းကို တကယ်ပဲ အထင်သေးမိသွားပြီ ထင်တယ်”
ရန်လီက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
ဒဏ်ရာ အပြင်းအထန်ရသောကြောင့် သူက အလွန်အမင်း ဒေါသထွက်နေပြီး သူ၏ မျက်ဝန်းထဲတွင် သွေးနီရောင် အလင်းများ ဖျပ်ခနဲ လက်သွားခဲ့၏။
ထိုခဏဝယ် ရန်လီသည် ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ကောင်းကင်အင်မော်တယ်တတိယအဆင့်ကနေ စတုတ္ထအဆင့်သို့ တစ်ခဏအတွင်း ထိုးတက်သွားခဲ့သည်။
“ကျန်းချန် မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့ ငါ့လက်ထဲမှာ မင်းသေချာပေါက် ရှုံးနိမ့်စေရမယ်”
ရန်လီ၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
သူက ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်ဖော်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်၏။
ကျန်းချန်၏ နတ်အသိစိတ်အာရုံသည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်နေပုံရပြီး သူ အားကိုးရသည့် လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ်သည်ပင် ကျန်းချန်၏ နတ်အသိစိတ်အာရုံကနေ ဖုံးကွယ်နိုင်ခြင်း မရှိပုံရသည်။
ထို့ကြောင့်လည်း သူက ကျန်းချန်၏ လှည့်စားမှုကို ခံခဲ့ရပြီး ကျန်းချန်၏ ဓားချက်ဖြင့် ဒဏ်ရာရရှိခဲ့ခြင်းပင်။
ဤကဲ့သို့သော အခြေအနေတွင် ရန်လီသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အထိ မြှင့်တင်ကာ ကျန်းချန်နှင့် တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။
ရန်လီက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အရှိန်အဝါဖြင့် ဖိနှိပ်ခဲ့သော်လည်း ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေး ရပ်နေဆဲပင်။
ယင်းမြင်ကွင်းကို မြင်လျှင် ရန်လီက တုံ့ဆိုင်းမနေတော့ဘဲ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို အရူးအမူးထုတ်ဖော်လိုက်သည်။
“ပုံရိပ်တစ်ထောင်ကိုယ်ပွားသိုင်း”
ရန်လီက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး ဌာနခွဲ(၃)၏ နာမည်ကျော် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ရန်လီ၏ ခန္ဓာကိုယ်သည် တောက်ပလာခဲ့ပြီး ပုံရိပ်များစွာ အဖြစ် ရုတ်တရက် ကွဲထွက်သွားခဲ့သည်။
ပုံရိပ်များသည် လျင်မြန်စွာ တိုးပွားလာခဲ့ပြီးနောက်တွင် ဟင်းလင်းပြင်ထဲ၌ ကိုယ်ပွားစစ်တပ်ကြီး သဖွယ် ဖြစ်သွားခဲ့သည်။
တလော့အဆင့် နည်းစနစ် ဖြစ်သည့် ပုံရိပ်တစ်ထောင်ကိုယ်ပွားသိုင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ် အစွမ်းထက်သည်။
ရန်လီ၏ စွမ်းရည်ဖြင့်ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ ခုခံနိုင်ရန် မသေချာပေ။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ထိုပုံရိပ်များကြားထဲကို တစ်ရှိန်ထိုး တိုးဝင်သွားခဲ့ပြီး လက်ထဲမှ ထျန်းယွမ် အင်မော်တယ်ဓားကို ဆက်တိုက်ဆိုသလို ဝှေ့ယမ်းလိုက်သည်။
သူ ဓားတစ်ချက် ဝှေ့ယမ်းတိုင်းတွင် အနီးနားရှိ ပုံရိပ် ဒါဇင်ပေါင်း များစွာသည် ချေမှုန်းခံလိုက်ရ၏။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် စွမ်းအင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။
ဟင်းလင်းပြင် တစ်ခုလုံးတွင် အဆက်မပြတ် တောက်ပနေသော ဓားအလင်းတန်းများနှင့် မရေမတွက်နိုင်သော ပုံရိပ်များကိုသာ မြင်တွေ့ရပြီး ကျန်းချန်နှင့် ရန်လီတို့၏ ခန္ဓာကိုယ် အစစ်အမှန်များကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
အဆုံးသတ်တွင် ဟင်းလင်းပြင်ထဲရှိ မရေမတွက်နိုင်သော ပုံရိပ်များသည် ကျန်းချန်၏ ဓားအလင်းအောက်တွင် အားလုံး ပျက်စီးသွားခဲ့၏။
“ဖူး..”
ပုံရိပ်အားလုံး ပျက်စီးသွားပြီးနောက်တွင် ရန်လီသည် ပေပေါင်းရာချီ လွင့်ထွက်သွားခဲ့ပြီး သွေးများကို ထပ်မံ အန်ထုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော ရန်လီ၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြည့်နှက်နေခဲ့၏။
ကျန်းချန်က စွမ်းအားကြီးရုံသာမက ပါရမီသည်လည်း အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု ရန်လီ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သူက အဖိုးအခ ကြီးကြီးမားမား ပေးဆပ်၍ လျှို့ဝှက်နည်းစနစ်ကို အတင်းအကြပ် အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထိ မြှင့်တင်ခဲ့သော်လည်း ကျန်းချန်သည် သူ့ကို အလွယ်တကူပင် အနိုင်ယူနိုင်ခဲ့သည်။
“ရန်လီ ငါ မင်းကို အခွ့င်အရေးပေးခဲ့ပေမဲ့ မင်းကတော့ ကိုယ့်သေလမ်း ကိုယ်ရှာခဲ့တယ်.. ဒီလိုဆိုမှတော့ လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားဖို့သာ ပြင်ထားလိုက်တော့”
စကားဆုံးသည်နှင့် ကျန်းချန်သည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင်မူ ထျန်းယွမ်ဓား ထံကနေ အင်မော်တယ်များကို သတ်ဖြတ်နိုင်သည့် ဓားစွမ်းအင်များသည် တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့ပြီး ရန်လီကို လွှမ်းခြုံသွားခဲ့သည်။
အခန်း(၂၇၈၃)ပြီး၏။