← Chapters

အခန်း ၂၇၈၆

Vol. 219 Ch. 2786

အခန်း ၂၇၈၆

Vol. 219 Ch. 2786

အခန်း(၂၇၈၆)

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ရုတ်တရက် ပေါ်ထွက်လာမှုသည် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင် အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ဆိုသည်မှာ အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါးသော အနှိုင်းမဲ့ဆေးဝါးတစ်မျိုး ဖြစ်ပြီး မရေမတွက်နိုင်သော အင်မော်တယ်များ၏ စိတ်ကူးအိပ်မက်ထဲမှ ရတနာလည်း ဖြစ်သည်။

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ပေါ်ထွက်လာလျှင် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူများပင်လျှင် လိုချင်တပ်မက်မိလိမ့်မည် ဖြစ်၏။

ယခု လျှို့ဝှက်နယ်မြေတွင် ထိုကဲ့သို့ အနှိုင်းမဲ့ဆေးဝါး ထွက်ပေါ်လာခဲ့ရာ ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များသည် မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။

ဌာနခွဲ ဆယ့်ရှစ်ခုမှ လျှို့ဝှက်နယ်မြေအတွင်း ကျန်ရှိနေသော လူငယ်ပါရမီရှင် အားလုံးသည် အင်မော်တယ်အလင်းတန်း ထွက်ပေါ်နေသည့် နေရာ ဆီသို့ တစ်ချိန်တည်းမှာပင် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။

“ဒီလျှို့ဝှက်နယ်မြေထဲမှာ ဘုရင်အဆင့် အင်‌မော်တယ်ဆေးဝါး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

နက်မှောင်သော တောင်ကြားတစ်ခု၏ အပြင်ဘက်တွင် လက်ဟန်များကို ထုတ်ဖော်၍ တောင်ကြား၏ အစီအရင်ကို ဖျက်ဆီးနေသည့် ရီချန်းခွန်သည် ကောင်းကင်ယံမှ အင်မော်တယ်အလင်းတန်းကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက တွေဝေမနေတော့ဘဲ တောင်ကြား၏ အစီအရင်ကို ဖျက်ဆီးမည့် သူ၏ အစီအစဥ်အား စွန့်လွှတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

တခြားတစ်ဖက်တွင်လည်း အလွန်တရာမြင့်မားသော ရှေးဟောင်းသစ်ပင် အများအပြား ပေါက်ရောက်နေသည့် တောအုပ်တစ်ခု အတွင်း ကောင်းကင်အင်မော်တယ်သတ္တမအဆင့် ရှေးဦးအင်မော်တယ်ကို လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော လော့ကျင်းလင်သည် ရုတ်တရက် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

ထိုခဏဝယ် သူ၏ မျက်ဝန်းထဲတွင် အလွန်တရာ တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးရဲ့ အရှိန်အဝါပါလား”

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးသည် အင်မော်တယ်လောကတွင်ပင် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်ပြီး နှစ်ပေါင်းသန်းချီလျှင်ပင် တစ်ကြိမ် တွေ့ရန် ခဲယဥ်းသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ပေါ်ထွက်ခဲ့သည့်အချိန်မှာ အလွန်တရာပင် နည်းပါး၏။

သူသိထားသလောက် မြောက်ပိုင်းအေးစက်သောအင်‌မော်တယ်နယ်မြေတွင် ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး နောက်ဆုံးအကြိမ်က ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းဘီလီယံနှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဘုရင်အဆင့်ဆေးဝါးသည် အလွန်တရာ ရှားပါးသလို ထိုဆေးဝါးကို ရရှိနိုင်သူတိုင်းသည် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိနိုင်လျှင်ပင် အနည်းဆုံးတလော့အဆင့် အင်‌မော်တယ်တစ်ဦး ဖြစ်လာနိုင်၏။

“ဘုရင်အဆင့်ဆေးဝါးက ငါ့အပိုင်ပဲဖြစ်ရမယ်”

လော့ကျင်းလင်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

လော့ကျင်းလင်သည် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁)သို့ ဝင်ရောက်ပြီးနောက်တွင် ဌာနခွဲ(၁)၏ အသန်မာဆုံးပါရမီရှင် ဖြစ်လာခဲ့ကာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ ထိပ်သီးပါရမီရှင် ဆယ်ဦးအနက် နဝမမြောက် ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း လော့ကျင်းလင်သည် ထိုစာရင်းသတ်မှတ်ချက်အပေါ်တွင် ကျေနပ်ခြင်းမရှိခဲ့ပေ။

အကြောင်းမှာ အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော် တစ်ခုထဲမှာပင် သူ့ထက် သာလွန်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦး ရှိနေသောကြောင့်ပင်။

