← Chapters

အခန်း ၂၇၈၄

Vol. 219 Ch. 2784

အခန်း ၂၇၈၄

Vol. 219 Ch. 2784

အခန်း(၂၇၈၄)

ကျန်းချန် ထုတ်ဖော်လိုက်‌သော ဓားချက်ကို မြင်လျှင် ရန်လီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရေခဲကျောက်စိမ်း တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

ရန်လီက တုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများကို ထိုရေခဲကျောက်စိမ်း ထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် စူးရှတောက်ပသော အပြာရောင်အင်မော်တယ် အလင်းတန်းများသည် ရေခဲကျောက်စိမ်းထဲကနေ ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုသည်ပင် ရုတ်တရက် အလွန်အမင်း အေးစက်သွားခဲ့၏။

ဟင်းလင်းပြင် တစ်ခုလုံးသည်လည်း ရေခဲပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည့်နှယ် ဖြစ်သွားခဲ့သည်။

“ဝုန်း..”

ရုတ်တရက်ဆိုသလိုပင် ထိုရေခဲပင်လယ်ထဲကနေ ကြီးမားသော လှိုင်းလုံးကြီးများ ထကြွလာခဲ့ပြီး ဧရာမ ရေခဲနဂါးတစ်ကောင်သည် ရေခဲပင်လယ်ထဲကနေ ပျံထွက်လာခဲ့ကာ ကျန်းချန် ထံသို့ တစ်ရှိန်ထိုး ပျံသန်းလာခဲ့သည်။

“ဂရား..”

ရေခဲနဂါကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကျန်းချန်၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲ၌ ကမ္ဘာမြေကိုပင် တုန်ခါစေလောက်သည်အထိ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန် ထုတ်ဖော်လိုက်သည့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားချက် ပင်လျှင် ရေခဲစွမ်းအင် လှိုင်းလုံးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး တစ်ခဏအတွင်း အစအနပင် မကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့သည်။

အင်မော်တယ်ဖျက်ဆီးခြင်း ဓားချက်ကို ချေမှုန်းပြီးနောက်တွင် ရေခဲနဂါးကြီးသည် အရှိန်လျော့မသွားသေးဘဲ ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲစွမ်းအားများနှင့်အတူ ကျန်းချန်ထံ ဆက်လက် ဦးတည်လာခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သူက ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ပြီး အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယမြောက်နှင့် တတိယမြောက် တိုက်ကွက်များကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ဓားအလင်းတန်း နှစ်ခုသည် ‌ရေခဲနဂါးကြီးကို ဆက်တိုက်ဆိုသလို ထိမှန်သွားခဲ့သည်။

ကျန်းချန်၏ ဓားအလင်း နှစ်ခုနှင့် ရင်ဆိုင်ရပြီးနောက်တွင် ရေခဲနဂါးကြီး၏ စွမ်းအားသည် ကုန်ခမ်းသွားခဲ့ပြီး အဆုံးသတ်၌ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

တလော့အဆင့် အင်အားစုမှ ပါရမီရှင်များတွင် တလော့အင်မော်တယ်များ ထံမှ ရရှိထားသော ဝှက်ဖဲတချို့ ရှိကြသော်လည်း ယေဘုယျအားဖြင့် ထိုဝှက်ဖဲ၏ စွမ်းအားကို အလွန်ဆုံး ကောင်းကင်အင်မော်တယ် နဝမ အဆင့်လောက်သာ ထုတ်ဖော်နိုင်စွမ်း ရှိကြောင်း ကျန်းချန် သတိပြုမိခဲ့သည်။

ကျန်းချန်၏ လက်ရှိအင်အားဖြင့် အစွမ်းကုန် တိုက်ခိုက်မည် ဆိုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့် စွမ်းအားသည် သူ့ကို ခြိမ်းခြောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရန်လီသည် သူ၏ မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ အင်အားက ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူတစ်ခါမျှ မတွေးမိခဲ့ပေ။

သူက သူ့ဆရာ ပေးထားသည့် ဝှက်ဖဲကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်ကို ရင်မဆိုင်နိုင်ခဲ့ချေ။

“ရန်လီ မင်းဘာသာမင်းပဲ လျှို့ဝှက်နယ်မြေကနေ ထွက်သွားမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို မောင်းထုတ်ပေးရမလား”

ရန်လီ ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် ကျန်းချန်၏ အေးစက်စက် စကားသံသည် ရန်လီ၏ နားထဲသို့ တိုက်ရိုက်ဆိုသလို ဝင်ရောက်လာခဲ့သည်။

ရန်လီ၏ မျက်နှာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို သုန်မှုန်စွာ စိုက်ကြည့်လိုက်သည်။