အကယ်၍ သူသာ ယခု ပေါ်ထွက်လာသည့် ဘုရင်အဆင့်ဆေးဝါးကို ရရှိခဲ့လျှင် အမည်မဲ့အင်‌မော်တယ်နန်းတော်မှ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦးကို ကျော်တက်နိုင်ရုံသာမက မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နယ်မြေ၏ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်မည် ဖြစ်ကာ လူငယ်မျိုးဆက်၏ နံပါတ်တစ် ပုဂ္ဂိုလ်ပင် ဖြစ်လာနိုင်ပေသည်။

ထိုသို့တွေးမိသည်နှင့် လော့ကျင်းလင်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရှေးဦးအင်‌မော်တယ်၏ အမြုတေကို ယူရန်ပင် ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

----------------------

အင်မော်တယ်ဘုရင်၏ အမွေအနှစ်တည်ရှိရာ လျှို့ဝှက်နယ်မြေထဲတွင် တိမ်တိုက်များထဲသို့ ထိုးဖောက် ဝင်ရောက်နေသည့် ရှေးဟောင်းတောင်တန်းကြီးတစ်ခု ရှိသည်။

သိပ်သည်းသော အင်မော်တယ် အဆီအနှစ်များသည် မြူခိုးများအဖြစ် ပြောင်းလဲကာ တောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသဖြင့် တောင်အတွင်းပိုင်း အခြေအနေကို မမြင်နိုင်ဘဲ တောင်တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုတောင်၏ အလယ်ဗဟိုကနေ တောက်ပသော အင်မော်တယ် အလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ရာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှ ကျင့်ကြံသူများကို ထင်ရှားစွာ မြင်တွေ့စေခဲ့၏။

ဤအခိုက်အတန့်တွင် တောင်၏ အပြင်ဘက်တွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင် အများအပြား စုဝေး ရောက်ရှိနေကြပြီ ဖြစ်သည်။

လူငယ်ပါရမီရှင်အားလုံးသည် ရုတ်တရက် ထွက်ပေါ်လာသည့် တောက်ပသော အင်‌မော်တယ်အလင်းတန်းက ဘုရင်အဆင့်အင်မော်တယ် ဆေးဝါးကနေ ပေါ်ထွက်လာခြင်း ဖြစ်နိုင်မှန်း သိရှိသော်လည်း မည်သူကမျှ တောင်ထဲသို့ အလွယ်တကူ မဝင်ရောက်ရဲကြပေ။

အကြောင်းရင်းမှာ ဤတောင်၏ အပြင်ဘက်ဧရိယာတွင် ရှေးဦးအင်‌မော်တယ် အမြောက်အများ စုဝေးနေကြသောကြောင့်ပင်။

ထိုအထဲတွင် ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် ယှဥ်နိုင်သည့် ရှေးဦးအင်မော်တယ်များပင် ပါဝင်နေခဲ့သည်။

ယင်းအတွက်ကြောင့် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များသည်ပင် မဆင်မခြင် မလှုပ်ရှားရဲကြပေ။

အချိန်ကြာလာသည်နှင့်အမျှ တောင်၏ ပြင်ပတွင် စုဝေးလာသည့် လူငယ်ပါရမီရှင်အရေအတွက်သည် ပိုမို၍ များပြားလာခဲ့သည်။

ဌာနခွဲ(၁၈)မှ ဟယ်ယွီနှင့် အခြား လူငယ်ပါရမီရှင် တစ်ဦးတို့သည်လည်း ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာသည့် သတင်းကို ရရှိခဲ့ကြသည်။

“စီနီယာအစ်ကို.. ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာပေမဲ့ ကျွန်တော်တို့ ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. အဲဒီကို မသွားဘဲ အမြုတေကိုပဲ ဆက်ပြီး စုဆောင်းကြရအောင်”

ဟယ်ယွီ၏ နံဘေးရှိ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့် လူငယ်ပါရမီရှင်က ခပ်တိုးတိုး ပြောလိုက်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)သည် ဝေးလံခေါင်သီသော နေရာတွင် တည်ရှိရုံသာမက အခြားဌာနခွဲများနှင့် နှိုင်းယှဥ်လျှင် ရရှိသော အရင်းအမြစ်မှာ အလွန်တရာ နည်းပါး၏။

ဤနှစ်ပေါင်းများစွာ အတွင်း ဌာနခွဲ(၁၈)သည် အစွမ်းထက်ပါရမီရှင်များကို မမွေးထုတ်နိုင်ခဲ့ပေ။

ဟယ်ယွီ ကဲ့သို့ ပါရမီရှင်သည် စန်းယွင်ပြည်နယ်တွင် အသန်မာဆုံး ပါရမီရှင် အဖြစ် သတ်မှတ်ခံရနိုင်သော်လည်း အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ အစွမ်းထက် ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်မူ သိသိသာသာပင် လုံလောက်မှု မရှိပေ။

ယခုအခါ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာသောနေရာတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ အစွမ်းထက် လူငယ်ပါရမီရှင်များ စုဝေးနေကြပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့ ဌာနခွဲ(၁၈) အနေဖြင့် ဘုရင်အဆင့်အင်မော်တယ်ဆေးဝါးကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုနေရာတွင် အချိန်ဖြုန်းနေမည့်အစား ရှေးဦးအင်မော်တယ်များကို အမဲလိုက်ကာ အမြုတေ စုဆောင်းခြင်းသည် သူတို့ ဌာနခွဲ(၁၈)ကို အမည်မဲ့အင်မော်တယ် ညီလာခံ၏ ပထမအဆင့်တွင် ကောင်းမွန်သော အဆင့်တစ်ခု ရရှိစေရန် ပိုမိုအထောက်အကူ ဖြစ်စေလိမ့်မည် မဟုတ်ပါလား။

“ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာတာကို မြင်ရဖို့က တစ်သက်မှာ တစ်ခါတောင် မသေချာဘူး.. ငါတို့ အရင်သွားကြည့်ကြရအောင်”

ဟယ်ယွီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေထဲမှာ ရှိတဲ့ လူတိုင်း နီးပါးက အဲဒီနေရာကို ရောက်လာကြမှာပဲ.. ကျန်းချန်လည်း သိပ်မကြာခင် ရောက်လာမှာ သေချာတယ်”

ကျန်းချန် မပါလျှင် သူတို့ ဌာနခွဲ(၁၈)သည် အားအနည်းဆုံးဖြစ်နေမည်မှာ သေချာ၏။

သို့သော် ကျန်းချန် ပါဝင်လာခဲ့လျှင်မူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။

ဟယ်ယွီသည် ကျန်းချန် မည်မျှ အစွမ်းထက်သည်ကို အတိအကျ မသိသော်လည်း ကျန်းချန်၏ စွမ်းရည်က သူ့ထက်များစွာ သာလွန်ပြီး ဌာနခွဲ(၃)မှ ရန်လီနှင့် သိပ်မကွာမှန်း သိရှိထားခဲ့သည်။

ကျန်းချန် ရှိနေသရွေ့ သူတို့ဌာနခွဲ(၁၈)သည်လည်း ဝေစုတစ်ခု ရရှိကောင်း ရရှိနိုင်ပေလိမ့်မည် မဟုတ်ပါလော။

ထို့နောက်တွင်မူ ဟယ်ယွီတို့ နှစ်ယောက်သည် ဘုရင်အဆင့်အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာသည့်နေရာ ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်မှာပင် ခနဲ့တဲ့တဲ့ စကားသံ တစ်သံသည် ဟယ်ယွီ၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ဟယ်ယွီက အသံလာရာ ဆီသို့ မော့ကြည့်လိုက်ရာ သူတို့ဆီသို့ လျှောက်လာသည့် ပုံရိပ်သုံးခုကို မြင်လိုက်ရ၏။

ထိုသုံးဦး၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါက်နှင့် လူငယ်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဒုတိယအဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။

“ရှပေါင် မင်းပါလား”

ရောက်ရှိလာသူကို မြင်လျှင် ဟယ်ယွီ၏ အကြည့်က အေးစက်သွားခဲ့သည်။

ဟယ်ယွီသည် ထိုသုံးဦးနှင့် မစိမ်းပေ။

၎င်းတို့သည် ဌာနခွဲ(၁၇)မှ လူငယ်ပါရမီရှင်များ ဖြစ်ကြ၏။

ဌာနခွဲ(၁၇)သည် သူတို့ ဌာနခွဲ(၁၈)နှင့် ပြည်နယ်ချင်း ကပ်ရပ် တည်ရှိသည်။

သူတို့ ဌာနခွဲ နှစ်ခုစလုံးသည် ဌာနခွဲ ဆယ့်ရှစ်ခု၏ နောက်ဆုံးနေရာကို မည်သူမျှ မလိုချင်ကြပေ။

ထို့ကြောင့် ဌာနခွဲနှစ်ခုကြားရှိ ဆက်ဆံရေးက သိပ်မကောင်းချေ။

ဟယ်ယွီ ပြင်ပတွင် လှည့်လည်သွားလာစဥ်က ရှပေါင်နှင့် ပြဿနာတချို့ ဖြစ်ပွားခဲ့ဖူးသည်။

ထို့ကြောင့် ယခုကဲ့သို့ ရှပေါင် ရုတ်တရက် ရောက်ရှိလာခြင်းသည် ရည်ရွယ်ချက်ကောင်း မရှိသည်မှာ ထင်ရှားနေခဲ့၏။

“ဟယ်ယွီ မတွေ့ရတာကြာပြီ.. အဆင်ပြေတယ် မဟုတ်လား”

ရှပေါင်က ဟယ်ယွီကို မထီမဲ့မြင်ပြုံးကာ ကြည့်၍ ပြောလိုက်သည်။

“ငါ ဒီလျှို့ဝှက်နယ်မြေထဲမှာ မင်းကို ရှာနေတာ အတော်ကြာပြီ”

အခန်း(၂၇၈၆)ပြီး၏။

All Chapters