“ကျန်းချန်.. မင်းသာ ငါ့ကို လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားအောင် လုပ်မယ် ဆိုရင် ဌာနခွဲ(၃)က မင်းကို ဒီအတိုင်း အလွှတ်ပေးမှာ မဟုတ်ဘူး.. မင်းတကယ်ပဲ ငါနဲ့ရန်သူ ဖြစ်ချင်တာ သေချာပြီလား”

လျှို့ဝှက်နယ်မြေမှ ရလဒ်သည် အမည်မဲ့အင်မော်တယ်နန်းတော်မှ ဌာနခွဲ ဆယ့်ရှစ်ခု၏ အဆင့်သတ်မှတ်ချက်နှင့် ဆက်စပ်နေခဲ့သည်။

သူသာ စောစောစီးစီး ရှုံးနိမ့်သွားလျှင် ယင်းသည် ဌာနခွဲ(၃) အတွက် သေချာပေါက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

ပထမအဆင့် ရလဒ်သည် ဌာနခွဲ ဆယ့်ရှစ်ခု၏ အဆင့်သတ်မှတ်ချက် အသစ် အတွက် အပြီးသတ် ဆုံးဖြတ်ချက် မဟုတ်သေးပေ။

သို့‌သော် သူက စောစောစီးစီး ထွက်သွားရမည် ဆိုလျှင် ဌာနခွဲ(၃)သည် လက်ရှိနေရာကို ဆက်လက် ထိန်းသိမ်းရန် ဆယ်ဆမက ခက်ခဲမှု တိုးလာလိမ့်မည် ဖြစ်သည်။

“ဌာနခွဲ(၃)ရဲ့နာမည်နဲ့ ငါ့ကို လာမခြိမ်းခြောက်နဲ့.. မင်းဘာသာမင်း မထွက်သွားချင်ဘူး ဆိုမှတော့ ငါကိုယ်တိုင်ပဲ မင်းကို ပို့ပေးလိုက်တော့မယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ရန်လီ၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ထို့နောက်တွင် ထျန်းယွမ် အင်မော်တယ်ဓားမှ ဓားအလင်းတန်းသည် လက်ခနဲ ဖြစ်သွားခဲ့ပြီး ရန်လီ၏ မျက်ခုံးနှစ်ခု ဆီသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။

ရန်လီက သူ၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသော ဓားအလင်းကို ကြည့်ရင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်ရင်း သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် အပြင် ဆရာဖြစ်သူ ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲကို အတင်းအကျပ် အသုံးပြုခဲ့ရသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအားများသည်လည်း အတော်လေး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်၏ ဓားချက်ကို ခုခံရန် အင်အားမရှိတော့ပေ။

ဤအချိန်တွင် သူ့အနေဖြင့် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့၏။

ယင်းမှာ ကျန်းချန်၏ ဓားချက်အောက်တွင် ကျဆုံးရန်နှင့် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြု၍ လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာရန်ပင် ဖြစ်သည်။

“ကျန်းချန် မင်းစောင့်နေလိုက်.. ငါမင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ရန်လီသည် ကျောက်စိမ်းတံဆိပ်ပြားကို ပြတ်ပြတ်သားသားပင် ချိုးဖျက်လိုက်သည်။

သူ၏ ပုံရိပ်သည် အင်မော်တယ် အလင်းတန်းများ၏ လွှမ်းခြုံမှုနှင့် အတူ လျှို့ဝှက်နယ်မြေထဲကနေ အငွေ့ပျံ သကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ရန်လီက ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ လက်ချက်ဖြင့် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြု၍ လျှို့ဝှက်နယ်မြေထဲကနေ မဖြစ်မနေ ထွက်ပြေးသွားရသည်ကို မြင်လျှင် ဌာနခွဲ(၃)မှ အခြား တစ်ဦးသည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်မှ ကျောက်စိမ်း တံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူ၍ ချိုးဖျက်လာရာ လျှို့ဝှက်နယ်မြေကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

“ညီနောင်ကျန်းချန်ရဲ့ ခွန်အားက တကယ်ကို အနှိုင်းမဲ့ပဲ.. ဌာနခွဲ(၃)က ရန်လီတောင် ညီနောင်ကျန်းချန်ရဲ့ လက်ထဲမှာ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရတယ်.. ဒီပုံအတိုင်း ဆိုရင် ဌာနခွဲ ဆယ့်ရှစ်ခု စလုံးမှာ ညီနောင်ကျန်းချန်ကို ယှဥ်နိုင်တဲ့သူ ရှိမယ်မထင်ဘူး”

ရှကျီသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တဩ ရေရွတ်လိုက်သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့်ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ပါရမီရှင်ဆယ်ဦး ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သူ လော့ကျင်းလင် ပင်လျှင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်ရန်မလွယ်ပေ။

“သွားကြစို့.. အချိန်လည်း သိပ်မကျန်တော့ဘူး ဆိုတော့ အင်မော်တယ် အမြုတေတွေကို ထပ်ပြီး စုဆောင်းကြရအောင်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ရှကျီကို ခေါ်ကာ လျှို့ဝှက်နယ်မြေထဲရှိ ရှေးဦးအင်မော်တယ်များကို ရှာဖွေသတ်ဖြတ်ပြီး အမြုတေများကို စုဆောင်းရန် ချက်ချင်းဆိုသလို ထွက်ခွာလာခဲ့သည်။

ပထမအဆင့်၏ ပြိုင်ပွဲကျင်းပချိန် ကြာမြင့်လာသည်နှင့် အမျှ ဌာနခွဲ ဆယ့်ရှစ်ခုမှ လျှို့ဝှက်နယ်မြေ အတွင်း ရှုံးနိမ့်ကာ ထွက်ခွာလာခဲ့ကြသော တပည့် အရေအတွက်သည် ပိုမို၍ များပြားလာခဲ့သည်။

ဤသို့ဖြင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည့် ဌာနခွဲ ဆယ့်ရှစ်ခုမှ တပည့်များ၏ သုံးပုံ တစ်ပုံခန့်သည် ရှုံးနိမ့်ကာ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအထဲတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ နာမည်ကျော် ပါရမီရှင်များပင် ပါဝင်နေခဲ့သည်။

“ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ် ညီလာခံ ပထမအဆင့်မှာ စောစောစီးစီး ရှုံးနိမ့်သွားတဲ့နှုန်းက အရင်အကြိမ်တွေထက် ပိုများနေသလိုပဲ”

“အမှန်ပဲ.. ဌာနခွဲ(၉)က တွမ်မူ အမြွှာညီနောင်နဲ့ ဌာနခွဲ(၄)က ဝူယွမ်တို့တောင် ရှုံးနိမ့်သွားခဲ့ကြပြီ”

လူတိုင်းက ဆွေးနွေး ပြောဆိုနေကြစဥ်မှာပင် ရင်ပြင်၏ အလယ်ဗဟိုရှိ ယဇ်ပလ္လင် ပေါ်တွင် ပြင်းထန်သော ဟင်းလင်းပြင် စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဖရိုဖရဲ ဖြစ်နေသော ပုံရိပ်တစ်ခုသည် ယဇ်ပလ္လင်ပေါ်ရှိ အစီအရင် အတွင်း ပေါ်ထွက်လာခဲ့၏။

လျှို့ဝှက်နယ်မြေထဲကနေ ရှုံးနိမ့်ကာ ထွက်ခွာလာသည့် ထိုပုံရိပ်ကို မြင်လျှင် လူတိုင်းနီးပါး မှင်တက်သွားခဲ့ကြသည်။

“ဌာနခွဲ(၃)က ရန်လီပါလား.. သူက ဘယ်လိုလုပ်ပြီး စောစောစီးစီး ရှုံးနိမ့်သွားတာလဲ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လူတိုင်းက မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

ရန်လီသည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး သူ၏ ပါရမီနှင့်ခွန်အားသည် ဌာနခွဲ ဆယ့်ရှစ်ခု ထဲတွင် အသန်မာဆုံးများထဲမှ တစ်ဦးဖြစ်သည်။

ဌာနခွဲ(၁)မှ လော့ကျင်းလင်နှင့် ဌာနခွဲ(၂) ရီချန်းခွန် တို့မှလွဲလျှင် ကျန်ပါရမီရှင်များသည် သူနှင့် ယှဥ်နိုင်ရန် ခဲယဥ်း၏။

ဆိုရလျှင် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည်ပင် ရန်လီကို ပြိုင်ပွဲကနေ ထွက်ခွာအောင် ပြုလုပ်ချင်လျှင် သေချာပေါက် လွယ်ကူသောကိစ္စ မဟုတ်ပေ။

သို့သော် ယခုအခါတွင် ရန်လီသည် စောစောစီးစီးရှုံးနိမ့်ကာ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာလာရချေပြီ။

“လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်နေတာလဲ”

ဤအခိုက်အတန့်တွင် ရင်ပြင်ပေါ်ရှိ လူတိုင်းသည် လျှို့ဝှက်နယ်မြေထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အလွန်အမင်း သိချင်နေခဲ့ကြပြီး ရန်လီကဲ့သို့ ထိပ်သီးပါရမီရှင်တစ်ဦးကို မည်သူက ရှုံးနိမ့်အောင် ပြုလုပ်လိုက်မှန်း အတော်လေး သိချင်နေခဲ့ကြသည်။

အခန်း(၂၇၈၄)ပြီး၏။

All Chapters